← Chapters

အခန်း (၁၈)

Vol. 2 Ch. 18

အခန်း (၁၈)

Vol. 2 Ch. 18

တခဏအတွင်း အလင်းတိုင်လုံးထဲတွင် အလင်းစက်ပေါင်းများစွာ ပေါ်လာခဲ့သည်။ ထိုအလင်းစက်များက ပိုးစုန်းကြူးများကဲ့သို့ ဖြစ်လာပြီး မုန့်ချီ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံ၍ ခန္ဓာကိုယ်ထဲမှ ဝင်လိုက်ထွက်လိုက် ဖြစ်နေကြသည်။

မုန့်ချီကတော့ အလွန်အမင်း နာကျင်နေသလို ခံစားနေရပြီး သူ၏ကြွက်သားများ၊ အရေပြားများက စုတ်ပြဲသွားမတတ် ဖြစ်နေခဲ့သည်။ ဒန်တျန်ထဲရှိ နာကျင်မှုကလည်း ခံစား၍ မရနိုင်ခဲ့ပေ။ သို့သော် သူ၏ခန္ဓာကိုယ်ကို အမည်မသိ စွမ်းအားတစ်ခုက ထိန်းချုပ်ထားသည့်အတွက် လှုပ်ရှား၍ မရပေ။

စကားတစ်ခွန်းမျှလည်း မပြောနိုင်သည့်အတွက် နာကျင်မှုကို တိတ်တဆိတ် ခံစားနေရသည်။ သူကတော့ ငရဲကြီး(၈)ထပ်တွင် ဒုက္ခခံနေရသလို ခံစားနေရ၏။

နာကျင်မှုက မုန့်ချီ၏ ခံနိုင်ရည် အထွဋ်အထိပ်ကို ရောက်လာပြီး သတိလွတ်သွားတော့မည့် အချိန်တွင် ဗိုက်အောက်ပိုင်းမှနေ၍ အနွေးစီးကြောင်းတစ်ခုကို ခံစားမိလိုက်သည်။ သူ၏ အကြီးမားဆုံး သွေးကြောမှတ်ကြီးများက သဘာဝအတိုင်း စီးဆင်းလာပြီး လမ်းကြောင်းတစ်ခုထဲတွင် စုစည်း၍ ဒန်တျန်ထဲကို ဝင်ရောက်လာခဲ့သည်။ ထို့နောက် သန့်စင်သွားခဲ့သည်။

ချီစွမ်းအင်များက မတူညီသော လမ်းကြောင်းများမှတဆင့် သက်ဆိုင်ရာသွေးကြောမှတ် အသီးသီးဆီသို့ ရောက်လာမှသာ မုန့်ချီ၏ဒန်တျန်ထဲတွင် အနွေးဓါတ်ကို ခံစားမိခဲ့သည်။ ထိုအနွေးဓါတ်က လှည့်ပတ်နေသည့်အချိန်တွင် တိကျသော ချီလမ်းကြောင်းများအတိုင်း မုန့်ချီ၏ သွေးကြောမှတ်များနှင့် ဆက်သွယ်ထားခဲ့၏။

ထိုအရာများက ဆက်လက်ကြီးထွားလာနေပြီး သွေးကြောမှတ်များကို သန့်စင်၍ အနာဂတ်တွင် နောက်တစ်ကြိမ် သန့်စင်မှုအတွက် ပြင်ဆင်ထားခဲ့သည်။ ရလာဒ်အနေနှင့် မုန့်ချီက ထိုချီစွမ်းအားများ လည်ပတ်သွားသည့် လမ်းကြောင်းကို ခေါင်းထဲတွင် သေချာ မှတ်သားထားခဲ့သည်။

အလင်းစက်များ ပျောက်ကွယ်သွားသည့် အချိန်တွင် နာကျင်မှုလည်း ပျောက်ကွယ်သွားခဲ့၏။ သို့သော် ထိုခံစားမှုကိုတော့ အချိန်တော်တော်ကြာသည့်တိုင်အောင် မေ့လျော့သွားခြင်း မရှိဘဲ မုန့်ချီ၏ ခေါင်းထဲတွင် ရှိနေခဲ့၏။

“လဲလှယ်ခြင်း ပြီးဆုံးသွားပြီ…”

ရလဒ်အနေနှင့် သံသရာ အရှင်သခင်၏ လေသံကတော့ လှုပ်ရှားခဲ့ခြင်း မရှိချေ။ မုန့်ချီကတော့ အလင်းတိုင်လုံးထဲတွင်သာ ရပ်နေသေး၏။ သူက ခြေထောက်နှင့် လက်ကို လှုပ်ရှားကြည့်လိုက်ရာ သူ့ဆီတွင် ယခင်တုန်းကထက် ပို၍များပြားသော စွမ်းအားများကို ခံစားမိခဲ့သည်။

ထို့နောက် သူ၏ခန္ဓာကိုယ်ကို လက်နှင့် ပုတ်ကြည့်လိုက်ရာ အလွန်ထူထဲသော အင်္ကျီစတစ်ခုကို ကိုင်မိခဲ့သလို ခံစားနေရသည်။

“ဟမ်…”

မုန့်ချီက စိတ်သက်သာရာ ရသွားခဲ့သည်။ ကြည့်ရသည်မှာ ခန္ဓာကိုယ်အကာအကွယ်က ပြဿနာ ရှိပုံမရချေ။ သူက ဒန်တျန်ထဲတွင် ရှိနေသော ချီစွမ်းအင်များကို ထုတ်သုံးရန် ကြိုးစားလိုက်ပြီး ခန္ဓာကိုယ်ထဲတွင် နှစ်ပတ်ခန့် လှည့်ပတ်ကြည့်လိုက်သည်။

“အရာအားလုံး အဆင်ပြေရဲ့လား…”

ကျန်းကျိဝေက အလင်းတိုင်လုံး၏ အပြင်ဘက်မှနေ၍ စိုးရိမ်စွာ မေးလိုက်၏။

မုန့်ချီက ခေါင်းညိတ်ပြလိုက်သည်။

“အောင်မြင်သွားတယ် ထင်တယ်…”

