အခန်း (၁၉)
Vol. 2 Ch. 19
မုန့်ချီက ခေါင်းလောင်းသံကို နားထောင်နေပြီး စောင်အောက်တွင် လက်သီးကို တင်းတင်းဆုပ်ထားမိသည်။
“သူတို့က ချင်ကျင်း သေသွားတာ သိသွားတာလား… ဒါမှမဟုတ် ချင်ကျင်းက ပျောက်သွားတာလား…”
ထူးခြားသော ခေါင်းလောင်းသံကို ကြားသောအခါ ကျန်းရင်၊ ကျန်းကွမ်နှင့် မည်သည့်အရာကိုမျှ စိတ်မဝင်စားသော သန့်ရှင်းရေးကိုယ်တော်များက ထထိုင်လာကြ၏။ သူတို့၏စိုးရိမ်ထိတ်လန့်မှုများက မုန့်ချီကို ပို၍စိုးရိမ်လာစေခဲ့သည်။
ဗုဒ္ဓခန်းမထဲတွင် …
ရွှေရောင်ဗုဒ္ဓဆင်းတုတော်ကြီးက အလွန်တည်ငြိမ်စွာ ရှိနေပြီး ခန်းမထဲတွင် ရှိနေသော လူအုပ်ကြီးကို သနားကြင်နာစွာ ကြည့်နေသည်ဟု ထင်မှတ်ရသည်။
ဗုဒ္ဓဆင်းတုတော်၏ အောက်ဘက်တွင်တော့ အဖြူရောင်မျက်ခုံးမွှေးရှိနေသော ဘုန်းတော်ကြီးတစ်ပါးရှိနေပြီး သူ၏မျက်နှာပေါ်တွင် ရွှေရောင်များ လင်းလက်နေသည်။ သူ့ပုံစံက အလွန်တည်ငြိမ်နေပြီး အဝါရောင်နှင့် အနီရောင်အစင်းကြားရှိနေသာ ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ့လက်ထဲတွင်တော့ ကွင်း(၉)ကွင်းရှိနေသာ သံတုတ်တစ်ချောင်းကို ကိုင်ထား၏။
“အော်မီတောဖော်…
ဒကာလေးတို့ ကျေးဇူးပြုပြီး စိတ်အေးအေးထားကြပါ….”
ဘုန်းတော်ကြီးက လက်တစ်ဖက်နှင့် ဂါရဝပြုလိုက်ပြီး သူ၏ဓမ္မနာမည်ကို ရေရွတ်လိုက်သည်။ သူ့အနားတွင်တော့ အနီရောင်ကြက်ခြေစင်းဝတ်စုံကို ဝတ်ဆင်ထားသော ကိုယ်တော်အပါး(၂၀)ခန့် ရပ်နေကြ၏။
သူတို့ထဲတွင် တစ်ချို့၏မျက်နှာများက အရေးအကြောင်းများရှိနေပြီး သူတို့၏ အသက်ကိုပင် ခန့်မှန်း၍မရပေ။ တစ်ချို့ကတော့ ပိန်ပိန်ပါးပါးရှိ၏။ သူတို့ကို ကြည့်ရသည်မှာ သစ်တုံးခြောက်ကြီးကဲ့သို့ ထင်မှတ်ရ၏။ တစ်ခြားလူများကတော့ သာမန်အခြေအနေနှင့်ရှိပြီး တစ်ချို့ကတော့ အလွန်ရင့်ကျက်ပုံရသည်။
“စိတ်အေးအေးထားရမှာလား…၊ ကျုပ်ဂိုဏ်းက တပည့်တစ်ယောက် ရှောင်လင်မှာ အသတ်ခံလိုက်ရတာလေ…။ အဲဒါကို စိတ်အေးအေးထားစေချင်နေတာလား…”
ခေါင်းပေါ်တွင် ခုနှစ်စင်ကြယ်သရဖူကို ဝတ်ဆင်ထားပြီး ယင်ယန်ဝတ်စုံကို ဝတ်ဆင်ထားသည့် တာအိုသခင်တစ်ယောက်က ဘုန်းတော်ကြီးကို စိုက်ကြည့်ပြီး ပြောလိုက်သည်။
“ဆရာတော်ကုံဝမ်…
ကျွန်တော်တို့ ရွှမ်တျန်းဂိုဏ်းက ဆရာတော်ရဲ့ဖိတ်ခေါ်မှုကြောင့် ရောက်လာခဲ့တာ။ ဒီနေရာမှာ ကျွန်တော်တို့ရဲ့ တပည့်တွေ အသတ်ခံချင်လို့ ရောက်လာတာ မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်တို့ကို သင့်တော်တဲ့အဖြေတစ်ခု ပေးရလိမ့်မယ်။ မဟုတ်ရင်တော့….”
