← Chapters

အခန်း (၁၆)

Vol. 2 Ch. 16

အခန်း (၁၆)

Vol. 2 Ch. 16

ထိုမြင်ကွင်းကို မြင်လိုက်ရသော ကီချုံရှန်ကလည်း ရဲတိုက်သခင်၏ မျက်နှာအမူအယာကဲ့သို့ ဖြစ်နေခဲ့သည်။ သူ၏ မျက်နှာက အေးစက်သွားသလို ခံစားလိုက်ရပြီး မျက်လုံးသူငယ်အိမ်ကလည်း အပ်တစ်ချောင်း၏ အရွယ်အစားခန့်ထိ သေးငယ်သွားခဲ့သည်။ သူကိုယ်တိုင်ကလည်း ရဲတိုက်သခင်ကဲ့သို့ မယုံကြည်နိုင်သလို တီတိုးရေရွတ်နေမိခဲ့၏။

"ငါက ဘယ်လိုအရာမျိုးကို မြင်ခဲ့ရတာလဲ ...။ ငါက ဘာကို မြင်ခဲ့ရတာလဲ ...။ဒါက နတ်ဘုရားတစ်ပါးထက်တောင် ပိုပြီးတော့ အံ့ဩစရာကောင်းတယ် မဟုတ်လား ...."

သူက စိတ်ထဲတွင် ကျယ်လောင်စွာ ပြောနေမိသည်။

အပြင်ဘက်တွင် ရှိနေသော တခြားပညာရှင်များကလည်း ထိုသို့စဉ်းစားနေကြ၏။ သူတို့မြင်လိုက်ရသော ဓားအလင်းတန်းက ကောင်းကင်ပေါ်မှ ဆင်းသက်လာသော သိမ်းငှက်တစ်ကောင် သို့မဟုတ် လက်သည်းများနှင့် ကုတ်ချီလာသော နဂါးတစ်ကောင်ကဲ့သို့ ထင်မှတ်ရသည်။

မည်သူကမျှ ဓားချက်ကို သေချာမမြင်လိုက်ရသော်လည်း စွမ်းအားကိုတော့ ခံစားမိနေကြ၏။ သူတို့အားလုံးက ဓား၏လှုပ်ရှားမှုများ အားလုံးကို စဉ်းစားကြည့်လိုက်ပြီး အလွန်တောက်ပသည့် အလင်းရောင်ကိုသာ မှတ်မိနေကြသည်။

ထိုဓားက သူတို့၏နှလုံးသားကို တည့်တည့်ထိုးလိုက်သလို ခံစားနေကြရ၏။ ထိုအရာက စကြဝဠာတစ်ခွင်လုံးတွင် အထူးခြားဆုံး လှုပ်ရှားမှုတစ်ခုဟုပင် ခံစားမိခဲ့၏။

ထိုအချိန်တွင် ကီချုံရှန်၏ ခေါင်းထဲတွင်တော့ အတွေးတစ်ခု ပေါ်လာခဲ့သည်။

"အပြင်ကောင်းကင်နတ်ဘုရားဓား ....

အခုတော့ ငါနားလည်သွားပြီ ....။ ဒီလိုဓားသိုင်း ပညာမျိုးကို အပြင်ကောင်းကင်နတ်ဘုရားဓားလို့ ခေါ်တာ အံ့ဩစရာတော့ မရှိပါဘူး ...."

တစ်ချိန်တည်းတွင် ရင်ဟွမ်ရဲတိုက်သခင် သေဆုံးသွားသည့်အတွက် အနက်ဝတ်လူများက အဆိပ်မှော်သားရဲများအဖြစ် ပြောင်းလဲသွားပြီး ပို၍ပင် ရူးသွပ်လာကြသည်။ သူတို့၏ ခန္ဓာကိုယ်ကလည်း ပို၍လျင်မြန်သော အရှိန်နှင့် ပျက်စီးလာကြသည်။

မည်သူကမျှ လက်ရှိ အခြေအနေကို မထိန်းချုပ်နိုင်သည့်အတွက် အရာအားလုံးက ရှုပ်ထွေးနေခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက သိုင်းလောကကို ရောက်လာသော ပညာရှင်တစ်ယောက် ဖြစ်သည့် ကီချုံရှန်ကတော့ ချက်ချင်း လှုပ်ရှားလိုက်သည်။ သူက ကျယ်လောင်စွာ အော်ပြောလိုက်၏။

"မကောင်းဆိုးဝါးက ရှုံးသွားပြီ ....။ အဆိပ်မြူခိုးတွေက ငါတို့ရဲ့စွမ်းအားတွေကို ယူသွားနိုင်တယ် ..။ တကယ်လို့ ငါတို့ကသာ ဒီအဆိပ်မှော်သားရဲကို မြန်မြန်သတ်နိုင်ခဲ့မယ်ဆိုရင် ငါတို့အားလုံး အဆင်ပြေတယ် ....။ ညီအစ်ကိုတို့ .. ငါက မင်းတို့ကို ကူညီပေးမယ် ..."

သူ၏ မိတ်ဆွေများကို အားပေးလိုက်ပြီးနောက် သူက လျင်မြန်စွာ ပြေးထွက်လာပြီး သူ၏ သံယပ်တောင်နှင့် အနက်ဝတ်လူတစ်ယောက်ကို တိုက်ခိုက်လိုက်သည်။ သူက ပို၍ များပြားသော စွမ်းအားများ မဆုံးရှုံးသေးခင် တိုက်ပွဲကို အဆုံးသတ်ချင်နေပုံ ရသည်။

တစ်ဖက်တွင်တော့ မုန့်ချီက အလွန်ကြီးကျယ်ခမ်းနားသော အသံတစ်ခုကို ကြားလိုက်ရ၏။

"ရင်ဟွမ်ရဲတိုက်သခင်ကို သတ်ပြီးသွားပြီ။ အဓိကတာဝန် ပြီးဆုံးသွားပြီ။ လူတိုင်းက ကံကြမ္မာအမှတ်(၅၀)ဆီရမယ် ....။ အခု မင်းတို့တွေအားလုံး ပြန်လာသင့်ပြီ ...