သူပြောလိုက်ပြီးနောက် ချီစုဆောင်းရေးအဆင့် သိုင်းပညာဟူသော စာမျက်နှာသို့ လှန်လိုက်ပြီး နတ်ဘုရားခြေလှမ်း(၈)သွယ်ကို ရွေးချယ်လိုက်သည်။ ပါဝင်နေသော အရာများကို ဖတ်ရှုလိုက်ပြီးနောက် ထိုအရာက ကိုယ်ဖော့ပညာတစ်ခုဖြစ်ကြောင်း မုန့်ချီက သေချာသွားခဲ့သည်။ ထို့နောက် ဆက်ဖတ်မနေတော့ပဲ သိုင်းကျမ်းကို သူ၏အင်္ကျီထဲသို့ ထည့်သိမ်းလိုက်ပြီး အလင်းတိုင်လုံးထဲမှ ထွက်လာခဲ့သည်။

“ဒီသံသရာအရှင်သခင်က သူပြောတဲ့စကားအတိုင်း တကယ် လုပ်ပေးတာပဲ…”

မုန့်ချီက ကျန်းကျိဝေ၊ ကျန်းယွင်ရှန်နှင့် တခြားသူများကို ပြောလိုက်သည်။

ကျန်းကျိဝေက ခေါင်းညိတ်ပြလိုက်ပြီး အပြုံးနှင့် ပြောလိုက်၏။

“ကိုရင်လေး အချိန်တိုင်းမှာ သတိထားဖို့လိုတယ်။ အရင်ဆုံး သံချပ်ဝတ်အင်္ကျီရဲ့ အရည်အသွေးကို စမ်းသပ်ကြည့်ရင် မကောင်းဘူးလား…”

“ကောင်းတယ်…”

မုန့်ချီကတော့ သူ၏အသက်ကိုမထိခိုက်လျှင် မည်သည့်အရာကိုမျှ ဂရုမစိုက်ချေ။ သံချပ်ဝတ်အင်္ကျီက ခန္ဓာကိုယ်အကာအကွယ်တစ်ခုဖြစ်ပြီး သူ၏အရေပြား ကြွက်သားများနှင့် ပေါင်းစပ်ထားသော်လည်း ထိုအရာ အသုံးချရန် ချီစွမ်းအင် လှည့်ပတ်ပေးရန် မလိုအပ်ချေ။

သို့သော် မုန့်ချီကတော့ သံချပ်ဝတ်အင်္ကျီ၏အကျိုးအာနိသင်ကို အမြင့်ဆုံးသုံးနိုင်ရန်အတွက် သူ၏ချီစွမ်းအင်များကို လှည့်ပတ်နေသေးသည်။ သူက ချီစွမ်းအင်များကို လှည့်ပတ်နေသည့်အချိန်တွင် မျက်လုံးထဲ၌ တစ်စုံတစ်ခုကို မြင်လိုက်ရသည်။

မြင်လိုက်ရသည်မှာ ကြွေကျနေသော ကြယ်တစ်စင်းကဲ့သို့ တောက်ပလာသော ဓားအလင်းတန်းတစ်ခု ဖြစ်သည်။ သူက မလှုပ်ရှားရသေးခင် ဓားက သူ၏ဘယ်ဘက်ပုခုံးကို ထိုးလိုက်ပြီးသားဖြစ်သည်။ ထိုဓားဆီမှ အသံတစ်ခု ထွက်ပေါ်လာပြီး သံပြားတစ်ခုကို ထိုးလိုက်မိသလိုအသံမျိုး ဖြစ်သည်။

ဓားထိပ်ဖျားက မုန့်ချီ၏ပုခုံးကို ထိုးစိုက်မိသွားပြီး သူကတော့ နာကျင်မှုအနည်းငယ်သာ ခံစားလိုက်ရသည်။ ဓားကို ရုတ်သိမ်းလိုက်ပြီးနောက် ထိုနေရာမှနေ၍ သွေးစက်တစ်စက် ကျဆင်းလာခဲ့၏။

ကျန်းကျိဝေက သူမ၏ဓားကို ရုတ်သိမ်းလိုက်ပြီး ဓားထိပ်ဖျားမှ သွေးစက်လေးကို သုတ်လိုက်သည်။ သူမက ခေါင်းညိတ်ပြလိုက်၏။

“ဒီသံချပ်ဝတ်က တကယ်ပဲ အစစ်အမှန်လို့ ပြောလို့ရတယ်။ ငါက ငါ့ရဲ့စွမ်းအား(၄၀)ရာခိုင်နှုန်းကို သုံးခဲ့တယ်။ ပြီးတော့ ငါ့ရဲ့နေဖောက်သက်တန့်ဓားကလည်း အစွမ်းထက်ဆုံး လက်နက်အဆင့်မှာ ရှိတယ်လို့ ပြောလို့ရတယ်။ ကြည့်ရတာ ငါက နင့်ရဲ့သံချပ်ဝတ်ကို အမှန်တကယ် ထိုးဖောက်ချင်တယ်ဆိုရင် စွမ်းအား(၅၀)ရာခိုင်နှုန်းလောက် သုံးရမယ်ထင်တယ်…”

“အရမ်းကောင်းတယ်…

သူက ကျန်းကျိဝေ၏ စွမ်းအားတစ်ဝက်ကိုသာ ခံနိုင်ရည်ရှိသော်လည်း မုန့်ချီကတော့ အလွန်ကျေနပ်နေခဲ့သည်။ မကြာသေးခင်အချိန်တွင်တော့ သူက သူမ၏စွမ်းအား (၁၀)ရာခိုင်နှုန်းကိုပင် ခံနိုင်ရည်မရှိခဲ့ပေ။

ကျန်းယွင်ရှန်ကလည်း ဖြစ်စဉ်တစ်ခုလုံးကိုကြည့်ပြီး အလွန်ကျေနပ်နေခဲ့၏။ သူက အပြုံးနှင့် ပြောလိုက်သည်။

“ချီစုဆောင်းရေးအဆင့်ကို တစ်ဝက်ပဲ ရောက်သေးတဲ့ သာမှန်သိုင်းလောကသား တစ်ယောက်က လက်နက်ကောင်းတစ်ခုနဲ့ မင်းကို အစွမ်းကုန် မတိုက်မချင်း အမှန်တကယ် ထိခိုက်အောင် မလုပ်နိုင်တော့ဘူး။ ဒါပေမယ့် ညီလေးကျန်းတင်၊ ချီစုဆောင်းရေးအဆင့်ကို အောင်မြင်ပြီးသား လူတစ်ယောက်နဲ့ ရင်ဆိုင်ရမယ်ဆိုရင်တော့ မင်းက ဂရုစိုက်ဖို့ လိုသေးတယ်။ မင်းက ကိုယ့်ကိုယ်ကို အနာခံစွန့်စားပြီး တိုက်ပွဲကို မြန်မြန်ပြီးဆုံးအောင်လုပ်ဖို့ အကောင်းဆုံး ကြိုးစားသင့်တယ်…”

