အခန်း (၁၄)
Vol. 1 Ch. 14
ကျန်းကျိဝေနှင့် ချီရှတို့၏ အော်သံကို ကြားလိုက်ရသည့်အချိန်တွင် သူတို့၏ အပေါ်တွင် ရှိနေသော ကျောက်မျက်နှာကျက်ဆီမှ အရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက အနက်ရောင်ဖြစ်နေပြီး အဖြူရောင်ဆံပင်များက လေထဲတွင် လွင့်မျောနေခဲ့သည်။ သူ၏ မျက်နှာကတော့ အလွန်ကြောက်စရာကောင်းသော မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ ဖြစ်နေ၏။
သူက လက်နှင့်ခြေထောက်ကို သုံးပြီး ကျောက်တုံးကြားထဲတွင် ရှိနေသော အက်ကွဲကြောင်းများကို သေချာဖမ်းဆုပ်နိုင်သည်။ သူ့ပုံစံက အလွန်လျင်မြန်သွက်လက်သော လူဝံကြီးတစ်ကောင်ကဲ့သို့ ထင်မှတ်ရ၏။
သူက စက္ကန့်အနည်းငယ်လေးအတွင်း ချီရှ၏အနားကို ချည်းကပ်လာပြီး သားကောင်ဖမ်းသော ကျားတစ်ကောင်ပုံစံမျိုးနှင့် အပေါ်ဘက်မှနေ၍ တိုက်ခိုက်လိုက်သည်။
ထိုလူက ချင်ကျင်း၏ ခေါင်းပြတ်ဝင်လာခဲ့သော ဦးတည်ရာနှင့် ဆန့်ကျင်ဘက်မှ ရောက်လာခဲ့ခြင်း ဖြစ်သည်။ ချီရှက တကျန်းအဖွဲ့အစည်းထဲတွင် အလစ်ချောင်း တိုက်ခိုက်မှုမျိုးစုံကို ဖြတ်ကျော်ခဲ့ရပြီး ထိုကဲ့သို့ အခြေအနေမျိုးကို ရင်ဆိုင်ရန်အတွက် အခြေခံအသိပညာများ ရှိနေသည်။
အကယ်၍ တစ်စုံတစ်ယောက်က အမည်မသိ အရာဝတ္ထုတစ်ခုနှင့် တိုက်ခိုက်မည်ဆိုလျှင် ပထမဆုံးလုပ်ရမည်မှာ ထိုအရာက အဆိပ်ရှိမရှိ စစ်ဆေးရန် ဖြစ်သည်။
ဒုတိယတစ်ချက်ကတော့ သတိထားပြီး ပတ်ပတ်လည်ကို စောင့်ကြည့်နေရန် ဖြစ်၏။ ထိုအရာက သူတို့ကို အာရုံလွှဲရန် ပို့ဆောင်လိုက်ခြင်း ဖြစ်နိုင်သည်။ ထို့ကြောင့် ချင်ကျင်းက သေဆုံးသွားသည်ဟူသော အချက်ကြောင့် သူမက အလွန်အမင်းကို ထိတ်လန့်သွားခဲ့ပြီး ကာကွယ်ရန် အကောင်းဆုံးအခြေအနေကို ဆုံးရှုံးလိုက်ရသော်လည်း ထိတ်လန့်နေရာမှ လျင်မြန်စွာ သတိပြန်ဝင်လာခဲ့သည်။
သူမက ခြေထောက်ဆီသို့ စွမ်းအားများ ပို့လိုက်ပြီး ချက်ချင်းပင် ခန္ဓာကိုယ်၏ အရေးကြီးဆုံး အစိတ်အပိုင်းများကို မထိစေရန် ရှောင်တိမ်းလိုက်သည်။
"ရွှပ်…..."
သံလက်အိတ် စွပ်ထားသော လက်တစ်ဖက်က သူမ၏ ဘယ်ဘက်ပုခုံးကို နက်နက်ရှိုင်းရှိုင်း ဆုပ်ကိုင်လိုက်မိသည်။ ထို့နောက် ရေကုန်းတန်းဓားရှည်က သူ့ဆီကို မရောက်ခင် ဆံဖြူမကောင်းဆိုးဝါးက ပျံလွှားတစ်ကောင်ကဲ့သို့ ဖြတ်ကျော်သွားခဲ့၏။ သူ့ဆီမှနေ၍ သွေးမိုးများ ကျဆင်းလာပြီး တစ်ဖက်တွင် ဆင်းသက်လိုက်သည်။
ချီရှက ဆံဖြူမကောင်းဆိုးဝါးနှင့် တိုက်ခိုက်လိုက်သည့်အချိန်တွင် ကျန်းကျိဝေကလည်း စတင်လှုပ်ရှားလိုက်၏။ သူမက အသံတိုးတိုးနှင့် ပြောလိုက်သည်။
"ဘယ်ဘက်ကို (၂)လှမ်း ....."
