အခန်း (၂၁)
Vol. 2 Ch. 21
မနက်စောစောရေသယ်၊ မနက်စာစားလိုက်ပြီးနောက် မုန့်ချီက သူ၏တံမြက်စည်းနှင့်အတူ ကမ္မဌာန်းခြံဝန်းဆီသို့ အလျင်အမြန် လျှောက်သွားခဲ့သည်။ သူက မနက်စောစော ခေါင်းလောင်းတီးသည့် အကြောင်းအရင်းကို ကျန်းကျိဝေနှင့် ကျန်းယွင်ရှန်တို့ကို မေးချင်ခဲ့၏။
“ချင်ကျင်းသေတာကို သိသွားတာများလား။ ဓမ္မကာရဆရာကြီးတွေက သဲလွန်စတွေ ရှာတွေ့ခဲ့တာလား။ တခြားဂိုဏ်းတွေရဲ့အပြုအမူကရော ဘယ်လိုဖြစ်နေမလဲ…”
ထိုမေးခွန်းများကို စဉ်းစားနေရင်း မုန့်ချီက ကမ္မဌာန်းခြံဝန်းထဲသို့ လျှောက်သွားခဲ့ပြီး ယမန်နေ့ညက ကျဆင်းနေခဲ့သော နှင်းများကို လာလှည်းကျင်းနေသည့်သဏ္ဍာန် ဟန်ဆောင်နေခဲ့၏။ သူ တံမြက်စည်းလှဲနေသည့်အချိန်တွင် ဂိုဏ်းအသီးသီးမှ တပည့်များက ခြံဝန်းထဲသို့ ဝင်လိုက်ထွက်လိုက် ရှိနေသည်ကို တိတ်တဆိတ် ကြည့်နေခဲ့၏။
အများစုက စိတ်လှုပ်ရှားနေကြပြီး အလွန်ရှုပ်ထွေးနေကြပုံ ပေါ်သော်လည်း အနည်းစုကသာ လေးလေးနက်နက် ရှိသည်။ သူတို့၏ ခေါင်းထဲတွင် ပို၍အရေးကြီးသော အရာတစ်ခု ရှိနေပုံရ၏။
“ဟေ့ ..ကိုရင်လေး ဒီကိုခဏလာပါဦး…”
ရုတ်တရက်ဆိုသလို မုန့်ချီက ကျန်းယွင်ရှန်၏အသံကို ကြားလိုက်ရသည်။ ထိုအသံကို သူလည်း အတော်ရင်းနှီးနေခဲ့၏။ မုန့်ချီက ပြန်လှည့်ကြည့်လိုက်ရာ ဧည့်သည်အခန်းတစ်ခန်း၏ ရှေ့တွင် ကျန်းယွင်ရှန်က ရပ်နေပြီး သူ့ကို လက်ပြနေကြောင်း တွေ့လိုက်ရသည်။
“ကျေးဇူးပြုပြီး ငါ့ရဲ့အခန်းကို ရှင်းပေးပါဦး။ ကြမ်းခင်းတွေက ညစ်ပတ်နေတဲ့အတွက် ငါက တော်တော်လေး မသက်မသာခံစားနေရတယ်…”
“ကောင်းပါပြီ ဒကာလေး…”
ကျန်းယွင်ရှန်က သူ့အခန်းထဲသို့ ဝင်လာရန် ဆင်ခြေရှာပေးနေခြင်း ဖြစ်ကြောင်း မုန့်ချီက သိနေခဲ့သည်။ ထို့ကြောင့် သူလည်း တံမြက်စည်းနှင့် ဂေါ်ပြားကိုကိုင်ပြီး အခန်းအတွင်းသို့ ချက်ချင်း ဝင်သွားခဲ့သည်။
ကျန်းယွင်ရှန်က မုန့်ချီကို တလေးတစား စောင့်နေပြီး သူ့ကို အရင်ဆုံး ဝင်ခိုင်းလိုက်သည်။ ထို့နောက် ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး သူတို့ကို စောင့်ကြည့်နေသူ ရှိမရှိ စစ်ဆေးလိုက်သည်။
မုန့်ချီအခန်းအတွင်းသို့ ဝင်သွားသည့်အချိန်တွင် အလွန်တောက်ပသော အဝါရောင်အလင်းတန်းတစ်ခုကိုလည်း မြင်လိုက်ရ၏။ ဤနေရာတွင် ကျန်းကျိဝေလည်း ရောက်နေခဲ့၏။
မုန့်ချီကတော့ သတိထားသည့်အနေနှင့် ခေါင်းငုံ့ပြီး ကြမ်းခင်းပေါ်တွင်ရှိသော အမှိုက်များ ညစ်ပေနေသော အမှိုက်များကို စတင်သန့်ရှင်းရေး လုပ်နေလိုက်သည်။
ကျန်းကျိဝေက ပြုံးလိုက်၏။
“ကိုရင်လေး နောက်တစ်ကြိမ်ထပ်တွေ့ပြန်ပြီ…”
“ဟုတ်ပါတယ်… ဒကာမလေးကျန်း ..
