← Chapters

အခန်း (၁၃)

Vol. 1 Ch. 13

အခန်း (၁၃)

Vol. 1 Ch. 13

သူမ အော်လိုက်ပြီး သိပ်မကြာခင် မြေပြင်ပေါ်၌ ရှိနေသော သွေးများက စကားလုံးအသစ်များအဖြစ် စတင်ပြောင်းလဲလာခဲ့သည်။

“ချီရှက စိတ်ထိန်းချုပ်ခြင်းဆေးလုံးရဲ့ထိန်းချုပ်ခြင်း ခံထားရတဲ့ တင်ချန်းရှန်ကို ကယ်တင်ခဲ့တယ်။ သူလည်း သီးခြားတာဝန်ကို ပြီးဆုံးသွားတဲ့အတွက် ကံကြမ္မာအမှတ်(၁၀)မှတ်ရမယ်…”

“ဟမ်..”

တခြားသူများ၏ သီးခြားတာဝန် ပြီးဆုံးသွားသည့် အချိန်တွင်လည်း သူတို့က သတိပေးချက် မြင်ရလိမ့်မည်ဟု ကျန်းကျိဝေနှင့် မုန့်ချီတို့က မထင်ထားခဲ့ကြပေ။

“ကောင်းလိုက်တာ ၊ အစ်မကြီးချီက ငါထင်ထားတာထက်တောင် ပိုပြီးတော့ သတိရှိနေသေးတာပဲ…”

ကျန်းကျိဝေက ဝမ်းသာအားရ ပြောလိုက်ပြီး ကိုယ့်ကိုယ်ကိုပင် လှောင်ရယ်မိခဲ့သည်။

ထို့နောက် သူမက ပျော်ရွှင်စွာ ပြောလိုက်၏။

“ကြည့်ရတာ ချင်ကျင်းနဲ့ အစ်ကိုကြီးကျန်းတို့ကလည်း ငါတို့ရဲ့အောင်မြင်မှုကို တွေ့သွားလောက်တယ်။ ဒါဆိုရင်တော့ သူတို့တွေက ဆရာကြီးမာနဲ့ ဆရာကြီးထန်တို့ရဲ့ အလစ်ချောင်း တိုက်ခိုက်တာကို စိုးရိမ်စရာ မလိုတော့ဘူး…”

“ဒါတော့ မသေချာဘူး… သီခြားတာဝန်ကို ပြီးသွားတဲ့သူတွေကပဲ အဲဒီသတိပေးချက်ကို မြင်ရတာ ဖြစ်နိုင်တယ်။ မဟုတ်ရင် သူတို့အတွက် အရမ်းကို လွယ်ကူနေမှာပေါ့…”

မုန့်ချီက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။ သံသရာအရှင်သခင်က အလွန်စိတ်သဘောထား ကောင်းလိမ့်မည်ဟု သူလည်း မထင်ထားခဲ့ပေ။

ချန်းရုံနှင့် အခြားသော ဆရာကြီးများက သိုင်းပညာတွင် အလွန်ထူးချွန်ကြသည်။ သို့သော် သူ့အမြင်အရ ပြောရမည်ဆိုရင် သူတို့က ကျန်းကျိဝေ၊ ကျန်းယွင်ရှန်နှင့် အခြားသော သူများထက် ပို၍အားနည်းနေသေးသည်။ ချီရှကပင် တင်ချန်းရှန်ကို သတ်ပစ်နိုင်သေး၏။

ထိုဆရာကြီးများက စိတ်ထိန်းချုပ်ရေးဆေးလုံး၏ ထိန်းချုပ်ခြင်း ခံထားရသည်ကို မသိသေးသည့်အတွက် ကျန်းယွင်ရှန်နှင့် ချင်ကျန်းတို့က လူခွဲသွားမည်ဆိုလျှင်ပင် ဒုက္ခမများနိုင်ပေ။

ကျန်းကျိဝေကလည်း သေချာစဉ်းစားကြည့်လိုက်ပြီး သံသရာအရှင်သခင်က လူကောင်းတစ်ယောက် မဟုတ်ကြောင်း ဆုံးဖြတ်လိုက်၏။ သူမက ခေါင်းညိတ်၍ ပြောလိုက်သည်။

“အရင်ဆုံး အစ်မချီနဲ့သွားတွေ့ရအောင်။ ပြီးရင်တော့ အလယ်ခန်းမဆီကို သွားကြတာပေါ့။ လမ်းမှာ တာဝန်ပြီးဆုံးတဲ့ သတိပေးချက် ပေါ်လာမလားဆိုတာ တစ်ချက်စောင့်ကြည့်ရမယ်…”

“အား..”

