← Chapters

အခန်း (၂၀)

Vol. 2 Ch. 20

အခန်း (၂၀)

Vol. 2 Ch. 20

လက်ရှိအချိန်တွင် ကျန်းယွင်ရှန်၏ စိတ်ထဲတွင်တော့ အတော်လေးကို ရှုပ်ထွေးနေခဲ့သည်။ သံသရာကမ္ဘာကြီးထဲရှိ မြေကွက်လပ်ထဲတွင် ချီရှက ထန်ပန်းပွင့်နှင့် ပတ်သတ်ပြီး သူတို့ကို ဝမ်းသာအားရ မိတ်ဆက်ပေးနေပြီး ထောင်ချောက်များ၊ လျှို့ဝှက်လက်နက်များ အကြောင်းပင်‌ ပြောခဲ့ကြောင်း သူက စဉ်းစားမိနေသေးသည်။

အကယ်၍ တစ်ယောက်ယောက်ကသာ သံသရာကမ္ဘာကြီးအကြောင်းကို စွန့်စားပြီး ထုတ်ဖော်မည်ဆိုလျှင် သူနှင့် ကျန်းကျိဝေသာ ဖြစ်နိုင်သည်ဟု တွေးထားခဲ့သည်။ ထိုအရာက ချီရှဖြစ်နေလိမ့်မည်ဟု သူလည်း မတွေးမိခဲ့ပေ။ မည်သို့ဖြစ်စေကာမူ သူမက အိပ်မက်မက်နေခဲ့သောအရာကို ရရှိခဲ့ခြင်းဖြစ်ပြီး သိပ်မကြာခင် သူမ၏အိပ်မက်များ ပြည့်စုံလာမည် ဖြစ်သည်။

သူက တွေဝေနေသည့်အချိန်တွင် သူမကတော့ ဆုံးဖြတ်ချက်ချလိုက်ခြင်းပေလော။ ကြည့်ရသည်မှာ သူမက ထိုဆုံးဖြတ်ချက်ကို ချပြီးသည်မှာ ကြာလောက်ပါပြီ။

“လဲလှယ်နေတဲ့ အတောအတွင်း သူက ပျော်ချင်ယောင်ဆောင်နေခဲ့တာလား…။ မဟုတ်ဘူး .။ သူ့ရဲ့ခံစားမှုတွေက အတုမဟုတ်ဘူး။ သူ့ရဲ့ပျော်ရွှင်မှုတွေက အန္တရာယ်ကို မကျော်လွှားနိုင်တာများလား…”

ချီရှက ထိုစကားပြောလိုက်ပြီး ချက်ချင်းဆိုသလိုပင် ကုံဝမ်က သူမကိုကြည့်၍ ပြောလိုက်သည်။

“ကျေးဇူးပြု၍ပြောပါ ဒကာမလေးချီ။ မင်းက ဘယ်လိုသိတာလဲ…”

လူသတ်သမားကို အလွန်ဒေါသထွက်နေသော တာအိုသခင်ရှုကျိုးက ချီရှကိုကြည့်ပြီး သူမ၏ စကားကို နားထောင်နေခဲ့သည်။ တစ်ချိန်တည်းတွင် စုဝူမင်၊ ရွှမ်ယွမ်ကျိနှင့် ချီရှ၏အဖေ၊ ချီယွမ် ၊ အခြားသော ပညာရှင်များက ချီရှကို စိုက်ကြည့်နေကြ၏။

ရွှမ်တျန်းဂိုဏ်းနှင့် ခြံဝန်းပေါင်းများစွာ အဝေးတွင် ရှိနေသော သူမက ချင်ကျင်း၏ သေဆုံးမှုကို မည်သို့ရှာတွေ့ခဲ့သနည်း။ အကယ်၍ သူမက ညအချိန် အိမ်သာသွားရင်း တစ်စုံတစ်ခုကို သတိထားမိမည်ဆိုလျှင်လည်း သူတို့၏ဆရာများက သေချာပေါက် သတိထားမိမည်ဖြစ်သည်။ ပြောရမည်ဆိုလျှင် သူတို့၏ အာရုံများကို လှည့်စားနိုင်မည့် အရာမျိုး မရှိချေ။ ဉာဏ်အလင်းပွင့်မှု အဆင့်ကိုပင် မရောက်သေးသော မိန်းကလေးငယ်လေး တစ်ယောက်က ထိုအရာကို တိုက်တိုက်ဆိုင်ဆိုင် တွေ့သွားရန်လည်း မဖြစ်နိုင်ပေ။

ကျန်းယွင်ရှန်က ရွှမ်ယွမ်ကျိ၏ နောက်တွင် ပုန်းလိုက်ပြီး လက်သီးကို တင်းတင်းဆုပ်လိုက်မိ၏။ သူ၏ညာလက်ကတော့ ဓားလက်ကိုင်ပေါ်သို့ တင်ထားပြီး တစ်ကိုယ်လုံး အေးစက်နေသလို ခံစားနေရသည်။

သူက ကျန်းကျိဝေကို တိတ်တဆိတ် လှမ်းကြည့်လိုက်ရာ သူမကလည်း ညာလက်ကို ဓားလက်ကိုင်ပေါ်သို့ ကိုင်ထားကြောင်း မြင်လိုက် ရသည်။

