← Chapters

အဲဒါကိုတွေ့သွားတာ ငါတစ်ယောက်တည်းမဟုတ်ဘူး

Vol. 94 Ch. 1321

အဲဒါကိုတွေ့သွားတာ ငါတစ်ယောက်တည်းမဟုတ်ဘူး

Vol. 94 Ch. 1321

အခန်း (၁၃၂၁) အဲဒါကိုတွေ့သွားတာ ငါတစ်ယောက်တည်းမဟုတ်ဘူး

ရန်ကျောက်ကဲစကားကိုကြားတော့ ဖန်းယွင်ရှန်းက ရယ်မောလိုက်သည်။

“ရှင်တွေ့တယ်လား... ကံဆိုးတာက အဲဒီတုန်းက ကျွန်မမှာ မျှော်လင့်ချက်သိပ်မရှိဘူးလေ ၊ ကျွန်မလည်ပင်းထဲနင်နေတဲ့စကားတွေကို ပြောထွက်အောင်ပြောခဲ့ရတာပေါ့”

သူမက ဆက်ပြောသည်။

“အစက ကျွန်မက အတွေ့အကြုံရှာဖို့အတွက် အေးစိမ့်စမ်းချောင်းနယ်မြေကိုပဲ သွားဖို့ဆုံးဖြတ်ထားတာ ၊ ငရဲကိုးထပ်ကို ရောက်သွားမယ်လို့ဘယ်ထင်မလဲ ၊ အားလုံးက တိုက်တိုက်ဆိုင်ဆိုင် ဖြစ်သွားတာလေ”

“ဒီတစ်ခေါက်ခရီးထွက်တာ ရာဟုကြယ်ထက်ယံအရှင်သခင်အတွက် အပြောင်းအလဲတွေ အများကြီးဖြစ်သွားတယ် ၊ ဒီလိုဖြစ်မယ်လို့ ကျွန်မလုံးဝထင်မထားခဲ့ဘူး ၊ ရှင်လည်း မထင်ခဲ့ဘူး မဟုတ်လား”

“ကျွန်မပြန်မလာဘူးဆိုရင် ရှင်လိုက်ရှာမှာပဲဆိုတာ ကျွန်မ သိပါတယ် ၊ ဒါပေမဲ့ ရှင့်ဆီသတင်းရောက်တဲ့အချိန်မှာ နှစ်ပေါင်းများစွာကြာသွားပြီလေ ၊ ငရဲကိုးထပ်ကလည်းအရမ်းကျယ်တော့ သဲလွန်စရဖို့ လွယ်မှာမဟုတ်ဘူး”

ဖန်းယွင်ရှန်းက သက်ပြင်းချရင်း...

“ဒါပေမဲ့... ကျွန်မ အတွေ့ချင်အမြင်ချင်ဆုံးသူအတွက် သတင်းစကားချန်ထားခဲ့တာလေ ၊ အဲဒါ ကောင်းတာပဲ မဟုတ်ဘူးလား”

သူမက နူးညံ့သိမ်မွေ့သောမျက်ဝန်းများဖြင့် ရန်ကျောက်ကဲကို ကြည့်လိုက်သည်။

“ပိုပြီးကောင်းတာက ကျွန်မ အောင်အောင်မြင်မြင်နဲ့ ပြန်ရောက်လာနိုင်ခဲ့တယ် ၊ ကျောက်ကဲ... ရှင့်ကိုပြန်တွေ့ခွင့်ရတယ် ၊ ဆရာနဲ့ တခြားသူတွေကိုလည်း ပြန်တွေ့ခွင့်ရတယ်”

ရန်ကျောက်ကဲက သူမကို စ နောက် လိုက်သည်။

“ဒီတော့... ငါတို့ သဘောတူထားတဲ့အတိုင်း လုပ်ကြမလား”

သူက ဆက်ပြောလိုက်သည်။

“မင်းချန်ထားတဲ့သတင်းစကားထဲက အကြောင်းအရာတွေကို မေ့သွားပြီလား ၊ အင်း... ဒီတစ်ခေါက် ပြန်ဆုံကြရင်... ငါတို့တွေ...”

ဖန်းယွင်ရှန်းက ရုတ်တရက် ရယ်မောလိုက်ရင်း...

