အခန်း (၂)
Vol. 1 Ch. 2
မုန့်ချီ၏ စိတ်ထဲတွင် ကြိတ်၍ ဝမ်းသာနေရာမှ ရှက်ရွံ့မှုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ကျန်းတိနှင့် တခြားသော ကိုရင်လောင်းလေးများက သူ့ကို အံ့အားသင့်စွာ ကြည့်နေမိကြ၏။ ထိုအရာကြောင့် သူ၏ မူလတန်းကျောင်းသားဘဝကိုပင် ပြန်လည်သတိရလာမိသည်။
တစ်ခုတည်းသော ချွင်းချက်ကတော့ သူ့ရှေ့တွင် ရှိနေသော ရွှေရောင်ဗုဒ္ဓဆင်းတုတော်ကြီးကို စိုက်ကြည့်နေသည့် ကျန်းဟွေ ဖြစ်သည်။ သူ့စိတ်ကတော့ တခြားမည်သည့်အရာကိုမျှ စဉ်းစားနေပုံမရချေ။
မုန့်ချီက သတိလက်လွတ်အမူအရာနှင့် သူ့အနားတွင် ရပ်နေသော ရွှမ်ကန်းကို လှည့်ကြည့်လိုက်သည်။
"တစ်ခုခု ထူးခြားတယ်လို့ မခံစားရဘူးလား... "
မုန့်ချီအတွက်တော့ လူတိုင်း၏ရှေ့တွင် အရှက်ရခြင်းက ပြဿနာကြီးတစ်ခု မဟုတ်ချေ။ သို့သော် သူ၏အစစ်အမှန် အကြောင်းအရာများ ပေါ်သွားမည် ဆိုလျှင်တော့ အတော်လေးကို ပြဿနာများသည်။
ရွှမ်ကန်းကတော့ စိတ်ဓာတ်ကျနေသော မူလမျက်နှာ ပုံစံအတိုင်းသာ ရှိနေသေးသည်။ မုန့်ချီက သူ့ကိုစိုက်ကြည့်နေကြောင်း မြင်လိုက်ရသည့်အချိန်တွင် သူက အနည်းငယ် ခေါင်းခါလိုက်၏။
"အော်မိတောဖော..အစ်ကိုရွှမ်ကူ ဆုံးဖြတ်ထားတဲ့အရာတွေကို ဘာမှပြင်ဆင်လို့မရဘူး... "
သူက ထိုစကားကို ကျယ်လောင်စွာ ပြောလိုက်သည်။
"ဟူး... ကြည့်ရတာ ငါက အကူအညီတောင်းနေတယ်လို့ သူ့စိတ်ထဲမှာ တွေးနေတာဖြစ်မယ်... "
ရွှမ်ကန်းက မည်သည့်အရာကိုမျှ သတိမထားမိကြောင်း နားလည်သွားသည့်အတွက် မုန့်ချီလည်း စိတ်သက်သာရာ ရသွားခဲ့သည်။ ထို့ကြောင့် ဤခန္ဓာကိုယ်ပိုင်ရှင်၏ မိဘများ သို့မဟုတ် မြင်းမျက်နှာလူကြီး နောက်တစ်ကြိမ် ပေါ်မလာမချင်း သူက လျှို့ဝှက်ချက်ကို ထာဝရသိမ်းဆည်းထားနိုင်တော့မည် ဖြစ်၏။
နှစ်အနည်းငယ် ကြာသွားလျှင်တော့ မည်သူကမျှသူ့အပေါ် နောက်တစ်ကြိမ် သံသယဝင်တော့မည် မဟုတ်ချေ။ လူတိုင်းအတွက် ကလေးဘဝ မှတ်ဉာဏ်များကို မေ့လျော့သွားသည်မှာ ထူးဆန်းသည့်အရာတစ်ခု မဟုတ်တော့ပေ။
"ဒါနဲ့ယှဉ်လိုက်မယ်ဆိုရင်တော့ ဝေယျာဝစ္စခြံဝန်းကို ရောက်သွားတာက အသေးအဖွဲပါပဲ…"
မုန့်ချီက သတိလက်လွတ် ငေးကြည့်နေသော ကျန်းဟွေကို ကြည့်လိုက်သည်။ ထိုသို့ဆိုလျှင် ရွှမ်ကန်းက သူ၏ခံစားမှုများကို သတိထားမိနိုင်တော့မည် မဟုတ်ချေ။
ရွှမ်ကူက ကလေးငယ်များ အားလုံးကို မေးမြန်းလိုက်ပြီးနောက် မုန့်ချီနှင့် ကျန်းဟွေတို့အပါအဝင် ကလေး (၆) ယောက်ကို ဝေယျာဝစ္စခြံဝန်းသို့ ပို့ဆောင်လိုက်ပြီး တခြားသော ကလေးငယ်များကိုတော့ တိုက်ခိုက်ရေးခြံဝန်းထဲသို့ ပို့ဆောင်လိုက်သည်။