ချီရှက ပထမဆုံးစကားကို ပြောလိုက်ပြီးနောက် သူမအတွက် နောင်တရရန် အခွင့်အရေးမရှိတော့ချေ။ သူမက ခန်းမထဲတွင် ရှိနေသော ဆရာကြီးများနှင့် ကုံဝမ်ကို ကြည့်လိုက်သည်။ နဂါးဖမ်းလော်ဟန့် ရွှေခန္ဓာ ရှိနေသော ဓမ္မကာရအဆင့် ပညာရှင်ကြီးများကတော့ သံသရာအရှင်သခင်ကို တားဆီးနိုင်လိမ့်မည်ဟု သူမက မျှော်လင့်နေခဲ့သည်။

အကယ်၍ ကျောင်းထိုင်ကုံဝမ်ကိုယ်တိုင်က ထိုကိစ္စ၏ နောက်ကွယ်မှ လူဆိုးတစ်ယောက် ဖြစ်နေလျှင်ပင် သူ၏လျှို့ဝှက်ချက်ကို ကာကွယ်ရပါလိမ့်မည်။ သူက သူမကို တကျန်းအဖွဲ့အစည်းသို့ ပြန်ခေါ်သွားရန်သာ ပြောဆိုနိုင်သည်။

တကျန်းအဖွဲ့အစည်းသို့ ပြန်ရောက်ပြီးသွားလျှင် သူမ၏အဖေနှင့် အခြားသော ဆရာကြီးများက အလွန်သတိထားနိုင်ပြီး သူတို့ဂိုဏ်း၏ ထိပ်သီးလက်နက်ဖြစ်သော ကခုန်ခြင်းပင်လယ် စီးဆင်းခြင်းမြစ် ဟူသော တုတ်လက်နက်ကို သေချာပေါက် ထုတ်လာနိုင်သည်။ ထိုသို့ဆိုလျှင် သူမ၏လုံခြုံမှုက သေချာသွားနိုင်၏။

“ကျောင်းထိုင်ဆရာတော် …

ချင်ကျင်းနဲ့ ကျွန်မက…သံ….”

ချီရှက ထိုစကားလုံးများကို ပြောလိုက်သည့်အချိန်တွင် လူတိုင်းက သတိထားနေကြသည်။

သူမက သံသရာဟူသော စကားလုံးကို ထွက်တော့မည့် အချိန်တွင် သူမ၏နှလုံးခုန်နှုန်းက ရုတ်တရက်မြန်လာပြီး မရပ်မနား ခုန်လာခဲ့သည်။ ထိုအချိန်တွင် သူမ၏သွေးကြောများထဲ၌ အလွန်များပြားသော သွေးများ စီးဝင်လာသည်။ သူမ၏ ဦးနှောက်ကလည်း ကျယ်ပြန့်လာပြီး လည်ချောင်းကို တစ်စုံတစ်ခု ပိတ်ဆို့ထားသလို ခံစားလိုက်ရ၏။ သူမကအသက်ပင် မရှုနိုင်တော့ပေ။

“ခွပ်…”

သိစိတ်များက ဝေဝါးသွားပြီး ချီရှကတော့ အက်ကွဲသံတစ်ခုကို ကြားလိုက်ရသည်။ သူမ၏မျက်လုံးထဲတွင်လည်း အနီရောင်အလင်းတန်းများ ထွက်ပေါ်နေခဲ့သည်။

ထိုအချိန်တွင် သူမဆီသို့ ရောက်လာပြီး သူမကို ကယ်တင်ရန် ကြိုးစားနေသော လက်ကြီးတစ်ဖက်ကို မြင်လိုက်ရသည်။ ထို့နောက် အလင်းရောင်များ တောက်ပလာပြီး အခြေအနေက တည်ငြိမ်သွားခဲ့၏။

တစ်ချိန်တည်းတွင် ကောင်းကင်ပေါ်မှနေ၍ ဓားအလင်းတန်းတစ်ခု ကျဆင်းလာပြီး မျက်စိတစ်မှိတ်အတွင်း သူမ၏နောက်ဘက် (၃)လက်မခန့်အကွာရှိ လေဟာနယ်ထဲကို တိုက်ခိုက်လိုက်သည်။

“သံသရာအရှင်သခင်က ဓမ္မကာရအဆင့် ပညာရှင်တွေရဲ့အရှေ့မှာတောင် တိုက်ခိုက်ရဲလိမ့်မယ်လို့ မထင်ထားဘူး။ လူတိုင်းက နည်းနည်းလေး နောက်ကျသွားတယ်…”

ခါးသီးမှုများ၊ နောင်တရမှုများ၊ထိတ်လန့်မှုများနှင့်အတူ ချီရှက အမှောင်ထုကြီးထဲကို ကျရောက်သွားခဲ့သည်။ အထောက်အပံ့ မရှိတော့သည့်အတွက် သူမခန္ဓာကိုယ်က မြေကြီးပေါ်သို့ လဲကျသွားခဲ့၏။

“သမီး..”