ငါက ဒီရက်တွေအတွင်း ကမ္မဌာန်းခြံဝန်းကို သန့်ရှင်းရေးလုပ်ဖို့ တာဝန်ကျတယ်…”
ကျန်းကျိဝေက သူနှင့်ဒုတိယတစ်ကြိမ် တွေ့ရသလိုသာ ဟန်ဆောင်နေခဲ့သည်။ ထို့ကြောင့် သူလည်း ပူးပေါင်းပေးရန် ဆုံးဖြတ်လိုက်၏။
‘ဒကာမလေးကျန်း’ ဟူသောအခေါ်ကို ကြားသည့်အခါ ကျန်းကျိဝေက ပါးစပ်ကို လက်နှင့်ကာထားမိခဲ့သည်။ ထို့နောက် သူမက အလေးအနက်အမူအရာနှင့် အခန်းအတွင်းသို့ ဝင်လာသော ကျန်းယွင်ရှန်ကို ပြောလိုက်၏။
“အစ်ကိုကြီးကျန်း…
ညီမလေးချီနဲ့ ကျွန်မက မနေ့တုန်းက တိုက်ပွဲမှာ တော်တော်လေး ရင်းနှီးခဲ့တယ်။ ဒါပေမယ့် သူက ဒီနေ့တော့ တော်တော်လေး ကံဆိုးသွားလိမ့်မယ်လို့ မထင်ထားဘူး။ ခုချိန်ထိ ကျွန်မရဲ့ကြောက်လန့်မှုတွေတောင် မပြေသေးဘူး။ အစ်ကိုကြီးလည်း ကောင်းကောင်းသိနေတာပဲ။ အစ်ကိုကြီးရော သဲလွန်စတစ်ခုခုများ သိလား။ ကျွန်မက သူ့အတွက် ဓားနဲ့ လက်တုန့်ပြန်ပေးချင်တယ်…”
ယမန်နေ့ သိုင်းပညာပြိုင်ပွဲတွင် သူမက ချီရှကိုအနိုင်ရခဲ့သည်။
“ဘယ်လို ..ချီရှသေသွားပြီလား…”
မုန့်ချီ၏ရင်ထဲတွင် ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး မုန်တိုင်းတစ်ခုထန်နေသလို ခံစားနေရသည်။
“ချီရှက ဘယ်လိုလုပ်ပြီး သေသွားရတာလဲ။ သူ့လို ဉာဏ်ကောင်းပြီး ထောင်ချောက်နဲ့ လျှို့ဝှက်လက်နက်တွေ ကျွမ်းကျင်တဲ့မိန်းကလေးတစ်ယောက်က ရုတ်တရက်ကြီး သေသွားတာလား…”
“ဘုတ်…”
အလွန်ထိတ်လန့်သွားသည့်အတွက် သူ့ကိုယ်သူ ထိန်းချုပ်ရန် ကြိုးစားခဲ့သော်လည်း မုန့်ချီကတော့ တံမြက်စည်းကို ကောင်းကောင်း မကိုင်နိုင်ခဲ့ပေ။ ကြားလိုက်ရသည့် အရာများက သူတွေးထားသည့်အရာများထက် အဆပေါင်းများစွာ ကျော်လွန်နေခဲ့သည်။
တံမြက်စည်းနှင့်ကြမ်းပြင်ထိသွားသည့်အသံကြောင့် မုန့်ချီလည်း သတိပြန်ဝင်လာခဲ့သည်။ သူက တံမြက်စည်းကို အလျင်အမြန်ကောက်လိုက်ပြီး အလွန်ကြောက်လန့်သွားချင်ယောင်ဆောင်လိုက်သည်။
