← Chapters

အခန်း (၁၇)

Vol. 2 Ch. 17

အခန်း (၁၇)

Vol. 2 Ch. 17

မုန့်ချီက အလွန်တွေဝေနေခဲ့သော်လည်း သူ၏မသိစိတ်က ကျန်းကျိဝေ၏ စကားကို လက်ခံနေခဲ့သည်။ ကိုယ်ဖော့ပညာတစ်ခု၊ အကာအကွယ်သိုင်းပညာနှင့် ဓားမောက် သိုင်းပညာတစ်ခုကို လဲလှယ်ပြီးသွားပြီး ထိုသိုင်းပညာ(၃)ခုကို အလေးထား လေ့ကျင့်လိုက်မည်ဆိုလျှင် သူက ယခုအခြေအနေနှင့် လုံးဝကို ကွဲပြားသွားပြီး ပို၍လည်း အစွမ်းထက်လာနိုင်သည်။

"ငါလည်း ညီမလေးကျန်းရဲ့စကားကို လက်ခံတယ် ....."

ကျန်းယွင်ရှန်က သူတို့ဆီကို လျှောက်လာပြီး ချီရှနှင့် ချီကျန်းရန်တို့ကလည်း နောက်မှ လိုက်လာခဲ့ကြသည်။

"အစ်ကိုကြီးကျန်း .....

အစ်ကိုကြီးကျန်းကရော လဲပြီးသွားပြီလား ....."

ကျန်းကျိဝေက အံ့အားသင့်စွာ မေးလိုက်သည်။

ကျန်းယွင်ရှန်က အလင်းတန်းဆီသို့ လျှောက်သွားသည်ကို သူမက မမြင်ခဲ့ရပေ။ ကျန်းယွင်ရှန်က အပြုံးနှင့် ပြောလိုက်၏။

"အခုထိ မလဲရသေးပါဘူး ...။ ငါက ပထမမှာ သံသရာအရှင်သခင် ပြောခဲ့တဲ့ စကားတွေကို စဉ်းစားနေခဲ့တာ ...။ သူက အဖွဲ့သားတွေအကြောင်း ပြောခဲ့တာကိုလည်း နားလည်နေတယ်....။ ဒီတော့ ငါတို့က နောက်ထပ်တာဝန်မှာလည်း အဖွဲ့တစ်ဖွဲ့တည်းအနေနဲ့ပဲ ကျမယ်လို့ ခန့်မှန်းရတယ် .။ ဒါကြောင့် ညီမလေးချီနဲ့ ညီလေးကျန်းရန်တို့ကို ငါတို့နဲ့အတူ လိုက်လာဖို့ ခေါ်လာတာ.။ ငါတို့က ငါတို့လိုချင်တဲ့ ပစ္စည်းတွေကို မလဲခင် ဆွေးနွေးတဲ့ သဘောမျိုး လုပ်ချင်လို့လေ..။ တကယ်လို့ ငါတို့ ပူးပေါင်းလိုက်မယ်ဆိုရင် လူတိုင်းရဲ့ စွမ်းအားကို ပိုပြီး အကျိုးရှိရှိ မြင့်တက်လာအောင် လုပ်ဆောင်ပေးလို့ရတယ် ...။ ဒါဆိုရင် နောက်ထပ်တာဝန်တွေ အောင်မြင်နိုင်ခြေက ပိုပြီးတော့ များလာနိုင်တာပေါ့ ။ ပြီးတော့ ညီလေးချင်ကျင်းနှင့် ခေါင်းဆောင်ငယ်ရန်တို့ရဲ့ အဖြစ်မျိုးကိုလည်း ရှောင်တိမ်းသလို ဖြစ်သွားလိမ့်မယ်....."

မုန့်ချီက ခေါင်းညိတ်ပြလိုက်သည်။ ကျန်းယွင်ရှန်က အဖွဲ့ခေါင်းဆောင်တစ်ယောက်၏ အရည်အချင်းမျိုး ရှိနေကြောင်း သူလည်း လက်ခံထား၏။ သူကတော့ စေ့စပ်သေချာသော အတွေးအခေါ်သမားတစ်ယောက်ဖြစ်ပြီး အရာအားလုံးကို အသေးစိတ်ဂ ရုစိုက်နိုင်သည်။ လူတိုင်း၏ ခံစားချက်များကိုလည်း စဉ်းစားပေးနိုင်စွမ်း ရှိ၏။

ကျန်းယွင်ရှန်က မုန့်ချီကို ကြည့်ပြီး ပြောလိုက်သည်။

"ကိုယ်ဖော့ပညာနှင့် ကာကွယ်ရေးကျင့်စဉ်က ညီလေးကျန်းတင်အတွက် အရေးကြီးဆုံးအရာတွေပဲ ..။ အထူးသဖြင့် သံချပ်ဝတ်အကျီဆိုတာက အကာအကွယ် ကျင့်စဉ်သက်သက်တင် မဟုတ်ဘူး ..။ အဲဒီမှာ မင်းရဲ့ဒန်တျန်ကို စုစည်းပေးဖို့ ကူညီပေးနိုင်တဲ့ အခြေခံသိုင်းပညာတစ်ခုလည်း ပါနေသေးတယ် .။ ပြီး‌တော့ ဒါကို ကျင့်ကြံလိုက်မယ်ဆိုရင် အနာဂတ်မှာ ပြိုင်ဘက်ကင်းရွှေခန္ဓာတွေ၊ ရွှေခေါင်းလောင်းအကာအကွယ် ကျင့်စဉ်နဲ့ တခြားရှောင်လင်သိုင်းပညာတွေကိုလည်း လေ့ကျင့်ဖို့အတွက် ပိုလွယ်သွားလိမ့်မယ် ...."

"ကျေးဇူးတင်ပါတယ်....။ အစ်ကိုကြီးကျန်းနဲ့ မိန်းကလေးကျန်း ....။ ငါက မင်းတို့ရဲ့ အကြံပေးချက်ကို လိုက်နာပါ့မယ် ...."

မုန့်ချီက အံ့ကြိတ်၍ ပြန်ဖြေလိုက်သည်။ ထိုအရာက သူ၏အိပ်မက်နှင့် လုံးဝကို ကွဲပြားနေသော်လည်း ယခုသူ့အတွက် အဓိကအရေးကြီးသည်မှာ အသက်ရှင်နေခွင့်ရရန် ဖြစ်သည်။

ကျန်းယွင်ရှန်က ခေါင်းညိတ်ပြီး ကျန်းကျိဝေကို ကြည့်လိုက်၏။

"ညီမလေးကျန်း.....