ထို့နောက် အပြစ်ပေးပေတံကို ဘယ်ဘက်လက်ဖဝါးပေါ်တွင် ညင်သာစွာပုတ်နေရင်း ရွှမ်ကူက ပြောလိုက်သည်။
"မင်းတို့က ခေါင်းတုံးဖို့အတွက် ငါနဲ့အတူ အထွေထွေခြံဝန်းထဲကို လိုက်ခဲ့ရမယ်... ၊ ပြီးရင် မင်းတို့အတွက် ဝတ်စုံတွေ၊ ဓမ္မစာအုပ်တွေ ယူရမယ်... ။ အခုကစပြီး မင်းတို့သာ ကြိုးကြိုးစားစား လုပ်ဆောင်မယ်ဆိုရင် ဓမ္မခြံဝန်းထဲကိုရောက်ပြီး အဆင့်မြင့်ကျမ်းဂန်တွေနဲ့ သိုင်းပညာတွေကိုသင်ယူဖို့ အခွင့်အရေးရှိနေသေးတယ်... "
"ဒီနေရာမှာလည်း ဓမ္မစာပေတွေ ရှိတာလား... "
မုန့်ချီက ဒုတိယတစ်ကြိမ် စဉ်းစားမိလိုက်ပြန်သည်။
သို့သော် ရွှမ်ကူကတော့ သူ့ကို စဉ်းစားရန် အချိန်မပေးခဲ့ဘဲ ကလေးများအားလုံးကို ဖြတ်ကျော်၍ အပြင်ဘက်ကို ထွက်သွားခဲ့သည်။ လူစိမ်းများ ဝိုင်းရံနေသည့်အတွက် မုန့်ချီက မေးခွန်းများများ မမေးခဲ့ပေ။ သူက အဝါဝတ် ကိုယ်တော်နှစ်ပါးဖြစ်သော ရွှမ်ကူနှင့် ရွှမ်ကန်းတို့၏ နောက်သို့ လိုက်သွားပြီး အနီးအနားတွင် ရှိနေသော ခြံဝန်းတစ်ခုထဲသို့ ဝင်သွားခဲ့သည်။
"မင်းတို့က အခုချိန်ထိ ရှောင်လင်ကျောင်းတော်ကို တရားဝင် မဝင်ရသေးဘူး... ။ ဒါကြောင့် မင်းတို့က သာမန်လူအတိုင်းပဲ ဗုဒ္ဓကို ရှိခိုးရမယ်... ။ မင်းတို့တွေ ခေါင်းရိပ်ပြီးရင်တော့ မင်းတို့ရဲ့ဓမ္မနာမည်ကို စာရင်းသွင်းရမယ်... "
ရွှမ်ကူက သူတို့ကို ပြောလိုက်ပြီး ဆုတောင်းခန်းမထဲတွင် ရှိနေသော ထိုင်ခင်းများကို လက်ညှိုးထိုးပြလိုက်သည်။
"ဟုတ်ကဲ့ပါ ဦးလေးရွှမ်ကူ... "
ကလေးငယ်များက ကျန်းတိကို နမူနာယူပြီး ပြန်ဖြေလိုက်ကြ၏။
သူတို့က ထိုင်ခင်းပေါ်တွင် တစ်ယောက်ပြီး တစ်ယောက် ဒူးထောက်လိုက်ကြပြီး ရွှေရောင်ဗုဒ္ဓဆင်းတုတော်ကြီးကို လက်အုပ်ချီ၍ ရှိခိုးလိုက်ကြသည်။ ကလေးငယ်များအားလုံး ဦးချပြီးသွားသည့်အချိန်တွင် ရွှမ်ကူကလည်း အလေးအမြတ် ရှိခိုးပူဇော်လိုက်၏။ ထို့နောက် အော်မိတောဖောဟု ရေရွတ်ပြီး ကလေးငယ် တစ်ယောက်ဆီသို့ လျှောက်လာခဲ့သည်။
ထို့နောက် ကလေးငယ်၏ ခေါင်းပေါ်သို့ ညာလက်ကို ညင်သာစွာ တင်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ကလေးငယ်၏ ရှည်လျားသော အနက်ရောင်ဆံပင်များက ခြောက်သွေ့သွားပြီး သစ်ရွက်ကြွေများကဲ့သို့ မြေပြင်ပေါ်ကို ပြုတ်ကျသွားခဲ့၏။ (၂)စက္ကန့်ပင် မကြာသေးသော အချိန်အတွင်း ထိုကလေးငယ်က အစစ်အမှန် ကိုရင်လေးတစ်ပါး ဖြစ်လာခဲ့သည်။
"ပူပန်စိုးရိမ်မှုတွေ လုံးဝပျောက်ကွယ်သွားပြီ ။ လောကီရေးရာနဲ့ အဝေးမှာ နေရမယ်..."