“ငါ့ရဲ့အပြုအမူအတွက် တောင်းပန်ပါတယ်…”
သူ၏အမူအရာက အတုအယောင်မဟုတ်သော်လည်း တော်တော်လေးကို အံ့ဩသွားခဲ့သည်။
“ဘာမှမစိုးရိမ်ပါနဲ့ ။ ငါလည်း ဒီသတင်းကိုကြားတဲ့အချိန်မှာ မင်းလို အရမ်းထိတ်လန့်သွားခဲ့တာပဲ။ ဒါက အရမ်းကို ကြောက်စရာကောင်းလွန်းတယ်..”
ကျန်းယွင်ရှန်က မရင်းနှီးသော ရှောင်လင်ကိုရင်တစ်ယောက်နှင့် ပြောနေသလိုမျိုး ပြောပြနေခဲ့သည်။
ထို့နောက် သူက ကျန်းကျိဝေကိုလှည့်ကြည့်ပြီး ပြောလိုက်၏။
“နှစ်သစ်မရောက်ခင်မှာ ငါက ညီမလေးချီနဲ့ မြောင်လင်မှာ တွေ့ခဲ့ဖူးတယ်။ ငါတို့က အချင်းချင်း အချိန်အကြာကြီး စကားမပြောခဲ့ကြပေမယ့် မိတ်ဆွေဟောင်းတွေလို စကားပြောခဲ့ရတယ်။ ငါက ထူးဆန်းတာ ဘာမှသတိမထားမိခဲ့ဘူး။ ကြည့်ရတာ ဆရာတော်ကြီးကုံဝမ်ပြောတာက မှန်နေတယ် ထင်တယ်။ သူက လျှို့ဝှက်ချက်တွေကို ပြောပြချင်နေခဲ့လို့ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ကျိန်စာတွေက သတ်ပစ်လိုက်တာ ဖြစ်နိုင်တယ်…”
“ဟူး…. ညီမလေးချီက တော်တော်လေး အသက်ငယ်ပါသေးတယ်။ ဒီလောက်ငယ်ငယ်လေးနဲ့ အသက်သေသွားလိမ့်မယ်လို့ ဘယ်သူက ထင်ထားမိမှာလဲ။ တော်တော်လေးကို ကံဆိုးပြီး ဝမ်းနည်းစရာ ကောင်းလိုက်တာ…”
သူ၏လေသံထဲရှိ ဝမ်းနည်းမှုနှင့် နောင်တတရားများက အစစ်အမှန်ဖြစ်နေသည်။
သူတို့က အလွန်လျှို့ဝှက် ဆန်းကြယ်သော အဖွဲ့အစည်းအကြောင်း လူကြားထဲတွင် မပြောခဲ့သော်လည်း ချီရှနှင့် ချင်ကျင်းတို့၏သေဆုံးမှုက အနှေးနှင့်အမြန် သိလာကြမည်သာ ဖြစ်သည်။ တဖြည်းဖြည်းနှင့် လူတိုင်းသိသွားမည်သာဖြစ်၏။ ထို့ကြောင့် ကျန်းကျိဝေနှင့် ကျန်းယွင်ရှန်တို့က အချိန်မတိုင်ခင် မုန့်ချီကို ကြိုတင်ပြောပြထားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ဆိုလျှင် သူက ထိုအရာကို ကြားသည့်အချိန်တွင် တခြားကိုယ်တော်များ၏ရှေ့၌ သံသယဝင်စရာ မလိုတော့ပေ။