“ကျေးဇူးတင်ပါတယ် အစ်ကိုကြီးကျန်း…”

ကျန်းယွင်ရှန် ဆိုလိုသည့်အဓိပ္ပါယ်ကို မုန့်ချီက သိနေသည်။ သူ၏အခြေခံသံချပ်ဝတ်အင်္ကျီက ချီစုဆောင်းရေးအဆင့်အောင်မြင်ပြီးသား လူတစ်ယောက်၏ တိုက်ခိုက်မှုကို တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။

ထိုသို့ဆိုရာတွင် တိုက်ခိုက်မှုကတော့ အားနည်းသွားစေနိုင်သေး၏။ ထို့ကြောင့် သူက တိုက်ပွဲထဲတွင် ထိုအခွင့်အရေးကို အရယူပြီး ဒဏ်ရာနည်းနည်းနှင့် ရန်သူကို ဒဏ်ရာကြီးကြီးမားမားရအောင် ပစ်မှတ်ထားရမည် ဖြစ်၏။

ထိုအချိန်တွင် ချီရှက တိုးတိုးလေးရယ်ပြီး ပြောလိုက်သည်။

“ကိုရင်လေးကို ကိုယ့်ကိုယ်ကို အရမ်းအထင်ကြီးသွားအောင်လည်း မပြောကြပါနဲ့ဦး…”

သူမက မုန့်ချီကို ကြည့်လိုက်သည်။

“သံချပ်ဝတ်အင်္ကျီမှာ အားနည်းချက်တွေ အများကြီး ရှိနေသေးတယ်။ နင်လည်း အဲဒါကိုသိနေမှာပဲ။ ဒါကြောင့် တိုက်ပွဲထဲမှာ ရန်သူတွေကို သေချာပေါက် ဂရုစိုက်သင့်တယ်။ ပြီးတော့ မတူညီတဲ့လက်နက်တွေအပေါ် မူတည်ပြီး သံချပ်ဝတ်အင်္ကျီအပေါ် ထိခိုက်မှုကလည်း ကွဲပြားတယ်။ အဲဒီအကြောင်းကို သေချာလေ့လာထားရင်တော့ ပိုပြီးကောင်းတယ်…”

သူမကလည်း ကျန်းကျိဝေ၏ ခေါ်ဆိုမှုအတိုင်း မုန့်ချီကို ကိုရင်လေးဟုသာ ခေါ်နေခဲ့သည်။

မုန့်ချီက အလေးအနက် ခေါင်းညိတ်ပြလိုက်၏။ ချီရှပြောနေသည်မှာ အကြွင်းမဲ့ မှန်ကန်နေကြောင်း သူသိနေသည်။ သူ၏မျက်လုံး၊ ဦးခေါင်းနှင့် ပေါင်ကြားနေရာက သံချပ်ဝတ်အင်္ကျီ ကာကွယ်ထားခြင်း မရှိသော အားနည်းချက်များ ဖြစ်သည်။

သံချပ်ဝတ်အင်္ကျီက လက်သီးချက်များကို ခုခံရန် ဖန်တီးထားသော အကာအကွယ် ချပ်ဝတ်အင်္ကျီတစ်ခုသာ ဖြစ်သည်။ ထိုအရာက တင်းပုတ်ကဲ့သို့သော လက်နက်များကို ခုခံရန် အတော်လေး ကောင်းမွန်သော်လည်း တစ်ဖက်တွင်တော့ ဓားရှည်နှင့် ဓားမောက်များ၏ တိုက်ခိုက်မှုကို ရင်ဆိုင်သည့်အချိန်တွင်တော့ ပို၍အားနည်းသည်။

“ဒီမှာ …ကျား(၅)ကောင် တံခါးဖျက်ဆီးခြင်း ဓားပညာသိုင်းကျမ်း…”

ချီရှက မီးခိုးရောင်မျက်နှာဖုံးနှင့် သိုင်းကျမ်းတစ်ခုကို ပေးလိုက်သည်။

မုန့်ချီက သူမကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်‌လိုက်၏။ သူက စာရွက်များကို သေချာလှန်ကြည့်ပြီးနောက် သိုင်းကြမ်းကို သိမ်းထားလိုက်သည်။

တစ်ချိန်တည်းတွင် ကျန်းကျိဝေက အလင်းတိုင်လုံးဆီသို့ လျှောက်သွားပြီး လဲလှယ်ရမည့် စာရင်းကို ဖွင့်လိုက်သည်။ သူမကတော့ ကောင်းကင်တံခါးဆေးလုံး ရှိနေသော စာမျက်နှာကို တည့်တည့်တိုက်ရိုက်လှန်သွားခဲ့ခြင်း မရှိဘဲ အစမှနေ၍ ဖတ်နေခဲ့၏။

သူမက ထိုစာရင်းကို ဖတ်ကြည့်နေရင်း‌ ကောင်းကင်လှည့်စားမှု(၇)သွယ် အထွဋ်အထိပ်ဓားပညာ၊ ပကတိ ဓားသိုင်းပညာ(၁၃) ကွက်၊ သက်တမ်းရှည် အင်မော်တယ် ဓားသိုင်းပညာ၊ အဆုံးသတ်တိုက်ပွဲ ဓားသိုင်းပညာ၊ အမှန်တရားရှာဖွေခြင်း ဓားသိုင်းပညာ၊ တည်ငြိမ်ခြင်း(၉)သွယ် ဓားသိုင်းပညာနှင့် အခြားသိုင်းပညာများကိုမြင်သည့်အချိန်တွင် ငြိမ်သက်သွားခဲ့သည်။

သူမ၏မျက်လုံးထဲတွင်တော့ စိတ်လှုပ်ရှားမှုများ အာရုံစူးစိုက်မှုများ ပြည့်နှက်နေခဲ့၏။ သူမက တိုးတိုးလေး သက်ပြင်းချလိုက်ပြီးနောက် ကောင်းကင်တံခါးဆေးလုံး ရှိနေသော စာမျက်နှာကို လှန်လိုက်သည်။

“ပြီးသွားပြီ…”