ရွှမ်ကူက တည်ငြိမ်စွာ ပြောလိုက်၏။ အလွန်နက်ရှိုင်းသော သူ၏လေသံက တိတ်ဆိတ်ငြိမ်သက်နေသော ဆုတောင်းခန်းမထဲတွင် ပဲ့တင်ထပ်လာခဲ့လေသည်။
"ဒါက ဘယ်လိုသိုင်းပညာမျိုးလဲ..။ တကယ့်ကို မယုံကြည်နိုင်စရာပါလား... ။ ငါကရော ဒီလိုသိုင်းပညာမျိုးကို သင်ဖို့အခွင့်အရေး ရနိုင်မှာလား... "
မုန့်ချီက အံ့ဩမင်သက်ပြီး စိတ်လှုပ်ရှားလာခဲ့သည်။
ရွှမ်ကူက ကလေးငယ်များ အားလုံးကို ခေါင်းတုံးပေးနေသည့် အချိန်တွင် တူညီသော စကားလုံးကိုသာ အကြိမ်ကြိမ် ရွတ်ဆိုနေခဲ့သည်။ မုန့်ချီ၏အလှည့်ကို ရောက်လာသည့် အချိန်တွင် သူက ခေါင်းငုံ့ပေးလိုက်ပြီး သူ၏ဘွဲ့တော်ကို တိတ်တဆိတ် ရေရွတ်နေခဲ့သည်။
သိပ်မကြာခင် ဆံပင်များ ပျောက်ကွယ်သွားတော့မည် ဖြစ်သည့်အတွက် သူလည်း အနည်းငယ် ဝမ်းနည်းနေသေး၏။ ရွှမ်ကူ၏လက်က မုန့်ချီ၏ဦးခေါင်းကို ညင်သာစွာ ထိလိုက်မိသည့်အချိန်တွင် သူ၏ဆံပင်များက တစ်ချောင်းပြီးတစ်ချောင်း ကျဆင်းလာခဲ့သည်။ သို့သော် သူ့ရင်ထဲတွင်တော့ လောကီရေးကိုသာ အမြဲလိုလို စိတ်ဝင်စားနေပြီး ကိုရင်ဝတ်ရန် လုံးဝစိတ်ကူးမရှိခဲ့ချေ။
"စိုးရိမ်ပူပန်မှုတွေအားလုံး လုံးဝပျောက်ကွယ်သွားပြီး လောကီရေးရာတွေရဲ့ အဝေးမှာ နေရမယ်... "
ရွှမ်ကူ၏အသံက ခေါင်းလောင်းတီးသံတစ်ခုကဲ့သို့ ထွက်ပေါ်လာသည့်အတွက် မုန့်ချီက တုန်ယင်သွားခဲ့၏။ စက္ကန့်အနည်းငယ်ကြာပြီးနောက် သူ၏စိတ်ဝိညာဉ်က ကြည်လင်အေးချမ်းသွားသလို ခံစားလိုက်ရသည်။
သို့သော် ရွှမ်ကူ ထွက်သွားသည့်အချိန်တွင် ကြည်လင်အေးချမ်းသော ခံစားမှုကလည်း လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။ ထိုအချိန်ကျမှသာ မုန့်ချီ၏ ယုံကြည်ချက်များက ပြန်လည်ဝင်ရောက်လာခဲ့၏။
"တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ငါက လောကီရေးရာနဲ့ ပြန်ပြီးတော့ပတ်သက်နိုင်ရမယ်..."
ဗုဒ္ဓဆင်းတုတော်ကို ရှစ်ခိုးခြင်း ၊ ခေါင်းရိတ်ခြင်းနှင့် သူတို့၏ဓမ္မနာမည်ကို မှတ်တမ်းတင်ခြင်းများ လုပ်ဆောင်လိုက်ပြီးနောက် ကလေးငယ်များက မီးခိုးရောင်ဝတ် ကိုယ်တော်အနည်းငယ်၏ နောက်သို့လိုက်သွားပြီး သူတို့ပိုင်ဆိုင်ရမည့် မီးခိုးရောင်ဝတ် ဝတ်စုံ (၂) စုံ ၊ ဖိနပ်နှင့်ခြေအိတ် (၂) စုံ ၊ ကျမ်းစာအုပ် (၂) အုပ် ၊ ရှောင်လင် စည်းမျဉ်းစည်းကမ်းများနှင့် အာရုံဦးရွတ်ဆိုရမည့် ဂါထာ (၁၂) မျိုးကိုသွားရောက် ယူဆောင်ကြရသည်။
"မင်းတို့က ကျမ်းစာခြံဝန်းထဲမှာ သင်ယူရေး ဖတ်ပြီးတဲ့အချိန်တိုင်း စည်းမျဉ်းစည်းကမ်းတွေနဲ့ ဂါထာတွေကို ရွတ်ဆိုရလိမ့်မယ်..။ အဲဒီမတိုင်ခင်တော့ ငါက မင်းတို့ကို အခြေခံစည်းမျဉ်းတွေ ပြောပြမယ်..။ ပထမဦးဆုံး မင်းတို့ရဲ့ဆရာတွေ အကြီးအကဲတွေကို လိမ်ညာလို့မရဘူး..။ မရိုမသေ မလေးမစား မလုပ်ရဘူး.။ ဒုတိယတစ်ချက် သိုင်းပညာသင်ကြားခွင့်ပေးမထားရင် မင်းတို့က ခိုးကြောင်ခိုးဝှက်သင်ဖို့ မကြိုးစားရဘူး... ။ တတိယတစ်ချက် ဘယ်လိုသက်ရှိမျိုးကိုမှ မသတ်ရဘူး... ။ စတုတ္ထတစ်ချက် အရက်သေစာ ရှောင်ကြဉ်ရမယ်... ။ ပဉ္ဓမတစ်ချက် အသားငါးစားတာကို ရှောင်ကြဉ်ရမယ်... ။ ဆဋ္ဌမတစ်ချက် ကာမတဏှာကနေ ရှောင်ကြဉ်ရမယ်... "