“ဒါဆိုရင် ချီရှသေသွားတာက သံသရာကမ္ဘာကြီးအကြောင်း တခြားသူကိုပြောပြဖို့ ကြိုးစားခဲ့တဲ့အတွက်ကြောင့်ပေါ့ …”
ထိုအချိန်တွင် သူမ၏ရှေ့၌ ဓမ္မကာရအဆင့် ပညာရှင်များ ရှိနေနိုင်သည်။ ထိုသို့ဆိုရာတွင် သူမက သေဆုံးသွားသေးခြင်းပေလော။ သံသရာအရှင်သခင်က အမှန်တကယ်ကို ကြောက်စရာကောင်းနေခြင်းပေလော။
မုန့်ချီက ချီရှသေဆုံးရသည့် အကြောင်းအရင်းကို နားလည်သွားခဲ့သော်လည်း သူ၏ထိတ်လန့်မှုကို ဖယ်ရှားနိုင်ခြင်း မရှိသေးပေ။
“ထွက်ပြေးဖို့ အခွင့်အရေးရတဲ့အချိန်မှာ ဘယ်သူကရော ထိန်းချုပ်ခံချင်မှာလဲ။ ဘယ်သူကရော သူတို့ရဲ့အသက်ကို ရင်းပြီး ထိပ်တန်းသိုင်းပညာတွေ၊ မှော်ဆေးလုံးတွေကို အလဲအလှယ်လုပ်ဖို့ တာဝန်တွေ လုပ်ချင်မှာလဲ။ ဓမ္မကာရအဆင့် နဂါးဖမ်းလော်ဟန့် ရွှေခန္ဓာရှိနေတဲ့ ပညာရှင်တစ်ယောက်ကတောင် သံသရာအရှင်သခင်ကို မတားနိုင်ဘူးလား..”
ကျန်းကျိဝေက သက်ပြင်းချလိုက်သည်။
“ချင်ကျင်းရဲ့သေဆုံးမှုကလည်း တော်တော်လေးကို ဆန်းကြယ်တယ်။ နောက်ကွယ်မှာ ရှိနေတဲ့ လူသတ်သမားနဲ့ ပတ်သက်ပြီး အခုအချိန်ထိ ဘာမှမသိရသေးဘူး…”
“ဒါကိုလည်း ငါက တော်တော်လေး ဇဝေဇဝါဖြစ်နေတယ်။ ညီမလေးကျန်းကရော တစ်ခုခု သတိထားမိသေးလား…”
ကျန်းယွင်ရှန်က ခဏတာစဉ်းစားပြီး ပြောလိုက်သည်။
“ညီမလေးချီရဲ့ကျိန်စာတွေ ထွက်ပေါ်လာတဲ့အချိန်မှာ ဆရာကြီးကုံဝမ်က နောက်ကျသွားပြီလို့ ပြောပေမယ့် တကယ်တမ်း သူက ရွှေခန္ဓာရဲ့အစွမ်းတွေကိုတောင် လုံးဝမသုံးခဲ့ဘူး။ ဒါက တစ်ခုခုတော့ လွဲနေပြီ။ ဒီကိစ္စကို ဦးလေးရွှမ်ယွမ်ကျိဆီ သီးသန့်မေးခဲ့ပေမယ့် ကောလာဟလတွေက မမှားဘူးလို့ပဲ သူက ပြန်ပြောခဲ့တယ်..”
