← Chapters

အခန်း (၄)

Vol. 1 Ch. 4

အခန်း (၄)

Vol. 1 Ch. 4

ကြည်လင်နေသော မြစ်တစ်စင်းက တောင်ထိပ်ပေါ်မှနေ၍ တောင်ခြေထိအောင် တသွင်သွင် စီးဆင်းနေသည်။ မုန့်ချီကတော့ ထိုမြစ်၏ ရှေ့တွင် ရှိနေ၏။ သူ၏ အနားပတ်လည်တွင် အစိမ်းရောင်သစ်ပင်များစွာ ရှိနေပြီး ပါးလွှာသော မြူခိုးများက သူ၏နေရာကို လွှမ်းခြုံထားခဲ့သည်။

ထိုလေလှိုင်းများက အလွန်အမင်းကို လတ်ဆတ်လွန်းလှသည့်အတွက် မုန့်ချီက အသက်ရှုထုတ်လိုက်သည့်အချိန်တိုင်း အတော်လေး လန်းဆန်းသွားသလို ခံစားနေရ၏။ ယခုအချိန်ထိ နေထွက်လာခြင်း မရှိသေးချေ။

မနက်ခင်း ခေါင်းလောင်းတီးသည့်အချိန်တွင် မုန့်ချီက နိုးလာခဲ့ခြင်းဖြစ်၏။ မနက်ခင်း ရွတ်ဆိုရမည့် ဂါထာတိုလေးများကို သင်ပေးခဲ့ပြီးနောက် မုန့်ချီနှင့် ကျန်းဟွေတို့ကို တောင်အောက်မှ ရေသယ်လာရန် ရွှမ်ရှင်းက ညွှန်ကြားခဲ့သည်။

ဤနေရာတွင် သူတို့တင်မကဘဲ ကျန်းရင်၊ ကျန်းကွမ်နှင့် ဝေယျာဝစ္စခြံဝန်းမှ တခြားသော ကိုရင်များလည်း ပါဝင်နေကြသည်။ ထို့ပြင် တိုက်ခိုက်ရေး ကိုရင်များကလည်း ရေသယ်၍ သူတို့၏ခန္ဓာကိုယ်ကြံ့ခိုင်မှုကို လေ့ကျင့်ကြရသည်။

မုန့်ချီက မြစ်ကို ငေးကြည့်နေရင်း ရေပြင်ပေါ်တွင် ထင်ဟပ်နေသော သူ၏ရုပ်ရည်ကို မထင်မှတ်ဘဲ မြင်လာရသည်။ ထိုအရာက ကျန်းဟွေထက် အသက်အနည်းငယ်သာ ပိုကြီးသော အသက်(၁၂) (၁၃)အရွယ် ကောင်လေးတစ်ယောက်၏ မျက်နှာ ဖြစ်သည်။

သူ၏ မျက်လုံးများက နက်မှောင်တောက်ပနေပြီး မျက်ခုံးများကတော့ စင်ရော်တောင်ကဲ့သို့ ဖြစ်နေ၏။ သူ၏မျက်နှာကတော့ အနုစိတ်ထွင်းထုထားသော ရုပ်ထုလေးပမာ အလွန်ချောမောလွန်းလှသည်။

"တော်တော်လေးကို ချောတဲ့မျက်နှာပဲ . ။ ကြည့်ရတာ ဒီခန္ဓာကိုယ်ပိုင်ရှင်က အဆင့်အတန်းမြင့်မြင့် ကြီးပြင်းလာတာ ဖြစ်မယ် ....."

မုန့်ချီက သူ့ကိုယ်သူ ချီးကျူးလိုက်မိသည်။

သို့သော် သူက အတွေးကို ချက်ချင်း ရပ်တန့်လိုက်၏။ ဘုန်းကြီးတစ်ပါးအတွက် ရုပ်ရည်လှပခြင်းက ဘာများအသုံးဝင်နိုင်မည်နည်း။

"ကိစ္စမရှိပါဘူး .။ ငါက တစ်နေ့နေ့မှာ လောကီရေးရာကို သေချာပေါက်ပြန်သွားမှာပဲ.."

သူ့ဆီတွင် စွမ်းအားမည်မျှရှိလဲ သိချင်နေသည့်အတွက် ရေပုံးတစ်ခုလုံးကို ရေထဲသို့ နှစ်လိုက်သည်။ တစ်ချိန်တည်းတွင် သူ့အနား၌ ရှိနေသော ကျန်း‌ဟွေကို သတိပေးလိုက်၏။

"ညီလေး…

ပုံးတစ်ဝက်ဆိုရင် မင်းအတွက် လုံလောက်တယ် ....။ ကိုယ့်ကိုယ်ကို အရမ်းတွန်းအားမပေးနဲ့ ....."

"ဟုတ်ကဲ့...."

ကျန်းဟွေက မြစ်ထဲတွင် ကူးခတ်နေသော ငါးများကို စိုက်ကြည့်နေရင်း ပြန်ဖြေလိုက်သည်။

ထို့နောက် မုန့်ချီက ရေပုံးကို မြှောက်ရန် ပြင်လိုက်စဉ် တစ်စုံတစ်ယောက်က သူ့ကို စိုက်ကြည့်နေကြောင်း ခံစားမိလိုက်၏။ သူက စိုက်ကြည့်နေသည့်နေရာကို ပြန်လှည့်ကြည့်လိုက်သည်။ ထိုနေရာတွင် တိုက်ခိုက်ရေး ကိုရင် အဖွဲ့တစ်ဖွဲ့ရပ်နေပြီး သူကတော့ ထိုကိုရင်များနှင့်ရင်းနှီးနေသလို ခံစားနေရ၏။

သူတို့ကတော့ မုန့်ချီနှင့်အတူ ရှောင်လင်ကျောင်းတော်ကို ဝင်ရောက်လာခဲ့သော ကိုရင်လေးများ ဖြစ်ကြသည်။ သူတို့ထဲတွင် မုန့်ချီကတော့ နာမည်အနည်းငယ်ကို မှတ်မိနေသေး၏။

သူ့ကို စိုက်ကြည့်နေသော ကျန်းတိ၏ နာမည်ကိုတော့ သေချာမှတ်မိနေသေးသည်။ ကျန်းတိက မျက်ခုံးထူပြီး ရှည်ရှည်သွယ်သွယ် မျက်နှာ ရှိသည်။

