အခန်း (၁)
Vol. 1 Ch. 1
အလွန်သာယာလှပသော ရာသီဥတုအခြေအနေတွင် …
မုန့်ချီက မျက်လုံးဖွင့်ကြည့်လိုက်သည့်အချိန်၌ သူ့ရှေ့၌ မြင်နေရသော မြင်ကွင်းကြောင့် အလွန် အံ့ဩသွားခဲ့သည်။ တိမ်ကင်းစင်နေသော အပြာရောင် ကောင်းကင်ကြီးကြောင့် သူက လုံးဝကို လန်းဆန်းသွားသလို ခံစားလိုက်ရပြီး အလွန်လှပသော အိမ်မက်တစ်ခုထဲမှ နိုးထလာသလို ခံစားလိုက်ရသည်။
သူ၏စိတ်ထဲတွင် ထိုမြင်ကွင်းများကို ခံစားနေသည့်အချိန်၌ တစ်စုံတစ်ယောက်က သူ၏ ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် လှုပ်နှိုးလိုက်၏။
ခဏကြာပြီးနောက် စိုးရိမ်နေသော အသံတစ်ခုကို ကြားလိုက်ရသည်။
"သခင်လေး …နောက်ဆုံးတော့ နိုးလာပြီပဲ ...."
"သခင်လေး ဟုတ်လား...."
မုန့်ချီက ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ရာ သူ့နောက်တွင် စိုးရိမ်တကြီး ရပ်နေသော သက်လတ်ပိုင်း လူကြီးတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုလူကြီး၏ မျက်နှာက မြင်းတစ်ကောင်၏ မျက်နှာမျိုး ဖြစ်နေသည့်အတွက် မြင်လိုက်ရသည့် လူတိုင်း မေ့ပစ်နိုင်မည် မဟုတ်ချေ။ သူ၏လည်ပင်းတွင်လည်း အမွှေးအမျှင်များ ရှိနေ၏။
သို့သော် ပို၍ထူးခြားနေသည်မှာ သူ၏ မြက်ဦးထုပ်နှင့် သူဝတ်ဆင်ထားသော အဝတ်အစားများ ဖြစ်သည်။
"နေဦး ....ဘာတွေဖြစ်နေတာလဲ ...."
"သခင်လေး အဆင်ပြေရဲ့လား ...."
ထိုလူက မုန့်ချီ၏ ခန္ဓာကိုယ်ကို ခေါင်းအစခြေအဆုံး ကိုင်တွယ်စစ်ဆေး ကြည့်လိုက်၏။ မုန့်ချီကတော့ အတော်လေးကို ကြောက်လန့်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူက လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရသည်ဟု တွေးလိုက်မိခြင်းကြောင့် ဖြစ်လေသည်။
ထို့ကြောင့် သူက အလျင်အမြန် မတ်တပ်ရပ်လိုက်ပြီး လှုပ်ရှားရန် ကြိုးစားကြည့်လိုက်၏။ သို့သော် ထိုလူကြီး၏ လက်နှစ်ဖက်က သံညှပ်ကြီးများပမာ အလွန်အစွမ်းထက်လွန်းလှပြီး သူကတော့ တစ်လက်မလေးပင် လှုပ်ရှားနိုင်ခြင်း မရှိချေ။
တစ်ချိန်တည်းတွင် သူ၏ခန္ဓာကိုယ်ထဲသို့ နွေးထွေးသောအရာတစ်ခု စီးဝင်လာနေကြောင်း ခံစားလိုက်ရသည်။ ထိုအနွေးစီးကြောင်းလေးက ခန္ဓာကိုယ်ထဲတွင် မသက်မသာ ခံစားနေရသော အရာအားလုံးကို ကုသပေးလိုက်သည်။ အနွေးစီးကြောင်းက သူ၏ ခန္ဓာကိုယ်ကို ပျံ့နှံ့သွားသည်မှာ ရေပူစမ်းထဲတွင် ရေချိုးနေရသလို ခံစားနေရသလို ထင်မှတ်နေရ၏။
မုန့်ချီ မတ်တပ်ရပ်လိုက်သည်ကို မြင်သည့်အခါ ထိုလူက ခေါင်းညိတ်လိုက်သည်။
"ကြည့်ရတာ သခင်လေးက ကောင်းသွားပြီ ထင်တယ် ...."
ထိုကဲ့သို့ ကောက်ချက်ချပြီးသည်ကိုပင် သူကတော့ စိုးရိမ်စွာ ထပ်မေးလိုက်သေးသည်။
"သခင်လေး …ဘယ်နေရာမှာများ မသက်မသာ ခံစားရသေးလဲ ...."
မုန့်ချီက မည်သည့်အရာများ ဖြစ်နေကြောင်း နားမလည်နိုင်ခဲ့ပေ။ သူက ရှုပ်ထွေးစွာ ပြန်ဖြေလိုက်၏ ။
"မရှိပါဘူး ...."
