← Chapters

အခန်း (၉)

Vol. 1 Ch. 9

အခန်း (၉)

Vol. 1 Ch. 9

“ဒီနေရာမှာ ကောင်းကင်မြို့တော်က ကျိုးကလန်ရဲ့ ကမ္ဘာတုန်လှုပ်ခြင်းစာအုပ်လည်း ရှိနေတာပဲ….”

ချီရှကတော့ ကျိုးမိသားစုအပေါ် အတော်လေး မကျေမနပ်ဖြစ်နေပုံရပြီး သူမ၏လေသံက ဝမ်းသာနေသည်မှာ သေချာသည်။

လော့ရန်မြို့တွင် နေထိုင်သော ကျိုးမိသားစုက အထက်တန်းလွှာ မိသားစုထဲမှာ တစ်ခု အပါအဝင်ဖြစ်ပြီး လက်ရှိကျင်းအင်ပါယာ၏ တော်ဝင်မိသားစုလည်း ဖြစ်သည်။ မုန့်ချီက ရွှမ်ရှင်းဆီမှနေ၍ ထိုအရာကို ကြားခဲ့ဖူး၏။

အလယ်ခေတ်နှောင်းပိုင်းတွင် အထက်တန်းလွှာ မိသားစုများက ပူးပေါင်းကြပြီး သိုင်းဂိုဏ်းကြီးများကို ဖိနှိပ်လာကြသည်။ သူတို့က အင်ပါယာတစ်ခုကို တည်ထောင်ပြီး အစွမ်းထက်ဆုံး အထက်တန်းလွှာ မိသားစုကို တော်ဝင်မိသားစုအဖြစ် ရွေးချယ်ကြသည်။ ရလဒ်အနေနှင့် ထိုမိသားစုများက သိုင်းဂိုဏ်းများကို ထိပ်တိုက်ရင်ဆိုင်ခဲ့ကြသည်။

သို့သော် အင်ပါယာ ဖြစ်လာသော အထက်တန်းလွှာ မိသားစုက အကျိုးအမြတ် မြောက်များစွာ ရရှိခဲ့သည့်အတွက် သိုင်းဂိုဏ်းများက အခြားသော အထက်တန်းလွှာ မိသားစုများနှင့် ရန်တိုက်ပေးခဲ့သည်။

ထို့ကြောင့် တိုင်းရေးပြည်ရေးက မျိုးဆက်ပေါင်းများစွာ ကွဲပြားလာခဲ့ပြီး လက်ရှိအချိန်တွင်တော့ အကြီးမားဆုံး အင်ပါယာကြီးနှစ်ခုက ကျင်းအင်ပါယာနှင့် မြောက်ပိုင်းကျိုးအင်ပါယာတို့ ဖြစ်ကြသည်။

ကျင်းအင်ပါယာတွင် စုစုပေါင်း အလွန်နာမည်ကျော်ကြားသော အထက်တန်းလွှာ မိသားစု(၉)ခု ရှိနေပြီး မိသားစုတစ်ခုချင်းဆီက ထိပ်သီးသိုင်းဂိုဏ်းကြီးများကဲ့သို့ အလားတူ အစွမ်းထက်ကြသည်။

တစ်ဖက် မြောက်ပိုင်း ကျိုးအင်ပါယာတွင်တော့ အလွန်အစွမ်းထက်သော အထက်တန်းလွှာ မိသားစု (၅)ခုသာ ရှိ၏။ ထို့ကြောင့် သူတို့က သိုင်းဂိုဏ်းကြီးများကို ရင်ဆိုင်ရာတွင် အနည်းငယ်ကွာဟမှု ရှိနေသည်။

“ဒီနေရာမှာ ချန်အန်းမှာရှိတဲ့ ကောင်းမိသားစုရဲ့ သဏ္ဍာန်မဲ့သိုင်းကျမ်းလည်း ရှိနေတာပဲ။ ပြီးတော့ ကောင်းကင်လက်သီးသိုင်းကလည်း ကမ္ဘာတုန်လှုပ်ခြင်းစာအုပ်နဲ့ ဈေးတူနေတယ်။ အဲဒါက ကံကြမ္မာအမှတ် (၁)သိန်းခွဲ ရှိတယ်…”

“သူတို့တွေက ငါ့ရဲ့ဂိုဏ်းမှာရှိတဲ့ ကောင်းကင်ဧကရာဇ်ကျင့်စဉ်ထက် ပိုပြီးဈေးနည်းတယ်။ ကောင်းကင်ဧကရာဇ်ကျင့်စဉ်က ကံကြမ္မာအမှတ်(၂)သိန်းခွဲနဲ့ လဲရတာ။ ပြီးတော့ ကောင်းကင်ဧကရာဇ်ရဲ့ ကျောက်စိမ်းစာအုပ်ကလည်း မပြည့်စုံဘူး…”

ချင်ကျင်းက ဝမ်းသာအားရ ပြောလိုက်သည်။

ဤနေရာတွင် ရှိနေသော လူငယ်လေးများကတော့ ထူးဆန်းသော နေရာတစ်ခုကို ယာယီရောက်ရှိနေကြောင်းကိုပင် မေ့လျော့သွားခဲ့ကြသည်။ သူတို့က သူတို့ဂိုဏ်းတွင် ရှိနေသော သိုင်းပညာများ၏ဈေးနှုန်းကို နှိုင်းယှဉ်ပြီး အချင်းချင်း လှောင်ပြောင်နေကြသည်။