ပြောနေသည့်သူ၏ အသားအရည်က ဖြူဖပ်ဖြူလျော်ရှိပြီး မျက်နှာက အရေးအကြောင်းတစ်ခုမျှမရှိချေ။ ထိုဘုန်းတော်ကြီးနာမည်က ကုံဝမ်ဖြစ်ပြီး နဂါးဖမ်းလော်ဟန့် ရွှေခန္ဓာပိုင်ဆိုင်ထားသော ရှောင်လင်ကျောင်းထိုင်လည်း ဖြစ်သည်။ သူ၏ဂုဏ်သတင်းနှင့် စွမ်းအားကြောင့် သိုင်းလောကကို နှစ်ပေါင်း(၁၀၀)ကျော် လွှမ်းမိုးထားနိုင်ခဲ့သူလည်း ဖြစ်သည်။
“အော်မီတောဖော်…
ဒကာကြီးရှုကျိုး …ဒီလိုကြောက်စရာကောင်းတဲ့အဖြစ်မျိုးက ကျောင်းတော်ထဲမှာ ဖြစ်သွားတယ်ဆိုမှတော့ လူသတ်သမားက ဘယ်သူပဲဖြစ်ဖြစ် ကိုယ်တော်တို့ရှောင်လင်မှာ တာဝန်ရှိပါတယ်…”
ကုံဝမ်က အပြစ်ကို ရှောင်လွှဲခြင်း မရှိဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။
“ဒါပေမဲ့ ဒကာကြီးတို့အားလုံးလည်း ဒီနေရာမှာ ရှိနေကြတာပဲ။ အရင်ဆုံး လူသတ်သမားက ဘယ်သူလဲဆိုတာနဲ့ သူဘာလုပ်ချင်တယ်ဆိုတာ ဒကာကြီးရှုကျင်းက သိချင်နေလိမ့်မယ်။ ဒီတော့ အရင်ဆုံးအလောင်းကို စစ်ဆေးပြီး လူသတ်သမားကို ရှာခွင့်ပေးပါဦး…”
တာအိုသခင်ရှုကျင်းက ရွှမ်တျန်းဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သည်။ သူက ဓမ္မကာရအဆင့်ကို ရောက်နေသည်ဟု ဆိုနိုင်သည်။ သူက မြေအင်မော်တယ်များထဲတွင် ဒုတိယအဆင့်ဟုလည်း ဆိုနိုင်သည်။
“ဆရာတော်ကြီးကုံဝမ်ပြောတဲ့စကားတွေက ကျိုးကြောင်းဆီလျော်မှုရှိတယ်။ ဒီတော့ တာအိုမိတ်ဆွေရှုကျိုးကလည်း စိတ်အေးအေးထားပါ။ ငါတို့အားလုံးက မင်းရဲ့ဝမ်းနည်းမှုတွေကို တူညီစွာခံစားမိပါတယ်…”
အနက်ရောင်လိပ်နက် တာအိုဝတ်စုံကိုဝတ်ဆင်ထားသော သက်လတ်ပိုင်း လူတစ်ယောက်ကလည်း ရှေ့ထွက်လာပြီး ရှုကျိုးကို ဖြောင်းဖျပြောဆိုလိုက်သည်။
သူ့နောက်တွင် ရပ်နေသော တပည့်များထဲတွင် ကျန်းယွင်ရှန်ကတော့ ချင်ကျင်း၏ ခန္ဓာကိုယ်ကို စိုက်ကြည့်နေခဲ့၏။ သူက အဝတ်ဖြူတစ်ခုပေါ်တွင် ရှိနေပြီး ချင်ကျင်း၏ ခေါင်းနှင့်ကိုယ်ကလည်း တစ်ခြားစီဖြစ်နေသည်။ မျက်လုံးများကလည်း ပြူးကျယ်နေသည့်အတွက် သူ မသေခင် အလွန်ထိတ်လန့်မှုကို ကြုံနေရပုံပေါ်သည်။
“သူသေသွားတဲ့ပုံစံက တစ်ပုံစံတည်းပဲ…”
ကျန်းယွင်ရှန်က မှင်တက်နေမိသည်။
“သံသရာလောကကြီးထဲမှာ သေဆုံးသွားတဲ့ပုံနှင့် အပြင်ဘက်မှာ သေသွားတဲ့ပုံနဲ့ ဘယ်လိုလုပ်ပြီး တူနေရတာလဲ…”