ရွှမ်ကူက သူတို့လိုက်နာရမည့် အဓိကစည်းမျဉ်းကြီးများကို အကြိမ်ကြိမ် ပြောပြနေခဲ့သည်။ အဆုံးတွင်တော့ သူက လေးလေးနက်နက် ပြောလိုက်၏။
"စည်းမျဉ်းချိုးဖောက်တဲ့ လူတိုင်းအတွက် အသေးဆုံးအပြစ်ပေးမှုက ဆူပူကြိမ်းမောင်းခံရတာပဲ ။ အပြင်းထန်ဆုံးအဖြစ်ကတော့ သိုင်းပညာသင်ကြားမှုကို ရုတ်သိမ်းပြီး ရှောင်လင်ကျောင်းတော်ကနေ နှင်ထုတ်ခံရမယ်... "
သူကတော့ အပြစ်ပေးမှု နှစ်မျိုးကိုသာ ပြောပြခဲ့သည်။ ထိုအရာက အပေါ့ပါးဆုံးနှင့် အပြင်းထန်ဆုံး အပြစ်များလည်း ဖြစ်၏။ တခြားသော အပြစ်ပေးမှုများကတော့ အလုပ်ကြမ်းလုပ်ရခြင်း ၊ ကျမ်းစာများ ကူးရေးရခြင်း ၊ တုတ်နှင့်အရိုက်ခံရခြင်း ၊ နံရံကို မျက်နှာအပ်ပြီး နာရီပေါင်းများစွာ အပြစ်ကို သုံးသပ်ဆင်ခြင်ရခြင်း ၊ စသည့်အရာများ ဖြစ်နိုင်၏။
စည်းမျဉ်းစည်းကမ်းများကို ရှင်းပြလိုက်ပြီးနောက် ရွှမ်ကူနှင့် ရွှမ်ကန်းတို့က ကိုရင်လေးများကို ဦးဆောင်ပြီး အထွေထွေခြံဝန်းထဲမှ ထွက်လာခဲ့ကြသည်။
"ရှောင်လင်ကျောင်းဆောင်ထဲမှာ မီးခိုးရောင်ဝတ်ဆင်ထားတာက သာမာန်ကိုယ်တော်တွေပဲ ။ အဝါရောင်ဝတ်ဆင်ထားတာက ခြံဝန်းအသီးသီးရဲ့ အုပ်ချုပ်ရေးကိုယ်တော်တွေပဲ ။ အဝါရောင်နဲ့အနီရောင် ဝတ်ဆင်ထားတာတွေကတော့ ခြံဝန်းတစ်ခုချင်းဆီရဲ့ခေါင်းဆောင် တိုက်အုပ်ကိုယ်တော်တွေပဲ၊ ပြီးတော့ အကြီးအကဲတွေလည်းရှိသေးတယ်... "
လမ်းတလျှောက်တွင် ရွှမ်ကူက အနားယူနေခြင်း မရှိဘဲ ကျောင်းဆောင်ထဲရှိ အခြေခံအချက်အလက်များအားလုံးကို ဆက်လက်သင်ကြားပေးနေခဲ့သည်။ ကျန်းတိနှင့် တခြားသော ကိုရင်လေးများက တိုက်ခိုက်ရေးခြံဝန်းထဲသို့ ဝင်သွားသည့် အချိန်မှသာ သူလည်း ပြောဆိုနေခြင်းကို ရပ်တန့်လိုက်သည်။
သူတို့က လျှောက်သွားနေရင်း အလယ်ကျောင်းဆောင်မကြီးနှင့် တဖြည်းဖြည်း အဝေးကို လျှောက်သွားနေရကြောင်း မုန့်ချီက သတိထားမိခဲ့၏။ သူတို့၏ ပတ်ပတ်လည်တွင် အဝါရောင် ဆေးခြယ်ထားသော နံရံများနှင့် အစိမ်းရောင် သစ်ပင်များသာ ဝိုင်းရံနေပြီး တစ်ခါတစ်ရံမှသာ ဆုတောင်းခန်းမတစ်ခုကို မြင်ရသည်။
အချိန်တော်တော်ကြာသွားခဲ့ရပြီး နောက်ဆုံးတွင်တော့ မုန့်ချီက အစက်အပြောက်များ ပြည့်နှက်ပြီး အနည်းငယ် ပျက်စီးနေသော ခြံဝန်းတစ်ခုကို တွေ့လိုက်ရသည်။
"ဪ... ၊ အစ်ကိုရွှမ်ကူနဲ့ ညီလေးရွှမ်ကန်းတို့ပါလား... ။ အစောကြီး ရောက်လာကြတာပဲ.. "
တံခါးရှေ့တွင် ရပ်နေသော ဖက်တီးကိုယ်တော်က သူတို့ကိုကြည့်ပြီး ပြုံးလိုက်သည်။ သူကလည်း အဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ဝတ်စားဆင်ယင်မှုကတော့ မသပ်မရပ် ဖြစ်နေသည်။ စူဖောင်းနေသော ဗိုက်ကလည်း အပြင်ကို ထွက်နေသည့်အတွက် အတော်လေးကို သိသာထင်ရှား၏။
ရွှမ်ကူက မျက်မှောင်ကြုတ်၍ လက်အုပ်ချီပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"အော်မိတောဖော...