ညီမလေးကျန်းက ကံကြမ္မာအမှတ်(၂၀) လိုနေသေးတယ်လို့ ကြားလိုက်ရတယ်...။ ညီမလေးကျန်းက ကောင်းကင်တံခါးဆေးလုံးကို လဲလှယ်ဖို့အတွက် စဉ်းစားနေတာလား ....."

ကောင်းကင်တံခါးဆေးလုံးဟူသော စကားကို ကြားသည့်အခါ ချီရှ၏ အမူအရာကလည်း ကျန်းယွင်ရှန်ကဲ့သို့ ဖြစ်သွားခဲ့သည်။ ချီကျန်းရန်ကလည်း အလွန်စိတ်လှုပ်ရှားလာခဲ့၏။ သူက ထိုဆေးလုံးကို အချိန်ကြာမြင့်စွာ မျှော်လင့်နေမိပုံရသည်။

"ဟုတ်တယ် .....။ ကောင်းကင်တံခါးဆေးလုံးက ကံကြမ္မာအမှတ် (၁၁၀)လိုတယ် ....."

ကျန်းကျိဝေကတော့ ကျန်းယွင်ရှန်၏ တိကျသော ခန့်မှန်းမှုအပေါ် အံ့ဩနေခြင်း မရှိချေ။ သူ၏ ပထမဆုံးရွေးချယ်မှုကလည်း သူမနှင့် တူညီနေလိမ့်မည်ဟု သူမက သိနေခဲ့သည်။

"ငါက နားတံခါးကလွဲရင် ကျန်တဲ့တံခါး (၉)ပေါက်ကို ဖွင့်ပြီးသလောက် ဖြစ်နေပြီ ။ နဂိုတုန်းကတော့ ကြိုးစားမယ်ဆိုရင် အဲဒီတံခါးကို ဖွင့်နိုင်မယ်လို့ တွေးခဲ့တာ . ။ ဒါပေမယ့် အချိန်က စောင့်မနေခဲ့ဘူး ..။ ငါက မြန်မြန်လေ့ကျင့်မှ ရတော့မယ် .။ ငါတို့‌နောက်ထပ်လုပ်ရမယ့် တာဝန်က ကြားထဲမှာ အချိန်လုံလုံလောက်လောက်ရပါစေလို့ မျှော်လင့်ရမှာပဲ ....။ ဒါဆိုရင်တော့ နောက်ပိုင်းအတွက် အဆင်ပြေနိုင်လိမ့်မယ် ..."

ရုတ်တရက် ဆိုသလို သံသရာအရှင်သခင်၏ အသံကို ကြားလိုက်ရသည်။ “တာဝန်တစ်ခုနှင့် တစ်ခုကြား အချိန်ကာလက (၁)လကနေ (၃)နှစ် ဒါမှမဟုတ် (၅)နှစ် အထိ ရှိနိုင်တယ် ...."

"နောက်ထပ်တာဝန်က ဘာလဲ ...."

ကျန်းယွင်ရှန်က ကျယ်လောင်စွာ မေးလိုက်၏။

"အဲဒီအချက်အလက်တွေကို သိချင်တယ်ဆိုရင်တော့ ကံကြမ္မာအမှတ်(၅၀၀) ပေးရလိမ့်မယ် ...."

သံသရာအရှင်သခင်၏ လေသံကတော့ အလွန်အေးစက်လွန်းလှသည်။

ကျန်းကျိဝေက တိုးတိုးလေး သက်ပြင်းချလိုက်မိ၏။ မုန့်ချီက လုံးဝရှုပ်ထွေးနေသည်ကို မြင်သည့်အခါ သူမက ရှင်းပြလိုက်သည်။

"တံခါးပေါက်တစ်ခုကို ဖွင့်တဲ့ အချိန်မှာ ဆေးလုံးရဲ့ အကူအညီတွေကို အားကိုးလို့ရတယ် ...။ ဒါပေမယ့် ဆေးလုံးက တစ်ကြိမ်ပဲ အကျိုးသက်ရောက်မှု ရှိလိမ့်မယ် ..။ နောက်တစ်ကြိမ်ဆိုရင်တော့ ပိုပြီးအစွမ်းထက်တဲ့ ဆေးလုံးတစ်လုံးကို သုံးရလိမ့်မယ် ..။ ဥပမာအနေနဲ့ ပြောရလျှင် အခုငါက ငါ့ရဲ့နားတံခါးကိုဖွင့်ဖို့အတွက် ကောင်းကင်တံခါးဆေးလုံးကို သုံးလိုက်မယ်ဆိုရင် နောက်တစ်ကြိမ် င့ါရဲ့တံခါးတစ်ခုခုကို ဖွင့်ချင်တဲ့ အချိန်ကျရင် ကောင်းကင်တံခါးဆေးလုံးကို ထပ်သုံးလို့ မရတော့ဘူး ....။ ငါက ကောင်းကင်မျက်လုံးဆေးလုံး ဒါမှမဟုတ် ကောင်းကင်နားဆေးလုံးလို အစွမ်းထက်တဲ့ ဆေးလုံးတွေကို သုံးရလိမ့်မယ် ..။ အဲဒါတွေက အနည်းဆုံး ကံကြမ္မာအမှတ် (၂၆၀)လောက် ကုန်လိမ့်မယ် .။ ကျိကျန်းစံအိမ်မှာတောင် အဲဒီလိုမျိုး ‌ဆေးလုံးတွေ အများကြီး မရှိဘူး ....။ တကယ်လို့ ငါက ဆေးလုံးတစ်လုံး လိုချင်တယ်ဆိုရင် ဂိုဏ်းအတွက် လိုအပ်တဲ့ အကျိုးဆောင်မှုတွေ လုပ်ပေးဖို့ လိုသေးတယ်....။ ဒါမှမဟုတ် ဆရာ့ဆီမှာ တောင်းရင်တော့ရနိုင်မယ် ...”