သူတို့က သံသရာလောကကြီးထဲသို့ လူကိုယ်တိုင်ဖြစ်စေ၊ ပုံရိပ်ယောင်သာ ဝင်ရောက်ခြင်း ဖြစ်စေ သံသရာအရှင်သခင်၏ ပြိုင်ဘက်ကင်းစွမ်းရည်ကို ဖော်ပြနေခဲ့သည်။ သူက နဂါးဖမ်းလော်ဟန့် ရွှေခန္ဓာပိုင်ရှင်၏ စောင့်ကြည့်မှုရှေ့တွင် ထိုအရာများအားလုံးကို လုပ်ဆောင်နိုင်ခဲ့၏။
ကျန်းယွင်ရှန်က ကျိကျန်းဂိုဏ်းမှ တပည့်များထဲတွင် ရပ်နေသော ကျန်းကျိဝေနှင့် တကျန်းအဖွဲ့အစည်းထဲတွင် ရပ်နေသော ချီရှတို့ကို လှည့်ကြည့်လိုက်သည်။ သူတို့ကလည်း အံ့ဩမှုကို ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။ သူတို့က အလွန်ဝမ်းနည်းနေပြီး မျက်နှာအမူအရာက အလွန်လေးနက်နေကြသည်။
တစ်ဖက်တွင်တော့ ချီကျန်းရန်က သာမန်တပည့်တစ်ယောက်သာ ဖြစ်သည့်အတွက် ဗုဒ္ဓခန်းမထဲသို့ ဝင်ရောက်လာနိုင်သည့် အဆင့်အတန်းမျိုး မဟုတ်ချေ။ ထိုသို့ဆိုရာတွင် ရွှမ်တျန်းဂိုဏ်းမှ တပည့်တစ်ယောက်က ရှောင်လင်ကျောင်းတော်တွင် အသတ်ခံရသည်ဆိုသော သတင်းမှာ အလွန်ကြောက်စရာကောင်းသော သတင်းတစ်ခု ဖြစ်နေသည်။
ရလဒ်အနေဖြင့် ခန်းမထဲတွင် ရှိသော လူငယ်များကလည်း အလွန်ကြောက်လန့်နေကြပြီး မည်သူကမျှ သူတို့(၃)ယောက်၏ ထူးခြားမှုကို သတိမထားမိကြပေ။
တာအိုသခင်ရှုကျိုးက ကျန်းဝူဂိုဏ်းမှ တာအိုသခင်ကို အေးစက်စွာဖြင့် ကြည့်လိုက်သည်။
“ရွှမ်ယွမ်ကျိ..
ပစ်မှတ်က မင်းရဲ့တပည့်မှ မဟုတ်တာ…။ ဒီတော့ စိတ်ကောင်းရှိချင်ယောင်ဆောင်မနေနဲ့…”
“ရွှမ်တျန်းဂိုဏ်းက တာအိုမိတ်ဆွေရှုကျိုးက တော်တော်လေးကို ဒေါသကြီးတယ် ကြားဖူးတယ်။ အခုကြည့်ရတာတော့ အဲဒီသတင်းတွေက မှန်နေတာပဲ…”
ရွှမ်ယွမ်ကျိက အလွန်တည်ငြိမ်သော လူတစ်ယောက်ဖြစ်သည်။
ရွှမ်တျန်းဂိုဏ်းတွင် ချင်ကျင်းကဲ့သို့ တပည့်ပေါင်းများစွာ ရှိနေကြောင်း သူသိခဲ့သည်။ တပည့်တစ်ယောက် ဆုံးရှုံးသွားလျှင်လည်း ကိစ္စမရှိချေ။ သို့သော် သူတို့အတွက်တော့ တပည့်တစ်ယောက် ရှောင်လင်တွင် အသတ်ခံလိုက်ရသည်မှာ မျက်နှာကို အရိုက်ခံလိုက်ရသလို ခံစားလိုက်ရသည်။ ထို့ကြောင့်လည်း တာအိုသခင်ရှုကျိုးက အလွန်ဒေါသထွက်နေခြင်းဖြစ်၏။
ထို့ကြောင့် သူက တစ်ဖက်သို့လှည့်၍ အပြုံးနှင့် ပြောလိုက်သည်။
“တာအိုမိတ်ဆွေစု… မင်းရော ဘယ်လိုထင်လဲ….”
