အခန်း (၃)
Vol. 1 Ch. 3
ဝေယျာဝစ္စခြံဝန်းထဲတွင် ရှိနေသော စားသောက်ခန်းမက အလွန်ရိုးရှင်းပြီး အလွန်ရှည်လျားသည့် သစ်သားစားပွဲများကို ခုံရှည်များနှင့် တွဲထားပြီး အဖြူရောင်မီးအိမ်လေးများ၏ အလင်းရောင်များက လူတိုင်း၏ မျက်နှာပေါ်တွင် ဖြာကျနေခဲ့၏။
မုန့်ချီက စားသောက်ခန်းမထဲသို့ ရောက်မလာခင် ဝေယျာဝစ္စခြံဝန်းထဲ၌ ရှောင်လင်ကိုယ်တော် (၅၀) (၆၀)ခန့် ရှိလိမ့်မည်ဟု သူလည်း မသိခဲ့ပေ ။ ပြောရမည်ဆိုလျှင် ရှောင်လင်ကျောင်းတော်ကြီးတစ်ခုလုံး၌ ရှောင်လင်ကိုယ်တော် (၁၀၀၀)ကျော် ရှိနေသည်ဟု ဆိုလိုခြင်းဖြစ်သည်။
လူတိုင်းက မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့်အတွက် မည်သူကမျှမုန့်ချီနှင့် ကိုရင်အသစ်လေးများကို သတိမထားမိကြပေ။ သူတို့အားလုံးက ထိုင်ခုံများပေါ်တွင် ထိုင်လိုက်ပြီး တာဝန်ကျကိုယ်တော်က သူတို့အတွက် စားစရာများ ယူလာပေးမည့် အချိန်ကို စောင့်နေကြ၏။
“ညီလေး …ဒီမှာလာထိုင် …”
မုန့်ချီက သူ့ကိုယ်သူ အစ်ကိုကြီးတစ်ယောက်ဟု သတ်မှတ်ထားပြီး ရင်းနှီးမှုမရှိသော ကမ္ဘာကြီးထဲတွင် ကျန်းဟွေ၏ အဖော်အဖြစ် ကိုယ့်ကိုယ်ကို သတ်မှတ်ထားခဲ့၏။ ထို့ကြောင့် အကြီးတစ်ယောက်၏အနေဖြင့် သူက ကျန်းဟွေကို ဂရုစိုက်ပေးချင်ခဲ့၏။ ထိုအရာက သူတို့၏အနားပတ်ဝန်းကျင်တွင် ရှိနေသော မရင်းနှီးသည့် အရာများအားလုံးကို ကြောက်ရွံ့နေခြင်းမှ သက်သာရာ ရသွားစေနိုင်သည်။
ကျန်းဟွေကတော့ ရှက်ရွံ့နေခဲ့ခြင်းမရှိပေ ။ သူက မုန့်ချီ၏အရှေ့တွင် ထိုင်လိုက်ပြီး အနားတွင် ရှိနေသော စားပွဲပေါ်ရှိ စားစရာများကိုသာ စိုက်ကြည့်နေခဲ့၏ ။
“ဒီကောင်လေးက အဆာလွန်ပြီး ရူးသွားတာများလား …”
မုန့်ချီက တစ်ယောက်တည်း တီးတိုးရေရွတ်နေခဲ့၏။
ကျန်းဟွေ၏ အသိဉာဏ်က တစ်စုံတစ်ခု ပြဿနာရှိနေသည်ဟုပင် သူက သံသယဝင်နေခဲ့သည် ။ အဘယ်ကြောင့်ဆိုသော် ကျန်းဟွေက အမြဲလိုလို ငူငူငိုင်ငိုင်နှင့်သာ ဖြစ်၏။
နောက်ဆုံးတွင်တော့ တာဝန်ကျကိုယ်တော်များက စားစရာခြင်းတောင်းနှင့်အတူ သူတို့ဆီသို့ ရောက်လာခဲ့သည်။ သူတို့က ခြင်းတောင်းကို ဖွင့်လိုက်သည့်အချိန်တွင် စားစရာများ၏ မေွှးရနံ့က မုန့်ချီကို လွှမ်းခြုံသွားခဲ့၏။
“အနံ့ကတော့ တော်တော်လေး ထူးခြားတာပဲ…”
မုန့်ချီက စားစရာကိုကြည့်ပြီး မနေနိုင်ဘဲ ရေရွတ်လိုက်သည်။ သူက စိတ်ထဲတွင်လည်း သံသယဝင်စွာ တွေးနေမိ၏။
“ရှောင်လင်မှာရှိတဲ့ စားဖိုမှူးတွေက အရမ်းကို ကျွမ်းကျင်လွန်းတာလား ဒါမှမဟုတ် ငါကပဲ အရမ်းဆာနေလို့ များလား ..”
တာဝန်ကျကိုယ်တော်များက စားစရာခြင်းတောင်းထဲတွင် ရှိနေသော ပန်းကန်ပြားများကို တစ်ခုပြီးတစ်ခုထုတ်ပြီး စားပွဲပေါ်သို့ တင်လိုက်သည်။ ပန်းကန်ပြားပေါ်တွင် ရှိနေသော အရာများကို မြင်လိုက်ရသည့် အချိန်တွင် မုန့်ချီက အလွန်အံ့သြသွားခဲ့၏။
“ဒါ ဒါက အသားလား…”
စားပွဲဝိုင်း၏အလယ်တွင် အသားနှင့်တူညီပြီး အဆီတရွှမ်းရွှမ်း ရှိနေသော စားစရာတစ်ခု ရှိနေသည်။
“ဒါပေမယ့် ငါတို့က ဗုဒ္ဓကျောင်းဆောင်ထဲမှာ ရောက်နေတာလေ..”