တခဏအတွင်း မုန့်ချီတို့အားလုံးက‌ အမှောင်ထုကြီးကို မြင်လိုက်ရပြီး သူတို့၏ ပတ်ပတ်လည်တွင် တိတ်ဆိတ်နေသည့်အတွက် ထူးခြားသည့် ခံစားမှုတစ်ခု ပေါ်လာခဲ့သည်။

ထို့နောက် သူတို့၏ မျက်လုံးထဲတွင် အ‌ဖြူရောင် အလင်းတန်းတစ်ခု ပေါ်လာပြီး ယခင်တုန်းက ရောက်ခဲ့သော စကျင်ကျောက်ခင်းထားသည့် မြေကွက်လပ်ထဲကို ပြန်ရောက်လာခဲ့သည်။

"ငါတို့က ထင်ထားတဲ့အတိုင်း ချက်ချင်း ပြန်ရောက်လာခဲ့တာပဲ ...."

မုန့်ချီက ဝမ်းသာသွားသလို ခံစားလိုက်ရသည်။ ဤကဲ့သို့ သံသရာလောကကြီးနှင့် ရင်းနှီးနေသည်မှာ သူ၏အားသာချက်အနည်းငယ်ထဲမှ တစ်ခု ဖြစ်နေခဲ့၏။ သူက သိုင်းပညာအကြောင်း အနည်းငယ်သာ သိသော်လည်း သူ၏အဖော်များနှင့် ရင်ဆိုင်ရသည့် အချိန်တွင် ထိုအချက်ကြောင့် နိမ့်ကျနေသည်ဟု မခံစားရတော့ပေ။

"တာဝန်ပြီးသွားပြီ ....။ မင်းတို့တွေက အခမဲ့ကုသခွင့်ရမယ် ...."

ထိုအချိန်တွင် အဖြူရောင်အလင်းတန်းများက မုန့်ချီ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာပြီး တစ်ကိုယ်လုံး သက်တောင့်သက်သာ ရှိသလို ခံစားနေရသည်။ သူက ရေပူစမ်းထဲတွင် ရေချိုးနေရသလို ခံစားနေရ၏။ ပင်ပန်းနွမ်းနယ်မှုများ အားလုံးက ပျောက်ကွယ်သွားသည်။သူ့ဆီတွင် တက်ကြွမှုများ၊ စွမ်းအားများသာ ပြည့်နှက်လာခဲ့၏။

"ငါ့ရဲ့ဒဏ်ရာတွေက ဒီလောက်မြန်မြန်ပြန်ကောင်းသွားတာလား ...."

ချီရှက အံ့ဩနေခဲ့သည်။ သူမက အဖြူရောင်အလင်းတန်းထဲတွင် ရှိနေသည့်အချိန်၌ ဆိုးဆိုးဝါးဝါး ဒဏ်ရာရနေသော ဘယ်ဘက်ပုခုံးက အလွန်လျင်မြန်သော အရှိန်နှင့် ပြန်ကောင်းလာခဲ့သည်။ စက္ကန့်အနည်းငယ်အတွင်း သူမက လုံးဝကို ပြန်ကောင်းသွားခဲ့၏။

ကျန်းကျိဝေကလည်း အလင်းတန်းထဲတွင် မတ်တပ်ရပ်လိုက်ပြီး အတော်လေးကို အံ့ဩနေသည့်အမူအယာနှင့် ပြောလိုက်သည်။

"ငါလည်း အကုန်လုံး ပြန်ကောင်းသွားပြီ ....။ ရှောင်လင်က ကုသဆေးကတောင် ဒီလောက်ထိ အကျိုးအာနိသင်ရှိမယ်လို့ မထင်ဘူး ...။ ဓမ္မကာရအဆင့်ကို ရောက်နေတဲ့ နတ်ဘုရားတစ်ပါး ဒါမှမဟုတ် နတ်ဘုရားမတစ်ပါးကပဲ ဒီလိုဒဏ်ရာမျိုးကို ဒီလောက်မြန်မြန် ကုသပေးနိုင်တယ် ...."

ကျန်းယွင်ရှန်က သူ၏ဒဏ်ရာများကို စစ်ဆေးကြည့်လိုက်ရာ အဆိပ်မြူများကြောင့် အသက်ရှူရခက်နေသည့် အရာများလည်း ပျောက်ကွယ်သွားကြောင်း နားလည်သွားသည်။

"ငါတို့က အဲဒီလို ပညာရှင်တစ်ယောက်ရဲ့ တိုက်ပွဲမျိုးကို တွေ့ခွင့်မရတာ ကံဆိုးတာပဲ.။ ဒါကြောင့် ငါက နှိုင်းယှဉ်လို့ မရနိုင်ဘူး ..."