အစ်ကိုရွှမ်ရှင်း ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် ပျင်းရိနေရတာလဲ... "
ရွှမ်ရှင်းဟုခေါ်သော ဖက်တီးကိုယ်တော်ကတော့ ရွှမ်ကူ၏ စိတ်နေစိတ်ထားကို အသားကျနေပုံရသည်။ သူကတော့ ဒေါသမထွက်ခဲ့ပေ။
"မင်းတို့က ငါ့ကို ဘာလို့ဒီလောက်တောင် အလေးထားပြီး စိုက်ကြည့်နေရတာလဲ... ။ ဒီကိုရင်လေးတွေက ငါတို့ ဝေယျာဝေစ္စခြံဝန်းအတွက်လား... "
သူကတော့ သူ၏ပုံစံနှင့် ပတ်သက်ပြီး ရွှမ်ကူနှင့် ငြင်းခုံနေချင်ပုံ မရချေ။ သူက မုန့်ချီနှင့် တခြားကလေးများကို လက်ညှိုးထိုး၍ မေးလိုက်သည်။
"ကျေးဇူးပြုပြီး သူတို့ကို အစ်ကိုတော်ရဲ့ သဘောအတိုင်းပဲ စီစဉ်လိုက်ပါ အစ်ကိုရွှမ်ရှင်း... "
ရွှမ်ကူက လေးလေးနက်နက် ပြန်ဖြေလိုက်သည်။
ထိုအချိန်တွင် တိတ်ဆိတ်နေသော ရွှမ်ကန်းက ရုတ်တရက် ပြောလိုက်၏။
"ကျန်းရင်နဲ့ ကျန်းကွမ်တို့ကရော ဝေယျာဝစ္စခြံဝန်းထဲမှာပဲ ရှိနေသေးတာလား... "
"ဟုတ်တယ်... ။ သူတို့ ဒီမှာရှိသေးတယ်... "
ဖက်တီးကိုယ်တော်က စိတ်ရှုပ်ထွေးစွာ ပြောလိုက်၏။
"ညီလေးရွှမ်ကန်း …
ဘာလို့ သူတို့အကြောင်းကို မေးနေတာလဲ... ။ သူတို့ကို ညီလေးရဲ့တပည့်အဖြစ် လက်ခံမလို့လား... "
ရွှမ်ကန်းက ခေါင်းခါပြီး သက်ပြင်းချလိုက်သည်။
"ကျွန်တော့ရဲ့သိုင်းပညာတွေက ပျက်စီးသွားပြီ ။ ကျွန်တော်က ဘယ်လိုလုပ်ပြီး တပည့်အသစ် လက်ခံရမှာလဲ... ။ ကျွန်တော်က ဘယ်သူ့ကိုမှ လမ်းမပြချင်တော့ဘူး..။ အစ်ကိုရွှမ်ရှင်း... ကျေးဇူးပြုပြီး ဒီနှစ်ယောက်ကို ကျန်းရင်၊ ကျန်းကွမ်တို့နဲ့ တစ်ခန်းတည်းအတူတူ ထားပေးလို့ရမလား... "
သူက မုန့်ချီနှင့် ကျန်းဟွေတို့ကို လက်ညှိုးထိုးပြလိုက်သည်။
မုန့်ချီ၏ ရင်ထဲတွင်တော့ အတော်လေး လှုပ်ရှားသွား၏။ ရွှမ်ကန်းက ပထမဆုံးအကြိမ် သူ့အတွက် ဆုံးဖြတ်ချက်ချပေးခြင်း ဖြစ်သည်။ ကျန်းရင်နှင့် ကျန်းကွမ်တို့က တစ်စုံတစ်ခု ထူးခြားသည့်အရာများ ရှိနေခြင်းပေလော။ သူတို့က သူ့ကို ကူညီပေးနိုင်မည်လော။
"ဟား... ဟား... ဟား... ဟား...
ငါ့ကို ဒီလောက်လည်း အားနာနေစရာမလိုပါဘူး... ညီလေးရွှမ်ကန်း... ။ ဒါက အသေးအဖွဲ့ပါပဲ... "
ရွှမ်ရှင်းက တွေဝေမနေဘဲ သဘောတူလိုက်သည်။
ရွှမ်ကူက ရွှမ်ကန်းကို စိုက်ကြည့်လိုက်ပြီး စကားတစ်ခွန်းမျှ မပြောခဲ့ပေ။ ထိုအစား သူက မုန့်ချီနှင့် တခြားသော ကိုရင်လေးများကိုသာ အလေးအနက် ပြောလိုက်၏။
"ငါက မင်းတို့ကို ဝေယျာဝစ္စခြံဝန်းဆီ ပို့လိုက်တယ်ဆိုတာ မင်းတို့ တစ်ယောက်ချင်းဆီတိုင်းမှာ ကိုယ်စီကိုယ်စီ ပြဿနာလေးတွေ ရှိနေကြတယ်..။ တကယ်လို့ မင်းတို့ကသာ အဲဒီပြဿနာတွေကို ကိုယ်တိုင် ဖြေရှင်းနိုင်ပြီး သေချာလေ့ကျင့်နိုင်မယ်ဆိုရင်တော့ မင်းတို့က တိုက်ခိုက်ရေးခြံဝန်း ၊ ဓမ္မခြံဝန်းနဲ့ ဗောဓိခြံဝန်းတို့ကိုတောင် သွားဖို့ အခွင့်အရေးရှိနိုင်တယ်..”