သူမက အလင်းတိုင်လုံးထဲမှနေ၍ ဖယောင်းထဲတွင် ပိတ်ထားသော ဆေးလုံးလေးတစ်လုံးကို ထုတ်လာခဲ့သည်။ သူမက ထိုဖယောင်းတံဆိပ်ကို လက်သည်းလေးနှင့် ဖွင့်လိုက်ရာ အလွန်ကြည်လင်သောရနံ့တစ်ခုက ပတ်ပတ်လည်သို့ ပျံ့နှံ့သွားခဲ့၏။

ထိုရနံ့ကို အနံ့သေချာရှုကြည့်လိုက်ပြီးနောက် သူမက ခေါင်းညိတ်ပြလိုက်သည်။

“ဒါက တကယ့်ကို ကောင်းကင်တံခါးဆေးလုံး အစစ်ပဲ…”

ကျန်းယွင်ရှန်ကလည်း ပြုံးလိုက်ပြီး သူမဆီသို့ လျှောက်လာခဲ့သည်။ သူကလည်း အရိပ်ကောင်းကင် လွှမ်းခြုံမြေကြီးဓားသိုင်းကွက်ကို လဲလှယ်လိုက်၏။ ထို့နောက် သူက သိမ်းလိုက်ပြီး ချီကျန်းရန်ကို လှည့်ကြည့်လိုက်သည်။

“အခု ညီလေးကျန်းရန်ရဲ့အလှည့်မလား။ မင်းက ဘာလဲရမလဲဆိုတာ ဆုံးဖြတ်ပြီးပြီ မဟုတ်လား…”

ချီကျန်းရန်က တလေးတစား ပြန်ဖြေလိုက်သည်။

“ကျွန်တော်က သိုင်းပညာနည်းနည်းလေးပဲသိပြီး အတွေ့အကြုံနဲ့ ဗဟုသုတလည်း အရမ်းနည်းတယ်။ တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် အစ်ကိုကပဲ ကျွန်တော့်ကို အကြံပေးပါဦး…”

ကျန်းယွင်ရှန်က သေချာစဉ်းစားပြီး ပြောလိုက်သည်။

“ညီလေးကျန်းရန် …

ငါ့အနေနဲ့ပြောရမယ်ဆိုရင် မင်းသုံးနေတဲ့ ဓားပညာက မြစ်ကမ်းရှည်ဓားပညာ မဟုတ်လား …”

“ဟုတ်ပါတယ်”

“မီးခိုးငွေ့များ ကန္တာရထဲတွင် တလူလူ မြင့်တက်နေတယ်။ နေလုံးကြီးကတော့ ရှည်လျားတဲ့ မြစ်ကမ်းပေါ်မှာ စက်ဝိုင်းသဖွယ် ပျောက်ကွယ်သွားတယ်…”

ချီကျန်းရန်၏ မျက်နှာပေါ်တွင် ခါးသီးသောအပြုံးတစ်ခု ပေါ်လာခဲ့သည်။

မုန့်ချီက အလွန်ရှုပ်ထွေးနေခဲ့၏။

“သူတို့က အချင်းချင်း ဉာဏ်စမ်းဝှက်နေတာလား…”

ရွှမ်ရှင်းက သိုင်းလောကထဲတွင် ရှိနေသော ဂိုဏ်းများအကြောင်း လူသစ်များကို မိတ်ဆက်ပေးခဲ့သော်လည်း သူကတော့ သူ၏ကိုယ်ပိုင်သိုင်းလောက အတွေ့အကြုံများကိုသာ ပြောပြခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် သူက အလွန်ပျင်းရိသော လူတစ်ယောက် ဖြစ်သည့်အတွက် သူနှင့် မသက်ဆိုင်သော အရာများကို စိတ်မဝင်စားချေ။

ထို့ကြောင့် သူက ဂိုဏ်းတစ်ချို့အကြောင်းကိုသာ ပြောပြခဲ့ပြီး တစ်ချို့အရာများကိုတော့ တစ်ကြိမ်မျှ မပြောပြခဲ့ဖူးချေ။ ဟွမ်ဟွာဂိုဏ်းကတော့ သူမပြောပြခဲ့ဖူးသော ဂိုဏ်းများထဲတွင် ပါဝင်နေခဲ့သည်။

မုန့်ချီ၏မျက်နှာကိုကြည့်ပြီး ကျန်းကျိဝေက ရယ်လိုက်၏၊၊ သူမက ရှင်းပြလိုက်သည်။

“ဟွမ်ဟွာဓားဂိုဏ်းကို တည်ထောင်ခဲ့တဲ့သူက စာအုပ်တွေ ကဗျာတွေကို ဖတ်ရတာ အရမ်းသဘောကျတယ်။ အင်ပါယာ ပြောင်းလဲသွားတဲ့အချိန်မှာ သူက တောင်တန်းတွေကြားထဲကို ဝင်သွားခဲ့ပြီး မထင်မှတ်ဘဲ အင်မော်တယ် တစ်ယောက်နဲ့ တွေ့ခဲ့ရတယ်။ အဲ့ဒီ အင်မော်တယ်က သူ့ကို ထိပ်တန်းသိုင်းပညာတစ်ခု သင်ပေးခဲ့တာ။ အဲဒီနောက်မှာတော့သူက အဲ့ဒီသိုင်းပညာကို အခြေခံအနေနဲ့သုံးပြီး ဟွမ်ဟွာဂိုဏ်းကို တည်ထောင်ခဲ့တယ်။ သူ့ရဲ့စိတ်ဝင်စားမှုကြောင့် ဟွမ်ဟွာဓားဂိုဏ်းမှာ ရှိနေတဲ့ သိုင်းပညာအားလုံးကို ရှေးဟောင်းကဗျာတွေနဲ့ နာမည်ပေးထားတယ်..”

