အခန်း (၇)
Vol. 1 Ch. 7
ဧည့်သည်များကို လက်ခံထားသော ရှောင်လင်ကျောင်းတော်၏ကမ္မဌာန်းခြံဝန်းထဲတွင် ခြံဝန်းငယ်လေးများစွာ ပါဝင်နေသည်။ လက်ရှိအချိန်တွင်တော့ သစ်ပင်ကြီးများနှင့် ပြည့်နှက်နေပြီး ထိုသစ်ပင်ကြီးများပေါ်တွင် နှင်းများ လွှမ်းခြုံနေခဲ့၏။
မုန့်ချီက ခြံဝန်းထဲတွင် ရှိနေသော နှင်းများကို တံမြက်စည်းနှင့် သန့်ရှင်းရေး လုပ်နေခဲ့သည်။ ရုတ်တရက်ဆိုသလို အခန်းတစ်ခု၏တံခါးက ပွင့်သွားပြီး ခေါင်းပေါ်တွင် သျှောင်ပေစူး နှစ်ခု ရှိနေသော တာအိုလူငယ်လေးတစ်ဦး ထွက်လာသည်။
သူက ထိုနေရာတွင်ရပ်ပြီး လှမ်းခေါ်လိုက်၏။
“ကိုရင်လေး …
ဒီကိုလာပြီး အခန်းကို သန့်ရှင်းရေး လုပ်ပေးပါဦး ဒီအခန်းက တော်တော်လေး ညစ်ပတ်နေတယ် …”
“ကောင်းပါပြီ ဒကာလေး …”
မုန့်ချီက လက်တစ်ဖက်နှင့် ဂါရဝပြုပြီး တံမြက်စည်းနှင့်အတူ အခန်းဆီကို လျှောက်လာခဲ့သည်။
အနည်းငယ် ကလေးဆန်သော လူငယ်လေးကတော့ အခန်းထဲသို့ ပြန်ဝင်သွားခဲ့၏။ မုန့်ချီက တံခါးဝမှနေ၍ အခန်းထဲသို့ ကြည့်လိုက်ရာ ထိုနေရာတွင် လူ(၇)ယောက် (၈)ယောက် ဝန်းကျင်ခန့်ရှိကြောင်း တွေ့လိုက်ရသည်။ သူတို့အားလုံးက မတူညီသော ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး သူတို့၏ဝတ်စုံက အလွန်ရိုးရှင်းသော ရှောင်လင်ဝတ်စုံထက် ပို၍လှပကြသည်။
“နေဦး …ငါက မိန်းကလေးတစ်ယောက်ကိုများ မြင်လိုက်ရတာလား …”
မုန့်ချီကတော့ မလေးမစား လုပ်သလို ဖြစ်မှာစိုးသည့်အတွက် သေချာမကြည့်မိခဲ့ပေ။ သို့သော် သူက အဝါရောင်ဝတ်စုံဝတ်ထားသော မိန်းကလေး တစ်ယောက်ကို မြင်လိုက်ရသည်မှာ သေချာနေသည်။
ထို့ကြောင့် ဤကမ္ဘာကြီးထဲတွင် ရှိနေသော ရှောင်လင်ကျောင်းဆောင်က မိန်းကလေးများ ဝင်ရောက်ခြင်းကို တားမြစ်ထားပုံ မရချေ။ မုန့်ချီက ဧည့်သည်များဆီသို့ သတိထား၍ လျှောက်သွားပြီး ကြမ်းပြင်ပေါ်တွင် ရှိနေသော ရေနွေးခွက်အကွဲများကို သန့်ရှင်းရေး လုပ်နေလိုက်၏။
ထိုအချိန်တွင် ဘယ်ကမှန်း မသိသော ခြေထောက်တစ်ဖက်က မုန့်ချီ၏ ခြေထောက်ရှေ့ကို ရောက်လာခဲ့၏။ မုန့်ချီက ရပ်တန့်ရန် အလွန်နောက်ကျသွားသည့်အတွက် ထိုခြေထောက်ကို တိုက်မိပြီး ဟန်ချက်ပျက်သွား၍ ရှေ့ကို လဲကျလာခဲ့၏။