ထိုပြိုင်ပွဲ၏ ရလဒ်ကြောင့် ချင်ကျင်းက အတော်လေးကို ဝမ်းသာပြီး ဂုဏ်ယူနေခဲ့သည်။ ချန်အန်းမှ ကောင်းမိသားစုက မြောက်ပိုင်းကျိုးအင်ပါယာ၏ တော်ဝင်မိသားစုလည်း ဖြစ်သည်။

“ဒီစာရင်းထဲမှာ အရင်တုန်းက မကြားဖူးတဲ့ ထိပ်သီးသိုင်းပညာ‌တွေ အများကြီးရှိတယ်…”

သူမ၏ဂိုဏ်းမှ ထိပ်သီးသိုင်းကျင့်စဉ်က ကံကြမ္မာအမှတ် (၂)သိန်းခွဲသာ တန်ဖိုးရှိကြောင်း ကြားရသည့်အချိန်တွင် ကျန်းကျိဝေက အနည်းငယ် မကျေမနပ်ဖြစ်သွားပြီး ခေါင်းစဉ်ပြောင်းလိုက်သည်။

မုန့်ချီက ခေါင်းညိတ်ပြလိုက်၏။

“ဟုတ်တယ်….”

သူကတော့ စာရင်းထဲတွင် ရှိနေသော သိုင်းကျမ်းတစ်ဝက်ကျော်ကို မသိခဲ့ပေ။ သံသရာအရှင်သခင်က စာရင်းကိုကြည့်ရန် အချိန်ပိုမပေးခဲ့ပေ။

အလင်းမျက်နှာပြင်က စာရွက်တစ်ရွက်လှန်သွားပြီး ဒုတိယစာမျက်နှာတွင်တော့ ဓမ္မကာရ တစ်နည်းအားဖြင့် ‘အင်မော်တယ်အဆင့်သိုင်းကျမ်း’ဟူသော ခေါင်းစဉ်ကို ရေးထိုးထားသည်။ ထိုအလင်းမျက်နှာပြင်က (၁၀)မီတာကျော် အမြင့်ရှိပြီး စာမျက်နှာ(၃)ခုပေါ်တွင် သိုင်းကျမ်းများအားလုံးကို ပြသထားသည်။

ထိုသိုင်းကျမ်းများ၏ နာမည်ပေါ်လာသည်မှာ တစ်စက္ကန့်ပင် မကြာသော်လည်း မုန့်ချီကတော့ ရင်းနှီးသော နာမည်အချို့ကို မြင်တွေ့လိုက်ရသည်။ ဥပမာအနေနှင့် ပြောရရင် အထွဋ်အထိပ် သိုင်းကျမ်း ၊ ဖျက်ဆီး၍ မရနိုင်သော ခန္ဓာကျင့်စဉ်နှင့် ဗုဒ္ဓလက်ဝါးကျင့်စဉ်ထဲရှိ သီးခြားသိုင်းကွက်များ၊ ကောင်းကင်လက်ဝါး(၇)ချက်တို့ ပါဝင်နေခဲ့သည်။ ထိုသိုင်းပညာများ၏ ဈေးနှုန်းက (၁)သောင်းမှနေ၍ (၁၃၀၀၀၀)အထိ အမျိုးမျိုး ရှိနေခဲ့သည်။

ထို့နောက် အလင်းမျက်နှာပြင်ပေါ်တွင် ဝေ့ကျင်းအဆင့် ထိပ်သီးသိုင်းပညာများဟူသော ခေါင်းစဉ် ပေါ်လာခဲ့သည်။ ထို့နောက် ချီကျင့်ကြံသူများအတွက် သိုင်းပညာများ၊ အခြေခံတည်ဆောက်နေသူများအတွက် သိုင်းပညာများ၊ တစ်ဆင့်ပြီး တစ်ဆင့် ပြသလာခဲ့သည်။ မုန့်ချီကတော့ အနန္တဓားသိုင်းပညာကိုလည်း ဝိုးတဝါးတွေ့လိုက်ရပြီး နိုင်းယန်နတ်ဘုရားကျင့်စဉ်နှင့် နိုင်းယင်နတ်ဘုရားကျင့်စဉ်တို့လည်း တွေ့လိုက်ရသည်။

“လော်ဟန့်လက်သီးသိုင်းကျမ်း

လဲလှယ်ရမည့်ပမာဏ - ကံကြမ္မာအမှတ်(၂)မှတ်..”

မုန့်ချီက ထိုစာမျက်နှာ၏ နောက်ဆုံးစာကြောင်း နောက်ဆုံးစာရွက်တွင် ထိုအရာကို တွေ့လိုက်ရသည်။ ရုတ်တရက်ဆိုသလို သူက မည်မျှဆင်းရဲနေကြောင်း နားလည်သွားသည် ။

“ဒါက သိုင်းကြမ်းတွေကို လဲလှယ်ရမယ့် တန်ဖိုးတွေပဲ။ တကယ်လို့ မင်းတို့က ကနဦးသင်ကြားတဲ့ ဖြစ်စဉ်တွေကို ကျော်ချင်တယ်ဆိုရင်တော့ မူလတန်ဖိုးရဲ့(၂)ဆကနေ (၅)ဆ လောက်အထိ လျော့ကျသွားနိုင်တယ်…” သံသရာအရှင်သခင်က ပြောလိုက်၏။

သူ၏အေးစက်သော လေသံနှင့်အတူ ငွေရောင်အလင်းမျက်နှာပြင်၏ နေရာတွင် ရွှေရောင်အလင်း မျက်နှာပြင်တစ်ခုအစား ထိုးလာခဲ့သည်။

“ပြိုင်ဘက်ကင်း နတ်ဘုရားလက်နက်စာရင်း..”