“ရှင်ကလေ... စကားအကောင်းပြောနေရင် အမြဲတမ်း ထ ထ ဖောက်တယ်နော်”

သူမက ရန်ကျောက်ကဲ၏ ဘေးတိုက်မျက်နှာကို လှမ်းကြည့်ရင်း...

“ကျွန်မက ပြဿနာမရှိဘူးနော်  ၊ အခု ပြဿနာရှိနေတဲ့သူက ရှင်ပါနော်...”

ရန်‌ကျောက်ကဲက ခေါင်းငုံ့လျှက် သူ့ကိုယ်သူ ပြန်ကြည့်လိုက်ပြီး...

“ငါက ဘာပြဿနာရှိနေလို့လဲ...”

ဖန်းယွင်ရှန်းက ပြုံးလိုက်ရင်း...

“အရင်တုန်းက ဘယ်သူပြောခဲ့တာပါလိမ့်... ကျွန်မရဲ့ကျင့်ကြံခြင်းက အားနည်းသေးလို့ ချစ်ကျွမ်းဝင်ရင် ခံနိုင်မှာမဟုတ်ဘူး ဆိုတာလေ”

သူမက ဆက်ပြီး ကျီစယ်လိုက်သည်။

“အခု... အခြေအနေတွေက ပြောင်းပြန်ဖြစ်သွားပြီနော်”

ထိုစကားကြားတော့ ရန်ကျောက်ကဲက မျက်တောင်လေးများ တဖျပ်ဖျပ်ခတ်လိုက်သည်။

ဖန်းယွင်ရှန်းက မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်ရင်း...

“ကျွန်မက စိတ်တည်ငြိမ်ပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်တယ်ဆိုရင်တော့ ပြဿနာမရှိဘူး ၊ ဒါပေမဲ့ ချစ်ကျွမ်းဝင်ရင်း ကျွန်မ စိတ်လွတ်ပြီး အရမ်းစိတ်ပါသွားပြီဆိုရင်... ရှင်တော့ ‘ထိုက်’ ပုံစံ ဖြစ်သွားတော့မှာပဲ”

(ထိုက်ပုံစံ = 太 ဒီစာလုံးပုံစံပါ)

အရင်တစ်ချိန် အသင်္ချေနဂါးနန်းတော်ထဲတွင် သူတို့နှစ်ယောက် နောက်ပြောင်ကျီစယ်ခဲ့ကြသော “ထိုက်” ပုံစံနှင့် “မု” ပုံစံ စကားများကို ပြန်သတိရသွားသည့်အခါ ရန်ကျောက်ကဲမျက်နှာတစ်ခုလုံး မဲမှောင်သွားသည်။

(ထိုက်ပုံစံ = 太 ဒီစာလုံးပုံစံပါ ၊ မုပုံစံ = 木 ဒီစာလုံးပုံစံပါ , အရင်က အခန်း(၇၂၁)မှာ ရန်ကျောက်ကဲနဲ့ ဖန်းယွင်ရှန်း စ နောက် ခဲ့တာကို ဖန်းယွင်ရှန်းက ပြန်ပြောနေတာပါ __ ဘာသာပြန်သူ)

ရန်ကျောက်ကဲက ဖန်းယွင်ရှန်းကို မျက်လုံးပြူးကာကြည့်လိုက်ရင်း...

“ဟေ့ ဟေ့ ... ဒါတော့ နည်းနည်းများပြီနော်...”

ရန်ကျောက်ကဲပုံစံကိုကြည့်ပြီး ဖန်းယွင်ရှန်းက မရပ်မနား ရယ်မောလိုက်သည်။

ရန်ကျောက်ကဲကလည်း သူမကို လှမ်းကြည့်လိုက်ပြီး အန္တရယ်များသည့်အသံဖြင့် ရယ်မောလိုက်သည်။

“တကယ်တော့ အဲဒါက သေချာပေါက် မမှန်နိုင်ဘူးနော် ၊ တခြားနည်းလမ်းတွေလည်း ရှိတာပြလေ ၊ ဒီလိုကိစ္စမျိုးဆိုတာက အေးအေးဆေးဆေးနဲ့ အသေးစိတ်ထိန်းချုပ်နိုင်မှ  ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာ”