မုန့်ချီက အလွန်အံ့သြသွားသည့်အတွက် ပြန်လှည့်ကြည့်လိုက်ရာ ခြေထိုးခံလိုက်သည့်လူက သျှောင်ပေစူးနှင့် လူငယ်ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ထိုလူငယ်၏ မျက်နှာပေါ်တွင် နက်မှောင်တောက်ပသော မျက်ခုံးတစ်စုံ ရှိနေပြီး အတော်လေးကို ထူးခြားသည်။ ထိုမျက်ခုံးများက ဓားသွားနှစ်ခုကဲ့သို့ ထင်မှတ်ရ၏။
လက်ရှိအချိန်တွင် သူကတော့ မုန့်ချီကို ကြည့်မနေဘဲ မုန့်ချီ၏ရှေ့တွင် ရှိနေသော တစ်နေရာရာကို စိုက်ကြည့်နေခဲ့သည်။ မုန့်ချီက လက်နှစ်ဖက်ကို အားယူပြီး ဟန်ချက်ထိန်းရန် ကြိုးစားလိုက်၏။
သို့သော် ထိုလူငယ်က ခြေထိုးခံလိုက်သည်မှာ လုံးဝအချိန်ကိုက်ဖြစ်သည်။ ထို့ကြောင့် မုန့်ချီက မြေပေါ်သို့ လဲကျသွားတော့မည်ဖြစ်ပြီး သိပ်မကြာခင် ဆိုးရွားသော အခြေအနေတစ်ရပ်ကို ကြုံရနိုင်သည်။ ထိုအချိန်တွင် သူ၏မျက်လုံးထောင့်မှနေ၍ အဝါရောင်အလင်းတန်း တစ်ခုပေါ်လာသည်ကို မြင်လိုက်ရသည်။
စိမ်းပြာရောင်ဓားအိမ်နှင့် ဓားရှည်တစ်ချောင်းက သူ့ရှေ့ကို ချက်ချင်း ရောက်လာခဲ့၏။ ထို့နောက် ငှက်တစ်ကောင်အလား မုန့်ချီ၏ရင်ဘတ်ကို ညင်သာစွာ ထိလိုက်သည်။ ထိုဓားပေါ်တွင် စွမ်းအားအနည်းငယ်သာ ရှိသော်လည်း မုန့်ချီကတော့ နာကျင်မှုကို ခံစားလိုက်ရ၏။
သို့သော် ထိုစွမ်းအားနှင့် ဓား၏ရှုထောင့်က ကျွမ်းကျင်စွာ ထိန်းချုပ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် မုန့်ချီကို လဲကျမသွားစေရန် ကောင်းမွန်စွာ တားဆီးနိုင်ခဲ့၏။ နောက်ဆုံးတော့ သူလည်း ဟန်ချက်ထိန်းနိုင်ခဲ့သည်။
မုန့်ချီက အလွန်ရှုပ်ထွေးနေသည့် အမူအရာနှင့် လှည့်ကြည့်လိုက်ရာ လှပသော မျက်နှာလေးတစ်ခုကို မြင်လိုက်ရသည်။ သူ့ရှေ့၌ ရပ်နေသော မိန်းကလေးဆီတွင် တောက်ပသော မျက်လုံးဝိုင်းကြီးများ ရှိနေပြီး မျက်နှာပေါ်တွင် ဆံရစ်ခွေလေးများ ကျဆင်းနေသည်။
သူမ၏နောက်ကျောတွင်လည်း ဖြောင့်စင်းသော ဆံနွယ်များ ရှိနေ၏။ သူမက အဝါရောင် ဂါဝန်ရှည်တစ်ထည်ကို ဝတ်ဆင်ထားပြီး အသက် (၁၆) (၁၇)သာ ရှိဦးမည်ဖြစ်သည်။ သို့သော် သူမဆီတွင် မရင့်ကျက်သည့်အပြုအမူမျိုး လုံးဝမတွေ့ရချေ။
မိန်းကလေးက အလွန်ကြည်လင်သော လေသံနှင့် ပြောလိုက်သည်။
“ရွှမ်တျန်းဂိုဏ်းက ကောင်းကင်အင်ပါယာကိုယ်တိုင် သတ်မှတ်ထားတဲ့အမှန်တရားဂိုဏ်းလို့ ပြောကြတယ်။ အခုနင်ရဲ့အပြုအမူက ကလေးတစ်ယောက်ကို အနိုင်ကျင့်သလိုပဲ မဟုတ်လား ..”