ကျန်းကျိဝေ၏ရှေ့တွင် အပြာရောင်ဝတ်စုံနှင့် ချောမောခန့်ငြားသော လူငယ်တစ်ယောက် ရှိသည်။ ကြည့်လိုက်လျှင်တော့ သူက သာမန်သာ ထင်မှတ်ရသည်။
သို့သော် သေချာစိုက်ကြည့်လိုက်လျှင် သူ့ဆီ၌ မည်သည့်အရာမျှမရှိသလို ခံစားရ၏။ သူ့ဆီတွင် မည်သည့်ဆန္ဒမျှ မရှိသလို ထင်မှတ်ရသည်။ ထိုလူငယ်၏ မျက်လုံးက အတော်လေးမှေးနေပြီး သူကတော့ ခါးတွင် ရှိနေသော ဓားကို ညင်သာစွာ ပုတ်နေ၏။
သူ့ဆီမှနေ၍ အလွန်ရှေးကျ၍ လေးနက်တည်ငြိမ်သောအသံတစ်ခု ထွက်ပေါ်လာသည်။
“ငါလည်း ဆရာတော်ကြီးကုံဝမ်ရဲ့စကားကို လက်ခံတယ်…”
သူ၏လေသံက သူ၏ရုပ်ရည်နှင့် လိုက်ဖက်ခြင်း မရှိချေ။ ထိုအရာက ကိစ္စမျိုးစုံကို ကြုံတွေ့ခဲ့ဖူးပြီး ကမ္ဘာကြီးထဲမှ သီးခြားနေထိုင်သော သက်ကြီးဝါကြီးတစ်ယောက်၏ လေသံမျိုးဖြစ်နေသည်။
အပြာရောင်ဝတ်စုံနှင့်လူပြောလိုက်ပြီးနောက် ဗုဒ္ဓခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။ ဒေါသကြီးသော တာအိုသခင်ရှုကျိုးကပင် ဘာမျှပြန်မပြောခဲ့ပေ။
တာအိုသခင်ရှုကျိုးက ခဏကြာတိတ်ဆိတ်သွားပြီးနောက် အရိုအသေပေးလိုက်၏။
“ကျေးဇူးပြုပြီး ချင်ကျင်းရဲ့ဒဏ်ရာကို စစ်ဆေးပေးပါ ဆရာတော်ကြီးကုံဝမ်….”
အပြာရောင်ဝတ်စုံနှင့်လူ၏ဂုဏ်သတင်းက ကျောင်းထိုင်ထက်ပို၍ နာမည်ကျော်ကြားပြီး ပို၍အစွမ်းထက်နေခြင်း မဟုတ်ချေ။ သို့သော် အနာဂတ်တွင် သူက ကုံဝမ်ကို ကျော်လွန်သွားနိုင်ကြောင်း လူတိုင်းက သိနေကြသည်။ အနည်းဆုံးတော့ လက်ရှိအချိန်တွင် သူတို့နှစ်ယောက်၏ကြားထဲ၌ ကွာဟချက်များ ရှိနေသေးသည်။
အဓိကအကြောင်းပြချက်ကတော့ ကျောင်းထိုင်ကုံဝမ်က အမြဲသိုသိုသိပ်သိပ်သာ နေထိုင်ပြီး သူ၏စွမ်းအားကို ပြသခဲ့ခြင်းမရှိချေ။ သူနှင့်စကားပြောသောလူတိုင်းက မည်သူကမှားကြောင်း မည်သူကမှန်ကြောင်း သိနေကြသည်။
ပြောရမည်ဆိုလျှင်တော့ အပြာဝတ်လူက စကားပြောဆွေးနွေးရာတွင် စိတ်မရှည်တတ်ချေ။ အကယ်၍ တစ်ယောက်ယောက်ကသာ သူ့ကို ဒေါသထွက်အောင်လုပ်လျှင် သူ့ဓားနှင့် ချက်ချင်းတိုက်ခိုက်တတ်သည်။
ကုံဝမ်က သူ၏ကွင်း(၉)ကွင်းသံတုတ်ကို သက်လတ်ပိုင်းဘုန်းတော်ကြီးတစ်ပါးဆီသို့ ပေးလိုက်သည်။ ထို့နောက် ကျောင်းထိုင်က ချင်ကျင်း၏ အလောင်းနားသို့ ဖြည်းညင်းစွာ ချည်းကပ်သွား၏။ သူ့မျက်လုံးထဲတွင်လည်း ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။
