← Chapters

အခန်း (၆)

Vol. 1 Ch. 6

အခန်း (၆)

Vol. 1 Ch. 6

"ကျမ်းစာတိုက်လား... "

ကျန်းရုံက မျက်မှောင်ကြုတ်လိုက်မိသည်။

ထို့နောက် အပြုံးနှင့်ပြောလိုက်၏။

"ညီလေးကျန်းတင် တိုက်ဆိုင်လိုက်တာ... ။ ဒီနေ့ညနေအထိ ငါတို့တိုက်ခိုက်ရေးခြံဝန်းထဲမှာ လေ့ကျင့်ရေးမရှိဘူး... ။ ငါလည်းမင်းနဲ့အတူ ကျမ်းစာတိုက်ကို လိုက်ခဲ့လို့ရမလား..။ ငါလည်း သန့်ရှင်းရေးလုပ်ဖို့ မင်းတို့ကို ကူညီပေးလို့ရတယ်လေ... ။ ဟီး... ဟီးးး ရိုးရိုးသားသား ပြောရမယ်ဆိုရင် ငါလည်း အဲဒီနေရာကို အရမ်းစိတ်ဝင်စားနေတာ...”

“ဒါပေမဲ့... "

ထိုအရာက စည်းမျဉ်းဖောက်ဖျက်မိသလို ဖြစ်နေမှာကို မုန့်ချီက စိုးရိမ်နေခဲ့သည်။

ကျန်းရုံက အပြုံးနှင့် ပြောလိုက်၏။

"ဘာမှမစိုးရိမ်ပါနဲ့... ။ ရှောင်လင်မှာရှိတဲ့ ကိုရင်တိုင်းက ကျမ်းစာတိုက်ရဲ့ အောက်အလွှာနှစ်ခုကို ဝင်ခွင့်ထွက်ခွင့် ရှိတယ်..။ အစောပိုင်းမှာ ငါမသွားတာက အချိန်မရှိလို့လေ... ။ တကယ်လို့ မင်းတို့မယုံဘူးဆိုရင် ဦးလေးရွှမ်ရှင်းကို မေးကြည့်လိုက်ပေါ့... "

သူ့အသံမဆုံးသေးခင် စက္ကန့်ပိုင်းလေးအတွင်း ကျန်းဟွေက ရွှမ်ရှင်း၏အခန်းထဲသို့ ဝင်ရောက်သွားခဲ့သည်။ ထို့ကြောင့် ကျန်းရုံကပင် ငူငူကြီး စိုက်ကြည့်နေမိခဲ့၏။

မုန့်ချီက တီးတိုးရယ်လိုက်သည်။

"ဒီကောင်လေးကတော့ အကုန်လုံးကို အလေးအနက်ထားနေတာ... "

"ကိစ္စမရှိပါဘူး... ။ ဒါက လုပ်သင့်တဲ့အရာပဲလေ... "

ကျန်းရုံက ကိုယ့်ကိုယ်ကို ထိန်းမထားနိုင်တော့ပဲ အားရပါးရ ရယ်လိုက်၏။

ထိုနေ့ရက်များ အတောအတွင်း သူက စာဖတ်ခြင်း ၊ စာရေးခြင်းများကို သင်ကြားရန်အတွက် မုန့်ချီဆီကို မကြာခဏ ရောက်လာတတ်သည်။ တစ်ချိန်တည်းတွင် မုန့်ချီနှင့် ကျန်းဟွေတို့၏ သန့်ရှင်းရေး အလုပ်များကို ကူညီပေးခဲ့၏။ သူက အလွန်ပွင့်လင်းပြီး သဘောကောင်းသော လူတစ်ယောက် ဖြစ်သည်။ အတော်လေးလည်း နှိမ့်ချတတ်၏။

"အစ်ကိုကျန်းရုံပြောတာ ဟုတ်တယ်လို့ ဦးလေးရွှမ်းရှင်က ပြောလိုက်တယ်... "

ကျန်းဟွေက အခန်းထဲမှထွက်လာပြီး ကျယ်လောင်စွာ အော်ပြောလိုက်၏။

"ဟား... ဟား... ဟား... ဟား...ဒါဆိုလည်း သွားကြစို့... "

ကျန်းရုံက ရယ်လိုက်သည်။

ကျမ်းစာတိုက်က ရှောင်လင်ကျောင်းတော်နှင့် တောင်ထိပ်တစ်ခုတည်းပေါ်တွင် တည်ရှိနေသည်။ ထိုအရာက သီးခြားရပ်တည်နေသော (၄) လွှာအဆောက်အဦးတစ်ခု ဖြစ်၏။ ပတ်ပတ်လည်တွင် မည်သည့်အရာမျှ မရှိသည့်အတွက် ပျံသန်းနေသော ငှက်တချို့ကပင် သူတို့ကို သတိထားမိကြသည်။