မုန့်ချီကတော့ ရွှမ်ရှင်းဆီမှနေ၍ လက်ရှိသိုင်းလောက၌ ရှိနေသော ဂိုဏ်းကြီးများထဲတွင် ဓမ္မကာရအဆင့်ကို ရောက်ခဲ့ဖူးသော ပညာရှင်များ ရှိခဲ့ကြောင်း ကြားထားခဲ့သည်။ သို့သော် ထိုအရာက သက်သေပြချက်တစ်ခုသာရှိ၏။

ထိုဂိုဏ်းများတွင် တစ်ချိန်လုံး နတ်ဘုရားကဲ့သို့သော ပညာရှင်မျိုးကို ပိုင်ဆိုင်မထားကြပေ။ အမှန်အတိုင်းပြောရလျှင် အချိန်အများစုတွင် ဂိုဏ်းအများစုဆီ၌ ထိုကဲ့သို့ ပညာရှင်မျိုး မရှိချေ။ကျန်းဝူဂိုဏ်း ၊ ရွှမ်တျန်းဂိုဏ်းနှင့် ကျိကျန်းစံအိမ်၊ တကျန်းအဖွဲ့အစည်းများကလည်း ထိုဂိုဏ်းများထဲတွင် ပါဝင်နေသည်။

ထို့ကြောင့် ကျန်းယွင်ရှန်နှင့် တခြားထူးချွန်သည့် လူငယ်လေးများက ဓမ္မကာရအဆင့် ပညာရှင်များ၏ တိုက်ပွဲကို လုံးဝမမြင်ဖူးကြပေ။ ထို့ကြောင့်လည်း နဂါးဖမ်းလော်ဟန့်ရွှေခန္ဓာ ပိုင်ဆိုင်ထားသော ရှောင်လင်က ကျင်းအင်ပါယာထဲရှိ သိုင်းလောကခေါင်းဆောင် ဖြစ်နေခြင်း ဖြစ်သည်။

ထိုသို့ဆိုရာတွင် တခြားဂိုဏ်းကြီးများတွင် ဓမ္မကာရ အဆင့် ပညာရှင်များ မရှိကြသော်လည်း သူတို့ဆီတွင် သမိုင်းကြောင်းများ ရှိနေသည့်အတွက် လျှော့တွက်၍ မရနိုင်ကြပေ။ ထိုဂိုဏ်းများတွင် အနည်းနှင့်အများ အလွန်ကြောက်စရာကောင်းသော နတ်ဘုရားလက်နက်များ ရှိနေ၏။ထိုနတ်ဘုရားလက်နက်များကို သူတို့ဂိုဏ်း၏ မူလဓမ္မကာရ ပညာရှင်များက လက်ဆင့်ကမ်းခဲ့ခြင်းဖြစ်ပြီး တစ်ချို့ကိုတော့ မတော်တဆတွေ့ခဲ့ကြခြင်းဖြစ်သည်။

အကယ်၍ ဝေ့ကျင်းအဆင့် အထွဋ်အထိပ်ကို ရောက်နေသော ပညာရှင် တစ်ယောက်ကသာ အကောင်းဆုံး တိုက်ခိုက်လိုက်မည်ဆိုလျှင် ထိုနတ်ဘုရားလက်နက်များ၏ အစွမ်းက ဓမ္မကာရ အဆင့်ကို ယှဉ်နိုင်၏။

ဥပမာအနေနှင့်ပြောရလျှင် ရွှမ်တျန်းဂိုဏ်း ပိုင်ဆိုင်ထားသော အချိန်အရိပ်ဓားကို ကောင်းကင်ဧကရာဇ်က ဖန်တီးထားသည်ဟု သံသယရှိရသည်။ ထိုအရာကို သံသရာ အရှင်သခင်ကပင် ကြောက်စရာ‌အကောင်းဆုံး နတ်ဘုရား လက်နက် (၁၀)ခုထဲမှ တစ်ခုအဖြစ် သတ်မှတ်ထားခဲ့ရ၏။

ထိုနတ်ဘုရားလက်နက်များ၏ ကျေးဇူးကြောင့် ဂိုဏ်းကြီးများက ရန်သူများကို ကာကွယ်နိုင်သည့်အပြင် ဓမ္မကာရအဆင့်ပညာရှင်များ မရှိလျှင်လည်း ကိုယ့်ကိုယ်ကို စောင့်ရှောက်နိုင်ကြသည်။

အကယ်၍ ထိုဂိုဏ်းများက အတွင်းထဲတွင် လှိုက်စားနေပြီး ဝေ့ကျင်းအဆင့် အထွဋ်အထိပ် ပညာရှင်များ မရှိခဲ့လျှင်တော့ ထိုနတ်ဘုရား လက်နက်များက အပြင်လူများ၏ လက်ထဲကို ကျရောက်သွားရပါလိမ့်မည်။ လွန်ခဲ့သော နှစ်ပေါင်း (၂၀၀၀) (၃၀၀၀)ခန့်တွင် ဂိုဏ်းကြီးများစွာက ထိုအကြောင်းပြချက်ကြောင့် ပျက်စီးပျောက်ကွယ်သွားရခြင်းဖြစ်၏။

"ရွှမ်ရှင်း၊ ကျန်းယွင်ရှန်၊ ကျန်းကျိဝေ နှင့် တခြားလူများ ပြောသောစကားမှ တစ်ဆင့် မုန့်ချီကတော့ ဤလောကကြီးထဲရှိ ကျင့်ကြံမှုများ အကြောင်းကို ယေဘုယျအားဖြင့် နားလည်လာခဲ့သည်။

"ရက် (၁၀၀)အခြေခံကျင့်စဉ် ...၊ ပြီးရင် ချီစွမ်းအင်လေ့ကျင့်ခြင်း .."

သွေးကြော(၁၀၀)ကို ပြည့်ပြည့်ဝဝ ဖွင့်လှစ်လိုက်ပြီးနောက် ချီစွမ်းအင်လေ့ကျင့်မှုက အဆင့်တစ်ခုထိ ရောက်လာခဲ့သည်။ ထိုအချိန်တွင် သူတို့၏ ကိုယ်တွင်းအင်္ဂါ တံခါးပေါက်များကို ဖွင့်ရန် လိုအပ်၏။ ထိုအရာကိုတော့ ဉာဏ်အလင်းပွင့်သည့် အဆင့်ဟုခေါ်ပြီး လူတိုင်းက တံခါး (၉)ပေါက်ကို ဖွင့်ရန်လိုအပ်သည်။‌