ထိုနေရာတွင် သူမက ရုတ်တရက် ထူးဆန်းသည့်အရာတစ်ခုကို နားလည်သွားခဲ့သည်။

“တကယ်လို့ ချန်းရုံနဲ့ တခြားဆရာကြီး(၃)ယောက်ကသာ စိတ်ထိန်းချုပ်ရေးဆေးလုံးရဲ့ ထိန်းချုပ်ခြင်းကို ခံနေရမယ်ဆိုရင် ဘာလို့ ရင်ဟွမ်ရဲတိုက်သခင်က သူတို့ကို လျှို့ဝှက်အခန်းတွေထဲမှာ ချုပ်နှောင်ထားရတာလဲ။ ငါတို့က တာဝန်အတွက် ရောက်လာမယ်ဆိုတာ သူက မသိလောက်ဘူး။ ဒါကြောင့် ငါတို့အတွက် ထောင်ချောက်ဆင်ထားတယ်ဆိုတာလည်း လုံးဝမဖြစ်နိုင်ဘူး…”

ထိုအရာက တစ်စုံတစ်ခု မှားယွင်းနေကြောင်း မုန့်ချီလည်း နားလည်နေခဲ့၏။ သူက ပြောလိုက်သည်။

“ထောင်ချောက်က ငါတို့အတွက် မဟုတ်နိုင်ဘူး…”

ကျန်းကျိဝေကတော့ ဒဏ်ရာကြောင့် သူမ၏နှုတ်ခမ်းလေးက ဖြူဖပ်ဖြူရော် ဖြစ်နေခဲ့သည်။

“ငါလည်း အဲဒီလိုပဲ တွေးမိတယ်…”

သူမက ခဏရပ်ပြီး ဆက်ပြောလိုက်၏။

“အမှန်အတိုင်း ပြောရရင် ငါတို့က ဒီတာဝန်ကို လက်ခံရလိုက်တဲ့ အချိန်ကစပြီး ငါလည်း တွေဝေနေခဲ့တာ။ ဆရာကြီး(၄)ယောက်က ရင်ဟွမ်ရဲတိုက်ကို ကျူးကျော်ခဲ့တဲ့အချိန်မှာ ဘာလို့ သူတို့(၄)ယောက်ပဲ ရှိနေရတာလဲ…၊ သူတို့က အကူအညီတွေကို စောင့်နေလို့ ရတယ်လေ…၊ လူများများရှိလေလေ သူတို့က ပိုပြီးအစွမ်းထက်လေလေပဲ။ သူတို့မှာ အဲဒီလိုအတွေးမျိုး မရှိတာကို လုံးဝနားလည်ပေးလို့မရဘူး…”

“သူတို့မှာ အချိန်မရှိလို့လည်း ဖြစ်နိုင်တယ်။ ရဲတိုက်သခင်ရဲ့အစီအစဉ်တစ်ခုကို မြန်မြန်ဆန်ဆန် တားဆီးဖို့ လိုအပ်နေတဲ့အတွက် သူတို့က မြန်မြန်ရောက်လာတာလည်း ဖြစ်နိုင်တယ်..၊ အဲဒီအစီအစဉ်ကိုလည်း ရဲတိုက်သခင်က အလယ်ခန်းမကြီးထဲမှာ လုပ်ဖို့ကြိုးစားနေတာ ဖြစ်မယ်…”

“ဆရာကြီး(၄)ယောက်က ဦးဆောင်ပြီး ဒီနေရာကို ရောက်လာတယ်…။ တစ်ချိန်တည်းမှာ သူတို့ရဲ့မိတ်ဆွေတွေကို စာပို့ပြီး အကူအညီတောင်းထားမယ်။ ဒါဆိုရင် သိပ်မကြာခင် ပညာရှင်တွေ အများကြီး ရောက်လာမှာပဲ။ ဒီထောင်ချောက်တွေက သူတို့ကို ပစ်မှတ်ထားတာ ဖြစ်နိုင်တယ်…”

မုန့်ချီနှင့် ကျန်းကျိဝေက ထိုအဖြစ်အပျက်များ၏ နောက်ကွယ်တွင် ရှိနေသော အမှန်တရားကို စတင်တွေးမိလာကြသည်။

“ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ရဲ့တာဝန်ကို အရင်ဆုံးပြီးအောင် လုပ်ဖို့လိုတယ်….”

ကျန်းကျိဝေက ခေါင်းခါပြီး ကျောက်တံခါးကိုမှီ၍ မတ်တပ်ရပ်လိုက်၏။

“မိန်းကလေးကျန်း …ဒဏ်ရာဘယ်လိုနေသေးလဲ”

မုန့်ချီက စိုးရိမ်စွာ မေးလိုက်သည်။ သူက ဆရာကြီးချန်းရုံကို သတ်နိုင်ခဲ့သော်လည်း ကိုယ့်ကိုယ်ကို အလွန်ဂုဏ်ယူနေခဲ့ခြင်း မရှိခဲ့ပေ။

ကျန်းကျိဝေသာ မရှိလျှင် အနက်ဝတ်လူများကပင် သူ့ကို အလွယ်တကူ သတ်သွားနိုင်ကြောင်း သူလည်း ရှင်းရှင်းလင်းလင်း နားလည်ထားခဲ့၏။ ထို့ပြင် သူတို့နှစ်ယောက်၏ ရင်းနှီးမှုကလည်း အတူတကွ တိုက်ခိုက်ပြီး သေရေးရှင်ရေး အခြေအနေမှ ဖြတ်ကျော်လာသည့်အတွက် ပို၍လေးနက်လာကြောင်း တွေးခဲ့မိသည်။