ထိုအဖြေကြောင့် မြင်းမျက်နှာလူကြီးက ချက်ချင်းပင် စိတ်သက်သာရာ ရသွားခဲ့သည်။ သူက ကျေနပ်စွာ ပြုံးလိုက်သည်မှာ စိုးရိမ်နေသော မျက်နှာထက်ပင် ပို၍ ရုပ်ဆိုးသွားသေးသည်။
ထို့နောက် သူက ပြောလိုက်၏။
"သခင်လေး ကျွန်တော့်မှာလည်း ရွေးချယ်စရာ မရှိခဲ့ဘူး ..။ သခင်လေးလည်း သေချာစဉ်းစားကြည့်ပါ။ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ သခင်လေးက အိမ်မှာနေတာထက် ဒီကျောင်းဆောင်မှာနေတာ ပိုပြီးတော့ ကောင်းပါလိမ့်မယ် . ။ ဒီနေရာမှာ သခင်လေးက တစ်ယောက်တည်း အထီးကျန်ရနိုင်ပြီး တစ်လောကလုံးနဲ့ အဆက်အသွယ် ပြတ်သွားနိုင်ပေမယ့် ရှောင်လင်ဆိုတာက သိုင်းလောကမှာ အကြီးမြတ်ဆုံး ဂိုဏ်းကြီးတွေထဲက တစ်ခုလေ ..။ သခင်လေးက ရွှေကိုယ်တော် လော်ဟန့်တစ်ယောက်တောင် ဖြစ်လာဖို့ အခွင့်အရေး ရှိနေတာပဲ ..။ သခင်လေးရဲ့ ဂုဏ်သတင်းကလည်း လောကတစ်ခွင်လုံးကို လွှမ်းမိုးနိုင်လိမ့်မယ် ။ ပြီးရင် သခင်လေးက နိဗ္ဗာနအဆင့်ကို ဖြတ်ကျော်ပြီး သံသရာအားလုံးကနေ လွတ်မြောက်နိုင်လိမ့်မယ် ....”
“ပြီးတော့ သခင်လေးဆီမှာ ဗုဒ္ဓဝါဒနဲ့ မွေးရာပါဆက်သွယ်မှုတစ်ခု ရှိနေတယ်လေ။ အမည်မဲ့ကိုယ်တော်က သခင်လေးကို ကျောက်စိမ်းပြားလေးတစ်ခု ပေးခဲ့တာ မှတ်မိသေးလား....."
သူက ပြောနေသော်လည်း သူပြောနေသည့်အရာများက အစစ်အမှန်နှင့် အလွန်အမင်းကို ဝေးကွာနေသည်ဟု ခံစားနေရပုံပေါ်သည်။ သူက အနည်းငယ် ရှက်ရွံ့သွားသလို ခံစားလာရသည့်အတွက် လေသံကလည်း တဖြည်းဖြည်း တိုးလာခဲ့၏။ တဖြည်းဖြည်းနှင့် သူက ဖြောင်းဖျရန် နည်းလမ်းကို ပြောင်းလဲရန် ကြိုးစားလိုက်သည်။
"ဟုတ်ပြီ ..။ ရွှေကိုယ်တော်ကျင့်စဉ်က ကျင့်ကြံဖို့ တော်တော်လေး ခက်ခဲနိုင်တယ် .။ ဒါပေမယ့် ရှောင်လင်ထိပ်သီးသိုင်းကွက် (၇၂)မျိုးက တကယ့်ကို ထိပ်တန်းသိုင်းပညာတွေပဲ....။ တကယ်လို့ သခင်လေးက အဲဒီအရာတွေထဲက နည်းနည်းလောက် သင်နိုင်မယ်ဆိုရင်တောင် သိုင်းလောကကို ဝင်တဲ့အချိန် တကယ့်ကို ပြိုင်ဘက်ကင်းဖြစ်လိမ့်မယ် ...။ အဲဒါဆိုရင် ဘယ်လောက်တောင် အံ့ဩစရာ ကောင်းလိမ့်မလဲ ...."
သူက ပြောလိုက်သည့်အချိန်တွင် သူ၏ လေသံကတော့ တဖြည်းဖြည်း တိုးလာပြန်သည်။ ထိုအသံက ခြင်တစ်ကောင်၏ တဝီဝီမြည်သံကဲ့သို့သာ ဖြစ်နေခဲ့၏။ နောက်ဆုံးတွင်တော့ သူက လက်လျှော့လိုက်ပြီး သူ၏ မျက်နှာကို ဘယ်လက်နှင့်ဖုံး၍ အဝေးတွင် မီးခိုငွေ့ပမာ ပျောက်ကွယ်သွားခဲ့သည်။
မြင်းမျက်နှာလူကြီးက သစ်တောထဲတွင် လျင်မြန်စွာ ပျောက်ကွယ်သွားသည်ကို ကြည့်ပြီး မုန့်ချီကတော့ သူကြားခဲ့ရသော စကားလုံးများကြောင့် ပို၍ပင် ရှုပ်ထွေးနေခဲ့သည်။
ထိုအချိန်တွင် သူက မေးခွန်းတစ်ခုသာ မေးချင်နေခဲ့၏။
"ခင်ဗျားက ဘယ်သူလဲ ...."