ဝေ့ကျင်းအဆင့်၏ နောက်တွင် ရှိနေသော အဆင့်များကိုတော့ မုန့်ချီလည်း သေချာမသိခဲ့ပေ။ အကယ်၍ လူတစ်ယောက်ကသာ ဝေ့ကျင်းအဆင့်ကို အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်မည်ဆိုလျှင် ဓမ္မကာရ အဆင့်ကို ဝင်ရောက်နိုင်မည်ဖြစ်ပြီး မြေအင်မော်တယ် တစ်ယောက်အဖြစ် သတ်မှတ်၍ ရနိုင်သည်။ ဓမ္မကာရ ၊ တာအိုနှင့် ရွှေခန္ဓာများတွင် ကွဲပြားမှု များစွာ ရှိနေသည်။

ဥပမာအနေနှင့် ပြောရလျှင် လော်ဟန့်ရွှေခန္ဓာ ၊ ဗုဒ္ဓရွှေခန္ဓာနှင့် ဗောဓိရွှေခန္ဓာ ၊ ထိုက်ဆန်းတာအိုနှင့် ထိုက်ချီ ဓမ္မကာရ စသည့်အရာများ ဖြစ်ကြသည်။ မတူညီသော ဓမ္မကာရအဆင့်များ၏ ကြားထဲတွင် ရှိနေသော စွမ်းအားကွာဟမှုကလည်း အတော်လေးကို ကြီးမားလွန်းလှသည်။

သို့သော် ဓမ္မကာရအဆင့်ကို မရောက်ဖူးသော ပညာရှင်များအတွက်တော့ ဓမ္မကာရအဆင့် ပညာရှင်များက ပြိုင်ဘက်ကင်းဖြစ်ပြီး ရှုံးနိမ့်နိုင်ခြင်း မရှိကြပေ။ ဓမ္မကာရ အဆင့်ထက် ပိုမြင့်သော အဆင့် ရှိမရှိ မုန့်ချီကတော့ မသိပေ။

အဖြူရောင် အလင်းတန်းများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည့်အချိန်တွင် သံသရာအရှင်သခင်က အေးစက်စွာ ပြောလိုက်သည်။

"အခုကစပြီး မင်းတို့က တာဝန်တစ်ခုကို ပြီးဆုံးတဲ့အချိန်တိုင်း ပင်မတာဝန်ကို ပြီးဆုံးအောင်လုပ်နိုင်မယ်ဆိုရင် မင်းတို့ရဲ့ဒဏ်ရာ‌တွေ ဘယ်လောက်ပဲဆိုးဆိုး အခမဲ့ကုသခွင့်ရမယ် ....။ ကံကြမ္မာအမှတ်ပေးစရာ မလိုဘူး ..။ ဒါပေမယ့် မင်းတို့က ပင်မတာဝန်ကို မအောင်မြင်ဘူးဆိုရင်တော့ အပြစ်ပေးခံရမဲ့အပြင် ကုသဖို့အတွက်လည်း ကံကြမ္မာအမှတ်ပေးဖို့ လိုတယ် ....။ မင်းတို့ရဲ့ဒဏ်ရာက ပိုပြီး ပြင်းထန်လေလေ သုံးရမဲ့ ကံကြမ္မာအမှတ်က ပိုပြီး များလေလေပဲ ..။ မင်းတို့က ဈေးနှုန်းအတိအကျသိချင်တယ်ဆိုရင်တော့ စာရင်းစာအုပ်ထဲမှာ ကြည့်လို့ရတယ်..."

"ကောင်းပါတယ်....။ ဒါက တရားတယ် ...."

ချီကျန်းရန်က တီးတိုးရေရွတ်လိုက်သည်။ သူက သာမန်လူတစ်ယောက်သာ ဖြစ်သော်လည်း အတော်လေးကို စိတ်လှုပ်ရှားသလို ခံစားနေရ၏။

မုန့်ချီကလည်း ခေါင်းညိတ်ပြလိုက်၏။ အကယ်၍ သူတို့ကသာ တာဝန် လုပ်ဆောင်နေစဉ်အတွင်း ဒဏ်ရာရသွားမည်ဆိုလျှင် အလုပ်ကြောင့်ရသော ဒဏ်ရာဟု သတ်မှတ်နိုင်သည်။ ထို့ကြောင့် တာဝန်ပြီးဆုံးချိန်တွင် သေချာပေါက် ကုသပေးရမည် ဖြစ်၏။

ထိုအရာကို စဉ်းစားကြည့်လိုက်ပြီးနောက် မုန့်ချီက ရုတ်တရက် ကြောက်လန့်သွားခဲ့သည်။ သံသရာ အရှင်သခင်က အလွန် ပြိုင်ဘက်ကင်း၏။ သူက ဤလောကကြီးထဲမှ လူတစ်ယောက် မဟုတ်ကြောင်းကို သံသရာအရှင်သခင်က သိသွားမည်လော။

အကယ်၍ သူကသာ အချိန်ခရီးသွား တစ်ယောက်ဖြစ်ကြောင်း သိသွားမည်ဆိုလျှင် မည်သည့်အရာများ ဖြစ်လာမည်နည်း။ သူက သက်ပြင်းချလိုက်မိ၏။ သံသရာ အရှင်သခင်အတွက် မသိနိုင်သော အရာ မရှိချေ။ သူက မည်သူမျှ သတိမထားမိဘဲ အလွန်ထူးဆန်းသောနေရာကို ခေါ်လာသည့်အတွက် သူ၏ မှတ်ဉာဏ်များကိုလည်း သိထားသည်မှာ ကြာ‌လောက်ပါပြီ။

"ဟူး… ကြည့်ရတာ သူက အရာအားလုံးကို သိထားတာပဲ ...”

သူက အတိတ်ကို မပြောင်းလဲနိုင်မှတော့ မုန့်ချီက ပျော်ပျော်နေရန်သာ ဆုံးဖြတ်လိုက်သည်။

"ပြောရရင် ကီချုံရှန်တို့အတွက်လည်း ငါတို့အားလုံးက အချိန်ခရီးသွားတွေပါပဲ ...။ အချိန်ခရီးသွားတယ်ဆိုတာ ဘာမှထူးဆန်းမနေပါဘူး ..."