ကျန်းကျိဝေကတော့ မိန်းကလေးကျန်းဟူသော အခေါ်အဝေါ်ကို ပြင်ဆင်ပေးရန် လက်လျော့လိုက်ပုံရ၏။ သူမက မချိပြုံး ပြုံးပြီး ပြောလိုက်သည်။

“ခန္ဓာကိုယ်အပေါ်ပိုင်းကတော့ ဘာမှကိစ္စမရှိဘူး…။ ဒါပေမယ့် ခန္ဓာကိုယ်အောက်ပိုင်းကတော့ တော်တော်လေးကို အားနည်းပြီး တဆစ်ဆစ် နာနေတယ်။ ပြေးဖို့ ၊ နံရံတွေကို ခုန်ကျော်ဖို့ မပြောနဲ့၊ လမ်းလျှောက်တာတောင် ပုံမှန်အတိုင်းပဲ ဖြည်းဖြည်းချင်း လျှောက်နိုင်တယ်။ ငါက ပြန်ကောင်းဖို့ဆိုရင် ဆေးသောက်ပြီး ရက်နည်းနည်းလောက် အနားယူရလိမ့်မယ်…”

ချန်းရုံက တိုက်ခိုက်ခဲ့သည့်အချိန်တွင် သူမက ဆုံးဖြတ်ချက်ပြတ်သားမှုကို ပြသခဲ့ပြီး ခုခံရမည့်အစား သူမ၏ဓားနှင့် ပြန်လည်တိုက်ခိုက်ခဲ့ရန် ရွေးချယ်ခဲ့သည်။ သူမ၏ ရဲစွမ်းသတ္တိရှိမှုနှင့် မှန်ကန်သော ဆုံးဖြတ်ချက်ကြောင့် ချန်းရုံက သူ၏စွမ်းအားကို ထိန်းချုပ်လိုက်ရ၏။ ထို့ကြောင့်လည်း သူမ၏ဒဏ်ရာက မုန့်ချီထင်ထားသည်ထက် ပို၍ထိခိုက်မှု နည်းနေခြင်းဖြစ်သည်။

သူမက ဓားနှင့် တိုက်ခိုက်နိုင်သေးသော်လည်း ဗိုက်အောက်ပိုင်း ဒဏ်ရာရသွားသည့်အတွက် လမ်းလျှောက်ခြင်းက ပြဿနာကြီးတစ်ခု ဖြစ်နေခဲ့၏။

“မိန်းကလေးကျန်း …

ဒါဆိုရင် ငါက ကုန်းပိုးပြီး ခေါ်သွားမယ်လေ.. ငါ့ကို နင့်ရဲ့ခြေထောက်အဖြစ် သတ်မှတ်လိုက်ပေါ… ”

သူ့အသက်ကို အရေးအကြီးဆုံးအရာအဖြစ် သတ်မှတ်ထားသည့်အတွက် မုန့်ချီက ခဏတာစဉ်းစားပြီး အကြံပေးလိုက်သည်။

ကျန်းကျိဝေက အနည်းငယ် အံ့ဩသွားခဲ့၏။ ထို့နောက် သူမက ကြောက်ရွံ့စွာ ပြောလိုက်သည်။

“ကိုရင်လေး….

ကျွန်မက အကြွေးတင်သလို ဖြစ်နေပါလိမ့်မယ်…”

သူမ၏စကားလုံးများက အမှန်တရားလမ်းစဉ်ကို သွားနေသော သိုင်းဆရာကြီး တစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ သို့သော် သူမ၏မျက်နှာလေးကတော့ အနည်းငယ် ပြာနှမ်းနေခဲ့၏။

ခေတ်သစ်လူမှုအဖွဲ့အစည်းတွင် မွေးဖွားလာသူ တစ်ယောက်ဖြစ်သည့်အတွက် မုန့်ချီကတော့ ရှေးရိုးဆန်နေခြင်း မရှိချေ။ သူက ကျန်းကျိဝေကို စနောက်ကျီစယ် လိုက်၏။

“မိန်းကလေးကျန်း …

ငါတို့က သိုင်းလောကသားတွေပဲလေ၊ ဒီလိုအသေးအဖွဲ့လေးတွေကို ဘာမှဂရုစိုက်စရာ မလိုပါဘူး….”

သူပြောလိုက်ပြီးနောက် ကျန်းကျိဝေဆီသို့ လျှောက်သွားပြီး သူမ၏ဓားရှည်ကို ပြန်ပေးလိုက်သည်။

“ကောင်းပြီလေ ။ အဲဒါဆို ဘာများစဉ်းစားစရာ လိုတော့မှာလဲ…”

ကျန်းကျိဝေက အပေါ်တွင် ရှိနေသော ကျောက်တုံးမျက်နှာကျက်ကို မော့ကြည့်လိုက်သည်။ ယခုအချိန်တွင် သူမ၏လည်ပင်း ဖြူဖြူလေးများကလည်း နီရဲနေခဲ့၏။

မုန့်ချီက ကြမ်းပြင်ပေါ်တွင် ဒူးထောက်ပြီး တစ်ဖက်သို့ လှည့်လိုက်၏။ ထို့နောက် သူမ၏ ခန္ဓာကိုယ်က သူထင်ထားသည်ထက် ပို၍ပေါ့နေကြောင်း ခံစားလိုက်ရသည်။ သူက ကျန်းကျိဝေ၏ ခြေထောက်ကိုကိုင်ပြီး ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်၏။