မုန့်ချီက ထိပ်ဆုံးခေါင်းစဉ်ကို ဖတ်ကြည့်လိုက်၏။

“လူသားဧကရာဇ်ကိုယ်တိုင် ဖန်တီးထားတဲ့ လူသားဧကရာဇ်ဓား၊ အဆင့်(၁)လို့ သတ်မှတ်နိုင်တယ်။ ပျောက်ဆုံး ။ လဲလှယ်ရမည့် ကံကြမ္မာအမှတ် - (၉)သိန်း..”

ကျန်းကျိဝေက နောက်ထပ်စာတစ်ကြောင်းကို ဖတ်ကြည့်လိုက်တယ်။ ထို့နောက် သူမက ရယ်လိုက်၏။

“ဒီစာမျက်နှာပေါ်မှာတော့ ပျောက်ဆုံးနေတဲ့ လက်နက်တွေ တော်တော်များတာပဲ…”

ထိုစာမျက်နှာပေါ်တွင် နတ်ဘုရားလက်နက် (၁၀)ခုရှိပြီး (၆)ခုက ပျောက်ဆုံးနေသည်။

ချင်ကျင်းက ကျယ်လောင်စွာ ရယ်လိုက်၏။

“ဟုတ်တယ် ။ အချိန်အရိပ်သိုင်းက ရွှမ်တျန်းဂိုဏ်းမှာ ရှိတယ်လို့ ဘယ်သူက သိမှာလဲ။ အချိန်ဆိုတာက ဓားသွား တစ်ချောင်းပဲလေ။ အဲဒါက အချိန်မရွေးသေဆုံးခြင်းကို တွန်းပို့ပေးနိုင်တယ်…”

သူကတော့ တတိယနေရာတွင် ရှိနေသော နတ်ဘုရားလက်နက်အကြောင်းကို ပြောလိုက်သည်။

“အချိန်အရိပ်ဓားကို ကောင်းကင်ဧကရာဇ်က ဖန်တီးထားတယ်လို့ သံသယရှိရတယ်။ ခန့်မှန်းလို့ မရနိုင်တဲ့နေရာမှာ ပျောက်ဆုံးနေတယ်။ လဲလှယ်ရမယ့်တန်ဖိုး - ကံကြမ္မာအမှတ် (၉)သိန်း…”

ထိုစာမျက်နှာပေါ်တွင် ပျောက်ဆုံးမနေသော အရာကတော့ သတ်ဖြတ်ခြင်းအရာတွင် နံပါတ်(၁)ဖြစ်သော ငရဲပင်လယ်ဓား ၊ ဆန်းကြယ်မှုအရာတွင် နံပါတ်(၁)ဖြစ်သော သံသရာတံဆိပ်၊အဆိပ်နှင့် ထိခိုက်မှုတွင် နံပါတ်(၁)ဖြစ်သော နတ်ဆိုးဧကရာဇ်၏ လက်သည်းနှင့် လက်နက်တိုင်းကို စွမ်းအားဆုံးရှုံးသွားနိုင်သော ဗောဓိမှော်သစ်ပင် စသည့်အရာများ ရှိနေသည်။

“သူတို့ဆီမှာ အဲဒီအရာတွေအားလုံး ရှိနေမယ်လို့ မယုံနိုင်ဘူး…”

မုန့်ချီကတော့ နောက်တစ်ကြိမ် အိပ်မက် မက်နေသလို ခံစားနေရ၏။ ထိုလက်နက်များက ဒဏ္ဍာရီထဲတွင်သာ ရှိနေကြခြင်း ဖြစ်သည်။

ထိုအခြေအနေတွင် မုန့်ချီကတော့ နောက်ပိုင်းစာရွက်များတွင် ရှိနေသော မှော်လက်နက်များနှင့် လှည့်ကွက်စာရင်း၊ အဖိုးတန်လက်နက်များနှင့် အစွမ်းထက်လက်နက်များစာရင်း၊ အကြိမ်(၁၀၀) ထုဆစ်သန့်စင်ထားသော လက်နက်များစာရင်း၊ သာမန်လက်နက်များစာရင်း စသည့်လက်နက်များကိုပင် စိတ်မဝင်စားတော့ပေ။

ထိုအချိန်တွင် တကျန်းအဖွဲ့အစည်းမှ ချီရှက အလေးအနက် မေးလိုက်သည်ကို ကြားလိုက်ရသည်။

“လန်းယ မှာနေထိုင်တဲ့ ယွမ်မိသားစုရဲ့ ဆုံးဖြတ်ရေးမျဉ်းကြိုးက ပျောက်ဆုံးနေတယ်ဆိုတာ လုံးဝမကြားဖူးသေးဘူး။ ဘာလို့မှော်ရတနာ လက်နက်စာရင်းမှာ ပျောက်ဆုံးလို့ ပြောထားရတာလဲ…”

သူမကတော့ အလွန်ထူးဆန်းသောစာရင်းကို စတင်ယုံကြည်လာပုံရသည်။ ကျန်းကျိဝေက ခေါင်းညိတ်ပြလိုက်၏။

“အဲဒီလိုဆိုရင် ကျိကျန်းဂိုဏ်းမှာ လက်ရှိ ရှိနေတဲ့ ကိုယ်တိုင်ဖျက်ဆီးရေးဓားကလည်း ပျောက်ဆုံးနေတယ်လို့ ပြောနိုင်တယ်…”

“အဲဒီလိုပဲ ဖြစ်လိမ့်မယ်…”

