← Chapters

အခန်း (၁၁)

Vol. 1 Ch. 11

အခန်း (၁၁)

Vol. 1 Ch. 11

အော်သံကို ကြားသည့်အခါ ကျန်းကျိဝေ၏ သွေးကြောများက လုံးဝကို လှုပ်ရှားသွားခဲ့သည်။ သူမ၏ ဓားချက် လှုပ်ရှားမှုများကလည်း အရှိန်မြန်လာခဲ့၏။ (၃)စက္ကန့်ပင် မကြာသေးသောအချိန်အတွင်း သူမက ပြိုင်ဘက်များ၏ ခုခံမှုကို ထိုးဖောက်ပြီး သူတို့၏ ရင်ဘတ်ကို ဓားနှင့် ထိုးနိုင်ခဲ့သည်။

အရာအားလုံး ဖြစ်ပျက်နေသည်မှာ အလွန်လျင်မြန်လွန်းလှသည့်အတွက် အနက်ဝတ် လူ(၂)ယောက်ကလည်း အော်ပင် မအော်နိုင်ဘဲ သေဆုံးသွားခဲ့ရသည်။ အော်သံကို ကြားသည့်အချိန်တွင် မုန့်ချီကလည်း မနည်းပြန်ထလာရသည်။ သူကတော့ စဉ်းစားမနေဘဲ ကျောက်တုံးနံရံ၏ အဝေးကို ခုန်ထွက်သွားပြီး ကျန်းကျိဝေ၏ အခြားတစ်ဖက်သို့ ပြေးကပ်လာခဲ့၏။ လက်ရှိအချိန်ထိအောင် သူက အလွန်ရှုပ်ထွေးနေသေး၏။

“ကျန်းကျိဝေက ဒီလူ(၂)ယောက်ကို ဘာလို့အလွယ်တကူ ဖြေရှင်းနိုင်ရတာလဲ… လွန်ခဲ့တဲ့ တစ်မိနစ်လောက်တုန်းကတော့ သူတို့က အဆင့်တူလောက်ပဲ ရှိတယ်လို့ ထင်ရတယ်..။ သူက စွမ်းအားတွေကိုများ တမင်တကာ ထိန်းချုပ်ထားတာများလား…”

ရန်ဝူကျန်း၏ သေဆုံးမှုက ကျန်းယွင်ရှန်၊ ချင်ကျင်းနှင့် ချီရှတို့ကိုလည်း လှုံ့ဆော်ပေးနိုင်ခဲ့၏။ သူတို့၏ တိုက်ခိုက်မှုများက ကြောက်စရာကောင်းလာပြီး တစ်မိနစ်အတွင်း အနက်ဝတ်လူများ အားလုံးနီးပါးကို အနိုင်ရခဲ့သည်။ သူတို့က ဓားစာခံအဖြစ် ဖမ်းထားသော လူအနည်းငယ်သာ ကျန်တော့သည်။

ချီရှက ရန်ဝူကျန်းဆီသို့ လျောက်သွား၏။ သူမက ခဏတာစိုက်ကြည့်နေပြီး လေးလေးနက်နက် သက်ပြင်းချလိုက်သည်။

“ခေါင်းဆောင်ငယ်ရန်က သေရမှာကို အရမ်းကြောက်တယ်။ ယက္ခပျံရဲ့ မျက်နှာကို ထောက်ထားပြီး ညီမတို့က သူ့ကို အသေးအဖွဲ့ကိစ္စတွေပဲ တာဝန်ပေးတာ။ ဥပမာအနေနဲ့ ပြောရရင် လောင်းကစားရုံကို စောင့်ကြည့်တာမျိုးပေါ့။ အခုတော့ သူက အရင်ဆုံး သေသွားရလိမ့်မယ်လို့ ညီမလည်း မထင်ထားဘူး…”

ကျန်းယွင်ရှန်က အလောင်းနားတွင် ဒူးထောက် ထိုင်လိုက်သည်။ ထို့နောက် သူက ဒဏ်ရာကို စစ်ဆေးကြည့်လိုက်ပြီး နှာခေါင်းနားသို့ လက်နှင့် စမ်းကြည့်လိုက်ရာ ရန်ဝူကျန်းက အမှန်တကယ် သေဆုံးသွားကြောင်း သေချာသွား၏။ ထို့နောက် သူက တည်ငြိမ်သော အမူအရာနှင့် ကြေညာလိုက်သည်။

“သူ သေသွားပြီ….”

တခြားသူများအားလုံး၏ မျက်နှာပေါ်တွင်လည်း လေးနက်သော အမူအရာများ ပေါ်လာကြသည်။ သံသရာအရှင်သခင်က သူတို့ကို လှည့်စားခဲ့ခြင်း မရှိချေ။ ဤအရာက ကစားပွဲတစ်ခု မဟုတ်သလို အိပ်မက်တစ်ခု လည်းမဟုတ်ချေ။ အကယ်၍ ဤနေရာ၌ သေဆုံးသွားမည်ဆိုလျင် ထာဝရ သေဆုံးသွားမည်ဖြစ်သည်။

“ငါတို့က နောက်ထပ် အချိန်ဖြုန်းလို့မရတော့ဘူး…”

