အခန်း (၁၂)
Vol. 1 Ch. 12
အကြောက်တရားနှင့်ထိတ်လန့်အံ့ဩမှုကို ကျော်လွှားရာမှ ထွက်ပေါ်လာနိုင်သော စွမ်းအားများနှင့်အတူ မုန့်ချီ၏ ဓားသွားက ချန်းရုံရှိရာကို ခုတ်ချလိုက်သည်။ ခွန်အားသာ အစွမ်းထက်မည်ဆိုလျှင် ဓားချက်တစ်ချက်တည်းက တောင်မြင့်ကြီးကို ထက်ပိုင်း ခွဲပစ်နိုင်၏။
ချန်းရုံကတော့ လက်ဝါးနှစ်ဖက်ကို မြှောက်လိုက်ပြီး ရင်ဘတ်ရှေ့တွင် ကြက်ခြေခတ်သဖွယ် ကာကွယ်လိုက်သည်။ သူက ဓားသွားကို လက်နှင့် ပြန်လည်ရင်ဆိုင်ချင်နေပုံ ရသည်။ သူ၏ သိုင်းပညာက မုန့်ချီထက် အဆပေါင်းများစွာ ပို၍ ကောင်းမွန်၏။
ထို့ကြောင့် သူ၏အမြင်နှင့် တိကျမှုက သူ၏လှုပ်ရှားမှုနှင့် အချိန်ကိုက်ဖြစ်နေသည်။ သို့သော် သူ့လက်ဝါး၏ လှုပ်ရှားမှုကြောင့် ဘယ်ဘက်ရင်ဘတ်ပေါ်တွင် ရှိသော ဒဏ်ရာက လှုပ်ရှားလာပြီး သွေးများ စီးကျလာမှုက အရှိန်မြန်လာခဲ့သည်။
ထိုအချိန်တွင် သူ၏လက်ဝါးနှစ်ခုက စွမ်းအားများ ယာယီ ပျောက်ဆုံးသွားခဲ့ရပြီး ဓားသွားက ချန်းရုံ၏ ခုခံမှုကို ဖြတ်ကျော်၍ သူ၏မျက်နှာဆီကို တည့်တည့်မတ်မတ် ဦးတည်လာခဲ့သည်။
တိုက်ပွဲပေါင်းများစွာ တိုက်ခိုက်လာသော ပညာရှင် တစ်ယောက်ဖြစ်သည့်အတွက် ထိုကဲ့သို့ အရေးပေါ်အခြေအနေမျိုးတွင်ပင် ချန်းရုံက တည်ငြိမ်နေသေးသည်။ ဓားသွား၏ လှုပ်ရှားမှုအတိုင်း သူက လှဲချလိုက်ပြီး ကြမ်းပြင်ပေါ်တွင် လှိမ့်၍ မုန့်ချီ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။
တစ်ဖက်တွင်တော့ မုန့်ချီဆီ၌ တိုက်ပွဲအတွေ့အကြုံ လုံးဝမရှိခဲ့ပေ။ ချန်းရုံက ကြမ်းပြင်ပေါ်၌ လှိမ့်သွားသည့်အချိန်တွင် သူ့နောက်မှ လိုက်၍ တိုက်ခိုက်ရမည် ဖြစ်ကြောင်း သူမသိခဲ့ပေ။
ရုတ်တရက်ဆိုသလို ချန်းရုံက လက်နှစ်ဖက်ကို အားပြု၍ မြေပြင်ပေါ်မှ ဖားတစ်ကောင်ကဲ့သို့ ခုန်ထလိုက်ပြီး ညာဘက်ခြေထောက်နှင့် ရန်သူ၏ နှလုံးသား ရှိမည့်နေရာကို နောက်ပြန်လှမ်းကန်လိုက်သည်။
အတိတ်တုန်းက ဆိုလျှင်တော့ ထိုအရာက အခြေအနေကို ပြောင်းလဲပစ်နိုင်သော အရာတစ်ခုဖြစ်ပြီး တိုက်ပွဲပေါင်းများစွာတွင် အောင်မြင်မှုများ ရခဲ့သည်။ ယခုလည်း သူက ထိုသိုင်းကွက်ကိုသုံးပြီး တိုက်ပွဲကို အဆုံးသတ်ချင်နေခြင်း ဖြစ်၏။
သို့သော် သူ၏ ညာခြေထောက်က မည်သည့်အရာကိုမျှ မထိမိခဲ့ပေ။ ချန်းရုံက ခုန်ထလိုက်သည့်အချိန်တွင် အလွန်အားနည်းသော ကိုရင်လေးက သူ့ကိုကြောက်လန့်တကြား စိုက်ကြည့်နေကြောင်းသာ တွေ့လိုက်ရသည်။ ထိုကိုရင်လေးက သိုင်းလောကသား လူသစ်တစ်ယောက်ဖြစ်ပြီး တိုက်ပွဲအတွေ့အကြုံ လုံးဝ မရှိသည်မှာ သေချာသည်။
"သေစမ်း ..."