“ဒါပေမယ့် အရေးပေါ် အခြေအနေမျိုး မဟုတ်ဘူးဆိုရင် ဆေးလုံးတွေကို အားမကိုးတာက ပိုပြီးတော့ကောင်းတယ် ။ အဲဒါက အနှေးနှင့်အမြန် ကိုယ့်အတွက် အတားအဆီးတစ်ချို့ ဖြစ်လာနိုင်တယ် .။ နင်က ကြိုးကြိုးစားစား လေ့ကျင့်ပြီး သွားတာပဲ ပိုပြီးကောင်းတယ် ....။ မဟုတ်ရင်တော့ အနာဂတ်မှာ အဆင့်တက်ဖို့တောင် တော်တော်လေး ခက်တယ် .....။ ဒါကြောင့် အဆင့်က နိမ့်လေလေ လေ့ကျင့်ဖို့အတွက် ပိုပြီးတော့ ကြိုးစားရလေလေပဲ ...."

ချီကျန်းရန်က ရုတ်တရက် သက်ပြင်းချလိုက်မိ၏။

"ငါ့လို သာမန်လူတစ်ယောက်အတွက်တော့ ဉာဏ်အလင်းပွင့်တဲ့အဆင့်ကို ရောက်ပြီး တံခါးတွေ ဖွင့်ချင်တယ်ဆိုရင် အဲဒီဆေးလုံးတွေကို အားကိုးဖို့ မျှော်လင့်ရမှာပဲလေ..။ တကယ်လို့ ငါကသာ သံသရာကမ္ဘာကြီးထဲကို ဝင်မလာခဲ့ဘူးဆိုရင် ကောင်းကင်တံခါးဆေးလုံးကို ရဖို့အခွင့်အရေး ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ ....."

ထိုအရာကို သံသယဝင်စရာ မလိုအပ်ပေ။ အချိန်ကြာလာသည်နှင့်အမျှ သူ့လို သိုင်းလောကသားများက စုဆောင်းထားသော အတွေ့အကြုံများအပေါ် အခြေခံပြီး ဉာဏ်အလင်းပွင့်မှုကို ရရှိနိုင်ကြသည်။ သို့သော် ထိုအချိန်ရောက်လျှင် သူတို့က အသက်(၃၀) (၄၀)ခန့် ရှိနေမည်ဖြစ်၏။ သူတို့က နောက်တစ်ဆင့်ကို ဆက်တက်ရန် အချိန် မကျန်နိုင်တော့ပေ။

ချီကျန်းရန် ပြောသည့်စကားကို ကြားသည့်အခါ မုန့်ချီကလည်း နားလည်ပေးနိုင်သော မိတ်ဆွေတစ်ယောက်ကို တွေ့လိုက်ရသလို ခံစားလိုက်ရသည်။ ချီကျန်းရန်ကလည်း သူ့ဂိုဏ်းတွင် အောက်ခြေအဆင့် လူငယ်တစ်ယောက်ဖြစ်ပြီး အဆင့်တက်ရန် မျှော်လင့်ချက် ရှိပုံမရချေ။ သံသရာကမ္ဘာကြီးထဲတွင်တော့ အန္တရာယ်များစွာ ရှိနေသလို အခွင့်အရေးများစွာလည်း ရှိနေသည်။

"သံသရာအရှင်သခင်ရဲ့ စာရင်းမှာရှိနေတဲ့ ပစ္စည်းတွေက နင်တို့ရဲ့ချီစွမ်းအားကို မြင့်တင်ဖို့ ကူညီပေးနိုင်သလို နင်တို့ရဲ့ တံခါးတွေဖွင့်ဖို့လည်း ကူညီပေးနိုင်တယ် ..။ အဆင့်တက်ဖို့လည်း ကူညီပေးနိုင်တယ် ....။ဒါပေမယ့် တန်ဖိုးကတော့ ဆေးလုံးတွေထက်ပိုပြီးမြင့်တယ် ..”

ချီရှက ပြုံးလိုက်သည်။

"နင်က သူ့ကို အရာအားလုံး လုပ်ပေးစေချင်လို့လား ....."

ကျန်းကျိဝေက လေးလေးနက်နက် ပြောလိုက်၏။

"တခြားလူတွေပေးတဲ့အရာတွေက အလွယ်တကူ ယူသွားလို့ရတယ် ....။ ကိုယ့်ကိုယ်ကို အားကိုးပြီး ပိုင်ဆိုင်ထားတဲ့ အရာတွေကပဲ အဆုံးထိ ရှိနေမှာ ...."

ချီကျန်းရန်က အလွန်တည်ငြိမ်စွာ ပြောလိုက်သည်။

ကျန်းယွင်ရှန်က ခဏကြာစဉ်းစားပြီးနောက် ပြောလိုက်၏။

"ညီမလေး ကျန်း ....

အစ်ကိုက ကောင်းကင်တံခါးဆေးလုံးအတွက် ညီမလေးကျန်းကို ကံကြမ္မာအမှတ် (၂၀) ချေးပေးနိုင်တယ် ..."

သူက ကျန်းကျိဝေကို ဝင်မပြောရန် လက်ကာပြလိုက်ပြီး ဆက်ပြောလိုက်သည်။

"အစ်ကို အခုချိန်ထိ နားတံခါးနှင့် ပတ်သက်တဲ့ တံခါးနှစ်ခုကို မဖြည့်ရသေးဘူး ...။ တကယ်လို့ သံသရာအရှင်သခင်၏ စွမ်းအားတွေ ဒါမှမဟုတ် ဆေးလုံးတွေကို ဆက်တိုက်သုံးနေရမယ်ဆိုလျှင် အနာဂတ်မှာ မဖြေရှင်းနိုင်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ် ...။ ဒါကြောင့် အစ်ကိုကတော့ ဖြည်းဖြည်းချင်းပဲ သွားချင်တယ်..။ ပြီးတော့ ညီမလေးကျန်းက အစ်ကိုထက်ပိုပြီး အစွမ်းထက်တယ် ....။ ညီမလေးကျန်းရဲ့ စွမ်းအား ပိုပြီးတော့ မြင့်လာတာက အစ်ကိုတို့အတွက် အကူအညီဖြစ်စေတာပေါ့ ..။ ပြီးတော့ ညီမလေးကျန်းက အနန္တဓားသိုင်းကိုလည်း တတ်ထားလိမ့်မယ်လို့ အစ်ကိုလည်း မထင်ထားခဲ့ဘူး ....။ ဦးလေး စုကတောင် ဒီသိုင်းကို မသုံးခင် တံခါး(၄)ပေါက်ကို ဖွင့်ဖို့ လိုခဲ့တယ် ...”