ကျမ်းစာတိုက်ထဲသို့ ဝင်လာပြီးနောက် မုန့်ချီက အရင်ဆုံး ရေတစ်ခွက်ကိုယူပြီး တရှိန်ထိုး မော့သောက်လိုက်ရသည်။ ဝေယျာဝစ္စခြံဝန်းနှင့် ကျမ်းစာတိုက်က အလွန်ဝေးကွာ၏။ ဆောင်းဦးရာသီက အလွန်ခြောက်ကပ်နေသည့်အတွက် သူက လမ်းတလျှောက်တွင် အတော်လေး ရေဆာနေခဲ့၏။

တစ်ဖက်တွင်တော့ ကျန်းဟွေက စာအုပ်စင်ဆီသို့ လျှောက်သွားပြီး ကျမ်းစာတိုက်ကို သေချာနှံ့နှံ့စပ်စပ် ဖတ်နေသည်။

"ညီလေးကျန်းဟွေ ဘာလုပ်နေတာလဲ... ။ မင်းက ကျမ်းစာတွေ ဖတ်ရတာကို သဘောကျတာလား... "

ကျန်းရုံက ထိုအရာကို မြင်သည့်အခါ ရယ်ချင်နေသည့် အမူအရာနှင့် မေးလိုက်၏။ ကျန်းဟွေ၏ အပြုအမူနှင့် ပတ်သက်ပြီး မုန့်ချီကိုယ်တိုင်လည်း နားမလည်နိုင်ခဲ့ပေ။ သူက ကျန်းဟွေကိုကြည့်ပြီး သူ့အတွက် နောက်ထပ် ရေတစ်ခွက် ခပ်လိုက်သည်။

ကျန်းဟွေကတော့ အလွန်လေးနက်နေပုံရပြီး မျှော်လင့်ချက်များ ပြည့်နှက်နေသော အမူအရာနှင့် ပြောလိုက်၏။

"ဒီကျမ်းစာတွေထဲမှာ ထိပ်တန်းသိုင်းကျမ်းတစ်ခုခု ဖွက်ထားနိုင်တယ်... "

ထိုစကားကြောင့် မုန့်ချီက ရေသီးသွားပြီး ကျန်းရုံ၏ မျက်နှာပေါ်တွင် ရေများ စင်သွားခဲ့သည်။ ထိုကောင်လေးက သိုင်းပုံပြင်များ၏ အဆိပ်ခတ်ခြင်းကို ခံလိုက်ရခြင်းပေလော။ သို့မဟုတ် သူက ထိုအရာများကို အလွန်ယုံကြည်မှု မြင့်မားလွန်းလှပြီး သူပြောသမျှ စကားလုံးတိုင်းကို အမှန်ဟု ထင်ထားနေခြင်းပေလော။

ကျန်းရုံကလည်း မျက်နှာကို လက်နှင့်ပွတ်ပြီး မုန့်ချီကို ကြည့်လိုက်သည်။

"ညီလေးကျန်းတင် …

ဘာတွေ ဒီလောက်တောင် ရယ်စရာကောင်းနေတာလဲ... ။ ညီလေးကျန်းဟွေ ပြောတဲ့စကားက လုံးဝမဖြစ်နိုင်တာလည်း မဟုတ်ဘူးလေ... "

"ဟုတ်တယ်... ။ အစ်ကိုကြီးက ကျွန်တော့ကို တိတ်တိတ်လေး ပြောပြခဲ့ဖူးတယ်... "

ကျန်းဟွေကတော့ စာရွက်များကို သေချာဂရုစိုက်၍ ရှာဖွေနေခဲ့၏။

မုန့်ချီကတော့ ဘာဆက်ပြောရမှန်းပင် မသိတော့ချေ။ သူကတော့ ထိုအရာကို အတော်လေး ရယ်စရာကောင်းသည်ဟု တွေးလိုက်မိသော်လည်း တည်ငြိမ်စွာ ပြောလိုက်၏။

"ညီလေး …

ဘာမှအလျင်မလိုပါနဲ့... ။ ငါတို့က ဒီကိုနေ့တိုင်းလာရမှာပဲလေ... ။ ဒီတော့ အပြစ်ပေးမခံရအောင် အရင်ဆုံး သန့်ရှင်းရေးလုပ်တာ ပိုကောင်းမယ်... "

