အခန်း (၁၀)
Vol. 1 Ch. 10
ထိုအရာကြောင့် မုန့်ချီက ကြက်သီးမွေးညင်း ထသွားခဲ့သည်။
"ငါတို့က မကောင်းဆိုးဝိညာဉ်တွေ ၊ သရဲတစ္ဆေတွေ ပြည့်နှက်နေတဲ့ ကမ္ဘာကြီးတစ်ခုကို ရောက်လာခဲ့တာများလား... ။ ရွှေခန္ဓာတွေ ၊ ဓမ္မကာရနဲ့ တာအိုပညာရှင်တွေက အရမ်းအစွမ်းထွက်တယ်ဆိုတာတော့ သိတယ်... ။ သူတို့တွေဆိုရင်တော့ စက္ကန့်ပိုင်းလေးအတွင်း မကောင်းဆိုးဝါးတိုင်းကို ဖျက်ဆီးပစ်နိုင်တယ်... ။ ဒါပေမဲ့ ငါတို့ကတော့ သာမန်သိုင်းပညာအဆင့်ပဲ ရှိနေသေးတယ်လေ... ။ အဲဒီသရဲတစ္ဆေတွေကို ဘာလုပ်နိုင်မှာလဲ... ။ ငါတို့က ဘာလုပ်ကြရမလဲ... "
မုန့်ချီကတော့ အလွန်အမင်းကို ကြောက်လန့်နေသည့်အတွက် ခြေထောက်ပင် မလှုပ်နိုင်တော့ပေ။ ထိုအချိန်တွင် အလွန်တောက်ပသော ဓားအလင်းတန်းတစ်ခု ရောက်လာပြီး ထိုတစ္ဆေ၏အပေါ်တွင် ရှိနေသော လေဟာနယ်ကို ဦးတည်သွားခဲ့သည်။
"ဘာလဲ...။ ဒီတစ္ဆေက လူတွေကို ဇဝေဇဝါဖြစ်သွားအောင် လုပ်နိုင်တဲ့အစွမ်း ရှိနေတာလား..။ သူတို့ရဲ့ဓားကို ထိန်းချုပ်ဖို့တောင် ခက်ခဲနေတာလား... "
ထိုအချိန်တွင် တစ်စုံတစ်ခု ပြဿနာရှိနေကြောင်း မုန့်ချီက တွေးမိသွားသည်။ ထိုဓားက ပစ်မှတ်ကို ထိလိမ့်မည် မဟုတ်ဟု သူက တွေးလိုက်မိ၏။ သို့သော် တခဏအတွင်း အနက်ရောင်အရိပ်တစ်ခုက မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့သည်။
ထိုလူက မတ်တပ်ရပ်ရန်အတွက် ခြေထောက်နှင့် လက်ကို လှုပ်ရှားရုန်းကန်လိုက်သော်လည်း ဘာမျှမတတ်နိုင်ခဲ့ပေ။ ကျန်းယွင်ရှန်က အရိပ်အနားကို ချဉ်းကပ်လာပြီး ညာလက်ကို လက်ညှိုးဓားအဖြစ် ပြောင်းလဲ၍ အရိပ်၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော သွေးကြောတစ်ခုကို စိုက်လိုက်ရာ အရိပ်က လှုပ်ရှားမှု ချက်ချင်း ရပ်တန့်သွားခဲ့သည်။
"ရှင်တို့ရဲ့လှည့်ကွက်လေးတွေနဲ့ ကျွန်မတို့ကို အလွယ်တကူ လှည့်စားနိုင်မယ်လို့ ထင်မနေနဲ့... "
ကျန်းကျိဝေကလည်း နှာခေါင်းရှုံ့လိုက်ပြီး သူမ၏ဓားရှည်နှင့် ချိန်ထားလိုက်သည်။
နောက်ဆုံးတွင်တော့ မည်သည့်အရာများ ဖြစ်နေကြောင်း မုန့်ချီက နားလည်သွားခဲ့၏။ ကျောက်တုံးမျက်နှာကျက်ပေါ်တွင် လူတိုင်း မမြင်နိုင်သော လက်ရန်းလေးတစ်ခု ရှိနေပြီး ထိုနေရာမှနေ၍ ကြိုးနှင့် တွယ်ဆင်းလာမည်ဆိုလျှင် ခန္ဓာကိုယ်တစ်ဝက်ခန့်သာ ပေါ်လာနိုင်၏။
"ဟီးဟီး.... "
မုန့်ချီက ရှက်အမ်းအမ်း အမူအရာနှင့် ရယ်လိုက်မိသည်။ သူကတော့ ဇဝေဇဝါ ဖြစ်သွားသည့်အတွက် ရှက်ရွံ့သွားသလို ခံစားလိုက်ရသည်။ သူကတော့ အလွန်ရိုးရှင်းသော လှည့်ကွက်လေးတစ်ခုကို အလွန်ကြောက်လန့်မိခဲ့ခြင်း ဖြစ်၏။
ကျန်းကျိဝေက အဖွဲ့ကိုလှည့်ကြည့်ပြီး အပြုံးနှင့်ပြောလိုက်သည်။
"အစ်ကိုကြီးကျန်းနဲ့ငါက မျက်လုံးတံခါး ဖွင့်ပြီးသွားပြီ ။ ဒါက ကောင်းကင်မျက်လုံးရဲ့ အခြေခံကျင့်စဉ်ပဲ ။ တကယ်လို့ ငါတို့က အမှောင်ထဲမှာ ရှိနေမယ်ဆိုရင်တောင် အဲဒီလက်ရန်းနဲ့ ကြိုးက ဘယ်လောက်ပဲ ပျောက်ကွယ်နေပါစေ ငါတို့က မြင်နိုင်သေးတယ်... "