“ဒကာလေးချင်ကျင်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ သေစေနိုင်လောက်တဲ့ ဒဏ်ရာက သူ့ရဲ့ကျောပြင်မှာရှိတဲ့ လက်ဝါးတိုက်ခိုက်မှုပဲ။ တိုက်ခိုက်တဲ့လူက ဉာဏ်အလင်းပွင့်မှုအဆင့်ကို ရောက်နေပြီး သံလက်ဝါးသိုင်းကို ကျွမ်းကျင်တယ်။ သူ့ရဲ့လည်ပင်းမှာရှိတဲ့ ဒဏ်ရာကတော့ သေပြီးမှ ဓားရှည်တစ်ချောင်းနဲ့ ဖြတ်ပစ်ခဲ့တာ။ ဓားကိုသုံးတဲ့လူက လက်ဝါးနဲ့ တိုက်ခိုက်တဲ့လူထက် ပိုအစွမ်းထက်တယ်။ ဒါကြောင့် ရန်သူနှစ်ယောက် ဖြစ်နေတယ်။ သူတို့နှစ်ယောက်လုံးကလည်း မျက်လုံးတံခါးပွင့်နေတဲ့ ပညာရှင်နှစ်ယောက်ပဲ…”
ကုံဝမ်က ချင်ကျင်း၏သေဆုံးခြင်း အကြောင်းတရားကို ဖြည်းညင်းစွာ ရှင်းပြလိုက်သည့်အချိန်တွင် ကျန်းယွင်ရှန်၊ ကျန်းကျိဝေနှင့် တစ်ခြားလူများအားလုံးက မှင်တက်သွားကြသည်။
“သူက အရာအားလုံးကို ရှင်းရှင်းလင်းလင်းတိတိကျကျ ပြန်ပြောနိုင်တယ်။ ဒါက ဓမ္မကာရအဆင့် ပညာရှင်တစ်ယောက်ရဲ့အစွမ်းလား…”
တာအိုသခင်ရှုကျိုး၏ မျက်နှာက ဖြူဖပ်ဖြူလျော် ဖြစ်သွားသည်။
“ကျွန်တော်လည်း အဲဒီလိုပဲ ကောက်ချက်ချမိတယ်။ ဒါပေမဲ့ ကျွန်တော် ကိုယ်တိုင်တောင် သတိမထားမိဘဲ ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်နှစ်ယောက်က ခြံဝင်းထဲကို ဘယ်လိုရောက်လာပြီး ကျွန်တော့်ရဲ့တပည့်ကို သတ်သွားရတာလဲ… ပြီးတော့ ကောင်းကင်မျက်လုံးနဲ့ ကောင်းကင်နားရှိတဲ့ ဆရာတော်ကြီးကုံဝမ်တောင် သတိမထားမိခဲ့ဘူးလေ…”
“မနေ့ညတုန်းက ငါလည်း ဗုဒ္ဓနယ်မြေကို စိတ်ခန္ဓာနဲ့သွားဖို့အတွက် ကမ္မဌာန်း ကျင့်ကြံနေခဲ့တာ။ အစစ်အမှန် လူသတ်သမားက အဲဒါကို အခွင့်ကောင်းယူသွားတာလည်း ဖြစ်နိုင်တယ်…”
ကုံဝမ်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ သူကတော့ အတော်လေးကို နောင်တရပြီး တောင်းပန်ချင်နေခဲ့သည်။
တာအိုသခင်ရှုကျိုးကတော့ လက်မခံနိုင်ခဲ့ပေ။
“ဆရာတော်ကြီးကုံဝမ်…
ဆရာတော် ကမ္မဌာန်းထိုင်နေတယ်ဆိုတာကို သိတဲ့လူနည်းနည်းလေးပဲ ရှိနိုင်မှာပါ။ ဆရာကြီးရဲ့ အစစ်အမှန်စွမ်းရည်နဲ့ လူသတ်သမားကို ရှာဖွေပေးပါ…”
သူ့စကားက ကျိုးကြောင်းဆီလျော်မှုရှိနေသည်။ ရွှမ်ယွမ်ကျိနှင့် တစ်ခြားလူများကလည်း ကုံဝမ်ကို ခေါင်းညိတ်ပြလိုက်ကြ၏။
ကုံဝမ်ကတော့ လက်အုပ်ချီပြီး ဦးညွှတ်လိုက်သည်။
“အော်မီတောဖော်…. ကိုယ်တော်လည်း အစွမ်းကုန်ကြိုးစားပြီးပြီ။ ဒါပေမဲ့ လူသတ်သမားရဲ့အစွမ်းက ကိုယ်တော့်ထက် မနိမ့်ဘူး။ ဒါကြောင့် ကိုယ်တော်တို့က သဲလွန်စတွေ ပျောက်နေတယ်…”
“ရှောင်လင်ကတောင် လူသတ်သမားကို မရှာနိုင်ဘူးဆိုရင်တော့ ကျွန်တော်က ဂိုဏ်းခေါင်းဆောင် အစ်ကိုကြီးဆီကို သတင်းပို့ရလိမ့်မယ်။ ပြီးတော့ ဂိုဏ်းရဲ့အချိန်ဓားကိုသုံးပြီး လူသတ်သမားကို ရှာရလိမ့်မယ်…”