ချင်ကျင်းက အရင်ဆုံး ပြောလိုက်သည်။

ကျန်းယွင်ရှန်က လက်ကာပြလိုက်၏။

“ငါတို့က အရမ်းစိုးရိမ်နေမယ်ဆိုရင် အမှားတွေ ပိုပြီးလုပ်မိလိမ့်မယ်၊ ဒီတော့ အစောပိုင်း ငါတို့ရထားတဲ့ အချက်အလက်တွေ မှန်မမှန် ဓားစားခံတွေကို မေးမှရမယ်။ ပြီးတော့ ငါတို့ဆီကို လူတွေအများကြီး ရောက်လာမှတော့ ရဲတိုက်သခင်လည်း သိနေလောက်ပြီ။ ငါတို့က သေချာပေါက် အစွမ်းထက်တဲ့ ရန်သူတွေကို တွေ့နိုင်လိမ့်မယ်။ ဒါကြောင့် ငါတို့ရဲ့ အစီအစဉ်ကိုလည်း သေချာစဉ်းစားမှရမယ်…။ ညီမလေးချီ … ဒီတာဝန်ကိုတော့ ညီမလေးကိုပဲပေးလိုက်ပြီ…”

သူက ချီရှကို လှည့်ကြည့်၍ ပြောလိုက်သည်။

ချီရှက ရန်ဝူကျန်း၏ အလောင်းကို နောက်တစ်ကြိမ် လှည့်ကြည့်လိုက်၏။

“ယက္ခပျံက သူ့ရဲ့မိသားစုဝင်တွေကို အရမ်းတန်ဖိုးထားတယ်။ တကယ်လို့ သူနဲ့ခေါင်းဆောင်ငယ်ရန်တို့က မတည့်ဘူးဆိုရင်တောင် ဘယ်လိုပြဿနာမျိုး ဖြစ်လာမလဲ ကျွန်မလည်း မသိနိုင်ဘူး…”

ထို့နောက် သူမက ဓားစာခံများဆီသို့ လျောက်သွားပြီး စိတ်ဝိညာဉ်ဖမ်းချုပ်ခြင်းလက် ကျင့်စဉ်ကို သုံးလိုက်သည်။

“ကြည့်ရတာ ရင်ဟွမ်ရဲတိုက်နဲ့ ပတ်သတ်ပြီး ငါတို့သိထားတဲ့ အချက်အလက်တွေက မှန်နေတာပဲ…”

ကျန်းယွင်ရှန်က ဓားစာခံများ၏စကားကို နားထောင်ပြီး သေချာသွားခဲ့သည်။ ထို့နောက် သူက မျက်မှောင်ကြုတ်၍ ပြောလိုက်၏။

“ဘာလို့ ရင်ဟွမ်ရဲတိုက်သခင်က သူ့ရဲ့လက်အောက်မှာရှိနေတဲ့ ပညာရှင်တွေ အားလုံးကို အလယ်ခန်းမမှာ ခေါ်ထားရတာလဲ..။ ဘာလို့ သူက ဘယ်သူမှ ဝင်မလာနိုင်အောင် တံခါးကို ပိတ်ထားရတာလဲ..။ ဒီအနက်ဝတ်လူတွေကတော့ ခေါင်းဆောင်မရှိဘဲ အဖွဲ့တစ်ဖွဲ့ ဖြစ်လာသေးတယ်…”

“အဲဒါက ကောင်းတာပဲ မဟုတ်ဘူးလား..။ အနည်းဆုံးတော့ အလယ်ခန်းမထဲကို ဝင်မသွားခင် စစ်ကူ ရောက်လာမှာကို စိုးရိမ်စရာ မလိုဘူးလေ။ ပြီးတော့ သူတို့ရဲ့ ရဲတိုက်သခင်ကလည်း ငါတို့ကို တိုက်ခိုက်မှာ မဟုတ်ဘူး…”

ချင်ကျင်းက အလေးအနက် ပြန်ဖြေလိုက်သည်။

ချီကျန်းရန်က ရုတ်တရက် ဝင်ပြောလိုက်၏။

“ဒါပေမယ့် ငါတို့က တဖြည်းဖြည်းနဲ့ အလယ်ခန်းမထဲကို သွားရမှာပဲလေ။ တကယ်လို့ ရဲတိုက်သခင်က တစ်ခုခု ကြံစည်နေတာကိုသာ ငါတို့မသိဘူးဆိုရင် သေချာပေါက် မထင်ထားတဲ့ ဆုံးရှုံးမှုတွေ ကြုံရနိုင်တယ်…”

“အဓိကသော့ချက်ကတော့ ငါတို့အခု ဘယ်လိုလုပ်ကြမလဲ ၊ ဒါမှမဟုတ် ငါတို့မှာ စုံစမ်းဖို့ အချိန်ကျန်သေးလို့လား…”

ချင်ကျင်းက ဘေးတွင် ရှိနေသော ကျောက်တုံးနံရံကို လှမ်းကြည့်လိုက်သည်။

ထိုအချိန်တွင် သူတို့အားလုံးက လိုဏ်ခေါင်း၏ အလယ်၌ ရပ်နေကြပြီး ကျောက်တုံးနံရံနှင့် အဝေးတွင် ရှိနေကြ၏။

တဖက်တွင် အဖွဲ့အတွက် ဝန်ထုတ်ဝန်ပိုးနှစ်ခုထဲမှ တစ်ခုဖြစ်သော မုန့်ချီကတော့ စကားပြောရန် ဆန္ဒမရှိချေ။ တခြားသော ဝန်ထုတ်ဝန်ပိုးဖြစ်သော ရန်ဝူကျန်းက သူ့မျက်စိရှေ့တွင် အလွယ်တကူ သေဆုံးသွားခဲ့၏။

ကျန်းကျိဝေက ဓားကို တင်းတင်း ဆုပ်ကိုင်ထားလိုက်သည်။ ဓားထိပ်ဖျားမှနေ၍ သွေးများ တစ်စက်စက် ကျဆင်းနေခဲ့သည်။

