ရင်းနှီးမှုရယူခြင်း
Vol. 012 Ch. 1129
နန်းတွင်းအကြံပေး၏ တတိယ တပည့်ဖြစ်သော မုချွန်းယန်သည် နန်ကျိုင်းနှင့် လုံးဝ ကွဲပြားခြားနားသော စိတ်နေသဘောထားရှိသူ ဖြစ်သည်။ သူ့ပခုံးပေါ်သို့ ဆံပင်များဝဲကျနေပြီး သေသပ်စွာ ဖြတ်တောက် ထားသည်။
ရီဖူရှင်း ရောက်သွားသောအခါ သူကား တည်ငြိမ်စွာ လေ့ကျင့်နေသည်။ ရီဖူရှင်းက ဘေးတွင် ရပ်ကာ ငြိမ်သက်တိတ်ဆိတ်စွာ စောင့်နေခဲ့၏။
မုချွန်းယန်ကား ရှန့်ထိုတတိယအဆင့်တွင် ရှိသူဖြစ်သည်။ တာလီပြည်ထောင်တွင် ထိုအဆင့်၌ရှိသူမှာ လက်ချိုးရေ၍ရရာ သူမည်မျှ အားကောင်းသည်ကို သိနိုင်ပေသည်။
နန်ကျိုင်းသည်ပင် သူ့ထက် အဆင့်နိမ့်ပေသည်။
အတန်ကြာလျှင် မုချွန်းယန်က မျက်လုံးကို မှိတ်ကာ ရီဖူရှင်းကို ပြောသည် … “ညီလေး”
“အစ်ကို၃ … ကျွန်တော်က အစ်ကို၂ဆီက ရှန့်ထိုနဲ့ ပတ်သက်တာတွေ မေးမြန်းပြီးတော့ အခုပဲ လာခဲ့တာ။ ကျွန်တော်က ဒီကို ရှန့်ထိုအသိကို လက်တွေ့ ခံစားကြည့်ချင်လို့ ရောက်လာခဲ့တာပါ” ရီဖူရှင်းက ပြောသည်။ ရန်ယွင်က သူ့အား ဤသို့လုပ်ရန် ပြောခဲ့ဖူး၏။ သူ့တွင် ထိုသို့ ခိုင်းသည့် အကြောင်းအရင်း ရှိရပေမည်။
အစ်ကို အကြီးအဆုံးဖြစ်သော ရန်ယွင်သည် နန်းတွင်း အကြံပေးပြီးလျှင် အမြင့်မားဆုံးသော အဆင့်အတန်းအား ပိုင်ဆိုင်သူဖြစ်ကြောင်း သူသတိပြုမိပေသည်။
“အင်း ...” မုချွန်ယန်က ခေါင်းညိတ်သည် … “မင်းရဲ့ အစ်ကို၂က တကယ်ပဲ လွတ်လပ် အေးဆေးတယ်။ တကယ်တမ်းမှာတော့ သူက ရှန့်ထိုအဆင့်နဲ့ ပတ်သက်တာတွေကို ပိုပြီး သိနားလည်တဲ့သူ ဖြစ်တယ်”
“အစ်ကို၂က တကယ်ပဲ မိမိကိုယ်ကို နားလည်ခြင်းအဆင့် (ရှန့်ထိုဒုတိယအဆင့်)မှာပဲ ရှိတာလား” ရီဖူရှင်းက မေးသည်။
နန်ကျိုင်းသည် လွတ်လပ် အေးဆေးသော်လည်း သူ၏စိတ်နှလုံးကား ပိုမို၍ ကောင်းမွန်သော အဆင့်၌ ရှိရပေမည်။ ရှန့်ထိုအဆင့်ကား စိတ်နှလုံး ရင့်သန်ခြင်းနှင့် ပိုမို၍ သက်ဆိုင်ပေသည်။ သူက ပါရမီနည်း၍သာ ရှန့်ထိုဒုတိယ အဆင့်၌ ပိတ်မိနေသည်များလား။
