← Chapters

အခန်း (၈)

Vol. 1 Ch. 8

အခန်း (၈)

Vol. 1 Ch. 8

မုန့်ချီက မတ်မတ်ထိုင်နေပြီး လေကို တဝကြီး ရှုလိုက်မိသည်။ သူ၏နောက်ကြောင်းကို ရွှေကိုယ်တော် လော်ဟန့်ခန္ဓာ ရရှိထားသော ရှောင်လင်ကျောင်းထိုင်က သိသွားသည့် အတွက် သူ့ကို လက်ဝါးနှင့်ရိုက်ပြီး သတ်လိုက်သည်ဟူသော အိပ်မက်ဆိုးကို မက်နေခဲ့သည်။

သူက ကျောင်းထိုင်နှင့် လုံးဝမတွေ့ဖူးသော်လည်း အိပ်မက်က အလွန်ရှင်းလင်းနေသည့် အတွက် အိပ်ယာမှ နိုးလာခဲ့သည့်အချိန်တွင် တစ်ကိုယ်လုံး တုန်ယင်နေခဲ့၏။

"ဒါက ဘယ်နေရာလဲ...."

ရုတ်တရက်ဆိုသလို မိန်းမပျိုတစ်ယောက်၏ အသံကို ကြားလိုက်ရသည်။

"ဘယ်သူလဲ ...။ ဘာလို့ ငါ့အခန်းထဲမှာ မိန်းကလေးတစ်ယောက် ရောက်နေတာလဲ."

မုန့်ချီက ရှုပ်ထွေးသွားပြီး ပတ်ပတ်လည်ကို အလျင်အမြန် လှည့်ကြည့်လိုက်သည်။ သို့သော် သူက ပို၍ပင် ရှုပ်ထွေးသွားခဲ့၏။ သူကိုယ်တိုင်က သူ၏အခန်းထဲတွင် မရှိတော့ချေ။

သူက အဖြူရောင် စကျင်ကျောက်များနှင့် ခင်းထားသော ဧရာမမြေကွက်လပ်ကြီး တစ်ခုထဲတွင် ရောက်နေခဲ့၏။ မြေကွက်လပ်၏ အလယ်တွင်တော့ လုံးဝကို ရှင်းလင်းနေပြီး မြေကွက်လပ်၏ ပတ်ပတ်လည်တွင်တော့ ရုပ်ထုများ တန်းစီ၍ ရှိနေ၏။

ထိုရုပ်ထုများထဲတွင် ထူးခြားဆန်းကြယ်သော မှော်သတ္တဝါများစွာ ပါဝင်နေပြီး နဂါး၊ဇာမဏီ ၊ ခြေတစ်ချောင်းကျွဲ ၊ ဖိချူးတို့ပင် ပါဝင်နေ၏။ သူ့အပြင် မုန့်ချီက ယမန့်နေ့တွင် တွေ့ခဲ့ရသော လူ (၃)ယောက်ကိုလည်း တွေ့ခဲ့ရသည်။

ကျိကျန်းစံအိမ်မှ ကျန်းကျိဝေ ၊ ကျန်းဝူဂိုဏ်းမှ ကျန်းယွင်ရှန် ၊ ချင်ကျန်းဂိုဏ်းမှ ချင်ကျင်းတို့ ဖြစ်ကြ၏။ သူတို့ (၃)ယောက်က အလွန်ရှုပ်ထွေးနေသည့် အမူအရာနှင့် ပတ်ပတ်လည်ကို လှည့်ကြည့်နေပြီး သူတို့၏မျက်နှာပေါ်တွင်လည်း သံသယများ၊ စိတ်ရှုပ်ထွေးမှုများ ပြည့်နှက်နေကြသည်။

မုန့်ချီက အားတင်း၍ မတ်တပ်ရပ်လိုက်၏။ မည်သည့်အရာများ ဖြစ်နေကြောင်း သူကိုယ်တိုင်လည်း လုံးဝမသိခဲ့ပေ။ သူက အခန်းထဲတွင် အိပ်စက်နေခြင်း ဖြစ်၏။ ဘာကြောင့် ယခုလို ထူးဆန်းသော နေရာသို့ ရောက်ရှိလာရသနည်း။ ပို၍ ရှုပ်ထွေးစရာကောင်းသည်မှာ ဤနေရာ၌ လူငယ်လက်ရွေးစင်များလည်း ပါဝင်နေသည်။ သူက အိပ်မက်မက်နေခြင်းပေလော။

ဒေါသထွက်နေသော ချင်ကျင်းက မုန့်ချီ၏ ခြေရင်းကို ရောက်လာခဲ့၏။သူက ဒေါသတကြီး အော်ပြောလိုက်သည်။

"မင်းတို့ရှောင်လင်က လူတွေ ဘာလုပ်ချင်နေတာလဲ .... ။ငါတို့ဂိုဏ်းအားလုံးကို ရန်သူ အဖြစ် သတ်မှတ်ချင်နေတာလား ...."