သူအလေးစားရဆုံး အစ်ကိုကြီးဆီမှ စကားကို ကြားသည့်အခါ ကျန်းဟွေက ကျမ်းစာအုပ်များကို ချက်ချင်း ချထားလိုက်ပြီး မုန့်ချီ ၊ ကျန်းရုံတို့နှင့်အတူ သန့်ရှင်းရေး အရင်လုပ်လိုက်သည်။

နေမွန်းတည့်ချိန်တွင် သူတို့က အရာအားလုံးကို သန့်ရှင်းပြီးသွားခဲ့၏။ မုန့်ချီက ကျမ်းစာများကို စ၍ဖတ်ကြည့်ရန် ပြင်လိုက်စဉ် ကျန်းရုံက ဗိုက်ကိုလက်နှင့်ပွတ်ပြီး ရုတ်တရက် ကျယ်လောင်စွာ အော်လိုက်မိသည်။

"အား...ညီလေးတို့…

မင်းတို့ ခဏစောင့်ကြဦး... ။ အစ်ကိုက ရေအိမ်သွားလိုက်ဦးမယ်... "

ပြောလိုက်ပြီးနောက် သူက လှေကားပေါ်မှ ပြေးဆင်းပြီး ပျောက်ကွယ်သွားခဲ့သည်။

မုန့်ချီကတော့ ဂရုစိုက်မနေဘဲ ကျမ်းစာများကို မည်ကဲ့သို့ စီစဉ်ထားကြောင်း စစ်ဆေးရန် ကျန်းဟွေကို သေချာပြောနေခဲ့သည်။ ထိုအရာများကို အမျိုးအစားအလိုက် ခွဲခြားထားခြင်းရှိမရှိ သူလည်း သိချင်နေ၏။

(၁၅) မိနစ်ခန့်ကြာပြီးနောက် ကျန်းရုံက ဖြူဖပ်ဖြူရော် အမူအရာနှင့် ပြန်ရောက်လာခဲ့သည်။

"အစ်ကိုကျန်းရုံ အဆင်ပြေရဲ့လား... "

မုန့်ချီက စိုးရိမ်စွာမေးလိုက်သည်။

ကျန်းရုံက ခေါင်းခါပြလိုက်၏။

"ကြည့်ရတာ ငါက မတည့်တဲ့ အစာတစ်ခုခုကို စားလိုက်မိတယ် ထင်တယ်... "

မုန့်ချီနှင့် ကျန်းဟွေတို့က စာအုပ်များ၏ နာမည်များကို စတင်ဖတ်ရှုနေပြီး ရုတ်တရက် ပြုံးလိုက်မိသည်။

"ဒီနေရာမှာ လော်ဟန့်လက်သီးသိုင်းကျမ်းလည်း ရှိနေမယ်လို့ မထင်ထားဘူး... "

"လော်ဟန့်လက်သီးသိုင်းကျမ်းလား... ။ အဲဒါက အစ်ကိုတို့ နေ့တိုင်းလေ့ကျင့်နေတဲ့ လက်သီးသိုင်း မဟုတ်လား... "

မုန့်ချီက လှမ်းကြည့်လိုက်သည်။

ကျန်းရုံက စာအုပ်စင်ပေါ်က စာအုပ်ကို ဆွဲယူပြီး မုန့်ချီကို ပေးလိုက်၏။

"ဟုတ်တယ်... ။ ဒီစာအုပ်က အပေါ်အလွှာမှာရှိမယ်လို့ ငါလည်း တွေးနေမိတာ... "

မုန့်ချီက ထိုစာရွက်ကို လောဘတကြီးလှန်၍ အရာအားလုံးကို မှတ်ထားရန် ကြိုးစားချင်နေခဲ့သည်။

"ညီလေးကျန်းတင် ..

တကယ်လို့ မင်း သင်ချင်တယ်ဆိုရင် ငါက ကူညီပေးနိုင်ပါတယ်... "

ကျန်းရုံက အပြုံးနှင့် ပြောလိုက်သည်။

မုန့်ချီက ဝမ်းသာသွားသော်လည်း တစ်ချိန်တည်းတွင် စိုးရိမ်သွားခဲ့၏။

"အဲဒါအဆင်ပြေပါ့မလား... "

ထိုအရာက ခွင့်ပြုချက်မရှိဘဲ သိုင်းသင်ကြားခြင်းဟူသော စည်းမျဉ်းကို ချိုးဖောက်နေသည်။ ကျန်းဟွေကလည်း မျက်လုံးပြူးနေပြီး ကျန်းရုံကို စိတ်လှုပ်ရှားစွာ စိုက်ကြည့်နေခဲ့၏။