“အချင်းချင်း ငြင်းခုန်မနေကြနဲ့တော့။ ငါတို့က အရင်အစီအစဉ်အတိုင်း ခပ်မြန်မြန် လှုပ်ရှားကြမယ်။ ရဲတိုက်သခင်က ဘာတွေပဲ စဉ်းစားနေပါစေ၊ ငါတို့က သူ့ရဲ့အစီအစဉ် အကောင်အထည်မပေါ်ခင် အလယ်ခန်းမဆီကို မြန်မြန်ရောက်မှ ဖြစ်မယ်။ ဒါက ငါတို့လုပ်သင့်တဲ့ တစ်ခုတည်းသောအတွေးပဲ…”

ကျန်းယွင်ရှန်ကတော့ မတ်တပ်ရပ်၍ပြောလိုက်သည်။

“သွားကြစို့…”

သူက ပြောလိုက်ပြီး သူတို့(၃)ယောက်က လမ်းဆုံလမ်းခွတွင် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

ချီရှက ကျန်းကျိဝေကိုကြည့်ပြီး မုန့်ချီကို ကြည့်လိုက်၏။ ထို့နောက် အပြုံးနှင့် ပြောလိုက်၏။

“ကျိဝေ ….

ငါက နင့်ထက်နည်းနည်းအသက်ကြီးလို့ ညီမလေးကျိဝေလို့ပဲ ခေါ်ပါရစေ။ အခုကစပြီး အစ်မက ညီမလေးကျိဝေရဲ့စကားကိုပဲ နားထောင်မယ်…”

ကျန်းကျိဝေက ခေါင်းညိတ်ပြလိုက်သည်။

“အစ်မကြီးချီ … သွားကြစို့ ထောင်ချောက်တွေကို သတိထားပါ…”

သူတို့က စထွက်သွားသည်ကို မြင်သည့်အခါ မုန့်ချီက အလောင်းတစ်ခု၏အနားတွင် ကျနေသော ဓားရှည်တစ်ချောင်းကို ကောက်ယူလိုက်သည်။

“အဲဒီအစား ဓားမောက်တစ်ချောင်းကို သုံးလိုက်..။ ဓားသိုင်းက သင်ဖို့ခက်ပေမယ့် ဓားမောက်ကတော့ သုံးဖို့ ပိုပြီး လွယ်ကူတယ်။ နင့်အတွက် ဓားတစ်ချောင်းကို သုံးမယ့်အစား ဓားမောက်တစ်ချောင်းကို သုံးတာက အနည်းဆုံး နှစ်ဆလောက်ပိုပြီး အစွမ်းထက်နိုင်တယ်…”

ကျန်းကျိဝေက မုန့်ချီကို သတိပေးလိုက်သည်။

ကျိကျန်းစံအိမ်ရှိ ပညာရှင်များအနေနှင့် ပြောရမည်ဆိုလျှင် ဓားရှည်တစ်ချောင်းဟူသည်မှာ လေ့ကျင့်ရန်အတွက် အလှဆင်ထားသော အရာတစ်ခုသာ ဖြစ်သည်။

မုန့်ချီက စဉ်းစားကြည့်လိုက်ပြီး သူကိုယ်တိုင်လည်း ထိုစကားကို တစ်နေရာရာတွင် ကြားဖူးကြောင်း နားလည်လိုက်၏။ သူက စဉ်းစားမနေဘဲ ဓားရှည်ကို လွှင့်ပစ်လိုက်ပြီး ဓားမောက်အရှည်တစ်ချောင်းကို ကောက်ယူလိုက်သည်။

သူ၏အစွမ်းအရ ဓားတိုတစ်ချောင်းကိုသုံးပြီး ရန်သူကို အနီးကပ်တိုက်ခိုက်မည်ဆိုလျှင် အသာစီးရနိုင်သည်။ သို့သော် ဓားက တိုလေလေ အန္တရာယ်ပိုများလေလေဖြစ်သည်။ ထို့ပြင် သူ၏ခန္ဓာကိုယ်၌ စွမ်းအားများရှိနေပြီး ဓားမောက်အရှည်ကို ထိန်းချုပ်ရန်လည်း အလွန်လွယ်ကူသည်။

ရန်ဝူကျန်း၏ သေဆုံးမှုနှင့် သူတို့ဖြတ်ကျော်ခဲ့ရသော ရက်စက်ကြမ်းကြုတ်သည့် တိုက်ပွဲများကြောင့် မိန်းကလေးနှစ်ယောက်က အလွန်စိတ်ပျက်နေကြသည်။ တစ်ဖက်တွင် မုန့်ချီကတော့ စိတ်အေးသွားပြီ ဖြစ်သည်။ သို့သော် သူက စကားမပြောခဲ့ပေ။

သူက ကျန်းကျိဝေ၏ နောက်မှ အာရုံစိုက်၍သာ လိုက်လာခဲ့သည်။ သူမကတော့ အဆိပ်မြားများကို ရှောင်တိမ်းနေရင်း အနက်ဝတ်လူများကို လွတ်လပ်ပေါ့ပါးစွာ သတ်ပစ်နေသည်။ တစ်ဖက်တွင်လည်း သူ၏အင်္ကျီစကိုဆွဲပြီး ထောင်ချောက်များ ပြည့်နေသော လိုဏ်ခေါင်းထဲကို ဖြတ်ကျော်သွားခဲ့၏။