သူဘာပြောနေကြောင်း မုန့်ချီက လုံးဝနားမလည်နိုင်တော့ပေ။ သူက ငေးငိုင်နေသော အမူအယာနှင့် စိုက်ကြည့်နေမိသည်။

"ချင်ကျင်း …

အစောကြီး ကောက်ချက်မချနဲ့ဦး ....။ အရင်ဆုံး ရုပ်ထုတွေရဲ့နောက်ဘက်ကို သွားပြီး စစ်ဆေးကြည့်ကြမယ် ...။ ပြီးမှဘာတွေဖြစ်နေလဲ သိရမှာပေါ့ ....."

ကျန်းယွင်ရှန်က တည်ငြိမ်စွာ ပြောလိုက်သည်။

ကျန်းကျိဝေကလည်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိ၏။

"ဒီကိုရင်လေးက သန့်ရှင်းရေး ကိုရင်တစ်ပါးပဲလေ ...။ တကယ်လို့ ဒီကိစ္စက ရှောင်လင်နဲ့ ပတ်သက်နေမယ်ဆိုရင်တော့ သူက ဘာမှကို မသိနိုင်ဘူး ....။ဘာလို့ သူ့ကို အခက်တွေ့အောင် လုပ်နေရတာလဲ ....။ ပြီးတော့ ရှောင်လင်က ငါတို့ဆီကနေ လိုချင်တဲ့အရာတစ်ခုခု ရှိမယ်လို့ မထင်ဘူး....."

ချင်ကျင်းကတော့ ဒေါသတကြီး လက်ကာပြလိုက်သည်။

"ဒီလောက်သိသာနေတာ မဟုတ်ဘူးလား ....။ ရှောင်လင်မှာ မြေအင်မော်တယ် ကုံဝမ် ရှိတယ်လေ ....။ သူက နဂါးဖမ်းလော်ဟန့် ရွှေခန္ဓာ ကိုတောင် ရထားတာ .။ သူ့ရဲ့ကောင်းကင်မျက်လုံးနဲ့ ကောင်းကင်နားတို့ရဲ့ အောက်မှာ ဘယ်သူကရော ငါတို့အားလုံးကို ရှောင်လင်ကနေ တိတ်တဆိတ် ခေါ်သွားနိုင်မှာလဲ ..။ သူကိုယ်တိုင်မှ မဟုတ်ရင်တော့ တခြားဘယ်သူကမှ ဒီလိုအရာမျိုး လုပ်နိုင်မှာ မဟုတ်ဘူး ..”

“ငါက ရှောင်လင်မှာ မဟုတ်ပါလား .."

ရုပ်ထုတစ်ခု၏ နောက်ဘက်မှနေ၍ ကြောက်လန့်နေသော လူတစ်ယောက် ထွက်လာခဲ့သည်။ သူက အသက် (၃၀)ဝန်းကျင်ခန့် ရှိနေပြီး ခန္ဓာကိုယ်ပေါ်တွင် သန်မာသောကြွက်သားများ ရှိသည်။ မုတ်ဆိတ်များလည်း ရှိ၏။

"ဘယ်သူလဲ ....။ အပြင်ကို ထွက်လာပြီး ငါတို့နဲ့လာတွေ့ပါ မိတ်ဆွေ ....။ ငါက ကျန်းဝူဂိုဏ်းက ကျန်းယွင်ရှန်ပါ ...."

ကျန်းယွင်ရှန်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။

"အစ်ကိုကြီး ကျန်း ..

အစ်ကိုကြီးကျန်းလည်း ဒီမှာရှိနေမယ်လို့ မထင်ထားဘူး..."

တခြားသော ရုပ်ထု (၂)ခု၏ နောက်ဘက်မှနေ၍ နောက်ထပ်လူနှစ်ယောက် ထွက်လာပြန်သည်။ သူတို့ထဲမှ တစ်ယောက်ကတော့ ဆံပင်ကို လက်ကိုင်ပုဝါနှင့် ချည်ထားသော အရပ်ရှည်ရှည် မိန်းကလေးတစ်ယောက်ဖြစ်ပြီး သူမ၏ အသားအရည်က ခြောက်ကပ်နေသည်။ တခြားတစ်ယောက်ကတော့ အလွန်အမင်းကို လေးနက်သော သာမန်လူငယ် တစ်ယောက်သာ ဖြစ်၏။

ကျန်းယွင်ရှန်က ခဏကြာ တိတ်ဆိတ်သွားပြီး သူ၏မျက်နှာအမူအယာက အတော်လေး တည်ငြိမ်လာသည်။

"တကျန်းအဖွဲ့အစည်းက ညီမလေး ချီရှ.....

မင်းတို့အိပ်ယာကနေ နိုးလာတဲ့အချိန်မှာ မင်းတို့လည်း ဒီနေရာကို ရောက်နေတယ်ဆိုတာ သိသွားတာလား ..."