ကျန်းရုံက စာအုပ်ကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။

"ဒီစာအုပ်က လူတိုင်းရောက်နိုင်တဲ့နေရာမှာ ရှိနေမှတော့ လူတိုင်းသင်နိုင်တဲ့ အခြေခံသိုင်းပညာတစ်ခုဖြစ်မယ်လို့ ယုံကြည်တယ်... ။ ဒါက စည်းမျဉ်းကို ဖောက်ဖျက်ရာ မကျပါဘူး... "

"ဟုတ်တော့ဟုတ်တယ်... "

မုန့်ချီကတော့ စိုးရိမ်နေသေးသည်။ သူက လက်ထဲတွင် စာအုပ်ကိုကိုင်ပြီး ကျမ်းစာတိုက်၏ စောင့်ရှောက်ရေးမှူးကို သွားမေးရန် ကြိုးစားလိုက်သည်။

ကျမ်းစာစောင့်ရှောက်ရေး ဘုန်းတော်ကြီးက အဝါရောင်မျက်ခုံးများ ရှိနေပြီး သူ၏မျက်နှာပေါ်တွင် အရေးအကြောင်းများစွာ ပြည့်နှက်နေသည်။ ကြည့်ရသည်မှာ သူက စက္ကန့်ပိုင်းလေးအတွင်း ချက်ချင်း သေဆုံးသွားတော့မလို ခံစားနေရ၏။ ယခုတော့ သူက မျက်လုံးမှိတ်၍ တစ်စုံတစ်ခုကို စဉ်းစားနေပုံရသည်။

"ဆရာအဘိုး …

ဒီသိုင်းကျမ်းက အထပ်မှားပြီးတော့ ရောက်နေတာ မဟုတ်လား... "

မုန့်ချီက သတိထား၍ မေးလိုက်သည်။

ရွှမ်ရှင်း၏စကားအရ ထိုဘုန်းတော်ကြီး၏ ဘွဲ့အမည်က ကုံဟွေ ဖြစ်သည်။ သူက ရှောင်လင်ကျောင်းထိုင် ကုံဝမ်နှင့် မျိုးဆက်တစ်ခုတည်းလည်း ဖြစ်၏။ ထိုကြောင့် သူက မုန့်ချီတို့ထက် မျိုးဆက် (၃) ဆက် ပို၍မြင့်မားသည်ဟု ဆိုလိုနေသည်။

ရှောင်လင်ကျောင်းတော်တွင် မျိုးဆက်များကို အစီအစဉ်အတိုင်း နေရာချထားသည်။ ရှင်း ၊ ကုံ ၊ ဝူ ၊ ရွှမ် ၊ ကျန်း ၊ ချင်း ၊ ကျင်း ၊ ကျိ ၊ ဟွေ ၊ ရှန် ဟူ၍ စီစဉ်ထားခြင်း ဖြစ်သည်။

ကုံဟွေက မုန့်ချီကို လှမ်းကြည့်လိုက်ပြီး အေးအေးဆေးဆေး ပြန်ဖြေလိုက်၏။

"လော်ဟန့်လက်သီးသိုင်းကျမ်းက သိုင်းလောကမှာလည်း ပြန့်နှံနေပြီးသားပဲ ။ ဘာမှထူးခြားနေတာမှ မရှိတာ... "

"ဒါဆိုရင် ငါသင်လို့ရတယ်လို့ ပြောလိုက်တာပဲ…"

မုန့်ချီက အတော်လေးကို ဝမ်းသာသွားခဲ့၏။ ထိုသိုင်းပညာက ထူးခြားမှု မရှိသော်လည်း ဘာမျှမတတ်ခြင်းထက် စာလျှင်တော့ ပို၍ကောင်းနေသေးသည်။

သူက ဒုတိယထပ်သို့ ဝမ်းသာအားရ ပြန်သွားခဲ့ပြီး ကျန်းရုံကို ဦးညွှတ်လိုက်၏။

"အစ်ကိုတော် …

ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါဦး... "

ထို့နောက် သူတို့က ညနေထိအောင် သိုင်းပညာကို သင်ယူခဲ့ကြသည်။ သူ၏ခန္ဓာကိုယ်ထဲတွင် ရှိနေသော စွမ်းအားများ အားလုံးက စွမ်းအင်စီးကြောင်း တစ်ခုတည်းအဖြစ် စုစည်းလာနေကြောင်း မုန့်ချီက ခံစားနေရသည်။