“ကြည့်ရတာ ငါတို့တော့ ရောက်တော့မယ် ထင်တယ်…”

ချီရှက ပတ်ပတ်လည်ကို လှည့်ကြည့်ပြီး စစ်ဆေးကြည့်လိုက်သည်။ သူမ၏အသံက တိတ်ဆိတ်နေသော ပတ်ဝန်းကျင်ကို ချိုးဖောက်လာခဲ့၏။

ကျန်းကျိဝေက သူတို့၏အရှေ့တွင် ရှိနေသော ကျောက်တုံးတံခါးကို ကြည့်ပြီး ပြောလိုက်သည်။

“အဆိပ်ငွေ့တွေကို သတိထားဦး…”

မုန့်ချီက ရက်(၁၀၀)အခြေခံကျင့်စဉ်ကို အောင်မြင်သွားပြီးနောက် အတော်လေးကိုလ န်းဆန်းတက်ကြွပြီး ထူးခြားသော မှတ်ဉာဏ်တစ်ခု ရလာခဲ့သည်။ သူကကျောက်တုံးတံခါး၏ နောက်တွင်ရှိနေသော လိုဏ်ခေါင်းကို ရှင်းရှင်းလင်းလင်းမြင်နေရပြီး ထိုတံခါးပေါ်တွင် နဂါးလက်သည်းရာတစ်ခု ရှိနေသည်။

အကယ်၍ သူတို့ကသာ လှိုဏ်ခေါင်းထဲတွင်ရှိနေသော ထောင်ချောက်ပေါ်သို့ နင်းမိမည်ဆိုလျှင် အဆိပ်ငွေ့များ ထွက်လာပါလိမ့်မည်။ လိုဏ်ခေါင်း၏ အဆုံးသတ်တွင်တော့ ဆရာကြီးချန်းရုံကိုဖမ်းထားသော လျှို့ဝှက်အခန်းတစ်ခု ရှိသည်။

ချီရှက ကျောက်တုံးတံခါးကို တွန်းဖွင့်လိုက်ပြီး အုတ်ခဲများကို မည်သို့စီစဉ်ထားကြောင်း စစ်ဆေးနေသည်။

“အစ်မကြီးချီရဲ့မိသားစုက အတော်လေးကို သမိုင်းကြောင်း ကောင်းတယ်… သူတို့က လျှို့ဝှက်လက်နက်တွေ ၊ ထောင်ချောက်တွေမှာ ဆရာသခင်တွေပဲ…”

ကျန်းကျိဝေက မုန့်ချီကို ရှင်းပြလိုက်သည်။

အမှန်အတိုင်းပြောရရင် သူမ မရှင်းပြလျှင်ပင် မုန့်ချီကတော့ ထိုအကြောင်းကို သိနေခဲ့၏။ ချီရှက လမ်းတစ်လျောက်တွင် ထောင်ချောက်များစွာကို ဖြေရှင်းနိုင်ခဲ့သည်။

ချီရှက စစ်ဆေးနေရင်း အပြုံးနှင့် ပြောလိုက်၏။

“ညီမက အစ်မကို အရမ်းချီးကျူးနေတာပဲ…။ ညီမလေးကျိဝေရဲ့ သိုင်းပညာနဲ့ ယှဉ်ရင် အစ်မက အများကြီးပိုအားနည်းပါတယ်၊ အစ်မလုပ်ပေးနိုင်တာက ဒီလိုအသေးအဖွဲ့ကိစ္စတွေပဲ ရှိတယ်…”

ကျန်းကျိဝေက ပြုံးရုံလေးပြုံးပြီး ပြန်မပြောခဲ့ပေ။ ထိုအစား သူမက မုန့်ချီကိုလှည့်ပြီး ပြောလိုက်၏။

“ငါက လျှို့ဝှက်တိုက်ခိုက်မှုတွေကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာနဲ့ ကိုယ့်ကိုယ်ကို ဘယ်လိုကာကွယ်ရမလဲဆိုတာပဲ ငါ့ဂိုဏ်းကနေ သင်ပေးခဲ့တယ် ငါက တခြားသူကို ကာကွယ်ပေးတဲ့နေရာမှာ သိပ်ပြီး မကျွမ်းကျင်ဘူး…”

သူမက ရန်ဝူကျန်း၏သေဆုံးမှုကို တွေးမိနေခြင်းဖြစ်ပုံရသည်။

မုန့်ချီကအလွန်အမင်း ကြောက်လန့်သွားသလို ခံစားလိုက်ရသော်လည်း ကိုယ့်ကိုယ်ကို အားတင်း၍ ပြောလိုက်၏။

“ကိစ္စမရှိပါဘူး မိန်းကလေးကျန်းသာ မရှိရင် ငါက အခုအချိန်ထိတောင် လိုက်လာနိုင်မှာ မဟုတ်ဘူး။ ငါလည်း ခေါင်းဆောင်ငယ်ရန်ရဲ့ နောက်ကို လိုက်သွားရမှာပါပဲ…”

ယခုတစ်ကြိမ်တွင်တော့ သူက မိန်းကလေးကျန်းဟု တမင်တကာ ခေါ်လိုက်ခြင်း ဖြစ်သည်။

“ဒကာမလေးကျန်း….”

ကျန်းကျိဝေကတော့ မမောနိုင်မပန်းနိုင် သူ့စကားကို ပြင်ပေးနေသေးသည်။ နောက်ဆုံးတွင်တော့ အပြုံးနှင့်ပြောလိုက်၏။

ချီရှက တိုးတိုးလေး ရယ်လိုက်သည်။

“ညီမလေးကျိဝေ….