မုန့်ချီက ချက်ချင်းပင် ဘယ်ဘက်သို့ (၂)လမ်း ရေွှ့လိုက်သည်။ ထိုအချိန်တွင် ဓားအလင်းတန်းတစ်ခုက ဆံဖြူမကောင်းဆိုးဝါးဆီသို့ ကျရောက်သွားကြောင်း မြင်လိုက်ရသည်။
ရုတ်တရက်ဆိုသလို ခေါင်းပြတ်ရောက်လာခဲ့သော ဦးတည်ရာမှနေ၍ မီးခိုရောင် အရိပ်တစ်ခု ဝင်လာပြန်သည်။ သူ့လက်ထဲတွင် ကိုင်ထားသော ဓားရှည်က မီးရောင်အောက်တွင် အဝါရောင်အလင်းတန်းများ တောက်ပနေခဲ့၏။
ထိုဓားက အချိန်မီရွေ့လျားနိုင်ခြင်း မရှိသော ကျန်းကျိဝေကို တိုက်ခိုက်လိုက်သည်။ ပထမဆုံးတိုက်ခိုက်မှုကလည်း သူတို့ကို အာရုံလွှဲလိုက်ခြင်းဖြစ်ကြောင်း မည်သူကမျှ မထင်ထားခဲ့ပေ။
ဓားရှည်က ကျန်းကျိဝေ၏ ဘယ်ဘက်ပုခုံးကို ထိုးလိုက်မိပြီး မုန့်ချီ၏ ခေါင်းရှိရာကို ဦးတည်လာခဲ့သည်။ ထိုအချိန်တွင် ဆံဖြူမကောင်းဆိုးဝါးဆီတွင် ကျရောက်သွားသော အလင်းရောင်က ချက်ချင်း ပျောက်ကွယ်သွားခဲ့၏။ မည်သူမျှ သတိမထားမိခင် ကျန်းကျိဝေ၏ လက်ထဲတွင် ကိုင်ထားသော ဓားရှည်က ပြန်ရောက်လာခဲ့သည်။
သူမက နောက်လှည့်မကြည့်ဘဲ သူမ၏အပေါ်ညာဘက်ကို ဓားနှင့် နောက်ပြန်လှမ်းထိုးလိုက်သည်။ ကြည့်ရသည်မှာ မီးခိုရောင်အရိပ်က ထိုဓားတည့်တည့်ကို တိုးဝင်လာပုံရ၏။ သူမက ရန်သူနှင့် အပေးအယူသဘောမျိုး လုပ်လိုက်ခြင်းဖြစ်သည်။
မီးခိုရောင်အရိပ်က လမ်းတစ်ဝက်တွင် နောက်ပြန်လှည့်သွားပြီး ဓားကို သူ၏ ဘယ်လက်နှင့် ခုခံလိုက်သည်။ ဓားရှည်က သူ၏လက်ဖဝါးအလယ်ကို ထိုးဖောက်သွားခဲ့၏။ သို့သော် တစ်ချိန်တည်းတွင် သူက အရေးကြီးသော ခန္ဓာကိုယ် အစိတ်အပိုင်းများကို အောင်အောင်မြင်မြင် ရှောင်တိမ်းနိုင်ခဲ့သည်။
"နောက်ကို (၂)လှမ်း ခုန်ဆုတ်လိုက်...."