မုန့်ချီက သူ့ကို ပြန်လှည့်ကြည့်လိုက်ကြောင်း မြင်သည့်အခါ သူက ခေါင်းမော့၍ အနည်းငယ် ဟန်ရေးပြလိုက်၏။ မုန့်ချီကို မြင်သည့်အခါ ကျန်းတိ၏အနားတွင် ရှိနေသော တခြားကိုရင်များကလည်း ဝမ်းနည်းနေရာမှ ဝမ်းသာမှုအဖြစ် ပြောင်းလဲသွားသည်။

သူတို့၏ အသိတစ်ယောက်က သူတို့ထက်ပို၍ ပင်ပန်းဆင်းရဲနေသည်ကို မြင်လိုက်ရသည့်အချိန်တွင် ကိုယ့်ကိုယ်ကို ခက်ခဲသည်ဟု တွေးနေသော တိုက်ခိုက်ရေး ခြံဝန်းမှ ကိုရင်များက ကိုယ့်ကိုယ်ကို ခက်ခဲသည်ဟု ထပ်မတွေးနိုင်တော့ပေ။

သူတို့ကတော့ တိုက်ခိုက်ရေးခြံဝန်းကို ဝင်နိုင်ခဲ့ကြသော်လည်း ကျန်းတင်နှင့် ကျန်းဟွေတို့ကတော့ သန့်ရှင်းရေး ကိုရင်များသာ ဖြစ်နေသေးသည်။ ထိုအရာက သူတို့၏ ရင်ထဲတွင် ဝမ်းသာဂုဏ်ယူနိူင်သောအရာတစ်ခုဖြစ်နေ၏။

ကျန်းတိက တစ်စုံတစ်ခု ပြောရန် ပါးစပ်ဟလိုက်သည်။ သို့သော် သူတို့၏ ညာဘက်တွင် ရပ်နေသော စည်းကမ်းထိန်းသိမ်းရေး ကိုယ်တော်ကို ကြည့်ပြီး ပါးစပ်ပိတ်လိုက်၏။ ထို့နောက် သူလည်း မြစ်ထဲမှနေ၍ ရေပုံးနှစ်ပုံးကို အပြည့်မလိုက်သည်။

ထိုအရာကို မြင်သည့်အခါ မုန့်ချီလည်း အံကြိတ်လိုက်ပြီး သူ့ကိုယ်သူ ကလေးတစ်ယောက်အဖြစ် သတ်မှတ်မထားသင့်တော့ကြောင်း ဆုံးဖြတ်လိုက်၏။ သူလည်း တဖြည်းဖြည်းနှင့် တိုက်ခိုက်ရေးခြံဝန်းကို ရောက်လာပြီး ရှောင်လင် သိုင်းပညာကို သင်ကြားရန် အခွင့်အရေး တစ်ခု ရှိလာနိုင်သည်။

ထို့ကြောင့် သူက တောင်စဉ်ရေမရဖြစ်နေသော အတွေးများကို ဖယ်ရှားလိုက်ပြီး အစွမ်းကုန်သုံး၍ ရေပုံး နှစ်ပုံးကို မလိုက်သည်။ ထိုရေပုံးများကို မလိုက်သည့်အချိန်တွင် အလွန်အံ့ဩသွားသလို ခံစားလိုက်ရ၏။

"ရေပုံးတွေက ဘာလို့ ဒီလောက်တောင် ပေါ့နေရတာလဲ ....။ ငါက စွမ်းအား နည်းနည်းလေးပဲ သုံးနေတာပါ ....”

“ဒါက တော်တော် လေးတယ်လို့ ထင်လား ...."

သူက ကျန်းဟွေကို စိတ်ရှုပ်ထွေးစွာ မေးလိုက်မိသည်။

ကျန်းဟွေက သူ့ဆီကို လျှောက်လာပြီး ရေပုံး နှစ်ပုံးကို မရန် ကြိုးစားကြည့်လိုက်၏။ သို့သော် သူ့လက်ထဲတွင် သွေးကြောများပင် ပေါ်လာပြီး မျက်နှာက ရှုံ့မဲ့နေသည်။ သူက ခေါင်းညိတ်ပြလိုက်၏။

"တော်တော်လေးတယ် ...."

ထိုသို့ဆိုလျှင် ရေပုံးများက ပြဿနာ မဖြစ်နိုင်တော့ပေ။ မုန့်ချီက စိတ်သက်သာရာ ရသွားခဲ့၏။ သူက စိတ်ထဲတွင် တိတ်တဆိတ် တွေးလိုက်မိသည်။

"ဒီခန္ဓာကိုယ်က တော်တော်လေးကို ထူးခြားတဲ့ အစွမ်းတွေ ပိုင်ဆိုင်ထားတာလား...။ ဒီခန္ဓာကိုယ်ပိုင်ရှင်ရဲ့ အသားအရည်၊ အဝတ်အစားနှင့် ဝတ်ဆင်ထားတဲ့ အသုံးအဆောင်တွေရယ်၊ မြင်းမျက်နှာလူကြီး ပြောခဲ့တဲ့ စကားရယ်ကို စဉ်းစားကြည့်လိုက်ရင် သေချာပေါက် အထက်တန်းလွှာ မိသားစုတစ်ခုကနေ ရောက်လာတာဖြစ်မယ် ..။ ကြည့်ရတာ အတိတ်တုန်းက သိုင်းပညာတစ်ချို့ကို သင်ထားပြီး အခြေခံကောင်းတွေ ရှိနေတာတောင် ဖြစ်နိုင်တယ် .။ ဘယ်လိုပဲဖြစ်ဖြစ် တခြားကလေးတွေနဲ့ ယှဉ်လိုက်မယ်ဆိုရင်တော့ ပိုပြီးတော့ အဆင့်မြင့်နေတာပဲ ....."