“ကျန်းကျိဝေက ရင်ဟွမ်ရဲတိုက်စမ်းသပ်မှုမှာ သာမန်လူတွေထက်ပိုပြီးတော့ စွမ်းဆောင်နိုင်ခဲ့တယ် ...။ တခြားလူတွေအားလုံးကတော့ သာမန်အဆင့်ပဲ ရှိတယ် ။ ဒီတော့ ဘာဆုကြေးအပိုမှ မရဘူး ....။ ကျန်းကျိဝေကတော့ အဆင့်မတူတဲ့အတွက် ကံကြမ္မာအမှတ် (၁၀)မှတ် ဆုကြေးရမယ် ...."

သံသရာအရှင်သခင် ပြောလိုက်သော စကားကြောင့် လူတိုင်းအံ့ဩသွားခဲ့သည်။

သူတို့က သာမန်ကံကြမ္မာအမှတ်များအပြင် အပိုဆုကြေးလည်း ရနိုင်သေးကြောင်း မသိခဲ့ကြပေ။ ရုတ်တရက်ဆိုသလို တစ်ယောက်ချင်းဆီ၏ ရှေ့တွင် ကျောက်စိမ်းစာအုပ်လေးတစ်ခုဆီ ပေါ်လာခဲ့သည်။

"ဒါက မင်းတို့မှာရှိတဲ့ ကံကြမ္မာအမှတ်တွေကို မှတ်တမ်းတင်ထားတဲ့ လဲလှယ်ရေးစာအုပ်တစ်ခုပဲ...။ မင်းတို့ဆုံးဖြတ်ပြီးသွားရင် အလယ်မှာရှိတဲ့ အလင်းတိုင်လုံးဆီသွားပြီး အလဲအလှယ်လုပ်လို့ ရတယ်.။ ဒီကျောက်စိမ်းစာအုပ်ကိုတော့ ဒီနေရာမှာ ထားခဲ့ရမယ်...။ ဒါပေမယ့် တစ်ခြားအရာတွေကိုတော့ မင်းတို့က ဒီမှာထားခဲ့မလား၊ မင်းတို့ရဲ့ ကမ္ဘာကြီးဆီ ပြန်ယူသွားမလားဆိုတာ ကိုယ်တိုင်ဆုံးဖြတ်ကြ ....."

သံသရာအရှင်သခင်က ထိုစကားများ ပြောလိုက်ပြီးနောက် မုန့်ချီတို့၏ ပတ်ပတ်လည်တွင် ရှိနေသော ဒဏ္ဍာရီရုပ်ထုများ၏ နောက်ဘက်တွင် အဖြူရောင် ကျောက်စိမ်းတံခါး (၅)ခု ပေါ်လာသည်။ ထိုတံခါးပေါ်တွင်လည်း သူတို့၏ နာမည်များကို ရေးထိုးထားခဲ့၏။

"ဒီနေရာမှာ ပစ္စည်းတွေကို သိမ်းဆည်းပြီး သယ်ဆောင်သွားနိုင်တဲ့ မှော်ရတနာတစ်ခုခုများ ရှိလား.... "

မုန့်ချီက သူ၏အတွေ့အကြုံများအတိုင်း မေးကြည့်လိုက်သည်။

"အဲဒါကို မင်းတို့ကိုယ်တိုင်လဲလှယ်လို့ရတယ်...။ အဲဒါက စာရင်းထဲမှာရှိတယ်..."

သံသရာအရှင်သခင်က ပြောလိုက်ချိန်တွင် မုန့်ချီက သူ့ရှေ့တွင် ရှိနေသော ကျောက်စိမ်းစာအုပ်ပေါ်မှ စာရွက်များကို လှန်လိုက်ပြီး ထိုအရာပေါ်လာသည့်အချိန်မှ ရပ်တန့်လိုက်သည်။

“လေဟာနယ်လက်စွပ် အရမ်းကို အံ့ဩစရာကောင်းတဲ့ ပစ္စည်းတစ်ခု။ အရိုးရှင်းဆုံး လေဟာနယ်လက်စွပ်တစ်ခု။ လဲလှယ်ရမယ့်တန်ဖိုး ကံကြမ္မာအမှတ်(၃၀၀၀)...."

မုန့်ချီက ကျောက်စိမ်း၏အပေါ် ဘယ်ဘက်ထောင့်ကို ကြည့်လိုက်ရာ သူ၏ကံကြမ္မာအမှတ်(၈၀)ကို ပြနေခဲ့သည်။ ထို့ကြောင့် သူက ထိုအရာကို လက်လျော့လိုက်ရသည်။

"အခု မင်းတို့တွေက စပြီးတော့ အလဲအလှယ်လုပ်လို့ရပြီ...”

ထိုစကားကို ပြောလိုက်ပြီးနောက် သံသရာအရှင်သခင်က နောက်တစ်ကြိမ် စကားမပြောတော့ပေ။ ကျောက်စိမ်းမြေကွက်လပ်ကြီးတစ်ခုလုံးတွင်လည်း တိတ်ဆိတ်သွားခဲ့၏။

မုန့်ချီက အလွန်စိတ်လှုပ်ရှားနေခဲ့သည်။

"နောက်ဆုံးတော့ ငါက အဆင့်မြင့်သိုင်းပညာတွေကို လဲလှယ်နိုင်တော့မယ်..."

သန့်ရှင်းရေးခြံဝန်းထဲတွင် နေထိုင်ရသောကြောင့် သူက သိုင်းပညာကိုပို၍ သင်ယူချင်ခဲ့သည်။ သူကတော့ ဘဝတစ်လျှောက်လုံး သာမန် သန့်ရှင်းရေး ကိုရင်လေးတစ်ပါးအဖြစ် နေထိုင်လိုခြင်းမရှိချေ။

"ငါက ဘာကိုအလဲအလှယ်လုပ်ရမလဲ..."