တာအိုသခင်ရှုကျိုးက ဒေါသတကြီး ပြောလိုက်သည်။
“အော်မီတောဖော်… ကိုယ်တော်လည်း ဒကာလေးတို့ရဲ့ရွှမ်တျန်းဂိုဏ်းအပေါ် အပြစ်ရှိသလို ခံစားမိပါတယ်။ ဒီတော့ ကျောက်စိမ်းအင်ပါယာတောင်ထိပ်ကို ကိုယ်တိုင်လိုက်လာပြီး ဒကာလေးရှုကျင်းကို တောင်းပန်ပါ့မယ်။ ပြီးတော့ ဒကာလေးရှုကျင်းနဲ့အတူ အစစ်အမှန်လူသတ်သမားကို လိုက်ရှာပေးပါ့မယ်…”
ကုံဝမ်က ဝမ်းနည်းစွာ ပြောလိုက်သည်။
ထိုစကားကြောင့် နောက်တွင် ရှိနေသော တိုက်အုပ်ကိုယ်တော်များကတော့ အတော်လေး မကျေမနပ်ဖြစ်နေကြသည်။ ရှုကျိုး၏စကားများကတော့ အတော်လေး ရန်လိုနေခဲ့ပြီး ကျောင်းထိုင်ကတော့ နှိမ့်ချ၍ ဆက်ဆံနေခဲ့သည်။
မည်သို့ဖြစ်စေကာမူ လူသတ်သမားက အလွန်ထူးခြားကြောင်း သူတို့လည်း နားလည်ကြ၏။ သူတို့က အစစ်အမှန်လူသတ်သမားကို ရှာမတွေ့ခင် ကျောင်းထိုင်ကသာ ထိုသို့မဖြေရှင်းလျှင် ရှောင်လင်၏ဂုဏ်သတင်းက လုံးဝပျက်ဆီးသွားရပါမည်။
ကုံဝမ်က ကျောက်စိမ်းအင်ပါယာတောင်ထိပ်သို့ လိုက်လာပြီး သူကိုယ်တိုင် တောင်းပန်မည်ဟု ပြောလိုက်ကြောင်း ကြားသည့်အခါ လူတိုင်းက အံ့ဩသွားခဲ့သည်။
တာအိုသခင်ရှုကျိုးကိုယ်တိုင် အိုးတိုးအမ်းတမ်း ဖြစ်သွားခဲ့ရသည်။
“ဆရာတော်ကုံဝမ်… အဲဒီလိုလုပ်ဖို့မလိုပါဘူး။ ကျွန်တော်က ဆရာတော်ရဲ့ သဘောထားကို ခံစားမိပါတယ်။ ရှောင်လင်က ကတိအတိုင်း ကျွန်တော်တို့ဂိုဏ်းနဲ့အတူ လူသတ်သမားကို ရှာပေးဖို့ပဲ လုပ်ပေးပါ…”
အကယ်၍ သိုင်းလောကတွင် နံပါတ်(၃)ဖြစ်ပြီး နှစ်ပေါင်း(၁၀၀)ကျော် လွှမ်းမိုးထားနိုင်သည့် သိုင်းပညာရှင်တစ်ယောက်သာ သူတို့ဆီကို လိုက်လာမည်ဆိုလျှင် ပြဿနာတက်နိုင်သည်။ ရှောင်လင်က လူသတ်သမားနှင့် ပတ်သက်နေသော သက်သေလည်း ရွှမ်တျန်းဂိုဏ်းတွင် မရှိခဲ့ချေ။ သူတို့၏လုပ်ရပ်က ချိန်းခြောက်ပြီး ရန်လိုနေသလိုဖြစ်နေသည်။
လူသတ်သမားနှင့် ပတ်သက်ပြီး ဆရာကြီးများ ဆွေးနွေးနေသည်ကို ကြားသောအခါ ကျန်းယွင်ရှန်လည်း စိတ်ထဲတွင် တွေးနေသည်။ ရိုးရိုးသားသား ပြောရမည်ဆိုလျှင် ကျန်းဝူဂိုဏ်းကလည်း တပည့်များကို အတွေ့အကြုံရစေရန် ရှောင်လင်ကျောင်းသို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
သံသရာကမ္ဘာကြီးထဲတွင် တွေ့ကြုံရသည့် တာဝန်များက အလွန်ထူးခြားသော အတွေ့အကြုံများဖြစ်ပြီး သူကတော့ အခုမှသာ ဉာဏ်အလင်းပွင့်မှုအဆင့်ကို ရောက်နေခြင်း ဖြစ်သည်။ သူက ထိုကဲ့သို့အရာများကို ဝင်ပါရန် မသင့်တော်သေးပေ။