ဒီလိုဏ်ခေါင်းထဲမှာ နောက်ထပ်လျှို့ဝှက်တံခါးတစ်ခုရှိနေတယ်။ ဒီလျှို့ဝှက်တံခါးက နောက်ထပ်အခန်းတစ်ခုကို ဦးတည်သွားတာဖြစ်မယ်လို့ ငါသံသယဖြစ်မိတယ်။ ငါတို့မှာရှိတဲ့ မြေပုံအရ အဲဒါက ဆရာကြီးတင်ချန်းရှန်ကို ဖမ်းထားတဲ့နေရာ ဖြစ်နိုင်တယ်…”

“ဒါဆို လူခွဲပြီး သွားချင်တာလား…”

ကျန်းကျိဝေက သူမဆိုလိုသောစကားကို သိနေခဲ့သည်။

ချီရှက ခေါင်းညိတ်ပြလိုက်သည်။

“ရဲတိုက်ထဲမှာရှိတဲ့ ပညာရှင်တွေအားလုံးက အလယ်ခန်းမထဲကို သွားကုန်ကြပြီ။ ငါတို့မှာ ဖြတ်လမ်းရှိနေမှတော့ အနိုင်ရနိုင်ချေရှိအောင် ကြိုးစားတာကောင်းမယ်…”

ကျန်းကျိဝေက လမ်းတစ်လျှောက်တွင် သာမန်သိုင်းပညာ အဆင့်သာရှိသော အနက်ဝတ်လူများကို တွေ့ခဲ့ရသည့် အတွေ့အကြုံကို ပြန်လည်စဉ်းစားနေခဲ့သည်။ ထို့ကြောင့် သူမက ချီရှကို ပြောလိုက်၏။

“အစ်မကြီး… သတိထားပါ…”

“ကောင်းပြီ….”

ချီရှက ပြန်ဖြေလိုက်ပြီး သူမ၏ရေကုန်းတန်းဓားရှည်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်၍ ကျန်းကျိဝေနှင့် မုန့်ချီတို့ကို ပြောလိုက်သည်။

“ဘယ်ဘက်ကို သုံးလှမ်း . ညာဘက်ကို လေးလှမ်း…

တကယ်လို့ အဲဒီအတိုင်းသွားမယ်ဆိုရင်တော့ အဆိပ်မြူခိုးတွေ ထွက်လာမှာ မဟုတ်ဘူး..”

သူမက နံရံပေါ်တွင် ရှိနေသော ကျောက်တုံးတစ်ချို့ကိုယူပြီး ထိုနေရာများသို့ လှမ်းပစ်လိုက်သည်။ ထင်ထားသည့်အတိုင်း ဘာမျှဖြစ်မလာခဲ့ပေ။ ထို့ကြောင့် သူမက အလွန်လှပသော အမူအရာနှင့် လှုပ်ရှားလိုက်သည်။ သူမက လိုဏ်ခေါင်း၏ အလယ်တွင် ရှိနေသော ကျောက်တုံးတံခါးကိုဖွင့်၍ အမှောင်ထုထဲတွင် ပျောက်ကွယ်သွားသည်။

“ဆရာကြီးချန်းကို သွားကယ်ကြစို့…”

ကျန်းကျိဝေက မုန့်ချီဆီသို့ လျှောက်လာပြီး သူ၏အင်္ကျီစကို နောက်တစ်ခါ ဆွဲသွားပြန်သည်။ မုန့်ချီကတော့ ဤနေရာတွင် ကျန်ခဲ့ပြီး အနက်ဝတ်လူများ၏ သတ်ပစ်ခြင်းကို မခံချင်ပေ။ သို့သော် သူ့စိတ်ထဲ၌ ဖြေရှင်း၍ မရနိုင်သော မေးခွန်းတစ်ခု ကျန်နေသည်။

သူက ကျန်းကျိဝေ၏နောက်သို့ တစ်ယောက်တည်း ဆက်လိုက်ရမှာကို အတော်လေး ကြောက်လန့်နေခဲ့သည်။ ကျန်းကျိဝေနှင့် ပထမဆုံးတွေ့ခဲ့သည့် အခြေအနေနှင့် သူမ၏အကျင့်စရိုက်ကို စဉ်းစားမိသောအခါ သူက သိချင်နေသောအရာကိုမေးရန် ဆုံးဖြတ်လိုက်သည်။

“မိန်းကလေးကျန်း… ငါ့စိတ်ထဲမှာ သိချင်နေတာ တစ်ခုရှိတယ်….”

“ဘယ်လိုအရာမျိုးလဲ….”

သူမက မုန့်ချီကို အလွန်ရှုပ်ထွေးနေတဲ့ အမူအရာနှင့် ကြည့်လိုက်သည်။

မုန့်ချီက အံကြိတ်၍ ပြောလိုက်၏။

“မိန်းကလေးကျန်း..