“သူက တကယ်ပဲ ရှန့်ထိုဒုတိယ အဆင့်မှာပါပဲ။ ဒါပေမဲ့ အစ်ကို၂ဟာ လေ့ကျင့်ရာမှာ နှေးကွေးပြီးတော့ ပါရမီနည်းတယ်ဆိုပေမဲ့ ငါတို့အကြားမှာတော့ သူ့အသိပညာက အကြွယ်ဝဆုံးပဲ။ ငါတို့အကြားမှာ တစ်စုံတစ်ခုကို တစ်ရက်တည်းနဲ့ ညာဏ်အလင်း ရနိုင်တဲ့သူကို ပြပါဆိုရင် အစ်ကိုနန်ကျိုင်းပဲ ရှိတယ်။ သူက ငါတို့ထက် ပိုမြန်မြန်တောင်မှ အဆင့်တက်ရင် တက်သွား နိုင်လောက်တယ်။ တစ်ခါတလေ ငါတို့ကိုယ်တိုင်က အစ်ကိုနန်ကျိုင်းဆီမှာ သင်ယူလေ့လာ ကြရတယ်” မုချွန်ယန်က ပြောသည်။ သူက နန်ကျိုင်းထက် တန်ခိုး အဆင့်မြင့်သော်လည်း မုချွန်ယန်က သူ၏အစ်ကို၂အား အလွန် လေးစားဟန်ရှိသည်။
“ဒီလိုကိုး …” ရီဖူရှင်းက ခေါင်းညိတ်သည်။
သူကား တာလီပြည်ထောင်သို့ လာရောက်ခြင်းမှာ လက်စားချေခြင်းနှင့် လေ့ကျင့်ခြင်းတို့အတွက် ဖြစ်သည်။ ယခု သူက လီယောင်အား မသတ်ဖြတ်နိုင်လျှင်ပင် သူ့အတွက် အလွန်ကျိုးရှိနေပြီဟု ခံစားရသည်။
သို့သော်လည်း ရီဖူရှင်းက နန်းတွင်းအကြံပေးနှင့် ထိတွေ့ခဲ့သည့် အချိန်မှာ တိုတောင်းသော်လည်း သူ့အပေါ် အနှုတ်သဘောဆောင်သော အမြင်များအားလုံးမှာ ပျက်ပြယ်ခဲ့ပြီဟု ခံစားရသည်။
အင်ပါယာရှားဘုံ အတွင်း၌ ရှိစဉ်က သူသိသော နန်းတွင်းအကြံပေးမှာ တကယ်တမ်း လက်တွေ့အားဖြင့် အလွန် ကွာခြားနေသည်။
“မင်းက ရှန့်ထိုအသိကို ခံစားကြည့်ချင်တယ် ဆိုတော့ အခု အဆင်သင့်ဖြစ်ပြီလား” မုချွန်းယန်က မေးသည်။
ရီဖူရှင်းက လေးနက်စွာ ခေါင်းညိတ်သည် … “ကျွန်တော် အဆင်သင့်ဖြစ်ပြီ”
မုချွန်ယန်၏အမူအရာက အနည်းငယ် ပြောင်းလဲသွားကာ အလွန်တရာ ထက်ရှသော အရှိန်အဝါတစ်ခု ဖြစ်လာသည်။ ထိုအခိုက်တွင် ရီဖူရှင်းသည် အနီးတစ်ဝိုက်မှ အရာခပ်သိမ်းမှာ ပြောင်းလဲသွားသည်ဟု ခံစားရ၏။ ဓားကောက်အသိသည် ပတ်ဝန်းကျင် တစ်ခုလုံးအား ဖိအားပေးလာပြီး သူသည် ဓားကောက် များစွာတို့ဖြင့် ရစ်ပတ်ခြင်း ခံရသည်ဟု ထင်လာရသည်။
သူ၏အဝတ်အစားများသည် တဖျပ်ဖျပ် လွင့်နေသော်လည်း ရီဖူရှင်းကား သက်သာခြင်း မရှိပါ။ ဓားကောက်အသိသည် သူ့ထံသို့ မိုးစက်များပမာ ကျဆင်းလာခဲ့ကာ ကြီးမားစွာ ဖိအားပေးသည်။