မုန့်ချီကတော့ သူမြင်နေရသောအရာများကို မယုံကြည်နိုင်ခဲ့ပေ။ ထို့ကြောင့် စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော် သူက တူတစ်စုံကို ကောက်ယူလိုက်သည့်အချိန်တွင်စက္ကန့်ပိုင်းအတွင်း ပတ်ပတ်လည်မှ တူများ ရောက်လာခဲ့သည် ။
မည်သည့်အရာများ ဖြစ်နေကြောင်း မုန့်ချီက နားလည်သွားသည့်အချိန်တွင် အလွန်ကြီးမားသော အသားသဏ္ဍာန် စားစရာ၏ အပေါ်တစ်လွှာက ပျောက်ကွယ်သွားခဲ့၏။ ကြည့်ရတာ စားပွဲဝိုင်းတွင် ရှိနေသော သန့်ရှင်းရေးကိုယ်တော်များ ကစားစရာများ လုယူရာတွင် အလွန်ကျွမ်းကျင်နေပုံရသည်။
အဆီများဝေ့နေသော ကျန်းဟွေ၏ပါးစပ်ကိုကြည့်ပြီး မုန့်ချီ၏ ခန့်မှန်းမှုက သေချာသွားခဲ့၏။ သူက စားပွဲဝိုင်းရှိ ယှဉ်ပြိုင်ပွဲကိုကြည့်ပြီး သက်ပြင်းချနေမိကာ အသားစတစ်ခုကို ယူစားကြည့်လိုက်သည်။
သို့သော် ပြည့်ပြည့်ဝဝပင် မဝါးရသေးခင်ထိုအရာက သူ့ပါးစပ်ထဲသို့ ပျော်ကျသွားခဲ့၏။ အလွန်အံ့သြစရာကောင်းသော အရသာကြောင့် ထိုအရာက ဤကမ္ဘာကြီးထဲတွင် အရသာအရှိဆုံး စားစရာတစ်ခုပင် ဖြစ်လာခဲ့၏။
“ဒါက တကယ့်ကို အသားပါလား…”
မုန့်ချီက သူ၏ခံစားမှုများကို တိတိကျကျ ပြောပြနိုင်သည်။ ပထမတော့ သူ၏လျှာက အရသာခံနိုင်ခဲ့၏။ ဒုတိယတွင်တော့ သူက အမှန်တရားကို မယုံကြည်နိုင် ဖြစ်နေခဲ့သည်။
“ညီလေး …”
မုန့်ချီက ကျန်းဟွေကို တိတ်တဆိတ် လှမ်းခေါ်လိုက်သည်။
ကျန်းဟွေ၏ တူတစ်စုံကတော့ တောင်ပံပေါက်နေသည့်အလား လျင်မြန်လွန်းလှသည်။ သူက စားသောက်နေခြင်းကို ရပ်တန့်ခြင်းမရှိဘဲ ငယ်ရွယ်နုနယ်မျေက်နှာလေးကတော့ စားစရာကိုသာ အာရုံစိုက်နေခဲ့၏ ။
“ဒါက အသားပဲ …”
မုန့်ချီက သူ၏ညီငယ်လေးကို ထောင်ချောက်ထဲကျ၍ စည်းကမ်းဖောက်ဖျက်မှု မရှိစေရန် သတိပေးလိုက်သည်။
ကျန်းဟွေကလည်း ခေါင်းညိတ်ပြီး ပြောလိုက်သည် ။
“ဟုတ်တယ်လေ… ဒါကအသားပဲ …”
“ငါက မေးခွန်းထုတ်နေတာမှ မဟုတ်တာ ..”
သူနှင့်ကျန်းဟွေတို့နှစ်ယောက် စကားပြောရသည်မှာ အနည်းငယ်လိုအပ်ချက် ရှိနေကြောင်း မုန့်ချီက သိသွားသည်။
ထိုအချိန်၌ သူတို့၏အနားတွင် ထိုင်နေသော လူတစ်ယောက်က အေးစက်စွာ ပြောလိုက်၏။
“ဉာဏ်အလင်းမပွင့်ခင် ငါတို့တွေက အနံ့ပြင်းတဲ့စားစရာတွေကိုပဲ ရှောင်ကြဉ်ရလိမ့်မယ်..”
“အဲဒီအထဲမှာ အသားမပါဘူးလား ၊ ဘုန်းကြီးတွေအားလုံးက အသားမစားရဘူး ထင်ထားတာ …”
မုန့်ချီက ချက်ချင်း သတိလက်လွတ် ပြောလိုက်မိသည်။ သို့သော် ထိုအရာက သူ၏အခန်းဖော် ကျန်းကွမ်ဖြစ်ကြောင်း သတိထားမိလိုက်၏။
ကျန်းကွမ်ကတော့ စားသောက်နေရင်း ဆက်၍ပြောလိုက်သည်။
“မင်းက အထက်တန်းလွှာမိသားစုက ရောက်လာတာ ဖြစ်ပုံရတယ်။ အနံ့ပြင်းတဲ့ စားစရာဆိုတာကိုတောင် မင်းက နားမလည်သေးဘူးပဲ…”
ထိုအချိန်တွင် မုန့်ချီကတော့ နားမလည်နိုင်သည့်အတွက် မည်သို့ပြန်ဖြေရမှန်း မသိချေ။
ရုတ်တရက်ဆိုသလို စားပွဲဝိုင်း၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ကိုရင်တစ်ပါးက အပြုံးနှင့် ရှင်းပြလိုက်သည်။
“အနံ့ပြင်းတဲ့ စားစရာဆိုတာက အရသာအရလည်း တော်တော်လေး ပြင်းထန်တဲ့ စားစရာတွေကိုပဲ သတ်မှတ်တာ။ ဥပမာပြောရရင် ကြက်သွန်နီ ၊ ကြက်သွန်ဖြူတွေပါတဲ့ စားစရာလိုမျိုးပေါ့ ။ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်(၁၀၀)လောက်မှာတော့ သာမန်လူတွေက ငါတို့ရှောင်လင်ကို အသားမစားရတဲ့နေရာတစ်ခုလို့ မြင်ကြတယ် ဒီတော့ မင်းတို့က တကယ့်အစစ်အမှန်အခြေအနေကို မသိတာ ပုံမှန်ပါပဲ …”
မုန့်ချီက ကျေးဇူးတင်စွာ ခေါင်းညိတ်ပြလိုက်သည်။
ထိုသန့်ရှင်းရေးကိုယ်တော်လေးက ဆက်ပြောလိုက်သည် ။
“နဂိုတုန်းကတော့ ငါတို့ရှောင်လင်က သူများအသက်ကိုသတ်တာနဲ့ အနံ့ပြင်းတဲ့ စားစရာတွေကိုပဲ တားမြစ်ထားတာ။ နောက်ပိုင်းမှာတော့ သနားကြင်နာမှုကို ပြသသောအားဖြင့် ငါတို့ရှောင်လင်က အသားကိုလဲ ရှောင်ကြဉ်ကြရတယ်။ ဒါပေမယ့် ရှောင်လင်ဆိုတာက ဒီလောကထဲမှာရှိတဲ့ သိုင်းဂိုဏ်းတွေထဲမှာ အကြီးဆုံးဂိုဏ်းကြီးတစ်ခုလေ။ ရှောင်လင်တပည့်တွေကလည်း ခန္ဓာကိုယ် တည်ဆောက်မှုအတွက် လေ့ကျင့်မှုတွေ လိုအပ်တယ် ။ တကယ်လို့ ငါတို့သာ အသားမစားတော့ဘူးဆိုရင် ငါတို့ရဲ့ခန္ဓာကိုယ်ထဲမှာ ထိခိုက်မှုတွေကို ကုသဖို့ နည်းမရှိနိုင်ဘူး။ ဒါကြောင့် ရှောင်လင်တပည့်တွေက ဉာဏ်အလင်းမပွင့်ခင်မှာတော့ ဗုဒ္ဓရဲ့မူလဝါဒတွေအတိုင်းပဲ အနံ့ပြင်းတဲ့ စားစရာတွေကို ရှောင်ရလိမ့်မယ်။ ဒါပေမယ့် ငါတို့က ဘယ်လိုသက်ရှိမျိုးကိုမှ သတ်လို့မရဘူး …”
“ဒါဆိုရင် သာမန်လူတွေ ဒါမှမဟုတ် လယ်သမားတွေက တောင်အောက်မှာ ငါတို့အတွက် တိရိစ္ဆာန်တွေ သတ်ပေးရင် အဆင်ပြေတယ်လို့ ဆိုလိုချင်တာလား..”