"မျက်လုံးတံခါး ကောင်းကင်မျက်လုံး... "
နောက်ဆုံးတွင်တော့ ဉာဏ်အလင်းဖွင့်ခြင်းဟူသည်မှာ မည်သည့်အရာကို ဆိုလိုကြောင်း မုန့်ချီက နားလည်သွားခဲ့သည်။
သူက ပြန်မေးလိုက်သည်။
"အဲဒါက သိုင်းပညာလေ့ကျင့်မှုနဲ့ ဘယ်လိုများ ပတ်သက်နေတာလဲ... "
သာမာန်သိုင်းပညာတစ်ခုက ကောင်းကင်မျက်လုံးအဖြစ် မည်သို့ တိုးတက်လာနိုင်ကြောင်း သူ နားမလည်နိုင်ခဲ့ပေ။
"မျက်လုံးဆိုတာက တံခါးတစ်ခုပဲ ။ ချီစွမ်းအင်တွေကို ပြည့်ပြည့်ဝဝ စုစည်းပြီးသွားရင် ချီလမ်းကြောင်းတွေ ဖွင့်လှစ်နိုင်လိမ့်မယ်... ။ ပြီးရင်တော့ အခြေခံခွန်အားတွေကို ရနိုင်လိမ့်မယ်... ။ ပြီးရင်တော့ နင်တို့ရဲ့ခန္ဓာကိုယ်တည်ဆောက်ပုံက ကိုယ်တွင်းအင်္ဂါတွေနဲ့ သွေးကြောမှတ်တွေဆီကို ပြောင်းလဲသွားလိမ့်မယ်... "
ကျန်းယွင်ရှန်က အနက်ဝတ်လူ၏ ပါးစပ်ထဲမှာနေ၍ တစ်စုံတစ်ခုကို ဆွဲထုတ်လိုက်သည်။ သူက မတ်တပ်ရပ်ပြီး မုန့်ချီကို ရှင်းပြနေရင်း ပတ်ပတ်လည်တွင် ရှိနေသော လူတိုင်းကို လှည့်ကြည့်လိုက်၏။
"သူက အသက်ရှင်နေသေးတယ်... ။ သူက အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကို သတ်မသေအောင် ငါ တားလိုက်တာ... ။ တစ်ယောက်ယောက်က သူ့ကို လက်ရှိရင်ဟွမ်ရဲတိုက်ထဲမှာရှိတဲ့ အခြေအနေတွေကို မေးဖို့အတွက် အတင်းအကျပ် ခိုင်းစေနိုင်တဲ့ နည်းလမ်းတစ်ခုများ သိလား... "
သူ၏လှုပ်ရှားမှုက အလွန်တိကျပြီး အချိန်ကိုက် ဖြစ်သည်။ ထို့ကြောင့် အနက်ဝတ်လူက ပါးစပ်ထဲတွင် ရှိနေသော အဆိပ်ဆေးလုံးကို မသောက်ရသေးခင် ကြိုတင်တားဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။
မုန့်ချီက အနည်းငယ် ခေါင်းညိတ်လိုက်မိ၏။ သူက အခုမှသာ ဉာဏ်အလင်းပွင့်ခြင်းကို နားလည်ခြင်းဖြစ်ပြီး သိုင်းပညာလေ့ကျင့်မှုနှင့် ပတ်သက်၍ ပိုစိတ်ဝင်စားလာခဲ့သည်။ နှိပ်စက်သည့် နည်းလမ်းများက သူ့ဖတ်ဖူးသော ဝတ္ထုများထဲတွင် အလွန်ရက်စက်ကြမ်းကြုတ်ကြောင်း သိနေသော်လည်း လက်ရှိအခြေအနေတွင်တော့ ထိုအရာက သင့်တော်သည်။ ထို့ကြောင့် သူလည်း ကျန်းယွင်ရှန်အတိုင်း ကျန်းကျိဝေ ၊ ချီရှနှင့် တခြားလူများကို လှည့်ကြည့်လိုက်မိသည်။
ချီရှက ရှေ့ထွက်လာပြီး အပြုံးနှင့် ပြောလိုက်၏။
"ညီမဆီမှာတော့ စမ်းသပ်လို့ရတဲ့ နည်းလမ်းတစ်ခုရှိတယ်... ။ ဒါပေမဲ့ အရမ်းရက်စက်တဲ့အတွက် ညီမကို အပြစ်မတင်ကြဖို့ မျှော်လင့်တယ်... "
သူမက အထက်တန်းလွှာမိသားစုမှ သခင်မလေးဖြစ်ပြီး အဆင့်အတန်းမြင့်မားစွာ နေထိုင်ခဲ့ရသည်။ သူမက မထင်မှတ်ဘဲ သံသရာလောကကြီးထဲသို့ ကျရောက်လာသည့် အချိန်တွင် ယခုအချိန်ထိ တည်ငြိမ်နိုင်ခြင်း မရှိသေးပေ။ သူမကိုယ်တိုင်လည်း အနည်းငယ် တွေဝေနေပုံရ၏။
ထို့ကြောင့် သူမက ပြုံးချင်နေသော်လည်း စိတ်ထဲတွင်တော့ အလွန်စိုးရိမ်နေသေး၏။ ထို့ကြောင့် သူမက ကိုယ့်ကိုယ်ကို ညီမဟု ပြောလိုက်သည်မှာ နှိမ့်ချ၍ ပြောလိုက်ခြင်း ဖြစ်သော်လည်း မသင့်တော်ပေ။ ဤနေရာတွင် မုန့်ချီကဲ့သို့သော အလွန်ငယ်ရွယ်သည့် သန့်ရှင်းရေးကိုရင်တစ်ပါး ရှိနေသေး၏။