ချီယွမ်တုန်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူမကို ပြေးပွေ့လိုက်သည်။ သူ၏ လက်ဖဝါးထဲမှနေ၍ ချီစွမ်းအင်များ စီးဆင်းလာပြီး ချီရှ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းထည့်ပေးလိုက်၏။ သို့သော် သူမကတော့ နောက်တစ်ကြိမ် လှုပ်ရှားမလာတော့ပေ။

စုဝူမင်က သူ့ဓားကို ရုတ်သိမ်းလိုက်သည့်အချိန်တွင် ကျန်းကျိဝေကတော့ အလွန်ရှုပ်ထွေးပြီး ထိတ်လန့်နေသေးသည်။ သူ၏ ဘယ်လက်က ဓားကို ညင်သာစွာ ပုတ်နေပြီး မျက်လုံးကတော့ တဝက်တပျက် ပွင့်နေသည်ဟု ဆိုနိုင်သည်။ အလွန်လေးနက်သော အမူအရာကြောင့် သူ့ပုံစံကို ကြည့်ရသည်မှာ လက်ရှိအခြေအနေကို စဉ်းစားနေပုံရသည်။

“အော်မီတောဖော်.. ငါက အရမ်းကိုနောက်ကျသွားတယ်…”

ဆရာတော်ကြီးကုံဝမ်က လက်အုပ်ချီလိုက်ပြီး ဂါရဝပြုလိုက်သည်။ သူ၏အနားတွင်လည်း ရွှေရောင်အလင်းတန်းတစ်ခု တောက်ပနေခဲ့၏။ အလွန်တည်ငြိမ်နေသော သူ၏မျက်နှာပေါ်တွင်လည်း ပထမဆုံးအကြိမ်အဖြစ် ထိတ်လန့်မှုများ၊ အံ့အားသင့်မှုများ ပေါ်လာခဲ့သည်။

“ဘာမှပြင်ဆင်မထားပဲနဲ့ နောက်ကျသွားတယ်လို့ပြောလိုက်တာလား…”

ကျန်းယွင်ရှန်က အလွန်ထိတ်လန့်ကြောက်လန့်နေပြီး စိတ်ထဲတွင် ရှုပ်ထွေးနေခဲ့သည်။ သူက ကြောက်လန့်မှု၊ နောင်တတရားနဲ့ အပြစ်ရှိနေသော အမူအရာမျိုးနှင့် မြေပေါ်တွင် လဲကျနေသော အလောင်းကို ကြည့်နေမိခဲ့သည်။

ရုတ်တရက်ဆိုသလို သူ့ခေါင်းထဲ၌ အတွေးတစ်ခု ပေါ်လာခဲ့၏။

“မဟုတ်သေးဘူး…ကျောင်းထိုင်ဆရာတော်က သူ့ရဲ့လော်ဟန့်ရွှေခန္ဓာကိုတောင် မသုံးခဲ့ဘူးလေ။ တကယ်လို့ သူသာ လူသတ်သမားမဟုတ်ဘူးဆိုရင် သူ့ရဲ့အပြစ်ကင်းမှုကို သက်သေပြဖို့အတွက် အကောင်းဆုံး ကြိုးစားနေမှာပဲ။ သူက တကယ်ပဲ မပြင်ဆင်နိုင်ခဲ့တာလား။ ဒါပေမဲ့ ဒီအကြောင်းအရာတွေ အားလုံးကို နောက်ကွယ်ကနေ သိနေတဲ့ ငါကိုယ်တိုင်တောင် သံသရာအရှင်သခင်က ဒီလောက်အထိ ရက်ရက်စက်စက် လှုပ်ရှားသတ်ပစ်မယ်လို့ မထင်ထားဘူး..”

အသက်စွမ်းအင်ကင်းမဲ့သွားပြီး ချီယွမ်တုန်၏ လက်ထဲတွင် လဲကျနေသော ချီရှကိုကြည့်ပြီး ကျန်းယွင်ရှန်၏ နှလုံးသားကို အလွန်ကြီးမားသော လက်ကြီးတစ်ဖက်နှင့် ဆုပ်ကိုင်ထားသလို ခံစားနေရသည်။ သူ၏နှလုံးခုန်နှုန်းက အလွန်လေးလံနေသည့်အတွက် အသက်ကိုပင် မနည်းရှုနေရ၏။

တာအိုသခင်ရှုကျိုးကလည်း အချိန်မီကယ်တင်နိုင်ခဲ့ခြင်း မရှိချေ။ ပထမတော့ သူက အကောင်းဆုံး မလုပ်ဆောင်ခဲ့သည့်အတွက် ကျောင်းထိုင်ကုံဝမ်ကို အပြစ်တင်မလို အမူအရာနှင့် ကြည့်လိုက်သည်။ သို့သော် သူ၏အမူအရာများက အကြိမ်အနည်းငယ် ပြောင်းလဲသွား၏။ သူက အရေးကြီးသည့်တစ်စုံတစ်ခုကို အမှတ်ရသွားသလို ခံစားလိုက်ရပြီး တဖြည်းဖြည်း တည်ငြိမ်သွားခဲ့သည်။

ထို့ပြင် ရွှမ်ယွမ်ကျိ ၊ ချီယွမ်တုန်နှင့် အခြားသူများကလည်း ကုံဝမ်ကို အပြစ်မတင်ရဲကြပေ။