ရွှမ်တျန်းဂိုဏ်းက လူငယ်က ပြန်မဖြေဘဲ နှာခေါင်းသာ ရှုံ့လိုက်မိသည်။
မိန်းမပျိုက မုန့်ချီကို ပြန်လှည့်ကြည့်လိုက်ပြီး အပြုံးနှင့် ပြောလိုက်၏။
“ကိုရင်လေး …
အဲဒီလူဆိုးကောင်ကို ဘာမှခေါင်းထဲထည့်မနေပါနဲ့။ သူက ကျွန်မရဲ့ဓားသိုင်းပညာကို စမ်းသပ်ကြည့်ချင်နေတာ ..”
သူမ၏မျက်နှာလေးက အတော်လေးကို ချိုသာလှသည်။ သူမက ဆက်၍ပြောလိုက်၏။
“ဒါပေမယ့် သူက ကျွန်မရဲ့ဓားသိုင်းကို တွေ့မယ်ဆိုရင်ရော ဘာများပြောင်းလဲနိုင်မှာလဲ..”
သူမက ကျယ်လောင်စွာ မပြောသော်လည်း မုန့်ချီက သူမ၏စကားထဲတွင် ယုံကြည်မှုများ ၊ မာနများကို တွေ့နေရ၏။
“ကျေးဇူးတင်ပါတယ် မိန်းကလေး…”
မုန့်ချီက သတိလက်လွတ် ပြောလိုက်မိသည်။
မိန်းမပျိုက သူမ၏ဓားကို ရုတ်သိမ်း၍ ပြန်ပြောလိုက်၏။
“ကိုရင်လေးက အထက်တန်းလွှာ လူငယ်တစ်ယောက်လို ပြောနေတာပဲ။ ကိုယ်တော်တစ်ယောက်ရဲ့ အခေါ်အဝေါ်နဲ့မတူဘူး။ ကိုရင်လေးက ကျွန်မကို ဒကာမလေးလို့ပဲ ခေါ်ရမှာလေ..”
ထို့နောက် သူမက ဓားကို ရုတ်သိမ်းပြီး ဦးညွတ်လိုက်သည်။
“ကျွန်မရဲ့နာမည်က ကျန်းကျိဝေ လို့ခေါ်တယ်။ ကျွန်မက ကျိကျန်းစံအိမ်ရဲ့ တပည့်တစ်ယောက်ပါ။ ကျွန်မတို့ရဲ့ပဋိပက္ခမှာ ကိုရင်လေး ဝင်ပါလာရတဲ့အတွက် စိတ်မကောင်းပါဘူး…”
ရွှမ်တျန်းဂိုဏ်းမှ လူငယ်ကတော့ နောက်တစ်ကြိမ် နှာခေါင်းရှုံ့လိုက်ပြန်သည်။
“ရှောင်လင်ဂိုဏ်းက တပည့်တွေက ဒီလောက်အားနည်းမယ်လို့ မထင်ထားဘူးလေ။ သူက အလွယ်တကူ လှည့်စားခံလိုက်ရတာပဲ…”
သူက မျက်မှောင်ကြုတ်လိုက်ပြီး တည်ငြိမ်သယောင် ဟန်ဆောင်နေခဲ့သည်။
“သူက သန့်ရှင်းရေးကိုရင်တစ်ပါးပဲလေ။ နင်က ဒီနေရာမှာ သန့်ရှင်းရေးကိုရင်ရဲ့ သိုင်းပညာကို စမ်းသပ်ချင်နေတာလား။ တကယ်လို့ သူကသာ နင်နဲ့အဆင့်တူဆိုရင် နင်က ဘာလုပ်နိုင်မလဲ သိချင်သေးတယ်….”