"နင်က တကျန်းအဖွဲ့အစည်းရဲ့ စိတ်ဝိညာဉ်ဖမ်းဆီးခြင်းလက် (၁၃)မျိုးကို သုံးမလို့လား... "
အနည်းငယ် စဉ်းစားကြည့်လိုက်ရုံနှင့် ကျန်းကျိဝေက ချီရှသုံးမည့် သိုင်းပညာကို ချက်ချင်း သိလိုက်သည်။
ချီရှက ပြုံးရုံလေးပြုံးလိုက်၏။
"အဲဒါက စိတ်ဝိညာဉ်ရှာဖွေခြင်း နည်းလမ်းလို့ခေါ်ပေမယ့် တော်တော်လေးကို နှိပ်စက်ရာကျတယ်... "
ကျန်းယွင်ရှန်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"ကျေးဇူးပြုပြီး လုပ်သာလုပ်လိုက်ပါ မိန်းကလေးချီ... ။ ငါတို့က မိန်းကလေးရဲ့ စွမ်းရည်ကို ကြည့်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်... "
"ဟူး...ဒီကလေးတွေက ကိုယ့်ကိုယ်ကိုဆရာကြီးတစ်ယောက်လို ဟန်ဆောင်နေကြတာပဲ ။ သူတို့ကို ကြည့်ရတာ ပြဇာတ်ထဲက စကားလုံးတွေကို အလွတ်ကျက်ပြီး ပြောနေသလို ထင်ရတယ်... ။ တကယ့်အစစ်အမှန် လူဆိုးတွေဆိုတာက အရမ်းကို သစ္စာရှိကြတာ... "
မုန့်ချီ၏ အနားတွင် ရပ်နေသော ရန်ဝူကျန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။ ကြည့်ရသည်မှာ သူကတော့ ကျန်းယွင်ရှန်ကဲ့သို့ ကိုယ့်ကိုယ်ကို အဖွဲ့၏ ခေါင်းဆောင်အဖြစ် သတ်မှတ်ထားသူများကို အတော်လေး မကျေမနပ် ဖြစ်နေပုံရသည်။
မုန့်ချီကတော့ သူ့ကိုကြည့်ပြီး စကားတစ်ခွန်းမျှ မပြောခဲ့ချေ။
"တစ်ဖွဲ့လုံးက သူ့ကို စွန့်ပစ်မှာများ ဒီလူက ကြောက်နေတာများလား... "
ရန်ဝူကျန်းက မုန့်ချီကို ပြန်လှည့်ကြည့်လိုက်ပြီး ဆက်၍ ရေရွတ်လိုက်၏။
"သူတို့က အခုချိန်ထိ နားတံခါးတောင် မဖွင့်ရသေးဘူး... ။ ငါပြောတာ ကြားမှာ ကြောက်စရာမလိုဘူး... "
"ဟုတ်တယ်... ။ ဒါပေမယ့် သတိထားနေတာ အကောင်းဆုံးပဲ…"
မုန့်ချီက တစ်ယောက်တည်း အပြုံးနှင့် တွေးနေမိသည်။ ထို့နောက် ချီရှက အနက်ဝတ်လူဆီသို့ လျှောက်သွားသည်ကို မြင်လိုက်ရ၏။
သူမက ဒူးထောက်ထိုင်လိုက်ပြီး လက်ညှိုးနှင့် လက်ခလယ်ကိုစု၍ လက်ညှိုးဓားသဏ္ဍာန် ဖန်တီးလိုက်သည်။ ထို့နောက် အသက်ကို တဝကြီးရှူလိုက်ပြီး ထိုလူ၏ ခန္ဓာကိုယ်ပေါ်ရှိ သွေးကြောနေရာ (၇) ခုကို လျင်မြန်စွာ ထောက်လိုက်သည်။
ထို့နောက် သူမကို တစ်စုံတစ်ခုက တွန်းဖယ်လိုက်သည့်အလား သူမက မတ်တပ်ရပ်လိုက်၏။ သူမ၏နဖူးပေါ်တွင်လည်း ချွေးသီးချွေးပေါက်များ ပေါ်နေသည်ကို မုန့်ချီက မြင်လိုက်ရသည်။
"အား... အား... "
အနက်ဝတ်လူဆီမှ အော်သံများ ထွက်ပေါ်လာပြီး မှော်သားရဲတစ်ကောင်၏ အော်သံများကဲ့သို့ ထင်မှတ်ရသည်။ သိပ်မကြာခင် အသံများက တဖြည်းဖြည်း ကြောက်စရာ ကောင်းလာ၏။
စိတ်ဝိညာဉ် ဖမ်းဆုပ်ခြင်းလက်၏ ထိန်းချုပ်မှုက ကျယ်လောင်မှု မရှိသော်လည်း အနားတွင် ရှိနေသော လူများက ရှင်းရှင်းလင်းလင်း ကြားနေရသည်။ မုန့်ချီကတော့ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထလာခဲ့၏။
"ရပ်…ရပ် ရပ်လိုက်ပါတော့... ။ ငါငါ …ငါတောင်းပန်ပါတယ်... ။ ငါအားလုံးပြောပြပါ့မယ်... "
နောက်ဆုံးတွင်တော့ အနက်ဝတ်လူက ခံနိုင်ရည်မရှိတော့ပဲ တောင်းဆိုလာခဲ့ရသည်။