ချန်းရုံက ခေါင်းထဲတွင် တစ်ယောက်တည်း ကျိန်ဆဲလိုက်မိ၏။သူ၏ ပြိုင်ဘက်က သိုင်းလောကသား လူသစ်တစ်ယောက် ဖြစ်သည့်အတွက် သူ၏ အကောင်းဆုံး တိုက်ခိုက်မှုက ကျဆုံးသွားရလိမ့်မည်ဟု သူလည်း မထင်ထားခဲ့ပေ။ ထို့ကြောင့် သူလည်း အတော်လေးကို မကျေမနပ် ဖြစ်သွားခဲ့၏။
ယခု သူလုပ်ခဲ့သော လှုပ်ရှားမှုများကြောင့် ရင်ဘတ်တွင် ရှိနေသော ဒဏ်ရာက ပို၍ပင် ပြင်းထန်လာသည်။ သွေးဆုံးရှုံးမှု ပို၍များလာသည်နှင့်အမျှ သူလည်း အားနည်းပြီး မူးဝေလာသလို ခံစားနေရ၏။
"ငါက ဒဏ်ရာကို အရင်ဆုံး ဖြေရှင်းဖို့ လိုနေပြီ ...."
ချန်းရုံက စိတ်ထိန်းချုပ်ရေး ဆေးလုံးကို သောက်လိုက်ပြီးနောက် မဆင်မခြင် ဖြစ်လာပြီး ရင်ဟွမ်ရဲတိုက်သခင်၏ အမိန့်ကို ဆန့်ကျင်ရန် ကြောက်လန့်နေသော်လည်း သူ့ဆီတွင် ယေဘူယျဆန်သော အတွေးတစ်ခုတော့ ပိုင်ဆိုင်ထားသေးသည်။
အကယ်၍ သူသာ ဒဏ်ရာကို ကုသခြင်း မရှိလျှင် စက္ကန့်အနည်းငယ်ကြာပြီးနောက် သတိလစ်သွားတော့မည် ဖြစ်ကြောင်း ကောင်းကောင်းကြီး သိနေခဲ့သည်။ ထိုအချိန်ကျလျှင် ကိုရင်ငယ်လေးက သူ့ကို စိတ်တိုင်းကျ သတ်ပစ်နိုင်ပါလိမ့်မည်။
ချန်းရုံက သူ၏ အကျီစကို ဖြဲပြီး ဒဏ်ရာကို စည်းနှောင်လိုက်သည့်အချိန်တွင် ကိုရင်ငယ်လေးက ကျယ်လောင်စွာ အော်ဟစ်ပြီး သူ့ဆီကို နောက်တစ်ကြိမ် ပြေးဝင်လာကြောင်း တွေ့လိုက်ရသည်။
"သေစမ်း ....၊ ဘာလို့စောစော မတိုက်ခိုက်ရတာလဲ ....."
ချန်းရုံလည်း ရွေးချယ်စရာ မရှိတော့ဘဲ မုန့်ချီ၏ တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်ရသည်။ သူက ဒဏ်ရာကို ကုသရန်အတွက် တိုက်ပွဲကို မြန်မြန် အဆုံးသတ်ချင်နေခဲ့၏။
ကျန်းကျိဝေက မြေပေါ်တွင် ထိုင်နေပြီး ကျောက်တံခါးကို မီထားခဲ့သည်။ မုန့်ချီက ရူးသွပ်နေသော ကျားတစ်ကောင်ကဲ့သို့ ဖြစ်နေ၏။ သူ၏လှုပ်ရှားမှုများက ရှုပ်ထွေးနေသော်လည်း စွမ်းအားနှင့် ဓား၏အရှည်ကြောင့် သူက အသာစီးရနေခဲ့သည်။
တစ်ဖက်တွင်တော့ ပြင်းထန်သော ဒဏ်ရာများကြောင့် ချန်းရုံ၏ သိုင်းပညာက အတော်လေး အားနည်းနေပြီး လှုပ်ရှားမှုများ လုပ်ဆောင်ရန်ပင် ခက်ခဲနေသည်။ ထိုအချိန်တွင် သူက မုန့်ချီ၏တိုက်ခိုက်မှုတွင် ရှိနေသော အားနည်းချက်များကို အခွင့်ကောင်းယူ၍ ရင်ဆိုင်နေသည့်အတွက်ကြောင့်သာ မုန့်ချီက အနားကို ကပ်မလာနိုင်ခြင်း ဖြစ်သည်။
"ဦးတည်ရာမဲ့ ထိုးနေတဲ့လက်သီးက အတွေ့အကြုံရှိတဲ့ ပညာရှင် တစ်ယောက်ကိုတောင် သတ်ပစ်နိုင်တယ်...."