ရီဖူရှင်းကား အသက်ပင် ကောင်းကောင်းရှူ၍ မရတော့ပေ။ ဓားကောက်အသိသည် တဖြည်းဖြည်း အားကောင်းလာခဲ့ကာ တစ်လောကလုံးသည် ဓားကောက်များဖြင့် ပြည့်နှက်လာခဲ့သည်ဟု သူခံစားရသည်။ မမြင်ရသော ဓားကောင်များ သူ့အနီးတွင် မွေးဖွားလာခဲ့ကာ ပြင်းထန်စွာ လှည့်ပတ်ကြ၏။ ထိုမျှကြီးမားသော စွမ်းအားအောက်တွင် ရီဖူရှင်းသည် မိမိကိုယ်ကို အလွန်တရာ သေးငယ်သည်ဟု ခံစားရ၏။
သို့သော်လည်း မုချွန်းယန်ကား တစ်ချိန်လုံး မူလနေရာတွင်ထိုင်ကာ ငြိမ်သက် တိတ်ဆိတ်နေခဲ့သည်။
ထိုအချိန်တွင် သူက လက်ကို ရှေ့သို့ ဆန့်တင်းလိုက်လျှင် ပတ်ဝန်းကျင် တစ်ခုလုံးမှ ဓားအသိများသည် သူ၏လက်ဖြင့် ထိန်းချုပ်ထားခြင်း ဖြစ်ကြောင်း ရီဖူရှင်း ခံစားရသည်။ သူကား လက်ဆန့်တန်း လိုက်ရုံမျှဖြင့် ထိုနေရာတစ်ခုလုံးမှ ဓားအသိများ အားလုံးကို သူက ဆုပ်ကိုင်သွား၏။
“တစ်စုံတစ်ယောက်က ရှန့်ထိုဖြစ်လာခဲ့ရင် သူတို့ဟာ စကြဝဠာနဲ့ တစ်သားတည်း ဖြစ်သွားတယ်။ လမ်းစဉ်ဟာ သဘာဝဖြစ်ပြီးတော့ လူဟာ လမ်းစဉ်ဖြစ်လာပြီး ကောင်းကင်နှင့်မြေပြင်ကို စိုးမိုးတယ်” မုချွန်းယန်က ပြောသည်။ သူက လက်ကို ဆတ်ခနဲ လှုပ်လိုက်သည်တွင် ပြင်းထန်သော ဓားအသိသည် အစအနမကျန် ပျောက်ကွယ် သွားသည်။
ဟူး …
ထိုအခါမှ ရီဖူရှင်းက သက်ပြင်းချနိုင်သည်။ သူကား စက္ကန့်ပိုင်းမျှ ငရဲအတွင်းသို့ ကျရောက်ခဲ့သည်ဟု ခံစားရသည်။
ရှန့်ထိုအဆင့်ကား လူသားတို့၏ အနှောင်အဖွဲ့မှ လွတ်ကင်းခြင်း ဖြစ်သည်။ သူတို့၏စိတ်နှလုံးသည် လောကအပြင်ဘက်သို့အထိ လျှောက်လှမ်းနိုင်သော ရင့်သန်မှုပါရမီအား လက်ခံရရှိသည်။
“ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို” ရီဖူရှင်းက ပြောသည်။ မုချွန်းယန်၏ ဓားကောက်အသိသည် အလွန်တရာ အားကောင်းကာ သူ့အား တိုက်ရိုက် အကျိုးပြုပေသည်။
“အင်း …” မုချွန်းယန်က ခေါင်းညိတ်သည် … “ရှီတစ်ယောက်က ရှန့်ထိုဖြစ်တာက သဘာဝအတိုင်း ဖြစ်လာမဲ့ကိစ္စပဲ။ ဒါက တစ်နေ့တည်းနဲ့ ဖြစ်လာမဲ့အရာ မဟုတ်သလို အရမ်းကြိုးစားလို့လည်း ဖြစ်လာတာမျိုး မဟုတ်ဘူး။ မင်းက ကိုယ် ကျွမ်းကျင်ပိုင်နိုင်တဲ့ အရာမှာ ပိုမိုနက်ရှိုင်းတဲ့ သိမြင်နားလည်မှု ရှိခြင်းကပဲ ပိုနီးစပ်စေနိုင်တယ်။ မင်းက ရှန့်ထိုတစ်ဝက် ဖြစ်နေပြီဖြစ်လို့ ဒီအတိုင်း ရိုးရိုးလေ့ကျင့်တာက သိပ်အကူအညီ မဖြစ်တော့ဘူး”