မုန့်ချီကတော့ မည်ကဲ့သို့ အလုပ်လုပ်ကြောင်း အကြမ်းဖျင်း နားလည်သွားခဲ့သည်။
သိုင်းပညာကို အလေးထားသော ဗုဒ္ဓဂိုဏ်းကြီးတစ်ခု ဖြစ်သည့်အတွက် ရှောင်လင်က တပည့်များ၏ ခန္ဓာကိုယ်အခြေအနေကို သေချာပေါက် ဂရုစိုက်ရပေလိမ့်မည်။ ထို့ကြောင့် ဗုဒ္ဓ၏မူလဆုံးမစကားများအတိုင်း သွားရန် ဆုံးဖြတ်ထားပြီး ချွင်းချက်များ ခွင့်ပြုထားခြင်း ဖြစ်သည်။
မုန့်ချီကတော့ ထိုကိုယ်တော်လေး၏ ရှင်းပြမှုကြောင့် အတော်လေးကို ကျေနပ်သွားသည် ။ သူက အပြုံးနှင့် တလေးတစား မေးလိုက်၏။
“ဒီကကိုယ်တော်ရဲ့ဓမ္မနာမည်ကိုပြောပြလို့ရမလား …”
“ကျန်းရန် …”
ထိုကိုယ်တော်လေးကပြောပြီး ဆက်၍ စားနေခဲ့သည်။
မုန့်ချီက ဆက်၍ မေးလိုက်၏။
“ကျွန်တော့်ရဲ့အမည်က ကျန်းတင်ပါ။ ဉာဏ်အလင်းပွင့်တယ်ဆိုတာက ဘာကိုပြောချင်တာလဲ ပြောပြလို့ရမလား ..”
မုန့်ချီက ထိုအရာများကို နားလည်ရန် ကြိုးစားနေခဲ့သည်။ သူလက်ရှိ အသုံးပြုနေရသော ခန္ဓာကိုယ်က အလွန်ငယ်ရွယ်နေသေးသည်။ ထို့ကြောင့် သူက ထိုမေးခွန်းများကို မေးလိုက်၏။ သူ့ပုံစံက မိဘဆီတွင် အကြောင်းအရာ တော်တော်များများကို မသိခဲ့ရသော ကလေးတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။
ကျန်းရန်ကတော့ သစ်သားစားပွဲကို လက်ညှိုးထိုးပြီး ရယ်လိုက်၏။
“မင်းက တဖြည်းဖြည်း နားလည်လာပါလိမ့်မယ်။ အခုတော့ ဗိုက်ဖြည့်လိုက်ဦး…”
မုန့်ချီက သူ လက်ညှိုးထိုးပြသည့်နေရာကို ကြည့်လိုက်ရာ စားစရာတစ်ဝက်ခန့် ကုန်ဆုံးသွားပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
“ဘုရားရေ …သူတို့က ဘာလို့ ငါ့ကိုမစောင့်ကြတာလဲ ..”
မုန့်ချီက စိတ်ထဲတွင် တိတ်တဆိတ်ရေရွတ်လိုက်ပြီး စားစရာလုပွဲတွင် ဝင်ရောက်ပါဝင်ခဲ့သည်။
နောက်ဆုံးဗိုက်ပြည့်သွားသည့်အတွက် မုန့်ချီက ကျန်းဟွေနှင့်အတူ သူတို့၏ အခန်းထဲသို့ ပြန်လျောက်လာခဲ့သည်။
“ဟူး.. ရိုးရိုးသားသားပြောရရင် ဒီနေရာမှာရှိတဲ့ စားစရာတွေက သာမန်ပါပဲ ။ အစပိုင်း တော်တော်လေး အရသာကောင်းတယ်လို့ ထင်နေတာက အရမ်းဗိုက်ဆာနေလို့ဖြစ်မယ်…”
မုန့်ချီက ဗိုက်ကိုပွတ်ပြီး ရေရွတ်လိုက်သည်။ ထို့နောက် သူက စားသောက်ခဲ့ရသော စားစရာ၏ အရည်အသွေးကို အကဲဖြတ်နေခဲ့၏။
ကျန်းဟွေက သေချာစဉ်းစားပြီး ပြောလိုက်သည် ။
“ကျွန်တော့်အတွက်ကတော့ အရင်တုန်းက စားခဲ့သမျှ စားစရာတွေထက် ပိုကောင်းတယ် .။ တကယ်လို့ အစ်ကိုကြီးက မကောင်းဘူးလို့ တွေးတယ်ဆိုရင်တော့ တကယ်မကောင်းလို့ နေမှာပေါ့…”
“ဘယ်လို… မင်းက ငါ့ကို အဲဒီလောက်တောင် ယုံကြည်နေတာလား…”
မုန့်ချီက စိတ်ဝင်တစား မေးလိုက်သည်။
ကျန်းဟွေက ခေါင်းကိုလက်နှင့်ပွတ်နေရင်း အနည်းငယ် ရှက်အန်းအန်းအမူအရာနှင့် ပြန်ဖြေလိုက်သည်။
“အစ်ကိုကြီးက လူကောင်းတစ်ယောက်လို့ ကျွန်တော်ထင်တယ်။ အစ်ကိုကြီးက တစ်ခြားလူတွေလို ကျွန်တော့်ကို မမုန်းဘူးလေ၊ ဒါကြောင့် ကျွန်တော်က အစ်ကိုကြီးကို ယုံတယ်…”
ထိုစကားကြောင့် ကလေးဘဝအတွေ့အကြုံများနှင့် စိတ်ပိုင်းဆိုင်ရာ အတားအဆီးများ ဖြစ်ပေါ်လာနိုင်သည့် အကြောင်းအရင်းများက မုန့်ချီ၏ စိတ်ထဲသို့ ဝင်ရောက်လာခဲ့သည်။
သူက ယုံကြည်ရသည့် အစ်ကိုကြီးတစ်ယောက် ပုံသဏ္ဍာန် ပြောင်းလဲရန် ပြင်လိုက်သည့် အချိန်တွင် ရွှမ်ရှင်းက သူတို့ဆီကို လျှောက်လာခဲ့သည်။