မုန့်ချီက အလွန်ကြောက်စရာကောင်းသော နတ်ဘုရားသိုင်းပညာများစွာကို ကြားခဲ့ဖူးသည်။ ထို့ကြောင့် သူ့ခေါင်းထဲတွင် ရှုပ်ထွေးနေခဲ့၏။ သူက စာရင်းကိုသာ စိတ်လှုပ်ရှားစွာ ဖတ်ကြည့်နေခဲ့၏။

“သွေးကြော‌(၆)သွယ် ထိပ်သီးဓားပညာ…

ပြီးပြည့်စုံတဲ့သိုင်းကျမ်း…

လဲလှယ်ရမယ့်တန်ဖိုး - ကံကြမ္မာအမှတ်(၁၃၀၀).....”

“သဏ္ဌာန်မဲ့ စွမ်းအား…

ပြီးပြည့်စုံတယ်၊ လဲလှယ်ရမယ့်အမှတ် ကံကြမ္မာအမှတ်(၁၂၀၀)...”

“မြောက်ပိုင်းမြေအောက် ကမ္ဘာခွန်အား …

ပြီးပြည့်စုံတဲ့အစိတ်အပိုင်း၊ လဲလှယ်ရမယ့်တန်ဖိုး ကံကြမ္မာအမှတ်(၁၅၀၀)....”

“နတ်ဘုရားတိုက်ပွဲမှတ်တမ်း ၊ပြီးပြည့်စုံတယ်

လဲလှယ်ရမယ့်တန်ဖိုး ကံကြမ္မာအမှတ်(၂၁၀၀)...”

သူက ထိုအရာများကိုကြည့်နေရင်း သူနှင့်ရင်းနှီးသော သိုင်းပညာတစ်ချို့ကို မြင်လိုက်ရသည်။ ရှေ့တွင်ရှိနေသော လူများကြောင့် သူလည်း စိတ်လှုပ်ရှားနေရာမှ တဖြည်းဖြည်း သတိဝင်လာခဲ့ပြီး မချိပြုံးပြုံး၍ ပြောလိုက်သည်။

"ငါက ဘာလို့ဝေ့ကျင်းအဆင့်သိုင်း ပညာတွေကို ကြည့်နေမိတာလဲ....။ ငါ့ဆီမှာ လုံလောက်တဲ့ ကံကြမ္မာအမှတ်လည်း မရှိနိုင်ဘူးလေ.... "

တစ်ချိန်တည်းတွင် သူက စာရွက်ကို ဆက်လှန်လိုက်ရာ ညဏ်အလင်းပွင့်မှု အဆင့်တွင် အသုံးပြုရသော ကြယ်စုပ်ယူခြင်းသိုင်းကျမ်းကို မြင်လိုက်ရသည်။ ထိုအရာက ကံကြမ္မာအမှတ်(၅၀၀)တန်ဖိုးရှိ၏။ သူက ရင်းနှီးနေသော သိုင်းပညာများစွာကိုလည်း မြင်ခဲ့ရသည်။ သူ၏စိတ်ထဲတွင်လည်း သေချာစဉ်းစားမိခဲ့၏။

"ကျင်းယုံရဲ့စာစဉ်တွေထဲမှာ ရှိတဲ့ သိုင်းပညာအများစုက ဉာဏ်အလင်းပွင့်မှု အဆင့်မှာပဲ ရှိသေးတယ်။ ရှောင်းယောင်ဂိုဏ်းရဲ့ သွေးကြော(၆)သွယ် ထိပ်သီးဓားပညာနဲ့ တစ်ခြားသိုင်းကျမ်းတွေကပဲ ဝေ့ကျင်းအဆင့်မှာ ပါတယ်။ ဒါပေမယ့် သူတို့တွေက တစ်ခြားဝေ့ကျင်းအဆင့် သိုင်းပညာတွေနဲ့ ယှဉ်လိုက်မယ်ဆိုရင် တော်တော်လေး ဈေးနည်းတယ်…”

“တစ်ဖက်မှာတော့ ဟုန်ရိရဲ့စာစဉ်တွေထဲမှာ ဖတ်ဖူးတဲ့ အစွမ်းထက်ဆုံး သိုင်းပညာတွေကတော့ ဝူကျင်းအဆင့် သိုင်းပညာလို့ သတ်မှတ်နိုင်တယ်....။ ကြည့်ရတာ ‌ဝေ့ကျင်းအဆင့် သိုင်းပညာက သဘာဝတရားကြီးနဲ့ ဆက်သွယ်နိုင်စွမ်းရှိပြီး သဘာဝရဲ့စွမ်းအားတွေကို သုံးနိုင်ပုံရတယ်....."

ကျင်းယုံ၏ စာစဉ်များထဲတွင် ရှိနေသော ရှောင်လင်သိုင်းပညာကတော့ သာမာန်ဟုသာ သတ်မှတ်ထားခဲ့သည်။ တစ်ဖက်တွင်တော့ ဤလောကကြီးထဲတွင် ရှိနေသော သိုင်းပညာက ထိုသို့မဟုတ်ချေ။ ထိုအရာက သာမာန်သိုင်းပညာကို အဆင့်မြှင့်ပြီး အသွင်ပြောင်းလဲလာသည်ဟု သတ်မှတ်နိုင်၏။

"ငါက ဘာကို လဲရမလဲ ....."