ရန်ကျောက်ကဲ၏ အန္တရယ်များသောအပြုံးကိုမြင်သည်နှင့် ဖန်းယွင်ရှန်း မကောင်းသည့်အငွေ့အသက် ခံစားလိုက်ရပြီး ရန်ကျောက်ကဲကြည့်နေသည့် သူမ၏ခန္ဓာကိုယ်အစိတ်အပိုင်းဆီသို့ အာရုံစိုက်မိသွားကာ သူပြောသည့်ရည်ရွယ်ချက်ကို သဘောပေါက်သွားပြီး ရယ်ရအခက် ဒေါသထွက်ရအခက် ဖြစ်သွားသည်။

သူမက ရှက်သွားခြင်းမရှိသလို ဒေါသလည်းမထွက်ဘဲ လက်နှစ်ဖက်ဖြင့် ခါးထောက်လိုက်ရင်း...

“အဲဒီနည်းလမ်းနဲ့လုပ်ရင် ရှင်က ပျော်ရွှင်မှုအပြည့်ရပြီး ကျွန်မကတော့ တစ်ဝက်တပျက်ကြီးဖြစ်နေမှာလေ...”

ရန်ကျောက်ကဲ ဘာပြောချင်သည်ကို သိလိုက်ပြီးနောက် ဖန်းယွင်ရှန်း၏အကြည့်များက ရန်ကျောက်ကဲ၏ လက်ချောင်းများထက် ကျရောက်သွားပြီး…

“လက်သုံးဖို့တော့ မစဉ်းစားနဲ့နော်... ရှင်မှမဟုတ်ဘူး ကျွန်မမှာလည်း လက်ရှိတယ်”

သူမက ဆက်ပြီးကျီစယ်လိုက်သည်။

“ပြီးတော့ ကျွန်မတို့ရဲ့ ပထမဆုံးညမှာ အချင်းချင်း ရန်ငြိုးထားစရာတွေဖြစ်လာရင် စိတ်မကောင်းစရာဖြစ်မယ်လို့ မထင်ဘူးလား”

ရန်ကျောက်ကဲက ရယ်မောလိုက်ရင်း...

“တကယ်တော့ အဲဒီလိုဖြစ်လည်း အဆင်ပြေပါတယ် ၊ ကြည့်လေ... ငါတို့ တစ်ယောက်နဲ့တစ်ယောက် နက်နက်ရှိုင်းရှိုင်းချစ်ကြမှ တောင့်တမှုတွေကလည်း အလေးအနက်ရှိမှာပေါ့”

ဖန်းယွင်ရှန်းက ထိုလူငယ်ကိုကြည့်ရင်း ရယ်ရမလို ငိုရမလို ဖြစ်သွားသည်။

“ကျွန်မ အထက်ဘုံကမ္ဘာကထွက်သွားတုန်းက ရှင်က နာမည်ကျော် ‘ကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်ဘုရား’ ဖြစ်နေပြီ ၊ ဘယ်လိုဖြစ်လို့ ကလေးဆန်ဆန် ဆိုးနွဲ့နေရတာလဲ ၊ သူများတွေသာ ဒီလိုပုံစံကိုတွေ့သွားရင် ရှင့်နောက်မလိုက်တော့ဘဲ အထက်ဘုံကမ္ဘာကို ပြန်ကုန်ကြလိမ့်မယ်”

ရန်ကျောက်ကဲက အရေးမစိုက်ဟန်ဖြင့်...

“ငါက တခြားသူတွေရှေ့မှာတော့ ဒီလိုနေပါ့မလား...”

ဖန်းယွင်ရှန်းက မည်သို့မှမတတ်နိုင်တော့ဟန်ဖြင့် သူ့ကိုကြည့်ရင်း လက်ညှိုးထိုးလိုက်ပြီး...

“ရှင်ကတော့လေ... တကယ်ပါပဲ...”

