← Chapters

အခန်း (၁၅)

Vol. 1 Ch. 15

အခန်း (၁၅)

Vol. 1 Ch. 15

“သူတို့တော့ မမြင်နိုင်ဘူး မဟုတ်လား….”

ကျန်းကျိဝေက မုန့်ချီကို တီးတိုးပြောလိုက်သည်။ တစ်ဖက်တွင် ရှိနေသော သိုင်းပညာရှင်များက ကျောက်တုံးနံရံကို မြင်နိုင်သော်လည်း သူတို့က အချက်ပြသတိပေးမှုကို မြင်ပုံမရချေ။

မုန့်ချီက ခေါင်းညိတ်ပြလိုက်၏။

ကျန်းယွင်ရှန်က မချိပြုံးပြုံးလိုက်ပြီး အသံတိုးတိုးနှင့် ပြောလိုက်သည်။

“ဒါဆိုရင် တာဝန်ပြီးဆုံးသွားတဲ့အချိန်တိုင်း ဒီလိုအချက်ပြတာလား…”

သူတို့က တန်ဝမ်ပိုကို ကယ်တင်ပြီးသည့်အချိန်တွင် သီးခြားတာဝန်ကို ပြီးဆုံးသွားပြီဟု ကျန်းယွင်ရှန်တို့က တွေးခဲ့မိကြသည်။ အကယ်၍ ထိုကဲ့သို့ အချက်ပြကြောင်းသာ စောစောသိခဲ့မည်ဆိုလျှင် ချင်ကျင်းက အသက်ဆုံးရှုံးရလိမ့်မည် မဟုတ်ချေ။

“တကယ်လို့ ကျွန်တော်တို့က သူတို့ကိုမသတ်ဘူးဆိုရင်တောင် သီးခြားတာဝန်ကို ပြီးဆုံးနိုင်တဲ့ နည်းလမ်းကတော့ စိတ်ထိန်းချုပ်ရေးဆေးလုံးအတွက် ဖြေဆေးတွေ ရှာပေးတာပဲ ဖြစ်လိမ့်မယ်…”

မုန့်ချီက ခန့်မှန်းကြည့်လိုက်သည်။

ချီရှက သက်ပြင်းချလိုက်၏။

“နောက်ထပ်မတော်တဆမှုတွေ ဖြစ်မလာဖို့ မျှော်လင့်ရတာပဲ…”

သူက အဝတ်စကို စုတ်ဖြဲလိုက်ပြီး ကျန်းကျိဝေ၏အကူအညီနှင့် ဘယ်ဘက်ပုခုံးကို သေချာစည်းနှောင်လိုက်သည်။ ကီချုံရှန်နှင့် တခြားသူများကတော့ ခဏကြာ တီးတိုးစကားပြောနေကြပြီးနောက် သူတို့၏ ခံစားချက်များကို လျင်မြန်စွာ ချုပ်ထိန်းလိုက်သည်။

သူတို့က မူလရှာဖွေထားသည့် လမ်းအတိုင်း လျှောက်သွားပြီး အလယ်ခန်းမဆီသို့ သွားခဲ့ကြ၏။ လမ်းတစ်လျှောက်တွင် ထွန်းညှိထားသော မီးတုတ်များမှလွဲလျှင် လမ်းကြောင်းထဲ၌ မည်သည့်အရာကိုမျှ မတွေ့ရပေ။

ကီချုံရှန်၊ ချီကျန်းရန်၊ ချီရှနှင့် အခြားသူများအားလုံးက ကိုယ်ဖော့ပညာကို နားလည်နေသည့်အတွက် သူတို့ပြေးသွားသည့်အချိန်တွင် အသံအနည်းငယ်လေးသာ ကြားရသည်။ မုန့်ချီ၏ခြေသံကြောင့် သူ့ကို အားလုံးက အာရုံစိုက်နေမိကြ၏။

“ကိုရင်လေး …

သူတို့အားလုံးက နင့်ကို သံသယဝင်နေကြပြီ…”

ရုတ်တရက်ဆိုသလို ကျန်းကျိဝေက အသံတိုးတိုးရယ်ပြီး တီးတိုးပြောလိုက်သည်။

မုန့်ချီက ပုခုံးတွန့်ပြီး ပြောလိုက်၏။

“တကယ်လို့ ငါသာ သူတို့ဆိုရင်လည်း သံသယဝင်မိမှာပဲလေ…”

‘သူ့လို အားနည်းသော ကိုရင်လေးတစ်ယောက်ကိုရော ဘာကြောင့် သူတို့၏ဆရာက ခေါ်လာခဲ့သနည်း’ သူက ကီချုံရှန်၏ အဖွဲ့တွင် ရှိနေသော သာမန်သိုင်းပညာရှင်ထက်ပင် ပို၍အားနည်းနေသေးသည်။ သူက ရင်ဟွမ်ရဲတိုက်၏ အရှင်သခင်ကဲ့သို့သော အလွန်အစွမ်းထက်သည့် ပညာရှင်တစ်ယောက်ကို မည်သို့တိုက်ခိုက်နိုင်မည်နည်း။ ဤနေရာက ဆော့ကစားနေရမည့် နေရာတစ်ခု မဟုတ်ချေ။ အကယ်၍ ထိုလူများက တစ်စုံတစ်ခု လျှို့ဝှက်ထားခြင်းကလွဲလျင် တခြားအရာမရှိနိုင်ချေ။