ကျန်းကျိဝေက လှောင်ပြုံးပြုံး၍ ပြောလိုက်သည် ။
ထိုလူငယ်ကတော့ ချက်ချင်းပင် မတ်တပ်ရပ်လိုက်မိ၏။
“ဘာတွေဖြစ်နေတာလဲ…”
ရုတ်တရက်ဆိုသလို အပြင်ဘက်မှနေ၍ အလွန်ကျယ်လောင်သော အသံတစ်ခုကို ကြားလိုက်ရသည်။
မုန့်ချီက လှည့်ကြည့်လိုက်ရာ လူငယ်တစ်ယောက်က လက်နောက်ပစ်၍ ဝင်လာသည်ကို မြင်လိုက်ရ၏။ ထိုလူငယ်က ပါးကွ(၈)ကွက် ပုံစံကွက်ရှိနေသော ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏မျက်ခုံးများကလည်း နဖူးပေါ်တွင် ဇင်ယော်တောင်များကဲ့သို့ ဖြစ်နေသည်။
သူ၏နှာခေါင်းက အနည်းငယ်ချွန်ပြီး အနည်းငယ် ရှည်၏။ မျက်လုံးများကတော့ လျှပ်စီးကြောင်းများကဲ့သို့ တောက်ပနေသည်။ ပထမတွင်တော့ အလွန်ချောမောခန့်ညားပြီး ယောကျ်ားပီသသော လူငယ်က အသက် (၂၀)ကျော် ရှိမည်ဟု မုန့်ချီက တွေးခဲ့မိ၏။
သေချာစိုက်ကြည့်လိုက်ပြီးနောက် သူ၏ရုပ်ရည်အရ အသက်(၁၇) (၁၈)ဝန်းကျင်သာ ရှိနိုင်ကြောင်း မုန့်ချီက နားလည်သွားသည်။
“သူလည်း တော်တော်လေးကို ရင့်ကျက်တာပဲ…”
မုန့်ချီက ဒေါသများကို ရုတ်သိမ်းလိုက်ပြီး စိတ်ထဲတွင် ကောက်ချက်ချလိုက်သည်။
“အစ်ကိုကြီးကျန်း …
ချင်ကျင်းက ကျွန်မရဲ့ဓားပညာကို စမ်းသပ်ဖို့အတွက် ဒီကိုရင်လေးကို ခြေထိုးခံခဲ့တယ်..”
ကျန်းကျိဝေက အဓိကအချက်ကိုသာ ရိုးရှင်းစွာ ပြောလိုက်သည်။
လူငယ်က ချင်ကျင်းကို စိုက်ကြည့်လိုက်၏။ သို့သော် သူက ဒေါသထွက်မလာဘဲ အလွန်တည်ငြိမ်စွာ ပြောလိုက်သည်။
“အခုမင်းက အိမ်မှာမဟုတ်ဘူး ။ မင်းရဲ့စကားလုံးတိုင်း အပြုအမူတိုင်းက ရွှမ်တျန်းဂိုဏ်းကို ကိုယ်စားပြုနေတယ်။ ဒီတော့ ဒီလိုအလုပ်မျိုးကို မလုပ်ပါနဲ့ …”
“ကောင်းပါပြီ အစ်ကိုကြီးကျန်း…”
ထိုလူငယ်က သူမှားသွားသလို အမူအရာနှင့် ချက်ချင်းပြန်ဖြေလိုက်သည်။
ကြည့်ရသည်မှာ အစ်ကိုကြီးကျန်း ဆိုသူက ဂိုဏ်းအားလုံးမှ လူငယ်များထဲတွင်မှ အတော်လေး အဆင့်မြင့်ပုံရသည်။ အခန်းထဲတွင် ရှိနေသော လူအားလုံးက တိတ်ဆိတ်နေပြီး မည်သူကမျှ ချင်ကျင်းအတွက် ခုခံကာကွယ်ပေးခဲ့ခြင်း မရှိချေ။
“စိတ်မကောင်းပါဘူး ။ ငါက အပြစ်လုပ်မိသွားတယ်…”
ချင်ကျင်းက မုန့်ချီကိုပြောလိုက်ပြီး လျင်မြင်စွာ ထွက်သွားခဲ့သည်။
မုန့်ချီက လေကို တဝကြီး ရှုလိုက်ပြီးမလိုအပ်သော စကားများ မပြောခဲ့ပေ။
“ငါ့နာမည်က ကျန်းတင်လို့ခေါ်တယ်…”