သူမလေသံက အပြစ်တင်ဟန်ရှိနေပြီး မျက်ခုံးများကိုလည်း တွန့်ချိုးထားသည့်တိုင် သူမ၏နှလုံးသားကတော့ မယုံနိုင်စရာကောင်းလောက်အောင် နူးညံ့သိမ်မွေ့လျှက် ရှိသည်။

ဒီကောင်လေးက ငါ့ကောင်လေး....။

ဒီကောင်လေးနဲ့ပြန်တွေ့ဖို့ ငါ့မှာ ကြံ့ကြံ့ခံရင်ဆိုင်ပြီး ကြောက်စရာကောင်းလောက်အောင် တန်ခိုးစွမ်းအားမြင့်မားတဲ့ ရာဟုကြယ်ထက်ယံအရှင်သခင်ကို အနိုင်ယူခဲ့ရတာ...။

ရန်ကျောက်ကဲက ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့်...

“သြော် ဒါနဲ့... မင်းချန်ထားခဲ့သတင်းစကားကို တခြားတစ်ယောက်လည်း မြင်သွားသေးတယ်”

ထို့နောက် သူ၏နှုတ်ခမ်းထောင့်စွန်းလေးများတွန့်ကွေးသွားပြီး...

“မင်းချန်ထားခဲ့တဲ့သတင်းစကားကို ငါတစ်ယောက်တည်းကြည့်ခွင့်မရလိုက်တာတော့ စိတ်မကောင်းစရာပဲ”

ထိုစကားကြားတော့ ဖန်းယွင်ရှန်း ခဏမျှ မှင်တက်သွားသည်။

ရန်ကျောက်ကဲက လက်တစ်ဖက်ကိုရှေ့သို့ဆန့်ထုတ်လိုက်ပြီး ရေတွက်ဟန်ဖြင့် လက်မကိုချိုးလိုက်ပြီး...

“ပိုးသားဧကရာဇ် တွေ့သွားတယ်”

ဖန်းယွင်ရှန်း : “အာ...”

ရန်ကျောက်ကဲက လက်ညှိုးကိုချိုးလိုက်ပြီး...

“အုံ့ဆိုင်းလွှမ်းခြုံဧကရာဇ်ရောပဲ...”

ဖန်းယွင်ရှန်း : “ဟမ်...”

ရန်ကျောက်ကဲက လက်ခလယ်ကို ချိုးလိုက်ပြီး...

“နောက်ဆုံတစ်ယောက်ကတော့ နေသူတော်စင်ဂိုဏ်းက မင်းရဲ့အချစ်ဆုံးသူငယ်ချင်း ဂိုဏ်းတူညီမလေး’မန်ဝမ်’ ပဲ”

“.........”

ဖန်းယွင်ရှန်း ဆွံ့အသွားသည်။

ရန်ကျောက်ကဲနှင့် ညစ်တီးညစ်ပတ်စကားများပြောဆိုလျှင်ပင် မျက်မှောင်တစ်ချက်ကျုံ့လေ့မရှိသော ဖန်းယွင်ရှန်းသည် ယခုတော့ ရှက်သွေးဖြာလျှက် မျက်နှာတစ်ခုလုံး ပန်းနုရောင်သမ်းသွားသည်။

ရာဟုကြယ်ထက်ယံအရှင်သခင်နှင့် ရင်ဆိုင်တိုက်ခိုက်ရသည့်အခါ သေလုနီးပါးဖြစ်ပြီးမှ နောက်ဆုံး အသက်ရှင်သန်နိုင်ခဲ့သည်။

ထို့ကြောင့် သူမ၏အနာဂတ် မည်သို့ဖြစ်လာမည်ကို မယုံကြည်တော့လေရာ ခံစားချက်များလည်း မထိန်းသိမ်းနိုင် ဖြစ်ခဲ့ရသည်။

သူမချန်ထားခဲ့သောသတင်းစကားကို အခြားသူများ တွေ့မြင်သွားနိုင်မည်ကို သိရှိသည့်တိုင် သူမအနေဖြင့် ဤသတင်းစကားကို မချန်ထားဘဲ မနေနိုင်ခဲ့ပေ။

ဖန်းယွင်ရှန်းက အတိုင်းအတာတစ်ခုအထိ သူမ၏ဆန္ဒကို အကောင်အထည်ဖော်ရန် ရည်ရွယ်ချက်ဖြင့် ထိုသတင်းစကားကို ချန်ထားခဲ့ခြင်း ဖြစ်၏။

ယခုတော့ ပြဿနာများအားလုံး ပြေလည်သွားပြီး အန္တရယ်လည်းမရှိတော့လေရာ ပြန်တွေးကြည့်မိတော့ ရှက်ရွံ့စွာခံစားလိုက်ရသည်။