ဥပမာအနေနဲ့ပြောရရင် ‘ မီးခိုးငွေ့များ ကန္တာရထဲတွင် တလူလူ မြင့်တက်နေတယ်။ နေလုံးကြီးကတော့ ရှည်လျားတဲ့ မြစ်ကမ်းပေါ်မှာ စက်ဝိုင်းသဖွယ် ပျောက်ကွယ်သွားတယ်’ ဆိုတာက ဓားသိုင်းပညာတစ်ခုရဲ့ နာမည်ပဲ။ ဒါပေမယ့် သာမန်သိုင်းလောကသားတွေက အဲဒီကဗျာကို မမှတ်မိကြဘူးလေ။ ဒါကြောင့် သူတို့တွေက အဲဒီသိုင်းပညာကို မြစ်ကမ်းရှည်ဓားသိုင်းလို့ပဲ ရိုးရိုးရှင်းရှင်း ခေါ်ခဲ့ကြတယ်…”

ချီကျန်းရန်က တိုးတိုးလေး ချောင်းဟန့်လိုက်ပြီး သူမ၏စကားကို ငြင်းဆန်ခဲ့ခြင်း မရှိချေ။ သူကိုယ်တိုင်လည်း သူ့ဂိုဏ်း၏အကြောင်းကို သိနေပြီး တည်ထောင်သူက စာသင်သားတစ်ယောက်သာ ဖြစ်ကြောင်း သိနေသည်။ အကယ်၍ တည်ထောင်သူကသာ အမှန်တကယ် ဗဟုသုတ ပြည့်စုံသော သူတစ်ယောက်သာဆိုလျှင် သိုင်းကျမ်းနာမည်ကို ထိုကဲ့သို့ နာမည်ပေးလိမ့်မည် မဟုတ်ပေ။ သို့သော် သူကတော့ တည်ထောင်သူကို ဂုဏ်သရေ ညှိုးနွမ်းစေမည့် စကားမျိုး သေချာပေါက်မပြောနိုင်ပေ။ သူ့ဂိုဏ်းအတွက်မျက်နှာရအောင်ပြောပေးသော ကျန်းကျိဝေကိုသာ တိတ်တဆိတ် ကျေးဇူးတင်လိုက်မိ၏။

“ဟုတ်တယ်…”

ကျန်းယွင်ရှန်ကလည်း ဝင်ပြောလိုက်သည်။

“သက်တမ်းရှည် အင်မော်တယ်ဓားသိုင်းလို့ ငါတို့ခေါ်နေတဲ့ ဓားသိုင်းရဲ့နာမည် အပြည့်အစုံလည်း ရှိတယ်။ ‘ အင်မော်တယ်က ငါ့ခေါင်းကို ထိလိုက်တဲ့ အချိန်မှာ ခေါင်းမှာ ဆံပင်တွေ ပေါက်လာတယ်။ ငါ့ကို အသက်ရှည်ဖို့ ကူညီပေးတယ်.’ ။ အဲဒါက အဲ့ဒီဓားသိုင်းရဲ့နာမည်ပဲ။ ပြီးတော့ ‘ ဒီရေနဲ့အတူ မြင့်တက်လာသော’ ဆိုတဲ့ ဓားသိုင်းပညာလည်း ရှိသေးတယ်…”

“အဲဒီကဗျာတွေက ဘယ်ကနေ ဆင်းသက်လာလဲဆိုတာ နင်တို့သိလား”

ချီရှက အပြုံးနှင့် မေးလိုက်သည်။

“ရှေးဟောင်းကဗျာလား…”

မုန့်ချီက အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။

“ဒါက တိုက်ဆိုင်တာလား ။ နောက်ကွယ်မှာ အကြောင်းပြချက်တစ်ခုခု ရှိနေတာလား”

သူကတော့ ပြန်ဖြေလိုက်သည်။

“ပင်လယ်ပေါ်မှာ တောက်နေသော လမင်းကြီးက ဒီရေလှိုင်းနှင့်အတူ မြင့်တက်လာတယ်…”

“ဟုတ်တယ် ။ နင့်ရဲ့အသားအရေကိုကြည့်ပြီး နင်က သာမန်မိသားစုတစ်ခုက မဟုတ်တာကို သတိထားမိတယ်…”

မြစ်အရှေ့ဘက်တွင် ကြီးပြင်းလာသော မိန်းကလေးတစ်ယောက်ဖြစ်သည့် ချီရှက စကားကို ရဲရဲတင်းတင်း ပြောတတ်သည်။ မုန့်ချီ၏အဖြေကြောင့် သူမ၏ခန့်မှန်းမှုက မှန်ကန်နေခဲ့သည်။

မုန့်ချီကတော့ ပြုံးလိုက်မိ၏။

“ငါကတော့ဘာလို့ ဒီလိုမိန်းကလေးတစ်ယောက်ရဲ့စကားပြောတာကို နားထောင်နေရတာလဲ…”

သူက သိပ်မကြာခင် ရှေးဟောင်းကဗျာကို မေ့လျော့သွားခဲ့သည်။ ယခုအချိန်တွင် ထိုအရာများကို မစစ်ဆေးနိုင်သေးပေ။ တစ်ချိန်တည်းတွင် သူ့စိတ်ထဲ၌ တွေးလိုက်မိ၏။

“တစ်ချိန်ချိန်မှာ ငါက အဖြူရောင်ဝတ်စုံကိုဝတ်ပြီး ဓားရှည်ကို ခါးမှာ ချိတ်ထားမယ်။ လက်ထဲမှာ ယပ်တောင်ကို ကိုင်ပြီး လမ်းလျောက်နေတဲ့ အချိန် ကဗျာတွေ ရွတ်မယ်။ အဲဒီအချိန်ကျရင် ငါ့ရဲ့ကဗျာတွေက အရင်းအမြစ်မရှိဘူးလို့ မေးခွန်းထုတ်မှာ မဟုတ်တော့ဘူး…”

ကဗျာများ အကြောင်းကို ပြောလိုက်ပြီးနောက် ကျန်းယွင်ရှန်က မူလခေါင်းစဉ်ကို ပြန်သွားခဲ့သည်။

“ညီလေးကျန်းရန် ..

မြစ်ကမ်းရှည်ဓားပညာက တိကျမှုပိုင်းမှာ နာမည်ကျော်ကြားတယ်။ အဲဒါက လျှို့ဝှက်သတ်ဖြတ်ရေးတွေမှာ အတော်လေး အသုံးဝင်တယ်။ ငါ့အနေနဲ့ ပြောရရင်လည်း မင်းရဲ့အကျင့်စရိုက်နဲ့ အရမ်းလိုက်တယ်။ ဒါပေမယ့် ပေါ့ပါးသွက်လက်မှုတော့မရှိဘူး။ ဒါကြောင့် မင်းက ရန်သူကို အခြေအနေပေါ်လိုက်ပြီး ရင်ဆိုင်ဖို့ မဖြစ်နိုင်သေးဘူး။ အဲဒါက ခုခံဖို့အတွက် လုံလောက်ပေမယ့် တိုက်ခိုက်မှုအတွက် မလုံလောက်သေးဘူး…”