သူမက စကားကို မဆုံးရသေးခင် လူတိုင်းဆီ၌ တူညီသောအတွေးတစ်ခု ပေါ်လာခဲ့သည်။ ယွမ်မိသားစုက သူတို့၏ ဘိုးဘေးလက်နက်ကို ဆုံးရှုံးသွားသော်လည်း လျှို့ဝှက်ထားခြင်း ဖြစ်မည်ဟု နားလည်သွားကြသည်။

လန်းယမှ ယွမ်မိသားစုက ကျင်းအင်ပါယာထဲတွင် အကြီးဆုံး အထက်တန်းလွှာ မိသားစုကြီး(၉)ခုထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။

အလင်းမျက်နှာပြင်က အောက်ကို ဆက်၍ ကျဆင်းလာပြီး တဖြည်းဖြည်း စိမ်းပြာရောင် ပြောင်းလဲလာခဲ့သည်။ ထူးခြားဆန်းကြယ်သောဆေးများ၊ ကောင်းကင်ပေါ်မှ ရတနာများ၊ ကောင်းကင်နှင့် မြေအောက်ထဲမှ ရတနာများ၊ စသည့်အရာမျိုးစုံကို ပြသနေခဲ့သည်။

ထိုနေရာတွင် မုန့်ချီက တလောင်ရွှေဆေးရည်ကိုလည်း တွေ့ခဲ့ရသည်။ ထိုအရာကို ကံကြမ္မာအမှတ်(၃)သိန်းနှင့် လဲလှယ်နိုင်ပြီး သေဆုံးသူကို ပြန်ရှင်လာအောင် လုပ်ဆောင်ပေးနိုင်သည်။

ထို့ပြင် ချီစွမ်းအင်ပြန်ဖြည့်ခြင်းဆေးလုံးကဲ့သို့ သာမန်ဆေးလုံးများလည်း ရှိနေသေးသည်။ ထို့ပြင် ငွေစများပင် ရနိုင်သေးသည်။ ကံကြမ္မာအမှတ်တစ်ခုကို ငွေစ(၅၀)နှင့် လဲလှယ်နိုင်ပြီး ကံကြမ္မာအမှတ်ကိုတော့ ငွေစနှင့် ပြန်လဲလှယ်၍ မရပေ။

သိပ်မကြာခင် အလင်းမျက်နှာပြင်က ပျောက်ကွယ်သွားသည်။ ထို့ကြောင့် အလဲအလှယ် လုပ်နိုင်သည်မှာ ထိုအရာများအားလုံးသာ ဖြစ်ကြောင်း ဆိုလိုနေသည်။ မုန့်ချီကတော့ အနည်းငယ် စိတ်ပျက်သွား၏။ သူကတော့ သွေးစုပ်ဖုတ်ကောင် မျိုးဆက်များ၊ သောရ် (Thor) ၏ မော်ရင်းဂျား တူ တို့ကို လဲလှယ်၍ ရနိုင်မည်ဟု တွေးမိခဲ့သည်။ ကြည့်ရတာ ဤနေရာတွင် သံသရာကမ္ဘာကြီးနှင့် ပတ်သတ်၍သာ ရှိပုံရသည်။

ထိုသံသရာကမ္ဘာကြီးကတော့ ဝူရှအပြင်အဆင်မျိုး ရှိနေသော ရှန်းရှကမ္ဘာကြီးတစ်ခုဟု ပြောလျှင် ပို၍ကိုက်ညီပါလိမ့်မည်။

“ငါတို့က ဒီသံသရာကမ္ဘာကြီးကနေ ထွက်သွားချင်တယ်ဆိုရင် ဘာလုပ်ရမှာလဲ…” ကျန်းယွင်ရှန်က ရုတ်တရက် မေးလိုက်သည်။ ထိုမေးခွန်းကြောင့် လူတိုင်းက နောက်တစ်ကြိမ် သတိထားလာကြ၏။

စာရင်းတွင် ပြသထားသော အရာများက အလွန်အမင်း ဆွဲဆောင်မှုရှိသော်လည်း အန္တရာယ်များက အလွန်အမင်းကို များပြားနိုင်သည်။ သူတို့က သူတို့၏အသက်ကို မရင်းချင်ကြပေ။

မုန့်ချီ၊ ကျန်းယွင်ရှန်၊ ကျန်းကျိဝေ၊ ချင်ကျင်းနှင့် ချီရှ တို့ကတော့ သူတို့၏ဂိုဏ်းအသီးသီးတွင် အထူးချွန်ဆုံးနှင့် မျှော်လင့်ချက်အရှိဆုံး တပည့်များ ဖြစ်ကြသည်။ အနာဂတ်တွင် သူတို့ကလည်း သူတို့ဂိုဏ်း၏ ထိပ်သီးသိုင်းပညာများကို သင်ယူရန် အခွင့်အရေးရှိနိုင်သည်။

တစ်ဖက်တွင် မုန့်ချီကတော့ ယခုမှ ရက် (၁၀၀)အခြေခံကျင့်စဉ်ကို ပြီးဆုံးထားခြင်း ဖြစ်သည်။ သူက လော်ဟန့်လက်သီးအကြောင်းကိုပင် အနည်းငယ်လေးသာ သိထားသေး၏။ ထို့ကြောင့် သူက ယခုလို စွန့်စားခန်းထဲသို့ ရောက်လာသည်မှာ အတော်လေးကို စောလွန်းနေသေးပြီး အတော်လေးလည်း အားနည်းနေသေးသည်။