ထူးခြားသော စွမ်းအားများ၏ နောက်ကွယ်တွင် မည်သည့်အကြောင်းပြချက် ရှိနေစေကာမူ ယခု မုန့်ချီကတော့ ရေပုံးကို သယ်ရန် မကြောက်တော့ပေ။ သူက ရေပုံး နှစ်ပုံးကို ပုခုံးပေါ်ကို ထမ်းပြီး တိုက်ခိုက်ရေး ကိုရင်အဖွဲ့၏ နောက်မှ လိုက်သွားခဲ့သည်။

အချိန်တိုလေးအတွင်း အဖွဲ့က နှစ်ပိုင်း ကွဲသွားသည်။ အစွမ်းထက်ပြီး အတွေ့အကြုံရှိသည့် တိုက်ခိုက်ရေး ကိုရင်များက အဝေးသို့ ရောက်သွားပြီး မိနစ်အနည်းငယ်လေးအတွင်း သစ်တောထဲတွင် ပျောက်ကွယ်သွားခဲ့၏။

မုန့်ချီကတော့ မည်သူ၏ အလေးထားခြင်းကိုမျှ မခံလိုသည့်အတွက် ကျန်းဟွေနှင့် တခြားသော သန့်ရှင်းရေးကိုရင် အနည်းငယ်ကို စောင့်နေပြီး အဖွဲ့၏ နောက်ဆုံးမှသာ လျှောက်လာခဲ့သည်။

ကျန်းတိနှင့် တိုက်ခိုက်ရေးခြံဝန်းမှ တခြားသော ကိုရင် အသစ်များကတော့ ယမန်နေ့ကမှ တိုက်ခိုက်ရေးကျောင်းဆောင်ကို ရောက်လာခဲ့ခြင်းဖြစ်သည့်အတွက် သူတို့ဆီတွင် အတွေ့အကြုံ မရှိသေးပေ။ ထို့ကြောင့် သူတို့ကလည်း နောက်ဆုံးမှ နေ၍သာ လျှောက်လာကြ၏။

မုန့်ချီနှင့် တခြားသော သန့်ရှင်းရေးကိုရင်များက စိုက်ကြည့်နေသည်ကို မြင်သည့်အခါ ကျန်းတိနှင့် တခြားသော တိုက်ခိုက်ရေးကိုရင်များ၏ မျက်နှာက အနည်းငယ် နီရဲလာကြသည်။

သူတို့က ခန္ဓာကိုယ်ကို သေချာထိန်းချုပ်ပြီး ခြေလှမ်းကို ပို၍မြန်မြန်လျှောက်လာကြသည်။ သူတို့ကတော့ သန့်ရှင်းရေး ကိုရင်များနှင့် အဆင့်တူ သတ်မှတ်ခံလိုခြင်း မရှိချေ။

သူတို့၏ ခြေလှမ်းများက လျင်မြန်လာသည်ကို မြင်သည့်အခါ မုန့်ချီကလည်း သူတို့ကို မှီအောင် လိုက်လာခဲ့၏။ ချက်ချင်းဆိုသလိုပင် ရေအပြည့်ရှိနေသောရေပုံးက ပို၍ ပေါ့လာသလိုပင် ခံစားလိုက်ရသည်။

"ဒီအရှိန်က တော်တော်လေး လွယ်သေးတာပဲ ...."

မုန့်ချီကတော့ အမြန်လမ်းလျှောက်နိုင်သော နည်းလမ်းပေါင်းစုံကို စမ်းသပ်ကြည့်ရန် ကြိုးစားလိုက်၏။ တဖြည်းဖြည်းနှင့် သူက အရှိန်မြန်လာပြီး မည်သူမျှ သတိမထားမိခင် ကျန်းဟွေက အဝေးတွင် ကျန်နေခဲ့သည်။ သူက ကျန်းတိကိုပင် ကျော်သွားခဲ့၏။

"တကယ်လို့ မင်းကသာ တည်တည်ငြိမ်ငြိမ်မသွားဘူးဆိုရင် နောက်ပိုင်းကျ အမောဆို့လိမ့်မယ် ....."

မုန့်ချီ၏နောက်မှနေ၍ ကျန်းတိက စိတ်ဆိုး မာန်ဆိုးနှင့် လှမ်းအော်လိုက်သည်။

မုန့်ချီကတော့ ပြန်မဖြေခဲ့ပေ။ နောက်တစ်နေ့ကျလျှင်တော့ သူက ပိုကြီးသော ရေပုံးကို ပြောင်းလဲရမည်ဖြစ်၏။ မဟုတ်လျှင်တော့ သူ၏ လေ့ကျင့်မှုကို သက်ရောက်စေနိုင်လိမ့်မည် မဟုတ်ချေ။

မည်သို့ဖြစ်စေကာမူ တောင်တက်လမ်းက ရှောင်တိမ်းရန် ခက်နေသေးသည်။ အထူးသဖြင့် သူတို့က တောင်ပေါ်ကို တက်နေကြခြင်းဖြစ်သည်။ အချိန်အနည်းငယ် ကြာပြီးနောက် မုန့်ချီ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ချွေးများ စိုရွှဲလာပြီး အသက်ကို မနည်းရှုနေရ၏။

"မင်းရဲ့အသက်ရှုနှုန်းကို သေချာထိန်းချုပ်ပါ ...."

သူ၏ ညာဘက်ဘေးမှနေ၍ အလွန်လေးနက်သော အသံတစ်ခု ထွက်ပေါ်လာသည်။ ကင်းလှည့်နေသော စည်းကမ်းထိန်းသိမ်းရေး ကိုယ်တော်တစ်ပါးက မုန့်ချီ၏ အနားတွင် ရပ်လိုက်ပြီး အသက်ရှုရမည့်နည်းလမ်းကို သင်ကြားပြသပေးလိုက်၏။

မုန့်ချီကတော့ အလွန် အံ့ဩဝမ်းသာသွားခဲ့သည်။ ထိုကိုယ်တော်၏ လမ်းညွှန်ချက်အတိုင်း သိပ်မကြာခင် သူ၏အသက်ရှုနှုန်းကို ထိန်းချုပ်နိုင်ပြီး ရှောင်လင်ကျောင်းတော်ဆီသို့ လျင်လျင်မြန်မြန်ပြန်သွားနိုင်ခဲ့သည်။

"မနက်ဖြန် ပိုကြီးတဲ့ရေပုံး ယူလာခဲ့ ...."