ဘာကြောင့်မှန်း မသိသော်လည်း ကျန်းကျိဝေက ထိုဆိုရိုးစကားကို အမှတ်ရသွားခဲ့သည်။
ထို့နောက် သူမ၏ ခေါင်းထဲတွင် အတွေးတစ်ခုပေါ်လာပြီး ကျယ်လောင်စွာ အော်ပြောလိုက်၏။
"အပေါ်ညာဘက် ..."
သူမ၏ စွမ်းအားများ ဆုံးရှုံးထားသော်လည်း သူမ၏ မျက်လုံးက ကောင်းနေသေးသည်။ ထို့ပြင် သူမက မျက်လုံးတံခါးလည်း ပွင့်နေပြီးသား ဖြစ်၏။ ထို့ကြောင့် ချန်းရုံ၏ လှုပ်ရှားမှုတွင် အားနည်းချက်များကို အလွယ်တကူ မြင်နိုင်သည်။
ထို့ပြင် ချန်းရုံက အလွန်နှေးကွေးနေသည့်အတွက် သူမက မုန့်ချီကို ညွှန်ကြားပေးနိုင်သည်။ ပြောရမည်ဆိုလျှင် ဆရာကြီးနှစ်ယောက် တိုက်ခိုက်နေသည့် အချိန်၌ မျက်စိတမှိတ်အတွင်း အရာအားလုံး ဖြစ်သွားနိုင်သည်။ တစ်ဖက်လူ၏ ညွှန်ကြားမှုက တိကျသောအချိန်ကို လွဲချော်သွားနိုင်၏။
မုန့်ချီက ဓားကို ဆက်၍ ခုတ်နေသည်။ သူ၏ တိုက်ခိုက်မှုများက အလွန်ကြမ်းတမ်း ရက်စက်သည့်အတွက် ချန်းရုံက သူနှင့်အဝေးတွင်သာ ရှိနေ၏။ ထိုအချိန်တွင် စက္ကန့်ပိုင်းလေးအတွင်း သူကိုယ်တိုင်ကလည်း ပညာရှင်တစ်ယောက်ဖြစ်လာကြောင်း ခံစားမိလိုက်၏။
သူ၏ လှုပ်ရှားမှုများ အားလုံးက အလွန်ရှုပ်ထွေးနေကြောင်း မုန့်ချီက သေချာသိနေခဲ့သည်။ အကယ်၍ ချန်းရုံသာ ဆိုးဆိုးရွားရွား ဒဏ်ရာ ရမထားလျှင် သူ့ကို ချက်ချင်း ပြန်သတ်သွားလိမ့်မည်ဖြစ်၏။
"အပေါ်ညာဘက် ...."
ရုတ်တရက်ဆိုသလို မုန့်ချီက ကျန်းကျိဝေ၏ အသံကို ကြားလိုက်ရသည်။ သို့သော် သူက အစစ်အမှန်တိုက်ပွဲထဲတွင် ပထမဆုံး အကြိမ် ကြုံဖူးခြင်း ဖြစ်သည့်အတွက် ကျန်းကျိဝေ၏ စကားကို လိုက်လျောညီထွေ လှုပ်ရှားနိုင်ခြင်း မရှိပေ။
ထိုအရာကို အတွေးအဖြစ် ပြောင်းလဲပြီး အတွေးမှ လုပ်ရပ်အဖြစ် ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် သူ၏ မသိစိတ်အတိုင်း ဓားကို ဦးတည်ရာမဲ့ ခုတ်၍သာ တိုက်ခိုက်နေခဲ့သည်။
တစ်ဖက်တွင်တော့ ချန်းရုံကလည်း ကျန်းကျိဝေ၏ စကားကို ကြားလိုက်ရသည်။ ထို့ကြောင့် သူက ဒူးထောက်လိုက်ပြီး မုန့်ချီ၏ ဗိုက်အောက်ပိုင်းကို တည့်တည့် တိုက်ခိုက်လိုက်၏။ ထိုအချိန်တွင် ဓားသွားတစ်ခုပေါ်လာပြီး ချန်းရုံ၏ ဘယ်လက်မှနေ၍ သွေးများ ဖြာထွက်လာသည်။
သူလည်း ဒဏ်ရာကို ကိုင်ပြီး နောက်သို့ ဒယိမ်းဒယိုင် ပြန်ဆုတ်သွားလိုက်ရ၏။ ထို့နောက် သူက ရေထဲမှ ကုန်းပေါ်သို့ ရောက်နေသော ငါးတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး အလွန်ဒေါသထွက်နေသော အမူအရာနှင့်မုန့်ချီကို စိုက်ကြည့်နေခဲ့သည်။
သူက မုန့်ချီ၏ဗိုက်ကို တိုက်ခိုက်ရန် ပြင်လိုက်စဉ် ထိုဓားသွားကို ရင်ဆိုင်လိုက်ရခြင်းဖြစ်သည်။ ထို့ကြောင့်လည်း သူ၏ ဘယ်လက်တွင် ဒဏ်ရာဆိုးဆိုးရွားရွား ရသွားခဲ့ခြင်း ဖြစ်၏။
"အပေါ်ညာဘက်လို့ ပြောလိုက်တာ မဟုတ်ဘူးလား ...."