“မင်းတို့က အပြင်ဘက်ကမ္ဘာလက်မှတ်အတွက် ကံကြမ္မာအမှတ်(၃)သိန်းနဲ့ လဲလှယ်လို့ ရနိုင်တယ်။ ဒါဆိုရင်တော့ သံသရာကမ္ဘာကြီးထဲကနေ ထွက်သွားလို့ရပြီ”

သံသရာအရှင်သခင်၏ လေသံက အလွန်အေးစက်နေသည်။

“ကံကြမ္မာအမှတ်တွေ လိုချင်တယ်ဆိုရင် ပေးအပ်တဲ့တာဝန်တွေကို လုပ်ဆောင်ပြီး ပစ္စည်းတွေနဲ့လည်း အလဲအလှယ်လုပ်လို့ရမယ်။ တကယ်လို့ မင်းတို့ရဲ့လက်ထဲမှာ ဒီစာရင်းထဲက ပစ္စည်းတစ်ခုခုရှိမယ်ဆိုရင် မင်းတို့က မူလတန်ဖိုးရဲ့(၃၀)ကနေ (၅၀)ရာခိုင်နှုန်းအထိ ပြန်ရနိုင်တယ်။ တကယ်လို့ စာရင်းထဲမှာ မရှိတဲ့ပစ္စည်းတစ်ခုခုနဲ့ ဆိုရင်တော့ အခြေအနေပေါ်မူတည်ပြီး အပိုဆုကြေးပါ ရနိုင်တယ်”

“ဟမ်၊ ဒါဆိုရင် ကောင်းကင်ဧရာဇ်ရဲ့ ကျောက်စိမ်းစာအုပ်အလယ်ပိုင်းကို ခိုးနိုင်မှပဲ အပြင်ဘက် ကမ္ဘာလက်မှတ်ကို ရနိုင်မှာပေါ့…”

ချင်ကျင်းက ဒေါသတကြီး ပြောလိုက်၏။

“မင်းတို့ရှောင်လင်က လူတွေ ဘာလုပ်ချင်နေတာလဲ…”

“ဟုတ်တယ် …မင်းက ရနိုင်တယ်…”

သံသရာအရှင်သခင်၏လေသံက လှုပ်ရှားသွားခြင်း မရှိချေ။

“မင်းတို့တွေက သံသရာကမ္ဘာကြီးအကြောင်းကို အပြင်လူတွေဆီ ပြောပြဖို့ ကြိုးစားမယ်ဆိုရင် ရှင်းပစ်ခံရလိမ့်မယ်။ အဖွဲ့သားအချင်းချင်း သတ်မယ်ဆိုရင် ဒါမှမဟုတ် တာဝန်တစ်ခုတည်း လုပ်ဆောင်နေတဲ့ လူအချင်းချင်းသတ်ပစ်မယ်ဆိုရင် မင်းတို့တာဝန်ကရတဲ့ဆုကြေး နှစ်ဆ သုံးဆ လောက်အထိ မင်းတို့ရဲ့ကံကြမ္မာအမှတ်ကို အနုတ်ခံရမယ်။ တကယ်လို့ မင်းတို့မှာ ပြန်ပေးဖို့ ကံကြမ္မာအမှတ်မရှိဘူးဆိုရင်တော့ ရှင်းလင်းသုတ်သင်ခံရမယ်။ တစ်ယောက်ယောက် လဲထားတဲ့သိုင်းကျမ်းကို တခြားတစ်ယောက်နဲ့ တိတ်တဆိတ် အလဲအလှယ် လုပ်မယ်ဆိုရင်လည်း နှစ်ယောက်လုံး ရှင်းပစ်ခံရမယ်။ တာဝန်ပေးအပ်တဲ့ကမ္ဘာကြီးကနေ ရလာတဲ့ သိုင်းကျမ်းတွေကတော့ ချွင်းချက်ပဲ…”

သံသရာအရှင်သခင်က စည်းမျဉ်းစည်းကမ်းများကို လေးနက်စွာ ကြေညာလိုက်သည်။

သူပြောပြီးသွားသည့်အချိန်တွင် ပတ်ဝန်းကျင်က စတင်ပြောင်းလဲလာပြီး မုန့်ချီနှင့် အခြားလူများက အမှောင်ထုကြီးထဲကို ကျရောက်သွားကြောင်း တွေ့လိုက်ရ၏။ သူတို့၏ရှေ့တွင် အလင်းရောင်တစ်ခု ပေါ်လာသည့်အချိန်၌ သူတို့က လမ်းကြောင်းတစ်ခုထဲသို့ ပို့ဆောင်ခံလိုက်ရကြောင်း နားလည်လိုက်သည်။

ပတ်ပတ်လည်တွင်တော့ ကျောက်နံရံများ ပြည့်နှက်နေခဲ့၏။ မြေပြင်ပေါ်တွင် အစိမ်းရောင်မီးများ တောက်လောင်နေပြီး စကားလုံးများ ပေါ်လာခဲ့သည်။