“အဲဒီတော့ နင်က ခန့်မှန်းလို့ မရနိုင်ဘဲ လျင်မြန်သွက်လက်တဲ့ ဓားသိုင်းပညာတစ်ခုကို ရွေးချယ်သင့်တယ်။ နင်က မျက်လုံးတံခါးနဲ့ ပတ်သတ်တဲ့ တံခါး(၉)သွယ်ကို သန့်စင်ပြီးသွားပြီဆိုရင် ကံကြမ္မာအမှတ်တွေကိုသုံးပြီး ကောင်းကင်တံခါးဆေးလုံးကို လဲလို့ရတယ်။ နင့်ရဲ့လက်ရှိအဆင့်အရ မင်းက ကောင်းကင်တံခါးဆေးလုံးကို သုံးလိုက်မယ် ဆိုရင်တောင် အဆင့်တက်နိုင်မှာ မဟုတ်သေးဘူး…”

ကျန်းကျိဝေကတော့ သူမ၏အမြင်ကို ထိန်ချန်ထားခြင်း မရှိဘဲ ချီကျန်းရန်ကို တည့်တည့်သာ ပြောလိုက်သည်၊။

ချီကျန်းရန်က ခေါင်းညိတ်ပြလိုက်၏။

“ငါက မျက်လုံးတံခါးနဲ့ ပတ်သတ်တဲ့ သွေးကြောမှတ်(၉)ခုမှာ (၆)ခုကိုပဲ သန့်စင်နိုင်သေးတယ်။ ငါက ဆက်ပြီး ကြိုးစားဖို့ လိုသေးတယ်။ ဒီတော့ အစ်ကိုကြီးကျန်းရဲ့ အကြံပေးချက်ကိုပဲ နားထောင်လိုက်ပါမယ်…”

သူပြောလိုက်ပြီးနောက် လူတိုင်းက သူတို့ရဲ့ကျောက်စိမ်းစာရွက်ကို ထုတ်လိုက်ပြီး သူ၏လိုအပ်ချက်နှင့် ကိုက်ညီပြီး သင့်တော်သော ဈေးနှုန်းရှိသည့် ဓားသိုင်းပညာ တစ်ခုကို ရှာဖွေနေကြသည်။

ထိုအချိန်တွင် အလွန်ဗဟုသုတပြည့်စုံသော မုန့်ချီက ချီကျန်းရန်အတွက် သင့်တော်သော အရာတစ်ခုကို တွေ့လိုက်ရသည်။ ချီကျန်းရန်က ဦးညွှတ်လိုက်၏။

“ကျေးဇူးတင်ပါတယ် ညီလေးကျန်းတင်။ နဂိုတုန်းက ငါလည်း ‘ ညနေခင်းဆည်းဆာမှာ အပြိုင်ပျံသန်းနေတဲ့ ဘဲငန်းတစ်စုံ၊ ကောင်းကင်ကြီးပေါ်က ကြည့်နေရတဲ့ ဆောင်းဦးရာသီ’ ဆိုတဲ့ ဓားသိုင်းပညာကို လဲလှယ်ချင်နေတာ။ ဒါပေမယ့် ဒါက ငါတို့ဂိုဏ်းရဲ့ လျှို့ဝှက်ဓားသိုင်းတစ်ခုဖြစ်နေတယ်။ အဲဒါက လက်ရွေးစင်တပည့် နည်းနည်းကိုပဲ သင်ပေးတာ။ တကယ်လို့ ငါလေ့ကျင့်နေတာကိုသာ တစ်ယောက်ယောက်က မြင်သွားမယ်ဆိုရင် အပြစ်ရှိသလို ခံစားရလိမ့်မယ်။ ဒါပေမယ့် မင်းတွေ့ခဲ့တဲ့ အဆုံးမဲ့ပြောင်းလဲခြင်းမြူခိုး(၁၃)သွယ်ကတော့ ခန့်မှန်းလို့ မရတဲ့အပြင် လျင်မြန်သွက်လက်တယ်။ ပြီးတော့ ငါက မတော်တဆတွေ့ခဲ့တာလို့ ငါ့ဂိုဏ်းက လူတွေကို ရှင်းပြလို့ရနိုင်တယ် ”

ကျန်းကျိဝေက မုန့်ချီ ရွေးပေးသော ဓားသိုင်းပညာ၏နာမည်ကို တီးတိုးရေရွတ်လိုက်၏။

“အဲဒါက…အရမ်းကောင်းတယ်…”

မုန့်ချီက ဟွမ်ဟွာဓားဂိုဏ်း၏ တည်ထောင်သူအကြောင်းကို စဉ်းစားမိပြီး စိတ်ထဲတွင် ကြိတ်၍ ရယ်လိုက်မိသည်။

“ငါလည်း မတော်တဆ တွေ့မိတာပါ....။ ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူး…”

အဆုံးမဲ့ပြောင်းလဲခြင်းမြူခိုး(၁၃)သွယ် ဟူသည်မှာ ဟန်ရှန်ဂိုဏ်းမှ ဒဏ္ဍာရီဓားသမား၏ လျှို့ဝှက်သိုင်းပညာတစ်ခု ဖြစ်သည်။ မုန့်ချီက ထိုအရာကို လဲလှယ်ရန် စဉ်းစားထားခဲ့၏။ သို့သော် ယခုတော့ သူက အလွန်ချောမောခန့်ညားသော ဓားသမားတစ်ယောက် ဖြစ်လာမည့် အကြံကို လက်လျော့လိုက်သည်။

ထိုဓားသိုင်းပညာကို လဲလှယ်ရမည့်တန်ဖိုးက ကံကြမ္မာအမှတ် (၁၅၀)ဖြစ်၏။ အကယ်၍ သိုင်းကွက်တစ်ကွက်ချင်းစီကို ခွဲထုတ်လိုက်မည်ဆိုလျှင်တော့ ပထမသိုင်းကွက်က ကံကြမ္မာအမှတ်(၂၀) ဖြစ်ပြီး သိုင်းကွက်တစ်ခုချင်းဆီက ကံကြမ္မာအမှတ်(၁၀)မှတ်ဆီ ဖြစ်သည်။

ချီကျန်းရန်က ပင်မဓားကွက်နှင့် သီးခြားဓားကွက် (၄)ခုကို လဲလှယ်လိုက်သည်။ သူ့ဆီ ကျန်နေသော ကံကြမ္မာအမှတ်(၁၀)မှတ်ကိုတော့ ဂါနိုဒါးမား ချီစွမ်းအင်ပြန်ဖြည့်ခြင်း ဆေးပုလင်းကို လဲလှယ်လိုက်သည်။ ထိုအရာက သူ၏စွမ်းအားကို တိုးမြင့်လာစေနိုင်ပြီး သွေးကြောမှတ်များကို သန့်စင်ရာတွင် ပို၍လျင်မြန်လာစေသည်။