“အနန္တဓားသိုင်းဆိုတာက ထိပ်သီးဓားကျင့်စဉ်မှာ ရှိနေတဲ့ သတ်ဖြတ်ရေးသိုင်းကွက် (၉)ကွက်ထဲက တစ်ကွက်ပဲ ...။ အဲဒါက ဓမ္မကာရ အဆင့် သိုင်းပညာတစ်ခုလို့ ပြောလို့ရတယ် ....၊ ကျွန်မရဲ့ဆရာကို နာမည်ကြီးလာစေခဲ့တဲ့ သိုင်းပညာလို့လည်း ပြောလို့ရတယ် ...။ ကျွန်မကတော့ နည်းနည်းလေးပဲ နားလည်ပါသေးတယ် .....။ ကျွန်မရဲ့‌ဆရာကတောင် ဒီသိုင်းပညာကို လုံးဝကျွမ်းကျင်သွားပြီလို့ မပြောနိုင်သေးဘူး."

ကျန်းကျိဝေကတော့ အသေးစိတ် သေချာရှင်းပြလိုက်သည်။

မုန့်ချီက သိုင်းပညာနှင့် ပတ်သက်ပြီး ဗဟုသုတ အနည်းငယ်လေးသာ ရှိကြောင်း သူမက သိနေခဲ့၏။

မုန့်ချီက ကျန်းကျိဝေပြောသည့်အတိုင်း ကျောက်စိမ်းစာအုပ်ကို လှန်ကြည့်နေခဲ့သည်။ ထို့နောက် သူက အနန္တဓားသိုင်းကွက်ဟူသော စာရွက်တွင် ရပ်လိုက်၏။

"အနန္တ ဓားသိုင်းကွက် ...."

ထိပ်သီးဓားကျင့်စဉ်ထဲတွင် သတ်ဖြတ်ရေး ဓားကွက် (၉)ကွက်ထဲမှ တစ်ခု ၊ လဲလှယ်ရမည့်တန်ဖိုး ကံကြမ္မာအမှတ် (၁၈၇၀၀) …”

မုန့်ချီက အလွန်အံ့ဩသွားသလို ခံစားလိုက်ရသည်။

" ဒါက အဓိကသိုင်းကျမ်းတစ်ခုတောင် မဟုတ်သေးဘူး ....။ သိုင်းကွက်တစ်ကွက်တည်းကိုတောင် ဒီလောက်ပေးရတယ် ...။ သိုင်းဂိုဏ်းကြီးတွေရဲ့ ဆက်ခံသူတွေက တကယ့်ကို ကံကောင်းတာပဲ ...”

“ဘယ်လိုပဲဖြစ်ဖြစ်ပါ နားတံခါးကို ဖွင့်ပြီး သွားပြီဆိုရင် ညီမလေးကျန်းက စွမ်းအားတွေကို ဆုံးရှုံးဖို့ မဖြစ်နိုင်တော့ဘူး ...."

ကျန်းယွင်ရှန်က ရိုးရိုးသားသား ပြောလိုက်သည်။

ကျန်းကျိဝေက မေးလိုက်၏။

"ဒါဆိုရင် အစ်ကိုကြီးကျန်းကရော ဘာလုပ်မှာလဲ .....။ အစ်ကိုကြီးကျန်းက ဘာကို အလဲအလှယ်လုပ်ဖို့ စဉ်းစားထားလဲ ...."

မုန့်ချီကတော့ ကျန်းယွင်ရှန်၏ အပြုအမှုကို တိတ်တဆိတ် လေးစားနေခဲ့သည်။ သူ့စိတ်ထဲတွင်လည်း ကံကောင်းသွားသလို ခံစားနေရ၏။

"ငါက မိန်းကလေးကျန်းကို ကံကြမ္မာအမှတ်တွေ ချေးပေးဖို့ မငြင်းခဲ့တာ ကံကောင်းသွားတယ် .... ။ မဟုတ်ရင် ကျန်းယွင်ရှန်က ဒီလောက်ရက်ရောနေတဲ့အတွက် ငါတို့ရဲ့ကြားထဲမှာ ပြဿနာကြီးတစ်ခု တက်နိုင်တယ်.။ လူတိုင်းက ငါ့ကို ကပ်စေးနည်းတဲ့ ကိုရင်တစ်ပါးလို့ မြင်လာလိမ့်မယ်."

ရုတ်တရက်ဆိုသလို မုန့်ချီက ကျန်းကျိဝေ၏ စကားသံကို ကြားလိုက်ရသည်။

"ငါတို့လို သိုင်းဂိုဏ်းကြီးက ဆက်ခံသူတွေအတွက် အရင်းအမြစ်အများကြီး ရှိတယ် ..။ ဒါကြောင့် ငါတို့က ငါတို့ရဲ့ကံကြမ္မာအမှတ်တွေကို ရက်ရက်ရောရော ပေးနိုင်တယ် ..။ ငွေစ (၁၀၀၀) ပိုင်ဆိုင်ထားတဲ့ မိတ်ဆွေသူဌေးတစ်ယောက်က ငွေစ (၁)စပေးတာနဲ့ ငွေစ တစ်စပဲ ပိုင်ဆိုင်ထားတဲ့ မိတ်ဆွေတစ်ယောက်က (၁၀)ပုံ(၁)ပုံပေးလိုက်တဲ့ တန်ဖိုးက အရမ်းကွာတယ် ....။ မိတ်‌ဆွေ (၂)ယောက်လုံးက ကောင်းကြပေမယ့် ငါကတော့ ဒုတိယမိတ်ဆွေမျိုးကိုပဲ ပိုပြီးတော့ လေးစားတယ် ...."

မုန့်ချီက အတော်လေး ဝမ်းသာသွားခဲ့သည်။ သူကတော့ သူကိုယ်တိုင်ပင် မသိလိုက်ပဲ ကျန်းကျိဝေ၏ ရင်ထဲတွင် လေးစားရသော အခြေအနေတစ်ခု ဖန်တီးထားခဲ့မိသည်။ သို့သော် သူ၏ပျော်ရွှင်မှုက ချက်ချင်းပင် သတိထားမှု အဖြစ်ပြောင်းလဲသွားခဲ့၏။

"ဘာလို့ တခြားသူတွေက ကျန်းကျိဝေရဲ့စကားကို မကြားရတာလဲ ...."