ရီဖူရှင်းက ခေါင်းညိတ်သည်။ ထိုအရာကပင် ကျင့်ကြံခြင်း ဖြစ်သည်။ တစ်စုံတစ်ယောက်က အတွေ့အကြုံရသည်၊ မြင်သည်၊ ကြားသည် ဆိုလျှင်ပင် ထိုသူသည် ထိုနေရာသို့ ရောက်ရန် မလွယ်ကူပေ။
ရှန့်ထိုအဆင့်သို့ မတက်လှမ်းနိုင်ဘဲ ရပ်တန့်နေကြရသော တန်ခိုးရှင်များမှာလည်း မရေမတွက်နိုင်အောင် များပြားကြသည် မဟုတ်ပါလော။
ရီဖူရှင်းသည် အဆင့်မြင့် လောကဓာတ်များစွာကို နားလည် ဆင်ခြင်နိုင်ခြင်းက သူ၏မြင့်မားသော ပါရမီကြောင့်ဖြစ်သည်။ သို့သော်လည်း သူ့စိတ်နှလုံးရင့်သန်ရန် စစ်မှန်သော အတွေ့အကြုံ မရှိပေ။ ပြည်နယ်ကိုးခုမှ မရေမတွက်နိုင်သော တန်ခိုးရှင်များမှာလည်း ထိုအဆင့်၌ ရပ်တန့်နေခဲ့ကြရသည်။
“ကျွန်တော် သွားလိုက်ပါဦးမယ် … စီနီယာအစ်ကို။ နောက်ပိုင်း ဆင်ခြင်နားလည်ဖို့ လိုတော့မှ ထပ်လာပါတော့မယ်” ရီဖူရှင်းက ပြောသည်။
“အချိန်မရွေး လာခဲ့ပါ” မုချွန်းယန်က ပြောလျှင် ရီဖူရှင်းက ခေါင်းညိတ်ကာ ထွက်သွားသည်။
သူက တာလီနန်းတွင်း အကြံပေး၏တပည့် ဖြစ်လာမှတော့ သည်အတိုင်း အလိုက်သင့် လေ့ကျင့်သွားရန်သာ ရှိတော့သည်။ လီယောင်ကို သတ်ဖြတ်ရန်မူကား အရေးအကြီးဆုံး ဖြစ်သော်လည်း သူ စိတ်ရှိတိုင်း သတ်၍ ရသော ကိစ္စမဟုတ်ပေ။
သူက နန်းတွင်းအကြံပေး၏ လက်အောက်တွင် လေ့ကျင့်နေပါက တစ်နေ့တွင် အခွင့်အရေး ရရှိမည်မှာ သေချာ၏။
တစ်နေ့တွင် လီယောင်သည် တာလီကျောင်းတော်သို့ ရောက်လာခဲ့သည်။
ရီဖူရှင်းက လီယောင်အား တာလီကျောင်းတော်၌ တွေ့ဆုံ၏။
“သတ္တမဓား …” လီယောင်က ခေါ်သည်။
“အရှင့်သားမှာ ပြောစရာ ရှိပါသလား” ရီဖူရှင်းက သူ့ထံသို့ လျှောက်သွားကာ မေးသည်။ အကြီးမားဆုံး ရန်သူနှင့် စကားပြောနေရသည့်တိုင် ရီဖူရှင်း၏လေသံကား တည်ငြိမ်ကာ ခံစားချက် ကင်းမဲ့ပေသည်။
“အင်း …” လီယောင်က ပြုံးလျက်ပြောသည် … “မင်းက ကျားယဲ့ဓားပညာကို မှတ်မိသေးလား”
“မှတ်မိတာပေါ့” ရီဖူရှင်းက ပြောသည်။ သတ္တမဓားနှင့် တိဟောက်တို့ နှစ်ယောက်လုံးက ကျားယဲ့ဓားပညာကို အသုံးပြုခဲ့ကြကာ ထိုဓားပညာသည် အမှန် ကောင်းမွန်ပေသည်။