“ဒကာကြီးတို့…

ဒကာမလေးချီ ဖြစ်ခဲ့တဲ့အရာတွေက တူညီတဲ့ကိစ္စတွေ အများကြီးကို သတိရသွားစေတယ်…”

ကုံဝမ်က ဖြည်းညင်းစွာ ပြောလိုက်သည်။

“ငါက ဒကာလေးချင်ကျင်း သေဆုံးသွားတဲ့အဖြစ်ကို အဲဒီအဖြစ်အပျက်တွေနဲ့ မချိတ်ဆက်မိတာ တော်တော်လေး နောင်တရမိပါတယ်။ မဟုတ်ရင်တော့ ဒကာမလေးချီကို ကယ်တင်နိုင်ခဲ့မှာ…”

“တူညီတဲ့ ဖြစ်ရပ်တွေလား…”

ယနေ့ညတွင် အလွန်အံ့ဩစရာဖြစ်ရပ်များ ဖြစ်နေကြောင်း ကျန်းယွင်ရှန်က ခံစားမိခဲ့သည်။ ထိုအရာက သူတို့နားလည်သည့်အရာနှင့် ကန့်သတ်ချက်ကိုပင် ကျော်လွန်နေခဲ့သည်။ သူက အလွန်စိုးရိမ်ထိတ်လန့်နေသော အမူအရာနှင့် လှမ်းကြည့်လိုက်ရာ ကျန်းကျိဝေကလည်း သူ့လိုဖြစ်နေကြောင်း တွေ့လိုက်ရသည်။

တခြားသူများကလည်း အလားတူတုန့်ပြန်နေကြသည်မှာ ကံကောင်းသွား၏။ ထို့ကြောင့် သူတို့နှစ်ယောက်ကပင် ထူးဆန်းနေခြင်း မဟုတ်တော့ပေ။

“ကျွန်တော်က အသေးစိတ် နားထောင်ချင်ပါတယ်…”

ရွှမ်ယွမ်ကျိက ဦးညွှတ်၍ ပြောလိုက်သည်။ ချီယွမ်တုန်ကလည်း နီရဲနေသော မျက်လုံးများနှင့်ကုံဝမ်ကို စိုက်ကြည့်နေခဲ့၏။

ကုံဝမ်က သက်ပြင်းချလိုက်မိသည်။

“ဒကာကြီးတို့က အင်မော်တယ်လို့ခေါ်တဲ့ လျှို့ဝှက်အဖွဲ့အစည်းကြီးကို ကြားခဲ့ဖူးလား။ သူတို့ရဲ့အဖွဲ့ဝင်တွေက လျှို့ဝှက်စွာ သေဆုံးသွားတတ်ကြတယ်။ ဒကာမလေးချီ သေဆုံးသွားတဲ့ ပုံစံအတိုင်းပဲ။ တကယ်လို့ သူတို့ကသာ အဖွဲ့အစည်းရဲ့ လျှို့ဝှက်ချက်ကို ထုတ်ပြောချင်တယ်ဆိုရင် သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာ ပုန်းအောင်းနေတဲ့ ကျိန်စာတွေက အသက်ဝင်လာနိုင်တယ်…”

“အင်မော်တယ် .. ဟုတ်လား။ ကျွန်တော်က သူတို့ရဲ့အဖွဲ့ဝင် တာအိုဘိုးဘေး တစ်ယောက်နဲ့ တိုက်ခိုက်ခဲ့ဖူးတယ်။ အဲဒီအချိန်တုန်းက ကျွန်တော့်ရဲ့ အသက်တောင် ဆုံးရှုံးလုနီးပါး ကြုံခဲ့ရတာ…”

ရွှမ်ယွမ်ကျိက ကိုယ့်ကိုယ်ကို လှောင်ရယ်လိုက်မိပြီး‌ ပြောလိုက်သည်။

“ဒါပေမယ့် သူတို့ရဲ့အဖွဲ့သားတစ်ယောက်ကိုတော့ လုံးဝမဖမ်းမိဖူးဘူး။ သူတို့ရဲ့ ထူးခြားဆန်းကြယ်တဲ့ သေဆုံးမှုကိုလည်း မတွေ့ဖူးဘူး…”

“ဘယ်လို.. မင်းက အသက်ဆုံးရှုံးလုနီးပါးကြုံခဲ့ရတာလား။ ပြီးတော့ တာအိုဘိုးဘေး ဟုတ်လား…”

အလွန်ဒေါသကြီးသော တာအိုသခင်ရှုကျိုးကလည်း မယုံကြည်နိုင်စွာ မေးလိုက်မိသည်။

ရွှမ်ယွမ်ကျိက ကျန်းဝူဂိုဏ်း၏ အထွေထွေခေါင်းဆောင် တစ်ယောက် ဖြစ်သည်။ သူက ဂိုဏ်း၏ ထိပ်တန်းသိုင်းပညာရှင် တစ်ယောက် မဟုတ်သော်လည်း‌ မြေကြီးအဆင့် သတ်မှတ်ချက်တွင် တော်တော်လေး အဆင့်မြင့်သော လူတစ်ယောက် ဖြစ်သည်။ သူကလည်း တာအိုသခင်ရှုကျိုးကဲ့သို့ အစွမ်းထက်၏။ သူကိုယ်တိုင်ကပင် အမည်မသိ အဖွဲ့အစည်းမှ လူတစ်ယောက်၏ တိုက်ခိုက်ခြင်းကြောင့် သေလုနီးပါး ခံစားခဲ့ရသည်မှာ လက်ခံနိုင်ဖွယ်ရာ မရှိချေ။