ကျန်းကျိဝေက ပြောလိုက်၏။
“ကျွန်မလည်း အဲဒါကိုသတိထားမိတယ်။ ကမ္မဌာန်းခြံဝန်းကို ပြန်ရောက်လာတဲ့အချိန်မှာ ကျွန်မရဲ့ဆရာကို မေးခဲ့တယ်။ ဒါပေမယ့် ဆရာက ကိုယ့်ဘာသာရှာပြီး ကိုယ့်ဘာသာပဲ ထင်မြင်ယူဆတော့လို့ ပြောခဲ့တယ်…”
“သူက ရွှေခန္ဓာကိုတောင် မသုံးခဲ့တာလား။ ဒါဆိုရင် သံသရာအရှင်သခင်ရဲ့အစွမ်းကို ကောက်ချက်ချဖို့တောင် အရမ်းစောနေသေးတယ်။ ဓမ္မကာရအဆင့်ထက် အဆပေါင်းများစွာကျော်လွန်နေပြီး ဒဏ္ဍာရီထဲက ဗုဒ္ဓအဆင့်မျိုးကိုတောင် ရောက်နေတာလား…”
မုန့်ချီက အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။ ကုံဝမ်က ဘာကြောင့် သူ၏ရွှေခန္ဓာကို မသုံးခဲ့ကြောင်း သူက ပို၍စိတ်ဝင်စားလာခဲ့၏။
“ကြည့်ရတာ ငါတို့က အရမ်းအားနည်းနေတဲ့အတွက် ဒီလိုကိစ္စတွေကို နားမလည်နိုင်တာလို့ပဲ ကိုယ့်ကိုယ်ကို အပြစ်တင်ရတော့မယ်…”
ကျန်းယွင်ရှန်က လှိုက်လှိုက်လှဲလှဲ ပြောလိုက်သည်။ ယခင်တုန်းက သူ့ဆီတွင် မောက်မာမှုများ ရှိခဲ့သည်။ သူ၏သိုင်းပညာက သက်တူရွယ်တူများထဲတွင် အတော်လေး အစွမ်းထက်သည်ဟု တွေးထားမိခဲ့၏။
တဖြည်းဖြည်း ပို၍အစွမ်းထက်လာမည်ဆိုလျှင် သူက သံသရာအရှင်သခင်၏ ထိန်းချုပ်မှုမှ လွတ်မြောက်နိုင်ပြီး ရက်စက်ကြမ်းကြုတ်သောတာဝန်ဆီမှ အသက်ရှင်လွတ်မြောက်နိုင်မည်ဟု တွေးခဲ့မိသည်။ သို့သော် လက်ရှိအချိန်တွင် သူတို့ကို ပို၍လျင်မြန်စွာ တိုးတက်လာစေနိုင်သည့် တစ်ခုတည်းသောနည်းလမ်းက သံသရာအရှင်သခင်ကို အားကိုးရမည့်ပုံပေါ်သည်။
ကျန်းကျိဝေကတော့ ဓားလက်ကိုင်ကို ဆွဲထုတ်ပြီး ကစားကြည့်နေခဲ့သည်။ သူမက အပြာရောင်ကောင်းကင်ကြီးကိုကြည့်ပြီး ပြတ်သားစွာ ပြောလိုက်၏။
“တစ်နေ့နေ့မှာ ငါတို့ကလည်း အလားတူအခြေအနေမျိုး ကြုံရနိုင်တယ်။ အဲဒီအချိန်ရောက်ရင် ငါ့လက်ထဲမှာ ကိုင်ထားတဲ့ ဓားကိုသုံးပြီး ငါတို့ရဲ့ လွတ်မြောက်ခွင့်အတွက် တိုက်ခိုက်ရမယ်။ အတူတူကြိုးစားကြတာပေါ့ အစ်ကိုကြီးကျန်း…”