“ဘုရင်ထန်တောက်က သူ့လူတွေနဲ့ ကျားယဲ့ဓားပညာကို နန်းတော်သို့ ပို့လိုက်တယ်။ ကျုပ်က အဲဒါကို ကူးပြီးတော့ တာလီကျောင်းတော် စာကြည့်တိုက်ရဲ့ အမြင့်ဆုံးအလွှာမှာ လာထားတာ။ မင်းဟာလည်း လေဟနယ်ဓားကို ကျွမ်းကျင်လို့ ကျားယဲ့ဓားပညာကို လေ့ကျင့်နိုင်တယ်။ ဒါက မင်းရဲ့ဓားပညာကို အများကြီး အထောက်အကူ ဖြစ်မှာပဲ” လီယောင်က ပြုံးလျက်ပြောသည်။
အင်ပါယာလီသည် တာလီပြည်ထောင်အား အုပ်ချုပ်သူဖြစ်သည်။ ဘုရင်ထန်တောက်သည် အင်ပါယာလီ၏ အစ်ကိုဖြစ်၏။ သူက ပျောက်ဆုံးနေသော ကျားယဲ့ဓားပညာကို ရရှိခဲ့ကာ တိဟောက်နှင့် အပြစ်ခုနစ်ပါးတို့က လူအများရှေ့တွင် အသုံးပြုခဲ့ကြသည်။ ထို့ကြောင့် သူက နန်းတွင်းသို့ တစ်စုံကူးကာ ပို့လိုက်ခြင်း ဖြစ်သည်။
သို့သော်လည်း လီယောင်က ထိုပညာရပ်အား တာလီကျောင်းတော်သို့ ယူလာခဲ့သည်။ ဘုရင်ထန်တောက်သာ ထိုကိစ္စကို သိသွားပါက သူ မည်သို့ခံစားရမည်ကို ခန့်မှန်းနိုင်ပေသည်။
သို့သော်လည်း ဘုရင်ထန်တောက်၏ အပြုအမူမှာ ခန့်မှန်းရ လွယ်ကူပေသည်။ တာလီကျောင်းတော်သည် များစွာသော ကျင့်ကြံခြင်း အထောက်အပံ့များအား ရရှိသည့်အတွက် တောက်လီတောင်မှ တန်ခိုးရှင်များမှာ အမြဲတမ်းအားဖြင့် မကျေမနပ် ဖြစ်ခဲ့ကြ၏။
လီယောင်သည်ကား မူလကတည်းက နန်းတွင်းအကြံပေး၏ အမည်ခံတပည့်ဖြစ်သည်။ ယွင်ကျင်းသည် နတ္ထိဘုံတိုက်ပွဲ၌ သေဆုံးခဲ့ကာ ထိုအတွက် လီယောင်သည်လည်း အနည်းနှင့်အများ တာဝန်ရှိပေသည်။ သည်ကဲ့သို့သော အခြေအနေတွင် သူက နန်းတွင်းအကြံပေး၏ လူများနှင့် ပိုမိုနီးကပ်အောင် သူက ကြိုးစားရပေသည်။
သူသည် ယွင်ကျင်းနှင့် အလွန် ကောင်းမွန်သော ဆက်ဆံရေးအား တည်ဆောက် ထားနိုင်ခဲ့၏။ ရီဖူရှင်းက လက်ရှိ မျိုးဆက်တွင် တပည့်အသစ်ဖြစ်ရာ သူကလည်း ရီဖူရှင်းနှင့် ပိုမိုရင်းနှီးအောင် ကြိုးစားရန် သင့်သည်ဟု ထင်မြင်ဟန်ရသည်။
“ကျေးဇူးတင်ပါတယ် … အရှင့်သား” ရီဖူရှင်းက ပြောသည်။