ကျန်းကျိဝေက ရှေ့ကိုကြည့်နေရင်း ပြောလိုက်၏။

“ရင်ဟွမ်ရဲတိုက်သခင်ကို သတ်ပြီးသွားရင် သူတို့ရဲ့နောက်ထပ်ပစ်မှတ်က ငါတို့ဖြစ်လာနိုင်တယ်။ ငါတို့သတိထားရမယ်…”

“ဘာမှမစိုးရိမ်ပါနဲ့။ ငါတို့တာဝန်ပြီးသွားရင် သံသရာအရှင်သခင်က ငါတို့ကို ချက်ချင်းအပြင် ပြန်ပို့ပေးလိမ့်မယ်…”

မုန့်ချီက သူ၏ယခင်အတွေ့အကြုံများကို စဉ်းစားပြီး ပြောလိုက်သည်။

“ငါလည်း အဲဒီလို မျှော်လင့်ရတာပဲ…”

ကျန်းကျိဝေ၏ စကားသံက ပို၍လေးနက်နေခဲ့၏။

“ကိုရင်လေး …

ငါတို့က ရဲတိုက်သခင်နဲ့ တိုက်ခိုက်ခဲ့တဲ့အချိန်မှာ ဘယ်လိုအရာမျိုးတွေပဲဖြစ်ဖြစ် နင်က ငါ့ကိုယုံကြည်ပေးနိုင်မလား…”

မုန့်ချီက အံအားသင့်စွာ ပြန်ဖြေလိုက်၏။

“ငါက နင့်ကို အမြဲတမ်းယုံကြည်နေတယ်လို့ တွေးခဲ့မိတာလေ။ တကယ်လို့ နင်က ငါ့ကို(၂)လှမ်းရေွှ့ခိုင်းရင် ငါက အဲဒီအမိန့်ကို ချက်ချင်း လိုက်နာခဲ့တာပဲ…”

ကျန်းကျိဝေက သူတို့၏ ပူးပေါင်းမှုကို ရည်ညွှန်းနေသည်ဟု သူက တွေးခဲ့မိသည်။ ထို့ကြောင့် သူလည်း တစ်ခုခု မှားယွင်းနေခဲ့သည်ဟု ထင်ခဲ့မိ၏။ သူကတော့ သူမကို လုံးဝမေးခွန်းမထုတ်ခဲ့သလို လျင်မြန်စွာ တုန့်ပြန်ခဲ့သည်။

ကျန်းကျိဝေက အသံတိုးတိုးနှင့် ဆက်ပြောလိုက်၏။

“ငါဆိုလိုချင်တာ အဲဒါမဟုတ်ဘူး၊ တကယ်လို့ နင့်ရှေ့မှာ တောင်ထိပ်တစ်ခု ဒါမှမဟုတ် ဓားတောင်တစ်ခု ရှိနေခဲ့မယ်ဆိုရင် ငါက ခုန်ခိုင်းရင်ရော နင်က ငါ့ကိုယုံကြည်မှာလား... နင့်ရဲ့အကြောက်တရားကိုကျော်ပြီး အစွမ်းရှိသမျှ ရှေ့ကိုခုန်နိုင်မှာလား…”

မုန့်ချီက တွေဝေနေခဲ့သည်။ အတိတ်တွင် သူ၏ရည်းစားက သူ့ကို သစ္စာဆိုခိုင်းခဲ့သည်။ ထိုအချိန်တွင်တော့ နင်ခုန်လျှင်ငါခုန်မည်ဟုသာ ပြောခဲ့သည်။ သို့သော် ကျန်းကျိဝေကတော့ သိပ်မကြာခင် သူတို့ရင်ဆိုင်ရတော့မည့် တိုက်ပွဲအကြောင်းကို သေချာပေါက် ပြောနေခြင်းဖြစ်သည်။

ထိုအရာက ယူဆချက်သက်သက် မဟုတ်တော့ပဲ တာဝန်မဲ့စွာ ပြန်ဖြေ၍လည်း မရနိုင်ပေ။ တာဝန်မဲ့သော အဖြေတစ်ခုက တိုက်ပွဲကို အနှောင့်အယှက်ပေးနိုင်သည်။ ကျန်းကျိဝေကတော့ သူ့ကို အလောတကြီး ပြန်မဖြေခိုင်းဘဲ တိတ်တဆိတ် စောင့်နေခဲ့၏။

မုန့်ချီ၏အမူအရာက အကြိမ်ပေါင်းများစွာ ပြောင်းလဲသွားခဲ့၏။ သူက မျက်နှာပျက်နေပြီး သေချာစဉ်းစားကြည့်နေခဲ့၏။ အကယ်၍ ကျန်းကျိဝေသာ ကျရှုံးသွားခဲ့မည်ဆိုလျှင် သူလည်းသေရမည်ဖြစ်သည်။ အဆိုးဆုံးအခြေအနေကတော့ သူက ကျန်းကျိဝေကို ကုန်းပိုးထားသည့်အတွက် ကျန်းကျိဝေက ကိုယ့်ကိုယ်ကို သတ်သေရမည့်အလုပ်မျိုးကို လုပ်မည်မဟုတ်ချေ။