အစ်ကိုကြီးကျန်းက မုန့်ချီကို အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။ “ညီလေးကျန်းတင်…
ငါကတော့ ကျန်းဝူဂိုဏ်းက ကျန်းယွင်ရှန်ပါ…။ ဒီနေရာမှာရှိတဲ့ မိတ်ဆွေတွေရဲ့ကိုယ်စား ငါကပဲ ကျေးဇူးတင်ပါတယ်။ သူတို့က ငါ့ကို အစ်ကိုကြီးလို့ ခေါ်မှတော့ ဒီနေ့ဖြစ်ခဲ့တဲ့ အရာတွေအတွက် သူတို့အစား ငါကပဲ တောင်းပန်ပါတယ်…”
“ငါ အားနည်းနေတာကိုက အပြစ်ဖြစ်နေတာပဲလေ…”
မုန့်ချီက ထိုစကားများကို စိတ်ထဲတွင်သာ ပြောခဲ့သည်။
သူက ထိုအရာကို အလေးမထားသလို ခေါင်းညိတ်ပြလိုက်ပြီး အော်မီတောဖောဟု ရေရွတ်ကာ ကြမ်းပြင်ပေါ်ရှိ အမှိုက်များကို သိမ်း၍ အခန်းထဲမှ ထွက်သွားခဲ့သည်။
“ဒီကိုရင်လေးဆီမှာ နောက်ခံတစ်ခုခု ရှိနိုင်တယ်…”
နောက်ဘက်မှနေ၍ ကျန်းကျိဝေ၏ စကားသံကို မုန့်ချီက ဝိုးတဝါး ကြားလိုက်ရသည်။
မုန့်ချီ ဝေယျာဝစ္စခြံဝန်းထဲသို့ ပြန်ရောက်လာပြီးနောက် နေ့လည်စာမစားခင် အချိန်အနည်းငယ် အားလပ်နေသေးသည်။ မုန့်ချီကတော့ ငြိမ်ငြိမ်မနေဘဲ သိုင်းပညာကို လေ့ကျင့်ရန် ဆန္ဒပြင်းပြနေခဲ့၏။
သို့သော် သူက ယခုမှသာ ရက်(၁၀၀)အခြေခံကျင့်စဉ်ကို ပြီးဆုံးထားခြင်းဖြစ်သည်။ သူ့အနားတွင် ချီကျင့်စဉ်ကို ဆက်လက်လေ့ကျင့်နိုင်သော နည်းလမ်းလည်း မရှိချေ။ လက်ရှိအချိန်တွင် သူလုပ်နိုင်သည်မှာ အခန်းထဲ၌ ပုန်းအောင်းနေပြီး လော်ဟန့်လက်သီးသိုင်းကို ထပ်ခါထပ်ခါ လေ့ကျင့်ပြီး ခန္ဓာကိုယ်ကို နောက်တစ်ကြိမ် တည်ဆောက်ရန်သာ ဖြစ်သည်။
နေ့လည်စာစားချိန်တွင်လည်း ကျန်းဟွေနှင့် တစ်ခြားလူများက ပြန်လာခဲ့ခြင်း မရှိချေ။ သူတို့က ဓမ္မခြံဝန်းထဲတွင် သန့်ရှင်းရေးလုပ်နေသည်ဟု မုန့်ချီကို ကြားခဲ့သည်။ ထိုနေရာက ဂိုဏ်းအသီးမှ လူငယ်များ ယှဉ်ပြိုင်နေကြသော နေရာတစ်ခုလည်း ဖြစ်၏။
မုန့်ချီက ညရောက်သည့်တိုင်အောင် ကျန်းဟွေနှင့် ကျန်းရန်ကို မမြင်ခဲ့ရပေ။ သူတို့ပြန်လာသည့်အချိန်တွင် သူတို့၏ မျက်နှာပေါ်၌ စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေကြ၏။ သူတို့က နေ့လယ်ခင်းတွင် မြင်ခဲ့ရသောအရာများကို ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်နေကြသည်။
“တိုက်ပွဲက ဒီနေ့နေ့လယ်စတာလား…”
မုန့်ချီက သူတို့အနားသို့ လျင်မြန်စွာ လျှောက်သွားပြီး မေးလိုက်သည်။
ကျန်းဟွေက ပြန်ဖြေလိုက်သည်။
“ဟုတ်တယ်… အရမ်းစိတ်ဝင်စားဖို့ ကောင်းတာပဲ ။ အစ်ကိုကြီး ရှိမနေတာ နှမြောဖို့ကောင်းတယ်….”