ငါတို့တွေ အနက်ဝတ်လူတွေနဲ့ စတွေ့တဲ့အချိန်မှာ ဘာလို့သူတို့တွေနဲ့အချိန်အကြာကြီး တိုက်ခိုက်နေခဲ့ရတာလဲ။ မိန်းကလေးရဲ့အစွမ်းအရဆို သူတို့က အလွယ်တကူ ရှင်းပစ်နိုင်ပါတယ်…”

ထိုမေးခွန်းက မုန့်ချီ၏စိတ်ထဲတွင် အချိန်တော်တော်ကြာ ရှိနေခဲ့သည်။

ထိုမေးခွန်းကို ကြားလိုက်သည့်အချိန်တွင် ကျန်းကျိဝေ၏ အမူအရာက ပြောင်းလဲသွားခဲ့၏။ ထို့နောက် သူမက အလေးအနက်ရှိနေသော အမူအရာမျိုး ပြောင်းလဲသွားသော်လည်း မျက်နှာလေးကတော့ ချစ်စရာကောင်းနေသည်။

“အရင်ဆုံး မရယ်ဘူးလို့ ကတိပေးပါ…”

ကျန်းကျိဝေကို ထိုကဲ့သို့ အမူအရာမျိုးမမြင်ဖူးသည့်အတွက် မုန့်ချီ၏ စိုးရိမ်မှုများကလည်း ပျောက်ကွယ်လုနီးပါး ခံစားလိုက်ရ၏။ သူက သူမကို ကတိပေးလိုက်သည်။

ကျန်းကျိဝေက အပေါ်ကို မော့ကြည့်လိုက်ပြီး သူမမျက်နှာလေးကလည်း နီရဲနေခဲ့သည်။

“ငါက လူတစ်ယောက်ကို သတ်ဖူးတာ ဒါပထမဆုံးအကြိမ်ပဲ…။ ရန်သူ့ရဲ့ခန္ဓာကိုယ်က သွေးတွေထွက်လာပြီး သူ့ရဲ့ခန္ဓာကိုယ် မြေပေါ်လဲကျသွားတာကို မြင်တဲ့အချိန်မှာ ငါတော်တော်လေး ကြောက်သွားတာ…”

မုန့်ချီက ကျယ်လောင်စွာ ရယ်မိမတတ် ဖြစ်သွားခဲ့သည်။ သူမ၏အကြောင်းပြချက်မှာ ထိုမျှရိုးရှင်းခွန်းနေသည်။ ကြည့်ရသည်မှာ သူက အတွေးလွန်နေခြင်းဖြစ်ပုံရ၏။

မရယ်မိအောင် ထိန်းချုပ်ထားသော မုန့်ချီကို မြင်သည့်အခါ ကျန်းကျိဝေက နှာခေါင်းရှုံ့လိုက်သည်။

“ငါတို့ဂိုဏ်းထဲမှာ ကြက်ကလေးတွေကိုသတ်ပြီး လေ့ကျင့်ရတာ။ ငါက လူတစ်ယောက်ကို တစ်ခါမှ မသတ်ဖူးဘူး…”

“အမ်…ဒါဆိုမိန်းကလေးကျန်းက ကြက်ဘယ်နှစ်ကောင်တောင် သတ်ပြီးပြီလဲ…”

မုန့်ချီက ခေါင်းစဉ်ပြောင်းလိုက်သည်။

ကျန်းကျိဝေက သေချာစဉ်းစားပြီး ပြန်ဖြေလိုက်၏။ “ဓားသိုင်းပညာကိုစပြီးသင်ခဲ့တာ နှစ်နှစ်လောက်ရှိပြီ။ အဲဒီအချိန်ကစပြီး တစ်နေ့ကို ကြက်နှစ်ကောင် သတ်ရတယ်။ တစ်ခါတစ်လေ ဝက်တွေ၊ နွားတွေ၊ သိုးတွေလည်း ပါတယ်…”

မုန့်ချီ၏ စိတ်ထဲတွင် အတွေးတစ်ခုပေါ်လာပြီး အလေးအနက် ပြောလိုက်သည်။

“မိန်းကလေးကျန်း…

မိန်းကလေးကျန်းက သိုင်းလောကမှာ နာမည်ကျော်ကြားလာတဲ့အချိန်ကျရင် မိန်းကလေးကျန်းအတွက် နာမည်တစ်ခု စဉ်းစားမိပြီ…”

“ဘာနာမည်လဲ…”

“ကြက်ကလေးသတ် နတ်ဘုရားဓား….”

ထိုစကားကြောင့် ကျန်းကျိဝေက အားရပါးရ ရယ်လိုက်မိလေသည်။

“နင့်လို ကိုရင်လေးတစ်ပါးက ဒီလောက်ထိ ပေါက်ကရ ပြောတတ်လိမ့်မယ်လို့ မထင်ထားဘူး။ ဒါနဲ့ နင်က ငါ့ကို ဒကာမလေးကျန်းလို့ပဲ ခေါ်သင့်တယ်။ စကားအပြောအဆို သတိထားပါ။ မဟုတ်ရင် ဗုဒ္ဓက နင့်ကိုအပြစ်ပေးလိမ့်မယ်…”

သူမက ပန်းပွင့်လေးတစ်ပွင့်ကဲ့သို့ ရယ်မောလိုက်ပြီး ခံစားချက်များက လျင်မြန်စွာ တည်ငြိမ်သွားခဲ့သည်။ သူမက မုန့်ချီ၏ အင်္ကျီစကိုကိုင်ပြီး လမ်းကြောင်းထဲသို့ဆက်၍ လျှောက်သွားခဲ့၏။ သူတို့၏စကားပြောဆိုမှုကြောင့် သူတို့က ပို၍ရင်းနှီးလာသလို ခံစားလာရသည်။

ချီရှက လျှို့ဝှက်လက်နက်နှင့် ထောင်ခြောက်များတွင် အမှန်တကယ် ကျွမ်းကျင်လှသည်။ လမ်းတစ်လျှောက်တွင် မတော်တဆတစ်ခုမျှဖြစ်ခဲ့ခြင်း မရှိပေ။ ကျန်းကျိဝေနှင့် မုန့်ချီတို့က ကျောက်တုံးတံခါးဆီသို့ အောင်အောင်မြင်မြင် ရောက်လာခဲ့ကြသည်။