ထို့ကြောင့် သူလည်းအံ့ကြိတ်ပြီး ပြန်ဖြေလိုက်၏။

“မိန်းကလေးကျန်း …

ငါက မင်းကိုယုံပါတယ်။ ငါတို့က တစ်လှေတည်းစီးနေတဲ့သူတွေ ဖြစ်နေပြီပဲ…”

“နင်ပြောတဲ့စကားကို သေချာမှတ်ထားပါ…”

ကျန်းကျိဝေက တည်ငြိမ်စွာ ပြောလိုက်သည်။

“နင်က ကိုယ်ဖော့ပညာကို လုံးဝမသင်ထားဖူးတဲ့အတွက် နင့်ရဲ့လှုပ်ရှားမှုတွေက ငါ့ရဲ့ဓားချက်တွေကို အမီလိုက်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ပုံမှန်အားဖြင့် ငါက ခုခံမှုကိုပဲ အလေးထားရလိမ့်မယ်။ ဒါပေမယ့် ငါက ကျွမ်းကျင်တာက ခုခံမှု မဟုတ်ဘူး။ ဒီတော့လိုအပ်တယ်ဆိုရင် စွန့်စားမှုတချို့ လုပ်ရလိမ့်မယ်…”

ထို့နောက် သူမက ပြုံးလိုက်သည်။

“နင်က အရမ်းဘာမှစိုးရိမ်မနေပါနဲ့။ ရဲတိုက်သခင်က တခြားအကြောင်းပြချက်တွေနဲ့လည်း သေသွားနိုင်ပါသေးတယ်…”

သို့သော် မုန့်ချီကတော့ မပြုံးနိုင်ခဲ့ပေ။

“ငါလည်း မျှော်လင့်ရတာပဲ…”

လမ်းတစ်လျှောက်တွင် သူတို့က အလယ်ခန်းမဆီသို့ မရောက်ခင် မည်သည့်ရန်သူမျှမတွေ့ခဲ့ရပေ။ အလယ်ခန်းမကြီးက တော်ဝင်နန်းတော်ကြီးတစ်ခုကဲ့သို့ ဖြစ်နေပြီး ရဲတိုက်၏ အခြားနေရာများသို့ ဦးတည်နေသော လမ်းကြောင်း(၈)ခု ရှိနေသည်။

ရုတ်တရက်ဆိုသလို ခန်းမ၏ တံခါးကျယ်ကြီးက ပွင့်သွားခဲ့သည်။ ခန်းမ၏ အရှေ့တွင်တော့ တောက်ပသော အဝါရောင်ပန်းပွင့်များ ပွင့်လန်းနေသည်။ အနက်ဝတ် လူဒါဇင်ပေါင်းများစွာက ခန်းမထဲတွင် ဒူးထောက်ထိုင်နေကြပြီး ရွှေရောင်နဂါးဝတ်စုံကို ဝတ်ဆင်ထားသော လူတစ်ယောက်က ပုလ္လင်ပေါ်တွင် ထိုင်နေခဲ့သည်။

ထိုလူက သက်လတ်ပိုင်းလူကြီး တစ်ယောက်ဖြစ်ပြီး အတော်လေးကို ပိန်၏။ သူ၏မုတ်ဆိတ်မွေးများက အတော်လေးလှပပြီး ပုလ္လင်ပေါ်တွင် ကြီးကျယ်ခမ်းနားစွာ ထိုင်နေခြင်းဖြစ်သည်။

သူက အလွန်ကျယ်လောင်သောအသံနှင့် ပြောလိုက်သည်။

“ငါက မင်းတို့ကိုစောင့်နေတာ အတော်လေးကြာနေပြီ…”

ထိုစကားများကို ပြောလိုက်ပြီးနောက် အနက်ဝတ်လူများအားလုံးက မတ်တပ်ရပ်လိုက်ပြီး ပြန်လှည့်လာကြသည်။ သူတို့အားလုံး၏ မျက်နှာများက ရှုံ့မဲ့နေပြီး မျက်လုံးများက နီရဲနေသည်။ ကြွက်သားများကလည်း ဖောင်းကားပြီး အဝတ်ထဲတွင်ပင် တင်းကြပ်နေခဲ့၏။

“အစ်ကိုကြီး၊ ဦးလေးမင်းကန်…”

ထိုအသံများက ကီချုံရှန်၏အဖွဲ့ထဲမှ သိုင်းပညာရှင်များ ခေါ်လိုက်ခြင်းဖြစ်သည်။ အနက်ဝတ်လူတချို့က သူတို့၏ မိတ်ဆွေဟောင်းများ ဖြစ်ပုံရသည်။

အနက်ဝတ်လူများအားလုံးကတော့ မှော်သားရဲများကဲ့သို့ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူတို့၏ မျက်လုံးများထဲတွင်လည်း ဆင်ခြင်တုံတရားများ မရှိတော့ပေ။