“ကိုယ်တော်သိရသလောက် ပြောရမယ်ဆိုရင်တော့ အင်မော်တယ်တွေမှာ အဖွဲ့ဝင်အများကြီးမရှိဘူး။ အများဆုံး (၂၀)လောက်ပဲ ရှိတယ်။ သူတို့တစ်ယောက်ချင်းဆီက ရှေးဟောင်းဒဏ္ဍာရီထဲမှာရှိတဲ့ တာအိုပညာရှင်တွေ၊ အင်မော်တယ်တွေရဲ့နာမည်တွေကို အသုံးပြုကြတယ်။ သူတို့ရဲ့ အစစ်အမှန်နာမည်ကိုတော့ ဘယ်သူမှ မသိကြဘူး။ တာအိုဘိုးဘေးကတော့ အဲဒီလူတွေထဲက တစ်ယောက်ပဲ…”

ကုံဝမ်က အင်မော်တယ်များအကြောင်း လုံးဝမကြားဖူးသောသူများကို ရှင်းပြနေသည်။

ရွှမ်ယွမ်ကျိကတော့ မချိပြုံးပြုံးပြီး ခေါင်းခါလိုက်၏။

“ကျောင်းထိုင်က ကျွန်တော့်ထက်ပိုပြီး သိနေတာပဲ။ ကျွန်တော်က တာအိုစောင့်ရှောက်သူနဲ့ မထင်မှတ်ပဲ တွေ့ပြီး တိုက်ခိုက်ခဲ့ရတာ။ သူတို့က အင်မော်တယ်ဆိုတဲ့နာမည်ကလွဲရင် တခြားနာမည်ကို ဘာမှမသိရဘူး။ လွန်ခဲ့တဲ့ (၁၀)နှစ်လောက်တုန်းကတော့ သူက ဝေ့ကျင်းအဆင့် အထွဋ်အထိပ်ကို ရောက်နေပြီလို့ ထင်ရတယ်….”

“အင်မော်တယ် တစ်ယောက်ဖြစ်လာပြီးရင် သူတို့က ဒဏ္ဍာရီနာမည်တွေကိုပဲသုံးပြီး သူတို့ရဲ့အစစ်အမှန် နာမည်ကို မသိရတာလား။ ဒီကမ္ဘာကြီးထဲမှာ ဘယ်လိုဖြစ်ပြီး အမည်မဲ့ဆရာကြီးတွေ ဒီလောက်များနိုင်မှာလဲ။ အဲဒီအဖွဲ့အစည်းက ဂိုဏ်းအသီးသီးနဲ့ မိသားစုကြီးတွေမှာ ရှိတဲ့လူတွေနဲ့ လျှို့ဝှက်ဖွဲ့စည်းထားတာ ဖြစ်နိုင်တယ်။ ရွှမ်ယွမ်ကျိ …အဲဒီတာအိုစောင့်ရှောက်သူရဲ့သိုင်းပညာကို ပြောလို့ရမလား…”

တာအိုသခင် ရှုကျိုးက မေးလိုက်သည်။

ထိုမျှများပြားလှသော ပညာရှင်များက အမည်မဲ့အနေနှင့် ရှိနေသည်ကို သူက မယုံကြည်နိုင်ပေ။ အင်မော်တယ်ဟူသော သူတို့၏နာမည်ကလွဲလျှင် သိုင်းလောက၌ တခြားနာမည်ကျော်ကြားသော နာမည်များ ရှိနေနိုင်သည်။ ထို့ကြောင့် ရှောင်လင်တွင် လျှို့ဝှက်တမန်တော်များ ရှိနေမည်ဟု သူက သံသယ ဝင်နေသေး၏။

ရွှမ်ယွမ်ကျိက ပြန်ဖြေလိုက်သည်။

“တကယ်လို့ ငါကသာ သူ့ရဲ့သိုင်းပညာကို ပြောရမယ်ဆိုရင် သူ့ကို ရှာတွေ့တာကြာပြီပေါ့။ ကျန်းဝူဂိုဏ်းက ကျန်းဝူအင်ပါယာရဲ့ အမွေအနှစ်ကို ရထားတယ်။ ငါတို့ကိုလည်း အလွယ်တကူအနိုင်ရဖို့ မဖြစ်နိုင်ပါဘူး။ အဲဒီတာအိုဘိုးဘေးသုံးခဲ့တဲ့ သိုင်းပညာက ရှေးဟောင်းဒဏ္ဍာရီထဲမှာ တာအိုဘိုးဘေးသုံးခဲ့တဲ့ ထိပ်သီးသိုင်းပညာနဲ့အတူတူပဲ။ အဲဒါကတော့ ‘ကမ္ဘာပေါ်ကြယ်နတ်ဘုရား ရောက်လာခြင်း’ ဆိုတဲ့သိုင်းပညာပဲ။ ဒါပေမယ့် ‘ကမ္ဘာပေါ်ကြယ်နတ်ဘုရား ရောက်လာခြင်း’ဆိုတဲ့ သိုင်းပညာရော ၊ ‘အရာအားလုံးပျောက်ဆုံးခြင်း’ဆိုတဲ့ သိုင်းပညာရော အားလုံးက ပျောက်ကွယ်နေတာ နှစ်ပေါင်း(၁)သောင်းကျော် ကြာနေပြီလေ။ သူတို့က ဘယ်နေရာကနေများ ရလာတာလဲ…”