စည်းကမ်းထိန်းသိမ်းရေး ကိုယ်တော်က မုန့်ချီကို ပြောပြလိုက်ပြီး တခြားသော ကိုယ်တော်များနှင့်အတူ ထွက်သွားခဲ့သည်။

မုန့်ချီကတော့ အနည်းငယ် အိုးတို့အန်းတန်း ခံစားနေရ၏။ သူလည်း ထိုအရာကို တွေးနေသော်လည်း သူ့ဆီတွင် လုံလောက်သော အစွမ်းမရှိမှာကို စိုးရိမ်နေခဲ့သည်။ ခဏကြာပြီးနောက် ကျန်းဟွေ၊ကျန်းတိနှင့် တခြားကိုရင်များကလည်း ကျောင်းဆောင်ဆီသို့ ရောက်လာခဲ့ကြသည်။ သူတို့ကတော့ အေးအေးဆေးဆေး ရှိနေသော မုန့်ချီကို မြင်သည့်အခါ အတော်လေး အံ့ဩသွားကြ၏။

"ဒီကောင်ဆီမှာ စွမ်းအားတွေ ရှိနေတာပဲ ...."

ကျန်းတိက အသက်ကို မနည်းရှုနေရသည်။ တခြားသော တိုက်ခိုက်ရေးကိုရင်များကဲ့သို့ သူကိုယ်တိုင်လည်း ကျန်းတင်နှင့် တခြားသူများ၏ ရှေ့တွင် နိမ့်ကျသည်ဟု ခံစားမိလိုက်သည်။ တိုက်ခိုက်ရေးကိုရင်များကတော့ အနားပင် မယူတော့ဘဲ အလျင်စလိုထွက်ခွာကြရ၏။

"ညီလေး…

မင်းရဲ့ အသက်ရှုနှုန်းကို သေချာထိန်းချုပ်လိုက် ..။ အဆင်ပြေရဲ့လား ....."

မုန့်ချီက သူတို့ကို အလေးမထားတော့ဘဲ မနည်း အသက်ရှုနေရသော ကျန်းဟွေကို အသက်ရှုနည်း သင်ပေးလိုက်သည်။

ကျန်းဟွေက ခေါင်းညိတ်ပြလိုက်၏။

"ကျွန် ..ကျွန်တော် အဆင်ပြေပါတယ် ...။ မနက်စာ သွားစားကြမယ် ...."

မနက်စာ စားလိုက်ပြီးနောက် အာရုံတက်ချိန်ကို ရောက်လာခဲ့သည်။ ကောင်းကင်ကြီးကလည်း ထွက်ပေါ်လာသော နေမင်းကြီးနှင့်အတူ တဖြည်းဖြည်း နီရဲလာခဲ့၏။

သူတို့က အလွန် ခက်ခဲပင်ပန်းသော အလုပ်ကို လုပ်ခဲ့ရသော်လည်း မုန့်ချီကတော့ ကြွက်သားများ နာကျင်နေခြင်း မရှိသေးခဲ့ပေ။ ထိုအစား သူကတော့ ယခင်တုန်းကထက်ပင် ပို‌၍သွက်လက်တက်ကြွနေသလို ခံစားနေရ၏။

"ဒီခန္ဓာကိုယ်က တကယ်ကို ကောင်းတာပဲ ...."

မုန့်ချီက အခန်း၏ ပတ်ပတ်လည်ကို ကြည့်လိုက်ရာ အလွန်အမင်း ပင်ပန်းနေသော သန့်ရှင်းရေးကိုယ်တော်များကို တွေ့လိုက်ရသည်။ ထိုမြင်ကွင်းကို မြင်သည့်အခါ သူကတော့ အလွန်ဝမ်းသာပြီး ကျေနပ်နေခဲ့၏။ မည်သို့ဖြစ်စေကာမူ ကောင်းမွန်သော ခန္ဓာကိုယ်တစ်ခု ရှိသည်မှာ အနာဂတ်တွင် သူ့အတွက် တန်းဖိုးရှိသော အရာတစ်ခု ဖြစ်လာနိုင်သည်။

"လူသစ်လေးတွေ…

ငါနဲ့ အတူ ကျမ်းစာခြံဝန်းကို လိုက်ခဲ့ကြ ....."

ရွှမ်ရှင်းက အပြုံးနှင့်ပြောလိုက်သည်။ သူက လက်ထဲတွင် ကြက်ပေါင်တစ်ချောင်းကို ကိုင်ပြီး စားသောက်ခန်းမ၏ တံခါးတွင် ရပ်နေခဲ့၏။

မုန့်ချီက သူ့ကို ကြည့်နေကြောင်း မြင်သည့်အခါ သူက ခေါင်းညိတ်၍ ပြောလိုက်သည်။

"လုပ်တာကောင်းတယ် ...။ တိုက်ခိုက်ရေးခြံဝန်းက ကောင်စုတ်လေးတွေကို ‌အလျှော့မပေးနဲ့ ...။ သူတို့တွေက အရမ်းကို မာနကြီးနေကြတာ ..။ ဒီည ပြန်လာရင် ငါက မင်းအတွက် ဆုတစ်ချို့ ပြင်ဆင်ထားပေးမယ် ...."

"ဆု.... ။ ဆုတစ်ချို့ ဟုတ်လား...."

မုန့်ချီက ဝမ်းသာသွားခဲ့သည်။ သူက ရွှမ်ရှင်းကို သဘောမကျသော်လည်း ဆုနှင့် ပတ်သက်၍ ငြင်းစရာ အကြောင်းမရှိပေ။

ရွှမ်ရှင်းက ပြန်မဖြေရသေးခင် ကျန်းဟွေက ဝင်ပြောလိုက်၏။

"ဦးလေး ရွှမ်ရှင်း ....

ဉာဏ်အလင်းပွင့်ပြီးသွားရင် အသားစားလို့ မရတော့ဘူးလေ .....။ဦးလေးက စည်းမျဉ်းကို ချိုးဖောက်နေတယ် ...."

မုန့်ချီကတော့ မိုးကြိုးပစ်ခံရသလို ခံစားလိုက်ရသည်။ သူက ပြန်လှည့်ပြီး ကျန်းဟွေ၏ ပါးစပ်ကို ပိတ်ချင်နေသော်လည်း အလွန်နောက်ကျသွားပြီဖြစ်၏။

ထင်ထားသည့်အတိုင်း ရွှမ်ရှင်း၏ မျက်နှာပေါ်ရှိ အပြုံးက ပျောက်ကွယ်သွားသည်။ သူက ဟန်လုပ်၍ ပြုံးပြီး ပြောလိုက်၏။

"မင်းရဲ့ဦးလေးဖြစ်တဲ့ ငါက စည်းမျဉ်းတွေကို လုံးဝ မချိုးဖောက်ပါဘူး ...."