“မကောင်းဆိုးဝါး …မင်းက သူတို့ကို ဘာလုပ်လိုက်တာလဲ…”

ပညာရှင်တစ်ယောက်က ကျယ်လောင်စွာ အော်မေးလိုက်သည်။ ရဲတိုက်သခင်ကတော့ ဒေါသတကြီး ပြန်ပြောလိုက်၏။

“မင်းက ကိုယ့်ကိုယ်ကို ပိုပြီးအဆင့်အတန်းမြင့်တယ်လို့ ထင်နေတာလား။ မင်းက ဧကရာဇ်တစ်ယောက်ကိုများ ပြန်အော်ရဲသေးတာလား…”

သူက မတ်တပ်ရပ်လိုက်ပြီး အနက်ဝတ်လူများအားလုံးကို အော်ပြောလိုက်၏။

“သူတို့က မှော်သားရဲတွေအဖြစ် ပြောင်းလဲပြီး ငါ့ရဲ့အစောင့်တွေ ဖြစ်လာတာက သူတို့ရဲ့စိတ်ဆန္ဒအတိုင်းပဲ ။ ငါက မင်းတို့လို သူပုန်တွေကို ဆန့်ကျင်ပြီးသွားရင် သူတို့ရဲ့မျိုးဆက်တွေကို စောင့်ရှောက်ပေးမယ်။ သူတို့အားလုံးကို ချမ်းချမ်းသာသာနဲ့ နေခိုင်းမယ်…”

“ခွေးမျိုး …မင်းက ရူးနေပြီ…”

လူအုပ်ကြီးထဲမှနေ၍ ကျိန်ဆဲသံများ ထွက်ပေါ်လာခဲ့သည်။

ကီချုံရှန်ကတော့ တည်ငြိမ်စွာ ပြောလိုက်၏။

“တကယ်လို့ မင်းကသာ စိတ်ထိန်းချုပ်ရေးဆေးလုံးနဲ့ ဖြေဆေးပေးမယ်ဆိုရင် ငါတို့က မင်းရဲ့အသက်ကို လွှတ်ပေးဖို့ ကတိပေးတယ်…”

သေခြင်းထက်ဆိုးသော အပြစ်ပေးမှုမျိုးစုံ ရှိနေသေးသည်။

“ဟား ဟား ဟား ဟား…”

ရဲတိုက်သခင်ကတော့ လက်ချောင်းလေးများကို ဓားသဏ္ဍာန် ဖန်တီးလိုက်ပြီး ကျယ်လောင်စွာ ရယ်လိုက်သည်။

“အဲဒီနတ်ဘုရားဆေးလုံးတွေကို ကောင်းကင်ဘုံက ပေးထားတာ။ ဘယ်လိုလုပ်ပြီး ဖြေဆေးရှိဦးမှာလဲ။ ကောင်းကင်ဘုံက လောကကြီးတစ်ခုလုံးကို ငါ့လက်အောက် ရောက်စေချင်နေတာ။ မင်းတို့အားလုံး မနာခံမှတော့ မင်းတို့အားလုံး သေသင့်တယ်…”

“ကောင်းကင်ဘုံက အမိန့်ပေးထားတာလား…”

ရုတ်တရက်ဆိုသလို မုန့်ချီ၏ခေါင်းထဲ၌ အတွေးတစ်ခု ပေါ်လာခဲ့သည်။

အနက်ဝတ်လူများ အားလုံးကလည်း ခန်းမထဲမှ ရုတ်တရက် ပြေးထွက်လာကြပြီး ကီချုံရှန်တို့ဆီကို ခုန်ဝင်လာကြ၏။ သူတို့၏အရှိန်နှင့် သိုင်းပညာက အားနည်းနေခြင်း မရှိကြပေ။

“သူတို့အားလုံးက ဉာဏ်အလင်းပွင့်တဲ့ အဆင့်ကို ရောက်နေကြပြီ…”

ကျန်းကျိဝေက သက်ပြင်းချလိုက်မိ၏။

“တကယ်လို့ သခင်ကြီးကီနဲ့ သူ့မိတ်ဆွေတွေသာ မရောက်လာခဲ့ရင် ရဲတိုက်သခင်ကို မသတ်ခင် ငါတို့တွေ ဘယ်လောက်သေရမလဲ မသိနိုင်ဘူး….”