ကျန်းကျိဝေက မုန့်ချီ၏ အနားသို့ ဖြည်းညင်းစွာ လျှောက်သွားပြီး တွေးတွေးစစနှင့် ပြောလိုက်၏။

"သူက တကျန်းအဖွဲ့အစည်းက ဆရာကြီးချီယွမ်တုန်ရဲ့ သမီးငယ်လေး တစ်ယောက်ပဲ။ အခုသူလည်း ရှောင်လင်ကျောင်းကို ရောက်နေခဲ့တာ …”

“ငါက သူ့ကို မသိဘူး ...."

မုန့်ချီက သူ့ခေါင်းထဲတွင် ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။ သူ့ခေါင်းထဲတွင်လည်း လက်ရှိအခြေ‌အနေနှင့် ပတ်သက်ပြီး ခန့်မှန်းမှု သန်းပေါင်းများစွာ ရှိနေခဲ့၏။

"ဟုတ်တယ်....။ ငါတို့တွေက ရုပ်ထုတွေရဲ့ နောက်ဘက်မှာ နိုးလာကြတာ ..။ ငါတို့က စကားပြောသံတွေကြားလို့ အပြင်ကို ထွက်မလာရဲတာ ...."

ချီရှက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

ထို့နောက် သူက လူတစ်ယောက်ကို လက်ညှိုးထိုးပြလိုက်၏။

"သခင်လေး ချင်ကျင်း ပြောတာက မှားနေတာ ဖြစ်မယ် ..။ ဒါက တကျန်းအဖွဲ့အစည်းရဲ့ ခေါင်းဆောင်ငယ်လေး ရန်ဝူကျန်းလို့ ခေါ်တယ်....။ သူက ကျန်းကျိုးရန် မိသားစုက ဝူမျိုးဆက်တစ်ယောက်ပဲ ....။ သူက ငါတို့နဲ့အတူ ရှောင်လင်ကို လိုက်မလာခဲ့ဘူး ..။ သူက ရန်ကျိမြစ်ရဲ့ အရှေ့ဘက်ပိုင်းက မြောင်လင်မှာပဲ ရှိနေသင့်တာ ...."

"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် ....။ ကျွန်တော်က မြောင်လင် နံပါတ်(၁) ပျော်ပွဲစားရုံးမှာ လောင်းကစားတာ နိုင်ခဲ့တဲ့အတွက် မိန်းကလေးတွေကိုခေါ်ပြီး ကျွန်တော့်အတွက် သီချင်းဆိုခိုင်းနေတာ ....။ ဒါပေမယ့် ကျွန်တော် နိုးလာတဲ့အချိန်မှာ ဒီထူးဆန်းတဲ့နေရာကို ရောက်နေကြောင်း တွေ့လိုက်ရတယ် ....."

ရန်ဝူကျန်းက အလွန်ကြောက်လန့်နေသည့် အမူအယာနှင့် ပြောလိုက်သည်။

ကျန်းကျိဝေက တိုးတိုးလေး ရယ်လိုက်မိ၏။ သူမက သူ့ကို ပြောလိုခြင်းလော။ တစ်ယောက်တည်း တီတိုးရေရွတ်နေခြင်းလော မုန့်ချီကတော့ မသိချေ။

သူမက ပြောလိုက်၏။

"ဝူမျိုးဆက်....ဒါဆိုရင် သူက နတ်ဆိုးလက်သီးရန်ဝူဝိုရဲ့ မျိုးဆက်တစ်ယောက် ဖြစ်နေတာပဲ ...။ သူ့မှာ ဒီလောက်အဆင့်မြင့်တဲ့ မျိုးရိုးတစ်ခု ရှိနေပြီး ဘာလို့ တကျန်းအဖွဲ့အစည်းမှာ ခေါင်းဆောင်ငယ်လေးတစ်ယောက်ပဲ ဖြစ်နေရတာလဲ ။ ကြည့်ရတာတော့ နောက်ကွယ်မှာ အကြောင်းအရင်းတစ်ခု ရှိနေမယ် ထင်တယ်...."

ချင်ကျင်းက မျက်မှောင်ကြုတ်လိုက်မိပြီး ရန်ဝူကျန်းဆီကို အလျင်အမြန် လျှောက်လာခဲ့၏။ ထို့နောက် အလောတကြီး မေးလိုက်သည်။

"ခင်ဗျားက လိမ်နေတာပဲ ဖြစ်လိမ့်မယ်....။ ခင်‌ဗျားက အမှန်အတိုင်းပြောနေတယ်‌ဆိုတာ ဘယ်လို သက်သေပြမလဲ ...."

သူကတော့ သူ၏မူလထင်မြင်ချက်ကသာ မှန်သည်ဟု ခေါင်းမာနေသေးသည်။

ရန်ဝူကျန်းက အနည်းငယ် တုန်ယင်စွာ ပြောလိုက်၏။

"သခင်လေးက မြောင်လင် နံပါတ်(၁)ပျော်ပွဲစားရုံကိုသွားပြီး ကျွန်တော် ငွေစ(၂၁၀၀) နိုင်ခဲ့လားဆိုတာ သွားမေးကြည့်လို့ရတယ် ...."