“အခုညီမလေးချီရဲ့အလှည့်ကို ရောက်ပြီထင်တယ်…”

ကျန်းယွင်ရှန်က ချီရှကို အပြုံးနှင့် လှမ်းကြည့်လိုက်သည်။

“ညီမလေးချီက သာမန်သိုင်းကြမ်းတွေကို သံသရာအရှင်သခင်ဆီ ပေးလိုက်တယ်ဆိုမှတော့ ဘာကို လဲချင်လဲဆိုတာကို ဆုံးဖြတ်ပြီးပြီ မဟုတ်လား…”

ချီရှက ခေါင်းညိတ်ပြလိုက်သည်။

“အစ်ကိုကြီးကျန်းက အတော်လေး ဉာဏ်ကောင်းတာပဲ။ ညီမက ဘာမှဖုံးကွယ်မထားတော့ပါဘူး။ ကျွန်မက ထန်ပန်းပွင့်ကို ဖန်တီးရမဲ့နည်းလမ်းနဲ့ သုံးရမယ့်နည်းလမ်းကို လဲလိုက်တာ…”

“ထန်ပန်းပွင့် ဟုတ်လား…”

“ထန်ပန်းပွင့်လား…”

သူတို့က တူညီသောစကားလုံးကိုသာ ပြောလိုက်သော်လည်း လူမတူသည့်အတွက် ခံစားချက်ကလည်း ကွဲပြားသည်။

ကျန်းယွင်ရှန်နှင့် တခြားသူများက စိတ်ဝင်စားပြီး ရှုပ်ထွေးနေကြသော်လည်း မုန့်ချီကတော့ နားမလည်ပေ။

“နတ်ဘုရားကုန်းမြေမှာရှိတဲ့ ဒဏ္ဍာရီဓားသမားရဲ့ ထန်ပန်းပွင့်လား။ အဲဒါက ထန်မျိုးနွယ်ဝင်တွေရဲ့ ဒဏ္ဍာရီထဲက အကောင်းဆုံး လျှို့ဝှက်လက်နက်(၃)ခုထဲက တစ်ခုလား…”

ချီရှက မုန့်ချီကို ကြည့်လိုက်သည်။

“ကိုရင်လေးက ဒီလျှို့ဝှက်လက်နက်လုပ်တဲ့နည်းကိုရော မြင်ခဲ့သေးလား…”

“ဟုတ်တယ် ။ ပထမတော့ ငါ့ရဲ့သိုင်းပညာက အရမ်းအားနည်းတဲ့အတွက် ငါက လျှို့ဝှက်လက်နက်နဲ့ အဆိပ်တွေကိုသုံးပြီး ကာကွယ်ချင်ခဲ့တာ…”

မုန့်ချီက ရှင်းပြလိုက်သည်။

ချီရှကတော့ သူ့ကိုထပ်မပြောတော့ပဲ ကျန်းယွင်ရှန်နှင့် ကျန်းကျိဝေတို့ကို အပြုံးနှင့် ပြောလိုက်၏။

“ငါငယ်ငယ်တည်းက သိုင်းပညာကို အာရုံမစိုက်လို့ဆိုပြီး ငါ့အဖေက အမြဲတမ်း အပြစ်တင်နေခဲ့တာ။ ငါက အသေးအဖွဲ့တွေကိုပဲ စိတ်ဝင်စားနေခဲ့တာလို့ သူက ပြောခဲ့တယ်။ ရလဒ်အနေနဲ့ အခုချိန်ထိတောင် မျက်လုံးတံခါးကို မဖွင့်နိုင်သေးဘူး။ တဖက်မှာတော့ ငါက အဲဒီအသေးအဖွဲ့လေ့လာမှုတွေထဲမှာ ထောင်ချောက်နဲ့ လျှို့ဝှက်လက်နက်တွေကို ပိုပြီးစိတ်ဝင်စားတယ်။ တကျန်းအဖွဲ့အစည်းကတော့ အဲဒီအရာတွေတစ်ခုမှ မထူးချွန်တာ ကံဆိုးသွားတယ်လို့ ပြောရမယ်။ ငါ့ရဲ့ဦးလေးတွေက ထူးခြားတဲ့နည်းလမ်းတွေ သိနေပေမယ့် ငါ့ကို သေချာမသင်ပေးနိုင်ဘူး။ ဒီနေ့ထန်ပန်းပွင့် ဖန်တီးတဲ့နည်းလမ်းကို မြင်လိုက်ရတဲ့အချိန်မှာ ငါက တော်တော်လေး ဝမ်းသာသွားခဲ့တယ်…”

“ဒါက ငါတို့အတွက်လည်း ကောင်းပါတယ်။ လျှို့ဝှက်လက်နက်နဲ့ ထောင်ချောက်တွေ ကျွမ်းကျင်တဲ့ ပညာရှင်တစ်ယောက်က ငါတို့နဲ့အတူရှိနေတာ ငါတို့အတွက် အတော်ကံကောင်းတာပဲ။ အခုငါတို့က အခြေအနေပေါင်းစုံကို ရင်ဆိုင်နိုင်ပြီလေ…”

ကျန်းယွင်ရှန်နှင့် ကျန်းကျိဝေတို့က ချီရှ၏ရွေးချယ်မှုကို သဘောတူလိုက်ကြသည်။

ထန်ပန်းပွင့်ဟူသည်မှာ စစ်ချွမ်း၊ ထန်မိသားစု၏ လျှို့ဝှက်လက်နက်တစ်ခုဖြစ်ပြီး လဲလှယ်ရမည့်တန်ဖိုးက အလွန်ဈေးကြီးသည်။ အသင့်ဖန်တီးထားပြီးသား ထန်ပန်းပွင့်တစ်ခုနှင့် အသုံးပြုရန်နည်းလမ်းက ကံကြမ္မာအမှတ်က (၃၀၀) ကုန်ကျနိုင်သည်။ ထိုသို့ဆိုရာတွင် တစ်ကြိမ်သာ အသုံးပြုနိုင်၏။