မုန့်ချီက ထိုစကားကိုသာ အကြိမ်ကြိမ် ရေရွတ်နေမိသည်။

သူကတော့ သိုင်းပညာရှင်ပေါင်းများစွာကို မြင်ခဲ့ရသည့်အချိန်တွင် သူ၏အနာဂတ်ပုံစံ၊ သူဖြစ်လာချင်သည့် ပုံသဏ္ဍာန်ကို ကိုယ်တိုင်စဉ်းစားနေမိခဲ့သည် ။

"ငါက အဖြူရောင်သိုင်းဝတ်စုံကို ဝတ်ထားမယ်...။ ငါ့ရဲ့ဓားကလည်း အရမ်းကို ပေါ့ပါးနေရမယ်....။ ငါက အဖိုးတန်မြင်းတစ်ကောင်ကို စီးပြီး ငါ့ရဲ့ဝတ်ရုံပေါ်မှာ အလင်းတန်းတွေ ဖြာကျနေမယ်။ ငါက ရေပေါ်မှာ လှုပ်ရှားသွားတဲ့အချိန်တိုင်းလည်း မြေပေါ်မှာ လမ်းလျှောက်နေသလိုပဲ..ခံစားလာရမယ်.။ ငါ့ရဲ့ဓားချက်တစ်ချက်တည်းနဲ့ အစွမ်းထက်ဆုံး ရန်သူတွေကိုတောင် အနိုင်ရနိုင်မယ်.....။ အဲဒါက ငါအလိုချင်ဆုံး ပုံစံတစ်ခုပဲ။ အဲဒါသာဆိုရင် ဘယ်လောက်တောင် အဆင်ပြေလိုက်မလဲ...."

မုန့်ချီကတော့ အတွေးထဲတွင် ကြိတ်ပျော်နေပြီး အရာအားလုံးကို မေ့လျော့လုမတတ် ဖြစ်နေခဲ့သည်။ သူကတော့ ထိုပုံရိပ်ကို တိတ်တဆိတ် အကောင်အထည်ဖော်ရန် စဉ်းစားနေခဲ့၏။

ရုတ်တရက်ဆိုသလို သူ့အနားမှနေ၍ မိန်းကလေးတစ်ယောက်၏ အသံကို ကြားလိုက်ရသည်။

"ကိုရင်လေး…

နင်က ဘာကို အလဲအလှယ်လုပ်ဖို့ ဆုံးဖြတ်ထားလဲ ...."

"ဘာမှမလုပ်ရသေးဘူး ...."

မုန့်ချီက မတ်မတ်ထိုင်လိုက်ပြီး ကျန်းကျိဝေကို အလေးအနက်စိုက်ကြည့်လိုက်သည်။

"မိန်းကလေးကျန်းကရော ဘာလုပ်မှာလဲ ..."

"ငါ့မှာလည်း ဘာအတွေးမှ မရှိသေးဘူး ...."

ကျန်းကျိဝေက ခေါင်းခါပြလိုက်၏။

"အခု ငါလဲလို့ရတဲ့အရာတွေက ငါ့အတွက် အသုံးမဝင်ဘူး ....။ ဒါပေမယ့် ငါက ငါလိုချင်တဲ့အရာကို အလဲအလှယ်လုပ်ဖို့အတွက် ကံကြမ္မာအမှတ်(၂၀)လိုသေးတယ်.."

"ဟမ်...ဒါဆိုရင် သူက ငါ့ဆီကနေ ကံကြမ္မာအမှတ် ချေးချင်နေတာလား ...၊ ကံကြမ္မာအမှတ်ကို ချေးလို့ရလို့လား ...."

မုန့်ချီက တွေဝေနေခဲ့သည်။

"ငါက ချေးလိုက်ရမလား ....။ မချေးရဘူးလား ..။ ငါက သူ့ကို အမှတ်တွေ ချေးလိုက်မယ်ဆိုရင် ငါ့ဆီမှာ ကံကြမ္မာအမှတ်(၆၀)ပဲ ကျန်တော့မယ် ..။ ဒါဆိုရင် ငါလဲလို့ရတဲ့အရာတွေက ကန့်သတ်ချက်ရှိသွားပြီ ...။ တကယ်လို့ ငါက သူ့ကို အမှတ်ချေးမပေးဘူးဆိုရင်လည်း နောက်တစ်ကြိမ် အတူတူလှုပ်ရှားတဲ့ အချိန်ကျရင် အပြစ်ရှိသလို ခံစားနေရမှာ ..။ သူက ငါ့ကို ဘယ်လိုမြင်မလဲ ..။ တကယ်လို့ ငါသာသူနဲ့ မိတ်ဆွေဖြစ်လာမယ်ဆိုရင် နောက်ထပ်တာဝန်မှာ သေချာပေါက်ပိုပြီး လုံခြုံနိုင်တယ်။ ဒါပေမယ့် ငါက သူ့ကို ဒေါသထွက်အောင်လုပ်လိုက်မယ်ဆိုရင် နောက်ထပ်တာဝန်အတွင်း ငါ့ကို အလွယ်တကူ သတ်ပစ်နိုင်တယ် ...."

"ဟူး....အရင်ကတည်းက ချေးရငှားရတဲ့ အလုပ်က တော်တော်လေးကို ခက်ခဲတာပဲ.."

မုန့်ချီက တိုးတိုးလေး သက်ပြင်းချလိုက်မိသည်။

ပထမတွင်တော့ သူက မသိချင်ယောင်ဆောင်ပြီး အခြေအနေကို စောင့်ကြည့်ချင်ခဲ့သည်။ သို့သော် ကျန်းကျိဝေ၏ အကျင့်စရိုက်နှင့် သူမအကြောင်းကို တွေးလိုက်မိသည့်အခါ ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်၏။

"လိုတာကို ငါချေးပေးမယ်လေ။ အခုချေးလိုက်တဲ့အရာက အနာဂတ်မှာ အဆ (၁၀၀) ဖြစ်လာနိုင်တယ် ...."

ကျန်းကျိဝေက ကျယ်လောင်စွာ ရယ်လိုက်မိသည်။

"ကိုရင်လေးက တော်တော်လေးကို ငယ်သေးတယ် ....။ ဒီလို စကားတွေကို ဘယ်နေရာကနေ ကြားလာတာလဲ ....."