သို့သော် ညနေရောက်ချိန်တွင် ကျန်းရုံကတော့ သိုင်းပညာလေ့ကျင့်ရန် တိုက်ခိုက်ရေးခြံဝန်းထဲသို့ ပြန်သွားရန် လိုအပ်နေသည့်အတွက် အလျင်အမြန် ထွက်သွားခဲ့၏။

တစ်ဖက်တွင်တော့ မုန့်ချီနှင့် ကျန်းဟွေတို့ကလည်း တောင်ထိပ်ပေါ်မှနေ၍ ကျေနပ်စွာ ဆင်းလာခဲ့ကြသည်။ သူတို့လျှောက်လာသည့်အချိန်တွင် ကျန်းဟွေက တစ်စုံတစ်ခု ထူးဆန်းနေကြောင်း မုန့်ချီက သတိထားမိသွား၏။ သူက တောင်အောက်တွင် ရှိနေသော ချောက်ကြီးကိုသာ အမြဲလိုလို စိုက်ကြည့်နေခဲ့သည်။

"ညီလေး …မင်း ဘာကြည့်နေတာလဲ... "

မုန့်ချီက သံသယဝင်စွာ မေးလိုက်မိသည်။

ကျန်းဟွေက မျက်မှောင်ကြုတ်ပြီး ပြောလိုက်၏။

"အစ်ကိုကြီး …

တကယ်လို့ ကျွန်တော် တောင်ထိပ်ပေါ်ကနေ ခုန်ချလိုက်မယ်ဆိုရင် ထိပ်သီးသိုင်းပညာတွေနဲ့ နတ်ဘုရားလက်နက်တွေကို ရှာတွေ့နိုင်မှာလား... ။ ဒါမှမဟုတ်ရင်လည်း တောင်အောက်မှာ ဓားသိုင်းပညာကျင့်ကြံနေတဲ့ သူတော်စင်တစ်ယောက်ယောက်ကို တွေ့နိုင်မှာလား... "

မုန့်ချီကတော့ မျက်နှာပျက်သွားခဲ့သည်။

"သွားပြီ ။ ငါက ဒီကောင်လေးကို လမ်းကြောင်းအမှားပေါ် ပို့လိုက်မိတာပဲ ။ မဟုတ်သေးဘူး... ။ ငါက သူ့ကို ပြန်ဆွဲခေါ်မှ ရတော့မယ်... "

မုန့်ချီက ထိုအကြောင်းအရာကို စဉ်းစားကြည့်လိုက်သည်။ ကျန်းဟွေက သူ့အပေါ် အလွန်ယုံကြည်နေကြောင်း သူက ပြန်အမှတ်ရနေခဲ့၏။ ထို့ကြောင့် သူက ကျန်းဟွေကို ပြန်လည်ကယ်တင်ရန် ကြိုးစားလိုက်သည်။

"ညီလေး ဒီညတော့ ငါတို့က မတူညီတဲ့ပုံပြင်ပဲ ပြောကြတာပေါ့... "

"ဘယ်လိုပုံပြင်မျိုးလဲ... "

ကျန်းဟွေက အလွန်စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

မုန့်ချီက ပြုံးလိုက်၏။

"အဲဒါက မင်ရေကန်နံဘေးက ရှယုဟယ်ဆိုတဲ့ မိန်းကလေးရဲ့ပုံပြင်လေ... "

"ဟုတ်လား... ။ သူကရော သိုင်းပညာရှင်တစ်ယောက်ပဲလား... "

ကျန်းဟွေက စိတ်ဝင်တစား မေးလိုက်သည်။

ထိုစကားကြောင့် မုန့်ချီကတော့ ဘာပြောရမှန်း မသိတော့ချေ။ ယနေ့ညတွင်တော့ လမင်းကြီးက အနက်ရောင် တိမ်တိုက်များကြားထဲတွင် ပုန်းအောင်းနေပြီး အေးစက်နေသော လေလှိုင်းများကလည်း ကြောက်စရာကောင်းစွာ တိုက်ခတ်နေသည်။

ဝေယျာဝစ္စခြံဝန်းထဲရှိ စာရွက်ပြတင်းပေါက်များကလည်း လေတိုက်ခတ်မှုကြောင့် တဖျတ်ဖျတ်ခတ်နေပြီး သန့်ရှင်းရေးကိုယ်တော်များကတော့ ငြိမ်သက်နေကြသည်။ ကျန်းရင်နှင့် ကျန်းကွမ်တို့ကတော့ အေးစက်မှုကို ခုခံရန် အိပ်ရာထဲတွင် ခွေအိပ်နေကြသည်။