ကျန်းကျိဝေက ရယ်လိုက်သည်။

"ငါက ငါ့ရဲ့အသံကို နင်တစ်ယောက်တည်း ကြားရအောင် တိုက်ရိုက်ပြောလိုက်တာလေ.။ ငါက ပါးစပ်တံခါး မဖွင့်ရသေးပေမယ့် ငါ့ရဲ့ အတွင်းအားကို သုံးပြီး လုပ်နိူင်တယ် ..။ အရင်တစ်ခေါက်က အဲဒီလို မသုံးနိုင်ဘူးဆိုတာ ငါက ဒဏ်ရာရနေလို့ပါ ..။ ပြီးတော့ ငါ့ရဲ့အတွင်းအားကို ထိန်းချုပ်ဖို့လည်း ခက်ခဲတယ် ...။ ငါက ဓားနဲ့ တိုက်ခိုက်ဖို့ကိုလည်း အာရုံစိုက်ရသေးတယ်လေ ....."

ကျန်းယွင်ရှန်ကတော့ မုန့်ချီကို ပြောနေသော ကျန်းကျိဝေ၏ စကားကို သေချာပေါက် မကြားနိုင်ပေ။ သူက အပြုံးနှင့် ပြန်ဖြေလိုက်၏။

"ညီမလေးကျန်းပြောသလိုပဲ ..၊ ထိုက်ကျိဓားသိုင်းက ခုခံမှုကို ပိုပြီးတော့ အလေးသာတယ် ....။ တိုက်ခိုက်မှုကို အဓိက အလေးမထားဘူး ...။ ကျန်းဝူဓား(၇)ချက် သိုင်းကျမ်းကတော့ အရမ်းကို ထူးခြားပြီး နားလည်ဖို့လည်း ခက်တယ် ...။ ငါ့ရဲ့ လက်ရှိ အနေအထားအရ အချိန်တိုလေးအတွင်း နောက်ထပ် အဆင့်တက်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး ...။ ဒါကြောင့် ငါက တိုက်ခိုက်မှုကို အလေးသာတဲ့ နောက်ထပ် ‌ဓားသိုင်းတစ်ခုကို တွေ့ထားတယ် ....။ လက်ရှိမှာ ငါက သိုင်းကွက်တစ်ခုကိုပဲ လဲလို့ရတယ် ..…."

"အဲဒါက ဘယ်ဂိုဏ်းက ဓားသိုင်းပညာလဲ ...."

ဓားသိုင်းဟူသော စကားကို ကြားသည့်အခါ ကျန်းကျိဝေက အလွန်အမင်း စိတ်လှုပ်ရှားလာခဲ့သည်။

"ဓားကျောင်းဆောင်က အဲဒီသိုင်းကွက်ကိုတော့ ကောင်းကင်အရိပ် လွှမ်းခြုံမြေကြီး ဓားသိုင်းကွက်လို့‌ ခေါ်တယ် ....။ အဲဒါက မပြည့်စုံသောကောင်းကင် အပိုင်းအစ မြေကြီး ဓားကွက် (၁၀၈)ကွက်ထဲက တစ်ခုလေ ....။ အမှန်အတိုင်း ပြောရရင်တော့ တိုက်ခိုက်မှုအကြောင်း ပြောရမယ်ဆိုရင် ကျိကျန်းစံအိမ်ရဲ့ ဓားသိုင်းပညာတွေက အကောင်းဆုံးပဲ ....။ ဒါပေမယ့် ညီမလေးကျန်းက ဒီနေရာမှာ ရှိနေမှတော့ ငါက ကျိကျန်းစံအိမ်ရဲ့သိုင်းပညာကို အရှက်မရှိ မလဲချင်ဘူးလေ....”

ကျန်းယွင်ရှန်က ပြုံးလိုက်သည်။

ဓားကျောင်းဆောင်ကတော့ မြောက်ပိုင်းကျိုးအင်ပါယာမှ ဂိုဏ်းတစ်ခု ဖြစ်သည်။ ထိုအရာက ဓားဂိုဏ်း(၆)ဂိုဏ်းထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး ကျိကျန်းစံအိမ်ကို ယှဉ်နိုင်သည်ဟု ဆိုနိုင်သည်။

ကျန်းကျိဝေက စဉ်းစားပြီး ပြောလိုက်၏ ။

"မပြည့်စုံသောကောင်းကင် အပိုင်းအစမြေကြီး ဓားသိုင်း(၁၀၈) ကွက်က ဓားကျောင်းဆောင်ရဲ့ အခြေခံ အသက်ဖျက်စီးရေး ဓားသိုင်း(၁၃) သွယ်ကနေ ခွဲထွက်ဆင်းသက်လာခဲ့တာ …။ အဲဒါက ရန်သူရဲ့သေကွင်းသေကွက်တွေကိုပဲ ဦးတည်တိုက်ခိုက်တယ်လို့ ပြောနိုင်တယ်....။ တကယ်လို့ အခွင့်အရေးရမယ် ဆိုရင်တော့ တစ်ချိန်ချိန် အစ်ကိုကြီးကျန်းနဲ့ တိုက်ခိုက်ချင်ပါသေးတယ်...။ ဒါနဲ့ အစ်ကိုကြီးကျန်းရဲ့ကံကြမ္မာ အမှတ်တွေအတွက် ကျေးဇူးတင်ပါတယ်..."

မုန့်ချီက ကျောက်စိမ်းစာအုပ်ကို ကြည့်လိုက်ရာ မပြည့်စုံသောကောင်းကင် အပိုင်းအစမြေကြီး ဓားသိုင်း (၁၀၈)ကွက်က ဝေ့ကျင်း အဆင့် ဓားသိုင်းပညာတစ်ခု ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ထိုအရာက ကံကြမ္မာ အမှတ်(၆၀၀၀) ကုန်ကျမည်ဖြစ်၏။

အကယ်၍ ပင်မဓားသိုင်းနှင့် သိုင်းကွက်များကို ခွဲလိုက်မည်ဆိုလျှင် ပင်မဓားသိုင်းက ကံကြမ္မာအမှတ်(၁၀၀၀) ကျနိုင်ပြီး သိုင်းကွက်များကတော့ သိုင်းကွက်တစ်ခုလျှင် ကံကြမ္မာအမှတ်(၄၀)မှ (၆၀) အသီးသီးရှိသည်။ ကျန်းယွင်ရှန် ရွေးချယ်လိုက်သော သိုင်းကွက်ကတော့ ကံကြမ္မာအမှတ် (၅၀)ဖြစ်ပြီး သူ့ဆီတွင် ကျန်နေသော ကံကြမ္မာအမှတ်နှင့် ကိုက်ညီနေသည်။

"ညီမလေးကျန်းက အစ်ကို့ရဲ့ကံကြမ္မာအမှတ်ကို လက်ခံပေးတာပဲ အဆင်ပြေနေပါပြီ..."