ထိုအချိန်ကျမှ ချီရှလည်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိ၏။ သူမက နောက်တစ်ကြိမ် ဒူးထောက်ပြီး ထိုလူ၏ ခန္ဓာကိုယ်ပေါ်ရှိ သွေးကြောမှတ် (၅) ခုကို လက်နှင့် ထောက်လိုက်သည်။
"သိထားသမျှ အရာအားလုံးကိုပြောပါ... ။ ရှင်ပြောတဲ့စကားတွေက အမှန်ဟုတ်မဟုတ် ကျွန်မတို့က တိုက်စစ်မယ်... "
ထိုလူ၏အင်္ကျီတွင် ချွေးများရွှဲနေသည်။ ထို့နောက် ရဲတိုက်သခင်နှင့် ပတ်သက်ပြီး သူသိထားသမျှ အကုန်ပြောပြခဲ့၏။
ကျန်းယွင်ရှန်က ထိုလူ၏ ပြောပြမှုအတိုင်း မြေပုံတစ်ခုကို စတင်ရေးဆွဲနေခဲ့သည်။ ပုံမှန်အားဖြင့်ပြောရလျှင် ထိုလူက ကြိုတင်ပြင်ဆင်ထားခြင်းမရှိဘဲ လိမ်ပြော၍ရနိုင်မည် မဟုတ်ချေ။ ထို့ကြောင့် မြေပြင်ပေါ်တွင် ရှုပ်ထွေးမှုတချို့ ရှိနေနိုင်သည်။ ရဲတိုက်၏ တည်ဆောက်ပုံက အလွန်အမင်း ရိုးရှင်းမှု မရှိသော်လည်း ထိုအရာများကို ရှင်းရှင်းလင်းလင်း သိနိုင်သေး၏။
"သူပြောတာမှန်တယ်လို့ ငါထင်တယ်... "
ကျန်းယွင်ရှန်က မြေပုံကိုကြည့်ပြီး အသံတိုးတိုးနှင့် ပြောလိုက်၏။
"ဒီရင်ဟွမ်ရဲတိုက်ကို မြေအောက်ထဲမှာ ဆောက်ထားတာ... ။ ပြီးတော့ တော်တော်လေးကို ကျယ်လွန်းတယ်..။ ရဲတိုက်ထဲမှာ ထောင်ချောက်တွေလည်း အပြည့်ပဲ ။ အဲဒါကို စဉ်းစားကြည့်လိုက်မယ်ဆိုရင် ငါတို့မှာ တကယ်ပဲ အချိန်အများကြီးမရှိဘူး... "
"ဒါဆိုရင် ငါတို့က ဆရာကြီး (၄) ယောက်ကို သွားမကယ်တော့ဘူးလား... "
ချင်ကျင်းက ချက်ချင်းမေးလိုက်သည်။ သူက အနည်းငယ်စဉ်းစားပြီး ဆက်ပြောလိုက်၏။
"ဒီလူရဲ့စကားအရဆိုရင် ရင်ဟွမ်ရဲတိုက်သခင်က မျက်လုံး ၊ နား ၊ နှာခေါင်း ၊ တံခါး (၆) ပေါက်လုံး ပွင့်နေတာ ဖြစ်လိမ့်မယ်... "
သူတို့၏အရှင်သခင်က မည်မျှအစွမ်းထက်ကြောင်း အနက်ဝတ်လူက တိတိကျကျ မသိပေ။ သို့သော် သူပြောခဲ့သော အချက်အလက်များအရ ချင်ကျင်းနှင့် တခြားလူများက ရဲတိုက်သခင်၏ အစွမ်းကို ယေဘုယျအားဖြင့် ခံစားမိကြသည်။
ဥပမာအနေနှင့် ပြောရလျှင် ထိုအရှင်သခင်က အမှောင်ထဲတွင်ပင် အပ်တစ်ချောင်းနှင့် ခြင်တစ်ကောင်ကို သတ်နိုင်စွမ်း ရှိသည်။ သူ့ကို သစ္စာဖောက်ကြောင်း ရှာတွေ့သွားမည် ဆိုလျှင်လည်း ထိုလူကို အဆိပ်ခတ်၍သတ်ရန် ကြိုးစားတတ်သည်။
မုန့်ချီက ချင်ကျင်းကို ကြည့်လိုက်၏။
"ဒီကောင်က တော်တော်လေးကို ခေါင်းမာတာ မဟုတ်ဘူးလား... "
"ဟုတ်တယ်...။ ငါတို့က ဂရုစိုက်သင့်တယ်..။ မြေပုံအရဆိုရင်တော့ ဒီဆရာကြီး (၄)ယောက်ကို အရှေ့ဘက်နဲ့ အနောက်ဘက်မှာ အသီးသီး ချုပ်နှောင်ထားတာ..။ ငါတို့က ထောင်ချောက်မျိုးစုံကိုလည်း ဖြတ်ကျော်သွားဖို့ လိုသေးတယ်... ။ ရဲတိုက်ထဲမှာရှိတဲ့ အစောင့်တွေကိုလည်း တိုက်ခိုက်ရဦးမယ်... ။ ငါတို့က အဖွဲ့နှစ်ဖွဲ့ ခွဲသွားရင်တော့ ပိုပြီးတော့ ကောင်းလိမ့်မယ်... "
ကျန်းယွင်ရှန်က မတ်တတ်ရပ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"ညီလေးချီ …
မင်းက ချီစုဆောင်းမှုအဆင့်ကို ပြီးသွားခဲ့ပြီမလား...”