ကျန်းကျိဝေက မုန့်ချီ၏ နားထဲတွင် တီးတိုးပြောလိုက်သည်။ သူမက အလွန်လျင်မြန်စွာ ပြောသော်လည်း သူမ၏စကားများကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။
ယခုလို တိုက်ပွဲမျိုးတွင် မုန့်ချီ၏ တိုက်ခိုက်ရေးအတွေ့အကြုံများက လုံးဝ အသုံးမဝင်နိုင်ပေ။ သူလုပ်နိုင်သည်မှာ ကျန်းကျိဝေကဲ့သို့သော ပညာရှင် တစ်ယောက်ကို ယုံကြည်ပေးရန်သာ ဖြစ်သည်။ နောက်သို့ (၂)လှမ်း ခုန်ဆုတ်လိုက်သည့်အချိန်တွင် မုန့်ချီကတော့ လော်ဟန့် လက်သီးသိုင်း၏ ကျေးဇူးကြောင့် ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ထိန်းချုပ်နိုင်ခဲ့သည်။
တစ်ဖက်တွင် ကျန်းကျိဝေကတော့ မီးခိုရောင်လူ၏ ဓားနှင့် တိုက်ခိုက်မှုများကို ခုခံနိုင်ခဲ့၏။ သူမ၏ဓားရှည်နှင့် ဓားမောက်တို့၏ တိုက်ခိုက်မှုဆီမှ တချွင်ချွင် မြည်သံများ ထွက်ပေါ်လာနေသည်။
ထိုအချိန်တွင် ပတ်ပတ်လည်ကို သွားရောက်စစ်ဆေးနေသော ကီချုံရှန်နှင့် တခြားလူများကလည်း တိုက်ခိုက်သံများကို ကြားသည့်အတွက် ပြန်ရောက်လာကြသည်။
ထိုအရာကို မြင်သည့်အခါ ဆံဖြူမကောင်းဆိုးဝါးနှင့် မီးခိုးရောင်လူတို့က တိုက်ခိုက်မှုကို အရှိန်မြှင့်လိုက်ကြသည်။
ကျန်းကျိဝေကို မုန့်ချီက သယ်ဆောင်ထားပေးသော်လည်း မုန့်ချီက ယခုမှသာ ရက် (၁၀၀)အခြေခံကျင့်စဉ်ကို ပြီးဆုံးထားသူတစ်ယောက် ဖြစ်သည်။ သူက ကိုယ်ဖော့ပညာကို လုံးဝသင်ကြားခဲ့ရခြင်း မရှိသေးသည့်အတွက် သူ၏ လှုပ်ရှားမှုများက အတော်လေး နှေးကွေးနေသည်။
ထို့ပြင် ပါးစပ်နှင့် အမိန့်ပေးရာတွင်လည်း ကန့်သတ်ချက်များ ရှိနေပြီး အလွန်ရှုပ်ထွေးသော ပူးပေါင်းမှုမျိုးကို လုပ်ဆောင်၍ မရနိုင်ပေ။ ရလဒ်အနေနှင့် အချိန်အများစုတွင် ကျန်းကျိဝေက ကိုယ့်ကိုယ်ကို ခုခံနေရပြီး အဆင်ပြေသည့် အချိန်မှသာ တိုက်ခိုက်နေရသည်။
ထိုအချိန်တွင် သူမနှင့် ချီရှတို့၏ ဘယ်ဘက်ပုခုံးက ဆိုးဆိုးရွားရွား ဒဏ်ရာရနေသည့်အတွက် အတော်လေး နိမ့်ကျနေရသည်။
ကျန်းကျိဝေ၏ အမိန့်အတိုင်း လှုပ်ရှားနေရင်း မုန့်ချီက အလွန်လျင်မြန်စွာ လှုပ်ရှားနေသော ဓားသွားများကြားထဲတွင် အတော်လေး ကြောက်လန့်နေခဲ့သည်။ သူ့စိတ်ထဲတွင်လည်း တစ်ယောက်တည်း တွေးနေမိ၏။
"ဒါနဲ့ယှဉ်လိုက်မယ်ဆိုရင် ငါနဲ့ ချန်းရုံ တိုက်ခိုက်ခဲ့တဲ့တိုက်ပွဲက (၃)နှစ်သား ကလေးနှစ်ယောက်ရဲ့ တိုက်ပွဲလို ဖြစ်နေပါလား ...."
ဆံဖြူမကောင်းဆိုးဝါးနှင့် မီးခိုးရောင်ဝတ်လူတို့က ကြမ်းတမ်းခက်ထန်စွာ တိုက်ခိုက်လိုက်ပြီးနောက် ရုတ်တရက် နောက်ပြန်ဆုတ်သွားပြီး သူတို့တိုက်ခိုက်နိုင်သော နယ်မြေအတွင်းမှ ခုန်ထွက်သွားခဲ့သည်။
ကီချုံရှန်နှင့် တခြားလူများ ရောက်မလာခင် သူတို့က လွတ်နေသော လမ်းတစ်ဖက်သို့ လျင်မြန်စွာ ထွက်ပြေးသွားခဲ့၏။ သူတို့က ထိုသို့ ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်မှာ ထွက်ပြေးရန် အခွင့်အရေး လိုချင်နေခြင်းကြောင့် ဖြစ်သည်။
ချီရှနှင့်ကျန်းကျိဝေတို့ကတော့ အရေးနိမ့်နေခဲ့သည့်အတွက် အစွမ်းကုန်သုံးပြီး ခုခံနေကြရခြင်း ဖြစ်သည်။ သူတို့က ထိုလူများ၏အနောက်ကို လိုက်သွားရန် စွမ်းအားမရှိချေ။ ထို့ကြောင့် ရန်သူ (၂)ယောက် ထွက်သွားသည်ကို လက်မခံချင်ဘဲ လက်ခံ၍ ကြည့်နေခဲ့ရ၏။
ရုတ်တရက်ဆိုသလို အပြင်ဘက်မှနေ၍ ဓားရှည်တစ်ချောင်း ထွက်ပေါ်လာသည်။ ထိုဓား၏အရှိန်က မြွေတစ်ကောင်ကဲ့သို့ လျင်မြန်သွက်လက်လွန်လှသည့်အတွက် ဆံဖြူမကောင်းဆိုးဝါးနှင့် မီးခိုးရောင်ဝတ်လူတို့က နောက်ဆုတ်ရှောင်တိမ်းလိုက်ရ၏။
"အစ်ကိုကြီးကျန်း ....."