“ကောင်းပြီ … စာကြည်တိုက်ထဲက လေ့ကျင့်ရေးကွင်းသို့ အရင် သွားရအောင်။ ငါတို့က ကျားယဲ့ဓားပညာ ဘယ်လိုဆိုတာ ကြည့်လိုရတာပေါ့” လီယောင်က ရီဖူရှင်း၏လက်ကို ဆွဲကာ မိတ်ဆွေရင်းချာများ အလား ခေါ်သွားသည်။ သူကား မင်းသားတစ်ပါးနှင့်ပင် မတူတော့။
ရီဖူရှင်းက သူ၏လက်ကို တစ်ချက်ကြည့်ကာ လီယောင်နှင့်အတူ လိုက်ပါသွားသည်။ လီယောင်သာ ပြည်နယ်ကိုးခု၌ဘာမှ မလုပ်ခဲ့ပါက သတ္တမဓားသည် သူနှင့်အမှန်တကယ် မိတ်ဆွေများ ဖြစ်သွား နိုင်လောက်ပေသည်။
သို့သော်လည်း အချို့သော ကိစ္စရပ်များသည် ရှောင်လွှဲ၍ မရပေ။ သူနှင့် လီယောင်တို့သည် မဟာရန်သူများဖြစ်ကာ နှစ်ဦးထဲမှ တစ်ဦးသာ အသက်ရှင်ရပေမည်။
လီယောင်က ရီဖူရှင်းအပေါ် သတ်လိုသော ဆန္ဒမှာ ရီဖူရှင်းထက် မနည်းပေ။
ရီဖူရှင်းသည် ဓားအသိများ ရစ်ပတ်လျက် လေ့ကျင့်ရေး ကွင်းထဲတွင် တင်ပျဉ်ခွေ ထိုင်နေသည်။
ကျားယဲ့ဓားသည် သီးခြားဓား အသိတစ်ခုကို ထိန်းချုပ်ကာ ရုပ်ခန္ဓာအဖြစ် ဖွဲ့စည်းစေလျက် အဆင့်မြင့် လောကဓတ်ဖြင့် ပေါင်းစပ်ကာ ပြီးပြည့်စုံသော ဓားချက်အား ထုတ်လွှတ်ခြင်းဖြစ်သည်။
ရီဖူရှင်းသည် ကျားယဲ့ဓားပညာကို လေ့ကျင့်ရန် ပြည့်စုံသော အခြေခံ လိုအပ်ချက်များ ရှိကာ သူကိုယ်တိုင်က ဓားသမားဖြစ်၏။ သူ့အတွက် သည်ဓားပညာကို ဆင်ခြင်လေ့လာခြင်းက အချိန်သိပ်မကြာဘဲ နားလည်စေခဲ့၏။ ယခုသူ့အနီးတွင် သစ်ရွက်သဏ္ဌာန် ဓားအသိများသည် ကြီးမားသော စွမ်းအားများနှင့်အတူ ရစ်ပတ်နေကြသည်။
“သွား …” ရီဖူရှင်းက လက်ဆန့်တန်း လိုက်သည်။ သူက ကျားယဲ့ဓားကို ဖန်ဆင်းကာ လေထဲသို့ စေလွှတ်လိုက်ခြင်း ဖြစ်သည်။ ဓားအသိသည် ဓားကိုယ်ထည်အဖြစ် ဖွဲ့စည်းဖြစ်ပေါ်လာပြီး လေထဲတွင် လှည့်ပတ်သည်။
“အရမ်းကောင်းတယ်” လီယောင်က ချီးကျူးသည်။ ကျားယဲ့ဓားသည် လေထဲတွင် လှပစွာ ပျံသန်းနေ၏။
ထိုအခိုက်တွင် ဓားသည် အလင်းတန်း အသွင်ဖြင့် လေထုကို ခွင်းကာ သူ့ထံသို့ ဦးတည်လာခဲ့သည်။
လီယောင်သည် တစ်ကိုယ်လုံး တုန်လှုပ် ချောက်ချားသွားသလို ခံစားရ၏။
ဝုန်း …
ဓားသည် လီယောင်၏ရှေ့တွင် ပေါ်လာခဲ့ကာ သူ၏လည်ပင်းအား ထွင်းဖောက်သွားရန် လက်မ အနည်းငယ်မျှသာ လိုတော့သည်။ ဓားက လည်ပင်းအား ထွင်းဖောက်သွားရန်မှာ ရီဖူရှင်း၏ အတွေးတစ်ချက်မျှသာ လိုတော့ပေသည်။