ထို့နောက် သူက ဆုလက်ဆောင်အကြောင်းကို ထပ်မပြောတော့ပဲ စားသောက်ခန်းထဲမှနေ၍ တဟုန်ထိုး ထွက်ခွာသွားခဲ့သည်။ ထိုအချိန်ကျမှသာ အခန်းထဲမှနေ၍ လှောင်ပြောင်ရယ်မောသံများ ကြားလိုက်ရ၏။

ကျန်းဟွေကတော့ အလွန်ရှုပ်ထွေးနေပြီး မုန့်ချီကို ကြည့်လိုက်သည်။

"အစ်ကိုကြီး …သူတို့က ဘာလို့ ရယ်နေကြတာလဲ ..."

"မင်းက တော်တော်လေး ဉာဏ်တုံးလို့ သူတို့က ရယ်နေကြတာလေ ...."

မုန့်ချီက စိတ်ထဲတွင် ပြန်ဖြေလိုက်မိ၏။

သို့သော် ကျန်းဟွေကတော့ ထိုမေးခွန်းကို စိတ်မဝင်စားချေ။ သူက ချက်ချင်းပင် အာရုံစိုက်၍ ပြောလိုက်၏။

"အစ်ကိုကြီး …

ဦးလေး ရွှမ်ရှင်းက စည်းမျဉ်းကို မချိုးဖောက်ခဲ့ဘူးလို့ပြောတာ ဘာလို့လဲ .... ။သူက ကြက်ပေါင်စားနေတာ သေချာပါတယ် ..."

"ဘာလို့လဲဆိုတော့ သူက အခုချိန်ထိ ဉာဏ်အလင်းပွင့်တဲ့ အဆင့်ကို မရောက်သေးဘူးလေ ....."

မုန့်ချီက အားနည်းစွာ ပြန်ဖြေလိုက်သည်။ ထို့နောက်သူက ကျန်းဟွေကို ဘဝနှင့်ပတ်သက်သော သင်ခန်းစာတစ်ချို့သင်ပေးရန် လိုအပ်နေပြီဖြစ်ကြောင်း နားလည်သွား၏။ ထိုသို့ ဆိုလျှင် ကျန်းဟွေက တခြားသူများကို အကြိမ်ကြိမ် ရန်ပြုမိခြင်းမှ တားဆီးနိုင်ပါလိမ့်မည်။ မဟုတ်လျှင် သူ့ကိုလည်း သွယ်ဝိုက်၍ ထိခိုက်လာစေနိုင်၏။

"အော် ကျွန်တော်နားလည်သွားပြီ ..။ ဦးလေး ရွှမ်ရှင်းက အခုချိန်ထိ ဉာဏ်အလင်းမပွင့်သေးတာကိုး ....."

နောက်ဆုံးတွင်တော့ ကျန်းဟွေက နားလည်သွားပြီး အလွန်အမင်းကို ဝမ်းသာသွားခဲ့၏။ သူက အလွန်အရေးကြီးသော လျှို့ဝှက်ချက်ကြီး တစ်ခုကို သိလိုက်ရသလို ခံစားလိုက်ရသည် ။

ရွှမ်ရှင်းက ရပ်မနေကြောင်း တွေ့လိုက်ရသည့်အခါ မုန့်ချီကလည်း ကျန်းဟွေကို သင်ခန်းစာပေးရန် အချိန်ဖြုန်းမနေတော့ပေ။ သူက ကျန်းဟွေနှင့်အတူ ရွှမ်ရှင်း၏ နောက်မှ လိုက်လာခဲ့၏။ လမ်းတစ်လျှောက်တွင် သူတို့က ခန်းမအကြီး အသေးများ ၊ခြံဝန်းများကို ဖြတ်ကျော်လာခဲ့ရသည်။

သို့သော် မုန့်ချီကြားနေရသော တစ်ခုတည်းသော အရာက ကျမ်းစာရွတ်ဖတ်သံများဖြစ်ပြီး ထိုအသံများက သူ၏စိတ်နှင့် နှလုံးသားကို သန့်စင်ပေးနိုင်သည်။

"အာရုံဦး ခေါင်းလောင်းသံက ကျော်ကြားမှုနဲ့ လောဘကြောင့် လှောင်ပိတ်သွားတဲ့ အရာတွေကို နိုးထလာစေနိုင်တယ် ..။ ကျမ်းစာရွတ်ဖတ်သံနဲ့ ဗုဒ္ဓရဲ့အမည်နာမကတော့ နာကျင်မှုတွေကို ဖယ်ရှားဖို့အတွက် လုပ်ဆောင်ပေးနိုင်တယ် ...."

ဘာကြောင့်မှန်းမသိသော်လည်း မုန့်ချီက ထိုကဗျာကို တွေးလိုက်မိသည်။ ထိုအရာက ယခု ကြုံတွေ့နေရသော အခြေအနေကို အကိုက်ညီဆုံး ဖော်ပြနိုင်သည့် ကဗျာတစ်ပုဒ်လည်း ဖြစ်၏။

" ဟမ်.....တူလေး ကျန်းတင် မင်းလည်း ဒီကဗျာကို ကြားဖူးတာလား ..၊ အဲဒီကဗျာကို ရွှေယွဲ့သီလရှင်ကျောင်းရဲ့ တံခါးဝမှာ ရေးထားတယ် ...."

ရွှမ်ရှင်းက စိတ်ဝင်တစား မေးလိုက်သည်။

ရွှမ်ရှင်း ပြောလိုက်သောစကားကြောင့် မုန့်ချီက အနည်းငယ် ထိတ်လန့်သွားခဲ့၏။ သို့သော် သူကတော့ တည်ငြိမ်ချင်ယောင်ဆောင်ခဲ့သည်။

"ဒီကဗျာကို ကျွန်တော့်အဖေပြောခဲ့ဖူးတာ ကြားခဲ့ဖူးတယ် ...."