ဤနေရာတွင် တတိယ သခင်မလေး ရှိနေသည့်အတွက် သူလည်း တဖြည်းဖြည်းတည်ငြိမ်သွားခဲ့၏။

"မင်းက သေချာရဲ့လား .."

ကျန်းယွင်ရှန်က မျက်မှောင်ကြုတ်လိုက်မိသည်။ သာမန်လူတစ်ယောက်ကို ကြည့်နေသည့် အချိန်တွင် သူ၏မျက်နှာက အပြုံးမရှိချေ။

ကျန်းကျိဝေက ရှေ့ကို ထွက်လာပြီး အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိ၏။

"ဒီက သခင်လေး .....

ကျွန်မတို့က တွေ့ခဲ့ဖူးတယ်လို့ ထင်တယ် ....။ ရှင်က ဟွမ်ဟွာဓားဂိုဏ်းက တပည့်တွေထဲမှာ ပါတယ် မဟုတ်လား ....."

သာမန်ဝတ်စုံနှင့် ခမောက်ငယ်လေးတစ်ခုကို ဆောင်းထားသော သူက အသက်(၂၀)ဝန်းကျင်ခန့်သာ ရှိသေးသည်။ သို့သော် သူကတော့ မည်သည့်အစွမ်းကိုမျှ ပြသခဲ့ခြင်း မရှိချေ။

သူ၏မျက်နှာက သံမျက်နှာဖုံး ဝတ်ဆင်ထားသလို ထင်မှတ်ရ၏။ သူ၏ မျက်နှာအမူအယာကလည်း အလွန်လေးနက်နေခဲ့သည်။ သူက ခေါင်းညိတ်ပြလိုက်၏။

" မိန်းကလေးကျန်းက ကျွန်တော်ကို မှတ်မိနေတာ တကယ်ပဲ ဝမ်းသာပါတယ် ..။ ကျွန်တော်က ဟွမ်ဟွာဓားဂိုဏ်းက သာမန်တပည့် ချီကျန်းရန်ပါ ...။ ကျွန်တော်က ကျွန်တော်ရဲ့အဖွဲ့နဲ့အတူ ရှောင်လင်ကို ရောက်လာခဲ့တာပါ...."

ပထမဆုံးအကြိမ်အဖြစ် ကျန်းယွင်ရှန်က အတော်လေးကို ရှုပ်ထွေးသွားခဲ့သည်။ လက်ရှိအခြေအနေက သူတို့အတွက် အလွန်ထူးဆန်းနေခဲ့၏။ ဤနေရာတွင် ဂိုဏ်းကြီး(၄)ခုမှ အထူးချွန်ဆုံး တပည့်များအပြင် သာမန်တပည့်များ၊ သိုင်းပညာကို အနည်းငယ်လေးသာ သိသော ခေါင်းဆောင်ငယ်လေး တစ်ယောက်ပင် ရောက်နေခဲ့၏။ ထို့ပြင် သန့်ရှင်းရေးလုပ်ခြင်းကိုသာ နားလည်သော သန့်ရှင်းရေးကိုယ်တော်တစ်ပါးလည်း ရှိနေသေး၏။

ထိုကဲ့သို့ ရွေးချယ်ရသည်မှာ မည်ကဲ့သို့ အဆင့်အတန်းနှင့် ရွေးချယ်ကြောင်း သူလည်း မသိတော့ချေ။

ကျန်းကျိဝေက မချိပြုံး ပြုံးလိုက်မိ၏။

"နဂိုတုန်းကတော့ ရှောင်လင်ကိုလာတဲ့ တပည့်တွေကို ပစ်မှတ်ထားတယ်လို့ တွေးခဲ့မိတာ ...။ ဒါပေမယ့် ခေါင်းဆောင်ငယ် သခင်လေးရန်ကလည်း ဒီနေရာမှာ ရှိနေတယ် ....."

ချင်ကျင်းက ခနဲ့သလို ပြောလိုက်သည်။

"ဒီနေရာမှာ ဘယ်သူပဲ ရောက်လာရောက်လာ ကိစ္စမရှိဘူး ..။ ဒါပေမယ့် ငါတို့အားလုံးကို ရှောင်လင်ကနေ ခေါ်ထုတ်လာနိုင်တဲ့ အစွမ်းမျိုး ဘယ်သူ့မှာ ရှိတာလဲလို့ပဲ ငါက မေးချင်တယ် ...."

"နတ်ဘုရား ဘုန်းတော်ကြီး ကုံဝမ်က ကောင်းကင်အဆင့် သတ်မှတ်ချက်မှာ နံပါတ်(၃)ရှိတယ် ....။ သန့်စင်ယန်တာအိုကို နားလည်ထားတဲ့ ဆရာကြီး ချုံဟယ်ကတောင် အဲဒီလို အလုပ်မျိုးကို မလုပ်နိုင်ဘူး ...."