“မင်းတို့နှစ်ယောက် ခြံဝန်းထဲကို သွားပြီး သန့်ရှင်းရေးလုပ်ကြ။ ပြီးရင် ငါက သိုင်းလောကပုံပြင်တွေ ပြောပြမယ်။ မင်းတို့လည်း အမြင်ကျယ်လာတာပေါ့…”
“သိုင်းလောကပုံပြင်တွေလား…”
မုန့်ချီ၏ စိတ်ထဲတွင် စိတ်ဝင်စားမှုများက ပို၍မြင့်မားလာခဲ့သည်။ ထို့နောက် သူက တံမြက်စည်းထားသည့်နေရာကိုမေးပြီး ကျန်းဟွေနှင့်အတူ သန့်ရှင်းရေး လုပ်ရမည့် အခန်းထဲကို ထွက်သွားခဲ့သည်။
ထိုအခန်းက ခြံဝန်း၏ထောင့်တွင် ရှိနေခဲ့၏။ သန့်ရှင်းရေးကိုယ်တော်များက အချိန်မရွေး တောင်းဆိုလာသောအရာများကို လုပ်ဆောင်ပေးရန် ကြိုတင်ပြင်ဆင်ထားကြရသည်။
ထိုကဲ့သို့ တောင်းဆိုမှုများအပေါ် မုန့်ချီကတော့ ဒေါသထွက်နေခြင်း မရှိချေ။ သူ့ကို ကျိုးကြောင်းမဆီလျော်သော လုပ်ရပ်မျိုး မခိုင်းသ၍ သူ့အတွက် အေးအေးဆေးဆေးသာ ဖြစ်သည်။ သူ အထက်တန်းကျောင်းတွင် ရှိနေစဉ် အချိန်ကလည်း အတန်းပိုင်ဆရာမနှင့် စီနီယာများက အခြားသော အသေးအဖွဲ့ကိစ္စများ တာဝန်ပေးခဲ့ဖူးသည်။
“ရှပ်.ရှပ်.ရှပ်.ရှပ်….”
သူတို့က တံမြက်စည်းနှင့် ကျောက်ကြမ်းပြင်ပေါ်တွင် လှည်းကျင်းနေပြီး ဖုံများ၊ သစ်ရွက်ခြောက်များကို ဖယ်ရှားနေခဲ့သည်။
မုန့်ချီနှင့် ကျန်းဟွေတို့က ယခုချိန်ထိ အရွယ်မရောက်သေးသော ကလေးငယ်များ ဖြစ်သည့်အတွက် တံမြက်စည်းကို ကျွမ်းကျွမ်းကျင်ကျင် ထိန်းချုပ်ရန် ခက်ခဲနေသည်။ သို့သော် ခြံဝန်းက မကြာခဏ သန့်ရှင်းရေး လုပ်ထားသည့်အတွက် အားစိုက်ရန် မလိုအပ်ချေ။
မုန့်ချီနှင့် ကျန်းဟွေတို့က ထိုအရာကို ဖြေရှင်းနိုင်နေသည်။ သူတို့က တံမြက်စည်း လှည်းနေစဉ်တွင် မုန့်ချီကတော့ အလွန်ထူးခြားသောအတွေးတစ်ခုကို ခံစားမိခဲ့သည်။ သူက အဘိုးအိုတစ်ယောက်၏ လေသံကိုတုပ၍ ရယ်လိုက်၏။
“ညီလေး…
ငါတို့က ရှောင်လင်တံမြက်လှည်းကိုယ်တော်နဲ့ တူတယ်လို့ မထင်ဘူးလား…”
“ဟုတ်တယ်… ကျွန်တော်တို့က တံမြက်စည်းလှည်းနေတာလေ…”
ကျန်းဟွေကတော့ ခေါင်းပင်မော့မကြည့်ဘဲ ဆက်၍ တံမြက်စည်းလှဲနေခဲ့၏။
ထိုအချိန်တွင် မုန့်ချီ၏အပြုံးက ရပ်တန့်သွားသည်။ သူက သက်ပြင်းချပြီး တစ်ယောက်တည်း စဉ်းစားမိလိုက်၏။
“သူက တော်တော်ပျင်းစရာကောင်းတာပဲ…။ သူက ဟာသလုပ်နေတယ်ဆိုတာကိုတောင် နားမလည်ပါလား…”
သူ၏ခံစားချက်များကို ပြင်ဆင်လိုက်ပြီးနောက် မုန့်ချီက ကျန်းဟွေနှင့်ပူးပေါင်းပြီး နေမဆောင်းခင် ခြံဝင်းကို သန့်ရှင်းပြီးသွားအောင် ကြိုးစားနေသည်။ သူတို့သန့်ရှင်းရေး လုပ်ပြီးသွားသည့်အချိန်တွင် မီးခိုးရောင်ကိုယ်တော်များက ခြံဝင်းထဲသို့ ခုံရှည်များ သယ်လာသည်ကို တွေ့လိုက်ရသည်။
ထိုကိုယ်တော်များက တစ်ကွဲတစ်ပြားဆီ ရောက်လာခြင်း ဖြစ်သော်လည်း ခုံရှည်များကိုတော့ အစီအစဉ်တကျ နေရာချနေကြသည်။
“သူတို့က တော်တော်လေးကို စည်းကမ်းရှိတာပဲ…”
ကြည့်ရသည်မှာ ရွှမ်ရှင်းက ဤနေရာတွင် မကြာခဏ ပုံပြောပြတတ်ပုံရသည်။
ရွှမ်ရှင်းက သူ၏အခန်းထဲမှ ဖြည်းညင်းစွာ ထွက်လာအချိန်တွင် ကောင်းကင်ကြီးကတော့ လုံးဝကို မှောင်မည်းနေပြီဖြစ်၏။ သူပေါ်လာပြီး သိပ်မကြာခင် သန့်ရှင်းရေးကိုယ်တော်များစွာက သူ့ကို နှုတ်ဆက်လိုက်ကြပြီး တစ်ချို့က သူ့အတွက် ထိုင်ခုံများပြင်ဆင်၍ တစ်ချို့ကတော့ မီးလုံးများ ထွန်းနေကြသည်။