မုန့်ချီကတော့ အေးစက်မှုကိုပင် သတိမထားမိနိုင်ပေ။ သူက တင်ပျဉ်ခွေထိုင်ပြီး လေ့ကျင့်နေခဲ့၏။ လက်ရှိအချိန်တွင် ခံစားနေရသောအရာက သူ၏ခန္ဓာကိုယ်ထဲတွင် ချီစွမ်းအင်များ စီးဆင်းနေပြီး စမ်းရေချိုများအဖြစ် ပြောင်းလဲနေခြင်း ဖြစ်သည်။ ထို့နောက် သွေးကြောမျှင်များထဲတွင် ပြည့်နှက်နေခဲ့၏။

ချီစွမ်းအင်များ ဖြည့်လိုက်သည်နှင့် မုန့်ချီ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော သွေးကြောမှတ်များ အားလုံးက လှုပ်ရှားသွားကြောင်း ခံစားလိုက်ရသည်။ ချီစွမ်းအင်များ လှုပ်ရှားလာသည့်အချိန်တွင် ပင်မသွေးကြောများက သန့်ရှင်းသွားပြီး သွေးကြောအသီးသီးကို စတင်ဖွင့်လှစ်နေခဲ့၏။

ထိုအရာက သွေးကြောထဲတွင် ချီစွမ်းအင်များ ဖြည့်ဆည်းခြင်းဟူသော အခြေအနေနှင့် ကိုက်ညီနေခဲ့၏။ ပုံမှန်အားဖြင့် သာမန်လူများက ထိုအဆင့်ကိုရောက်ရန် အချိန်တော်တော်ကြာ ပေးရသည်။

သို့သော် မုန့်ချီ၏ခန္ဓာကိုယ်ကတော့ ရက် (၁၀၀) အခြေခံကျင့်စဉ်ကို ပြီးဆုံးထားပြီးသား ဖြစ်နိုင်သည့်အတွက် သူ၏သွေးကြောများထဲတွင် မည်သည့်အခက်အခဲကိုမျှ မတွေ့ရပေ။ သူက သူ၏သွေးကြောများထဲသို့ အလွယ်တကူ ပို့ဆောင်နိုင်ခဲ့၏။

မုန့်ချီက ဖြည်းညင်းစွာ မျက်လုံးဖွင့်ကြည့်လိုက်သည့် အချိန်တွင် လုံးဝကို လန်းဆန်းတက်ကြွနေကြောင်း ခံစားလိုက်ရ၏။ သူ့ဆီတွင် အကန့်အသတ်မဲ့ စွမ်းအားများ ရှိနေသလို ခံစားနေရသည်။ သူက သိုင်းပညာ၏ ပထမခြေလှမ်းကို အဆုံးသတ်နိုင်ပြီဖြစ်ကြောင်း နားလည်သွား၏။

သူက အိပ်ရာပေါ်မှ ခုန်ထပြီး လော်ဟန့်လက်သီးသိုင်းကို လေ့ကျင့်ကြည့်ချင်သော်လည်း ထိုစိတ်ကို ဖိနှိပ်ထားခဲ့သည်။ သူက သက်ပြင်းရှည်ကြီးသာ ချလိုက်မိ၏။ ရင်ထဲတွင်တော့ ဝမ်းသာနေခြင်း မရှိချေ။

ပထမဦးဆုံးအနေနှင့် ပြောရမည်ဆိုလျှင် ရက် (၁၀၀) အခြေခံကျင့်စဉ်က အလွန်အမင်း လွယ်ကူနေသည်မှာ မည်သည့်နည်းစနစ်မျှ မလိုအပ်ခြင်းကြောင့် ဖြစ်သည်။ ဒုတိယတစ်ချက်ကတော့ သူက လော်ဟန့်လက်သီးသိုင်းကို တတ်ကျွမ်းရန်အတွက် နောက်ထပ် လအနည်းငယ်ကျော် အချိန်ပေးရနိုင်သည်။

သို့သော် သူကတော့ ယခုအချိန်အထိ ဝေယျာဝစ္စခြံဝန်းထဲမှ ထွက်သွားရန် မျှော်လင့်ချက် မရှိသေးပေ။ အကယ်၍ သူက ဝေယျာဝစ္စခြံဝန်းထဲမှ ထွက်မသွားနိုင်လျှင် ပို၍အဆင့်မြင့်သော သိုင်းပညာများကို သင်ယူရန် အခွင့်အရေး လုံးဝရှိလာလိမ့်မည် မဟုတ်ချေ။ မည်သို့ဖြစ်စေကာမူ ထိပ်သီးသိုင်းပညာဟူသည်မှာ လူတိုင်းကို ပို၍ အစွမ်းထက်လာစေနိုင်၏။