“ဒါပေမယ့် အခုအချိန်ထိ ဉာဏ်အလင်းပွင့်မှုကို မရသေးဘူး... "
တိတ်ဆိတ်နေသော ချီကျန်းရန်က ပြန်ဖြေလိုက်သည်။
"ညီလေးချီနဲ့ ညီလေးချင်ကျင်း …ကျေးဇူးပြုပြီး ငါနဲ့အတူ အရှေ့ဘက်ကို လိုက်ခဲ့ပါ... ။ ငါတို့က ဆရာကြီး မာလျန့်ဟန်နဲ့ ဆရာကြီး တန်ဝမ်ပိုတို့ကို တတ်နိုင်သမျှ မြန်မြန်ကယ်ရမယ်... "
ကျန်းယွင်ရှန်က သူ၏ထင်မြင်ချက်ကို ပြောပြလိုက်သည်။
"ညီမလေးကျန်းနဲ့ ညီမလေးချီတို့ကတော့ ညီလေးကျန်းတင်နဲ့ ခေါင်းဆောင်ငယ်ရန်တို့ကို ခေါ်သွားလိုက်ပါ... ။ တကယ်လို့ အနောက်ဘက်မှာရှိတဲ့ ဆရာကြီး (၂) ယောက်ကို ကယ်နိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့... ။ ဒါပေမယ့် အရမ်းခက်နေမယ်ဆိုရင် တစ်ယောက်ကို ကယ်နိုင်ရင်လည်း လုံလောက်တယ်... ။ ပြီးရင် ငါတို့နဲ့အလယ်မှာ ပြန်ဆုံကြမယ်...။ ငါ့ရဲ့ခန့်မှန်းမှုအရဆိုရင် ဆရာကြီး (၃)ယောက်က ရဲတိုက်သခင်ကို တိုက်ခိုက်ဖို့အတွက် လုံလောက်နိုင်ပါတယ်... "
မူလတုန်းကတော့ သူက အဖွဲ့ထဲတွင် အစွမ်းထက်ဆုံး ကျန်းကျိဝေကို သူနှင့်အတူ ခေါ်သွားရန် စဉ်းစားထားခဲ့သည်။ ထိုသို့ဆိုလျှင် ချင်ကျင်းနှင့် ချီရှတို့က အနောက်ဘက်တွင် ရှိနေသော ဆရာကြီးများကို ကယ်တင်ရန် ဖြစ်နိုင်ချေက အလွန်နည်းပါးမည် ဖြစ်၏။ သူတို့က မည်သူ့ကိုမျှပင် မကယ်နိုင်ခြင်း ဖြစ်နိုင်သည်။
ထို့ကြောင့် အခြေအနေအရ ကျန်းယွင်ရှန်က သူနှင့်ကျန်းကျိဝေတို့ကို မတူညီသော ဦးတည်ချက်သို့ ခွဲသွားရန် ဆုံးဖြတ်လိုက်သည်။ ကျန်းကျိဝေနှင့် ချီရှတို့ကလည်း အဖွဲ့၏ ဝန်ထုတ်ဝန်ပိုးများကို ဂရုစိုက်ရန် လိုအပ်နေသေး၏။ သူကတော့ သူတို့၏ တာဝန်ကို ပို၍လွယ်ကူရန် ကြိုးစားနေသေးသည်။
"အမှန်အတိုင်းပြောရရင်တော့ အဲဒီလို မလိုပါဘူး... ။ ငါတို့ အကုန်လုံးပူးပေါင်းပြီး ဆရာကြီးနှစ်ယောက်ကို ကယ်လို့ရတယ်... ။ သာမန်ဉာဏ်အလင်းပွင့်တဲ့ သိုင်းဆရာကြီးတွေက သိုင်းဂိုဏ်းကြီးတွေရဲ့ ဆက်ခံသူတွေကို သေချာပေါက် ယှဉ်နိုင်လိမ့်မယ်... "
ချင်ကျင်းက အနည်းငယ် မောက်မာသောလေသံနှင့် ပြောလိုက်သည်။
ဉာဏ်အလင်းပွင့်သည့် အဆင့်တူ ပညာရှင်နှစ်ယောက် တိုက်ခိုက်မည်ဆိုလျှင် သိုင်းဂိုဏ်းကြီးများ၏ လျှို့ဝှက်သိုင်းပညာကို နားလည်ထားသည့် လူက ပို၍အနိုင်ရနိုင်ချေ များသည်။
အကယ်၍ သာမန်ဆရာကြီးတစ်ယောက်က တံခါး (၂)ပေါက်မှ (၄) ပေါက်အထိ ဖွင့်ထားနိုင်မည်ဆိုလျှင်ပင် သူတို့အတွက် နိုင်နိုင်ချေ များနေသေးသည်။ ထိုသို့ဆိုရာတွင် ဂိုဏ်းကြီးများမှ ဆက်ခံသူများဆီတွင် အတွေ့အကြုံများ နည်းပါးမှုကြောင့်သာ ကျရှုံးကြရခြင်း ဖြစ်၏။
ထို့ကြောင့် ဂိုဏ်းတိုင်းက သူတို့၏ မျိုးဆက်များကို သိုင်းလောက အတွေ့အကြုံများရရန် အထူးအစီအစဉ်များ ချမှတ်ပေးခဲ့၏။ ဥပမာအနေနှင့် ပြောရလျှင် ရွှမ်ရှင်းပြောခဲ့သည့် စကားအရ ရှောင်လင်ကျောင်းတော်တွင် အထူးချွန်ဆုံး စွမ်းဆောင်နိုင်သော တပည့်များက တောင်အောက်ကိုဆင်းပြီး သိုင်းလောကသို့မဝင်ခင် နှစ်ဝက်ခန့် အထူးအစီအစဉ်တစ်ခုနှင့် လေ့ကျင့်ကြရသည်။