မုန့်ချီကတော့ သူ့ကို အပြစ်ကင်းစွာ လှည့်ကြည့်နေသည်။ ကြည့်ရသည်မှာ သူလည်း မည်သည့်အရာများ ဖြစ်သွားကြောင်း နားလည်သွားပုံရ၏။ ထို့ကြောင့် သူက တမင်တကာ ဒေါသထွက်အောင်ပြောလိုက်သည်။
"ခင်ဗျားကို စိတ်ပျက်အောင်လုပ်မိတာတော့ စိတ်မကောင်းပါဘူး ..။ ဒါပေမယ့် ကျုပ်ရဲ့ တုန့်ပြန်မှုက တော်တော်လေး နှေးတယ်လေ ...."
ထိုစကားကြောင့် ချန်းရုံက သွေးအန်မိမတတ် ဒေါသထွက်သွားခဲ့၏။
"ခစ်....ခစ်...ခစ်..ခစ်ခစ်...."
ကျန်းကျိဝေကတော့ သူမ၏ ဗိုက်ကို လက်နှင့်ဖိပြီး ခွက်ထိုးခွက်လန် ရယ်နေမိ၏။
"ငါသိသွားပြီ...၊ ငါသိသွားပြီ ....။ တကယ်လို့ ငါသာ ဒီကိုရင်လေးနဲ့ အတူတူ သေသွားမယ်ဆိုရင် ရယ်ရလွန်းလို့ သေသွားတာပဲ ဖြစ်တော့မယ် ...."
ချန်းရုံကတော့ အလွန်အမင်း ဒေါသထွက်နေခဲ့၏။ သူက ညာလက်ကို လက်ချောင်းဓားသဖွယ် ဖန်တီးပြီး ရင်ဘတ်တွင် ရှိနေသော သွေးကြောများကို ပိတ်လိုက်ပြန်သည်။ သွေးစီးဆင်းမှုက ချက်ချင်း ရပ်တန့်သွားခဲ့၏။ ဒဏ်ရာများက အလွန်နက်ရှိုင်းသော်လည်း ယာယီ စိတ်သက်သာရာရသွားခဲ့သည်။
(၁၀)စက္ကန့်ခန့် ကြာပြီးနောက် ဒဏ်ရာများက နောက်တစ်ကြိမ် ပြန်ပွင့်လာလျှင် သူက ချက်ချင်း သေဆုံးသွားရပါလိမ့်မည်။ သို့သော် သူကတော့ ထိုအရာကို ဂရုမစိုက်နိုင်ပေ။ အကယ်၍ သူသာ ထိုကိုရင်လေးနှင့် ဆက်၍ တိုက်ခိုက်နေရမည်ဆိုလျှင် တဖြည်းဖြည်း သေသွားရမည်သာ ဖြစ်၏။ မဟုတ်လျှင်လည်း ဒေါသထွက်လွန်းသည့်အတွက် သေဆုံးသွားနိုင်သည်။
ချန်းရုံ၏ လှုပ်ရှားမှုနှင့် သူ၏အမူအယာကို ကြည့်ပြီး မုန့်ချီ၏ မျက်နှာပေါ်ရှိ အပြုံးများက ပျောက်ကွယ်သွား၏။ သူက ပို၍လည်း လေးနက်လာခဲ့သည်။ နောက်ထပ်မိနစ် အနည်းငယ်အတွင်း မည်သည့်အရာများ ဖြစ်လာနိုင်ကြောင်း သူလည်း သိနေ၏။ သူ့အတွက် သေခြင်း ရှင်ခြင်း (၂)မျိုးသာ ရှိနိုင်သည်။
အလွန်ဖိအားများသော အခြေအနေမျိုးတွင် သူက ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်ပြီး ဓားချက်ကို အတည့်အတိုင်း ခုတ်ချလိုက်၏။ ကျန်းကျိဝေကလည်း မရယ်တော့ဘဲ မုန့်ချီကို ကူညီပေးရန်အတွက် မတ်တပ်ရပ်ရန် ကြိုးစားလိုက်သည်။