ထို့နောက် ရယ်ကာမောကာနှင့် ပြောလိုက်သည်။

“ဟား ဟား ဟား ဟား .. မိန်းကလေးရဲ့ခန္ဓာကိုယ်က ငါသယ်နေတဲ့ရေပုံးထက်တောင် ပိုပြီးတော့ ပေါ့နေတာပဲ…”

ထိုစကားကြောင့် ကျန်းကျိဝေကလည်း ရယ်လိုက်မိသည်။

“ကိုရင်လေးက သံရေပုံးတွေကို သယ်နေလားမှ မသိတာ…”

မုန့်ချီ၏စနောက်မှုကြောင့် သူတို့နှစ်ယောက်၏ ကြားထဲတွင် အို့တို့အမ်းတမ်း အမူအရာမျိုး မရှိတော့ချေ။

“အဲဒါတွေက သစ်သားရေပုံးတွေပါပဲ။ ဒါပေမဲ့ ပုခုံးပေါ်မှာထမ်းပြီး သယ်တာနဲ့ နောက်ကျောမှာ သယ်ရတာတော့ ကွာခြားမှုရှိတာပေါ့….”

မုန့်ချီက ရိုးသားစွာ ပြန်ဖြေလိုက်သည်။

ကျန်းကျိဝေကတော့ အံဩသွားပြီး ပြန်ပြောလိုက်၏။

“ရိုးရိုးသားသား ပြောရမယ်ဆိုရင်တော့ ကိုရင်လေးလို ကလေးတစ်ယောက်က ငါ့ကို သယ်ပေးနေရတဲ့အတွက် တကယ်ပဲ အားနာမိတယ်…”

သူတို့က စကားပြောနေစဉ် သူမက အခြေအနေနှင့် လိုက်လျောညီထွေရှိစေရန် ဓားကို ဝှေ့ယမ်းကြည့်နေခဲ့၏။ မုန့်ချီက သူမ၏ဓားကိုကြည့်ပြီး ဓားကွက်၏ လျှို့ဝှက်ချက်များကို သိချင်နေသည့်အတွက် လိုက်ကြည့်နေခဲ့သည်။ ကျန်းကျိဝေကတော့ သူ့ကို တားဆီးခဲ့ခြင်း မရှိဘဲ ဆက်ကြည့်ခွင့်ပေးထားခဲ့၏။

အကယ်၍ သူကသာ အခြေခံဓားပညာကို အရင်ဆုံးလေ့လာထားခြင်း မရှိလျှင် ဓားကွက်ဟူသည်မှာ အဆင်တန်ဆာ သက်သက်သာ ဖြစ်ပါလိမ့်မည်။ မဟုတ်လျှင် တခြားလူများက တိုက်ခိုက်နေစဉ်အတွင်း ကျိကျန်းစံအိမ်၏ ဓားပညာကို အလွယ်တကူ ခိုးယူသွားနိုင်ကြပါလိမ့်မည်။

“ငါက မူလစွမ်းအားရဲ့(၅၀) ၊ (၆၀)ရာနှုန်းလောက်တော့ သုံးနိုင်မယ်ထင်တယ်။ ဒါဆိုရင် တော်တော်လေး လုံလောက်ပါတယ်…”

အခြေအနေအသစ်နှင့် အသားကျသွားပြီးနောက် ကျန်းကျိဝေက ကောက်ချက်ချလိုက်သည်။

ရုတ်တရက်ဆိုသလို သူမက မုန့်ချီ၏ ပုခုံးကို ဖိလိုက်ပြီး လေသံတိုးတို့နှင့် ပြောလိုက်၏။

“သတိထား ….လူလာနေတယ်…”

မုန့်ချီက အလွန်အံ့ဩသွားခဲ့၏၊ စက္ကန့်အနည်းငယ်ကြာပြီးနောက် သူလည်း လမ်းလျှောက်သံများကို ကြားလိုက်ရသည်။ လူတစ်ယောက် စကားပြောသည့်အသံကိုပင် ကြားလိုက်ရ၏။

“ဘယ်ဘက်ကို(၃)လှမ်း ၊ ညာဘက်ကို (၄)လှမ်း မရှုပ်ထွေးစေနဲ့…”

ကြည့်ရသည်မှာ နားတံခါး မပွင့်သေးလျှင်ပင် ချီလေ့ကျင့်ရေးအဆင့်ကို ရောက်သွားသည်နှင့် အကြားအာရုံက သိသိသာသာ မြင့်တက်လာခြင်း ဖြစ်နိုင်သည်။ မုန့်ချီက တစ်ယောက်တည်း စဉ်းစားကြည့်နေခဲ့၏။

“တံခါးနဲ့ ကွယ်နေလိုက်…”

ကျန်းကျိဝေက တီးတိုးပြောလိုက်သည်။

မုန့်ချီက စဉ်းစားမနေဘဲ ကျောက်တုံးတံခါး၏ဘေးတွင် ရပ်လိုက်၏။ သူက လမ်းကြောင်း၏ အတွင်းထဲတွင် ရှိနေသော အဖွဲ့ကို ချက်ချင်း ကွယ်ထားလိုက်သည်။