မုန့်ချီက မည်သို့ ဆင်ခြေပေးရမည်ကို မသိသော လူတစ်ယောက် မဟုတ်ချေ။ ရွှမ်ရှင်းက ထူးဆန်းမှုကို သတိမထားမိသည်မှာ ကံကောင်းသွား၏။

သူက သက်ပြင်းချ၍ ပြောလိုက်သည်။

"ငါလည်း ရွှေယွဲ့သီလရှင်ကျောင်းကို တစ်ကြိမ်ရောက်ခဲ့ဖူးတဲ့အတွက် သူတို့ရဲ့တံခါးမှာ ဒီကဗျာကို မြင်ခဲ့ဖူးတယ် ..။ ဒါကြောင့်လည်း ငါက အလေးထားမိခဲ့တာပဲ ..။ အဲဒီအချိန်တုန်းက သူတို့သီလရှင် ကျောင်းထိုင်က သိုင်းလောကမှာ နံပါတ်(၁)ပဲ။ ဒါပေမယ့် သူက ဓမ္မကာရ အဆင့်(အင်မော်တယ်အဆင့်)ကို ဖြတ်ကျော်ဖို့ ကြိုးစားတဲ့အချိန်မှာ ကျရှုံးသွားခဲ့ရတယ် ..။ သူက ကွမ်ရင်မယ်တော်ရဲ့ရွှေခန္ဓာ ရဖို့ မျှော်လင့်နေခဲ့ပေမယ့် သူ့အတွက် စောင့်နေတာကတော့ ကျဆုံးမှုနှင့် သေဆုံးခြင်းပဲ ဖြစ်နေခဲ့တယ် ....."

"ကွမ်ရင်မယ်တော်ရဲ့ရွှေခန္ဓာလား ...."

မုန့်ချီကတော့ အံ့ဩမင်သက်သွားခဲ့သည်။ သူ့ရင်ထဲတွင်လည်း စိတ်လှုပ်ရှားမှုများ ပြည့်နှက်လာခဲ့၏။

ရွှမ်ရှင်းက ဝမ်းနည်းမှုကို ဖယ်ရှားပြီး တိုးတိုးလေး ရယ်လိုက်သည်။

"ရွှေယွဲ့သီလရှင်ကျောင်းက ကွမ်ရင်မယ်တော်ရဲ့ ကျင့်စဉ်တွေကို အခြေခံပြီး တည်ဆောက်ထားတာ ...။ တကယ်လို့ အောင်မြင်သွားမယ်ဆိုရင် ရွှေယွဲ့သီလရှင်ကျောင်းရဲ့ တပည့်တွေက ကွမ်ရင်မယ်တော်ရဲ့ရွှေခန္ဓာကို ရနိုင်တယ်။ အဲဒါက အကြီးမြတ်ဆုံး ဗောဓိတဗ္ပ ခန္ဓာ နဲ့ လော်ဟန့်ရွှေခန္ဓာတွေထဲက တစ်ခုပဲ ။ အဲဒါက သာမန်ဗောဓိတဗ္ပခန္ဓာတွေ နဲ့ တိုက်ခိုက်ရေးရွှေခန္ဓာတွေထက်ပိုပြီးတော့ မြင့်တယ် ..။ သူက ဗုဒ္ဓရွှေခန္ဓာ ၊ ဓမ္မကာရနဲ့ ဗောဓိရွှေခန္ဓာထက်ပဲ နိမ့်တယ်လို့ ပြောလို့ရတယ်....။ ဒါပေမယ့် အဲဒါကို လူတစ်ယောက်ပဲ အောင်မြင်ဖူးသေးတယ် ...။ အဲဒါကတော့ ရွှေယွဲ့သီလရှင်ကျောင်းရဲ့ ပထမဆုံးကျောင်းထိုင်ပဲ ...."

"ကျွန်တော် နားလည်ပါပြီ ...."

မုန့်ချီက အလွန်အမင်းကို စိတ်လှုပ်ရှားနေခဲ့သည်။ သူ့ရင်ထဲတွင်လည်း တဒိတ်ဒိတ် ခုန်နေသေး၏။ ဤလောကကြီးထဲတွင် ဗောဓိတဗ္ပနှင့် ဗုဒ္ဓရွှေကိုယ်တော်များ ရှိနေဦးမည်ဟု သူလည်း မတွေးမိခဲ့ပေ။ ထိုအရာက အလွန်စိတ်လှုပ်ရှားစရာ ကောင်းလွန်းလှ၏။

ထိုအချိန်တွင် သူတို့က ကျမ်းစာခြံဝန်းထဲသို့ ဝင်လာခဲ့ကြသည့်အတွက် ရွှမ်ရှင်းက သူ့အပြုံးကို ရုတ်သိမ်းလိုက်ပြီး စကားပြောခြင်းကိုလည်း ရပ်တန့်လိုက်သည်။ သူက‌တည်ငြိမ်သော အမူအရာနှင့် မုန့်ချီတို့ကို ဦးဆောင်ပြီး ခန်းမထဲကို ဝင်သွားခဲ့၏။

"အစ်ကိုတော်ရွှမ်အန်....

ဒါက ဝေယျာဝစ္စခြံဝန်းက ကိုရင်အသစ်တွေပါ ...."

ဓမ္မနာမည်ကို ခေါ်လိုက်ပြီးနောက် ရွှမ်ရှင်းက မုန့်ချီတို့ကို လက်ညှိုးထိုးပြလိုက်သည်။

ကျမ်းစာခန်းမ၏ အပေါ်ဘက်တွင်တော့ ပိန်ပိန်ပါးပါးနှင့် ဘုန်းတော်ကြီးတစ်ပါး ထိုင်နေပြီး သူ၏မျက်ခုံးများကလည်း နှင်းပွင့်များကဲ့သို့ အဖြူရောင် ဖြစ်နေသည်။ သူကလည်း အဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ‌သူ့ရှေ့တွင် စာအုပ်များ၊ သစ်သားပြားများ ရှိနေသည်။ သူ့လက်ထဲတွင်တော့ ပေတံတစ်ချောင်း ရှိ၏။

"အားလုံးပဲ ထိုင်ကြပါ...."