ဓားကိုင်ထားသောလူက ကျန်းယွင်ရှန် ဖြစ်ကြောင်း ချီရှက မြင်လိုက်ရသည်။
ကျန်းကျိဝေကလည်း စဉ်းစားမနေဘဲ ပြောလိုက်၏။
"ရှေ့ကို (၅)လှမ်း .."
မုန့်ချီက ရှေ့ကို (၅)လှမ်းတိုးသွားပြီး ဆံဖြူမကောင်းဆိုးဝါးနှင့် မီးခိုးရောင်ဝတ်လူတို့ ထွက်ပြေးမည့် လမ်းကြောင်းကို တားဆီးထားခဲ့သည်။ ကျန်းကျိဝေက သူမ၏ ဓားရှည်နှင့် မီးခိုးရောင်ဝတ်လူကို တားထားခဲ့သည်။
ကျန်းယွင်ရှန်က အလွန်အမင်း ဝမ်းနည်းနေသော်လည်း အသိစိတ်များ ပျောက်ဆုံးသွားခြင်း မရှိသေးပေ။ သူက ဓားကို အသုံးပြုပြီး ဆံဖြူမကောင်းဆိုးဝါးကို ထိန်းချုပ်ထားခဲ့၏။ တစ်ဖက်တွင်တော့ သူ၏ဓားက မြွေတစ်ကောင်ကဲ့သို့ လှုပ်ရှားနေပြီး ဆံဖြူမကောင်းဆိုးဝါးကို အခက်တွေ့နေစေခဲ့သည်။
ရေကုန်းတန်း ဓားရှည်ကလည်း အပြာရောင်အလင်းတန်းများ တောက်ပလာခဲ့၏။ ချီရှက မီးခိုးရောင်ဝတ်လူကို တိုက်ခိုက်ရန် ကျန်းကျိဝေကို ကူညီပေးလိုက်သည်။ ထိုသို့ဆိုလျှင် သူလည်း ထွက်မပြေးနိုင်တော့ပေ။
"အစ်ကိုမာ၊ အစ်ကိုတန်.."
ကီချုံရှန်က အခန်းထဲသို့ ဝင်လာပြီး ဆံဖြူမကောင်းဆိုးဝါးနှင့် မီးခိုးရောင်ဝတ်လူတို့ကို ချက်ချင်း မှတ်မိသွားခဲ့သည်။ သူတို့က မာလျန့်ဟန်နှင့် တန်ဝမ်ပိုတို့ဖြစ်ကြပြီး ယခင်ပိတ်မိနေခဲ့သော ဆရာကြီး နှစ်ယောက်လည်း ဖြစ်သည်။
သူတို့(၂)ယောက်၏ မျက်နှာပေါ်တွင် အစိမ်းရောင် မြူခိုးများလွှမ်းခြုံနေပြီး မျက်လုံးများကလည်း ကျောက်စိမ်းရောင်တောက်ပနေခဲ့၏။ သူတို့က စကားတစ်ခွန်းမျှ မပြောဘဲ ကျန်းကျိဝေနှင့် ကျန်းယွင်ရှန်တို့၏ ကြားထဲမှနေ၍ ထွက်သွားရန် လမ်းကြောင်းတစ်ခုကို အကောင်းဆုံး ရှာဖွေနေကြသည်။
"ဟူး...."