အခြေအနေတစ်ရပ်လုံးက သူ့အတွက် ရယ်စရာကောင်းလွန်းလှသည်။ မုန့်ချီက သူမသိသော နေရာတစ်ခုကို ရောက်နေကြောင်း နားလည်သွား၏။ထိုအရာက အလွန်ထူးခြားလွန်းလှသည်။
"ဒါက ရှေးဟောင်းတရုတ်ပြည်ကို ရောက်သွားသလိုပဲ ....။ မနေ့ညကမှ ငါ ကမ္ဘာ့ဖလားပွဲ ကြည့်နေတာပါ ....။ ငါ ဘာတွေဖြစ်သွားတာလဲ ....။ ငါက အိပ်ပျော်နေရင်း အချိန်ခရီးသွားခဲ့တာများလား ....."
မုန့်ချီက ဟာသလုပ်ခံရခြင်းဟု သံသယဝင်နေခဲ့ခြင်း မရှိသလို တရုတ်သမိုင်းကြောင်း ဇာတ်ကားတစ်ချို့ ရိုက်နေသော ရုပ်ရှင် ရိုက်ကွင်းထဲကို ရောက်နေသည်ဟုလည်း သံသယဝင်နေခဲ့ခြင်း မရှိချေ။ မြင်းမျက်နှာလူကြီး သူ့အနားမှ ထွက်သွားသည်မှာ အလွန်အမင်းကို လျင်မြန်လွန်းလှ၏။ ထိုအရာက သာမန်လူတစ်ယောက် လုပ်နိုင်သော အရာတစ်ခု မဟုတ်ချေ ။
"သူက သိုင်းပညာရှင်တစ်ယောက်ဖြစ်မယ် ထင်တယ်...."
မုန့်ချီက သူဖတ်ဖူး မြင်ဖူးသော ရုပ်ရှင်ဝတ္ထုများထဲမှ အကြောင်းအရာများကို ပြန်လည်စဉ်းစားကြည့်နေမိသည်။
"အော်မီတောဖော .....ဒကာလေး
ကျောင်းတော်ထဲကို ကိုယ်တော်ရဲ့နောက်ကနေ လိုက်ခဲ့ပါ ...."
မုန့်ချီက တစ်ယောက်တည်း အတွေးပင်လယ် ဝေနေသည့်ချိန်တွင် သူ့နောက်မှနေ၍ အသံတိုးတိုးကို ကြားလိုက်ရသည်။ ထိုအသံကြောင့် သူက လန့်အော်မိမတတ် ခံစားလိုက်ရ၏။
"ဒီကိုယ်တော်က ငါ့နောက်မှာ ဘယ်အချိန်ကတည်းကရှိနေတာလဲ.....။ ဘာလို့ ငါက သူ့ကို သတိမထားမိခဲ့ရတာလဲ ...."
မုန့်ချီက သူ့နောက်ကို ပြန်လှည့်ကြည့်လိုက်သည့်အချိန်တွင် အဝါရောင် ဝတ်စုံ ဝတ်ဆင်ထားသော ကိုယ်တော်တစ်ပါးကို တွေ့လိုက်ရ၏။
ထိုကိုယ်တော်က အလွန် အရပ်ရှည်ပြီး ဝါးလုံးတစ်လုံးကဲ့သို့ ခန္ဓာကိုယ်က ပိန်ပိန်သွယ်သွယ် ဖြစ်နေသည်။ မျက်နှာအမူအယာကတော့ ထူးခြားမှု မရှိဘဲ သာမန်သာဖြစ်၏။ သို့သော် သူ၏မျက်လုံးများက ဝင်းလက်တောက်ပနေသည့်အတွက် သူ၏ အသက်ကို ခန့်မှန်းကြည့်ရန် ခက်ခဲသည်။ ထိုကိုယ်တော်က အနည်းဆုံး အသက်(၃၀)ခန့် ရှိမည်ဟု မုန့်ချီက သေချာနေသော်လည်း (၄၀) (၅၀)ခန့် ရှိနေနိုင်၏။
မုန့်ချီက သူ့ကို သတိထားမိသွားကြောင်း မြင်သည့်အခါ ထိုကိုယ်တော်က နောက်ထပ် စကားမပြောတော့ပဲ မုန့်ချီကို သူ့နောက်မှ လိုက်ခဲ့ရန် အချက်ပြလိုက်သည်။ သူက ပြန်လှည့်ပြီး ကျောင်းဆောင်၏ပင်မဝင်ပေါက်ဆီသို့ လျှောက်သွားခဲ့၏။
ထိုပင်မဝင်ပေါက်၏ အပေါ်ဘက်တွင် ဆိုင်းဘုတ်တစ်ခုကို ရေးဆွဲထားပြီး ထိုဆိုင်းဘုတ်ပေါ်တွင်တော့ စကားလုံးများ ရေးသားထားသည်။
"ရှောင်လင်ကျောင်းတော် ....”
