← Chapters

သွေးခင်းလမ်း

Vol. 3 Ch. 14

သွေးခင်းလမ်း

Vol. 3 Ch. 14

မြူခိုးများပျောက်သွားပြီးနောက် ရောက်နေသည့်နေရာကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရပါသည်။ ပုံမှန်ဆိုလျှင် ဖြစ်စဉ်နှင့် သိပ်မဝေးသည့်နေရာကနေစရတတ်ပါသည်၊ ယခုက တည်နေရာသတ်မှတ်၍မရလောက်အောင် အတော်ဝေးဝေးကို ရောက်လာခဲ့သည့်ပုံပင်။

ပတ်ဝန်းကျင်က အလင်းရောင်သိပ်မရှိပါ၊ ညလည်းမဟုတ်နေ့လည်းမဟုတ်သည်မို့ အချိန်ကာလက မတည်ရှိသကဲ့သို့ ဖြစ်နေပါသည်။ လမ်းသိပ်မလျှောက်လိုက်ရပါပေ ထုံးစံအတိုင်း အေးစိမ့်မှုတို့က တိုးဝင်လာပါ၏။

ပတ်ဝန်းကျင်အသွင်အပြင်တို့ကလည်း တွန့်လိမ်ခေါက်ဝင်နေကာ အချိန်မရွေးပြိုလဲကျသွားနိုင်သည့် အိမ်ပျက်ကြီးတစ်လုံးထဲ ရောက်နေသည့်အတိုင်း ခံစားလာရပါသည်။

ကြည့်သန့်မေ လက်ညှိုးထိပ်နှင့် လက်မပွေကိုထိကာ လက်ဝါးဖြန့်ရင်း ခေါင်းငုတ်ပြီး နှုတ်မှ အသံတိုတစ်ခုကို ထုတ်လိုက်ပါသည်၊ ၂ မိနစ်လောက်ရှိသည်ဆိုလျှင် လုံခြုံသည့်အနွေးဓာတ်တစ်ခုက ပတ်ပတ်လည်ကိုဝန်းရံလာပါ၏။

တစ်နေရာလုံးကိုအပြည့်မရောက်သွားသည့်တိုင် လမ်းလျှောက်တိုင်း ရစ်ပတ်ပါလာသည်မို့ တစ်ကိုယ်စာတော့ အဆင်ပြေသွားပါသည်။ ပတ်ဝန်းကျင်ကို သေချာအကဲခတ်ကာ ရှေ့ဆက်လျှောက်လာလိုက်ပါသည်။

မိနစ် ၃၀ အထိ တည်နေရာသတ်မှတ်ရလောက်အောင် ပတ်ဝန်းကျင်က တည်တည်ငြိမ်ငြိမ်မရှိသေးပါချေ၊ ဤအတိုင်းဆိုလျှင် အနည်းဆုံးတစ်ရက်စာ သွားရမည့်ပုံပင်။

သစ်ပင်ဟုထင်ရသည့် အညိုနှင့်အစိမ်း‌စပ် အစိုင်အခဲတစ်ခုချင်းစီကိုကြည့်ကာ တောအုပ်ကဲ့သို့ နေရာတစ်ခုကို ရောက်လာသည်ပဲဟု ကောက်ချက်ချလိုက်ပါသည်၊ ယခုအချိန်အထိ မောင်ရင့် အရိပ်အယောင်ကို အာရုံမခံမိသေးသဖြင့် အနည်းငယ်တော့ စိုးရိမ်စိတ်ဝင်သွားပါ‌၏။

ထို့နောက် ဆက်လျှောက်လာရင်း ခွန်အားကိုအတတ်နိုင်ဆုံးချွေတာသည့်အနေဖြင့် ရစ်ပတ်နွေကို ခဏပြန်သိမ်းလိုက်ပါသည်။ တစ်ရက် ... နှစ်ရက် ... သုံးရက်မြောက်၌ ပုံရိပ်တို့က ထင်ရှားလာပါသည်။

နေရာအနှံမှာ အရိုးတို့က ပြည့်နေပါ၏၊ အရိုးပုံကြီးဟုပင်ထင်ရပါသည်။ မဟုတ်ပါ, မျက်စိတဆုံးအထိပင် မကုန်နိုင်သော အရိုးတောကြီး ( သို့မဟုတ် ) အရိုးတောင်ကြီးတစ်လုံးအပေါ်၌ သူရပ်လျက်သား ရောက်နေမိခြင်းပင်ဖြစ်ပါသည်။