သူကတော့ ရှောင်လင်ကိုသာ ဦးတည်နေသေးသည်။ သူနားမလည်နိုင်သည်မှာ ဘာကြောင့် ရှောင်လင်က ထိုကဲ့သို့ ထူးဆန်းသော အရာတစ်ခုကို လုပ်ဆောင်နေရသနည်း။

"ဒေါင်....."

ထိုအချိန်တွင် အလွန်ကျယ်လောင်သော ခေါင်းလောင်းသံတစ်ခုကြောင့် လူတိုင်းက စိတ်ဝင်စားသွားပြီး သူတို့အားလုံးက အဖြူရောင်စကျင်မြေကွက်လပ်၏ အလယ်ကို လှမ်းကြည့်လိုက်မိကြသည်။

"သံသရာကမ္ဘာကြီးကနေ ကြို‌ဆိုပါတယ်...။ ဒီနေရာမှာ မရေမတွက်နိုင်တဲ့ အန္တရာယ်တွေ ရှိတယ် ....။ ဒါပေမယ့် မင်းတို့လိုချင်သမျှ အရာအားလုံးကိုလည်း ရနိုင်တယ် ....."

ခေါင်းလောင်းသံနှင့်အတူ အလွန်ကြီးကျယ်ခမ်းနားပြီး အေးစက်သော လေသံတစ်ခုကို ကြားလိုက်ရသည်။

မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိ၏။ သူက အလားတူ အတွေ့အကြုံများ ရှိမရှိ ခံစားကြည့်နေခဲ့သည်။

"ဘယ်သူလဲ ....။ ထွက်လာခဲ့စမ်း ...."

ချင်ကျင်းက ခြေထောက်ထဲသို့ စွမ်းအားများ ပို့လိုက်ပြီး မြေကွက်လပ်၏ အလယ်သို့ အလွန်လျင်မြန်စွာ ပြေးသွားခဲ့သည်။ သို့သော် ထိုနေရာတွင် မည်သည့်အရာမျှ မရှိခဲ့ပေ။

"မင်းတို့အားလုံးက ငါ့ကို လမ်းကြောင်း(၆)သွယ်ထဲမှာ ရှိတဲ့ သံသရာ အရှင်သခင်လို့ခေါ်နိုင်တယ် ...."

စကားသံက ဆက်ပြောလိုက်၏။

မုန့်ချီက ဘေးကို သတိလက်လွတ် လှည့်ကြည့်လိုက်ရာ ကျန်းကျိဝေနှင့် ကျန်းယွင်ရှန်တို့၏ မျက်နှာများက ခရမ်းရောင်အလင်းတန်းများ တောက်ပနေကြောင်း မြင်လိုက်ရသည်။ သူတို့ကတော့ ထိုအသံ၏ဇစ်မြစ်ကို လိုက်ရှာနေကြပုံပေါ်သည်။

ထို့နောက် သူတို့က အချင်းချင်းကြည့်လိုက်မိပြီး ခေါင်းခါပြလိုက်ကြ၏။ မုန့်ချီ၏ ရင်ထဲတွင်လည်း အနည်းငယ် ရှုပ်ထွေးနေသည်။ သူတို့ကပင် အသံပိုင်ရှင်ကို ရှာမတွေ့နိုင်ကြခြင်းပေလော။

ချင်ကျင်းက ညာဘက်လက်ကို ခါးတွင် ရှိနေသော ဓားလက်ကိုင်‌ပေါ်သို့ တင်ထားပြီး အော်ပြောလိုက်၏။

"ခင်ဗျားက ကျုပ်တို့ဆီကနေ ဘာလိုချင်‌‌နေတာလဲ...."

အေးစက်သောလေသံက ဆက်ပြောလိုက်၏။

"ဒီလောကကြီးက သံသရာလည်နေတာ။ မင်းတို့က မတူညီတဲ့ ဘဝပေါင်းများစွာကို ကြုံတွေ့ခဲ့ရပြီး ငါသတ်မှတ်ပေးထားတဲ့ တာဝန်တွေကို လုပ်ဆောင်ကြရတယ်.။ အဲဒီကနေတဆင့် မင်းတို့က ကံကြမ္မာအမှတ်တွေကို စုဆောင်းကြရတယ်....။ အဲဒီကံကြမ္မာအမှတ်တွေကိုသုံးပြီး မင်းတို့လိုချင်နေတဲ့ အရာအားလုံးကို လဲလှယ်နိုင်တယ်....”

“ထိပ်တန်းသိုင်းပညာတစ်ခု ဒါမှမဟုတ် နတ်ဘုရားလက်နက်တစ်ခု ဒါမှမဟုတ် မင်းတို့ရဲ့သက်တမ်းကို ပိုပြီးတိုးမြှင့်ပေးနိုင်တဲ့ ဆေးလုံးတစ်လုံး ။ မင်းတို့စဉ်းစားလို့ရသမျှ အရာအားလုံးကို လဲလှယ်နိုင်တယ်....။ ဒီနေရာမှာ မင်းတို့ကြားဖူးသမျှ အရာအားလုံးကို ရှာလို့ရနိုင်သလို မင်းတို့မသိသေးတဲ့ အရာတွေကိုလည်း ရှာတွေ့နိုင်တယ်...."