“အစ်ကိုကြီး .. သိုင်းလောကပုံပြင်ဆိုတာ ဘာတွေလဲ …”
ကျန်းဟွေကတော့ ထိုခေါင်းစဉ်ကို အတော်လေး စိတ်ဝင်စားနေပုံရသည်။
“ရှင်းပြမယ်ဆိုရင် အရှည်ကြီးပဲ..။ ဒါကြောင့် မင်းက ဦးလေးရွှမ်ရှင်းရဲ့ပုံပြင်တွေကို နားထောင်ပြီးမှပဲ ရှင်းပြမယ်…”
မုန့်ချီက ကျန်းဟွေကို ထိုအကြောင်းအရာများ ရှင်းပြရန် အချိန်မဖြုန်းချင်တော့ပေ။ သူက ခုံရှည်ပေါ်တွင် ထိုင်လိုက်ပြီး ရွှမ်ရှင်း စပြောမည့်အချိန်ကို စောင့်နေခဲ့သည်။
ရွှမ်ရှင်းက ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ရာ စိတ်ဝင်စားနေသည့် မျက်နှာများကို မြင်လိုက်ရသည့်အတွက် ကျေနပ်သွား၏။ သူက ချောင်းဟန့်ပြီး စပြောလိုက်၏။
“ဒီနေ့ငါက ချန်ကျိုးမြို့ထဲက ဒေါသတိုက်ပွဲအကြောင်း အတွေ့အကြုံတွေ မျှဝေပေးမယ်။ မင်းတို့က ယက္ခပျံ ရန်ဝူဝိုနဲ့ ရေခဲနတ်သမီး ယဲ့ယုချီတို့ကို သိတယ် မဟုတ်လား ။ သူတို့က သိုင်းလောကမှာ နာမည်ကျော်ထိပ်သီးပညာရှင်တွေလေ။ အဲဒီတိုက်ပွဲက တော်တော်လေးကို ကြောက်စရာကောင်းတယ်။ မိုင်(၁၀၀) ပတ်ပတ်လည်မှာ သွေးတွေပဲ ပြည့်နေခဲ့တာ။ မြစ်ကြီးတစ်ခုလုံးလည်း ရေခဲအဖြစ် ခဲနေခဲ့တယ်။ ဒါပေမဲ့ ငါကတော့ အရမ်းကို သနားညှာတာတတ်တာဆိုတော့ လူတွေ ထိခိုက်ခံစားရမှာကို ဘယ်လိုလုပ်ပြီး ကြည့်နေနိုင်မှာလဲ ။ ဒါကြောင့် ငါက ဓမ္မနာမည်ကို ရွတ်ဆိုပြီး သူတို့နှစ်ယောက်ရဲ့ မကျေနပ်မှုတွေကို ဖြေရှင်းပေးဖို့ ကြိုးစားခဲ့တယ်…”
သူကတော့ ထိုပုံပြင်ကိုပြောရန် အလွန်အလေးထားနေခဲ့သည်။ သို့သော် သန့်ရှင်းရေး ကိုယ်တော်တစ်ဝက်ခန့်က စိတ်ဝင်စားနေပုံ ရသော်လည်း တစ်ခြားတစ်ဝက်ခန့်ကတော့ အထင်သေးနေပုံ ပေါ်သည်။
“ဉီးလေးရွှမ်ရှင်းက တော်တော်အံ့ဩစရာကောင်းတာပဲ…”
ကျန်းဟွေကတော့ သိုင်းလောကပုံပြင်များကို နားထောင်နေရင်း တဖြည်းဖြည်း စိတ်ဝင်စားလာပုံပေါ်သည်။ ထိုအရာက သူ့အတွက်ကတော့ စားစရာကဲ့သို့သော အလားတူ စိတ်ဝင်စားစရာဖြစ်နေသည့်ပုံပေါ်သည်။
သူတို့၏ဘေးဘက်ခုံတန်းတွင် ထိုင်နေသော ကျန်းရင်ကတော့ အသံတိုးတိုးနဲ့ ရေရွတ်လိုက်၏။
“ယက္ခပျံ ရန်ဝူဝိုဆိုတာက ရန်ကျိမြစ်ရဲ့ အရှေ့ပိုင်းမှာရှိတဲ့ နတ်ဆိုးလက်သီးသခင်ပဲ။ ရေခဲနတ်သမီးယဲ့ယုချီဆိုတာကလည်း ဟွာမေ့တောင်ထိပ်က ဆရာကြီးလုရဲ့ ခယ်မတစ်ယောက်လေ။ သူတို့နှစ်ယောက်လုံးက လက်ရှိသိုင်းလောကရဲ့ ထိပ်သီးအယောက်(၃၀)ထဲမှာ ပါတယ်။ သူတို့နှစ်ယောက်လုံးက ဓမ္မခြံဝန်းနဲ့ ဗောဓိခြံဝန်းရဲ့ တိုက်အုပ်ကိုယ်တော်တွေနဲ့တောင် ယှဉ်နိုင်တယ်…”
“ဓမ္မခြံဝန်းနဲ့ ဗောဓိခြံဝန်းက တိုက်အုပ်ကိုယ်တော်တွေလား…”
ရွှမ်ရှင်းက ချဲ့ကားပြောနေခြင်းဖြစ်ကြောင်း မုန့်ချီက သဘောပေါက်သွားသည်။ သူ၏ပြောဆိုနေမှုက အမှန်တရားနဲ့ ရောနှောထားခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာများက သိုင်းလောကတွင် အမှန်တကယ်ဖြစ်ခဲ့သော အရာများဖြစ်သည်။
“ဒါဆိုရင် ရေခဲမျက်နှာ ကျန်းကွမ်နဲ့ ယှဉ်လိုက်ရင် ငိုက်နေတတ်တဲ့ ကျန်းကွမ်က ပိုပြီးဗဟုသုတပြည့်စုံတာများလား..”
ကျန်းဟွေကတော့ ပြောလိုက်၏။
“ဉီးလေးရွှမ်ရှင်းက ဒီလောက်တောင် တော်လိမ့်မယ်လို့ မထင်ထားဘူး..”