“တကယ့်ကို ရှောင်လင်ကျောင်းတော်ပဲ ....."
သူက ပထမဆုံး အကြိမ်ရောက်လာသည့်အတွက် ရင်းနှီးမှု မရှိသော်လည်း မုန့်ချီက မည်သည့်မေးခွန်းကိုမျှ မမေးရဲပေ။ ထို့ကြောင့် သူက အံ့ဩမှုများ ၊ စိတ်ရှုပ်ထွေးမှုများကို ထိန်းချုပ်ပြီး ထိုကိုယ်တော်၏ နောက်မှ လိုက်လာခဲ့လိုက်သည်။
သူက တတ်နိုင်သမျှ မြန်မြန်လမ်းလျှောက်နေခဲ့၏။ ထိုအချိန်ကျမှသာ သူ၏ လက်နှင့်ခြေထောက်က အတော်လေး သေးငယ်နေကြောင်း မုန့်ချီလည်း သတိထားမိခဲ့သည်။ သူက သေချာစစ်ဆေးကြည့်ပြီး စဉ်းစားကြည့်လိုက်၏။
"ဒါက ဘယ်လိုပြောင်းလဲမှုမျိုးလဲ ...."
သူကတော့ ထိုအဖြစ်အပျက်အပေါ် ဝမ်းသာရမလား ဝမ်းနည်းရမလားပင် မသိတော့ချေ။ သူ၏လက်ဖဝါး အရွယ်အစားက အလွန်သေးငယ်နေပြီး ဖြူဖပ်ဖြူရော် ဖြစ်နေသည်။သူ၏လည်ပင်းတွင် ရှိနေသော ကျောက်စိမ်းပြားလေးနှင့် အရာအားလုံးကို စစ်ဆေးကြည့်လိုက်ပြီး သူ၏လက်ရှိခန္ဓာကိုယ်က အသက်(၁၄)နှစ်ပင် မရှိသေးကြောင်း ခန့်မှန်းမိခဲ့သည်။ သူက မွေးလာသည်မှာ မကြာသေးသော ခန္ဓာကိုယ်တစ်ခုထဲကို ရောက်နေကြောင်း သိလိုက်ရ၏။
"ငါ့ပုံစံက ဘယ်လိုဖြစ်နေလဲတော့ မသိဘူး....။ ရုပ်ချောမှပဲ ငါက ပျော်ပျော်ရွှင်ရွှင် နေနိုင်လိမ့်မယ် ....."
"ပျော်ပျော်ရွှင်ရွှင်နေဖို့လား .....၊ မဟုတ်သေးပါဘူး..။ ရှောင်လင်ကျောင်းတော်မှ ငါက ဗုဒ္ဓတရားတော်တွေကို မဖြစ်မနေ လေ့လာရတော့မှာ ..။ ပြီးတော့ ငါ့ရဲ့လိုချင်တပ်မက်မှုတွေ ၊ ဆန္ဒတွေကို ဖယ်ရှားရတော့မယ် ....."
"ဒါဆိုရင် ငါက ရှောင်လင်ကျောင်းတော်ကို မဝင်လို့ရော ရနိုင်ပါ့မလား ..။ ဒါပေမယ့် ဒီလို အားနည်းတဲ့အခြေအနေမျိုးနဲ့ ရှောင်လင်ကနေ ထွက်သွားဖို့ ဆုံးဖြတ်လိုက်မယ် ဆိုရင်တောင် အချိန်အကြာကြီး အသက်ရှင်နိုင်မှာ မဟုတ်ဘူး ။ ဒါက သိုင်းပညာတွေ ပြည့်နေတဲ့ကမ္ဘာကြီးတစ်ခုပဲ ...။ ပတ်ပတ်လည်မှာ မကောင်းဆိုးဝါးတွေ ၊ တစ္ဆေသရဲတွေ ရှိနေလားဆိုတာ ငါမသိဘူး ..."