သူမကတော့ လက်ရှိအချိန်အထိ သူမ၏အစွမ်းကို အလွန်ယုံကြည်ချက် ရှိနေသေးသည်။

ကီချုံရှန်နှင့် တခြားသူများကတော့ စိတ်ထိန်းချုပ်ရေးဆေးလုံး၏ လွှမ်းမိုးမှုကြောင့် သူတို့၏မိတ်ဆွေများ ထိခိုက်နေရခြင်းကို မမြင်လိုကြပေ။ ထို့ကြောင့် သူတို့က ကျန်းကျိဝေ၏ ဆရာကိုပင် မမေးတော့ပဲ အနက်ဝတ်လူများဆီကို ပြေးဝင်သွားကြသည်။

ကျန်းယွင်ရှန်ကလည်း သူတို့နှင့်အတူ ပူးပေါင်းလှုပ်ရှားလိုက်ကြသည်။ သူက အလွန်သွက်လက်ပေါ့ပါးစွာ လှုပ်ရှားလိုက်ပြီး အနက်ဝတ်လူများကို မှော်ဆန်ဆန် ဖြတ်ကျော်၍ ခန်းမထဲသို့ ဝင်သွားလိုက်သည်။

“ကျန်းဝူဂိုဏ်းရဲ့ပါးကွ(၈)ကွက် နတ်ဘုရားခြေလှမ်းက တကယ်အံ့ဩစရာ ကောင်းတာပဲ…”

ကျန်းကျိဝေက ချီးကျူးလိုက်သည်။

“ဒီနေရာမှာ အဆိပ်မြူတွေမရှိဘူး…။ ငါတို့က ဘေးဘက်ကနေ ခန်းမကြီးထဲကို တိတ်တိတ်လေး ဝင်သွားတာ ပိုကောင်းမယ်….”

မုန့်ချီက သိုင်းပညာအနည်းငယ်လေးသာ သိထားကြောင်း သူမက ရှင်းရှင်းလင်းလင်းလင်း သိနေသည်။ ထို့ကြောင့် သူတို့ကတော့ အနက်ဝတ်လူများကို ဖြတ်ကျော်သွားရန် မဖြစ်နိုင်ပေ။

သို့သော် အနက်ဝတ်လူများနှင့် ကီချုံရှန် ဦးဆောင်လာသော သိုင်းပညာရှင်(၁၀၀)နီးပါးက အချင်းချင်း တိုက်ခိုက်နေသည်။ ထို့ကြောင့် မုန့်ချီနှင့် ကျန်းကျိဝေတို့က မည်သူမျှ သတိမထားမိဘဲ တိတ်တဆိတ် ဝင်ရောက်၍ ရနိုင်သည်။

မုန့်ချီက တိုက်ပွဲထဲသို့ ဖြတ်ကျော်လာသော ချီရှကိုလည်း မြင်လိုက်ရသည်။ သူမကတော့ ကျန်းယွင်ရှန်ကို ကူညီပေးရန် စဉ်းစားနေကြောင်း သိနေသည့်အတွက် မုန့်ချီက စကားတစ်ခွန်းမျှမပြောခဲ့ပေ။ သူလည်း မြေကွက်လပ်ဆီသို့ အရှိန်အဟုန်နှင့် ပြေးသွားပြီး တစ်ဖက်တွင် ချီကျန်းရန်ကတော့ အနက်ဝတ်လူများ၏ တားဆီးမှုကြောင့် လိုက်မလာနိုင်ခဲ့ပေ။

“ဘုန်း…”

မုန့်ချီက မြေကွက်လပ်သို့ ရောက်လာသည့်အချိန်တွင် ကျောက်တံခါးကြီးက ပိတ်သွားပြီး သူတို့၏ထွက်ပေါက်ကို ပိတ်လိုက်သည်။

“မင်းတို့အားလုံး ငါ့လက်ထဲကနေ မလွတ်နိုင်တော့ဘူး….”

ရဲတိုက်သခင်၏လက်က ဖြူဖျော့ဖျော့ဖြစ်နေသည်။ သူက ကျန်းယွင်ရှန်၏ဓားကို လက်နှစ်ဖက်နှင့် ဖမ်းထားခဲ့၏။

"သူကိုယ်တိုင်လည်း ဒီနေရာမှာ ရှိနေမှတော့ တစ်ခြားလမ်းတွေ ရှိနေနိုင်တယ်။ စိတ်ဓာတ်မကျကြနဲ့..…”

ကီချုံရှန်က သူ၏မိတ်ဆွေများကို အားတက်စေရန် ကျယ်လောင်စွာ ပြောလိုက်သည်။ ထို့နောက် သူ၏သံယပ်တောင်ကို ဝှေ့ယမ်းတိုက်ခိုက်လိုက်၏။

နှစ်ကြိမ်တိုက်ခိုက်လိုက်ပြီးနောက် သူလည်း ခန်းမ၏အလယ်သို့ ရောက်လာသည်။ မုန့်ချီကတော့ အချိန်မဖြုန်းရဲဘဲ အလယ်ခန်းမ၏ ဝင်ပေါက်သို့ ပြေးသွားသည်။ ကျန်ကျိဝေ၏ ညွှန်ကြားမှုဖြင့် သူက တိုက်ပွဲနည်းသောနယ်မြေကို အောင်အောင်မြင်မြင် ဖြတ်ကျော်လာနိုင်ခဲ့သည်။

ခန်းမထဲတွင် ကီချုံရှန်၊ ကျန်းယွင်ရှန်နှင့် ချီရှတို့က ရဲတိုက်သခင်ကို ဝိုင်းဝန်းတိုက်ခိုက်နေကြသည်။ သို့သော် သူတို့က ရဲတိုက်သခင်၏ ကြောက်စရာကောင်းသော လက်ဝါးချက်များကို ရင်ဆိုင်နိုင်ရုံသာဖြစ်၏။