"ဟူး... "

မုန့်ချီ၏စိတ်ထဲတွင် အချိန်ကြာမြင့်စွာ ရှိနေသော စိုးရိမ်ပူပန်မှုများအားလုံးကို သက်ပြင်းရှည်ကြီးအဖြစ် မှုတ်ထုတ်လိုက်မိ၏။

"ကျန်းတင် …

ဒီနှစ်ရက်အတွင်း ကျမ်းစာခြံဝန်းထဲမှာ ဘာသင်ခန်းစာမှမရှိဘူး... ။ မင်းတို့က ကမ္မဋ္ဌာန်းခြံဝန်းထဲကို သန့်ရှင်းရေးလုပ်ဖို့ တာဝန်ကျတယ်... ။ ငါတို့ရဲ့ဧည့်သည်တွေကို ရန်မပြုမိစေနဲ့... "

မနက်စာစားပြီးနောက် ရွှမ်ရှင်းက မုန့်ချီတို့ကို လာရှာခဲ့သည်။

"ဧည့်သည်တွေလား... ။ ဦးလေးရွှမ်ရှင်း … အဲဒါ ဘယ်ဂိုဏ်းက ဆရာကြီးတွေလဲ... "

မုန့်ချီက အသေးစိတ်ကို ရှင်းရှင်းလင်းလင်း သိချင်နေသည်။ သို့မှသာ သူလည်း ထိုလူများကို ရန်မပြုမိမည် ဖြစ်၏။

ရွှမ်ရှင်းက အပြုံးနှင့်ပြောလိုက်သည်။

"ကျန်းဝူ ၊ ရွှမ်တျန်း ၊ ကျိကျန်း ၊ ဟွမ်ဟွာ ၊ ချင်းချန် ၊ တကျန်းအဖွဲ့အစည်းနဲ့ ကျင်းအင်ပါယာထဲမှာရှိတဲ့ တခြားဂိုဏ်းတွေကို ရှောင်လင်က ဖိတ်ခေါ်ထားတယ်... ။ အဲဒီဂိုဏ်းမှာရှိတဲ့ပညာရှင်တွေက သူတို့ရဲ့တပည့်လေးတွေကို ခေါ်လာပြီး ဒီမှာ သိုင်းပညာနှီးနှောဖလှယ်ပွဲလုပ်မှာ... ။ ဒါက ဂိုဏ်းအသီးသီးမှာရှိတဲ့ အထူးချွန်ဆုံး တပည့်လေးတွေ ယှဉ်ပြိုင်တိုးတက်ပြီး သူတို့ရဲ့အသိအမြင်ကို ချဲ့ထွင်နိုင်တဲ့ အခွင့်အရေးတစ်ခုပဲ…"

မုန့်ချီ၏ ရင်ထဲတွင် အေးစက်သွားခဲ့သည်။ ထိုအရာက ဤလောကကြီးထဲတွင် ရှိနေသော သိုင်းဂိုဏ်းကြီးပေါင်းများစွာ ဖြစ်နေခဲ့၏။ ဥပမာအနေနှင့်ပြောရလျှင် ကျန်းဝူဂိုဏ်းနှင့် ရွှမ်တျန်းဂိုဏ်းတို့က တာအိုဂိုဏ်း (၃)ခုထဲမှ (၂) ခုဖြစ်သည်။ ကျိကျန်းဂိုဏ်းနှင့် ဟွမ်ဟွာဂိုဏ်းတို့ကတော့ ဓားဂိုဏ်း (၆) ဂိုဏ်းထဲတွင် အပါအဝင် ဖြစ်၏။ ချင်းချန်ဂိုဏ်းနှင့် တကျားအဖွဲ့အစည်းတို့ကတော့ အစွမ်းထက်အဖွဲ့အစည်း (၆) ခုထဲ အပါအဝင်ဖြစ်သည်။

"အထူးချွန်ဆုံး တပည့်လေးတွေလား... "

မုန့်ချီက သတိလက်လွတ် မေးလိုက်မိသည်။ မည်သို့ဖြစ်စေကာမူ သူကိုယ်တိုင်ကလည်း ငယ်ရွယ်သော ရှောင်လင်တပည့်တစ်ယောက် ဖြစ်၏။ သူက ထိုတပည့်များနှင့် ကိုယ့်ကိုယ်ကို နှိုင်းယှဉ်ကြည့်ချင်နေသည်မှာ ထူးခြားနေခြင်း မရှိချေ။