ထိုအချိန်အတောအတွင်း သူတို့က အဆိပ်ခတ်ခံရမည့် အန္တရာယ်ကို ရင်ဆိုင်ရမည့်အပြင် အချိန်မရွေး နေရာမရွေး အလစ်ချောင်း တိုက်ခိုက်ခြင်းကိုလည်း ခံရနိုင်သည်။ ထိုအရာ၏ ရည်ရွယ်ချက်ကလည်း ဆုံးဖြတ်ချက် လျင်မြန်မှုနှင့် ပြောင်းလဲနေသော သိုင်းလောက၏ အခြေအနေကို လိုက်၍ လှုပ်ရှားနိုင်စေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
သို့သော် လေ့ကျင့်ပေးသူများက သူတို့၏အစွမ်းကို ထိန်းချုပ်နိုင်သော အစွမ်းထက် သိုင်းပညာရှင်များ ဖြစ်ကြသည်။ ထိုတပည့်များ၏ အနီးအနားတွင်လည်း ဖြေဆေးများကို အမြဲလိုလို ဆောင်ထားတတ်ကြ၏။ ပြောရမည်ဆိုလျှင် ထိုတပည့်များက အသက်အန္တရာယ် မရှိချေ။
အကယ်၍ ဂိုဏ်းကြီးများကသာ သူတို့၏အားနည်းချက်ကို သတိထားမိလျှင် လုပ်ကြံသတ်ဖြတ်ခြင်းများ ၊ အဆိပ်ခတ်ခြင်းများကို ရင်ဆိုင်ရန် အထူးတလည် လေ့ကျင့်ခဲ့လိမ့်မည် မဟုတ်ချေ။ သူတို့၏အစီအစဉ်များက ပျက်စီးသွားခဲ့သည်မှာ အတော်လေးကို ကြာခဲ့ပါပြီ။ ထိုအရာများက ညစာစားပြီးနောက် ပုံမှန်စကားဝိုင်းတွင်သာ ပြန်လည်ကြားရတော့၏။
"သတိထားတာကတော့ အကောင်းဆုံးပဲ "
ကျန်းယွင်ရှန်က လေးလေးနက်နက် စဉ်းစားပြီး ပြောလိုက်သည်။ မည်သို့ဖြစ်စေကာမူ ထိုအရာက သူတို့၏ပထမဆုံး တာဝန်တစ်ခုဖြစ်ပြီး မသေချာမှုများစွာ ရှိနေသေးသည်။
ချင်ကျင်းက ပါးစပ်ပိတ်လိုက်ပြီး နောက်ထပ် ထပ်၍ ငြင်းခုန်မနေတော့ပေ။ သူက ကျန်းကျိဝေကိုကြည့်ပြီး ပြောလိုက်၏။
"ငါတို့ကို အကြာကြီးမစောင့်ရစေနဲ့... ။ မဟုတ်ရင်တော့ ငါတို့ကိုယ်တိုင်ပဲ လုပ်လိမ့်မယ်... "
"နင့်ကိုယ်နင် သူရဲကောင်းတစ်ယောက်လို့ထင်နေတာလား... ။ ဒါမှမဟုတ် အဲဒီအရာကို နင်ရဲ့ပါးစပ်အပြောနဲ့ပဲ လုပ်နိုင်မယ်လို့ ထင်နေတာလား... ။ တကယ်လို့ နင့်ရဲ့တကယ့်တိုက်ခိုက်စွမ်းရည်ကသာ အစွမ်းထက်မယ်ဆိုရင် ငါ့ကိုလက်ဗလာနဲ့ တိုက်ခိုက်ရဲလား... "
ကျန်းကျိဝေက အပြုံးနှင့် မေးလိုက်သည်။
သူမက ချင်ကျင်းကို အရှက်ခွဲရန် စိတ်ကူးမရှိချေ။ သို့သော် သူမက သူမ၏လက်ထဲတွင် ရှုံးနိမ့်သွားသော ပြိုင်ဘက်တစ်ယောက်ကိုလည်း လုံးဝစိတ်မဝင်စားချေ။
ချင်ကျင်း၏ မျက်နှာအမူအရာက ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး နှုတ်ခမ်းများက တုန်ယင်လာခဲ့၏။
"တ..တ တကယ်လို့ ငါသာ မျက်…မျက်လုံးတံခါး ပွင့်လာမယ်ဆိုရင်... "
သူက ထိုစကားကို ဆုံးအောင်မပြောနိုင်ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် သူနှင့် ကျန်းကျိဝေတို့က (၁၆) နှစ်ခန့်သာ ရှိသေးသည်။ ကျန်းကျိဝေက မျက်လုံးတံခါးပွင့်နေပြီး သူ့ဆီတွင်တော့ မရှိသေးပေ။ ထိုအချက် တစ်ခုတည်းနှင့်ပင် သူက ရှုံးနိမ့်နေပြီ ဖြစ်၏။