“ဒါပေမယ့် မင်းတို့ကသာ ဆက်ပြီးတော့ ပြဿနာရှာနေဦးမယ်ဆိုရင် ၊ ပျင်းရိနေကြဦးမယ်ဆိုရင် ၊ မင်းတို့ရဲ့စိတ်နေစိတ်ထားကို တည်ငြိမ်အောင် မလုပ်နိုင်ဘူးဆိုရင် ၊ အခက်အခဲတွေကို ကျော်လွှားဖို့ ဇွဲသတ္တိမရှိဘူးဆိုရင်တော့ ငါက မင်းတို့ကို ဒီနေရာမှာ ပုန်းနေခိုင်းမှာ မဟုတ်ဘူး... ။ ငါက အပြစ်ပေးခြံဝန်းကို သတိပေးပြီး မင်းတို့နဲ့ ထိုက်တန်တဲ့အပြစ်ကို ပေးခိုင်းမယ်... "
သူကတော့ သူ၏အတွေးများအားလုံးကို ဖုံးကွယ်ထားခြင်း မရှိဘဲ ကျယ်လောင်စွာ ပြောလိုက်သည်။
ထိုစကားကြောင့် တစ်ဖက်တွင် ရပ်နေသော ရွှမ်ရှင်းကပင် အနည်းငယ် ရှက်ရွံ့သွားခဲ့၏။
"နားလည်ပါပြီ ဦးလေးရွှမ်ကူ... "
ကိုရင်လေးများအားလုံးက ပြိုင်တူ ပြန်ဖြေလိုက်ကြသည်။
ရွှမ်ကူနှင့် ရွှမ်ကန်းတို့ ထွက်သွားသည်ကို ကြည့်နေပြီးနောက် ရွှမ်ရှင်းက သူ၏ဝဝဖိုင့်ဖိုင့် ခန္ဓာကိုယ်ကြီးကို စတင်လှုပ်ရှားလိုက်သည်။
"နောက်ဆုံးတော့ သူတို့တွေထွက်သွားပြီ ။ အဲဒီ သံမဏိမျက်နှာ မကောင်းဆိုးရွားတွေကို မြင်ရတာ ငါ့အတွက် ကြောက်စရာအကောင်းဆုံးပဲ…"
"ဒီကိုယ်တော်ကတော့... "
မုန့်ချီက စိတ်ထဲတွင် တီးတိုးရေရွတ်လိုက်ပြီး ရွှမ်ရှင်း၏နောက်မှနေ၍ အခန်းတစ်ခုထဲကို လိုက်သွားခဲ့သည်။
"ကျန်းရင်၊ ကျန်းကွမ် …
သူတို့က မင်းရဲ့ ဂိုဏ်းတူညီလေးတွေပဲ ။ ကျန်းတင်နဲ့ ကျန်းဟွေ... "
ရွှမ်ရှင်းက မုန့်ချီနှင့် ကျန်းဟွေတို့ကို လက်ညှိုးထိုးပြပြီးနောက် တခြားသော ကိုရင်လေးများနှင့်အတူ အခန်းထဲမှ ထွက်သွားခဲ့သည်။
အခန်းထဲတွင်တော့ လူ(၇)ယောက် ၊ (၈) ယောက်ခန့် အိပ်စက်နိုင်သော အိပ်ရာကြီးတစ်ခု ရှိသည်။ ထို့ပြင် ထိုအရာက အခန်းထဲတွင် တစ်ခုတည်းသော အရာတစ်ခုလည်း ဖြစ်၏။
အိပ်ရာထဲတွင်တော့ မီးခိုးရောင်ဝတ် ကိုယ်တော်နှစ်ယောက်ရှိနေပြီး တစ်ယောက်က ထိုင်၍ တစ်ယောက်က လှဲနေသည်။ သူတို့နှစ်ယောက်လုံးက အသက် (၂၀) ဝန်းကျင် ရှိနေကြ၏။
အိပ်ရာပေါ်တွင် လှဲနေသော ကိုယ်တော်ကတော့ မှုံကုတ်ကုတ် မျက်နှာအမူအရာရှိနေပြီး စကားတစ်ခွန်းမျှမပြောဘဲ လေထဲကို ငေးကြည့်နေခဲ့သည်။
အိပ်ရာပေါ်တွင် ထိုင်နေသော ကိုယ်တော်ကတော့ မျက်မှောင်ကြုတ်၍ အေးစက်စွာ ပြောလိုက်၏။
"မင်းတို့ရဲ့အထုပ်တွေကို အိပ်ရာအောက်မှာ ထားလို့ရတယ်... ။ မင်းတို့ ရေလိုချင်တယ်ဆိုရင် ခြံဝန်းထဲမှာရှိတဲ့ ရေကန်ထဲမှာ ကိုယ်တိုင်သွားယူ... "
"ဒီက အစ်ကိုရဲ့နာမည်ကို ပြောလို့ရမလား... "
မှုံကုတ်ကုတ် အမူအရာနှင့် ကိုယ်တော်ကို ကြည့်ပြီး မုန့်ချီက အခန်းဖော်များအနေနှင့် ရင်းနှီးမှုရရန် ကြိုးစားလိုက်သည်။
ထိုကိုယ်တော်က အေးစက်စွာ ပြန်ဖြေလိုက်၏။
"ကျန်းကွမ်... "
တိုတိုတုတ်တုတ် ပြန်ဖြေလိုက်ပြီးနောက် သူက နောက်တစ်ကြိမ် စကားမပြောတော့သလို မုန့်ချီနှင့် ကျန်းဟွေတို့ကိုလည်း နောက်တစ်ကြိမ် လှည့်မကြည့်တော့ပေ။