ရွှမ်ရှင်းက သူ၏ဗိုက်ကို လက်နှင့်ပုတ်ပြီး ရယ်လိုက်၏။

"မင်းက ဘာလို့မေးနေတာလဲ... ။ မင်းက သူတို့နဲ့ယှဉ်ဖို့ မစဉ်းစားနဲ့... ။ မင်းက အခုမှရက် (၁၀၀) အခြေခံကျင့်စဉ်ကိုပြီးထားတဲ့ သန့်ရှင်းရေးကိုယ်တော်လေး တစ်ပါးပဲလေ... ။ သူတို့နဲ့ ယှဉ်လိုက်မယ်ဆိုရင် မင်းက ရေအိုင်ထဲက ဖားသူငယ်သာသာ အဆင့်ပဲ ရှိတယ်... ။ သူတို့ကတော့ ကောင်းကင်ပေါ်မှာ ပျံသန်းနေတဲ့ ဇာမဏီငှက်တွေပဲ ။ သူတို့ကို ယှဉ်ဖို့မပြောနဲ့ မင်းက သူတို့နဲ့ တစ်ခန်းတည်း အတူတူရပ်တည်ဖို့တောင် အရည်အချင်းမျိုးမရှိဘူး... "

ထိုစကားကြောင့် မုန့်ချီက ရှက်ရွံ့ပြီး ဒေါသထွက်သွားခဲ့သည်။ မုန့်ချီ၏မျက်နှာကလည်း နီရဲနေခဲ့၏။ သူက စိတ်ပိုင်းဆိုင်ရာအရ ပြောရမည်ဆိုလျှင် အသက် (၂၀) အရွယ် လူငယ်တစ်ယောက်ဖြစ်ပြီး အတွေ့အကြုံများစွာ ရှိနေသော်လည်း အလွန်မာနကြီးသော လူငယ်တစ်ယောက် ဖြစ်သည်။

ယခုတော့ ရွှမ်ရှင်းက သူနှင့်လက်ရွေးစင် လူငယ်လေးများ၏ ကွာဟမှုများကို ပြောပြနေသည့်အတွက် သူ၏ခံစားချက်များကို မထိန်းချုပ်နိုင်ခဲ့ပေ။

ရွှမ်ရှင်းကတော့ သူ၏ခံစားချက်များကို သတိထားမိပုံမရဘဲ ဆက်ပြောလိုက်၏။

"အဲဒီလူငယ်တွေထဲမှာ အသက် (၂၀) မတိုင်ခင် ဉာဏ်အလင်းပွင့်မှုကို ရထားတဲ့ လူငယ်တွေ အများကြီးရှိတယ်... ။ အဲဒီလူတွေက တစ်ချိန်ချိန်မှာ သိုင်းလောကရဲ့ ထိပ်သီးပညာရှင်တွေ ဖြစ်လာနိုင်တယ်... ။ မင်းကရော ဘယ်လိုလဲ... ။ မင်းမှာ ဘယ်လိုသိုင်းပညာမျိုးရှိလဲ... ။ မင်းက ဘယ်လိုထိပ်တန်းသိုင်းပညာမျိုးကို သိထားလဲ... ။ ငါတို့ရှောင်လင်မှာ ထူးချွန်တဲ့လူတွေ အများကြီးရှိတယ်... ။ ကျန်းချန် ၊ ကျန်းပန်နဲ့ ကျန်းမြောင်တို့က လက်ရှိမင်းတို့မျိုးဆက်မှာ အထူးချွန်ဆုံးနဲ့ အစွမ်းထက်ဆုံးပဲ…"

သူပြောလိုက်ပြီးနောက် မုန့်ချီကို ပြောလိုက်၏။

"မင်းက ဘာလို့ ဒီမှာရပ်နေသေးတာလဲ... ။ မင်းက ကမ္မဋ္ဌာန်းခြံဝန်းထဲကို သွားပြီးတော့ တံမြတ်စည်းသွားလှည်းရမှာ မဟုတ်လား... "

မုန့်ချီက သူ၏ဒေါသများကို ဖိနှိပ်ရန် အကောင်းဆုံးကြိုးစားပြီး တံမြတ်စည်းကိုယူ၍ ကမ္မဋ္ဌာန်းခြံဝန်းဆီသို့ လျှောက်သွားခဲ့သည်။

မုန့်ချီ၏နောက်ကျောကိုကြည့်ပြီး ရွှမ်ရှင်း၏ မျက်နှာပေါ်ရှိအပြုံးကတော့ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့လေ၏။

Translated by Hein Htet

All Chapters