ကျန်းရင်ကလည်း ခေါင်းညိတ်ပြီး သက်ပြင်းချလိုက်သည်။
“သူတို့က ငါတို့နဲ့အသက်တူတူပဲ။ ဒါပေမဲ့ သူတို့ရဲ့ သိုင်းပညာက ငါတို့ထက် ဆယ်ဆကျော်ပိုပြီး အစွမ်းထက်တယ်…”
နှိုင်းယှဉ်ခြင်းက သူတို့ကို ပို၍စိတ်ဓာတ်ကျသွားစေနိုင်၏။ ထိုစကားလုံးက မုန့်ချီ၏ခေါင်းထဲတွင် ရုတ်တရက် ပေါ်လာခဲ့သည်။ ထို့နောက် သူက စိတ်ဝင်တစား မေးလိုက်၏။
“ဘယ်သူက နောက်ဆုံးအနိုင်ရသွားတာလဲ…”
“နောက်ဆုံးတိုက်ပွဲက အကောင်းဆုံးပဲ … ဓားနဲ့တိုက်ခိုက်ကြတာ…”
ကျန်းဟွေက လက်နှစ်ဖက်ကို ဝှေ့ယမ်းပြီး အလွန်အံ့ဩနေသည့် အမူအရာဖြင့် ရှင်းပြလိုက်သည်။ သို့သော် သူ၏စကားလုံးများက ဗလုံးဗထွေး ရှုပ်ထွေးနေသည့် အတွက် မုန့်ချီက နားမလည်နိုင်ခဲ့ပေ။
နောက်ဆုံးတော့ ကျန်းရန်က ကျန်းဟွေ၏ကိုယ်စား ဝင်ပြောလိုက်သည်။ “နောက်ဆုံးတိုက်ပွဲက ကျန်းဝူဂိုဏ်းက ကျန်းယွင်ရှန်နဲ့ ကျိကျန်းဂိုဏ်းက မိန်းကလေးကျန်းကျိဝေတို့ပဲ။ သူတို့က ကျန်းမြောင်နဲ့ ကျန်းပန်တို့အပါအဝင် ဂိုဏ်းအသီးသီးမှာရှိတဲ့ လူငယ်တွေအားလုံးကို အနိုင်ရခဲ့တာ…”
ကျန်းရန်က ကျန်းမြောင်နှင့်ကျန်းပန်တို့နှစ်ယောက် ကံဆိုးပြီး ရှုံးနိမ့်သွားသည့် အကြောင်းကို ပြောနေရသော်လည်း ဝမ်းသာနေပုံရသည်။ ထိုနှစ်ယောက်က သူနှင့်အတူ ရှောင်လင်ကျောင်းတော်သို့ တစ်ချိန်တည်း ဝင်လာခဲ့သူများ ဖြစ်ကြ၏။
“ကျန်းဝူဂိုဏ်နှင့် ကျိကျန်းဂိုဏ်း..
ရန်သူဂိုဏ်းနှစ်ဂိုဏ်းက လူငယ်လေးနှစ်ယောက် အချင်းချင်း တွေ့ရလိမ့်မယ်လို့ ထင်မထားဘူးပဲ…”
“ရန်သူဂိုဏ်းလား…”
မုန့်ချီက အံ့ဩသွားခဲ့သည်။ သူကတော့ ကျန်းယွင်ရှန်နဲ့ ကျန်းကျိဝေတို့ကြားထဲတွင် အမုန်းတရားများကို မခံစားမိခဲ့ပေ။
ရွှမ်ရှင်းက ရှင်းပြလိုက်သည်။
“တာအိုလမ်းစဉ်ဆိုတာက ဗုဒ္ဓလက်ဝါးကို ယှဉ်နိုင်တဲ့ သိုင်းပညာတစ်ခုပဲ ။ သူတို့ကတော့ အဲဒီအရာကို ကောင်းကင်လက်ဝါးခုနှစ်ချက်လို့ ခေါ်ကြတယ်။ အဲဒီအရာက အချိန်ကြာမြင့်စွာ ပျောက်ဆုံးနေခဲ့ပြီး ကျန်းဝူဂိုဏ်းနဲ့ ကျိကျန်းဂိုဏ်းတို့ကတော့ အဲဒီသိုင်းကွက်တွေထဲက တစ်ခုဆီအပေါ် အခြေခံပြီးတော့ တည်ထောင်ထားခဲ့ကြတာ။ ဒါကြောင့် အဲဒီဂိုဏ်းနှစ်ခုကလည်း ရှောင်လင်နဲ့ ကျင်းကန်လို ပတ်သက်မှုမျိုး ရှိတယ်။ ကျိကျန်းဂိုဏ်းကတော့ တာအိုဝါဒကို ကိုယ်စားပြုပေမဲ့ တာအိုဂိုဏ်းတစ်ခုအဖြစ် လက်မခံဘူး…။ ဒါဆိုရင် ဒီတိုက်ပွဲမှာ ဘယ်သူအနိုင်ရသွားတာလဲ…”