ထို့နောက် သူမက အပြုံးနှင့် ပြောလိုက်သည်။

"ကိုရင်လေးရဲ့စေတနာအတွက် ကျေးဇူးတင်ပါတယ် ...။ ဒါပေမယ့် ငါက နင့်လို ဆင်းရဲတဲ့ ကိုရင်လေးတစ်ယောက်ဆီကနေ ဘယ်လိုလုပ်ပြီး ချေးနိူင်မှာလဲ .။ ငါက နင်သိုင်းကျမ်းရွေးတာ မှားမှာစိုးလို့ လာပြီး အကြံပေးတာ ....."

"ကျေးဇူးပြုပြီး အကြံပေးပါဦး မိန်းကလေးကျန်း ...."

ထိုစကားကို ကြားသည့်အခါ သူက အမှတ်မချေးရတော့ကြောင်း နားလည်သွားသည့်အတွက် မုန့်ချီက စိတ်အေးလက်အေး ဖြစ်သွားပြီး ရင်ဘတ်ကို လက်နှင့် ဖိထားခဲ့သည်။

"ကိုရင်လေး ဒီအရာတွေကို အရင်ဆုံး လုပ်သင့်တယ် ...”

ကျန်းကျိဝေက သူမ၏လက်နှစ်ဖက်ကို ရှေ့သို့ ထုတ်လိုက်သည်။

"ရိုးရိုးသားသားပြောရမယ်ဆိုရင် ကိုရင်လေးက ကိုယ်ပိုင်တိုက်ခိုက်ရေး ပညာတစ်ခု မရှိခင် လဲစရာ သိုင်းပညာတွေ အများကြီး ရှိတယ် ....။ တကယ်လို့ ငါတို့မှာ ရှိတဲ့ ကံကြမ္မာအမှတ်တွေအားလုံး ကုန်သွားမယ်ဆိုရင်တောင် ကိုရင်လေး အတွက် လုံလောက်မှာ မဟုတ်သေးဘူး ....။ ဒါကြောင့် အခုချိန်မှာ လုပ်လို့ရတာက တစ်ဆင့်ချင်းသွားဖို့ပဲ ...”

“ကိုရင်လေးက ကိုယ်ဖော့ပညာကို လုံးဝမသင်ဖူးဘူး . ။ တစ်ချိန်ချိန် ရန်သူတွေနဲ့ တွေ့ရမယ်ဆိုရင်တောင် ရှောင်နိုင်မှာ မဟုတ်ဘူး .....။ တကယ်လို့ ငါတို့က အလျင်လိုနေပြီး တောင်တွေပေါ်တက် ၊ သစ်တောတွေပေါ် ကျော်သွားရမယ်ဆိုရင် ကိုရင်လေးက သေချာပေါက် ငါတို့ကို မီလာမှာ မဟုတ်ဘူး.။ ဒါကြောင့် ကိုရင်လေးက ကိုယ်ဖော့ပညာတစ်ခုခုကို အရင်ဆုံး သင်သင့်တယ် ....။ ကိုရင်လေးအတွက် အရေးကြီးတဲ့အရာ(၂)ခု ရှိတယ် ..။ တကယ်လို့ ကိုရင်လေးဆီမှာ နောက်ထပ် ကံကြမ္မာအမှတ်တွေ ရှိနေသေးမယ်ဆိုရင် ဒုတိယတစ်ခုကတော့ အကာအကွယ်ကျင့်စဉ် တစ်ခုခုကို လဲလှယ်သင့်တယ်....။‌ ဥပမာအနေနှင့် ပြောရလျှင်တော့ သံချပ်ဝတ်အင်္ကျီလိုမျိုးပေါ့ ..။ အဲဒါက ကိုရင်လေးကို အသက်ရှင်ဖို့ အခွင့်အရေး အများကြီး တိုးမြှင့်ပေးနိုင်တယ် ...။ အဲဒါက အရေးပါဆုံး အရာနှစ်ခုပဲ။ တကယ်လို့ ကိုရင်လေးဆီမှာ ကံကြမ္မာအမှတ်တွေ ကျန်နေဦးမယ်ဆိုရင်တော့ အခြေခံ ဓားမောက်သိုင်းပညာတစ်ခုကို လဲလိုက်ပါ ....။ ဓားမောက်တွေက သာမန်ဓားတွေထက် ပိုပြီးတော့ သုံးရတာ လွယ်တယ် ...။ ဒါက အချိန်တိုလေးအတွင်း အစစ်အမှန်တိုက်ပွဲထဲမှာ ကိုရင်လေးရဲ့ စွမ်းရည်ကို မြှင့်တင်ပေးနိုင်လိမ့်မယ် ..။ ဘယ်လိုပဲဖြစ်ဖြစ် နောက်တစ်ကြိမ်သံသရာတာဝန်က ဘယ်အချိန်ရောက်မလဲဆိုတာ ငါလည်း မသိဘူးလေ ....."

"သံချပ်ဝတ် အင်္ကျီကျင့်စဉ်၊ ဓားမော့ပညာ ...."

အနက်ဝတ်လူများ၏ပုံရိပ်ကို ပြန်လှည် စဉ်းစားကြည့်လိုက်ပြီး မုန့်ချီ၏ ခေါင်းထဲတွင် အတွေးများ ပေါ်လာခဲ့သည်။

"ဒါက ငါကိုယ်တိုင်ရဲ့အနာဂတ် မဖြစ်နိုင်ဘူး ..။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ..။ ဒါက ငါ့ရဲ့စိတ်ကူးနဲ့ လုံးဝကို ဆန့်ကျင်နေတယ်... ။ ငါလိုချင်တဲ့ ပုံစံမျိုး မဟုတ်ဘူး ....."

Translated by Hein Htet

All Chapters