သူက ရှေ့တွင်ရှိနေသော လမ်းခွဲဆီသို့လျှောက်သွားပြီး မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
"အစ်ကိုကြီးကျန်း …
ဆက်ပြီးတော့ အချိန်မဖြုန်းနဲ့တော့ ၊ ကျွန်တော်တို့ သွားကြမယ်... "
ကျန်းယွင်ရှန်က ချီကျန်းရန်ကိုခေါ်ပြီး သူ့နောက်မှ လိုက်သွားခဲ့သည်။
တစ်ဖက်တွင်တော့ ကျန်းကျိဝေက မုန့်ချီကိုကြည့်ပြီး ပြောလိုက်၏။
"ကိုရင်လေး …
ကျွန်မရဲ့နောက်ကနေကပ်လိုက်ဖို့ မမေ့ပါနဲ့... ။ တကယ်လို့ အဝေးမှာနေမယ် ဆိုရင်တော့ ကျွန်မက ကိုရင်လေးကို ကယ်လို့ရမှာ မဟုတ်ဘူး... "
ထို့နောက် သူမက လှပစွာ ပြုံးလိုက်သည်။
မုန့်ချီကတော့ ရင်ထဲတွင် ပန်းပွင့်လေးများ ပွင့်လန်းသွားသလိုပင် ခံစားလိုက်ရ၏။
"ဟုတ်တယ်လေ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က မိသားစုတွေမှ မဟုတ်တာ... ။ တကယ်လို့ နင်ဒီမှာသေမယ်ဆိုရင်တောင် ဘယ်သူမှ ဝမ်းနည်းနေမှာ မဟုတ်ဘူး... "
ချက်ချင်း ဆိုသလိုပင် မုန့်ချီက ပြောစရာစကားလုံး မရှိတော့ပေ။ သူက ကျန်းကျိဝေ၏ နောက်ကို အမီပြေးလိုက်ရ၏။ ထိုအချိန်တွင် ခရင်းခွပုံသဏ္ဍာန်လမ်းဆုံမှ အရိပ်အနည်းငယ် သူတို့ဆီကို ရောက်လာခဲ့သည်။
သူတို့၏လက်ထဲတွင်တော့ ဓားတစ်ချောင်းဖြစ်စေ ၊ ပုဆိန်တစ်ချောင်း ခရင်းခွတစ်ချောင်းဖြစ်စေ ကိုင်ဆောင်ထားကြသည်။ ကျန်းကျိဝေက ဓားကို ဆွဲထုတ်လိုက်သည့် အချိန်တွင် အသံတစ်ခု ထွက်ပေါ်လာပြီး သူမ၏ရှေ့တွင် ရှိနေသော လူ (၃) ယောက်ဆီကို ရောက်သွားသည်။ စက္ကန့်ပိုင်းလေးအတွင်း သူမက ထိုလူများထဲမှ တစ်ယောက်ကို ဓားနှင့် ဖြတ်လိုက်၏။ ထိုလူဆီမှ သွေးများ ထွက်ပေါ်လာပြီး မြေပြင်နှင့် နံရံပေါ်တွင် အနီရောင်များ လွှမ်းခြုံသွားသည်။
မုန့်ချီကတော့ အစစ်အမှန်မဟုတ်သလို စတင်ခံစားလိုက်ရ၏။ သူက ရုပ်ရှင်ရုံထဲတွင် ဇာတ်ကားတစ်ကား ကြည့်နေရသလို ခံစားနေရပြီး သူနှင့်ထိုအရာများ အားလုံးက မသက်ဆိုင်သလို ခံစားနေရ၏။
သို့သော် အချိန်ခရီးသွားခြင်းဖြစ်စေ ၊ စကြာဝဠာခရီးသွားခြင်းဖြစ်စေ ၊ စစ်မှန်သည့်အရာများ မရှိနိုင်ပေ။ ထို့ကြောင့် သူလည်း လက်ရှိအခြေအနေကို လျင်မြန်စွာ သတိပြန်ဝင်လာခဲ့၏။ သူက ကျန်းကျိဝေ၏နောက်တွင် အလျင်အမြန် ပုန်းနေပြီး သူမ၏ဓားနှင့် မီနိုင်သော နေရာအတွင်းသာ နေခဲ့၏။
ကျန်းကျိဝေ၏ ဓားသိုင်းပညာက လှုပ်ရှားကခုန်နေသလို ထင်မှတ်ရပြီး အလွန်လှပ ငြိမ့်ညောင်းလှသည်။ တခြားသော အနက်ဝတ်လူ (၂) ယောက်ကတော့ ကျောချင်းကပ်၍ ခုခံတိုက်ခိုက်နေကြ၏။
မုန့်ချီက သူတို့၏တိုက်ခိုက်မှုကို စိုက်ကြည့်ပြီး စိတ်ထဲတွင် တွေးနေမိသည်။
"တကယ်လို့ ငါသာ သူတို့နဲ့တိုက်ခိုက်ရမယ်ဆိုရင် လော်ဟန့်လက်သီးသိုင်းနဲ့ တိုက်ခိုက်လို့ရနိုင်ပါ့မလား... "