သူတို့က မနက်ခင်းဗုဒ္ဓခန်းမထဲတွင် ဖြစ်ခဲ့သော အကြောင်းအရာများကို မုန့်ချီသိအောင် ပြောပြနေခြင်း ဖြစ်သည်။ သူတို့က အင်မော်တယ်နှင့် ဒဏ္ဍာရီများဟူသော စကားလုံးကိုသာ ချန်ထားခဲ့၏။ သူတို့က နောက်တစ်ကြိမ် သံသရာတာဝန်များ ရောက်လာမည့်အချိန်ကို စောင့်နေရဦးမည်ဖြစ်သည်။
ထိုအချိန်ကျမှသာ အဖွဲ့(၂)ဖွဲ့၏ အကြောင်းကို ပြောပြရန် စဉ်းစားထားခဲ့၏။ အကယ်၍ သူတို့၏ဆွေးနွေးမှုကို အကြီးအကဲများ ကြားသွားမည်ဆိုလျှင် သူတို့ကို သေချာပေါက် သံသယဝင်နိုင်သည်။
မုန့်ချီက ကြမ်းခင်းကို သန့်ရှင်းရေးလုပ်ပြီးနောက် သူ၏သန့်ရှင်းရေးအလုပ်များကို ဆက်လက်လုပ်ဆောင်ရန် ခြံဝန်းဆီသို့ ပြန်သွားခဲ့သည်။ လက်ရှိအချိန်တွင် သူ့ခေါင်းထဲ၌ အတွေးပေါင်းစုံရှိနေပြီး တည်ငြိမ်နိုင်ခြင်း မရှိချေ။
နေ့လည်စာစားပြီးနောက် မုန့်ချီက ချီစွမ်းအင်များကို လှည့်ပတ်ရန်အတွက် စတင်လေ့ကျင့်နေပြီး သံချပ်ဝတ်အင်္ကျီကျင့်စဉ်၏ ညွှန်ကြားမှုအတိုင်း ကြိုးစားနေခဲ့၏။ သံသရာအရှင်သခင်က သူပိုင်ဆိုင်သင့်သောအရာတစ်ခုကို ပြန်ယူမသွားရန် သူလည်း မျှော်လင့်နေခဲ့သည်။
ထိုအချိန်တွင် ရွှမ်ရှင်းက ခန်းမထဲတွင် ရှိနေသော ခေါင်းလောင်းကိုတီးလိုက်ပြီး လူတိုင်းကို လူစုခိုင်းလိုက်သည်။
“ပင်မတံခါးပေါက်နားမှာရှိတဲ့ မြေကွက်လပ်ကို သန့်ရှင်းရေးသွားလုပ်ကြ။ ပြီးရင် ဂိုဏ်းအသီးသီးက ဒကာကြီးတွေကို တလေးတစား ပြန်ပို့ရမယ်…”
ရွှမ်ရှင်းက အိပ်နေရာမှ အတင်းအကြပ် အနှိုးခံလိုက်ရသော လူတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။
ထိုအမိန့်ပေးလိုက်ပြီးနောက် သူက အသံတိုးတိုးနှင့်ရေရွတ်လိုက်၏။
“ခေါင်းဆောင်တွေကို မကောင်းဆိုးဝါးတစ်ကောင်ကောင်ကများ စားသွားတာများလား။ ငါတို့ရှောင်လင်က ဘယ်တုန်းကများ တခြားဂိုဏ်းတွေကို ဒီလောက်ထိ တလေးတစား ဆက်ဆံနေရလို့လဲ….”