မုန့်ချီကတော့ ပါးစပ်အဟောင်းသား ဖြစ်နေပြီး သူ့ပုံစံက အသက်ရှူမဝတော့သလို ဖြစ်နေခဲ့၏ ။ ထိုအရာက အဆုံးမဲ့လောကကြီးတစ်ခု ဖြစ်နေခြင်းပေလော။ သူကတော့ သာမာန်ဝူရှကမ္ဘာကြီးတစ်ခုဖြစ်သည်ဟုသာ တွေးခဲ့မိ၏။ ယခုတော့ ဝူရှကမ္ဘာကြီးတစ်ခု ဟုတ်ပုံမရချေ။

"လိုချင်တဲ့အရာတိုင်း ရနိုင်မှာလား …."

ချင်ကျန်းက အလွန်ထူးဆန်းသော လူ၏စကားကို ပြန်လည်လှောင်ပြောင်လိုက်သည်။

သူကတော့ ကောင်းကင်ဧကရာဇ်ဆီမှ ဆင်းသက်လာသော အမှန်တရားဂိုဏ်းဟု ခေါ်ဆိုကြသည့် ရွှမ်တျန်းဂိုဏ်းမှ ဖြစ်သည်။ မှော်စွမ်းအင်များ၊ လျှို့ဝှက်သိုင်းကျမ်းများ ရှားပါးရတနာများနှင့် ပတ်သက်၍ သူက အမြောက်အများကို မြင်ခဲ့ဖူးသည် ။ သူကတော့ အလွန်ထူးဆန်းသော သံသရာအရှင်သခင်၏ စကားကို မယုံကြည်နိုင်ခဲ့ပေ။

သူက ဒဏ္ဍာရီထဲမှ အရာအားလုံးကို စုဆောင်းနိုင်သည် မဟုတ်ချေ။ သူတို့ထဲမှ တချို့ကတော့ ရွှမ်တျန်းဂိုဏ်းထဲတွင် သိမ်းဆည်းထားခဲ့၏။ လမ်းကြောင်း(၆)သွယ်တွင် ရှိနေသော သံသရာအရှင်သခင်က ပြန်မဖြေခဲ့ပေ ။

ထိုအစား အဖြူရောင်စကျင်အမိုးပေါ်‌မှနေ၍ အလင်းမျက်နှာပြင်တစ်ခု ကျဆင်းလာခဲ့သည်။ အလင်းမျက်နှာပြင်ပေါ်တွင် ပြိုင်ဘက်ကင်းနတ်ဘုရား သိုင်းပညာများဟု ခေါင်းစဉ် ရှိနေသည်။ ထိုခေါင်းစဉ်၏ အောက်တွင်တော့ စကားလုံးများကို ရှင်းရှင်းလင်းလင်း ရေးသားထားသည်။

"ပြီးပြည့်စုံသော ဗုဒ္ဓလက်ဝါးကျင့်စဉ် ..

လဲလှယ်ရမည့်တန်ဖိုး - ကံကြမ္မာအမှတ်တစ်သန်း…”

“ဗုဒ္ဓလက်ဝါးကျင့်စဉ် .."

ဤနေရာတွင် ရှိနေသော လူများက ထိုပြိုင်ဘက်ကင်း သိုင်းပညာအကြောင်းကို ကြားခဲ့ဖူးသည်။ သူတို့အားလုံးက မယုံကြည်နိုင်သလို ဖြစ်နေကြ၏။

အကြီးဆုံး သိုင်းဂိုဏ်းကြီးများထဲတွင် နှစ်ခုက မပြည့်စုံသော ထိုသိုင်းပညာကို အခြေခံပြီး တည်ထောင်ထားခဲ့ခြင်း ဖြစ်သည်။ ထိုသိုင်းပညာက အထွဋ်အထိပ် ဗုဒ္ဓရွှေခနွာအဖြစ်ကို တိုက်ရိုက်ရရှိစေနိုင်၏။

မုန့်ချီ၏ ရင်ထဲတွင်တော့ မီးလောင်နေသလို ခံစားနေရပြီး သူတို့ရောက်နေသည့် လက်ရှိအခြေအနေကိုပင် မေ့လျော့သွားခဲ့သည်။ ကျန်းကျိဝေက ဒုတိယမျဉ်းကြောင်းကို ဖတ်မိပြီး အတော်လေးကို စိတ်လှုပ်ရှားသွားသည်။

"ကောင်းကင်ဖျက် ဓား(၇)ချက် ..

တတိယသိုင်းကွက်နဲ့ ဆဌမသိုင်းကွက် ပျောက်ဆုံး....

လဲလှယ်ရမယ့် တန်ဖိုး - ကံကြမ္မာအမှတ် (၇)သိန်းခွဲ ..”