ကျန်းယွင်ရှန်က ပြောလိုက်သည် ။

"ဒါကြောင့် နောက်ပိုင်းမှာ အတိုးနဲ့ ပြန်ပေးနေဖို့လည်း စဉ်းစားမနေပါနဲ့... ။နောက်ထပ်

တာဝန်ပြီးသွားရင် တူညီတဲ့ပမာဏပဲ ပြန်ပေးလို့ရတယ် ...."

ကျန်းကျိဝေနှင့် ချီရှတို့က စဉ်းစားနေကြပြီး မုန့်ချီကတော့ ကောင်းကင်ပေါ်တွင် လွင့်မျောနေသော အဖြူရောင်တိမ်တိုက်များကို မော့ကြည့်လိုက်မိသည်။

"တကယ်လို့ နောက်ထပ်တာဝန်အတွင်း ကျွန်မက သေသွားမယ်ဆိုလျှင်ရော ......"

ကျန်းကျိဝေက ဟာသနှော၍ မေးလိုက်သည်။

ကျန်းယွင်ရှန်က ခေါင်းခါပြီး အပြုံးနှင့် ပြောလိုက်၏။

"ဒါဆိုရင်လဲ ငါက ညီမလေးကျန်းရဲ့ အစွမ်းကို မှန်မှန်ကန်ကန် မဆုံးဖြတ်နိုင်တဲ့အပြစ်လို့ပဲ သတ်မှတ်ရမှာပေါ့လေ..."

ကျန်းကျိဝေက ထပ်မပြောတော့ပဲ မုန့်ချီကိုပြောလိုက်သည် ။

"ကိုရင်လေး ဘယ်သိုင်းပညာကို ရွေးချယ်မလဲဆိုတာ စဉ်းစားပြီးသွားပြီလား... "

မုန့်ချီက ခေါင်းညိတ်ပြလိုက်ပြီး ကျောက်စိမ်းစာအုပ်ကို လက်ညှိုးထိုးပြလိုက်သည်။ "အစ်ကိုကြီးကျန်းနဲ့ မိန်းကလေးကျန်းတို့ရဲ့ အကြံပေးချက်အရ သံချပ်ဝတ်အင်္ကျီကျင့်စဉ်၊ နတ်ဘုရားခြေလှမ်း(၈)သွယ်နဲ့ ကျား(၅)ကောင် တံခါးဖျက်စီးခြင်း ဓားသိုင်းပညာကို လဲလှယ်ဖို့ ရွေးချယ်ထားတယ်။ အဲဒါတွေက ကံကြမ္မာအမှတ် (၂၀) (၃၀)အသီးသီး ရှိတယ်။ အမှန်အတိုင်းပြောရရင်တော့ ကျွန်တော်က ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်ရဲ့ ပထမအဆင့်(၃)ဆင့်ကို လဲလှယ်ချင်တာ ။ ဒါပေမယ့် အဲဒါဆိုရင် ကံကြမ္မာအမှတ်(၁၂၀) ကုန်လိမ့်မယ်....။ ဒါကြောင့် ကျွန်တော်က နောက်ထပ်တစ်ကြိမ် တာဝန်ရောက်လာမယ့်အချိန်ကိုပဲ စောင့်ရတော့မယ်...."

သူက ရှောင်လင်၏ အလွန်ထူးခြားသော သိုင်းပညာတစ်ခုဖြစ်သည့် ရွှေခေါင်းလောင်းအကာအကွယ် ကျင့်စဉ်ကို ပြောဆိုနေခြင်း ဖြစ်သည်။ ထိုသိုင်းပညာ၏ ပထမဆုံးအဆင့်(၄)ဆင့်က ချီစုဆောင်းခြင်းအဆင့်ဖြစ်ပြီး ကံကြမ္မာအမှတ်(၂၀)၊ (၄၀) ၊(၆၀) နှင့် (၁၀၀)ဟူ၍ အသီးသီး လိုအပ်သည်။

ရွှေခေါင်းလောင်းအကာအကွယ်၏ တစ်ခြားသော သိုင်းကွက်များက ဈေးပေါသော်လည်း အကျိုးသက်ရောက်မှုမရှိချေ။ အကယ်၍ လူတစ်ယောက်က မုန့်ချီပြောသော ရွှေခေါင်းလောင်းအကာအကွယ် သိုင်းကွက် (၁၂)ကွက်လုံးကို တတ်မြောက်သွားမည်ဆိုလျှင် ပြိုင်ဘက်ကင်းဓမ္မ ကာရရွှေခန္ဓာကို ရရှိနိုင်သည်။ သူ့ကို ထိခိုက်အောင် လုပ်နိုင်သောအရာလည်း မရှိတော့ချေ ။

ချပ်ဝတ်အင်္ကျီကျင့်စဉ် ဟူသည်မှာတော့ ရွှေခေါင်းလောင်း အကာအကွယ်မှ ဆင်းသက်လာပြီး သင်ယူရလွယ်ကူသော ကျင့်စဉ်တစ်ခု ဖြစ်သည်။ ထိုအရာက ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်၏ ပထမအဆင့် ကျင့်စဉ်(၃)မျိုးနှင့် တူညီသောအကျိုးအာနိသင်ရှိသည်။

ရှောင်လင်သိုင်းပညာက သင်ယူသူများကို အခြေခံခိုင်မာအောင် လုပ်ဆောင်ပြီးမှသာ တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းစေခြင်း ဖြစ်သည်။ ပထမဆုံးအဆင့်(၃)ဆင့်ကို ပြီးဆုံးမှသာ သင်ယူသူက သာမာန်လက်နက်များ၏ တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိနိုင်မည် ဖြစ်သည်။

ထို့ကြောင့် အချိန်တိုလေးအတွင်း တိုးတက်မှုကို လိုအပ်နေသော မုန့်ချီအတွက်တော့ ရွှေခေါင်းလောင်းအကာအကွယ်၏ ပထအဆင့်(၃)ဆင့်အစား သံချပ်ဝတ်အင်္ကျီကျင့်စဉ်ကို ရွေးချယ်လိုက်ခြင်းကသာ ပို၍ အဆင်ပြေသည်။