ကျန်းရင်က သူတို့ကို ရှင်းပြနေခြင်းဖြစ်ကြောင်း သူကတော့ အနည်းငယ်မျှ နားလည်ခဲ့ခြင်း မရှိပေ။
မုန့်ချီက ကျန်းဟွေ၏ လက်ကိုဆွဲပြီး အသံတိုးတိုးနှင့်ပြောလိုက်သည်။
“အဲဒီတိုက်အုပ်ကိုယ်တော်တွေက ဦးလေးရွှမ်ရှင်းထက် အဆပေါင်းများစွာ ပိုပြီး အစွမ်းထက်တယ်…”
ဦးလေးရွှမ်ရှင်းက အစွမ်းထက်ခြင်းရှိမရှိ ကျန်းဟွေက မေးချင်နေခဲ့သည်။ ထိုသို့ဆိုလျှင် သူက ဒေါသတိုက်ပွဲကို မည်သို့အဆုံးသတ်နိုင်ရသနည်း။ သို့သော် မုန့်ချီက သူ့ကို တားဆီးလိုက်ပြီး အခန်းထဲပြန်ရောက်မှသာ ပြောပြရန် ပြောခဲ့၏။ အကယ်၍ ရွှမ်ရှင်းကသာ သူတို့ပြောနေတာသာ ကြားသွားမည်ဆိုလျှင် ဒေါသထွက်ပြီး သူတို့ကို အပြစ်ပေးနိုင်သည်။
ရွှမ်ရှင်းက အလွန်စိတ်လှုပ်ရှားနေပြီး စကားပြောနေချိန်တွင် တစ်ချို့နေရာများကို ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ပေ။ အချိန်တော်တော်ကြာပြီးနောက် သူ၏ကယ်တင်ရှင်ပုံပြင်က ပြီးဆုံးသွားခဲ့၏။
ထို့နောက် သူက မုန့်ချီ ၊ ကျန်းဟွေနှင့် အခြားသော ကိုရင်အသစ်လေးများကို ကြည့်လိုက်သည်။
“မင်းတို့မှာ မေးစရာရှိသေးလား။ သိုင်းလောကမှာ ငါမသိတဲ့အရာ ဘာမှမရှိဘူး..”
မုန့်ချီက အလျင်အမြန် ပြောလိုက်သည်။
“ဦးလေးရွှမ်ရှင်း ..
ကျွန်တော်တို့က သိုင်းလောကအကြောင်း နည်းနည်းလေးပဲသိတယ်။ ဒီတော့ ဦးလေးပြောတဲ့အထဲမှာ နားမလည်တာတွေ အများကြီးပဲ..”
“ဟုတ်တယ်… တကယ်လို့ မင်းတို့က နားမလည်နိုင်ဘူးဆိုရင် ငါဘယ်လောက် အစွမ်းထက်လဲဆိုတာ ဘယ်လိုလုပ်ခံစားမိကြမှာလဲ…”
ရွှမ်ရှင်းက ခေါင်းညိတ်လိုက်ပြီး လည်ချောင်းရှင်းလိုက်သည်။
“ဒီလိုဆိုမှတော့ သိုင်းလောကနဲ့ ပတ်သက်ပြီး မင်းတို့သိထားသင့်တဲ့ အခြေခံအချက်တွေကို ပြောပြပေးမယ်။ ငါက ဗုဒ္ဓကျောင်းဆောင်ကြီး(၄)ခုနဲ့ အရင်ဆုံး မိတ်ဆက်ပေးမယ်…”
“ကျေးဇူးတင်ပါတယ် ဦးလေးရွှမ်ရှင်း….”
မုန့်ချီက ဝမ်းသာစွာ ပြောလိုက်သည်။
ရွှမ်ရှင်းက ကျေနပ်စွာ စတင်ပြောဆိုလိုက်သည်။
“ဒီလောကကြီးထဲမှာ မရေမတွက်နိုင်တဲ့ သိုင်းဂိုဏ်းတွေ ရှိနေပေမဲ့ အစွမ်းထက်ဆုံး သိုင်းဂိုဏ်းတွေကတော့ ဗုဒ္ဓကျောင်းဆောင်ကြီး(၄)ခုကနေ ခွဲထွက်လာတာပဲ။ တာအိုဂိုဏ်း(၃)ခု၊ ဓားဂိုဏ်း(၆)ဂိုဏ်း၊ အစွမ်းထက်အဖွဲ့အစည်း(၆)ခု၊ မကောင်းဆိုးဝါးဂိုဏ်း (၉)ခု၊ အထက်တန်းလွှာ မိသားစု(၁၄)ခုနဲ့ မိစ္ဆာသခင်(၆)ယောက်…”
မိစ္ဆာသခင်(၆)ယောက်ဟူသော စကားကို ပြောသည့်အချိန်တွင် သူက သေချာမသိသော်လည်း ဆက်၍ ပြောနေခဲ့သည်။
“ဗုဒ္ဓကျောင်းဆောင်ကြီး(၄)ခုထဲမှာ ရှောင်လင်၊ ရွှေယဲ့၊ ကျင်းကန်နှင့် လန်ကီတို့ပါတယ်…”
သူက လန်ကီဟူသော နာမည်ကို ပြောသည့်အချိန်တွင် တစ်ကြိမ်ရပ်လိုက်မိပြီး ထိုအရာကို သေချာဆန်းစစ်နေပုံရသည်။ ထို့နောက် ဒေါသတကြီး ဆက်ပြောလိုက်၏။
“အမှန်တော့ လန်ကီကျောင်းတော်က ဘာလို့ဗုဒ္ဓကျောင်းဆောင်ထဲ ပါနေတာလဲ ဆိုတာတော့ ငါလည်းမသိဘူး။ သူတို့နဲ့ ပတ်သက်ပြီး ဘယ်သူမှ မသိကြဘူး။ သူတို့ရဲ့တပည့်တွေက သိုင်းလောကမှ လှုပ်ရှားတာ တော်တော်နည်းတယ်လို့ ကြားဖူးတယ်။ သူတို့နဲ့ပတ်သက်ပြီး ကျော်ကြားတဲ့သတင်းတွေလည်း မရှိဘူး။ ပြီးတော့ သူတို့ရဲ့လုပ်ရပ်တွေကိုလည်း ဘာမှမသိရဘူး…”
တစ်ခြားသော သန့်ရှင်းရေးကိုယ်တော်များကလည်း ထိုအရာကို ပထမဆုံးအကြိမ် ကြားဖူးကြခြင်းဖြစ်သည်။ သူတို့အားလုံးက စိတ်ဝင်တစား မေးလိုက်၏။
“ဒါဆိုရင် လန်ကီကျောင်းတော်က ဗုဒ္ဓကျောင်းဆောင်(၄)ခုထဲကို ဘာလို့ရောက်နေရတာလဲ..”