ကျန်းယွင်ရှန်က လက်သီးနှစ်ဖက်ကို တင်းတင်းဆုပ်ထားလိုက်သည်။ ကျန်းဝူဂိုဏ်း၏ အခြေခံသိုင်းပညာနှစ်ခုက ထိုကောင်းကင်ဖျက်ဓား(၇)ချက်မှ သတ္တမသိုင်းကွက်အပေါ် အခြေခံပြီး ဆင်းသက်လာ၏။

ချင်ကျင်းကလည်း ခဏကြာ မင်တက်သွားမိသည်။ ထို့နောက် သူက လှောင်ပြောင်လိုက်သည် ။

"တတိယနှင့် ဆဌမသိုင်းကွက် ပျောက်နေမှတော့ ခင်ဗျားတို့ဆီမှာ အရာအားလုံး မရှိနိုင်တော့ဘူးလေ..."

သူ၏ရယ်သံက အတော်လေးကို တိုးသည်။ အဘယ်ကြောင့်ဆိုသော် သူပျောက်ဆုံးသည် ဟူသော အရာက အမှန်တကယ် ရှိနေတဲ့အရာကို မယှဉ်နိုင်ခြင်းကြောင့် ဖြစ်၏။ ယခုတော့ သူတို့ဆီတွင် အရာအားလုံး ရှိမနေကြောင်း သူကိုယ်တိုင်ပင် လက်မခံချင်ဘဲ လက်ခံလိုက်ရ၏။

"တတိယနှင့် ဆဌမဓားသိုင်းကွက်ပဲ ပျောက်နေတာလေ ......"

ကျန်းကျိဝေ၏ နှုတ်ခမ်းလေးက အနည်းငယ် တုန်ရီနေခဲ့သည် ။ အလွန်လှပသော သူမ၏မျက်နှာလေးကလည်း ဝင်းလက်တောက်ပနေခဲ့၏။

ကောင်းကင်ဖျက်ဓား (၇)ချက်က သူမ၏ဘဝတွင် အကြီးမားဆုံး အိမ်မက်တစ်ခု ဖြစ်နိုင်သည်။ ကျိကျန်းစံအိမ်ကို တည်ထောင်ခဲ့သူက ကောင်းကင်ဖျက်ဓား(၇)ချက်၏ ပထမဆုံးသိုင်းကွက်ကို ကံကောင်းထောက်မပြီး တွေ့ရှိခဲ့သည်။ ထိုဓားကွက်၏ နာမည်က တာအိုကိုဖျက်စီး၍ အမှန်တရားကို ရှာဖွေခြင်းဟူသော ဓားကွက်ဖြစ်သည်။

ထိုဓားကွက်ကို အခြေပြု၍ ထိပ်သီးဓားသိုင်းပညာများစွာကို ဖန်တီးနိုင်ခဲ့သည်။ ထို့ကြောင့် သူက ထိပ်သီးတာအိုပညာရှင်ဟူသော နာမည်ကိုပင် ရခဲ့ပြီး ကောင်းကင်ဖျက်ဓား(၇)ချက်၏ တစ်ခြားသောသိုင်းကွက် (၆)ခုကို မရနိုင်သည့်အတွက် နောင်တရနေကြောင်း အမြဲလိုလို ပြောခဲ့ဖူးသည်။

မုန့်ချီက ခက်ခက်ခဲခဲ တံတွေးမျိုချလိုက်ပြီး စာရင်း၏အောက်ဘက်ကို ငုံကြည့်လိုက်သည်။ ထိုအချိန်တွင် သူနှင့် အလွန်ရင်းနှီးနေသော နာမည်တစ်ခုကို တွေ့လိုက်ရ၏ ။

“ပြီးပြည့်စုံ‌သော ဆန်းကြယ်မှုရှစ်ကိုးသွယ် ..

လဲလှယ်ရမည့်တန်ဖိုး - ကံကြမ္မာအမှတ် (၉)သိန်းခွဲ ...."

"ဆန်းကြယ်မှုရှစ်ကိုးသွယ်....

ငါဘာလို့ အဲဒီနာမည်ကို မကြားဖူးရတာလဲ…"

ချင်ကျန်းက စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

ကြည့်ရသည်မှာ သူက သံသရာ အရှင်သခင်ကို လှောင်ပြောင်ခဲ့မိကြောင်းပင် မေ့လျော့သွား၏။ ကျန်းကျိဝေ ၊ ကျန်းယွင်ရှန်၊ ချီရှနှင့် တစ်ခြားသူများကလည်း ခေါင်းခါပြလိုက်ကြသည်။ သူတို့ကလည်း ထိုအရာကို ကြားဖူးပုံ မရချေ။

မုန့်ချီ တစ်ယောက်တည်းသာ စိတ်ထဲတွင် ကျယ်လောင်စွာ အော်လိုက်မိသည်။

"ဆန်းကြယ်မှုရှစ်ကိုးသွယ်လား..... ဆန်းကြယ်မှုရှစ်ကိုးသွယ်...."