တစ်ချိန်တည်းတွင် ချီရှ၏ ဓားသိုင်းပညာကတော့ ပန်းပွင့်များထဲတွင် လေပွေလှိုင်းတစ်ခု တိုက်ခတ်နေသလို ထင်မှတ်ရသည်။ သူမက လှုပ်ရှားမှုများများ မလုပ်ခဲ့သော်လည်း သူမ၏ရေကုန်းတန်းဓားရှည်က ပစ်မှတ်တိုင်းကို တိတိကျကျ တိုက်ခိုက်နိုင်သည်။ သူမ၏ဓားချက် တိုက်ခိုက်သွားသည့် အချိန်တိုင်း အနက်ဝတ်လူတစ်ယောက် မြေပေါ်သို့ လဲကျသွားခဲ့၏။
ချင်ကျင်း၏ဓားကတော့ တည်ငြိမ်ပြီး အားကောင်းသည်။ သူ၏လှုပ်ရှားမှုတွင် ထူးခြားမှု မရှိသော်လည်း သူ့ရှေ့တွင် ရှိနေသော လူများကတော့ အလွန်ကြောက်လန့်နေကြ၏။ သူတို့၏ လှုပ်ရှားမှုသာ နှေးကွေးသော်လည်း သူတို့ကို ချက်ချင်း ဖြတ်ပစ်နိုင်စွမ်းရှိသည်။
ကျန်းယွင်ရှန်ကတော့ သူ၏နည်းလမ်းများကို ပြသရန် ကြိုးစားနေခြင်း မရှိချေ။ ထိုအစား ခွန်အားကိုသာ အသုံးပြုနေခဲ့၏။ သူက ဓားရှည်ကို လေထဲတွင် စက်ဝိုးခြမ်းပုံသဏ္ဍာန် ဝှေ့ယမ်းလိုက်သည့်အချိန်တိုင်း မမြင်ရသော အစွမ်းထက် ဓားသွားပေါင်းများစွာ ဖန်တီးနိုင်ခဲ့သည်။
ထို့ကြောင့် သူက ဓားတစ်ချက်ကို တိုက်ခိုက်လိုက်သည့်အချိန်တိုင်း တစ်စက္ကန့်ပင် မကြာသော အချိန်အတွင်း လူတစ်ယောက်က မြေပေါ်သို့ လဲကျသွားခဲ့၏။
ချီကျန်းရန်၏ ဓားပညာကတော့ အလွန်တိကျသည်။ ရံဖန်ရံခါ ထူးခြားသော လှုပ်ရှားမှုများကို အသုံးပြု၏။ ထို့ကြောင့် သူ့ကို လူ (၃) ယောက် ဝိုင်းထားသည်ကိုပင် သူကတော့ ထိုလူများထဲမှ တစ်ယောက်ကို ဆိုးဆိုးဝါးဝါး ဒဏ်ရာရအောင် လုပ်ဆောင်နိုင်သေး၏။ အကယ်၍ အချိန်ပိုရမည်ဆိုလျှင် သူက ထိုလူများအားလုံးကို အနိုင်ရနိုင်ပါလိမ့်မည်။
"ဒီနေရာမှာ မိန်းကလေးကျန်းက အစွမ်းထက်ဆုံး မဟုတ်ဘူးလား... ။ တခြားလူတွေက အနက်ဝတ်လူ အနည်းဆုံး (၃) ယောက်လောက်ကိုတောင် သတ်ပြီးသွားပြီ။ ဘာလို့ သူက တခြားနှစ်ယောက်ကို မရှင်းရသေးတာလဲ... "
အလွန်လျင်မြန်သော ဓားချက်နှင့် ဓားသွားများကိုကြည့်ပြီး မုန့်ချီက စဉ်းစားနေခဲ့သည်။ သူကတော့ အနက်ဝတ်လူများ၏ သေဆုံးမှုအပေါ် စိတ်ထဲတွင် ခံစားနေမိခြင်း မရှိချေ။ ရုတ်တရက် ဆိုသလို အော်သံတစ်ခုကို ကြားလိုက်ရ၏။
မုန့်ချီက သတိလက်လွတ် လှည့်ကြည့်လိုက်ရာ ကျောက်တုံးကြားထဲတွင် ရှိနေသော အက်ကွဲကြောင်းထဲမှနေ၍ ဓားရှည်တစ်ချောင်း ထွက်လာသည်ကို တွေ့လိုက်ရသည်။ ထိုဓားက လူသန်ကြီးတစ်ယောက်၏ နှလုံးသားကို ထိုးဖောက်သွားသည်။ ထိုအရာကတော့ အလွန်ကြောက်ရွံ့နေသော ရန်ဝူကျန်း ဖြစ်သည်။
သူ၏ခန္ဓာကိုယ်ထဲမှနေ၍ သွေးများ စီးထွက်လာနေပြီး သူက ချက်ချင်း သေဆုံးရတော့မည်မှာ သေချာ၏။
"ကျောက်တုံးတွေရဲ့နောက်မှာလည်း အပေါက်တွေ ရှိတယ်... ။ ပထမဆုံး တစ်ယောက်တော့ သွားပြီ…"
ရန်ဝူကျန်းက မြေပေါ်သို့ လဲကျသွားသည်ကို ကိုယ်တိုင် မြင်လိုက်ရသည့်အချိန်တွင် မုန့်ချီက တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရ၏။
Translated by Hein Htet