သူက အောက်တွင် ရှိနေ‌သော ထိုင်ခင်းကို လက်ညှိုးထိုးပြလိုက်သည်။ ထိုင်ခင်းတစ်ခုချင်းဆီ၏ ရှေ့တွင်တော့ စားပွဲငယ်လေးတစ်ခုဆီ ရှိနေ၏။

မုန့်ချီ ၊ ကျန်းဟွေနှင့် တခြားကိုရင်လေးများက စကားပင် မပြောရဲကြပေ။ သူတို့က နေရာတစ်ခုဆီတွင် ဒူးထောက်၍ ထိုင်လိုက်ကြ၏။ (၁၀)မိနစ်ခန့် ကြာပြီးနောက် တခြားသော ကိုရင်များတစ်ယောက်ပြီး တစ်ယောက် ရောက်လာကြသည်။ သူတို့ထဲတွင် မုန့်ချီတို့နှင့် တစ်ချိန်တည်း ရောက်လာခဲ့သော ကျန်းတိတို့လည်း ပါဝင်နေခဲ့၏။

သူတို့က သန့်ရှင်းရေးကိုရင်များကို ကြည့်ပြီး အတော်လေး အံ့ဩနေကြသည်။ သန့်ရှင်းရေးကိုရင်များကလည်း ကျမ်းစာခြံဝန်းထဲတွင် လေ့လာခွင့်ရလိမ့်မည်ဟု သူတို့က မထင်ထားခဲ့ကြပေ။

ရွှမ်အန်က သစ်သားပေတံနှင့် စားပွဲကို ခေါက်လိုက်ပြီး တိတ်တိတ်နေရန် လူတိုင်းကို အချက်ပြလိုက်သည်။ ထို့နောက် မပျော့ မမာသော လေသံနှင့် ပြောလိုက်၏။

"နောက် (၃)နှစ်အတွင်း မင်းတို့အားလုံးကသာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမယ်ဆိုရင် ဒီနေရာမှာ နေ့စဉ်နေ့တိုင်း လာရောက်သင်ယူခွင့်ရှိမယ် ..။ မင်းတို့က ရိုးရိုးတရုတ်စာကို သင်ကြားရမဲ့အပြင် ရှေးဟောင်းကျမ်းစာတွေကို သင်ယူလေ့လာဖို့အတွက် သက္ကတစကားလုံးတွေကိုလည်း သင်ကြားဖို့ လိုလိမ့်မယ်."

သူက ခဏရပ်ပြီး ဆက်ပြောလိုက်၏။

" ဒါပေမယ့်ဒီနေ့တော့ မင်းတို့ကို စာသင် မပေးခင် သိုင်းပညာလမ်းကြောင်းပေါ်ကို ခြေချဖို့ အခြေခံသင်ကြားပေးမယ် ..."

ထိုစကားကို ကြားသည့်အခါ မုန့်ချီက အတော်လေးစိတ်ဝင်စားသွားသည်။ သူက မတ်မတ်ပင် ထိုင်လိုက်မိ၏။ သန့်ရှင်းရေးကိုရင်များကရော ကျင့်ကြံရန် အခွင့်အရေး ရှိနိုင်မည်လော။

ကျန်းတင်နှင့် တခြားသော တိုက်ခိုက်ရေးကိုရင်များကလည်း မျက်လုံးပြူးသွားကြသည်။ ထိုသို့ဆိုလျှင် သန့်ရှင်းရေးကိုရင်နှင့် တိုက်ခိုက်ရေး ကိုရင်၏ ကြားထဲတွင် မည်သည့်ခြားနားချက် ရှိဦးမည်နည်း။

"သိုင်းပညာကို လေ့လာဖို့ ပထမဆုံးအဆင့်ကတော့ ဘယ်ဂိုဏ်းမှာမဆို အတူတူပဲ...။ အဲဒါက ချီလမ်းကြောင်းတွေ ဖွင့်လှစ်ပြီး အစွမ်းထက်တဲ့စိတ်နှင့် ခန္ဓာကိုယ်တစ်ခု တည်ဆောက်ရတယ် ...."

ရွှမ်အန်က လူအုပ်ကြီးကို တုန့်ပြန်မှု မရှိဘဲ ဆက်၍ ပြောနေသည်။

မုန့်ချီကတော သေချာအလေးထား၍ နားထောင်နေခဲ့၏။ သူကတော့ စကားလုံးတစ်လုံးကိုမျှ လွတ်မြောက်သွားစေလိုခြင်း မရှိချေ။

"တာအိုဝါဒမှာတော့ ဒီအဆင့်ကို ရက် (၁၀၀)အခြေခံလို့ခေါ်တယ် ။ ဒါက သိုင်းပညာ လေ့ကျင့်ဖို့အတွက် အခြေခံအုတ်မြစ်တစ်ခု တည်ဆောက်နေတာပဲ .။ ရက်(၁၀၀) ဆိုတာကတော့ အစစ်အမှန်ရက်ပေါင်း (၁၀၀)တိတိကို ဆိုလိုတာ ။ သွေးကြောတွေကို ဖွင့်ပြီးသွားရင် ချီစွမ်းအင်တွေနဲ့ ဖြည့်ရလိမ့်မယ် ..။ ငါတို့ကတော့ အဲဒီအရာကို ကိုယ်တိုင်ကျင့်ကြံခြင်းလို့ပဲ နာမည်ပေးထားကြတယ် ..။ ဘာလို့လဲဆိုတော့ မင်းတို့ရဲ့ နှလုံးသားက တည်ငြိမ်သွားပြီဆိုရင် ချီစွမ်းအင်တွေကို အလိုလို လှုံဆော်နိုင်လိမ့်မယ်။ ပြီးတော့ သွေးကြောမှတ်တွေထဲမှာ ချီစွမ်းအင်တွေ ပြည့်လာပြီး ချီစွမ်းအင် လမ်းကြောင်းတွေကို ဖွင့်လာနိုင်လိမ့်မယ် ..။ သာမန်လူတွေကတော့ အဲဒါကို လမ်းကြောင်းဖွင့်တယ်လို့ပဲ သုံးနှုန်းကြတယ် ....."

ရွှမ်အန်က ကိုယ်တိုင်ကျင့်ကြံမှုအတွက် အဓိက အရေးပါသော အချက်များကို ရှင်းပြ နေခဲ့သည်။

"လူသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ သွေးကြောအမှတ် (၃၆၅)ခု ရှိတယ် ..။ ချီစွမ်းအင် ကျင့်ကြံလိုက်တဲ့အချိန်တိုင်း အဲဒီအရာတွေက သွေးကြောမှတ်တွေထဲမှာ ပြည့်သွားလိမ့်မယ် ..။ သွေးကြောမှတ်တစ်ခုကို ချီစွမ်းအင် (၉)ယူနစ် လိုအပ်တယ်လို့ သတ်မှတ်နိုင်တယ် .။ မင်းတို့တွေကတော့ သမာဓိရနေတဲ့ အခြေအနေမှာ (၁၅)မိနစ်ကြာတိုင်း ချီစွမ်းအင် တစ်ယူနစ်ပဲ ထုတ်နိုင်လိမ့်မယ် .။ ဒါကြောင့် မတူညီတဲ့လူ အသီးသီးပေါ် အခြေခံပြီး သူတို့ရဲ့နေ့စဉ်လေ့ကျင့်မှုတွေကို တွက်ချက်ကြည့်လိုက်မယ်ဆိုရင် ဒီအဆင့်ကို ပြီးမြောက်ဖို့အတွက် ရက် (၁၀၀)ကနေ တစ်နှစ်လောက်ထိ အချိန်ပေးရတယ် ...”