မုန့်ချီကတော့ ပြောစရာ ခေါင်းစဉ်ပေါင်းများစွာ စဉ်းစားထားသော်လည်း ယခုတော့ အသုံးမဝင်တော့ပေ။ တစ်ဖက်တွင်တော့ ကျန်းရင်က မျက်လုံးမှိတ်၍ ဆက်လက် အိပ်ပျော်နေပုံရ၏။
"သူတို့က ဘယ်လိုလူတွေလဲ... "
မုန့်ချီက စိတ်ထဲတွင် တိတ်တဆိတ် ရေရွတ်နေပြီး အပြုံးနှင့် ကျန်းဟွေကို ပြောလိုက်သည်။
"ညီလေးကျန်းဟွေ အစ်ကိုက ကျန်းတင်ပါ... ။ အခုကစပြီး မင်းက ငါ့ကို အစ်ကိုကြီးလို့ ခေါ်လို့ရတယ်... "
"ကောင်းပါပြီ… အစ်ကိုကြီး... "
ကျန်းဟွေနှင့် စကားပြောရသည်မှာတော့ အခက်အခဲ ရှိပုံမရချေ။
"ဒီကောင်လေးက အကောင်းဆုံးပဲ "
ယခုတော့ မုန့်ချီက အနည်းငယ် စိတ်သက်သာရာ ရသွားသလို ခံစားလိုက်ရ၏။ သူက အစ်ကိုကြီး တစ်ယောက်ကဲ့သို့ ပြုမူရန် ဆုံးဖြတ်လိုက်ပြီး ကျန်းဟွေကို ကူညီပေးရန် စဉ်းစားလိုက်သည်။
"ကောင်းပြီ ။ ငါလည်း မင်းကို ညီလေးလို့ပဲခေါ်မယ်... ။ သွားကြစို့ ။ ငါတို့အရင်ဆုံး အဝတ်အစားတွေ လဲကြမယ်... "
အခန်းထဲတွင် တခြားလူများ ရှိနေသော်လည်း မုန့်ချီကတော့ မသက်မသာ ခံစားရခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် သူက တက္ကသိုလ်ကျောင်းဆောင်ထဲတွင် အောက်ခံဘောင်းဘီ တစ်ထည်တည်းနှင့်ပင် လျှောက်သွားခဲ့ဖူး၏။
သူက အဝတ်အစားများကို လျင်မြန်စွာ ချွတ်လိုက်ပြီး မီးခိုးရောင် ဝတ်စုံများကို ဝတ်ဆင်လိုက်သည်။ တစ်ဖက်တွင်တော့ သူက ထိုဝတ်စုံကို ဝတ်လိုက်သည့်အချိန်တွင် အတော်လေး သဘောကျနေပြီး သူဝတ်ဆင်ထားသော အဝတ်အစားများကို စတင် စစ်ဆေးကြည့်လိုက်သည်။
ထိုအဝတ်အစားများကို သေချာအနုစိတ် ဖန်တီးထားပုံရပြီး အလွန်ပျော့ပြောင်း နူးညံလွန်းလှသည်။ မုန့်ချီက အဝတ်အစားနှင့် ပတ်သက်ပြီး နားမလည်သော်လည်း ထိုအဝတ်အစားများက အတော်လေး တန်ဖိုးရှိကြောင်း သိနေ၏။
အလွန်တန်ဖိုးကြီးသော အဝတ်အစားများအပြင် သူ၏လည်ပင်းတွင်လည်း ကျောက်စိမ်းပြားတစ်ခု ရှိနေသေးသည်။ ထိုကျောက်စိမ်းပြားလေးက သူ၏ရင်ဘတ်ပေါ်တွင် ရှိနေပြီး ကျောက်စိမ်းပြားဆီမှ ထွက်ပေါ်လာသော အေးစက်စက် အငွေ့အသက်များကြောင့် သူက အတော်လေး သက်သောင့်သက်သာ ခံစားနေရ၏။
မုန့်ချီက လက်မအရွယ် ကျောက်စိမ်း ဗုဒ္ဓရုပ်တုလေးကို သေချာစစ်ဆေးကြည့်လိုက်သည်။ ထိုအရာက သနားညှာတာမှုများ ၊ ကောင်းကျိုးလိုလားမှုများ ပြည့်နှက်နေသော မျက်နှာတော်တစ်ခုလည်း ဖြစ်၏။ ထိုအရာက အသက်ရှင်နေသော လူတစ်ယောက်ကဲ့သို့ ထင်မှတ်ရသည်။
ကြည့်ရသည်မှာ ထိုကျောက်စိမ်းရုပ်တုလေးကလည်း အလွန်ထူးခြားသော ပညာရှင် တစ်ယောက်၏ လက်ရာဖြစ်ပုံရသည်။ ထို့ပြင် မျက်နှာပြင်က ချောမွေ့သော်လည်း မုန့်ချီ၏ ရင်ထဲတွင်တော့ အလွန်သိမ်မွေ့နူးညံ့ပြီး အေးစက်သလို ခံစားရသည်။