စာမျက်နှာ‌ပေါ်တွင် ရှိနေသော သိုင်းပညာများအားလုံးထဲတွင် အများစုက ကျန်းကျိဝေနှင့် တစ်ခြားသူများ ကြားခဲ့ဖူးသော ဒဏ္ဍာရီ သိုင်းပညာများ ဖြစ်ခဲ့သည်။ ဥပမာအနေနှင့် ပြောရလျှင် နတ်ဆိုးဧကရာဇ်၏ နေ့စဉ်မှတ်တမ်း၊ လူသားဧကရာဇ်၏ ရွှေရောင်စာအုပ်၊ ဇာမဏီကျင့်စဉ် စသည့်အရာများ ဖြစ်ကြသည်။

ထိုအရာက ဂိုဏ်းအသီးသီး၏ အခြေခံသိုင်းပညာများ ဖြစ်ကြပြီး ဥပမာအနေနှင့် ပြောရလျှင် ကောင်းကင်ဧကရာဇ်သိုင်းကျင့်စဉ် ၊ ဖျက်စီးခြင်း(၇)သွယ် သိုင်းပညာ ၊ အထွဋ်အထိပ် ဓားကျင့်စဉ် စသည့်အရာများ ဖြစ်ကြသည်။

ထို့ပြင် ကောင်းကင်ဧကရာဇ်သိုင်းကျင့်စဉ်က အလယ်ပိုင်း ပျောက်ဆုံးနေပြီး လူသားဧကရာဇ်၏ ရွှေရောင်စာအုပ်က တတိယစာမျက်နှာ‌ပျောက်ဆုံးနေခြင်းကလွဲလျှင် တစ်ခြားအရာများ အားလုံးက ပြီးပြည့်စုံသော သိုင်းပညာများ ဖြစ်ကြသည်။

"ဒါ …ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ ..."

ကျန်းယွင်ရှန်က မျက်မှောင်ကြုတ်နေမိပြီး ကျန်းကျိဝေကလည်း သူမ၏ညာလက်ကို ဓားလက်ကိုင်ပေါ်သို့ တင်ထားခဲ့သည်။

သူတို့က ဂိုဏ်းထဲတွင် အတော်ဆုံးတပည့်များ ဖြစ်သည့်အတွက် သူတို့ဂိုဏ်း၏ ရတနာများကို ဤနေရာ၌ မြင်နေရပြီး အခမဲ့ လဲလှယ်ခွင့်ရနေသည်မှာ သူတို့ကို မသက်မသာ ခံစားရစေနိုင်သည်။

ပုံမှန်အခြေအနေမျိုးတွင်တော့ သူတို့၏သိုင်းပညာ ခိုးယူသွားသူများကို ဂိုဏ်းတစ်ဂိုဏ်းက လုံးဝခွင့်မလွှတ်တတ်ပေ။ အကယ်၍ သူတို့က ရေဆုံးမြေဆုံး လိုက်ရမည်ဆိုလျှင်ပင် ထိုလူကို ရှင်းလင်းသုတ်သင်တတ်သည်။

မုန့်ချီကတော့ တရားဝင် ရှောင်လင်တပည့်တစ်ယောက် မဟုတ်ချေ။ ထို့ကြောင့် သူက ထိုကဲ့သို့ ခံစားရခြင်းမရှိဘဲ သူ၏စိတ်ထဲတွင်တော့ ထိုသိုင်းပညာများကိုကြည့်ပြီး အတော်လေး အံ့ဩနေခဲ့၏။ သူက ထိုစာရင်း၏ အောက်ခြေတွင် ရှိနေသော သိုင်းပညာများကိုကြည့်ရင်း အတော်လေးလည်း စိတ်ဝင်စားနေခဲ့သည်။

ထိုနေရာတွင် အင်မော်တယ်များကို ဆန့်ကျင်နိုင်‌သော ကောင်းကင်နတ်ဆိုး၏ အစီအစဉ်များ ၊ ပဋိပက္ခစာအုပ် ၊ စိတ်ဝိညာဉ်သ‌န္ဓေသားကျင့်စဉ် စသည့်အရာများလည်း ရှိနေသည် ။

ထိုစာမျက်နှာပေါ်တွင် ဈေးအပေါဆုံး ကျင့်စဉ်ကတော့ ကံကြမ္မာအမှတ်(၁၅၀၀၀)ဖြစ်ပြီး ဈေးအများဆုံးကတော့ ကံကြမ္မာအမှတ်(၁)သန်းခန့် ရှိသော ဗုဒ္ဓလက်ဝါးကျင့်စဉ်နှင့် တခြားပြိုင်ဘက်ကင်းကျင့်စဉ်များ ဖြစ်ကြသည်။ ထိုအရာများက မုန့်ချီအတွက်တော့ အလွန်အမင်းကို စိတ်လှုပ်ရှားစရာ ကောင်းလွန်းလှ၏။

Translated by Hein Htet

All Chapters