“ဒီကျောက်တုံးတံခါးကို အတွင်းထဲကနေ ဖွင့်လို့မရဘူး…”

ခဏကြာစစ်ဆေးပြီးနောက် ကျန်းကျိဝေက မုန့်ချီကို သူမ၏နောက်တွင် ပုန်းနေရန် အချက်ပြလိုက်သည်။ တံခါး၏နောက်ဖက်မှနေ၍ လျှို့ဝှက်မြားလေးများ ထွက်ပေါ်လာနိုင်ချေရှိ၏။

ကျောက်တုံးတံခါးက ဖြည်းညင်းစွာ ပွင့်သွားသော်လည်း ဘာမျှဖြစ်မလာခဲ့ပေ။

“ဘယ်သူလဲ… ငါ့ရဲ့မိတ်ဆွေတွေလား…”

အခန်းထဲမှနေ၍ အံ့ဩနေသော အသံတစ်ခု ထွက်ပေါ်လာသည်။

ကျန်းကျိဝေက ပတ်ပတ်လည်ကို စစ်ဆေးကြည့်လိုက်ရာ အလစ်ချောင်း တိုက်ခိုက်ခံရမည့် အနေအထားမတွေ့ခဲ့ပေ။ ထို့နောက် သူမက အခန်းထဲကို လျှောက်သွားခဲ့ပြီး မုန့်ချီက အပြင်မှနေ၍ တံခါးကို စောင့်ကြပ်ပေးနေခဲ့သည်။

အခန်းထဲတွင်တော့ အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်း လူကြီးတစ်ယောက် ရှိနေသည်။ သူက အံ့ဩသင့်စွာ ပြောလိုက်၏။

“ငါ့နာမည်က ချန်းရုံပါ…။ မင်းတို့က ဘယ်သူလဲဆိုတာ သိခွင့်ရှိမလား…”

သူက သိုင်းလောကတွင် နာမည်ကျော်ကြားပြီး ဗဟုသုတများစွာနှင့် ပြည့်စုံသည်။ သို့သော်ထိုမျှလှပသော မိန်းမပျိုတစ်ယောက်အား မတွေ့ဖူးခဲ့ပေ။

“ဆရာကြီးချန်း…

ကျွန်မတို့က လျှို့ဝှက်ဂိုဏ်းတစ်ခုကပါ..။ ဆရာကြီးမာက မကောင်းဆိုးဝါးတွေကို တိုက်ခိုက်ဖို့အတွက် ကျွန်မရဲ့ဆရာကို ဖိတ်ခေါ်လို့ ကျွန်မတို့က ဒီကိုရောက်လာတာပါ…”

ကျန်းကျိဝေက လိမ်ပြောလိုက်သည်။

ဆရာကြီးမာ၏နာမည်ကိုကြားလိုက်၍ ချန်းရုံက ခေါင်းညိတ်ပြလိုက်ပြီး

သူတို့အနားကို လျှောက်လာခဲ့သည်။

“အခုအချိန်ထိ မိန်းကလေးရဲ့နာမည်ကို မသိရသေးဘူး…”

“ကျွန်မရဲ့နာမည်က ကျန်းကျိဝေပါ…”

သိုင်းဂိုဏ်းကြီးတစ်ခုမှ တပည့်တစ်ယောက်ဖြစ်သည့်အတွက် ကျန်းကျိဝေက သူ့ကို တလေးတစား ဆက်ဆံနေသည်။

ချန်းရုံက အနားသို့ လျှောက်လာပြီး အပြုံးနှင့် ပြောလိုက်သည်။

“သူရဲကောင်းတွေက အမြဲလူငယ်တွေပဲ ဖြစ်နေတာပဲ၊ ကောင်းပြီလေ။ သွားကြစို့။ တစ်ခြားလူတွေကို သွားကယ်ကြစို့…။ ဟင်…… သူကဘေယ်သူလဲ…”

“သူ့ရဲ့ဓမ္မနာမည်ကတော့ ကျန်းတင်လို့ခေါ်ပါတယ်…”

ရုတ်တရက်ဆိုသလို မုန့်ချီက ချန်းရုံ၏မျက်လုံးထဲတွင် အစိမ်းရောင်အခိုးအငွေ့များကို မြင်လိုက်ရသည်။ ထိုအရာက တစ်စုံတစ်ခု မှားယွင်းသွားကြောင်း ခံစားလိုက်မိ၏။

တစ်ချိန်တည်းဆိုသလို ကျန်းကျိဝေကလည်း တစ်ခုခု ခံစားလိုက်ရမိသည်။ သူမက ခြေထောက်တွင် စွမ်းအားများ စုစည်းလိုက်ပြီး ချန်းရုံ၏အဝေးသို့ ပြန်ဆုတ်လိုက်သည်။

ချန်းရုံ၏ ဘယ်လက်ကတော့ ရေထဲတွင် ကူးခတ်နေသော ငါးတစ်ကောင်ကဲ့သို့ လျင်မြန်လှသည်။ သူက လျှပ်စီးကြောင်းသဖွယ် လှုပ်ရှားလိုက်ပြီး ကျန်းကျိဝေ၏ ဗိုက်အောက်ပိုင်းကို တိုက်ခိုက်လိုက်သည်။

“စိတ်ထိန်းချုပ်ရေးဆေးလုံး…”