ကီချုံရှန်က သက်ပြင်းရှည်ကြီး ချလိုက်မိပြီး တခြားသော ပညာရှင်များနှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။ ထို့ကြောင့် တိုက်ပွဲက တစ်ဖက်သတ် အရေးသာလာခဲ့သည်။
(၁၀)စက္ကန့်ခန့်ကြာပြီးနောက် ဆံဖြူမကောင်းဆိုးဝါး တန်ဝမ်ပိုက ဓားပေါင်းများစွာ၏ ထိုးဖောက်မှုကြောင့် ချက်ချင်း သေဆုံးသွားခဲ့သည်။ တစ်ဖက်တွင်တော့ မာလျန့်ဟန်က ဓားသွားများကြောင့် ဒဏ်ရာရသွားပြီး ကီချုံရှန်၏ သံယပ်တောင် တိုက်ခိုက်မှုကြောင့် တိုက်ခိုက်နိုင်စွမ်း ဆုံးရှုံးသွားခဲ့ရ၏။ ထို့နောက် ကီချုံရှန်က သူ၏သွေးကြောများကို ထောက်လိုက်ပြီး သူ့ကို ထိန်းချုပ်လိုက်သည်။
"ဒီလူငယ်လေးက ဘယ်သူလဲ ....."
ကီချုံရှန်က တိုက်ပွဲထဲသို့ ပူးပေါင်းလာသော ကျန်းယွင်ရှန်နှင့် ချီကျန်းရန်တို့ကို လှည့်ကြည့်ပြီး မေးလိုက်သည်။
ကျန်းကျိဝေက သက်ပြင်းချပြီး ပြန်ဖြေလိုက်၏။
"သူတို့ကလည်း ကျွန်မနှင့်ဂိုဏ်းအတူတူပါပဲ ...."
"ဒါဆိုရင် မြေပေါ်မှာ ရှိနေတဲ့သူကရော ...."
"မြေပေါ်မှာ ရှိနေတဲ့သူကလည်း အတူတူပဲ ...."
သူမက စုဝူမင် အကြောင်းကို ပြောပြပြီးသား ဖြစ်သည့်အတွက် တခြားသူများ၏ ဆရာအကြောင်းကို ပြောပြရန် မလိုတော့ပေ။ ထိုအရာကြောင့် ကီချုံရှန်က ပို၍ သံသယဝင်လာနိုင်၏။ သို့သော် ထိုအရာက တိုက်ဆိုင်မှုတစ်ခုသာဖြစ်သည်။ သို့သော် မည်သူမျှ မသိသော နာမည်များစွာ ရှိလာမည်ဆိုလျှင်တော့ ပုံမှန် မဟုတ်နိုင်တော့ချေ။
"အစ်ကိုကြီးကျန်း …ဘာတွေဖြစ်ခဲ့တာလဲ ....."
ချီရှက ကျန်းယွင်ရှန်ကို ခေါ်လိုက်သည့် ပုံစံကြောင့် ကီချုံရှန်က သူ၏သံသယများကို ဖယ်ရှားလိုက်သည်။ သူတို့၏ ဓားသိုင်းပညာများက ကွဲပြားသော်လည်း သေချာပေါက် အကြောင်းပြချက် ရှိနိုင်၏။ အပြင်ကောင်းကင်ဓားနတ်ဘုရား စုဝူမင်က သူ့တပည့်များ၏ စွမ်းရည်အပေါ် အခြေခံပြီး မတူညီသော ဓားပညာများကို သင်ကြားပေးထားပုံရသည်။
ကျန်းယွင်ရှန်က ဝမ်းနည်းစွာ ပြန်ဖြေလိုက်၏။
"ညီလေး ချင်ကျင်း.၊ ညီလေး ကျန်းရန်နဲ့ ငါက ဆရာကြီး တန်ဝမ်ပိုကို အရင်ဆုံး သွားကယ်ခဲ့တယ် ...။ အရာအားလုံးလည်း အဆင်ပြေတယ် ။ ဒါကြောင့် ငါတို့က ဆရာကြီးမာလျန့်ဟန် ပိတ်မိနေတဲ့နေရာကို ချက်ချင်းသွားခဲ့တယ် ..။ ဒါပေမယ့် ငါတို့က နောက်ဆုံးကျောက်တံခါးကို ဖွင့်လိုက်တဲ့အချိန်မှာ ဆရာကြီး တန်ဝမ်ပိုက နောက်ကွယ်ကနေ ညီလေးချင်ကျင်းကို လုပ်ကြံသတ်ဖြတ်ခဲ့တယ် .။ ငါကတော့ မျက်နှာချင်းဆိုင်မှာ ရှိနေတဲ့ ဆရာကြီးမာလျန့်ဟန်ရဲ့ တိုက်ခိုက်မှုကြောင့် သူ့ကို ပြန်လှည့်ပြီး မကယ်နိုင်ခဲ့ဘူး .”