သူတို့က စုစုပေါင်း (၇)ယောက် (၈)ယောက်ခန့်ရှိပြီး လူတိုင်းက ပေါ့ပေါ့ပါးပါး သက်တောင့်သက်သာရှိသော ဝတ်စုံများကို ဝတ်ဆင်ထားကြ၏။ ရှေ့ဆုံးတွင် ရှိနေသော သူကတော့ သက်လတ်ပိုင်းအရွယ် စာသင်သားတစ်ယောက်နှင့် တူညီသည်။

သူက ဘယ်ဘက်လက်တွင် လျှို့ဝှက်လက်နက်တစ်ခုကို ကိုင်ထားပြီး မေးလိုက်၏။

“မိတ်ဆွေတို့နှစ်ယောက် ဘာလို့ ပုန်းနေရတာလဲ…၊ မင်းတို့က အစ်ကိုချန်းရုံကို မြင်ခဲ့ကြသေးလား…”

ထိုအချိန်တွင် သူတို့ထဲမှ တစ်ယောက်ကတော့ တံခါးကြားထဲမှနေ၍ ချန်းရုံ၏အလောင်းကို တွေ့သွားခဲ့သည်။ သူက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

“သခင်ကြီးကီ …

သူတို့က ဆရာကြီးချန်းကို သတ်ပစ်လိုက်ပြီ။ ကျွန်တော်က အဲဒီဖိနပ်တစ်စုံကို မှတ်မိတယ်…”

ကျန်းကျိဝေ၏စကားကတော့ ပို၍ပင် လေးနက်သည်။

“ကျွန်မရဲ့နာမည်က ကျန်းကျိဝေ ..၊ ကျွန်မက ဆရာကြီးမာကို အကူအညီပေးဖို့အတွက် ကျွန်မရဲ့ဆရာနဲ့အတူ ရောက်လာခဲ့တာ…”

ထိုအဖွဲ့၏ခေါင်းဆောင်ဖြစ်သော သခင်ကြီးကီက ကျိုးကြောင်းဆင်ခြင်တတ်သော လူတစ်ယောက် ဖြစ်ပုံ ရသည်။ သူက လက်ကာပြလိုက်ပြီးနောက်တွင် ရှိနေသော လူများကို ရပ်နေရန် အချက်ပြလိုက်သည်။

ကျန်းကျိဝေကို ဆက်ပြောခိုင်းလိုက်၏။

“ရင်ဟွမ်ရဲတိုက်ထဲကို ရောက်လာတဲ့အချိန်မှာ ကျွန်မတို့က ဓားစာခံဖမ်းပြီး သူတို့ကိုမေးခဲ့တယ်..၊ သူတို့ဆီကနေတဆင့် ဆရာကြီးမာနဲ့ တခြားသူတွေက ရဲတိုက်ထဲမှာရှိတဲ့ လျှို့ဝှက်အခန်းတွေထဲမှာ ပိတ်မိနေတယ်ဆိုတာကို သိခဲ့တယ်။ ဒါကြောင့် ကျွန်မရဲ့ဆရာက အဲဒီဆရာကြီးတွေကို လူခွဲပြီး ကယ်ဖို့ အမိန့်ပေးခဲ့တာ…”

“တစ်ဖက်မှာတော့ သူက ရဲတိုက်သခင်ရှိနေတဲ့နေရာကို သွားပြီ။ ကျွန်မတို့က ဒီအခန်းကို ရောက်လာတဲ့အချိန် ကျောက်တံခါးရဲ့အနောက်မှာ ဆရာကြီးချန်းကို တွေ့ခဲ့တယ်။ ဒါပေမယ့် သူက စိတ်ထိန်းချုပ်ရေးဆေးလုံးရဲ့ ထိန်းချုပ်မှုကို ခံနေရပြီး ကျွန်မတို့ကို အလစ်ချောင်း တိုက်ခိုက်ခဲ့တယ်။ ဒါကြောင့် ကျွန်မက ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားခဲ့တယ်။ ကျွန်မရဲ့တန်ပြန်တိုက်ခိုက်မှုကြောင့်ဆရာကြီးချန်းကလည်း ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားပြီး သူက တိုက်ခိုက်ဖို့ပြင်လိုက်ချိန်မှာ ကိုရင်လေးကျန်းတင်က သူ့ကို ဖြေရှင်းလိုက်တယ်…”

သူမပြောသည့် စကားတစ်ဝက်က မှန်သော်လည်း တစ်ဝက်က ဖန်တီးထားခြင်း ဖြစ်သည်။ ကျန်းကျိဝေက သူတို့၏ အဖြစ်အပျက်နှင့် သူတို့၏ အတွေ့အကြုံများကို ရှင်းပြနေခြင်းဖြစ်၏။

“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ…”

မျောက်ပုံစံလူက မယုံကြည်စွာ ပြောလိုက်၏။

“မိန်းကလေး …မင်းက အရမ်းငယ်သေးတယ်။ တကယ်လို့ ဗိုက်ထဲမှာ သိုင်းပညာကို သင်မယ်ဆိုရင်တောင် ဆရာကြီးချန်းကို အနိုင်ရဖို့တော့ မဖြစ်နိုင်ဘူး…”