ကျန်းယွင်ရှန်၏ ဓားသိုင်းက ထိုက်ကျိဓားသိုင်းနှင့် ဆင်တူသည့်အတွက် သူ၏ခုခံပုံမှာ ကျောက်ဆောင်ကျောက်သားကဲ့သို့ မာကြောလွန်းလှသည်။ မဟုတ်လျှင် ဘယ်ဘက်ပုခုံးတွင် ဆိုးဆိုးရွားရွား ဒဏ်ရာရထားသော ချီရှက အသတ်ခံရသည်မှာ ကြာလှပြီဖြစ်သည်။

ကီချုံရှန်၏ သိုင်းပညာကလည်း ကျန်းယွင်ရှန်နှင့် အဆင့်တူသာ ဖြစ်သည်။ သူတို့က ရဲတိုက်သခင်ထက် အဆပေါင်းများစွာ နိမ့်ကျ၏။ ရဲတိုက်သခင်၏ တရဆက် တိုက်ခိုက်မှုများကြောင့် သူတို့က ကြောက်လန့်နေကြပြီး ပြန်လည်တိုက်ခိုက်ရန် သတ္တိပင် မရှိတော့ပေ။

ကျန်းယွင်ရှန်က ဓားသိုင်းကို သုံးနေသော်လည်း ကိုယ်ဖော့ပညာများကို မျိုးစုံအသုံးပြုနေရသည်။ ထိုသို့ဆိုရာတွင် ရဲတိုက်သခင်၏ လက်ဝါးချက်များက အမှန်ပင် ကြောက်စရာကောင်းသည်။

ထို့ပြင် ရဲတိုက်သခင်၏ သိုင်းပညာက ကျန်းယွင်ရှန်ထက် ပို၍မြင့်မားနေ၏။ သူက ကျန်းယွင်ရှန်၏ နည်းလမ်းများကို ဖျက်စီးနိုင်ပြီး အေးအေးဆေးဆေး တည်ငြိမ်စွာ တိုက်ခိုက်နေနိုင်သည်။

“အစ်ကိုကြီးကျန်းက ခုခံတဲ့နေရာမှာ ပိုကောင်းတယ်။ ကျန်းဝူဓားသိုင်းကိုတော့ မမှီသေးဘူး…။ မဟုတ်ရင် ရဲတိုက်သခင်က သူ့ကို ဒီလောက်ထိ တိုက်ခိုက်နေမှာတောင် မဟုတ်ဘူး….”

မုန့်ချီက အနားကို ကပ်လာသည့် အချိန်တွင် ကျန်းကျိဝေက အသံတိုးတိုးနှင့် မှတ်ချက်ပေးလိုက်သည်။

ထို့နောက် သူမက ဓားရှည်ဖြင့် ရဲတိုက်သခင်၏ ဘယ်လက်ဝါးကို တိုက်ခိုက်လိုက်၏။ ထိုအရာကို အခွင့်အရေးတစ်ခုအဖြစ် သတ်မှတ်လိုက်ပြီး ကျန်းယွင်ရှန်က ရဲတိုက်သခင်၏ ရင်ဘတ်ကို ဓားနဲ့လှမ်းထိုးလိုက်သည်။ ထိုအရာက ဂူထဲမှ ထွက်လာသော မြွေတစ်ကောင်ကဲ့သို့ ထင်ရသည်။

ထို့ကြောင့် ရဲတိုက်သခင်က လက်ဝါးကို ရုတ်သိမ်းပြီး ခုခံလိုက်ရသည်။ တိုက်ပွဲစတင်သည့် အချိန်မှစပြီး ရဲတိုက်သခင်က ပထမဆုံးအကြိမ် နောက်ဆုတ်လိုက်ရခြင်း ဖြစ်၏။

ကျန်းကျိဝေ၏ ဓားကတော့ တဖြည်းဖြည်း လျင်မြန်လာပြီး သူမ၏ တိုက်ခိုက်မှုများက ရေလှိုင်းများပမာကဲ့သို့ ဖြစ်နေသည်။ ကျန်းယွင်ရှန်၊ ကီချုံရှန်နှင့် ချီရှတို့၏ အကူအညီနှင့် ရဲတိုက်သခင်ကို သူမက အောင်အောင်မြင်မြင် ဖိနှိပ်နိုင်ခဲ့သည်။

ရုတ်တရက်ဆိုသလို ရဲတိုက်သခင်က အထင်သေးစွာ နှာခေါင်းရှုံ့လိုက်ပြီး လှုပ်ရှားလိုက်သည်။ တိုက်ပွဲစတည်းက သူက ကျန်းကျိဝေ၏ အားနည်းချက်ကို သိနေသည်။ ထိုအရာက မုန့်ချီ၏အရှိန်ဖြစ်၏။