“ညီလေးချင်ကျင်းက မသေခင် တိုက်ခိုက်ခဲ့တဲ့အတွက် ဆရာကြီး တန်ဝမ်ပိုကလည်း ဒဏ်ရာ ရသွားခဲ့တယ် ..။ ဒါကြောင့် ညီလေး ကျန်းရန်က အသက်ကို စွန့်စားပြီး ငါတို့က တိုက်ခိုက်နိုင်ခဲ့တယ် .။ ဒါပေမယ့် ငါတို့လိုက်လာတဲ့အချိန်မှာ သူတို့က ငါတို့က ကွေ့ပတ်ပြီး မျှားခေါ်သွားလိမ့်မယ်လို့ ထင်မထားခဲ့ဘူး .။ သူတို့က မူလအခန်းကိုတောင် ပြန်သွားခဲ့ပြီး ညီလေးချင်ကျင်း၏ ခေါင်းကိုတောင် ဖြတ်သွားခဲ့တယ် ...”
သူ၏ စကားသံထဲတွင် မကျေနပ်မှုများ ပြည့်နှက်နေသော်လည်း ယခုချိန်ထိ ဆရာကြီးဟူသော နာမည်ကို သုံးနေသေးသည်။
ချင်ကျင်းက သူတို့ကို အကြိမ်ကြိမ် အခါခါ ကန့်လန့်တိုက်ခဲ့သော်လည်း မုန့်ချီကတော့ ဝမ်းသာနေသလို မခံစားရပေ။ ထိုအစား သူလည်း ဝမ်းနည်းပြီး စိတ်မကောင်း ဖြစ်နေခဲ့၏။ ယခု ချင်ကျင်း သေသွားပြီ ဖြစ်သည့်အတွက် နောက်တစ်ယောက် မည်သူဖြစ်မည်နည်း။ သူကိုယ်တိုင် ဖြစ်လာမည်လော။
အမြဲလိုလို တည်ငြိမ်အေးချမ်းနေသော ကျန်းယွင်ရှန်က အလွန်အေးစက်ပြီး ဝမ်းနည်းနေသည်ကို မြင်လိုက်ရသည့်အချိန်တွင် ထိုကဲ့သို့ ခံစားမှုက အမြင့်ဆုံးကို ရောက်လာခဲ့သည်။
သူ့စိတ်ထဲတွင် မသက်မသာ ခံစားရမှုများ၊ စိုးရိမ်မှုများ ပေါ်လာခဲ့၏။ သူက ယခုချိန်ထိ ရင်ဟွမ်ရဲတိုက်သခင်ကို မတွေ့ရသေးသော်လည်း သူတို့၏ လူ(၂)ယောက် သေဆုံးသွားခဲ့ပါပြီ။ နောက်ဆုံးတိုက်ပွဲပြီးလျှင် မည်သို့ ဖြစ်လာမည်နည်း။
ကီချုံရှန်နှင့် တခြားလူများကလည်း ကျန်းယွင်ရှန်၏ စကားကို တိတ်တဆိတ် နားထောင်နေကြသည်။ ထိုအချိန်တွင် တင်ချန်းရှန် သတ်ပစ်ခဲ့သော သူတို့၏ မိတ်ဆွေအကြောင်းကို စဉ်းစားမိခဲ့ပြီး သူတို့ကိုယ်တိုင်လည်း ဝမ်းနည်းလာခဲ့၏။
"မိတ်ဆွေလေးကျန်း …
အရမ်းလည်း ဝမ်းနည်းမနေပါနဲ့ ...။ မိတ်ဆွေလေး ချင်ကျင်းက တရားမျှတမှုအတွက် သေဆုံးသွားခဲ့တာပါ ..။ ငါတို့က သူ့ကို အမြဲတမ်း အမှတ်ရနေမှာပါ ...။ အခုတော့ ဝမ်းနည်းမှုတွေကို ခဏဖယ်ထားလိုက်ပါဦး ..။ ငါတို့နဲ့အတူ အလယ်ခန်းမကိုသွားပြီး မင်းဆရာနဲ့ တခြားလူတွေကို သွားတွေ့ကြမယ် ....."
ကီချုံရှန်က ဝမ်းနည်းစွာ ပြောလိုက်သည်။
"ဟုတ်တယ် ဒီကိစ္စကို အချိန်ဆွဲနေလို့ မရဘူး ..။ သွားကြစို့ ..."