“ရင်ဟွမ်ရဲတိုက်ပိုင်ရှင်က စိတ်ထိန်းချုပ်ရေးဆေးလုံးကို တီထွင်ပြီး ထီးနန်းကို လုယူဖို့ ကြိုးစားနေတယ်။ သူက ဂိုဏ်းအသီးသီးရဲ့ခေါင်းဆောင်တွေကို တိတ်တဆိတ် ထိန်းချုပ်ချင်နေတာ။ ဒါပေမယ့် သူ့ရဲ့အကြံအစည်ကို သူရဲကောင်း မာလျန့်ဟန်က တွေ့သွားခဲ့တယ်။ သူရဲကောင်း မာလျန့်ဟန်က အခြားသူရဲကောင်း(၃)ယောက်ကို ဖိတ်ခေါ်ပြီး ရင်ဟွမ်ရဲတိုက်ထဲကို ကျူးကျော်လာခဲ့တယ်။ ဒါပေမယ့် သူတို့တွေက သတိမထားမိခဲ့ကြတဲ့အတွက် အခုရဲတိုက်ထဲမှာ ပိတ်မိနေကြပြီ။ မင်းတို့ရဲ့ အဓိကတာဝန်က (၆)နာရီအတွင်း ရင်ဟွမ်ရဲတိုက်သခင်ကို သတ်ပစ်ရမယ်။ ပါဝင်တဲ့သူတွေအားလုံး ကံကြမ္မာအမှတ်(၅၀)ရမယ်။ တကယ်လို့ မအောင်မြင်ရင်တော့ မင်းတို့အားလုံး သတ်ပစ်ခံရမယ်…”

“မင်းတို့ရဲ့ သီးခြားတာဝန်တစ်ခုက ရဲတိုက်ထဲမှာ ပိတ်မိနေတဲ့ ပညာရှင်(၄)ယောက်ကို ကယ်ရမယ်။ မင်းတို့က လူတစ်ယောက်ကို ကယ်ပြီးတိုင်း ကံကြမ္မာ အမှတ်(၁၀)မှတ်ရမယ်။ တကယ်လို့ ဒီတာဝန်ကိုမအောင်မြင်ဘူးဆိုရင်တော့ အပြစ်ပေးမှုမရှိဘူး…”

စက္ကန့်အနည်းငယ်ကြာပြီးနောက် အရာအားလုံးကပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။

“ဟမ်.. ရှောင်လင်က ဒီအရာတွေ အားလုံးကို ဖန်တီးထားတာပဲ…”

ချင်ကျင်းက အလွန်ဒေါသထွက်နေပြီး မျက်နှာလည်း ပျက်နေသည်။

“ငါကတော့ ဒီလိုထူးဆန်းတဲ့ တာဝန်ကို မလုပ်နိုင်ဘူး။ မင်းတို့်က ဘာလုပ်ကြမှာလဲ…” သူက မုန့်ချီကို ကြည့်ပြီး ထိုကဲ့သို့ တာဝန်တစ်ခု ရှိနေမည်ဟု နားမလည်နိုင်ခဲ့ပေ။

မုန့်ချီကတော့ ပုခုံးတွန့်လိုက်ပြီး စကားတစ်ခွန်းမျှ ဝင်မပြောခဲ့ပေ။ စိတ်ထဲတွင်သာ တီးတိုးစဉ်းစားနေခဲ့၏။

“မင်းက ငါ့ကို ဒီလိုအဆုံးမဲ့ကမ္ဘာကြီးထဲက ပုံပြင်တစ်ပုဒ်ကို ပြောပြစေချင်နေတာလား။ ငါလည်း ဘာမှမသိဘူး…”

ရုတ်တရက်ဆိုသလို ကျန်းကျိဝေက သူမ၏ဓားကို ဆွဲထုတ်လိုက်သည်။ ထိုဓားဆီမှ ထွက်ပေါ်လာသောအသံက နဂါးတစ်ကောင်၏ အော်သံကဲ့သို့ ထင်မှတ်ရ၏။ သူမက အလွန်တည်ငြိမ်နေသော အမူအရာနှင့် လူတိုင်းကို ကြည့်နေခဲ့၏။

“ငါတို့က ဒီတာဝန်ကို ပြီးအောင်လုပ်လိုက်တာက ပိုပြီးကောင်းမယ်လို့ထင်တယ်။ ငါတို့ကို တစ်နေရာကနေ တစ်နေရာ ပို့ပေးနိုင်တဲ့သူက ငါတို့ကိုလည်း သေချာပေါက် အလွယ်တကူ သတ်ပစ်နိုင်မှာပဲ။ အဲဒါက ဓမ္မကာရအဆင့်ရဲ့ အထက်မှာရှိနေတဲ့ အင်မော်တယ် တစ်ယောက်ဖြစ်နိုင်တယ်။ ဒါကြောင့် ငါတို့က သူ့အမိန့်အတိုင်းလုပ်ပြီး ဘာတွေဖြစ်လာမလဲ ကြည့်တာ ကောင်းမယ် ..”

သူမက နောက်ဆုံးစကားကိုပြောလိုက်ပြီးနောက် အပေါ်သို့မော့ကြည့်လိုက်သည်။

“ငါလည်း ညီမလေးကျန်းရဲ့ စကားကို လက်ခံတယ် ..”

ကျန်းယွင်ရှန်က ခေါင်းညိတ်ပြလိုက်၏။

ချီရှကလည်း ထိုအရာကို စဉ်းစားကြည့်လိုက်ပြီး သူမ၏ရေကုန်းတန်းဓားရှည်ကို ဆွဲထုတ်လိုက်ရာ အလွန်လှပသော အပြာရောင်အလင်းတန်းတစ်ခု တောက်ပလာခဲ့သည်။

“အခုဖြစ်နေတဲ့အရာတွေကို ငါတို့ဘာမှမပြောင်းလဲနိုင်ဘူး။ ဒါပေမယ့် ထိုင်စောင့်နေလို့လည်း မရဘူး။ သံသရာအရှင်သခင်ရဲ့စကားအရ ငါတို့က တာဝန်တစ်ခုပြီးသွားတဲ့အချိန်တိုင်း အချိန်အတိုင်းအတာတစ်ခုအထိ ငါတို့ရဲ့ကမ္ဘာကြီးကို ပြန်သွားလို့ရတယ်။ ဒီတော့ ငါတို့ကပြန်သွားပြီးမှပဲ တခြားအဖြေတွေကို စဉ်းစားကြည့်တာ ကောင်းမယ်။ အခုတာဝန်ကိုပြီးအောင်ပဲ လုပ်ကြစို့….”