ထင်ထားသည့်အတိုင်း သူက ဆက်လက်တိုက်ခိုက်နေချိန်တွင် မုန့်ချီနှင့် ကျန်းကျိဝေတို့က အရေးနိမ့်လာခဲ့သည်။ ကျန်းကျိဝေက တိုက်ခိုက်မှုကို မည်သို့ရှောင်ရှားရမည်ဖြစ်ကြောင်း သိနေပြီး မုန့်ချီက သူမ၏ ညွှန်ကြားချက်အတိုင်း လိုက်ပါလှုပ်ရှားနေသော်လည်း ကျန်းကျိဝေက စကားပြောရန် အချိန်အနည်းငယ်ပေးရသည်။

ထို့ကြောင့် အလွန်ရှုပ်ထွေးသော လှုပ်ရှားမှုများကို လုပ်ရန်မဖြစ်နိုင်ချေ။ ရလဒ်အနေဖြင့် ကျန်းကျိဝေက ခုခံမှုတွင် ပို၍အားစိုက်လာရသည်။ သူက ကျန်းယွင်ရှန်၏ အကူအညီဖြင့် ရဲတိုက်သခင်၏ တိုက်ခိုက်မှုများကို ခုခံနေရ၏။ တစ်ဖက်တွင် ကီချုံရှန်နှင့် ချီရှတို့၏ တန်ပြန်တိုက်ခိုက်မှုများကြောင့် နှစ်ဖက်စလုံးက သူမသာ ကိုယ်မသာအခြေအနေကို ရောက်ရှိနေခဲ့သည်။

“ချွမ်…. ချွမ်…. ချွမ်….”

ဓားများဆီမှ ထွက်ပေါ်လာသော အသံများက ရဲတိုက်သခင်၏ လက်ဝါးကို တိုက်ခိုက်မိနေခဲ့သည်။ သူတို့က သံနှင့် တိုက်ခိုက်မိနေသကဲ့သို့ ခံစားနေရ၏။ မုန့်ချီကတော့ ထိုအသံများကို ခံစားနေရပြီး အတော်လေး စိတ်လှုပ်ရှားနေခဲ့သည်။ သူ၏ခြေထောက်နှစ်ဖက်ကလည်း ပျော့ခွေသွားမလို ခံစားနေရ၏။

“အဆိပ်တွေ…”

ရဲတိုက်သခင်ကို ပထမဆုံး တိုက်ခိုက်နေသော ကျန်းယွင်ရှန်၏ မျက်နှာက ဖြူဖပ်ဖြူလျော် ဖြစ်လာသည်။ ကီချုံရှန်နှင့် ချီရှတို့ကလည်း အတော်လေး နှေးကွေးသွားခဲ့၏။

ချက်ချင်းဆိုသလိုပင် ရဲတိုက်သခင်က တိုက်ပွဲတွင် အသာစီးရလာသည်။ သူက ကျယ်လောင်စွာ ရယ်လိုက်၏။

“သူတို့တွေက အဆိပ်မကောင်းဆိုးရွားတွေအဖြစ် ပြောင်းသွားပြီ။ ခန်းမရဲ့ရှေ့မှာ ရှိနေတဲ့ အဆိပ်ပန်းပွင့်တွေနဲ့ ပေါင်းစပ်လိုက်တော့ ကောင်းကင်က သတ်မှတ်ပေးထားတဲ့ အရာလေးတွေပေါ့…။ မင်းတို့ကို သတ်ပြီးသွားရင် သိုင်းလောကမှာ ငါ့ကိုဘယ်သူမှ မဆန့်ကျင်နိုင်တော့ဘူး…”

ကီချုံရှန်နှင့်အတူ ရောက်လာသော သိုင်းပညာရှင်များကလည်း တဖြည်းဖြည်း ကြောက်စရာကောင်းလာသော အနက်ဝတ်များကို ကြည့်ပြီး စိတ်ဓာတ်ကျလာကြသည်။ သူတို့၏ အရေပြားများက ပုတ်သိုးပျက်စီးလာနေကြောင်းပင် ခံစားနေမိကြ၏။ ထိုကဲ့သို့ နည်းလမ်းမျိုးနှင့် အဆိပ်ကို သုံးလိမ့်မည်ဟု သူတို့လည်း မထင်ထားခဲ့ကြပေ။

“ခွေးမျိုးတွေ…

ငါ့အသက်ကို ရင်းရမယ်ဆိုရင်တောင် ငါ မင်းကို သတ်မယ်…”

ကီချုံရှန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

ထိုအချိန်တွင် အလွန်ဒေါသထွက်ပြီး ကြောက်လန့်နေသော မုန့်ချီက ကျန်းကျိဝေ၏ တည်ငြိမ်သောအသံကို ကြားလိုက်ရ၏။

“ရှေ့ကိုခုန်လိုက်….”