“ကျန်းဝူဂိုဏ်းက ကျန်းယွင်ရှန်က သိုင်းကွက် တစ်ဝက်အတွင်း မိန်းကလေး ကျန်းကျိဝေကို ရှုံးသွားတာပဲ…”
ကျန်းရန်က ပြန်ဖြေလိုက်သည်။ ထို့နောက် သူက ဓမ္မခြံဝန်းခေါင်းဆောင်ကုံကျန်း၏ မှတ်ချက်များကို ပြန်၍ ပြောပြလိုက်၏။
ရွှန်ရှင်းကတော့ သေချာစဉ်းစား၍ ပြောလိုက်သည်။
“ကျိကျန်းဂိုဏ်းက မိန်းကလေးက အနိုင်ရသွားတယ်။ ဒါဆို သူက ဒုတိယမြောက် စုဝူမင်များ ဖြစ်လာနိုင်မလား…ဟား ဟား ဟား ဟား… ဒါပေမဲ့ အခက်ခဲဆုံးဓားသွားက ဖျက်ဆီးဖို့ အလွယ်ကူဆုံးပဲ…”
တစ်ခြားသော ကိုရင်များကလည်း တိုက်ပွဲအကြောင်းကိုသာ ပြောဆိုနေကြသည်။ အခန်းထဲသို့ ပြန်ရောက်ပြီးနောက် မုန့်ချီက မတည်ငြိမ်နိုင်တော့ပေ။ သူက လက်ရွေးစင်များ ဖြစ်ကြသော ကျန်းယွင်ရှန်နဲ့ ကျန်းကျိဝေတို့အကြောင်းကို စဉ်းစားနေခဲ့သည်။
ထို့နောက် သူနဲ့ပတ်သက်သောအရာများကို ပြန်လည်တွေးတောနေခဲ့သည်။ ထိုအချိန်တွင် သူ၏ဗိုက်ထဲကတော့ ပြန်၍ ရစ်လာပြန်သည်။
…………………….
ကောင်းကင်ပေါ်တွင် တိမ်အနည်းငယ်သာ ရှိနေပြီး လရောင်က ကြမ်းပြင်ပေါ်သို့ ဖြာကျနေသည်။ ထိုအရာက ရေကန်နံဘေးတွင် ရှိနေသော လှိုင်းလုံးများကဲ့သို့ အလွန်လှပသော မြင်ကွင်းတစ်ခုဖြစ်၏။
“ငါက ဘယ်အချိန်မှာများ ဝေယျာဝစ္စခြံဝန်းထဲက ထွက်သွားပြီး သိုင်းပညာကို တရားဝင်သင်ယူနိုင်မှာလဲ …”
မုန့်ချီက တစ်ယောက်တည်း စဉ်းစားနေခဲ့သည်။ နောက်ဆုံးတွင်တော့ သူက နှစ်ပေါင်းများစွာ သန့်ရှင်းရေးကိုယ်တော်များ ဖြစ်ခဲ့သော ကျန်းကွမ်နှင့်ကျန်းရင်တို့ကိုမေးရန် ဆုံးဖြတ်လိုက်သည်။ဦးလေးရွှမ်ကန်းက သူတို့ကို ဤနေရာတွင်
ချထားသည်မှာ အစီအစဉ်တစ်ခုရှိပုံ ရသည်။
“အစ်ကိုကျန်းကွမ်၊ အစ်ကိုကျန်းရင် …
ဝေယျာဝစ္စခြံဝန်းထဲကနေ ဘယ်လိုထွက်သွားလို့ ရနိုင်မလဲ ။ ဒါမှမဟုတ် ထွက်သွားလို့ရနိုင်မဲ့ လိုအပ်ချက်တစ်ခုခုများ ရှိနေတာလား…”
တိကျသော လိုအပ်ချက်တစ်ခုသာ ရှိနေမည်ဆိုလျှင် သူကတော့ သေချာကြိုးစား၍ ရနိုင်သည်။ သူက ထွက်သွားရန် နည်းလမ်းတစ်ခု ရှာတွေ့မည်ဟု မုန့်ချီက ယုံကြည်နေ၏။