သို့သော် ဒန်တျန်ဟူသည်မှာ ချီစွမ်းအင်များကို သိမ်းဆည်းနိုင်သော အုတ်မြစ်တစ်ခုဖြစ်သည်။ သူမ၏ ဒန်တျန်က ဖျက်စီးခံရခြင်း မရှိသော်လည်း ဒဏ်ရာရသွားခဲ့ခြင်း ဖြစ်၏။ လက်ရှိအချိန်တွင် သူမက ပြန့်ကျဲနေသော ချီစွမ်းအင်များကိုပင် မစုနိုင်သေးပေ။
ချန်းရုံ၏ဒဏ်ရာမှ သွေးထွက်မှု ယာယီရပ်တန့်သွားပြီးနောက် သူက တင်ပျဉ်ခွေ ထိုင်လိုက်ပြီး ဒဏ်ရာရနေသော ဘယ်လက်ကို အောက်မှာထား၍ ညာလက်ကတော့ လေထဲတွင် အသင့်ပြင်ထားခဲ့သည်။ သူ့ပုံစံက မုန့်ချီကို လက်ဗလာနှင့် ရင်ဆိုင်ချင်နေပုံရသည်။
ထိုအရာက ကောင်းမွန်သော အခြေအနေတစ်ခုမဟုတ်ကြောင်း မုန့်ချီကလည်း သိနေခဲ့၏။ ထို့ကြောင့် သူက အစွမ်းကုန်အားထုတ်ပြီး ဓားကို စောင်း၍ ခုတ်ချလိုက်သည်။ သို့သော် သူက ချန်းရုံ၏ ညာလက်ကို အောင်အောင်မြင်မြင် ရှောင်တိမ်းနိုင်ခဲ့သော်လည်း ချန်းရုံ၏ဘယ်လက်ကတော့ ဓားသွားပေါ်ကို ဖိနှိပ်ထားသေး၏။
ချန်းရုံဆီမှ ထွက်ပေါ်လာသော စွမ်းအားများကြောင့် မုန့်ချီက နောက်ကို ခြေလှမ်းအနည်းငယ် ပြန်ဆုတ်သွားလိုက်ရသည်။ သူ၏မူလအောင်မြင်မှုကြောင့် ချန်းရုံက မုန့်ချီ၏ဓားသွားကို ဆက်၍ခုခံနိုင်ခဲ့သည်။ ထို့ကြောင့် မုန့်ချီအတွက် တဖြည်းဖြည်း ပို၍အန္တရာယ်များလာခဲ့၏။
အကယ်၍ ချန်းရုံကသာ ဓားသွား၏ထက်မြက်မှုကို သတိထားနေခြင်း မရှိလျှင် မုန့်ချီက ချန်းရုံ၏လက်ဝါးချက်ကြောင့် သေဆုံးသွားသည်မှာ ကြာလောက်ပါပြီ။
"ဒီလိုမျိုး ဆက်သွားလို့မရဘူး မဟုတ်ရင် ငါပဲသေရလိမ့်မယ် ..."
မုန့်ချီ၏မျက်လုံးများက နီရဲလာခဲ့၏။ သူ၏လက်ကတော့ တစ်စက္ကန့်လေးပင် ရပ်နေခဲ့ခြင်းမရှိပေ။ ခေါင်းထဲတွင်လည်း အတွေးပေါင်းများစွာ ပေါ်နေခဲ့၏။
"ငါက ဓားပညာကို ဘာလို့စောစောမသင်မိခဲ့ရတာလဲ။ တကယ်လို့ ငါသာ အခြေခံဓားမောက်ပညာကို သင်ခဲ့ရမယ်ဆိုရင် ချန်းရုံရဲ့လက်ရှိအခြေအနေအရ သူ့ရဲ့ဒဏ်ရာတွေ ပေါက်ကွဲသွားတဲ့အထိ ဒါမှမဟုတ် ကျန်းကျိဝေ ပြန်ကောင်းလာတဲ့အထိ ခုခံနိုင်ဦးမယ်....။ အခုတော့ ငါက စိတ်ကူးပေါက်ရာ တိုက်ခိုက်နေသလိုပဲ လုပ်နိုင်တယ်....."