ထိုကဲ့သို့ လှပသော မိန်းကလေးငယ်လေး တစ်ယောက်က လိမ်ပြောနေသည့်အတွက် သူ့ခေါင်းထဲတွင် အတော်လေး မကျေမနပ် ဖြစ်နေ၏။

ကျန်းကျိဝေကတော့ စကားတစ်ခွန်းမျှမပြောဘဲ သူမ၏ဓားရှည်ကို လျှပ်စီးကြောင်းသဖွယ် လှုပ်ရှားလိုက်ပြီး ချက်ချင်းပင် လျင်မြန်စွာ ရုတ်သိမ်းလိုက်သည်။

“မင်းဘာလုပ်တာလဲ…”

မျောက်ပုံစံလူက ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ၏မျက်နှာပေါ်တွင် အံ့ဩမှုများ၊ စိတ်ရှုပ်ထွေးမှုများ ပြည့်နှက်နေခဲ့၏။

သခင်ကြီးကီက ထိုလူကို တိတ်တိတ်နေရန် အချက်ပြလိုက်ပြီး တလေးတစား ပြောလိုက်သည်။

“သူရဲကောင်းတွေက အမြဲတမ်းလူငယ်တွေဖြစ်နေတာပဲ။ မိန်းကလေးကျန်းရဲ့ ဓားပညာက တော်တော်လေးကို အံ့သြဖို့ ကောင်းတယ်။ မိန်းကလေးလို ထူးချွန်ထက်မြက်တဲ့ လူတစ်ယောက်ကို မြင်ရတော့ ငါဘယ်လောက် အသက်ကြီးလဲဆိုတာ နားလည်သွားပါပြီ။ မိန်းကလေးရဲ့ဆရာကဘယ်သူလဲ ပြောပြလို့ရမလား..”

“ကျွန်မရဲ့ဆရာက စုဝူမင်လို့ခေါ်တယ်…။ သူက နှစ်ပေါင်းများစွာ တိတ်တဆိတ်ကျင့်ကြံနေတဲ့အတွက် သခင်ကြီးကီကတောင် သူ့နာမည်ကို ကြားဖူးမှာ မဟုတ်လောက်ဘူး။ အတိတ်တုန်းကတော့ ကျွန်မဆရာမှာ နာမည်တစ်ခုရှိတယ်။ အပြင်ကောင်းကင်နတ်ဘုရားဓား ဆိုတဲ့နာမည်ပါပဲ။ သခင်ကြီးကီက အဲဒီနာမည်ကို ကြားခဲ့ဖူးလား…”

မုန့်ချီကတော့ ကျန်းကျိဝေ၏ မျက်လုံးထဲတွင် အပြုံးလေးတစ်ခုကို သတိထားမိခဲ့သည်။ သူမက သူမ၏ဆရာအစစ် အကြောင်းကို ပြောနေခြင်းဖြစ်ကြောင်း ချက်ချင်း နားလည်သွား၏။ ထိုလူများကတော့ သူ့အကြောင်းကို သေချာပေါက် ကြားဖူးကြလိမ့်မည် မဟုတ်ချေ။

“စုဝူမင် …

ငါက ဒီနာမည်ကိုဦးလေးရွှမ်ရှင်းဆီကနေ ကြားဖူးတယ် ထင်တယ်…”

“ဒီလိုသူရဲကောင်းတစ်ယောက်နဲ့ တွေ့ခွင့်မရတာ တကယ့်ကို ဝမ်းနည်းစရာပဲ။ ကျေးဇူးပြုပြီး မိန်းကလေးကျန်းက နောက်မှပဲ မိတ်ဆက်ပေးပါတော့…”

သခင်ကြီးကီက သူတို့ကို သံသယမဝင်တော့ပဲ နောက်ပိုင်းမှသာ ဖြေရှင်းရန် ဆုံးဖြတ်လိုက်သည်။

ထို့နောက် သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။

“ငါ့နာမည်က ကီချုံရှန်လို့ခေါ်တယ်… ငါက လော့ရန်တောင်ထိပ်ရဲ့ အရှင်သခင် တစ်ယောက်ပါ။ ငါက ငါ့ရဲ့မိတ်ဆွေ မာလျန့်ဟန်၊ ချန်းရုံနဲ့ တခြားသူတွေဆီက စာရတဲ့အချိန်မှာ အကူအညီတွေ အများကြီးကို စုဆောင်းခဲ့တယ်။ ဒါပေမယ့် ငါတို့က တစ်ရက်နောက်ကျသွားတော့ သူတို့နဲ့မတွေ့နိုင်ခဲ့ဘူး။ ကျေးဇူးပြုပြီး မိတ်ဆွေနှစ်ယောက်ကပဲ သူတို့ကို တွေ့ဖို့ကူညီပေးပါဦး…”

ကျန်းကျိဝေက မုန့်ချီ၏နားနားသို့ကပ်၍ တီးတိုးပြောလိုက်၏။

“သူတို့ကို ဝင်ခိုင်းလိုက်…။ ဒါပေမယ့် တစ်ယောက်ချင်းဆီ ဝင်ခိုင်း…”