“ကမ္ဘာပေါ်ကြယ်နတ်ဘုရား ရောက်လာခြင်း သိုင်းပညာ…

အရာအားလုံး ပျောက်ဆုံးခြင်းဆိုတဲ့ သိုင်းပညာလား…”

ကျန်းယွင်ရှန်၏ မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့သည်။ ထိုသိုင်းပညာနှစ်ခုက သံသရာအရှင်သခင်၏ စာရင်းထဲတွင် ရှိနေသေး၏။ ပထမတစ်ခုက ကံကြမ္မာအမှတ်(၅)သိန်း ဖြစ်ပြီး ဒုတိယတစ်ခုကတော့ (၈)သောင်း ဖြစ်သည်။ ထိုအင်မော်တယ်များက သံသရာကမ္ဘာကြီးနှင့် ပတ်သက်နေခြင်းပေလော။

တာအိုသခင်ရှုကျိုးက ချီယွမ်တုန်ဆီသို့ လျှောက်သွားပြီး ခေါင်းညိတ်ပြလိုက်သည်။

“အရမ်းကိုထူးခြားတဲ့ စွမ်းအားတစ်ခုက ခန္ဓာကိုယ်ထဲမှာ ပေါက်ကွဲသွားပြီး အပြင်ဘက်မှာရှိတဲ့ စွမ်းအားတစ်ခုနဲ့ ဆက်သွယ်ထားတာ။ ဒါကို သာမန်လူတွေလုပ်ဖို့ လုံးဝမဖြစ်နိုင်ဘူး။ ပြီးတော့ ကျိန်စာနဲ့ အလားတူအရာတွေကို ခြေရာခံကြည့်လိုက်မယ်ဆိုရင် ငါတို့က သူတို့ရဲ့အဆင့်အတန်းကို ချက်ချင်းသိနိုင်မှာလေ…”

ကျန်းယွင်ရှန်က အလွန်အမင်း ထိတ်လန့်ကြောက်လန့်နေသည့်အချိန်တွင် ကျန်းကျိဝေ၏ ရှေ့တွင် ရပ်နေသော စုဝူမင်က ပြောလိုက်သည်။

“သူတို့ရဲ့ ခြေရာလက်ရာတွေကလည်း အတော်လေးကို သိုသိပ်တယ်။ တကယ်လို့ ငါတို့ကသာ သူတို့ရဲ့ဇစ်မြစ်နဲ့ နည်းလမ်းကို ရှာမတွေ့ဘူးဆိုရင် ဘယ်အရာကိုမှ ရှာတွေ့မှာ မဟုတ်ဘူး…”

“စုဝူမင်…

ငါတို့ကလျှောက်ပြီး ထင်မြင်ယူဆနေမယ့်အစား လှုပ်ရှားကြည့်တာ ပိုကောင်းတယ်..”

တာအိုသခင်ရှုကျိုးက ပြောလိုက်သည်။ သူကတော့ စုဝူမင်ကို မကြောက်ချေ။

“ဒကာကြီးစုပြောတာ မှန်တယ်..။ နောက်ဆုံးတစ်ခေါက်မှာ ငါတို့က အင်မော်တယ်သခင် ထိုက်ရီချန်ထားခဲ့တဲ့ သဲလွန်စတစ်ချို့ကို ရှာဖွေကြည့်ခဲ့တယ်။ ဒါပေမယ့် လိုက်လို့ရတဲ့ သဲလွန်စတစ်ခုမှ မတွေ့ခဲ့ဘူး…”

ကုံဝမ်က အင်မော်တယ်များနှင့် ပတ်သတ်ပြီး ကြုံတွေ့ခဲ့ရသည့် အကြောင်းအရာများကို လူတိုင်းသိအောင် ပြောပြလိုက်သည်။

ထို့နောက် သူက စုဝူမင်ကို ပြောလိုက်၏။

“ကြည့်ရတာ ဒကာကြီးစုကလည်း အလားတူအတွေ့အကြုံမျိုး ရှိနေတယ် ထင်တယ်..”

စုဝူမင်ကတော့ အလွန်တည်ငြိမ်သောလေသံနှင့် ပြောလိုက်၏။

“ကျွန်တော်ကတော့ ဒဏ္ဍာရီလို့ခေါ်တဲ့ အဖွဲ့အစည်းတစ်ခုနဲ့ တွေ့ခဲ့တယ်။ သူတို့တွေက အင်မော်တယ်တွေလိုပဲ အရမ်းကြောက်စရာကောင်းတဲ့ ရန်သူတွေလို့ ပြောလို့ရတယ်။ သူတို့ရဲ့အဖွဲ့သားတွေက ဒဏ္ဍာရီထဲမှာရှိတဲ့ ရှေးဟောင်းနတ်ဘုရားတွေရဲ့ နာမည်တွေကို သူတို့ရဲ့နာမည်အဖြစ် သုံးကြတာ..”