"မြင်းမျက်နှာလူကြီး ပြောတဲ့စကားအရ ဒီကျောက်စိမ်းပြားကို အမည်မဲ့ဘုန်းတော်ကြီးတစ်ပါးက ငါ့ကို လက်ဆောင်အဖြစ် ပေးခဲ့တာတဲ့. ။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက သာမာန်ကျောက်စိမ်းပြားတစ်ခုတော့ မဖြစ်နိုင်ဘူး... ။ ငါနဲ့အတူတူ အမြဲတမ်းသယ်သွားတာ ပိုကောင်းမယ်... "
ထို့နောက် မုန့်ချီက သူ၏မူလအဝတ်အစားများကို သိမ်းလိုက်ပြီး ကျောက်စိမ်းပြားလေးကိုတော့ လည်ပင်းတွင်ဆွဲ၍ အိပ်ရာကြီးပေါ်တွင် အိပ်စက်ရန် ရွေးချယ်လိုက်သည်။
ရုတ်တရက်ဆိုသလို အိပ်ပျော်နေပုံရသော ကျန်းရင်က ထထိုင်လိုက်ပြီး သူ၏ဖိနပ်ကို လျင်မြန်စွာစီး၍ အခန်းထဲမှ ထွက်သွားခဲ့၏။ သူ၏လုပ်ရပ်ကြောင့် မုန့်ချီက အနည်းငယ် ထိတ်လန့်သွားပြီး မည်သည့်အရာများဖြစ်နေကြောင်း မသိခဲ့ပေ။
"ညစာစားချိန်ရောက်ပြီ…"
ကျန်းကွမ်က အေးစက်စွာ ပြောလိုက်ပြီး သူလည်း အပြင်သို့ ထွက်သွားခဲ့၏။
"သူတို့က ဘယ်လိုလူတွေလဲဟ.. "
မုန့်ချီက နောက်တစ်ကြိမ် အပြစ်ပြောလိုက်မိပြန်သည်။
ထို့နောက် သူက ကျန်းဟွေကိုကြည့်ပြီး ပြောလိုက်၏။
"ညီလေး အဆင်သင့်ဖြစ်ပြီလား... ။ ညစာစားချိန်ရောက်ပြီ…"
"ဟုတ် …ကျွန်တော်တော့ အဆင်သင့်ဖြစ်ပြီ…"
ကျန်းဟွေက ထိုစကားများကို ပြောလိုက်ပြီးနောက် ယုန်ငယ်လေးတစ်ကောင်ကဲ့သို့ တံခါးဆီသို့ ပြေးသွားခဲ့၏။ သူ့ပုံစံကို ကြည့်ရသည်မှာ ဆာလောင်မှုကို သည်းမခံနိုင်ဖြေစ်နေ၏။
မုန့်ချီက ပြောစရာစကားလုံး မရှိတော့ချေ။ ဤနေရာတွင် သူတစ်ယောက်တည်းကသာ သာမန်လူတစ်ယောက်ကဲ့သို့ ဖြစ်နေ၏။
ကျန်းဟွေက တံခါးတွင်ရပ်ပြီး မုန့်ချီကို ပြန်လှည့်မေးလိုက်၏။
"အစ်ကိုကြီး မလာဘူးလား... "
"အနည်းဆုံးတော့ မင်းဆီမှာ ငါ့ကိုစောင့်ရမယ်ဆိုတဲ့ အသိတရား ရှိသေးတာပဲ…"
မုန့်ချီက တစ်ယောက်တည်း စဉ်းစားလိုက်မိသည်။
ထို့နောက် သူက စနောက်၍ ဖြေလိုက်၏။
"ဟုတ်တယ်... ။ ငါက မင်းတို့လို မဆာသေးဘူး...”
‘မင်းတို့ကို ကြည့်ရတာ အရင်ဘဝမှာ အစာလွန်ပြီးသေသွားတဲ့ မကောင်းဆိုးရွားတစ်ကောင်လိုပဲ..’
စိတ်ထဲတွင် တွေးလိုက်မိ၏။
ကျန်းဟွေကတော့ စဉ်းစားမနေတော့ပဲ ခေါင်းညိတ်၍ ပြောလိုက်သည်။
"ဒါဆိုလည်း ကောင်းပါပြီ အစ်ကိုကြီး... ။ ကျွန်တော်ပဲ အရင်ဆုံးသွားတော့မယ်... "
သူက ချက်ချင်းပင် လှည့်ထွက်သွားပြီး အခန်း၏အပြင်ဘက်သို့ ပြေးထွက်သွားခဲ့လေ၏။
"ဟေ့ ငါက နောက်နေတာလေ... ။ မင်းက အတည်မယူလို့ မရဘူးလား... "
မုန့်ချီက စကားကိုဆုံးအောင်ပင် မပြောနိုင်ခဲ့ပေ။ သူလည်း ချက်ချင်းပင် လှမ်း၍ခေါ်လိုက်၏။
"ဟေး... ညီလေး ငါ့ကိုစောင့်ဦးလေ... "
ရုတ်တရက်ဆိုသလို သူ့ရင်ထဲ၌ ဝမ်းနည်းမှုများ ပေါ်လာခဲ့လေသည်။
"တခြားအချိန်ခရီးသွား ဇာတ်လမ်းတွေထဲမှာဆိုရင် မင်းသားဆီမှာ အမြဲတမ်း ညီမလေးတွေ ရှိတယ်လေ... ။ ဘာလို့ငါ့ဆီမှာကျမှ ညီလေးတစ်ယောက်ပဲ ရှိနေရတာလဲ... ။ ကြည့်ရတာ ငါ့ရဲ့အနာဂတ်မှာလည်း ညီမလေး တစ်ယောက်ယောက်များ ရှိမလာနိုင်ဘူးလား... "
Translated by Hein Htet