သူမက အရပ်ရှည်ရှည် ပိန်သွယ်သွယ်ရှိပြီး ကိုယ်ကြပ်အင်္ကျီကို ဝတ်ဆင်ထားသည်။ သူမ၏အသားအရည်က အနည်းငယ်ညိုသော်လည်း သူမ၏ပုံစံက အတော်လေးကို ပျော့ပျောင်းပုံရသည်။ ထို့ကြောင့် သူမက အလွန်ပြီးပြည့်စုံသော တောင်ပိုင်းမိန်းမပျို တစ်ယောက်၏ ပုံစံနှင့် လိုက်ဖက်ညီလွန်းလှသည်။

“ကျွန်တော်ကတော့ တတိယသခင်မလေးရဲ့ စကားကိုပဲ နားထောင်မယ်…” ရန်ဝူကျန်းက တုန်ယင်နေသော အမူအရာနှင့် ပြောလိုက်သည်။

မုန့်ချီက သူ့ကို လှည့်ကြည့်လိုက်၏။ သူကတော့ ယုန်ငယ်လေးတစ်ကောင်ကဲ့သို့ ကြောက်နေသော ထိုလူသန်ကြီးကို နားမလည်နိုင်တော့ပေ။ နတ်ဆိုးလက်သီး အရှင်သခင်ဖြစ်သော ယက္ခပျံရန်ဝူဝိုနှင့် ယှဉ်လိုက်မည်ဆိုလျင် သူတို့၏ကွာဟမှုက အလွန်ကြီးမားလှသည်။ အထူးသဖြင့် သူတို့နှစ်ယောက်စလုံးက ရန်မိသားစုမှ ဝူမျိုးဆက်များ ဖြစ်ကြသည်။

ဟွမ်ဟွာဂိုဏ်းမှ ချီကျန်းရန်ကလည်း အနည်းငယ်ခေါင်းညိတ်ပြလိုက်၏။

“ငါက အတွေ့အကြုံနဲ့ ဗဟုသုတမရှိပေမယ့် မိန်းခလေးကျန်းရဲ့စကားကို လက်ခံတယ်..”

ချင်ကျင်းက နှုတ်ခမ်းကို ကိုက်လိုက်မိပြီး နံရံပေါ်တွင် ရှိနေသော မီးတုတ်ကို လှမ်းကြည့်လိုက်သည်။ နောက်ဆုံးတွင်တော့ သူလည်း ဘာမျှမတတ်နိုင်ဘဲ ပြောလိုက်၏။

“ငါကတော့ ဒီတာဝန်ကိုမကြောက်ပါဘူး။ ဒါပေမယ့် ဒီနေရာမှာ တစ်ယောက်ယောက် သေသွားမယ်ဆိုရင် ငါ့ကိုအပြစ်မတင်နဲ့…”

“သေတာရှင်တာကတော့ ကောင်းကင်က ဆုံးဖြတ်ပေးပါလိမ့်မယ်…”

အဖွဲ့က ဆုံးဖြတ်ချက်ချပြီးကြောင်း မြင်သည့်အခါ ကျန်းယွင်ရှန်က ပြောလိုက်သည်။

ကျန်းကျိဝေကလည်း သတိလက်လွတ် ရေရွတ်လိုက်၏။

“ငါကတော့ လက်ထဲမှာ ကိုင်ထားတဲ့ဓားနဲ့ ကံကြမ္မာကို တိုက်ခိုက်ရမှာပဲ..”

ထို့နောက် သူမက ရပ်ပြီး ပြုံးလိုက်သည်။ သူမက ဆက်ပြောစရာမလိုတော့ပေ။ ကျိကျန်းဂိုဏ်းနှင့် ကျန်းဝူဂိုဏ်းတို့က တူညီသော ကောင်းကင်ဓားချက်(၇)ခုမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့၏အခြေခံအတွေးအခေါ်များက ကွဲပြားကြ၏။ လက်ရှိအချိန်မျိုးတွင် အတွင်းရေးပဋိပက္ခမျိုး ဖြစ်ရန် မလိုအပ်ပေ။

ထိုနောက် သူမက မုန့်ချီကိုလှည့်ကြည့်ပြီး အပြုံးနှင့် မေးလိုက်၏။

“ကိုရင်လေး …ကျွန်မတို့နဲ့အတူ လိုက်လာမှာလား…”

မုန့်ချီက အနည်းငယ် လှုပ်ရှားသွားသည်။ လူတိုင်းက သူ၏ထင်မြင်ချက်ကို လျစ်လျူရှုထားကြ၏။ အဘယ်ကြောင့်ဆိုသော် သူက သန့်ရှင်းရေး ကိုရင်တစ်ပါးသာ ဖြစ်သည်။ တစ်စုံတစ်ယောက်က သူ့ကိုအမှတ်ရစေကြောင်း ခံစားမိသည့်အခါ သူလည်း အနည်းငယ်ကျေနပ်သွား၏။