ရွှမ်ရှင်းက ပြောလိုက်၏။
“သူတို့ရဲ့ကျောင်းထိုင်က တော်တော်လေး ငယ်သေးတယ်လို့ ငါကြားဖူးတယ်။ သူက သိုင်းလောကမှာ လှည့်ပတ်နေရင်း လန်ကီကျောင်းတော်ရဲ့ ဆက်ခံသူတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကမ္ဘာကြီးက အရမ်းကို သေးငယ်တယ်ဆိုတော့ ကံကောင်းနိုင်မှာပဲလေ။ ဘယ်လိုပဲဖြစ်ဖြစ် ကံမကောင်းဘူးဆိုရင်တော့ အတိုဆုံး အကွာအဝေးကတောင် ဝင်ရိုးစွန်းနှစ်ဖက် ဖြစ်သွားနိုင်တယ်…”
“တော်တော်လေးကို ဆန်းကြယ်တာပဲ…”
မုန့်ချီအပါအဝင် မီးခိုးဝတ်ကိုယ်တော်တိုင်းက တော်တော်လေး အံ့ဩနေကြသည်။ သူတို့အားလုံးက ရှုပ်ထွေးပြီး ဇဝေဇဝါဖြစ်နေသည့်အပြင် လန်ကီကျောင်းတော်ကိုလည်း ကြောက်လန့်နေကြသည်။
သူ့စကားကြောင့် လူတိုင်း ထိတ်လန့်သွားသည်ကို မြင်လိုက်သောအခါ ရွှမ်ရှင်းက ရယ်လိုက်သည်။
“မူလခေါင်းစဉ်ကိုပဲ ပြန်သွားကြမယ်။ ပထမဆုံး ငါတို့ရဲ့ရှောင်လင်ကျောင်းအေကြောင်း ပြောကြတာပေါ့။ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းလောက်မှာ နတ်ဆိုးတွေနဲ့ နတ်ဘုရားတွေ အပြင်းအထန် တိုက်ခိုက်ခဲ့ကြတယ်။ အဲဒီအချိန်မှာ ဗုဒ္ဓရောက်လာပြီး သူတို့ကို အပြင်းအထန်ဖိနှိပ်ခဲ့တယ်။ ဒါပေမဲ့ ရလဒ်အနေနဲ့ ဗုဒ္ဓလက်ဝါးကို ဆုံးရှုံးလိုက်ရပြီး ဘယ်သူမှ ရှာမတွေ့တော့ဘူး ။ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်လောက်မှာ ငါတို့ရှောင်လင်ရဲ့ မူလတည်ထောင်သူ ဘုန်းတော်ကြီးဓမ္မက ဝေးလံခေါင်ဖျားတဲ့ တောင်ဘက်ကနေ ရောက်လာခဲ့ပြီး ရန်ကျိမြစ်ကို ဖောင်တစ်စင်းနဲ့ ဖြတ်လာခဲ့တယ်…”
“အဲဒီအချိန်မှာ ဗုဒ္ဓလက်ဝါးရဲ့ တတိယသိုင်းကွက်ကို ရှာတွေ့ခဲ့တယ်။ မတော်တဆ တွေ့သွားရာကနေ ဗုဒ္ဓထိပ်သီးသိုင်းပညာတစ်ခုကို ဒီလောကဆီ ခေါ်ဆောင်လာနိုင်ခဲ့တယ်။ သူ့မှာ ဆရာတစ်ဆူနဲ့ လမ်းညွှန်သူ မရှိပေမဲ့ ဘုန်းတော်ကြီးဓမ္မက အရမ်းကို ထူးချွန်တယ်။ သူက (၁၀)နှစ်လောက် ကျင့်ကြံပြီး သူနားလည်တဲ့ ဗုဒ္ဓလက်ဝါးကနေ သိုင်းပညာပေါင်းများစွာကို ဖန်တီးနိုင်ခဲ့တယ်…”
“သူက အဲဒီသိုင်းပညာတွေကို အသုံးပြုပြီး ရှောင်လင်ကျောင်းတော်ကို တည်ထောင်ခဲ့တာ။ နှစ်ပေါင်း(၁၀၀) ကြာခဲ့ချိန်မှာ ရှောင်လင်က အကြီးဆုံးဂိုဏ်းတွေထဲက တစ်ခုဖြစ်လာခဲ့တယ်။ ပြီးတော့ မျိုးရိုးစဉ်ဆက် ရှောင်လင်ကိုယ်တော်တွေနဲ့ ဆရာတော်တွေရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် အခုငါတို့ရှောင်လင်မှာ ထိပ်သီးသိုင်းပညာ(၇၂)မျိုး ရှိတယ်။ တကယ်လို့ ငါတို့က ခန္ဓာကျင့်စဉ်နဲ့ အဆင့်တူသတ်မှတ်ရမယ်ဆိုရင်တောင် အဆင့်မြင့်ကျမ်းဂန်တွေ ၊ မိစ္ဆာခွင်းလက်သီးသိုင်းပညာတွေက ငါတို့ကျောင်းဆောင်မှာ အဖိုးတန်ဆုံးရတနာတွေပဲ။ ပြီးတော့ ဆရာတော်ကြီးတွေ ရရှိဖန်တီးခဲ့ကြတဲ့ အဖိုးတန်သိုင်းပညာတွေလည်း ရှိသေးတယ်။ အဲဒါကိုတော့ နောက်တစ်ကြိမ်ကျမှ ပြောကြတာပေါ့…”
“နတ်ဆိုးများ ၊ နတ်ဘုရားများနှင့် အဆင့်မြင့်ကျမ်းဂန်များ၊ မိစ္ဆာခွင်းလက်သီး..”