မုန့်ချီက ထိုအဖွဲ့ကို အထဲသို့ ဝင်ခိုင်းလိုက်ပြီး သူတို့ကို သတိထား၍ စိုက်ကြည့်နေခဲ့သည်။ ကီချုံရှန်နှင့် အခြားသူများက လျှို့ဝှက်အခန်းထဲသို့ ဝင်ရောက်လာပြီးနောက် ချန်းရုံ၏ ခန္ဓာကိုယ်ကို စတင်စစ်ဆေးနေကြသည်။

သူက ကျန်းကျိဝေကိုကြည့်ပြီး တိတ်တဆိတ် ပြောလိုက်၏။

“အခုတော့ ဘာဖြစ်လဲဆိုတာ ငါသိသွားပြီ ထင်တယ်…။ ဒီသီးခြားတာဝန်ရဲ့ ရည်ရွယ်ချက်က ငါတို့ကို ဒီနေရာမှာ အချိန်ကြာကြာနေစေချင်တာပဲ။ ဒါဆိုရင် ငါတို့က တခြားသိုင်းလောကပညာရှင်တွေရဲ့ အကူအညီကို ရနိုင်တယ်။ တကယ်လို့ ငါတို့သာ အလယ်ခန်းမကို တိုက်ရိုက်သွားခဲ့မယ်ဆိုရင် ကိုယ့်အစွမ်းနဲ့ကိုယ် ရဲတိုက်သခင်ကို ရင်ဆိုင်ရလိမ့်မယ်…”

“ဒါဆိုရင် ထောင်ချောက်တွေကလည်း သူတို့ကိုပစ်မှတ်ထားတာပေါ့…”

ကျန်းကျိဝေက တိတ်တဆိတ် ပြန်ဖြေလိုက်သည်။

အလောင်းကို စစ်ဆေးလိုက်ပြီးနောက် ဒဏ်ရာများက ကျန်းကျိဝေ၏စကားနှင့် ကိုက်ညီနေကြောင်း သေချာသွားခဲ့၏။ ကီကျုံရှန်က သက်ပြင်းချ၍ ပြောလိုက်၏။

“မိတ်ဆွေလေးနှစ်ယောက် …

တကယ်လို့ မင်းတို့ကသာ ကျောက်တုံးတံခါးကို အရင်မဖွင့်ခဲ့ဘူးဆိုရင် ဆိုးဆိုးဝါးဝါးဒဏ်ရာရပြီး အရင်ဆုံးသေသွားသူက ငါတောင် ဖြစ်နိုင်တယ်…”

ထိုစကားကို ပြောလိုက်ပြီးနောက် သူနှင့်ကျန်းကျိဝေတို့က အပြင်ဘက်ကို တပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်။ အခြားသော လျှို့ဝှက်တံခါးမှနေ၍ ချီရှနှင့် အခြားသော ဓားသမားအဖွဲ့တစ်ဖွဲ့ ရောက်လာကြ၏။

“အစ်မကြီးချီ အဆင်ပြေရဲ့လား…”

ကျန်းကျိဝေက ဝမ်းသာအားရနှုတ်ဆက်လိုက်သည်။

“ညီလေးလျှူ… ညီလေးရဲ့အစ်ကိုရော ဘယ်မှာလဲ”

ကီချုံရှန်က ချီရှနှင့်အတူ လျှောက်လာသောလူကို မေးလိုက်သည်။

ထိုလူ၏အရေပြားက မဲမှောင်နေပြီး ငါးဖမ်းသမားတစ်ယောက်ကဲ့သို့ ထင်မှတ်ရ၏။ သူက ဗလုံးပထွေးနှင့် ပြန်ဖြေလိုက်သည်။

“ကျွန်တော့်ရဲ့အစ်ကို ကို တင်ချန်းရှန်က သတ်ပစ်လိုက်ပြီ…”

“ဘယ်လို…”

ကီချုံရှန်နှင့် တခြားသူများက အတော်လေးကို မျက်နှာပျက်သွားကြ၏။

ချီရှကတော့ ကြောက်လန့်တကြား ပြောလိုက်သည်။

“ညီမလေးကျိဝေ …

ဆရာကြီးတင်က စိတ်ထိန်းချုပ်ရေးဆေးလုံးရဲ့ ထိန်းချုပ်မှုကို ခံနေရမယ်လို့ ငါလည်း မသိခဲ့ဘူး..။ တကယ်လို့ ဆရာကြီးလျှူတို့ကသာ ငါ့ထက် အရင်ဝင်မသွားခဲ့ဘူးဆိုရင် ငါက အသက်တောင် ရှင်နိုင်မှာမဟုတ်ဘူး..။ ငါက အခုလေးပဲ နင်တို့အတွက် စိုးရိမ်နေတာ…”

ကျန်းကျိဝေ၏ ဖြူဖပ်ဖြူရော်မျက်နှာလေးကို မြင်သည့်အခါ ချီရှက စိတ်အေးသွားခဲ့သည်။ အဖွဲ့နှစ်ဖွဲ့ တွေ့ဆုံပြီးနောက် သူတို့က အလယ်ခန်းမဆီသို့ ထွက်လာခဲ့၏။