ရုတ်တရက်ဆိုသလို မုန့်ချီ၏ စိတ်ထဲ၌ အတွေးတစ်ခုပေါ်လာခဲ့သည်။ ချန်းရုံက သူ၏ဓားကို လုယူရန် ကြိုးစားနေခဲ့ကြောင်း အမှတ်ရသွား၏ ။ သူက အံကြိတ်လိုက်ပြီး ဓားသွားနှင့် နောက်တစ်ကြိမ် အတည့်အတိုင်း ခုတ်ချလိုက်ပြန်သည်။
မုန့်ချီက နှစ်ယောက်အတူတူ သေရန် ကြိုးစားလိုက်သည့်အလား ချန်းရုံကို စိုက်ကြည့်လိုက်၏။
ချန်းရုံကတော့ ခနဲ့သလို ရယ်လိုက်သည်။ သူ၏ ညာဘက်လက်က စက်ဝိုင်းသဖွယ် လှုပ်ရှားလိုက်ပြီး ဘယ်လက်ကတော့ အပေါ်ကို မြှောက်လိုက်၏။ သူက ဓားကို လက်နှစ်ဖက်နှင့် ဖမ်းရန် ကြိုးစားလိုက်ခြင်း ဖြစ်သည်။
မုန့်ချီက အစွမ်းကုန်သုံး၍ တိုက်ခိုက်လိုက်ခြင်းဖြစ်သည့်အတွက် ဓားလမ်းကြောင်းကို ပြောင်းလဲနိုင်တော့မည် မဟုတ်ချေ။ ချန်းရုံက လက်နှစ်ဖက်ကို လှုပ်ရှားလိုက်သည့် အချိန်တွင် ဓားသွားက ချန်းရုံ၏ လက်ဖဝါးထဲကို ချက်ချင်း ကျရောက်လာခဲ့သည်။ သို့သော် သူက ဓားကို လုရန် အားစိုက်လိုက်သည့်အချိန်၌ တစ်ဖက်မှနေ၍ မည်သည့်စွမ်းအားကိုမျှ ခံစားမိခဲ့ခြင်းမရှိချေ။ သူက လေနှင့် ယှဉ်ပြိုင်လိုက်ရသလိုဖြစ်နေခဲ့၏။
"သေစမ်း ..."
ချန်းရုံက လက်နှစ်ဖက်ကို အားထည့်၍ ဆွဲလိုက်ပြီး တစ်ဖက်မှ ပြန်ဆွဲထားခြင်း မရှိသည့်အချိန်တွင် အားလွန်သွားခဲ့သည်။ တစ်ချိန်တည်းတွင် ကိုရင်လေးက ရှေ့ကို နှစ်လှမ်းတိုးလာပြီး သူ့ကို လက်သီးနှင့် ထိုးလိုက်ကြောင်းအံ့အားသင့်ဖွယ် တွေ့လိုက်ရ၏။
ဓားသွားက ချန်းရုံ၏ လက်ထဲသို့ ကျရောက်သွားသည့်အချိန်တွင် မုန့်ချီက ညာလက်ကိုလွှတ်ပြီး လက်နက်ကို စွန့်ပစ်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် အကာအကွယ်မရှိသော ချန်းရုံ၏ ရင်ဘတ်နှင့် ဗိုက်ကို လော်ဟန့်လက်သီး သိုင်းကွက်တစ်ခုဖြစ်သော ကျားနက်ခိုးယူခြင်း နှလုံးသားဟူသော တိုက်ကွက်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
"ဗုန်းးးး....."
မုန့်ချီ၏ ဘယ်လက်သီးက ချန်းရုံ၏ ဘယ်ဘက် ရင်ဘတ်ပေါ်တွင် ရှိနေသော ဒဏ်ရာပေါ်ကို ပြင်းထန်စွာ တိုက်ခိုက်မိလိုက်သည်။ ချက်ချင်းဆိုသလိုပင် သွေးများတရဟောစီးကျလာပြီး မုန့်ချီ၏ ဦးခေါင်း၊ မျက်နှာနှင့် ခန္ဓာကိုယ် တစ်ခုလုံး ပေကျံ သွားခဲ့သည်။
ချန်းရုံက အသက်ကို မနည်း ရှုနေရပြီး ထိန်းချုပ်၍ မရနိုင်စွာ နောက်ပြန်ဆုတ်သွားရသည်။ သူက အလွန်အမင်း ထိတ်လန့်နေသော အမူအရာဖြင့် မုန့်ချီကို စိုက်ကြည့်နေမိခဲ့၏။ သူက သိုင်းပညာအနည်းငယ်လေးသာ သိသော ကိုရင်လေးတစ်ယောက်၏ သတ်ပစ်ခြင်းကို မည်သို့ခံခဲ့ရသနည်း။
ချန်းရုံက မြေပေါ်သို့ လဲကျသွားပြီး မျက်လုံးပြူးနေခဲ့၏ ။ သူကတော့ နောင်တတရားများနှင့်သေဆုံးခဲ့ရခြင်းဖြစ်သည်။
"ဟား....ဟား....ဟား....ဟား...ဟားဟား...."