' မောင်ရင့်က ဒီအထိတောင်

ဘယ်လိုရောက်လာတာလဲ '

ကြည့်သန့်မေ အများကြီး ဆက်တွေးမနေတော့ပဲ ခဏရပ်ကာ တည်နေရာကို အရင်သတ်မှတ်လိုက်ပါသည်။ ထိုအချိန်တွေ အရိုးများက လှုပ်လာကာ အသားတစ်များ တဖြေးဖြေးတိုးထွက်လာပါ၏။

' အ '

ရုတ်တရက်မို့ ကြည့်သန့်မေအငိုက်မိကာ တောင်ပေါ်မှလိမ့်ကျသွားပါသည်၊ ထိခိုက်ရာအကုန်လုံးလည်း ကျိုးကြေကာ အမှုန့်တွေဖြစ်သွားကြပါသည်။

“ အား ... မလုပ်ပါနဲ့ ”

နာကြင်စွာ အော်ရင်း အရိုးများက လိမ့်ဆင်းကုန်ပါသည်၊ တောင်ကြီးမှာလည်း ဖရိုဖရဲဖြစ်ကာ အသံများညံသွားပါ၏။

ကြည့်သန့်မေလည်း အောက်တွင်တုန်ရီနေ‌သည့် အရိုးပုံကိုကြည့်ကာ စိတ်မကောင်းဖြစ်သွားပြီး တေးသံတစ်ခုကို သံယာနာပျော်ဖွယ်လွှင့်ပေးလိုက်ရာ အားလုံးငြိမ်ကျသွားကြပါသည်၊ တချို့အရိုးများက အလင်းရောင်တဖြတ်ဖြတ်လက်ကာ ပျောက်ကွယ်သွားကြပါသည်၊ တချို့အရိုးများကတော့ အသားများအမြန်ပြည့်သွားကာ အပုံထဲမှထ၍ ဆာတယ် ဆာတယ်ဟု အော်ကာ ထွက်ပြေးသွားကြပါ၏။

သူတို့ကံကြမ္မာပဲမို့ ဤလောက်သာလုပ်ပေးနိုင်ရာ ကြည့်သန့်မေ သက်ပြင်းချရင်း လမ်းချဲ့ပေးသဖြင့် ပေါ်လာသည်အတိုင်း ဆက်လျှောက်လာခဲ့လိုက်ပါတော့သည်။ အနောက်တွင်တော့ အရိုးတောင်ကြီးမှာ မဖြစ်စလောက်ပျောက်သွားသည့်အရိုးများက သူနှင့်မဆိုင်သည့်အလား ဆူညံသံများဖြင့် ကြီးမားစွာကျန်ရစ်ခဲ့ပါ၏။

အဖြူရောင်အရိုးများလွန်ရာ၌ တဟုန်းဟုန်းတောက်လောင်နေသည့် မီးပင်လယ်ကြီးကို တွေ့ရပါသည်၊ မဟုတ်ပေ, ပါးစပ်မှ မီးတောက်မီးလျှံများ ပြည့်နေသည့် လူစုကြီးက ' ကယ်ပါ ကယ်ပါ ' ဟု တဆာဆာအော်နေကြခြင်းပင်။

ကြည့်သန့်မေအနားတော့ သူတို့ မကပ်ရဲကြပါချေ၊ အရိုးဖြူများဆီတွင် ထူးဆန်းတာတစ်ခုခုဖြစ်သွားခြင်းက သူနှင့်ဆိုင်နိုင်သည်ဟု တွေးကာ ရမ်းသမ်းအကူအညီတောင်းနေကြခြင်းပင်ဖြစ်ပါသည်။ သူတို့က အရိုးဖြူများထက် အနည်းငယ် အသိဉာဏ်ရှိနေသည့်ပုံပင်။

ကြည်သန့်မေ သူတို့ဆီမှ မောင်ရင့်အငွေ့အသက်ကိုရှာရင်း သံတိုသံရှည်နှစ်မျိုးပါသည့်တေးသံတစ်ခုကို ခပ်ကြာကြာလေး ထုတ်လွှင့်ပေးထားလိုက်ပါသည်၊ နှစ်ရက်ပင်ကြာအောင် သုံခေါက်တိတိ စစ်ကြည့်သည်ပင် မောင်ရင့်အရိပ်အယောင်ကို ရှာမရသည်မို့ အသံရပ်ကာ ထပ်မံထွက်ခွာဖို့ ပြင်လိုက်ပါသည်။