ကျန်းယွင်ရှန်က ဝမ်းနည်းမှုများကို ဖယ်ရှားလိုက်ပြီး ပြန်လည်တည်ငြိမ်ရန် ကြိုးစားလိုက်သည်။ အချိန်တိုလေးအတွင်း သူလည်း ရင့်ကျက်တည်ငြိမ်လာပုံရ၏။
ကီချုံရှန်က ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီ..။ ညီလေးကျန်း ၊ ညီလေးကျိုး ...
ကျေးဇူးပြုပြီး မင်းတို့က ဒီနေရာမှာ အစ်ကိုမာကို စောင့်ကြည့်နေခဲ့ပါ ....။ ငါတို့က ဖြေဆေးနဲ့အတူ ပြန်လာခဲ့မယ် ..."
သူတို့က မာလျန့်ဟန်ကို ခေါ်သွား၍ မရနိုင်ပေ။ အကယ်၍ တစ်ယောက်ယောက်ကသာ သူ၏ သွေးကြောများကို ပြန်ဖွင့်ပေးလိုက်မည်ဆိုလျှင် သူတို့အတွက် အစွမ်းထက်သော ရန်သူတစ်ယောက် တိုးနိုင်သည်။
"အစ်ကိုကီ ...
အဲဒီမကောင်းဆိုးဝါးက အလယ်ခန်းမထဲမှာ မကောင်းတာတစ်ခုခု စီစဉ်ထားနိုင်တယ် ။ ကျွန်တော်တို့လည်း ကူညီပေးနိုင်ပါတယ် ..။ ကျွန်တော်တို့က တတ်နိုင်သမျှ ဂရုစိုက်သင့်တယ် ...."
ဆရာကြီးကျိုးက စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
ကီချုံရှန်က သက်ပြင်းချလိုက်သည်။
"ငါသိတယ် ...ငါသိတယ် .။ ငါတို့မှာ လူများများ ရှိလေလေ မျှော်လင့်ချက်က ပိုများလေလေပဲ ...။ ဒါပေမယ့် ငါတို့က အစ်ကိုမာကို ဒီနေရာမှာ ထားခဲ့လို့ မရဘူးလေ..၊ ဟုတ်တယ် မဟုတ်လား ....။ အနက်ဝတ်လူတစ်ယောက်က သူ့ကို လာကယ်သွားနိုင်တယ် .."
ဒဏ်ရာရခဲ့ပြီးနောက် မာလျန့်ဟန်၏ မျက်နှာပေါ်တွင် ရှိနေသော အစိမ်းရောင် မြူခိုးများက ပျောက်ကွယ်သွားသည်။ ကြည့်ရသည်မှာ ဆေးလုံး၏ အကျိုး အာနိသင်က ထင်သလောက် အစွမ်းထက်ပုံ မရချေ။
သူက နာကျင်စွာ အော်ပြောလိုက်၏။
"ချုံရှန် …
ငါ့ကိုသတ်လိုက်ပါ ..။ ကျေးဇူးပြုပြီး ငါ့ကို သတ်လိုက်ပါ ..."
ကီချုံရှန်က သူ၏စွမ်းအားများကို ကန့်သတ်ရန် သွေးကြောပိတ်ထားခြင်းသာ ဖြစ်သည်။ သို့သော် သူက လှုပ်ရှားနိုင်သလို စကားပြော၍လည်း ရနိုင်သေး၏။
"ကြည့်ရတာ သူ့ရဲ့ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းက ဆရာကြီး ချန်းရုံထက်တောင် ပိုပြီးအားနည်းသေးတာပဲ ...."
ကျန်းကျိဝေကတော့ မုန့်ချီ၏ နောက်ကျောမှနေ၍ တီးတိုးပြောလိုက်သည်။
"အချိန်ကြာလာတာနဲ့အမျှ သူက ဆေးလုံးကို ခုခံဖို့ ပိုပြီး ခက်ခဲလာလိမ့်မယ် ..."
မုန့်ချီက ခန့်မှန်းကြည့်လိုက်သည်။
ကီချုံရှန်၏လက်က တဆတ်ဆတ် တုန်နေခဲ့သည်။
"ငါက ဘယ်လို လုပ်နိုင်မှာလဲကွာ..."