သူမချန်ထားခဲ့သည့်သတင်းစကားကို ရန်ကျောက်ကဲ မည်သို့မည်ပုံ တွေ့မြင်ခဲ့ရကြောင်း အကြောင်းစုံသိရှိပြီးနောက် သူတို့နှစ်ယောက်လုံး ပျော်ရွှင်သွားသလို စိတ်သက်သာရာလည်းရသွားခဲ့ရသည်။

သို့သော် ထိုသတင်းစကားကို ရန်ကျောက်ကဲတွေ့ရှိချိန်တွင် သူတစ်ယောက်တည်း ရှိနေခဲ့ခြင်း မဟုတ်ပေ။

ယခုတော့ သူမချန်ထားခဲ့သည့်သတင်းစကားကို အခြားသူများတွေ့မြင်ကြောင်း သိရှိရပြီး ၊ အထူးသဖြင့် သူမ၏သူငယ်ချင်းကောင်း ‘မန်ဝမ်’ ပါ တွေ့သွားသည်ဖြစ်ရာ ဖန်းယွင်ရှန်းမှာ မြေတွင်းတူးပြီး ပုန်းအောင်ချင်စိတ်များပင် ‌ပေါက်လာတော့သည်။

အထူးသဖြင့် ယခု သူတို့နှစ်ယောက် မန်ဝမ်ထံသို့သွားရောက်လည်ပတ်ရန် ပြင်ဆင်နေကြသည် မဟုတ်ပါလား။

အတွေးများနှင့်အတူ ဖန်းယွင်ရှန်းက သနားစရာကောင်းသည့်မျက်နှာလေးဖြင့် ရန်ကျောက်ကဲကို လှမ်းကြည့်လိုက်သည်။

သူမ၏ ထိုသို့သော အမူအရာလေးက တွေ့ရခဲလှသည်ဖြစ်ရာ ရန်ကျောက်ကဲ မနေနိုင်တော့ဘဲ ချစ်စနိုးဖြင့် ဖန်းယွင်ရှန်း၏ခေါင်းလေးကို အသာပုတ်လိုက်သည်။

“ငါ့ကို ဒီလိုလာမကြည့်နဲ့လေ... ကြွေအောင်ခြွေနေတာ မဟုတ်လား”

သူက ဆက်ပြောလိုက်သည်။

“ဒီပုံစံက မင်းရဲ့ခါတိုင်းပုံစံနဲ့လုံးဝ မတူဘူး ၊ မင်းကလေ အဲနီမီအရုပ်လေးကျနေတာပဲ”

ဖန်းယွင်ရှန်းက ဒေါသတကြီးဖြင့် ရန်ကျောက်ကဲကိုတွန်းထုတ်လိုက်ပြီး...

“အရုပ်တစ်ရုပ်ကိုကြည့်သလိုမျိုး ကျွန်မကိုလာမကြည့်နဲ့...”

ပြီးမှ သူမက သဘောမပေါက်ဟန်ဖြင့်...

“အဲနီမီအရုပ်ဆိုတာ ဘာလဲ”

“အဲဒါကို နောက်မှ ဖြည်းဖြည်းချင်းပြောပြမယ်”

နှစ််ယောက်သား ရယ်ရင်းမောရင်း စကားစမြည်ပြောဆိုရင်း နောက်ဆုံး ကြာပန်းနီကမ်းပါးတည်ရှိရာနေရာသို့ ရောက်ရှိသွားကြသည်။

ဖန်းယွင်ရှန်းနှင့်မန်ဝမ်က တစ်ယောက်နှင့်တစ်ယောက် မတွေ့သည်မှာကြာပြီဖြစ်ရာ နှစ်ယောက်သား ဆုံတွေ့လိုက်သည်နှင့် အလွန်ပင် ထူးထူးခြားခြား ပျော်ရွှင်နေကြတော့သည်။

မတူညီသောနေရာများမှ အချိန်များစီးဆင်းနေခြင်းကို လိုက်ပါတွက်ချက်ခြင်းမရှိဘဲ အထက်ဘုံကမ္ဘာမှ အချိန်ကိုပင် အသုံးပြုပြီးတွက်ချက်ကြည့်မည်ဆိုလျှင် သူတို့နှစ်ယောက် ကွဲကွာသွားသည်မှာ အနှစ်(၂၀)နီးပါး ရှိနေပြီ ဖြစ်သည်။

အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ် ၊ ကျူတောပင်လယ်ဒေသတွင် မန်ဝမ်ကို ကျွမ်းကျောင်းဟွေက ခေါ်ဆောင်သွားခဲ့ပြီးနောက် သူတို့နှစ်ယောက် ထပ်မံဆုံတွေ့ကြခြင်း မရှိသေးပေ။

ထို့နောက် မန်ဝမ် ပြန်လွတ်လာသော်လည်း ဖန်းယွင်ရှန်းက ဘယ်ဆီသို့ရောက်သွားမှန်း မသိရတော့ပေ။

ယနေ့အချိန်မှသာ သူတို့နှစ်ယောက် အချင်းချင်းပြန်ဆုံကြရသည်ပင်။

မန်ဝမ်နှင့် ဖန်းယွင်ရှန်း လက်များယှက်ကာ ဆုပ်ကိုင်ထားကြသည်။

သူတို့နှစ်ယောက်လုံး မတွေ့ဆုံရသည်မှာ ရာစုနှစ်တစ်ခုကြာသွားသည်ပမာ ခံစားနေကြရသည်။

အချိန်ကြာမြင့်စွာခွဲခွာရသဖြင့် သူတို့နှစ်ယောက်မှာ ပထမဆုံးအကြိမ် တွေ့ဆုံသည့်ပမာ အနည်းငယ် စိမ်းသက်နေမိကြသည်။

သို့သော် စကားစပြောမိသည်နှင့် သူတို့နှစ်ယောက်မှာ ချက်ချင်းပင် အဆုံးမရှိသော စကားများကို စတင်ပြောဆိုကြတော့သည်။ သူတို့တွင် အဆုံးမရှိသော ပြောစရာများနှင့် အမှတ်ရစရာများစွာ ရှိနေကြသည် မဟုတ်ပါလား။

ဖန်းယွင်ရှန်းက မန်ဝမ်နှင့်စကားပြောနေစဉ် ရန်ကျောက်ကဲက ဖုထင် ၊ ဟယ်ရှီးရှင်တို့နှင့် စကားစမြည်ပြောနေသည်။

ထို့နောက် သူက ကြာပန်းနီကမ်းပါးတွင် ပိုးသားဧကရာဇ်’ဖုယွင်ချီ’ နှင့်လည်း တွေ့ဆုံခဲ့သည်။

ဖုယွင်ချီက အပြင်မထွက်ဘဲ တစ်ယောက်တည်းနေခဲ့သည်မှာ ကြာပေပြီ။ တကယ်တော့ သူက အရှေ့တောင်ထိပ်တန်းအရှင်သခင်’ချောင်ကျယ်’ တို့အုပ်စုဖြင့်ပင် စကားမပြောခဲ့ပေ။ ချောင်ကျယ်တို့ကလည်း သူ့ကို နှောက်ယှက်ခြင်း မရှိပေ။

သို့သော် ယခု အခြေအနေများ အတည်တကျဖြစ်သွားပြီဖြစ်ရာ ပိုးသားဧကရာဇ်အနေဖြင့် ရန်ကျောက်ကဲ လာရောက်လည်ပတ်သည်ကို ငြင်းပယ်ခြင်း မရှိခဲ့ပေ။

သူတို့နှစ်ယောက် တွေ့ဆုံပြီးသည့်နောက် ပိုးသားဧကရာဇ်စိုးရိမ်ပူပန်သည်မှာ သူ၏အခြေအနေ မဟုတ်သလို ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က သူ၏ကျင့်စဉ်လမ်းကို ညွှန်ပြပေးမည်ဆိုသောအချက်လည်း မဟုတ်ခဲ့ပေ။

ထိုအစား သူမေးမြန်းသည်မှာ...

“အခု ကပ်ဘေးကိုဖြတ်ကျော်တာမှာ မီးလျှံထက်ယံအရှင်သခင်က သူ့ကိုယ်သူ ယုံကြည်မှုဘယ်လောက်ရှိသလဲ”

ဟူ၍ ဖြစ်လေသည်။

All Chapters