သူတို့၏လမ်းတွင် အနက်ဝတ်လူ အနည်းငယ်သာ ပိတ်ထားကြပြီး အလွယ်တကူ ဖြေရှင်းနိုင်ခဲ့သည်။ ဤအတောအတွင်း ကျန်းကျိဝေနှင့် မုန့်ချီတို့ကတော့ ပူပေါင်း လုပ်ဆောင်မှုကို ထပ်တလဲလဲ လေ့ကျင့်နေခဲ့ကြ၏။

တဖြည်းဖြည်းနှင့် ကျန်းကျိဝေက ဘယ်(၃)လှမ်း ညာ(၄)လှမ်း အနောက်(၂)လှမ်းဟူသော အမိန့်ပေးလိုက်သည်နှင့် မုန့်ချီက လျင်မြန်စွာ တုန့်ပြန်နိုင်သည်။ ထိုအမိန့်များက အလွန်ရိုးရှင်းပြီး သူနားလည်နိုင်သော အရာများလည်း ဖြစ်၏။ ထို့ကြောင့် ချန်းရုံကဲ့သို့ ရန်သူများ၏ တိုက်ခိုက်မှုများကိုတော့ ရှောင်တိမ်းနိုင်စွမ်း ရှိပါလိမ့်မည်။

“တကယ်လို့ နင်သာ ပါးကွ(၈)ကွက်ဝင်္ကပါကို နားလည်မယ်ဆိုရင် ပိုပြီးကောင်းမှာ.။ ငါတို့ရဲ့ပူးပေါင်းမှုက အရမ်းကို ရိုးရှင်းလွန်းတယ်…”

ကျန်းကျိဝေက သက်ပြင်းချ၍ ပြောလိုက်သည်။

အစောပိုင်းတွင် သူမက အရပ်မျက်နှာဦးတည်ချက်များကို ပြောရန် အတွက် ပါးကွ(၈)ကွက်ဝင်္ကပါကို အကြံပေးခဲ့သည်။ ထိုသို့ဆိုလျှင် သူ၏အမိန့်များက ပို၍ရိုးရှင်းလာနိုင်ပြီး အပေါ်အောက်ဘေးဘယ်ညာကို လွယ်ကူစွာ ပြောနိုင်ပါလိမ့်မည်။ သို့ရာတွင် မုန့်ချီက ပါးကွ(၈)ကွက်အကြောင်းကို အနည်းငယ်လေးသာ သိထားပြီး အချိန်တိုလေးအတွင်း သင်ယူရန်လည်း မဖြစ်နိုင်ပေ။

“ဘာမှမသိတာထက် စာရင်တော့ ဒါက တော်ပါသေးတယ်…

မုန့်ချီက သူမကို နှစ်သိမ့်လိုက်သည်။

ကျန်းကျိဝေက ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ပြီး ကီချုံရှန်တို့အဖွဲ့ကို ကြည့်လိုက်သည်။ ထို့နောက် သူမက စိုးရိမ်တကြီး မေးလိုက်၏။

“ဒီနေရာက ငါတို့တွေ ပြန်တွေ့မယ်လို့ ပြောထားတဲ့နေရာပဲ၊ ဘာလို့ အစ်ကိုကြီးကျန်းနဲ့ တခြားသူတွေ မရောက်လာသေးတာလဲ။ လမ်းမှာလည်း သတိပေးချက်တစ်ခုမှ မတွေ့ရဘူး…”

ချီရှဆီမှနေ၍တဆင့် သီးခြားတာဝန်ကို ပြီးဆုံးသူများက အချက်ပြမှုရကြောင်း သေချာသွားခဲ့သည်။

“ဘာမှမစိုးရိမ်ပါနဲ့ အစ်ကိုကြီးကျန်းက အရမ်းအစွမ်းထက်တယ်… သူဘာမှဖြစ်မှာ မဟုတ်ပါဘူး…”

ချီရှက စိုးရိမ်နေသော ကျန်းကျိဝေကို နှစ်သိမ့်လိုက်သည်။

“ဘုန်း… ”

အပြင်ဘက်မှနေ၍ အရာဝတ္တုတစ်ခု ပျံသန်းလာခဲ့၏။

ထို့ကြောင့် ကျန်းကျိဝေက ဓားအိမ်ထဲတွင် ရှိနေသော ဓားကိုဆွဲထုတ်ပြီး ထိုအရာကိုထိုး၍ မြေပြင်နှင့် စိုက်လိုက်သည်။

“အား…”

ထိုအရာကို မြင်လိုက်ရသည့်အချိန်တွင် ကျန်းကျိဝေနှင့် ချီရှတို့က ကျယ်လောင်စွာ အော်ဟစ်လိုက်မိ၏။ မုန့်ချီကပင် အလွန်အမင်း ထိတ်လန့် အံ့ဩသွားခဲ့၏။

မီးခိုးရောင်ကျောက်ကြမ်းပြင်ပေါ်တွင် ချင်ကျင်းကသူတို့ကို မျက်လုံးပြူး၍ စိုက်ကြည့်နေခဲ့သည်။ သို့သော် သူ့ဆီတွင်တော့ ခေါင်းတစ်လုံးတည်းသာ ကျန်နေတော့၏။

Translated by Hein Htet

All Chapters