ထိုစကားကို ကြားသည့်အခါ အိပ်နေသော ကျန်းကွမ်က ရုတ်တရက် ထထိုင်ပြီး အားရပါးရ ရယ်လိုက်သည်။
“ငါက ရှောင်လင်ကို ရောက်လာတဲ့ အချိန်ကတည်းကစပြီး အရာအားလုံးကို လုပ်ခဲ့တယ်။ ဒါပေမဲ့ (၆)နှစ်ကြာသွားပြီ ။ ငါဒီနေရာမှာရှိနေတုန်းပဲ။ နောက်(၂)နှစ်ကြာရင် ငါ့ကိုထုတ်ပယ်ကြတော့မယ်။ ငါဘာမှမလုပ်နိုင်ဘူး။ ငါတကယ်ကို ဘာမှမလုပ်နိုင်ခဲ့ဘူး…။ ဟားဟားဟားဟားဟား …. ငါ့မိသားစုကို ငါဘယ်လိုမျက်နှာပြရမလဲ။ မင်းပဲ စဉ်းစားကြည့်ပါဦး…”
သူ၏ရယ်သံက ငိုသံထက်ပင် ပို၍နားထောင်ရဆိုးနေသည်။ သူကတော့ မျက်လုံးထဲမှ သွေးများ စီးကျလာနေသော ငှက်တစ်ကောင်ကဲ့သို့ ဖြစ်နေသည်။
“ဝေယျာဝစ္စခြံဝန်းထဲကနေ ထွက်သွားဖို့လား။ ဒီ(၇)နှစ် အတောအတွင်း ဘယ်သူမှ အောင်မြင်တာကို ငါမမြင်ဖူးဘူး။ အဲဒီခေါင်းတုံး ရွှမ်ကူက တစ်နေ့မှာ ဝေယျာဝစ္စခြံဝန်းထဲကနေ ထွက်သွားနိုင်ရမယ်လို့ ငါတို့ကို အားပေးခဲ့တယ်။ ဒါပေမဲ့ ငါတို့ကတော့ အခုထိ ခက်ခဲတဲ့အရာတွေပဲ လုပ်နေရတယ်…”
ကျန်းကွမ်က မုန်းတီးစွာ ပြောလိုက်သည်။ သူကတော့ လူတစ်ယောက်၏ အသားကို အရှင်လတ်လတ်ဝါး စားချင်နေပုံရသည်။
သူတို့၏တုံ့ပြန်မှုကို ကြားသောအခါ ထွက်ပေါ်ခဲ့သော မုန့်ချီ၏ မျှော်လင့်ချက် ရေးရေးလေးကလည်း လုံးဝကို ပျောက်ကွယ်သွား၏။ ခဏကြာပြီးနောက် ကျန်းရင်နှင့် ကျန်းကွမ်တို့က တိတ်ဆိတ်သွားကြသည်။ တစ်ဖက်တွင် ကျန်းဟွေ၏ အသက်ရှုသံတိုးတိုးကို ကြားနေရသည့်အတွက် အိပ်ပျော်နေသည်မှာ သေချာသည်။
မုန့်ချီက ပြတင်းပေါက်၏ အပြင်ဘက်ကိုကြည့်ပြီး အိပ်မပျော်နိုင်ခဲ့ပေ။ သူကတော့ လှောင်အိမ်ထဲတွင် အဖမ်းခံထားရသော ငှက်တစ်ကောင်အဖြစ်သို့ ခံစားနေရ၏။ သူက မည်မျှပင်ကြိုးစားစေကာမူ မည်မျှပင် ရုန်းကန်နေစေကာမူ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။
ထိုအချိန်တွင် သူ့ဆီ၌ ဝမ်းနည်းမှုများ၊ စိုးရိမ်မှုများ၊ စိတ်ဓာတ်ကျမှုများ တစ်ပြိုင်နက်တည်း ပေါ်လာခဲ့၏။ အချိန်တော်တော်ကြာပြီးနောက် သူလည်း အိပ်ပျော်သွားခဲ့၏။
လရောင်ကတော့ သူ၏ခန္ဓာကိုယ်ပေါ်တွင် ဖြာကျနေသည်မှာ ပိုးသားမျှင်များကဲ့သို့ ထင်မှတ်ရသည်။ ရုတ်တရက်ဆိုသလို သူ၏ရင်ဘတ်ပေါ်၌ အလွန်ထူးခြားသော အစိမ်းရောင် အလင်းတန်းလေးတစ်ခု ထွက်ပေါ်လာခဲ့၏။
Translated by Hein Htet