မုန့်ချီကတော့ ရူးသွပ်သွားသည့်အလား အားရပါးရ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ထိုအချိန်တွင် သူ၏ရင်ထဲမှနေ၍ အဆိုးမြင်ခံစားချက်များစွာ ထွက်ပေါ်လာခဲ့၏။ ထိုအရာက မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော သွေးများကြောင့် ကြောက်စရာကောင်းစွာ ပြောင်းလဲသွားခြင်းလည်း ဖြစ်နိုင်၏။
"မင်းဖေဖေ ငါက ဓားတွေ အကြောင်း ဘာမှမသိဘူး ..။ ဒါပေမယ့် လက်သီးနဲ့ ဘယ်လိုတိုက်ခိုက်ရမလဲဆိုတာတော့ သိတယ်။ မင်းက တော်တော်ပိန်းတာပဲ..."
သူ၏ခံစားချက်များအားလုံးကို ဖွင့်ထုတ်လိုက်ပြီးနောက် မုန့်ချီက အသက်ကို ခပ်ပြင်းပြင်း ရှုလိုက်မိသည်။ ယခုအချိန်တွင် သူခံစားနေရသည်မှာ အလွန်အမင်း မောပန်းမှုသာဖြစ်၏။
"ကိုရင်လေး…
နင်က စည်းမျဉ်းကို ချိုးဖောက်လိုက်ပြီ။ဘယ်လိုဖြစ်ပြီး အဲဒီလို ကြမ်းတမ်းတဲ့စကားတွေ ပြောနေရတာလဲ......"
အကြီးမားဆုံးရန်သူကို ရှင်းပစ်ရသည့်အတွက် ကျန်းကျိဝေက စိတ်သက်သာရာရစွာ ခံစားရသည်။ ထို့ကြောင့် သူမကလည်း ဝမ်းသာအားရ ဟာသများပြောရန် စဉ်းစားထားခဲ့၏ ။ သို့သော် သူမကဲ့သို့ မိန်းကလေးတစ်ယောက်က ရိုင်းစိုင်းသော စကားလုံးများကို မပြောသင့်ကြောင်း နားလည်နေသည်။သူမကတော့ မုန့်ချီကိုပင် ထိန်းချုပ်ရန် ပြန်လည်ပြောဆိုနေသေး၏။
"ငါက ဒီလိုအန္တရာယ်မျိုးကနေ အသက်ရှင် လာတဲ့အတွက် ဗုဒ္ဓကလည်း ငါ့အတွက် ဝမ်းသာနေမှာပါ....။ ဒါကြောင့် သူက ငါ့ကိုအပြစ်တင်နေမှာ မဟုတ်လောက်ဘူး…”
မုန့်ချီက တည်ငြိမ်စွာ ပြောလိုက်သည်။
"မိန်းကလေးကျန်း …
ဒဏ်ရာ ဘယ်လိုနေသေးလဲ ....."
မုန့်ချီက သတိပြန်ဝင်လာသည်ကို မြင်သည့်အခါ ကျန်းကျိဝေက လျင်မြန်စွာ တားလိုက်သည်။
"ငါ့အတွက် ဘာမှမစိုးရိမ်ပါနဲ့ဦး....။ ငါ့ရဲ့ဓားကိုယူပြီး သူ့ခေါင်းကို သွားစိုက်လိုက်....။ သူက တကယ်သေတာလား၊ ဟန်ဆောင်တာလားဆိုတာ မသေချာသေးဘူး...."