“ဒကာကြီးစု …သူတို့ဆီကနေ တစ်ခုခုများ သိခဲ့ရလား…”

ကုံဝမ်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

တခြားသူများကလည်း အခြားသော လျှို့ဝှက်အဖွဲ့အစည်းကြီးတစ်ခု အကြောင်းကို ကြားလိုက်ရသည့်အတွက် အလွန်ထိတ်လန့်သွားကြသည်။

စုဝူမင်ကတော့ အတော်လေး တည်ငြိမ်နေသေးသည်။

“ကျွန်တော်နဲ့တွေ့ခဲ့တဲ့ အရှေ့ပိုင်းဧကရာဇ်က တော်တော်လေးကို အစွမ်းထက်တယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ စွမ်းအားကို မထိန်းချုပ်နိုင်ခဲ့ဘူး…”

“ဒါဆိုရင် အဲဒီလူက သေသွားပြီလား…”

လူငယ်များကတော့ မည်သို့တုန့်ပြန်ရမှန်းပင် မသိကြပေ။

“အလောင်းက အလိုလိုပျက်ဆီးသွားခဲ့တယ် ”

စုဝူမင်က ထပ်ပြောလိုက်၏။

ကုံဝမ်က သက်ပြင်းချလိုက်သည်။

“ကိုယ်တော် စောင့်ကြည့်နေတဲ့အချိန်အတွင်း ထိုက်ရီသခင်ရဲ့အလောင်းကတော့ ပျက်စီးမသွားသေးဘူး။ သူ့ရဲ့အစစ်အမှန် နောက်ကြောင်းကလည်း သာမန်မဟုတ်ဘူး။ နောက်ပိုင်းကျရင်တော့ ကိုယ်တော်က ဒကာကြီးတို့ကို အသေးစိတ်ပြောပြပါမယ်….”

ခန်းမထဲတွင် လူပေါင်းများစွာရှိနေသည့်အတွက် အသေးစိတ်ဆွေးနွေးရန် မသင့်တော်ပေ။

“အင်မော်တယ်တွေပဲဖြစ်ဖြစ် ဒဏ္ဍာရီတွေပဲဖြစ်ဖြစ် သူတို့က အရမ်းကို လျှို့ဝှက်ကြတယ်။ ဒီတော့ သူတို့ဆီမှာ အကြောင်းအရင်းတစ်ခုခုတော့ ရှိနိုင်တယ်။ ဒီတော့ ဂိုဏ်းကြီးတွေ ပူးပေါင်းပြီး ဒီကိစ္စကို စုံစမ်းရှာဖွေဖို့ အကြံပေးချင်တယ်…”

တာအိုသခင်ရှုကျိုးက ကျယ်လောင်စွာ ပြောလိုက်သည်။

ကုံဝမ်က ခေါင်းညိတ်ပြလိုက်ပြီး သူ၏ကွင်း(၉)ကွင်းသံတုတ်ကို ပြန်ယူလိုက်သည်။

“တကယ်လို့ ကိုယ်တော်တို့ကသာ သတင်းအသစ်တွေ ရခဲ့မယ်ဆိုရင် ရှောင်လင်က အားလုံးကို ဝေမျှပေးပါမယ် ”

“ငါတို့ရွှမ်တျန်းဂိုဏ်းလည်း အတူတူပါပဲ…”

တာအိုသခင်ရှုကျိုးက ချက်ချင်း ကတိပေးလိုက်ပြီး ချီယွမ်တုန်ကို လှည့်ကြည့်လိုက်သည်။

“မိတ်ဆွေကြီးချီ…

ကျေးဇူးပြုပြီး မိန်းကလေးချီရဲ့ ပိုင်ဆိုင်မှုတွေကို စစ်ဆေးကြည့်ပါဦး။ တစ်ခုခုများ တွေ့မလား သိရတာပေါ့…”

ချီယွမ်တုန်က မျက်နှာပျက်ပျက်နှင့် ခေါင်းညိတ်ပြလိုက်သည်။ သိပ်မကြာခင် ထန်ပန်းပွင့် ဖန်တီးသည့်နည်းလမ်းကို တွေ့သွားခဲ့၏။ ထို့နောက် သူက အံကြိတ်ပြီး ပြောလိုက်သည်။

“တကျန်းအဖွဲ့အစည်းကြီးမှာ ဒီလိုလျှို့ဝှက်လက်နက်မျိုး လုံးဝမရှိဘူး။ ငါက အဲဒီအင်မော်တယ်တွေ ဒဏ္ဍာရီတွေကို သတ်ပစ်မယ်။ ငါ့သမီးရဲ့ကိုယ်စား သူတို့ကို လက်တုန့်ပြန်မယ်…”