ထို့ပြင် သံချပ်ဝတ်အင်္ကျီကျင့်စဉ်က ရွှေခေါင်းလောင်းအကာအကွယ်အဖြစ် အသွင်ပြောင်း၍ ရနိုင်သေးသည်။ အနာဂတ်တွင် မုန့်ချီက ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်ကို သင်ယူရန် စဉ်းစားထားသည့်အတွက် ထိုအရာကို သင်ကြားထားခြင်းက အနာဂတ်အတွက် ပို၍လွယ်ကူနိုင်သည်။

ထိုအရာက သေချာရွေးချယ်ထားခြင်းဖြစ်ပြီး မုန့်ချီ ရွေးချယ်ထားသော သိုင်းပညာများအားလုံးက သူ၏ကံကြမ္မာအမှတ်များအားလုံး ကုန်ဆုံးလုနီးပါး ဖြစ်သွားခဲ့၏။

အမှန်အတိုင်းပြောရလျှင် မုန့်ချီက ဝေရှောင်ပေါင် သင်ကြားခဲ့သော နတ်ဘုရားပြောင်းလဲမှု (၁၀၀)ဟူသောအရာကို လဲလှယ်လိုခြင်းဖြစ်သည်။ ထိုအရာက သိုင်းပညာအနည်းငယ်လေးသာ တတ်မြောက်သော လူတစ်ယောက်ကို အန္တရာယ်ထဲမှနေ၍ အကြိမ်ပေါင်းများစွာ ထွက်ပြေးနိုင်အောင် ကူညီပေးနိုင်၏။

ကိုယ်ဖော့ပညာက အမှန်တကယ်ကို ထူးခြားလှသည်။ ထိုအရာက အဆုံးသတ်ခြင်း သိုင်းပညာတစ်ခု‌ ဖြစ်သော်လည်း ချီစုဆောင်းခြင်းအဆင့်တွင်တော့ အစွမ်းထက်ဆုံး သိုင်းပညာများထဲမှ တစ်ခုဟု သတ်မှတ်နိုင်၏။ ထိုအရာက ကံကြမ္မာအမှတ်(၁၀၀) ကုန်ဆုံးနိုင်သည့်အတွက် မုန့်ချီက စိတ်ပျက်လက်ပျက်နှင့် လက်လျော့လိုက်ရသည်။

သူက နတ်ဘုရားခြေလှမ်း(၈)သွယ်ကို ရှာတွေ့ခဲ့သည်မှာ ကံကောင်းသွားသည်။ ထိုအရာကတော့ နတ်ဘုရားပြောင်းလဲမှု(၁၀၀)၏ ရိုးရှင်းသောပြောင်းလဲမှုဟုလည်း ပြောထားကြသည်။ အကယ်၍ သင်ယူသူကသာ အလွန်ထူးချွန်ထက်မြက်မည်ဆိုလျှင် နတ်ဘုရားခြေလှမ်း(၈)သွယ်ကို သင်ယူပြီး နတ်ဘုရား‌ပြောင်းလဲမှု(၁၀၀)ကိုပင် တိုက်ရိုက်နားလည်နိုင်စွမ်းရှိသည်။

"သိုင်းကျမ်းတွေကို လဲလှယ်ဖို့လား။ နင့်မှာ လေ့ကျင့်ဖို့ အချိန်ရောရှိလို့လား ...."

ချီရှက ရုတ်တရက်မေးလိုက်သည်။

မုန့်ချီက ခေါင်းခါပြလိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

“တကယ်လို့ အချိန်တစ်နှစ်ရမယ်ဆိုရင်တော့ ပြဿနာမရှိဘူး ။ ဒါပေမယ့် ဉာဏ်ကောင်းမယ်ဆိုရင်တော့ နတ်ဘုရားခြေလှမ်း(၈)သွယ်ကို သင်ယူဖို့ လွယ်ပါတယ်။ ဒါကြောင့် တစ်လအတွင်း ငါက အခြေခံတွေကိုပဲ သင်ဖို့ ဆုံးဖြတ်ထားတယ်.…။ အခြေခံ ဓားမောက်သိုင်းပညာကိုတော့ အရင်ဆုံး သင်ချင်တယ်...။ ဒါကြောင့် တစ်လဆိုရင် လုံလောက်ပါတယ်..."

ကျန်းကျိဝေက သေချာစဉ်းစားပြီး ပြောလိုက်သည်။

"ဒါဆိုရင်လည်း သံချပ်ဝတ်အင်္ကျီကျင့်စဉ်ကို လဲလှယ်လိုက်လေ။ တကယ်လို့ အဲဒီ အကာအကွယ်ကျင့်စဉ်ကို ကျွမ်းကျင်သွားမယ်ဆိုရင် အနိမ့်ဆုံးအဆင့်မှာတော့ ပညာရှင်တစ်ယောက်လို့ သတ်မှတ်နိုင်ပြီ....။ ဓားမောက်သိုင်းပညာကတော့ ငါ့ဂိုဏ်းကို ပြန်ရောက်ရင် နင့်အတွက် သင့်တော်တဲ့ သိုင်းကျမ်းတစ်ခုကို ရှာကြည့်လိုက်ဦးမယ်....။ ဂိုဏ်းသားတွေဆီမှာ အလွယ်တကူတွေ့နိုင်တဲ့ သာမာန်ဓားသိုင်းကျမ်းတစ်ခုခုဆိုရင် အဆင်ပြေမှာပါ…”

"အလွယ်တကူတွေ့နိုင်တာလား..."

မုန့်ချီကတော့ ဘာပြောရမှန်းပင် မသိတော့ချေ။

သံချပ်ဝတ်အင်္ကျီကျင့်စဉ်ကို တိုက်ရိုက်လေ့ကျင့်စေခြင်းက သူ၏မူလကံကြမ္မာအမှတ်ကို (၂)ဆ ကုန်ဆုံးသွားစေနိုင်သည်။ ကျန်ရှိနေသော ကံကြမ္မာအမှတ်ကတော့ နတ်ဘုရားခြေလှမ်း(၈)သွယ် လဲလှယ်ရန်သာ လုံ‌လောက်တော့၏။

"ညီမလေးကျိဝေ …

ကျိကျန်းစံအိမ်ကို‌ပြန်ရောက်ပြီးသွားရင် ရှောင်လင်ကို နောက်တစ်ကြိမ် ပြန်လာဖို့ အခွင့်အရေးရှိဦးမှာလား...။ ပြီး‌တော့ သွားလိုက်ပြန်လိုက်နဲ့ အချိန်အများကြီးကုန်နေမှာပေါ့..."