ကျန်းကျိဝေက ယခုလိုအခြေအနေမျိုးနှင့် ရင်ဆိုင်ရာတွင် သေချာနားလည်သဘောပေါက်သည်။
မုန့်ချီက ခေါင်းညိတ်ပြလိုက်ပြီး နောက်ကို ပြန်လျှောက်လာခဲ့၏။ သူက ကျန်းကျိဝေ၏ ဓားကိုယူလိုက်ပြီး ချန်းရုံကို စိုက်ကြည့်လိုက်သည်။ ထို့နောက် သူက ချန်းရုံဆီသို့ လျှောက်သွားပြီး သူ၏မျက်ခုံးကြားထဲကို ဓားနှင့် စိုက်ချလိုက်၏။
ဓားက ချန်းရုံ၏ ခေါင်းကို ထိုးဖောက်သွားကြောင်း မြင်လိုက်ရသည့်အခါမှ မုန့်ချီလည်း လုံးဝစိတ်အေးသွားခဲ့သည်။ ယခုတော့ ချန်းရုံက သေဆုံးသွားသည်မှာ ပို၍သေချာသွားပါပြီ။
ထိုအချိန်ကျမှာသာ ကျန်းကျိဝေက မှတ်ချက်ပေးလိုက်၏။
"ကိုရင်လေး…
နင်က တော်တော်လေးကို ထူးချွန်တာပဲ.....။ ဒါက နင့်ရဲ့ပထမဆုံးတိုက်ပွဲဖြစ်ပေမယ့် အခြေအနေကို ကောင်းကောင်းထိန်းချုပ်နိုင်တယ်။ တော်တော်လေးလည်း တည်ငြိမ်တယ်...။ ရန်သူကိုလည်း ထောင်ချောက်ဆင်နိုင်တယ်...။ အကြောက်တရားကိုလည်း ကျော်လွှားနိုင်တယ်....။ လက်နက်ကိုတောင် စွန့်လွှတ်ပြီး သူ့ကို လက်သီးနဲ့ သေစေနိုင်လောက်အောင် တိုက်ခိုက်နိုင်တယ်....။ ဒီလို လူတစ်ယောက်က အနာဂတ်မှာ သေချာပေါက် ပြိုင်ဘက်ကင်း သိုင်းပညာရှင် တစ်ယောက် ဖြစ်မလာဘူးလို့ ပြောလို့မရဘူး ...…"
ကျန်းကျိဝေ၏ ချီးကျူးစကားကို ကြားသည့်အခါ မုန့်ချီက ဂုဏ်ယူစွာ ပြုံးလိုက်မိသည်။ ရုတ်တရက်ဆိုသလို ကြမ်းပြင်ပေါ်၌ ရှိနေသောသွေးများက စတင်လှုပ်ရှားလာပြီး စကားလုံးများ ပေါ်လာခဲ့သည်။
"ကျန်းကျိဝေနှင့် ကျန်းတင်တို့က စိတ်ထိန်းချုပ်ရေးဆေးလုံးရဲ့ ထိန်းချုပ်ခြင်း ခံနေရတဲ့ ချန်းရုံကို ကယ်ပြီးသွားပြီ။ သူတို့တစ်ယောက်ချင်းဆီက သီးခြားတာဝန် ပြီးဆုံးသွားတဲ့အတွက် ကံကြမ္မာအမှတ် (၁၀)မှတ်ဆီရမယ်…”
မုန့်ချီနှင့် ကျန်းကျိဝေတို့က အချင်းချင်း ကြည့်လိုက်ကြပြီး တစ်ပြိုင်နက်တည်း တွေးလိုက်မိကြ၏။
"သူ့ကိုသတ်လိုက်တာက ဘယ်လိုဖြစ်ပြီး ကယ်တယ်လို့ သတ်မှတ်နိုင်ရတာလဲ...."
သို့သော် ထိုအရာကို သေချာစဉ်းစားလိုက်ပြီးနောက် စိတ်ထိန်းချုပ်ရေးဆေးလုံး၏ ထိန်းချုပ်ခြင်းကို ခံနေရသည်မှာ သေသည်ထက်ဆိုးသော အခြေအနေတစ်ရပ် ဖြစ်သည်။
"ဒါဆိုရင် ငါတို့ရဲ့ အတွေးတွေက မှားနေပြီ။ တကယ်လို့ ဒီလိုသာဆိုရင် ငါတို့က ဘယ်နေရာကိုသွားပြီး အကူအညီတောင်းရမှာလဲ...."
ကျန်းကျိဝေက အနည်းငယ် မျက်မှောင်ကြုတ်နေမိ၏။
“ဒါမှမဟုတ် ငါတို့က အကူအညီမလိုတာများလား…”
မုန့်ချီက စိုးရိမ်စွာ ပြောလိုက်သည်။
"ဒါဆိုရင် သီးခြားတာဝန်ရဲ့အဓိပ္ပာယ်က ဘာလဲ....."
"အဓိပ္ပာယ်မရှိတာလည်း ဖြစ်နိုင်တယ်..."
"သွားပြီ ..ဒါဆိုရင် အစ်မကြီးချီ ..."
ကျန်းကျိဝေက ရုတ်တရက် ကျယ်လောင်စွာ အော်ပြောလိုက်မိ၏။
Translated by Hein Htet