ထိုနာမည်က မုန့်ချီ၏ခေါင်းထဲတွင် ရုတ်တရက်ဆိုသလို ပေါ်လာခဲ့သည်။

ကျန်းကျိဝေက လှုပ်ရှားရန် အချိန်ပေးရသည့်အတွက် သူမ၏တုံ့ပြန့်မှုက ချန်းရုံ၏ဘယ်လက်ထက် ပို၍နှေးနေသည်။ ထိုအချိန်တွင် သူမလုပ်နိုင်သည်မှာ ချီစွမ်းအင်များကို အကာအကွယ်အနေနှင့်သုံးပြီး ထိခိုက်မှုအနည်းဆုံးလုပ်ရန်သာ ရှိသည်။

ထိုအချိန်၌ ကျန်းကျိဝေ၏မျက်လုံးထဲတွင် ဆုံးဖြတ်ချက်ပြတ်သားမှုများ ပေါ်လာခဲ့သည်။ သူမက ချန်းရုံ၏တိုက်ခိုက်မှုကို ရှောင်တိမ်းရမည့်အစား ဓားကို ဆွဲထုတ်လိုက်ပြီး ချန်းရုံကို ပြန်လည်တိုက်ခိုက်ရန် ပြတ်သားစွာ ဆုံးဖြတ်လိုက်သည်။

“ဘုန်း…”

“ဝေါ့”

သူမ၏ပါးစပ်ထဲမှ သွေးများစီးကျလာပြီး နောက်သို့ လွင့်ကာ ကျောက်တံခါးကို အရှိန်ဖြင့် တိုက်မိသွားသည်။ တစ်ဖက်တွင်တော့ သူမ၏ဓားရှည်က ချန်းရုံ၏ရင်ဘတ်ထဲကို နက်နက်ရှိုင်းရှိုင်း စိုက်မိသွားခဲ့သည်။ ထိုနေရာမှနေ၍ သွေးများ စီးကျလာနေခဲ့၏။

ချန်းရုံက သွေးစီးဆင်းမှု ရပ်သွားရန်အတွက် ရင်ဘတ်တွင် ရှိသော သွေးကြောများကို ပိတ်လိုက်သည်။ ထို့နောက် သူက မှော်သားရဲကြီးတစ်ကောင်ကဲ့သို့ ကြမ်းတမ်းသွားပြီး ဒဏ်ရာများကို လျစ်လျှူရှု၍ မုန့်ချီနှင့် ကျန်းကျိဝေတို့ဆီကို ခုန်ဝင်လာခဲ့သည်။

ကျန်းကျိဝေ၏ တိုက်ခိုက်မှုကြောင့် ချန်းရုံ၏ စွမ်းအားအများစုကို ဆုံးရှုံးသွားခဲ့သည်။ ကံကောင်းသွားသည်မှာ သူမကတော့ ဆိုးဆိုးရွားရွား ဒဏ်ရာမရခဲ့ပေ။ သို့သော် ဗိုက်အောက်ပိုင်းဆိုသည်မှာ ဒန်တျန်၏ အားနည်းချက်ဖြစ်ပြီး ခန္ဓာကိုယ်အောက်ပိုင်းနှင့် ဆက်သွယ်ပေးထားသည်။ ထိုအချိန်တွင် သူမက မည်သည့်စွမ်းအားများကိုမျှမသုံးနိုင်ဘဲ ခြေထောက်များက လေးကန်နေသည်။

“ကိုရင်လေး…. ”

မုန့်ချီက အကြောက်တရားကို ကျော်လွန်ပြီး တိုက်ခိုက်နိုင်ရန် သူမက မျှော်လင့်နေခဲ့သည်။

ချန်းရုံက ဘယ်ဘက် ရင်ဘတ်ကို ဓားနှင့် အထိုးခံထားရသည့်အတွက် ကောင်းသော အခြေအနေတစ်ခုတော့ မဟုတ်ခဲ့ပေ။ အကယ်၍ မုန့်ချီကသာ သူ့ကို စက္ကန့်အနည်းငယ်ကြာ ထိန်းထားနိုင်မယ်ဆိုလျှင် အလိုလို သေသွားမည့် အနေအထားဖြစ်၏။

ချန်းရုံက မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ ခုန်ဝင်လာနေပြီး သူ၏မျက်လုံးထဲတွင် အစိမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာနေသည်ကို မြင်သည့်အခါ မုန့်ချီကတော့ အိပ်မက်ဆိုးကြီးတစ်ခုထဲကို ကျရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ခြေထောက်များကလည်း တုန်ယင်နေ၏။

သို့သော် ကျန်းကျိဝေ၏အသံကို ကြားလိုက်ရသည့်အခါ လက်ရှိအချိန်ကို သူ့စိတ်က ပြန်ရောက်လာခဲ့သည်။ ရန်ဝူကျန်း၏ သေဆုံးမှုကို အမှတ်ရလိုက်သောအခါ သူ့ဆီတွင် ရှိသော တိုက်ခိုက်ရေးအတွေ့အကြုံများ၊ သိုင်းပညာသင်ကြားခြင်းကြောင့် ရလာသော ပျော်ရွှင်မှုများ အားလုံးက မုန့်ချီ၏ခန္ဓာကိုယ်ထဲတွင် သတ္တိများအဖြစ် ပြည့်နှက်လာခဲ့သည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်နေသော်လည်း ဓားမောက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။ ထိုအချိန်တွင် ဓားမောက်တစ်ချောင်းက ဓားတစ်ချောင်းကို သုံးနေရခြင်းထက် ပို၍အဆင်ပြေနေလေ၏။

Translated by Hein Htet

All Chapters