ထို့ကြောင့် သူက သံသရာကမ္ဘာကြီး၏အဝေးတွင်သာ နေချင်နေပြီး သံသရာတာဝန်များကို မလုပ်ချင်ပေ။ သူက နတ်ဘုရားလက်နက်များ၊ သိုင်းပညာများ၊ မှော်ဆေးလုံးများကို စိတ်ဝင်စားသော်လည်း လက်ရှိအဆင့်တွင်တော့ သူ့ဆီတွင် လုံလောက်သော သိုင်းကျမ်းများ၊ ဆေးလုံးများ၊ လက်နက်များက ရှိနေသည်။
ထို့ပြင် သူ၏အစွမ်းက ရပ်တန့်သွားခြင်းမရှိသလို နှေးကွေးသွားခြင်းလည်း မရှိချေ။ သူ၏ဂိုဏ်းသားများက သူ့ကို ကျော်သွားမည့်အခြေအနေလည်း မကြုံရသေးပေ။ ယခုနဂါးဖမ်းလော်ဟန့် ကိုယ်တော်တစ်ပါး ရှိနေသည့်အတွက် သံသရာအရှင်သခင်ထံမှ ထွက်ပြေးရန် အခွင့်အရေးလည်း ရှိနေသည်။
ဓမ္မကာရအဆင့် ပညာရှင်တစ်ယောက်က အင်မော်တယ်တစ်ပါးဟု သတ်မှတ်နိုင်ပြီး ပြိုင်ဘက်ကင်းဟု သတ်မှတ်နိုင်သည်။ အကယ်၍ သူ၏အစွမ်းက သံသရာအရှင်သခင်ထက် အားနည်းနေမယ်ဆိုလျှင်ပင် သူကတော့ သံသရာအရှင်သခင်ကို ဆန့်ကျင်နိုင်စွမ်း ရှိနိုင်သည်။
ထို့ပြင် ကျန်းယွင်ရှန်နှင့် တစ်ခြားလူများ၏ ဘေးကင်းလုံခြုံမှုကိုလည်း အာမခံပေးနိုင်၏။ ထိုသို့ မဟုတ်လျှင် သံသရာအရှင်သခင်က သံသရာတာဝန်များ လုပ်ဆောင်ရန် ဘာကြောင့် သူတို့ကို တိတ်တဆိတ် ခေါ်ဆောင်သွားခဲ့သနည်း။ ကြည့်ရသည်မှာ သံသရာအရှင်သခင်က တစ်စုံတစ်ခုကို ဖြေစ်နိုင်သည်။
“ငါက သံသရာကမ္ဘာကြီးနဲ့ ပတ်သက်တာတွေကို ပြောပြလိုက်ရမလား ။ သံသရာအရှင်သခင်က နဂါးဖမ်းလော်ဟန့်ကိုယ်တော်ရဲ့ မျက်စိအောက်မှာတော့ ငါ့ကိုမသတ်နိုင်ဘူး။ တကယ်လို့ သံသရာအရှင်သခင်က ကုံဝမ်ဖြစ်နေမယ် ဆိုရင်တောင် ဂိုဏ်းအသီးသီးမှာ ရှိနေတဲ့ ဆရာကြီးတွေရှေ့မှာတော့ သူ့ကိုယ်သူ ဖုံးကွယ်ထားမှာပဲ။ ဒီကမ္ဘာကြီးက အကျယ်ကြီးပဲ။ သူတစ်ယောက်တည်း ဓမ္မကာရအဆင့်မှာရှိတာ မဟုတ်ဘူး။ ဥပမာပြောရရင် တာအိုသခင်ဆရာကြီး ချုံဟယ်က ကောင်းကင်အဆင့်မှာ သူ့ထက်ပိုမြင့်တယ်…”
“တကယ်လို့ ကျောင်းထိုင်ကုံဝမ်ကသာ တစ်ခြား ဓမ္မကာရအဆင့် ပညာရှင်တွေနဲ့ ပူးပေါင်းနေမယ်ဆိုရင် ငါပြောလိုက်တာနဲ့ ငါ့ကိုတော့ အလွယ်တကူသတ်ပစ်နိုင်တယ်။ ဆရာတော်ကြီးကုံဝမ်ကတော့ မသိချင်ယောင်ဆောင်ပြီး ငါတို့ကို ကယ်တင်ပေးနိုင်မှာ မဟုတ်ဘူး။ ဒါမှမဟုတ် သံသရာအရှင်သခင်က ကျောင်းထိုင်ကုံဝမ်နဲ့ တာအိုဦးဆောင်သူတွေ၊ ဗုဒ္ဓတွေထက် အဆပေါင်းများစွာပိုပြီး အစွမ်းထက်တာလည်း ဖြစ်နိုင်တယ်။ ဒါဆိုရင် သူက ဘာသဲလွန်စမျှမကျန်ဘဲ လူတိုင်းကို သတ်ပစ်နိုင်တယ်။ တကယ်လို့ ငါက တံခါး(၉)ပေါက်ပွင့်ပြီးသား ဆိုရင်တော့ ငါကိုယ်တိုင် သံသရာကမ္ဘာကြီးကို အသုံးချလို့ ရနိုင်သေးတယ်….”