မုန့်ချီကတော့ နေ့ခင်းကြောင်တောင် အိပ်မက်မက်နေခဲ့သည်။ ဤကမ္ဘာကြီးက သိုင်းပညာကမ္ဘာကြီး ဖြစ်သော်လည်း သူထင်ထားသလို ရိုးရှင်းမှုမရှိချေ။ ဤနေရာတွင် နတ်ဆိုးများ ၊ နတ်ဘုရားများပင် ရှိနေသေးသည်။ သို့သော် ထိုအရာများက ပုံပြင်၊ ဒဏ္ဏာရီဆန်ဆန်သာ ရှိနေသေး၏။
ရုတ်တရက် ဆိုသလို ရွှမ်ရှင်းက ချောင်းဟန့်ပြီး ပြောလိုက်သေးသည်။
“အခုတော့ တော်တော်လေး နောက်ကျနေပြီ။ ကျန်တာတွေကို မနက်ဖြန်ကျမှ ဆက်ပြောကြမယ်…”
ထို့နောက် သူက မတ်တပ်ရပ်လိုက်ပြီး အခန်းထဲသို့ ဝင်ရောက်သွားခဲ့သည်။
မုန့်ချီကတော့ ရှောင်လင်၏ ထိပ်သီးသိုင်းပညာ (၇၂)ခု၊ ကျင်းကန်ကျောင်းတော်နှင့် တစ်ခြားအရာများကို ဆက်၍ နားထောင်ရန် စဉ်းစားနေသည့်အချိန်တွင် ရွှမ်ရှင်းက ထွက်သွားခဲ့သည့်အတွက် သူ၏ဆန္ဒများက မပြည့်ဝခဲ့ပေ။
ခြံဝန်းကို သန့်ရှင်းရေးလုပ်ပြီးနောက် မုန့်ချီနှင့် ကျန်းဟွေတို့က သူတို့၏ အခန်းထဲသို့ တိတ်တဆိတ် ပြန်လာခဲ့ကြသည်။ ကျန်းကွမ်နှင့် ကျန်းရင်တို့ကတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေကြပြီဖြစ်၏။ သူတို့၏ အသက်ရှုသံကိုပင် ကြားနေရသည်။
သူတို့နှစ်ယောက်က စကားမပြောဘဲ အိပ်ရာထဲတွင် တိတ်တဆိတ် လှဲလျောင်းနေကြသည်။ သူတို့က ရွှမ်ရှင်းပြောပြခဲ့သော သိုင်းလောကကို အလွန်စိတ်ဝင်စားနေပုံရ၏။
“ညီလေး..
မင်းက သန့်ရှင်းရေးကိုယ်တော်ပဲ အမြဲဖြစ်ချင်နေတာလား။ မင်းက ရှောင်လင်သိုင်းပညာကို သင်ဖို့ အခွင့်အရေးမလိုချင်ဘူးလား…”
မုန့်ချီက တိတ်ဆိတ်မှုကို ဖြိုခွင်းပြီး တီးတိုးပြောလိုက်သည်။
“အစ်ကိုကြီး …
မသင်ချင်ဘူးလားဆိုတာက ဘာကိုပြောချင်တာလဲ…”
“ငါပြောချင်တာက မင်းက လက်ရှိအခြေအနေကို ကျေနပ်နေပြီလား။ နောက်ထပ် ဘာမှမလိုချင်တော့ဘူးလားလို့ မေးတာ…”
ယခုတော့ သူတို့နှစ်ယောက်ကြားတွင် ဆက်သွယ်ပြောဆိုရသည်မှာ အနည်းငယ် ကြောင်နေသည်ဟု ထင်နေရသည်။
ကျန်းဟွေက ပြန်မေးလိုက်၏။
“အခုကျွန်တော်က ကောင်းကောင်းစားနိုင်တယ်။ အိပ်နိုင်တယ်။ အလုပ်လုပ်နိုင်တယ်လေ။ ကျွန်တော် ဗိုက်မပြည့်မချင်းလည်း စားလို့ရတယ်။ ဦးလေးရွှမ်ရှင်းရဲ့ပုံပြင်တွေကိုလည်း နားထောင်လို့ရတယ်။ ဒီတော့ ကျွန်တော်က ကျေနပ်ပါတယ်။ အရင်တုန်းကထက်တောင် ပိုကောင်းတယ်လေ…”
ထို့နောက်သူက ထပ်ပြောလိုက်သည်။
“ဗုဒ္ဓလက်ဝါးသိုင်းကို သင်ခွင့်ရမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့..”
ထိုစကားကို ကြားသည့်အခါ မုန့်ချီက ကျယ်လောင်စွာ ရယ်လိုက်သည်။ သူက ခဏကြာရယ်လိုက်ပြီးနောက် စကားပြောရန် ပြင်လိုက်စဉ် ကျန်းဟွေကတော့ အိပ်ပျော်သွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
အခန်းထဲတွင် တိတ်ဆိတ်သွားပြီး အသက်ရှုသံတိုးတိုးသာ ထွက်ပေါ်နေ၏။ တဖြည်းဖြည်းနှင့်ညအမှောင်က ပို၍မည်းမှောင်လာခဲ့ပြီး ပြတင်းပေါက်၏ အပြင်ဘက်တွင် ရှိနေသော လမင်းကြီးကလည်း ကောင်းကင်ယံတွင် တောက်ပနေခဲ့၏။
အိပ်ရာဘေးတွင်ရှိနေသော ကြမ်းပြင်ပေါ်တွင်တော့ လမင်း၏ အလင်းရောင်က ငွေရောင်တလက်လက်တောက်ပနေသည်မှာ ဆောင်းရာသီရေခဲများဟု ထင်နေရသည်။
အလွန်တိတ်ဆိတ်ငြိမ်းချမ်းသော မြင်ကွင်းကိုကြည့်ပြီး မုန့်ချီ၏ရင်ထဲတွင် ခံစားချက်ပေါင်းများစွာ ထွက်ပေါ်လာခဲ့သည်။
ဝမ်းနည်းမှု၊ ရှုပ်ထွေးမှုနှင့် ကိုယ့်ကိုယ်ကိုသနားမှု..
သူက ယခင်ကမ္ဘာကြီးထဲတွင် ရှိခဲ့သော သူ၏မိသားစုကိုလည်း လွမ်းဆွတ်နေခဲ့သည်။ နေ့အချိန်တွင် သူကတော့ အကြောင်းအရာများများကို စဉ်းစားရန် မလိုပေ။ သို့သော် တိတ်ဆိတ်နေသောညတွင် သူ၏အတွေးများစွာ ရှုပ်ထွေးနေရ၏။ မုန့်ချီက ထိုအရာများကို စဉ်းစားပြီး အိပ်မပျော်နိုင်ခဲ့ပေ။
ထိုအချိန်ကျမှသာ လီပိုင်၏ တိတ်ဆိတ်သောည ကဗျာကို ပြည့်ပြည့်ဝဝ နားလည်သွားခဲ့သည်။
“အိပ်ရာရှေ့မှာ တောက်ပတဲ့လမင်းကြီး တစ်စင်း …
ကြမ်းခင်းပေါ်မှာ ရေခဲပြင်…
တောက်ပတဲ့လမင်းကြီးကိုကြည့်ပြီး နောက်ပြန်လှည့်လိုက်တော့…
ငါ့ရဲ့မွေးရပ်မြေက ပျောက်ကွယ်သွားရောပေါ့…”
လမင်းကြီးကို ငေးကြည့်နေရင်း မုန့်ချီကတော့ မည်သည့်အရာကိုမျှ မစဉ်းစားနိုင်တော့ချေ။
Translated by Hein Htet