"ဟူး....ရှေးဟောင်းစာအုပ်တွေထဲမှာတော့ ချမ်းသာပြီး မျိုးရိုးကောင်းတဲ့ မိသားစုတွေက ဒုက္ခတွေကို ရှောင်တိမ်းဖို့ မျိုးဆက်တွေကို ရှောင်လင်ကျောင်းတော်ဆီ ပို့တယ်လို့တော့ ဖတ်ခဲ့ဖူးတယ် ...။ မြင်းမျက်နှာလူကြီး စကားပြောတဲ့အရ ဒီရှောင်လင်ကျောင်းတော်က ငါသိထားတဲ့ ရှောင်လင်ကျောင်းတော်နဲ့ ကွဲပြားမယ်ဆိုရင်တောင် သိုင်းဂိုဏ်းတွေထဲမှာတော့ အကြီးဆုံးထဲက တစ်ခုပဲ .. ။ ပြီးတော့ ထိပ်တန်းသိုင်းကွက် (၇၂)မျိုးလည်း ရှိနေသေးတယ် ...။ ငါက ဒီရှောင်လင်မှာ အကြောပြောင်းပညာကိုရော သင်ခွင့်ရနိုင်မလား မသိဘူး ....”
“အရင်တုန်းကဆိုလျှင်တော့ ငါက သိုင်းပညာရှင်တစ်ယောက်အဖြစ် သိုင်းလောကမှာ စွန့်စားရမယ်ဆိုတာ စိတ်ကူးယဉ်နေခဲ့တာ ....။ အခုတော့ အိမ်မက်တွေက တကယ်ဖြစ်လာပြီ ....။ ဒါပေမယ့် ငါက ဘာလို့ပျော်တယ်လို့ မခံစားရတာလဲ ..။ ငါ့ဆီမှာ ကွန်ပျူတာ၊ဖုန်း၊ အင်တာနက်နဲ့ ငါရဲ့မိသားစုတွေ မရှိတာကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ....။ဒါပေမယ့် သိုင်းပညာတစ်ချို့ကို သင်ခွင့်ရမယ် ဆိုရင်တော့ ကောင်းတာပေါ့ ..."
"ဒါပေမယ့် ရွှေကိုယ်တော် လော်ဟန့်ဆိုတာက ဘာလဲ ....."
မုန့်ချီက ရှောင်လင်ကိုယ်တော်၏ နောက်မှနေ၍ အလွန်တည်ငြိမ်စွာ လိုက်သွားသည့်အချိန်တွင် မီးခိုးရောင်ဝတ် ရှောင်လင်ကိုယ်တော်များစွာကို ဖြတ်ကျော်သွားခဲ့ရသည်။ ထိုသို့ဖြတ်ကျော်သွားခဲ့သော်လည်း မည်သူကမျှ သူ၏ အတွေးကို မသိနိုင်ပေ။
သူကတော့ မတူညီသော အကြောင်းအရာမျိုးစုံကို စဉ်းစား ကြည့်နေခဲ့၏။ မည်သို့ဖြစ်စေကာမူ မည်မျှပင် စဉ်းစားစေကာမူ မုန့်ချီက တဖြည်းဖြည်းနှင့် အမှန်တရားကို လက်ခံလာရပါလိမ့်မည်။ သူ၏ လက်ရှိခန္ဓာကိုယ်နှင့် အသက်အရ ပြန်စရာ အိမ်မရှိလျှင် ရှောင်လင်ကျောင်းတော်၌ နေထိုင်ပြီး သိုင်းပညာကိုသာ တလေးတစား သင်ယူရမည်ဖြစ်၏။
"ငါက ရှောင်လင် သိုင်းပညာကို သင်ပြီးသွားရင်ရော သီးခြားဘဝမျိုးပြန်ရနိုင်ပါ့မလား။ ငါက အရက်မသောက်ဘဲ နေနိုင်တယ် ...၊ ဒါပေမယ့် အသားမစားဘဲတော့ သေချာပေါက် မနေနိုင်ဘူး ...."
သူ၏ အတွေးများက အတော်လေးကို ရှေ့ရောက်နေကြောင်း မုန့်ချီလည်း သတိထားမိခဲ့သည်။ လမ်းတစ်လျှောက်တွင် မုန့်ချီကို ခေါ်လာသော ကိုယ်တော်က ဗုဒ္ဓဆင်းတုတော်တစ်ခု ပူဇော်ထားသော ခန်းမကြီးတစ်ခုထဲကို ဝင်သွားခဲ့ခြင်းမရှိချေ။ သူက ဘေးဘက်မှ နေ၍ ကွေ့ပတ်သွားခဲ့၏။
ခြံဝန်းပေါင်းများစွာကို ဖြတ်ကျော်လာပြီးနောက် ထိုကိုယ်တော်က ပထမဆုံးအကြိမ် ခန်းမကြီးတစ်ခု၏ တံခါးကို ဖွင့်လိုက်သည်။ သူက တံခါးအတွင်းထဲကို လှမ်းကြည့်လိုက်ရာ မုန့်ချီလည်း အသက် (၁၅)နှစ်အောက် ကလေးငယ် အနည်းငယ်ကို မြင်လိုက်ရသည်။
သူတို့ထဲတွင် အငယ်ဆုံးက အသက် (၈)နှစ် (၉)နှစ် အရွယ်သာ ရှိနိုင်သေး၏။ သူတို့အားလုံးက ထိုင်ခင်းပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေကြပြီး အပေါ်ဘက်တွင် ထိုင်နေသော မျက်နှာပြားပြားနှင့် ကိုယ်တော်ကို စိုက်ကြည့်နေကြ၏။
ထိုကိုယ်တော်၏ မျက်နှာအမူအယာက အလွန်လေးနက်နေပြီး နား နှစ်ဖက်က အနည်းငယ် ကြီးမားသည်။ သူကလည်း ဦးဆောင်လာသော ရှောင်လင်ကိုယ်တော်ကဲ့သို့ အဝါရောင်ဝတ်စုံကိုသာ ဝတ်ဆင်ထားပြီး လက်ထဲတွင် ပေတံတစ်ချောင်းကို ကိုင်ထားသည်။
"အော်မီတောဖော ....အစ်ကိုတော် ရွှမ်ကန်း ဘာကိစ္စလဲ ....."