“သမာဓိရသွားတဲ့ အချိန်ကျရင် မင်းတို့ရဲ့ အာရုံ (၆)ပါးကို သန့်စင်ဖို့ လိုအပ်တယ် .။ မင်းတို့က ဘယ်လိုအရာမျိုးမှ တွေးလို့မရသလို ကျင့်ကြံနေစဉ် အတောအတွင်း စိတ်မကြည်လို့လည်း မရဘူး ...။ (၁၅)မိနစ်ကြာသွားရင်တော့ စွမ်းအင်တွေက အလိုလို ထွက်လာလိမ့်မယ် ....။ တစ်ဝက်က ပိုင်ဟုသွေးကြောကနေ မင်းတို့ရဲ့ ခေါင်းပေါ်ကို ရောက်သွားလိမ့်မယ်..။ ပြီးရင် မင်းတို့ရဲ့ နဖူးပေါ်မှာ ရွှေရောင် အရည်တွေ ဖြစ်လာလိမ့်မယ် .။ တခြားတစ်ဝက်ကတော့ သွေးကြောတွေကို ဖြတ်ကျော်ပြီး မင်းတို့ရဲ့ခန္ဓာကိုယ်အောက်ပိုင်းမှာ စုစည်းပြီး ကျောက်စိမ်းအရည်တွေ ဖြစ်လာလိမ့်မယ်။ ရွှေရောင်အရည်နဲ့ ကျောက်စိမ်းအရည်တွေ ပေါင်းစုံသွားတဲ့ အချိန်မှာ မင်းတို့က သန့်စင်တဲ့ အရည်တစ်ခု ဖန်တီးနိုင်လိမ့်မယ် ...။ ဗုဒ္ဓဝါဒမှာတော့ အဲဒီအရာကို စမ်းရေချိုလို့ခေါ်တယ် ..။ စမ်းရေချိုကို ရသွားပြီဆိုရင် သင့်တော်တဲ့သွေးကြောမှတ်တွေမှာ ဖြည့်ဖို့လိုတယ် ...."

ရွှမ်အန်က အဓိကအဆင့်များကို အကြိမ်ပေါင်းများစွာ ပြောပြနေခဲ့သည်။

"မင်းတို့က ကိုယ်တိုင်လေ့ကျင့်မှု အဆင့်ကို ပြီးသွားပြီဆိုရင် လုံလောက်တဲ့စွမ်းအား၊ ချီနှင့် စိတ်ဝိညာဉ်စွမ်းအားတွေ ရလာလိမ့်မယ် ....။ မင်းတို့ရဲ့ချီလမ်းကြောင်းတွေက ပထမဆုံးအကြိမ် ပွင့်လာပြီး ခန္ဓာကိုယ်ကလည်း ကြံ့ခိုင်သန်စွမ်းလာလိမ့်မယ်..။ အဲဒီအချိန်ကျရင်တော့ မင်းတို့က ချီစွမ်းအင်သိုလှောင်ခြင်းဆိုတဲ့ အဆင့်ကို တက်လှမ်းနိုင်မယ် ...။ အဲဒါကိုတော့ ငါတို့က အထွဋ်အမြတ်သို့ ကျင့်ကြံခြင်းဆိုပြီး သတ်မှတ်ကြတယ် ...."

သင်ခန်းစာကို ပြောပြီးသွားသည့်အချိန်တွင် သူက ကိုရင်တိုင်းကို သမာဓိရရန် ကြိုးစားခိုင်းလိုက်သည်။ သမာဓိရရန် စိတ်ငြိမ်ရန်သာ လိုအပ်၏။ ထိုအရာက အလွန်အမင်း ခက်ခဲနေခြင်း မရှိချေ။ အထူးသဖြင့် အတွေးနည်းပါးသော ကလေးငယ်များအတွက်တော့ အတော်လေးကို လွယ်ကူလှ၏။

သို့သော် မုန့်ချီကတော့ အရွယ်ရောက်ပြီးသော လူတစ်ယောက်ဖြစ်ခဲ့ပြီး သူ့ဆီတွင် မလိုအပ်သော အတွေးများစွာ ရှိနေသည်။ အချိန်တော်တော်ကြာသော်လည်း သူကတော့ စိတ်ကို တည်ငြိမ်အောင် လုပ်ဆောင်နိုင်ခြင်း မရှိချေ။

ထို့ကြောင့် အလွန်စိုးရိမ်နေခဲ့၏။ သို့သော် ပို၍ စိုးရိမ်လာလေလေ သမာဓိရရန် ပို၍ ခက်ခဲလာလေလေ ဖြစ်သည်။ အလွန်အမင်း စိုးရိမ်မှုကြောင့် သူ၏တစ်ကိုယ်လုံးတွင် ချွေးများ စိုရွဲလာသည့်အချိန်၌ သူ၏ရင်ဘတ်ထဲတွင် ရုတ်တရက် အေးသွားပြီး စိတ်ထဲတွင်လည်း ကြည်လင်သွားသလို ခံစားလိုက်ရ၏။

ထိုအရာက ကျောက်စိမ်းဗုဒ္ဓရုပ်ထုလေး၏ အကူအညီကြောင့်ပေလော။ မုန့်ချီက ဝမ်းသာသွားခဲ့သည်။ သို့သော် သူကတော့ ထိုအရာကို စဉ်းစားမနေနိုင်ဘဲ သူ့စိတ်သူ ထိန်းချုပ်လိုက်ပြီး သမာဓိရသည့် အဆင့်ကို အောင်အောင်မြင်မြင် ရောက်ရှိသွားခဲ့လေသည်။

Translated by Hein Htet

All Chapters