“ရှေ့ကို ခုန်ရမှာလား…”

ရဲတိုက်သခင်၏ သံလက်ဝါးက သူတို့၏ရှေ့တွင် ရှိပြီး သူတို့ကို ချက်ချင်းသတ်ပစ်နိုင်သည်။ သို့သော် မုန့်ချီက ကျန်းကျိဝေနှင့် အစောပိုင်းပြောခဲ့သော စကားများကို သတိရလာ၏။ သူ့ခေါင်းထဲတွင် ရှုပ်ထွေးနေသော အတွေးပေါင်းစုံ ပေါ်လာပြီး စက္ကန့်ပိုင်းအတွင်း သေဆုံးသွားခဲ့သော ရန်ဝူကျန်းနှင့် ချင်ကျန်းတို့ကို အမှတ်ရသွားခဲ့သည်။

အကယ်၍ အဆိပ်မြူခိုးများသာ လွှမ်းခြုံသွားမည်ဆိုလျှင် သူလည်း အလွယ်တကူ သေဆုံးသွားနိုင်သည်။ သူ တချိန်တုန်းက အေးအေးချမ်းချမ်း နေခဲ့ရသော အခြေအနေကို စဉ်းစားမိပြီး လက်ရှိအခြေအနေကို လက်ခံ၍ မရနိုင်ပေ။ အတွေးများအားလုံးက ခိုင်မာသောဆုံးဖြတ်ချက်များအဖြစ် ပြောင်းလဲသွားပြီး သူလုပ်စရာရှိသည်ကို လုပ်ရန် ဆုံးဖြတ်လိုက်သည်။

“လုပ်မယ်ကွာ … လုပ်မယ်…”

သူ၏မျက်နှာအမူအရာက လှုပ်ရှားသွားပြီး မုန့်ချီက ရင်ဟွမ်ရဲတိုက်သခင်ဆီသို့ လှမ်းခုန်လိုက်သည်။ ဤအချိန်အတောအတွင်း သူက မျက်လုံးပြူးနေခဲ့ပြီး ရဲတိုက်သခင်၏လက်ဝါးကို စိုက်ကြည့်နေခဲ့၏။ သူကတော့ သေမှာကို စောင့်ကြည့်နေပြီး မည်သို့သေရမည်ဖြစ်ကြောင်း သူ့မျက်လုံးနှင့်မြင်ချင်နေသည်။

ရုတ်တရက်ဆိုသလို အလွန်တောက်ပသော ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး မုန့်ချီ၏ မျက်လုံးထဲတွင် ဝေဝါးသွားသည်။ သူက မည်သည့်အရာကိုမျှ မမြင်ရတော့ပေ။

“တော်တော်လှတာပဲ…”

မုန့်ချီက တစ်ယောက်တည်း တွေးလိုက်မိသည်။

အနက်ဝတ်လူများနှင့် တိုက်ခိုက်နေသော ပညာရှင်များကလည်း သူတို့၏ ပတ်ပတ်လည်တွင် ပြောင်းလဲသွားသော အရာတစ်ခုကို ခံစားလိုက်ရ၏။ သူတို့၏ မျက်လုံးထဲတွင် ဓားအလင်းရောင်တစ်ခု တောက်ပလာပြီး ကောင်းကင်ပေါ်မှ သိမ်းငှက်တစ်ကောင် ပျံသန်းလာသလို ထင်မှတ်ရသည်။

အလင်းရောင် ပျောက်ကွယ်သွားချိန်တွင် ဓားရှည်က ရဲတိုက်သခင်၏ နဖူးကို စိုက်နေကြောင်း မုန့်ချီက တွေ့လိုက်ရသည်။ ရဲတိုက်သခင်၏ သံလက်ဝါးက မုန့်ချီ၏ ရင်ဘတ်ပေါ်ကို ရောက်နေသော်လည်း မည်သည့်စွမ်းအားကိုမျှ မခံစားမိချေ။

သူ၏ လှုပ်ရှားမှုကို မထိန်းနိုင်သည့်အတွက် မုန့်ချီက ရဲတိုက်သခင်ကို တိုက်မိပြီး ကြမ်းပြင်ပေါ်ကို လဲကျသွားခဲ့သည်။ ထို့နောက် သူက မတ်တပ်ပြန်ရပ်လိုက်သည်။ ထိုအချိန်ထိပင် ရင်ဟွမ်ရဲတိုက်သခင်က ပြုံးနေသေးကြောင်း သူက တွေ့လိုက်ရ၏။

ပြောင်းလဲသွားသည်မှာ သူ၏မျက်လုံးအိမ်မှာ ကျဉ်းသွားပြီး မျက်လုံးထဲတွင် မယုံကြည်နိုင်မှုများ ရှိနေသည်။

မုန့်ချီက ကျန်းကျိဝေကို ငုံ့ကြည့်လိုက်၏။ သူမ၏ညာလက်က အနည်းငယ် တုန်ယင်နေပြီး ဓားကိုင်ထားသော လက်တစ်ဖက်ဟု မထင်ရပေ။ မုန့်ချီက သူမ၏ အသက်ရှုသံပြင်းပြင်းကိုပင် ကြားနေရသည်။

“ထိပ်သီးဓားကျင့်စဉ်ရဲ့ နာမည်ကြီးသိုင်းကွက်(၉)ကွက်ထဲက တစ်ခု၊ ‘အနန္တဓားကွက်’… သူက ဒီဓားကွက်ကိုတောင် သုံးနိုင်လိမ့်မယ်လို့ မထင်ထားဘူး…”

ချီရှနှင့် ကျန်းယွင်ရှန်တို့ကတော့ အလွန်အမင်းကို အံ့ဩနေကြသည်။

Translated by Hein Htet

All Chapters