ကျန်းယွင်ရှန်၏ ခေါင်းထဲတွင်တော့ အတွေးပေါင်းစုံပေါ်လာနေပြီး မည်သည့်အကြံမျှ ထွက်မလာသေးပေ။ သူကတစ်ယောက်တည်း တီးတိုးပြောနေပြီး သက်ပြင်းချလိုက်သည်။ သူက အသက်ကို ရင်းရလောက်သည်အထိ သတ္တိမရှိချေ။ ထိုအရာကပင် အမြဲလိုလို သူ၏အားနည်းချက်ဖြစ်နေခဲ့သည်။
သူက ကိုယ့်ကိုယ်ကို ကောင်းကောင်းသိနေခဲ့သည်။ ပုံမှန်အားဖြင့် သူ၏တည်ငြိမ်မှုနှင့် စွမ်းရည်များက အံ့ဩစရာကောင်းသည့်အတွက် အကြီးအကဲများ၏ ချီးကျူးမှုကို အမြဲလိုလို ခံခဲ့ရသည်။ သို့သော် အရေးပေါ် အခြေအနေမျိုး ကြုံရချိန်တွင်တော့ သူသည် အတော်လေး စိတ်လှုပ်ရှားသွားတတ်၏။
သူကိုယ်တိုင် အမှန်တကယ်လှုပ်ရှားရမည့်အချိန်ရောက်လာတိုင်း သူ့ဆီတွင် လုပ်ဆောင်ရဲသည့် သတ္တိမရှိခဲ့ပေ။ ထိုအရာကြောင့်လည်း သူက လက်ရှိအချိန်ထိ ကျန်းဝူလက်ဝါးခုနှစ်ချက်သိုင်းပညာကို မအောင်မြင်သေးခြင်းဖြစ်သည်။
ထိုအရာကို စဉ်းစားမိပြီးနောက် သူက ကျန်းကျိဝေကို လှမ်းကြည့်လိုက်မိသည်။ ထိုအချက်တွင်တော့ သူမက သူ့ထက် အဆပေါင်းများစွာ ပိုသာနေသည်။ ကျန်းကျိဝေက စုဝူမင်၏ နောက်တွင်ရပ်နေပြီး သံသရာကမ္ဘာကြီး၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်ချင်ပုံ မရချေ။
ကျန်းယွင်ရှန်၏ ခေါင်းထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့သည်။ သူက ကျန်းကျိဝေ၏ မျက်လုံးများကို သေချာစဉ်းစားမိခဲ့သည်။ သူမက ထိုဓားသိုင်းပညာ စာရင်းကို ကြည့်ခဲ့မိချိန်တွင် အတော်လေး စိတ်လှုပ်ရှားနေခဲ့သည်။ ထို့ကြောင့် သူလည်း မချိပြုံးပြုံးပြီး ခေါင်းခါလိုက်မိ၏။
“ကျောင်းထိုင်ဆရာတော်ကြီး…
ကျွန်မဆီမှာ သတင်းပေးစရာတစ်ခု ရှိနေပါတယ်။ အဲဒါက ချင်ကျင်းရဲ့သေဆုံးမှုနဲ့ ပက်သက်နေတယ်…”
ရုတ်တရက်ဆိုသလို ကျန်းယွင်ရှန်က ချီရှ၏စကားသံကို ကြားလိုက်ရသည်။ ကျန်းယွင်ရှန်က သူမကို အံ့ဩသင့်စွာ ကြည့်နေမိခဲ့ပြီး သူမ၏ မျက်နှာလှလှလေးပေါ်တွင် ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ရှိနေခဲ့သည်။
မြေပြင်ပေါ်ရှိ ပုရွက်ဆိတ်များကို ရေတွက်နေပုံရသော ကျန်းကျိဝေကလည်း အလွန်ထိတ်လန့်အံ့ဩသွားသည့် အကြည့်ဖြင့် ခေါင်းမော့ကြည့်လိုက်မိလေသည်။
Translated by Hein Htet.