လျှို့ဝှက်လက်နက်ဖန်တီးခြင်းနည်းလမ်းက သိုင်းလောကထဲတွင် လုံးဝမမြင်ဖူးချေ။ ထို့ကြောင့် သူက ရွှမ်ယွမ်ကျိ ပြောခဲ့သော ‘ကမ္ဘာပေါ်ကြယ် နတ်ဘုရား ရောက်လာခြင်း’ဟူသည့်အရာကို အမှတ်ရသွားခဲ့သည်။ ထို့ကြောင့် သူ့သမီး၏သေဆုံးမှုက ထိုလျှို့ဝှက်အဖွဲ့အစည်း (၂)ခုနှင့် ပတ်သတ်နေသည်ဟု ပို၍ယုံကြည်သွားခဲ့၏။

ရွှမ်ယွမ်ကျိက ဂိုဏ်းအသီးသီး၏နောက်တွင် ရပ်နေသော တပည့်များကို ကြည့်လိုက်သည်။

“ဒီကိစ္စကအရမ်းအရေးကြီးတယ်.၊ ကျေးဇူးပြုပြီး မင်းတို့ရဲ့တပည့်တွေကို သေချာပြောထားပါ။ ဒီကိစ္စအပြင်ကို သတင်းပေါက်ကြားလို့မရဘူး…”

ဤခန်းမထဲသို့ ဂိုဏ်းတစ်ဂိုဏ်းချင်းဆီ၏ အနာဂတ်လက်ရွေးစင်များကိုသာ ဝင်ခွင့်ပေးထားသည်။ သူတို့က ဤကိစ္စကိုနားထောင်နိုင်သည့် အရည်အချင်းမျိုးလည်း ရှိ၏။ ထို့ကြောင့် အပြင်လူများကို ပြန်မပြောရန်သာ ပြောထားခဲ့သည်။

“ကောင်းပါပြီ ဦးလေး…”

ကျန်းယွင်ရှန်က ချက်ချင်းပြန်ဖြေလိုက်ပြီး တခြားသောတပည့်များကလည်း တစ်ယောက်ပြီး တစ်ယောက် ကတိပေးလိုက်ကြသည်။

ခန်းမထဲတွင် ရှိနေသော ပညာရှင်ကြီးများက ပြန်ထွက်မသွားခင် လျှို့ဝှက်ဆွေးနွေးနေခဲ့ကြသေး၏။

ကျန်းယွင်ရှန်ကတော့ ရွှမ်ယွမ်ကျိနှင့်အတူ ဗုဒ္ဓခန်းမထဲမှ ထွက်လာကြပြီး သူတို့နေထိုင်သော ခြံဝန်းထဲသို့ လျှောက်လာခဲ့သည်။ လမ်းတလျှောက်တွင်တော့ ဖြစ်ပျက်ခဲ့သောအရာများအပေါ် ယခုထိ စိုးရိမ်နေသေးသည်။ ရုတ်တရက်ဆိုသလို သူ့ဆရာနှင့် ဦးလေးရွှမ်ယွမ်ကျိဆီမှ သက်ပြင်းချသံတိုးတိုးကို ကြားလိုက်ရ၏။

ထိုသက်ပြင်းချသံကြောင့် ကျန်းယွင်ရှန်က ပို၍ပင် ရှုပ်ထွေးသွားခဲ့သည်။ သူက ရွှမ်ယွင်ကျိကိုကြည့်လိုက်ပြီး အသံတိုးတိုးနှင့် ပြောလိုက်၏။

“ဦးလေး …

ဘာလို့ကျောင်းထိုင်ဆရာတော် ကုံဝမ်ကို သံသယမဝင်ရတာလဲ။ သူက ညီမလေးချီကို ကယ်တင်ဖို့ အကောင်းဆုံး ကြိုးစားခဲ့တာ မဟုတ်ဘူးလေ။ သူ့ရဲ့လော်ဟန့်ရွှေခန္ဓာကိုတောင် မသုံးခဲ့ဘူးလေ…”

ရွှမ်ယွမ်ကျိက ပြန်ပြောလိုက်သည်။

“သေချာဂရုစိုက်ပြီး လေ့လာခဲ့တာပဲ…”

ထို့နောက် သူက ကောင်းကင်ပေါ်သို့ မော့ကြည့်ပြီး သက်ပြင်းချလိုက်၏။

“ကောလာဟလတွေကတော့ မမှားဘူးပဲ…”

“ဟမ်…”

ကျန်းယွင်ရှန်ကတော့ ရွှမ်ယွမ်ကျိကိုကြည့်ပြီး အလွန်ရှုပ်ထွေးသွားခဲ့သည်။ သို့သော် ရွှမ်ယွမ်ကျိကတော့ သူ့ကို မည်သည့်အရာမျှ ရှင်းမပြခဲ့ပေ။ သူက ခေါင်းခါပြလိုက်ပြီး ကျန်းယွင်ရှန်ကို ဆက်မမေးရန် အချက်ပြလိုက်သည်။

ညကတော့ အလွန်အေးချမ်းလွန်းလှပြီး ကောင်းကင်ပေါ်မှ အဖြူရောင်နှင်းပွင့်လေးများ ကျဆင်းလာနေခဲ့၏။

Translated by Hein Htet.

All Chapters