ချီရှက အပြုံးနှင့်ပြောလိုက်သည်။

"ကံကောင်းထောက်မပြီး ငါက သိုင်းကျမ်းတွေ ဖတ်ရတာ ဝါသနာပါသလို မှတ်ဉာဏ်လည်းကောင်းတယ်။ တကျန်းဂိုဏ်းမှာ သာမာန်သိုင်းကျမ်းတွေ အများကြီး စုဆောင်းထားတယ်....။ ငါက ကိုရင်လေး ကျန်းတင်အတွက် သိုင်းကျမ်းတစ်ခုကို ချရေးပေးလို့ ရပါတယ်..."

သူမက ပြုံးလိုက်သည်။

"အစ်ကိုကြီးကျန်းနဲ့ ညီမလေးကျိဝေတို့က ဂိုဏ်းအသီးသီးမှာ သိုင်းပညာကို လေ့ကျင့်ဖို့အတွက်ပဲ အာရုံစိုက်သင့်တယ်....။ သာမာန်သိုင်းပညာနဲ့ ပတ်သက်တဲ့အရာတွေက နှစ်ယောက်လုံးအတွက် တော်တော်လေးခက်တယ် ...."

"ဟုတ်တယ်။ ငါက တိုက်ပွဲအတောအတွင်း ငါ့ဆရာပြောပြတဲ့ သိုင်းပညာအကြောင်းကိုပဲ ကြားဖူးတာ.."

ကျန်းယွင်ရှန်က ရိုးရိုးသားသား ခေါင်းညိတ်ပြလိုက်သည်။

"ဒါကြောင့် ဒီလိုအသုံးမဝင်တဲ့ သိုင်းကျမ်းတွေနဲ့ ပတ်သတ်ရင် ကျွန်မက အစ်ကိုကြီးကျန်းထက် ပိုပြီးတော့ အသုံးဝင်တယ် ..."

ချီရှက ကျန်းယွင်ရှန်ကို ကြည့်ပြီး အပြုံးနှင့် ပြောလိုက်သည်။

"ကျွန်မဆီမှာ သိုင်းကျမ်းတစ်ချို့ရှိနေတယ်....။ ကျွန်မက အဲဒါတွေကို သံသရာ အရှင်သခင်ဆီပေးပြီး ကံကြမ္မာ(၅၀)နှင့်လဲဖို့ စဉ်းစားထားတာ ..။ တကယ်လို့ အဲဒါကို ပြန်ပြီးစဉ်းစားလိုက်မယ်ဆိုရင်တော့ သိုင်းကျမ်းတစ်ခု အလွယ်တကူ ရလာမှာပါ ..။ ကံကောင်းထောက်မပြီး အဲဒီထဲမှာ ဓားမောက်သိုင်းကျမ်းတစ်ချို့လည်း ကျန်နေသေးတယ် ...။ ကျား (၅)ကောင် တံခါးဖျက်စီးခြင်း ဓားသိုင်းပညာကလည်း တစ်ခု အပါအဝင်ပဲ .....။.သံသရာအရှင်သခင်ရဲ့စကားအရ သူ့ဆီက လဲထားတဲ့ သိုင်းပညာကို အချင်းချင်း သင်ပေးလို့မရဘူး ...။ သူ့ဆီက ပေးတာမဟုတ်တဲ့ သိုင်းကျမ်းကိုတော့ အချင်းချင်း သင်ပေးလို့ရတယ်။ သင်ကြားပေးတဲ့ လူတစ်ယောက်အတွက် ပြန်လဲရင် တန်ဖိုးထက်ဝက် လျော့သွားမှာပဲ ရှိတယ် ..."

ကျန်းကျိဝေနှင့် ကျန်းယွင်ရှန်တို့က ခေါင်းညိတ်ပြလိုက်သည်။ သူတို့က မည်သည့်စကားမျှ ထပ်မပြောတော့ပေ။ လက်ရှိအချိန်တွင် သူတို့က မာနကြီးနေသေးပြီး ကံကြမ္မာအမှတ်အတွက် သူတို့ဂိုဏ်း၏ သိုင်းပညာများကို လဲလှယ်ရန် မဖြစ်နိုင်ပေ။ အကယ်၍ ထိုအရာက သံသရာအရှင်သခင်ဆီ၌ ရှိနေသော သိုင်းပညာတစ်ခု ဖြစ်နေလျှင်ပင် သူတို့ကတော့ မလဲနိုင်ကြပေ။

တစ်ဖက်တွင‌်တော့ ချီကျန်းရန်က သူ့ဓားကို ကြည့်ပြီး လေးလေးနက်နက် စဉ်းစားနေပုံရ၏။

"အစ်မကြီးချီက ဓားသိုင်းကျမ်းတစ်ခု ပေးနိုင်တယ်ဆိုမှတော့ ကိုရင်လေးရဲ့ လဲလှယ်မှုက ဆုံးဖြတ်ပြီးသွားပြီ ....။ အရင်ဆုံး သူလဲတာကို စောင့်ကြည့်ကြရင် မကောင်းဘူးလား.."

ကျန်းကျိဝေက စဉ်းစားပြီး ပြောလိုက်သည်။

"သဘောတူတယ် ...."

တခြားလူများကလည်း ငြင်းဆန်နေခြင်း မရှိကြပေ။

မုန့်ချီကတော့ အလွန်စိတ်လှုပ်ရှားနေသလို ခံစားနေရ၏။ အဖြူရောင် ကျောက်စိမ်းမြေကွက်လပ်၏ အလယ်တွင် ကောင်းကင်ပေါ်မှနေ၍ ကျဆင်းလာသော အလင်းတန်းတစ်ခု ရှိနေသည်။ ထို့ကြောင့် ပတ်ဝန်းကျင်က အလွန် ကြီးကျယ် ခမ်းနားသလို ထင်မှတ်နေရ၏။

မုန့်ချီက အလင်းတန်းဆီသို့ လျှောက်သွားပြီး သူ့ရှေ့တွင် ပေါ်လာသော စာရင်းထဲမှ သံချပ်ဝတ်အင်္ကျီကျင့်စဉ် အလိုလို သင်ယူခြင်းဟူသော စကားလုံးကို ရွေးချယ်လိုက်လေသည်။

Translated by Hein Htet

All Chapters