အကယ်၍ သူတို့က တိုက်ခိုက်နေစဉ် မာလျန့်ဟန်ကို သတ်မိမည်ဆိုလျှင်တော့ နောင်တရနိုင်သော်လည်း အလွန်အမင်း နာကျင်သလို ခံစားရလိမ့်မည် မဟုတ်ချေ။ ယခုတော့ သူတို့က မာလျန့်ဟန်ကို ထိန်းချုပ်နိုင်ပြီ ဖြစ်သည့်အတွက် သူ့မိတ်ဆွေကို လုံးဝမသတ်နိုင်ပေ။ ထိုအရာက သူ့အတွက် မခံမရပ်နိုင်သော နှိပ်စက်မှု တစ်ခု ဖြစ်လာနိုင်၏။
မာလျန့်ဟန်က သက်ပြင်းရှည်ကြီးချလိုက်ပြီး စွမ်းအားကို စု၍ ပြောလိုက်သည်။
"ငါ ..ငါမထိန်းနိုင်တော့ဘူး ..။ အဲဒီမကောင်းဆိုးဝါး ဆေးလုံးကို သောက်မိကတည်းက ငါက ငရဲမှာ အသက်ရှင်နေရသလို ခံစားနေရတာ .။ ချုံရှန် ငါ့ကို သတ်လိုက်ပါ..။ ငါ့ကို သတ်လိုက်တာက ငါ့ကို ကယ်တင်ပေးသလိုပဲ ...."
ရုတ်တရက်ဆိုသလို သူက စွမ်းအားတစ်ချို့ကို စုစည်းပြီး အနားတွင် ရပ်နေသော လူတစ်ယောက်၏ ဓားဆီကို ပြေးဝင်သွားခဲ့သည်။ ထိုလူကတော့ ကြိုတင်ပြင်ဆင်ထားခြင်း မရှိခဲ့ပေ။
သူက အလစ်ချောင်းတိုက်ခိုက်သည်ဟု တွေးလိုက်မိသည့်အတွက် နောက်ဆုံးခြင်း မရှိဘဲ ဓားကို တွန်းထုတ်လိုက်၏။ ထိုဓားက မာလျန့်ဟန်၏ လည်ပင်းကို ထိုးဖောက်သွားခဲ့သည်။ မာလျန့်ဟန်က ဖြည်းညင်းစွာ လဲကျသွားခဲ့ပြီး သူ၏ မျက်နှာပေါ်တွင် အားနည်းသော အပြုံးတစ်ခု ပေါ်လာခဲ့၏။
"အစ်ကို မာ .."
ကီချုံရှန်က ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး မျက်နှာပေါ်တွင် ဝမ်းနည်းမှုများ ပြည့်နှက်လာသည်။
ထိုအချိန်တွင် မုန့်ချီနှင့် ကျန်းကျိဝေတို့ကတော့ ကျောက်တုံးနံရံပေါ်တွင် တစ္ဆေများကဲ့သို့ လှုပ်ရှားလာသော အရိပ်များကို တွေ့လိုက်ရသည်။ ထိုအရာများက စကားလုံး (၃)ကြောင်းအဖြစ် ဖွဲ့စည်းလာခဲ့၏။
"ကျန်းကျိဝေ၊ ကျန်းယွင်ရှန်၊ ချီရှ၊ ချီကျန်းရန်နှင့် ကျန်းတင်တို့က တန်ဝမ်ပိုကို စိတ်ထိန်းချုပ်ရေးဆေးလုံးရဲ့လက်ထဲကနေ ကယ်တင်နိူင်ခဲ့တယ် .။ တစ်ယောက်ချင်းဆီက သီးခြားတာဝန်ပြီးဆုံးခဲ့တဲ့အတွက် ကံကြမ္မာအမှတ် (၁၀)မှတ်ဆီရမယ် ..။
ကျန်းကျိဝေ၊ ကျန်းယွင်ရှန်၊ ချီရှ၊ ချီကျန်းရန်နှင့် ကျန်းတင်တို့က မာလျန့်ဟန်ကို စိတ်ထိန်းချုပ်ရေးဆေးလုံးရဲ့လက်ထဲကနေ ကယ်တင်နိူင်ခဲ့တယ် .။ တစ်ယောက်ချင်းဆီက သီးခြားတာဝန်ပြီးဆုံးခဲ့တဲ့အတွက် ကံကြမ္မာအမှတ် (၁၀)မှတ်ဆီရမယ် ....။ သီးခြားတာဝန်တွေအားလုံး ပြီးဆုံးသွားပြီ ...."
မုန့်ချီနှင့် တခြားသူများအားလုံးက တိတ်ဆိတ်နေကြသည်။ သူတို့အားလုံး၏ ခံစားချက်များ မကောင်းနိုင်ကြပေ။ မာလျန့်ဟန်ကို ကယ်တင်ခြင်းက သူတို့၏ လုပ်ဆောင်မှု ဖြစ်သွားခဲ့သော်လည်း သူတို့ကတော့ ဝမ်းမသာနိုင်ကြပေ။
Translated by Hein Htet