မျက်နှာပြားပြားနှင့် ကိုယ်တော်က လေးလေးနက်နက် မေးလိုက်သည်။
ထိုအသံကို ကြားသည့်အချိန်တွင် အလွန်ကြည်လင်သော ဓမ္မတေး တစ်ပုဒ်ကို နားထောင်နေရသလို ခံစားလိုက်ရသည်။ မုန့်ချီက ပို၍ စိုးရိမ်လာလေလေ သူ၏ ခေါင်းထဲတွင် အစီအစဉ်မကျသော အတွေးပေါင်းစုံကို ပေါ်လာလေလေဖြစ်သည်။ မျက်နှာပြားပြားနှင့် ကိုယ်တော်ပြောသည့်စကားအရ သူ့ကို ဤနေရာသို့ခေါ်လာသော ကိုယ်တော်၏ ဘွဲ့တော်က ရွှမ်ကန်း ဖြစ်ပုံရသည်။
ရွှမ်ကန်းကလည်း ပြန်လည် နှုတ်ဆက်၍ ပြောလိုက်၏။
"ညီလေးရွှမ်ကူ....
ဒါက အစ်ကိုပြောခဲ့ဖူးတဲ့ ကလေးပါ ....."
သူကတော့ မည်သည့်အရာကိုမျှ ဖုံးကွယ်ထားလိုခြင်း မရှိချေ။ သို့သော် သူ၏ လေသံက ခြောက်ကပ်နေပြီး နားမခံသာစရာ ရှိ၏။ သူ၏ လေသံက ရွှမ်ကူနှင့် လုံးဝကိုကွဲပြားနေသည်။
ရွှမ်ကူ၏ မုန့်ချီကို တစ်ချက်ကြည့်လိုက်ပြီး အပြုံးမရှိသော မျက်နှာနှင့် တည်ငြိမ်စွာ တုန့်ပြန်လိုက်၏။
"ဒါဆိုလည်း ငါတို့တွေ အစီအစဉ်အတိုင်းပဲ လုပ်ကြတာပေါ့ ....."
မုန့်ချီကတော့ သူ့ကို အလွန်ရှုပ်ထွေးစွာ ကြည့်နေမိသည်။
ထိုအချိန်တွင် မုန့်ချီ၏အနား၌ ရပ်နေသော ရွှမ်ကန်းက လွတ်နေသော နေရာတစ်ခုကို လက်ညှိုးထိုးပြပြီး သူ့ကို ပြောလိုက်သည်။
"မင်းက အလှည့်ရောက်အောင် စောင့်နေလိုက် ....."
"ကောင်းပါပြီ....."
ယခု မည်သည့်အရာများ ဖြစ်နေကြောင်း မုန့်ချီက နားလည်သွားခဲ့၏။ လွန်ခဲ့သော နှစ်အနည်းငယ်ခန့်တွင် အလုပ်ခွင်ကို ဝင်ခဲ့ဖူးသည့်အတွက် သူက အလုပ်အင်တာဗျူးများကို ဖြေခဲ့ဖူးသည်။ ထို့ကြောင့် သူလည်း တခြားကလေးများကဲ့သို့ ထိုင်ခင်းပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်သည်။
ရွှမ်ကူက မုန့်ချီကို နောက်ထပ်မကြည့်တော့ဘဲ သူ့လက်ထဲတွင် ကိုင်ထားသော ပေတံနှင့် ကလေးတစ်ယောက်ကို ချိန်ပြီး မေးလိုက်သည်။
"မင်းရဲ့နာမည်က ဘယ်သူလဲ ....။ မင်းက ဘာလို့ ရှောင်လင်ကို လာချင်ရတာလဲ ....."