လီယောင်၏အမူအရာက လေးနက်သွားသည်။ စက္ကန့်ပိုင်းမျှ သူသည် ကြီးစွာ စိတ်လှုပ်ရှား သွားခဲ့၏။ ဓားက သူ့ရှေ့တွင်သာ ရပ်တန့်နေခဲ့သည်ကို မြင်မှ မချိပြုံးပြုံးကာ စိတ်အေး သွားရသည်။ ထို့နောက် ဓားသည် နောက်သို့ ပြန်လှည့်ကာ လေထဲလှည့်ပတ် ပျံသန်းသွားသည်။
“အရှင့်သား … ကျွန်တော်က ကျားရဲ့ဓားကို ထိန်းချုပ်တာ ဘယ်လောက် ကောင်းကြောင်း အရှင့်သားကို ပြတာပါ။ ကျုပ်ကို ခွင့်လွှတ်ပေးပါ” ရီဖူရှင်းက ပြောသော်လည်း သူ၏လေသံက သတ္တမဓား၏ သဘာဝအတိုင်း တောင်းပန်ဟန်များ သိပ်မရှိပေ။ ထိုအခိုက်၌ သူသည် ဓားအား လီယောင်၏လည်ပင်းအတွင်းသို့ ထွင်းဖောက် သွားစေလိုခဲ့၏။
သို့သော်လည်း သူ၏ဆန္ဒအား အတင်း ချိုးနှိမ်ခဲ့ပေသည်။
သူက သတ္တမဓား၏ ဇာတ်ရုပ်ကိုသာ ကောင်းကောင်း သရုပ်ဆောင်နေခြင်း ဖြစ်သော်လည်း လီယောင်က ဦးစွာ သူနှင့်နီးကပ်အောင် ကြိုးစားမည်ဟု မထင်ထားခဲ့။ သည်နည်းဖြင့် သူ၏ အကြံအောင်မြင်ရန်ကား သိပ်မဝေးတော့။
သူက သည်နေရာတွင် လီယောင်ကို သတ်ဖြတ်နိုင်သော်လည်း အကယ်၍ သူသာ ထိုသို့လုပ်ခဲ့ပါက ရီဖူရှင်းသည်လည်း လွတ်မြောက်မည် မဟုတ်ပေ။
“ကိစ္စမရှိပါဘူး” လီယောင်က ပြုံးလျက်ပြောသည် … “ဓားက တကယ်ပဲ မြန်တယ်။ ဒါက သတ္တမဓားရဲ့ အရည်အချင်းကို လှစ်ဟပြနေတာပဲ”
“အရှင့်ဓား … ကျားယဲ့ဓားဟာ အရမ်းကောင်းမွန်တဲ့ ဓားထိန်းချုပ်မှုကို လိုအပ်ပါတယ်။ ဒါပေမဲ့ ဓားအရေအတွက် များလာရင်တော့ ထိန်းချုပ်တာက ဒီလောက် မလွယ်တော့ပါဘူး” ရီဖူရှင်းက ပြောသည်။
“ဒါပေမဲ့ မင်းရဲ့ပါရမီနဲ့ဆိုရင် ဒါက အချိန်တိုအတွင်း အောင်မြင်မည့်အရာလို့ ငါထင်တယ်” လီယောင်က ပြောသည်။
ထို့နောက်တွင် ရီဖူရှင်းက အချိန်အနည်းငယ်ကြာ ထပ်လေ့ကျင့်သည်။ သူက ကျားယဲ့ဓားကို ထိန်းချုပ်ခြင်း၌ ပိုမိုကောင်းမွန်လာတော့မှ လီယောင်နှင့်တူ ထွက်သွားခဲ့သည်။
အကယ်၍ လီယောင်သည် သူက ရီဖူရှင်းအား လေ့ကျင့်ရာတွင် ကူညီမိနေကြောင်း အမှန်ကို သိသွားပါက သူမည်သို့ခံစားရမည်ကို တွေးကြည့်နိုင်ပေသည်။
***