“သေချာတာပေါ့ ။ ငါက မိန်းကလေးကျန်းရဲ့ အကူအညီကို ကျေးဇူးတင်ပါတယ်..” ထိုကဲ့သို့သောအချိန်တွင် သူ့လို သိုင်းပညာအနည်းငယ်လေးသာသိပြီး အားအနည်းဆုံး လူတစ်ယောက်က အစွမ်းအထက်ဆုံးအဖွဲ့နှင့် လိုက်ရမည်ဖြစ်ကြောင်း မုန့်ချီက ကောင်းကောင်းကြီး သိနေခဲ့သည်။

ကျန်းကျိဝေက သတိလက်လွတ် ရယ်လိုက်မိ၏။

“ကိုရင်လေးက ကျွန်မကို ဒကာမလေးကျန်းလို့ပဲ ခေါ်သင့်တာလေ…”

မုန့်ချီက တိုးတိုးလေး သက်ပြင်းချလိုက်မိပြီး မည်သူမျှမပြောခင် ပြောလိုက်သည်။ “ငါတို့က သီးခြားတာဝန်ကို အရင်ဆုံးလုပ်ဆောင်ပြီး သိုင်းပညာရှင်(၄)ယောက်ကို ကယ်သင့်တယ် ထင်တယ်။ ပြီးမှပဲ ရင်ဟွမ်ရဲတိုက်ရဲ့အရှင်သခင်ကို ရှင်းသင့်တယ် ..”

“အဲဒီလောက်အချိန်ဖြုန်းလို့မရဘူး…”

ရှောင်လင်ကျောင်းတော်မှ လူတိုင်းကို လူဆိုးအဖြစ် ချင်ကျင်းက ယုံကြည်နေသေးသည်။

မုန့်ချီက ကျန်းကျိဝေ၊ ကျန်းရင်ရှန်နှင့် ချီရှ တို့ကို ကြည့်လိုက်၏။

“ပထမဆုံး ရင်ဟွမ်ရဲတိုက်ရဲ့အရှင်သခင်က ဘယ်လောက်အစွမ်းထက်လဲဆိုတာ ငါတို့မသိသေးဘူး။ တကယ်လို့ ငါတို့ကသာ သေချာမစဉ်းစားဘဲ အလောတကြီး ဝင်သွားလိုက်မယ်ဆိုရင် အရမ်းကိုစွန့်စားရာ ကျလိမ့်မယ်…”

“ဒုတိယတစ်ချက်ကတော့ စလာကတည်းက သီးခြားတာဝန်လေးတစ်ခုကို လုပ်ဖို့ လိုအပ်တယ်လို့ တွေးမိတယ်။ ပုံမှန်အားဖြင့် သီးခြားတာဝန်တွေက လှည့်စားမှုတွေကို လုပ်ထားတတ်တယ်။ ဒီတော့ ဒီသီးခြားတာဝန်ရဲ့ အစစ်အမှန်ရည်ရွယ်ချက်ကို သံသယ ရှိနေတယ်။ ငါတို့က ငါတို့ကိုယ်တိုင်ရဲ့အစွမ်းနဲ့ အဓိကတာဝန်ကို လုပ်ဆောင်နိုင်မယ်လို့ သံသရာအရှင်သခင်က ယုံကြည်မှာ မဟုတ်ဘူး။ ဒါကြောင့် ငါတို့ကို ပထမဆုံး အကူအညီရှာစေချင်တာဖြစ်လိမ့်မယ်…”

ကျန်းကျိဝေ ၊ ကျန်းယွင်ရှန်နှင့် တခြားသူများက ခေါင်းညိတ်ပြလိုက်ကြသည်။

အကယ်၍ သူတို့ကသာ အခြေအနေကိုသိသော အကူအညီ(၄)ယောက် ရှိနေမည်ဆိုလျင် သေချာပေါက် ပို၍ကောင်းနိုင်သည်။ သို့သော် ထိုအရာက အချိန်ဖြုန်းသလိုဖြစ်နိုင်ပြီး တာဝန်ကို ကျရှုံးနိုင်သည်လည်း ဖြစ်နိုင်သည်။

“မင်းကိုကြည့်ရတာ သံသရာအရှင်သခင်နဲ့ ပတ်သတ်ပြီး အတော်လေး သိနေသလိုပဲ။ မင်းက အတွေ့အကြုံရှိနေတာလား…”

ချင်ကျင်းက မုန့်ချီကို ခနဲ့သလို ပြောလိုက်၏။

“ဟုတ်တယ် ငါက ဂိမ်းကစားတာနဲ့ ဝတ္တုဖတ်တဲ့နေရာမှာ အတွေ့အကြုံရှိတယ်လေ..”

မုန့်ချီက စိတ်ထဲတွင် တိတ်တဆိတ် တုန့်ပြန်လိုက်သည်။ သူက ပညာရှိ တစ်ယောက် မဟုတ်သလို နတ်ဘုရားတစ်ပါးလည်း မဟုတ်ချေ။ သံသရာကမ္ဘာကြီးနှင့် ပတ်သတ်သော အတွေ့အကြုံအားလုံးက မှန်လား မှားလား သူကိုယ်တိုင်လည်း မသိချေ။

ချင်ကျင်းက ပြောပြီးသွားသည့်အချိန်တွင် မုန့်ချီက မျက်လုံးပြူးသွား၏။ သူ့ရှေ့တွင် အနက်ရောင်အရိပ်တစ်ခုက အလွန်လျင်မြန်သောအရှိန်နှင့် ရောက်လာခဲ့သည်။ ထိုအရာက မြေပြင်ပေါ်တွင် မထိသည့်အတွက် မကောင်းဆိုးဝါးဝိညာဉ် တစ်ကောင်ကဲ့သို့ ထင်မှတ်ရ၏။

Translated by Hein Htet

All Chapters