ထိုကလေးက အသက် (၁၀)နှစ်ခန့်သာ ရှိသေးသည်။ သူ၏မျက်နှာက အတော်လေး ကြည့်ကောင်းသော်လည်း အနည်းငယ် တုန်ယင်နေပုံရ၏။ သူက ပြန်ဖြေလိုက်သည်။
"ကျွန်တော့်ရဲ့ နာမည်က ဖန်အန်းချီပါ ....။ ကျွန်တော့်မှာ ဘာမှစားစရာ မရှိဘူး ..။ ဒါကြောင့် ကျွန်တော့်ကို ကိုရင်တစ်ပါးအဖြစ် ရောင်းစားခဲ့တာ ....."
ထိုစကားကို ကြားသည့်အခါ တခြားသော ကလေးများက ရယ်မောလိုက်ကြသည်။ သူတို့အများစုက ပို၍အသက်ကြီးကြသော်လည်း ဖန်အန်းချီ၏ အဖြေကို ရယ်လိုက်ကြခြင်း ဖြစ်၏။ ကြည့်ရသည်မှာ သူ၏ဦးနှောက်က အနည်းငယ် လိုအပ်နေပုံရသည်။
ရွှမ်ကူက မျက်မှောင်ကြုတ်လိုက်ပြီး မသက်မသာ ခံစားလိုက်ရသည်။
"အခုက စပြီး မင်းရဲ့လူနာမည်ကို မသုံးနဲ့တော့ ....။ မင်းရဲ့ ဓမ္မနာမည်က ကျန်းဟွေ ။ မင်းက ဝေယျာဝစ္စခြံဝန်းကို သွားရမယ် ...."
မုန့်ချီကလည်း တခြားသော ကလေးကြီးများ၏ လှောင်ပြောင်မှုများကို ကြားရသည်။ သူတို့၏ တုန့်ပြန်မှုကြောင့် ဝေယျာဝစ္စခြံဝန်းဟူသည်မှာ ဆိုးရွားသော နေရာတစ်ခု ဖြစ်ကြောင်း မုန့်ချီလည်း နားလည်လိုက်၏။
"ဖန်အန်းချီက ကျန်းဟွေ ၊ ကျန်းဟွေက ဖန်အန်းချီ ...."
ဖန်အန်းချီကတော့ သူ့နာမည်ကို တတွတ်တွတ် ရွတ်နေခဲ့သည်။
ရွှမ်ကူက တခြားသော ကလေးကြီးတစ်ယောက်ကို ကြည့်၍ မေးလိုက်ပြန်၏။
"မင်းရဲ့ နာမည်ကရော ဘယ်သူလဲ ....။ မင်းက ဘာလို့ ရှောင်လင်ကို လာချင်ရတာလဲ."
ထိုကလေးကတော့ အသက် (၁၃)နှစ် (၁၄)နှစ် ဝန်းကျင်သာ ရှိသေးသည်။ သူက အနည်းငယ် စိုးရိမ်နေပုံရသော်လည်း သွက်သွက်လက်လက် ပြန်ဖြေနိုင်၏။
"ဟုတ်ကဲ့ပါ ဆရာသခင် ....
ကျွန်တော့်နာမည်က လျှူမင်ကျိလို့ခေါ်ပါတယ် ...။ ကျွန်တော့်မိသားစုက ဗုဒ္ဓ ဝါဒကို အရမ်းမြတ်နိုးပြီး ရှောင်လင်သိုင်းပညာကို စိတ်ဝင်စားတယ်....။ ဒါကြောင့် ကျွန်တော်ကို ရှောင်လင်ကျောင်းတော်ဆီ ပို့လိုက်တာပါ ..."
သူတို့အားလုံးက ကနဦး စစ်ဆေးမှုများကို ဖြတ်ကျော်လာနိုင်သော ကလေးများ ဖြစ်သည်။ ထို့ကြောင့် သူတို့အားလုံးတွင် အရည်အချင်းများ ရှိကြ၏။
ရွှမ်ကူက ခေါင်းညိတ်ပြလိုက်သည်။
"မင်းရဲ့ အဖြေက ရိုးသားပြီး လက်ခံနိုင်ဖွယ် ရှိတယ် ....။ တကယ်လို့ မင်းက ဓမ္မကို သင်ကြားဖို့ပဲ စိတ်ဝင်စားတယ်ဆိုရင်တော့ ငါက မင်းကို ဝေယျာဝစ္စခြံဝန်းဆီ ပို့လိုက်မလို့ပဲ....။ အခုကစပြီး မင်းရဲ့ ဓမ္မနာမည်က ကျန်းတိ ..။ မင်းက တိုက်ခိုက်ရေးခြံဝန်းကို သွားရမယ်....."
"ကျေးဇူးတင်ပါတယ် ဦးလေး ရွှမ်ကူ ..."