ထိုအခိုက်တွင် မကျေမချမ်းဖြစ်သွားဟန်တူသည့် မီးပါးစပ်နှင့်တစ်ယောက်က ထွက်မသွားရန် အတင်းဆွဲပါလေ၏၊ ကြည်သန့်မေတစ်ချက်ဒေါသထွက်သွားပြီးမှ စိတ်ပြန်လျှော့ကာ ထိမိလုဖြစ်နေသည့် အဝစကို မမှီရန် ချုံ့ပစ်လိုက်ရပါသည်၊ ပိုဆိုးသည့်ဘဝကို ရောက်သွားမည်ကိုပင်မသိနိုင်လောက်အောင် မျှော်လင့်ချက်မဲ့နေသည့် သူတို့ဘဝကို ကြည့်ရင်းလည်း အနည်းငယ် သနားစိတ်ဝင်မိသွားပါသည်။

ကြည်သန့်မေအပြုအမူကြောင့် ဘေးမှ မီးပါးစပ်များမှာလည်း ပူလောင်နေသည့်ကြားမှ ပြူးတူးပြာယာတွေ ထပ်ဖြစ်ကုန်ကြပါ၏၊ သို့သော် မောင်ရင့်ကိစ္စအရေးကြီးသည်မို့ ကြည်သန့်မေ လှည့်မကြည့်ဘဲ ထွက်သာလာခဲ့လိုက်ပါတော့သည်။

ဤတစ်ခေါက်တွင်တော့ မည်သည့်အထူးအဆန်းမှ ဆက်မတွေ့ရတော့ပဲ ၅ ရက်တိတိ ကုန်းမြေအပြန့်ကိုသာ အဆုံးမရှိလျှောက်နေရပါ၏။

သိပ်မကြာလိုက်ပါချေ ရေစပ်တစ်ခုတွင် ကန်ပြင်ကို တဘုန်းဘုန်းရိုက်ရင်း အော်ငိုဟစ်ငိုယိုနေသည့် ပိန်ခြောက်ခြောက်လူတစ်ယောက်ကို ထပ်မံတွေ့လိုက်ရပါသည်၊ ထိုသူက ရေငတ်သည့်ဒဏ်ကြောင့် သွေးရူးသွေးတန်းပင် ဖြစ်နေပါပြီ၊ ခန္ဓာကိုယ်သည်လည်း ရေဓာတ်များအကုန်စုပ်ယူခံထားရသကဲ့သို့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေပါ၏။

မျက်ရည်များအစား သွေးများစီးကျနေကာ သူ့ကို ရေခပ်ပေးရန် မထွက်‌လာသည့် အသံဖြင့်တောင်းဆိုနေပါသည်၊ ကြည်သန့်မေက မတတ်နိုင်သည်မို့ မမြင်ချင်ယောင်ဆောင်ကာ ကျော်သွားလိုက်ပါ၏။ ဇွဲမလျှော့ဘဲ နောက်က ဆက်လိုက်လာသော်ငြား ၃ မိနစ်ပင်မခံဘဲ ဘိုင်းခနဲလဲကျကာသာ ကျန်ရစ်ခဲ့ပါတော့သည်။

ထို့နောက်ဆက်တိုက်ဟု ဆိုရလောက်အောင် သဏ္ဍန်မျိုးစုံ, အကောင်မျိုးစုံကို နာကျင်စွာ မျက်ကွယ်ပြုရင်း ဆက်လျှောက်လာခဲ့လိုက်ပါတော့သည်။

မောင်ရင့်အရိပ်အယောင်ကိုမူ မမြင်ရသေးပါချေ၊ ရက်ကား ၃၀ ကျော်နေပြီဖြစ်၏။

#သုတဈာန် #သာလွန်ပညာရှင်

#ပရလောက #ဇာတ်ဆရာ၏ပုံပြင်များ

ကောင်းကျိုးလိုရာဆန္ဒတွေ

လုံးဝပြည့်စုံကြပါစေသော်

All Chapters