အကယ်၍ သံသရာအရှင်သခင်ကိုတိုက်ရိုက်သင်ကြားပေးခိုင်းပြီး ထန်ပန်းပွင့်ကို မည်သို့ဖန်တီးအသုံးပြုရမည်ဖြစ်ကြောင်း သိချင်လျှင်တော့ သာမန်အတွေးတစ်ခုအတွက် ကံကြမ္မာအမှတ်(၃၀၀) ကုန်ကျနိုင်သည်။ အရာအားလုံးကို ပြည့်ပြည့်ဝဝ သိချင်ရင်တော့ ကံကြမ္မာအမှတ် (၆၀၀)ကုန်ကျပါလိမ့်မည်။

ထို့ပြင် ထန်ပန်းပွင့် ထုတ်လုပ်အသုံးပြုရမည့် နည်းလမ်းကို သိုင်းကျမ်းအနေနှင့်သာ မှတ်တမ်းတင်ထားချင်သည်ဆိုရင်တော့ ကံကြမ္မာအမှတ် (၁၅၀) ကုန်ကျပါလိမ့်မည်။ သို့သော် သိုင်းကြမ်းကို ရပြီးသွားရင်တော့ ထိုလူက ပစ္စည်းမျိုးစုံကို ရှာဖွေပြီး ကိုယ်တိုင်စူးစမ်း လေ့လာရမည်ဖြစ်သည်။

ချီရှက သာမန်သိုင်းကျမ်းများကို ပေးပြီးနောက်ဆုံးတွင်တော့ ကံကြမ္မာအမှတ်(၁၅၀) ရခဲ့သည်။ ထို့ကြောင့် သူမက ထန်ပန်းပွင့် ဖန်တီးအသုံးပြုရမည့်နည်းလမ်းကို လဲလှယ်လိုခြင်း ဖြစ်၏။

“လဲလှယ်မှုပြီးဆုံးပြီ…မင်းတို့သိမ်းထားချင်တဲ့ ပစ္စည်းကို သိမ်းထားပြီး မင်းတို့ရဲ့ မူလကမ္ဘာကြီးကို ပြန်သွားလို့ရပြီ။ နောက်ထပ် သံသရာတာဝန်ကို စောင့်နေကြပါ။ နောက်ထပ်သံသရာ တာဝန်မကျမချင်း မင်းတို့က နောက်ထပ် ဒီနေရာကို လာလို့မရဘူး ။ တကယ်လို့ ဒီနေရာမှာ လေ့ကျင့်ချင်တယ်ဆိုရင်တော့ လေ့ကျင့်မယ့် အချိန်အတွက်ကို အလဲအလှယ်လုပ်မှရမယ်…”

သံသရာသခင်က ဆက်ပြောလိုက်သည်။

သူတို့က ဤလောကကြီးထဲသို့ စိတ်တိုင်းကျလာလို့ မရသည့်အတွက် မုန့်ချီကတော့ သိုင်းကျမ်းများကို သူနှင့်အတူ သယ်ဆောင်သွားခဲ့သည်။ ကျောက်စိမ်းတံခါး၏ နောက်တွင်တော့ အခန်းလွတ်တစ်ခု ရှိနေသည်။ အကယ်၍ သူက ထိုင်ခုံတစ်ခု၊ အိပ်ယာတစ်ခုနှင့် အခြားအသုံးအဆောင်များ လိုချင်သည်ဆိုရင် ကံကြမ္မာအမှတ်နှင့် လဲလှယ်ရမည်ဖြစ်သည်။

အလင်းရောင်များ တောက်ပလာပြီးနောက် မုန့်ချီနှင့်အခြားသူများကိုလွှမ်းခြုံသွားခဲ့၏။ ထိုအချိန်တွင် သူက သတိလစ်သွားခဲ့သည်။

အမှောင်ထုကြီးက သိပ်သည်းနေခဲ့၏။ မုန့်ချီက ခဏတာလူးလွန့်နေပြီးနောက် ချက်ချင်းထထိုင်လိုက်ရာ လှပသောလရောင်ကို မြင်လိုက်ရပြီး အရာအားလုံးက တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။ သူက ကျန်းဟွေနှင့် တခြားသူများ၏ အသက်ရှုသံတိုးတိုးကို ကြားနေရ၏။ သူတို့က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြသေးသည်။

“ငါက အခန်းထဲကို ပြန်ရောက်လာတာပဲ…”

မုန့်ချီက သူ၏ချီစွမ်းအင်များကို လှည့်ပတ်ကြည့်လိုက်သည်။ ထိုအချိန်တွင် ဒန်တျန်က နွေးသွားပြီး အနွေးဓါတ်က ခန္ဓာကိုယ်တစ်ခုလုံးကို စီးဆင်းသွား၏။

“ဟမ် ကျောက်စိမ်းဗုဒ္ဓရုပ်ထုလေး…”

သူလဲလှယ်ခဲ့သောအရာများက သူနှင့်အတူရှိနေသေးကြောင်း တွေ့လိုက်ရသည့်အခါ မုန့်ချီက ဝမ်းသာသွားခဲ့သော်လည်း ကျောက်စိမ်းဗုဒ္ဓလည်ဆွဲလေးကတော့ (၂)ပိုင်းပြတ်နေခဲ့သည်။ ထိုလည်ဆွဲလေးက နွေးထွေးမှုမရှိတော့ပဲ ယခင်တုန်းကလို ငြိမ်းချမ်းသည့် ခံစားမှုမျိုးလည်း မရှိတော့ချေ။

မုန့်ချီကတော့ အတော်လေးကို ရှုပ်ထွေးနေခဲ့၏။ သူက စဉ်းစား၍ မရနိုင်တော့ပေ။ ထို့ကြောင့် အိပ်မပျော်ဖြစ်နေခဲ့၏။ သူက အချိန်မည်မျှကုန်သွားသည်ကို မသိလိုက်ခင် ရင်းနှီးနေသော ခေါင်းလောင်းသံတစ်ခုကို ကြားလိုက်ရသည်။

သို့သော် ထိုခေါင်းလောင်းသံက သာမန်အချိန်တွင် တီးသကဲ့သို့ အေးအေးချမ်းချမ်း မဟုတ်ဘဲ ဆက်တိုက်တီးနေခဲ့သည့်အတွက် ရှောင်လင်ကျောင်းတော်ထဲတွင် အလွန်အရေးကြီးသည့် ကိစ္စတစ်ခု ဖြစ်ပျက်နေသလို ခံစားလိုက်ရသည်။

Translated by Hein Htet

All Chapters