ကျန်းတိက လက်အုပ်ချီပြီး အရိုအသေ ပေးလိုက်၏။
သူက ဓမ္မနာမည်ကို ရရှိပြီးသွားပြီ ဖြစ်သည့်အတွက် ရွှမ်ကူကို ဦးလေးအဖြစ် စတင်ခေါ်ဆိုနိုင်ပြီ ဖြစ်သည်။ ထိုအရာက သူ့ကို တရားဝင်ဆရာတစ်ယောက် သတ်မှတ်မပေးခင် အခေါ်အဝေါ်လည်း ဖြစ်၏။
ရွှမ်ကူကတော့ ထိုလူငယ်၏ ဉာဏ်ကောင်းမှုအတွက် ခေါင်းညိတ်ပြလိုက်ပြီး တခြားသော ကလေးများကို ထပ်မံစစ်ဆေးနေခဲ့သည်။
ကျန်းတိကတော့ ရင်ထဲတွင် တင်းကျပ်နေသလို ခံစားနေရ၏။ ကြည့်ရသည်မှာ ဦးလေး ရွှမ်ကူက သူကြားထားခဲ့ရသော သတင်းများအတိုင်း ဖြစ်သည်။ သူက အမှန်တရားကို ချစ်မြတ်နိုးသူတစ်ယောက်သာ ဖြစ်၏။
တစ်ဖက်တွင်တော့ မုန့်ချီကတော့ အေးအေးဆေးဆေးနှင့် ကြည့်နေခဲ့သည်။ ရုတ်တရက်ဆိုသလို သူ့ရင်ထဲတွင် အေးစက်သွားခဲ့၏။
"ငါ့နာမည်က ဘာလဲ ...။ ဒီခန္ဓာကိုယ်ပိုင်ရှင်ရဲ့ နာမည်က ဘာလဲ ...."
မုန့်ချီက သူ၏ မှတ်ဉာဏ်များကို ရှာဖွေကြည့်ရန် ကြိုးစားခဲ့သည်။ သို့သော် ထိုခန္ဓာကိုယ်နှင့် ပတ်သက်သော နာမည်ကိုပင် ရှာမတွေ့ခဲ့ပေ။ သူက မူလခန္ဓာကိုယ်နှင့် ပတ်သက်သော မည်သည့်မှတ်ဉာဏ်ကိုမျှ မသိခဲ့ရပေ။
"ငါက မုန့်ချီလို့တော့ ပြောလို့မရဘူး ....။ ရွှမ်ကန်းကလည်း ကြည့်နေသေးတယ်။ သူက ငါ့နာမည်ကို သိနိုင်တယ် ....။ ငါက ဒါကို ဖြတ်ကျော်ဖို့ နည်းလမ်းတစ်ခုခု စဉ်းစားမှ ရတော့မယ် ...."
ရှေ့တွင် ရပ်နေသော ရွှမ်ကူကလည်း အလွန်စည်းမျဉ်းတင်းကြပ်ပြီး လေးနက်ပုံရသည်။ မုန့်ချီက မလိုအပ်သောစကားများ ပြောမိမှာကိုလည်း ကြောက်လန့်နေခဲ့၏။
သူက တခြားမေးခွန်းများ မေးမှာကို ကြောက်လန့်နေသလို မှတ်ဉာဏ်များ ပျောက်ဆုံးသွားသယောင် ဟန်ဆောင်ရန်လည်း ကြိုးစားချင်နေသည်။ သူက အချိန်ကူးပြောင်းပြီး ရောက်လာသည်ဟူသော အဖြစ်မှန်ကို ပေါ်မသွားစေရန် တခြားနည်းလမ်းတစ်ခုကိုလည်း တိတ်တဆိတ် စဉ်းစားကြည့်နေခဲ့၏။
"မင်းရဲ့ နာမည်က ဘာလဲ ...။ မင်းက ဘာလို့ ရှောင်လင် ပူးပေါင်းချင်ရတာလဲ ...."
မုန့်ချီက အဖြေတစ်ခုကို စဉ်းစား၍ မပြီးခင် ရွှမ်ကူက သူ့ရှေ့တွင် ရပ်ပြီး မေးလိုက်သည်။
မုန့်ချီက ရုတ်တရက် အတွေးတစ်ခု ရသွားသည့်အတွက် စဉ်းစားမနေဘဲ ပြောလိုက်၏။
"ကျွန်တော် ရှောင်လင်ကို ရောက်လာကတည်းက ကျွန်တော်ရဲ့လူနာမည်ကို မေ့သွားပြီ."
ရွှမ်ကူက မုန့်ချီကို သေချာစိုက်ကြည့်နေပြီး သူ၏ ပေတံကို အနည်းငယ် လှုပ်ရှားလိုက်သည်။ သူက နောက်ဆက်တွဲမေးခွန်းများကို မမေးတော့ဘဲ ပြတ်သားစွာ ပြန်ပြောလိုက်၏။
"တော်တော်လေးကို ဉာဏ်နီဉာဏ်နက်များတာပဲ ....ဝေယျာဝစ္စခြံဝန်း ...
ဓမ္မနာမည် ကျန်းတင် ......."
Translated by Hein Htet