မုန့်ချီကတော့ အကြောင်းပြချက်ကို အကြမ်းဖျင်းနားလည်နေခဲ့၏။ ရွှမ်တျန်းဂိုဏ်းနှင့် တကျန်းအဖွဲ့အစည်းမှ တပည့်(၂)ယောက်လုံးက ကျောင်းတော်ထဲတွင် သေဆုံးသွားခဲ့သည်။ ထိုအတွက် ရှောင်လင်က တာဝန်တချို့ယူပေးရန် လိုအပ်ပြီး သူတို့၏ဝမ်းနည်းမှုကို ပြသရန် လိုအပ်သည်။
သန့်ရှင်းရေးကိုရင်များက သူတို့၏သန့်ရှင်းရေး တံမြက်စည်း၊ ရေပုံးများကို ကိုင်ပြီး ပင်မတံခါးပေါက်၏အနားတွင် ရှိနေသော မြေကွက်လပ်ဆီသို့ လျင်မြန်စွာ ရောက်လာပြီး ကြိုးကြိုးစားစား သန့်ရှင်းရေး လုပ်နေကြသည်။
မုန့်ချီကတော့ သံချပ်ဝတ်အင်္ကျီကျင့်စဉ်ကို ရရှိခဲ့ချိန်မှစပြီး ချီစွမ်းအားတချို့နှင့် ဆက်သွယ်ထားနိုင်ခဲ့သည်။ ထို့ကြောင့် မုန့်ချီအတွက် တံမြက်စည်းလှည်းရသည်မှာ အလွန်လွယ်ကူနေခဲ့သည်။ အချိန်အားလျှင် သူက နတ်ဘုရားခြေလှမ်း(၈)သွယ်ကို လေ့ကျင့်ချင်ခဲ့သည်။
သို့သော် ဤနေရာတွင် ဂိုဏ်းအသီးသီးမှ ရောက်လာသော ဧည့်သည်များရှိနေပြီး ကိုရင်များက သူတို့ကို ပို့ဆောင်ရဦးမည်ဖြစ်ကြောင်း သိနေသည်။ အကယ်၍ သူကသာ ရှောင်လင်သိုင်းပညာ မဟုတ်သော ကိုယ်ဖော့ပညာတစ်ခုကို လေ့ကျင့်ထားကြောင်း သိနေမည်ဆိုလျှင် လက်ရှိ အခြေအနေအရ သေချာပေါက် သံသယအဝင်ခံရနိုင်သည်။
ရုတ်တရက်ဆိုသလို ကျန်းရန်က အဝေးကို လက်ညှိုးထိုးလိုက်ပြီး ပြောလိုက်သည်။
“ညီလေးကျန်းတင် …
ဟိုမှာရှိတဲ့မိန်းကလေးကိုမြင်လား။ သူက ဒကာမလေးကျန်းလို့ခေါ်တယ်။ အဲဒါက ကျိကျန်းစံအိမ်ရဲ့ ဆက်ခံသူလေ။ သူက လက်ရှိသိုင်းပညာပြိုင်ပွဲရဲ့ အနိုင်ရသူလို့လည်း ပြောလို့ရတယ်…”
ကျန်းရန်က မုန့်ချီ၊ ကျန်းဟွေတို့နှင့် အတော်လေးကို ရင်းနှီးနေသည်။ ထို့ကြောင့် သန့်ရှင်းရေးလုပ်ပြီး သွားသည့် အချိန်တွင် သူတို့က အနားကိုကပ်ပြီး စကားပြောနေကြသည်။
ထိုအချိန်တွင် ဂိုဏ်းအသီးသီးမှ အကြီးအကဲများနှင့် တပည့်များက ပင်မဝင်ပေါက်ဆီသို့ လျှောက်လာကြပြီး သူတို့နဲ့အတူ အနီစင်း ဝတ်ဆင်ထားသော ရှောင်လင်ခေါင်းဆောင်များနှင့် အကြီးအကဲများလည်း ပါလာကြသည်။ ကျန်းရန်က သူတို့၏ နောက်တွင် အပြာရောင်ဝတ်စုံဝတ်ဆင်ထားသော ကျန်းကျိဝေကို လက်ညှိုးထိုးပြလိုက်ခြင်း ဖြစ်သည်။
“ဟင်း… ငါ့ကိုမိတ်ဆက်ပေးဖို့ လိုလို့လား။ ငါတို့က အရမ်းရင်းနှီးတယ်ဆိုတာ မင်းက သိမှာလား…”
မုန့်ချီက စိတ်ထဲတွင် တီးတိုးရေရွတ်လိုက်သည်။ ထိုသို့ဆိုရာတွင် သူကတော့ အလွန်စိတ်ဝင်စားချင် ယောင်ဆောင်နေသေးသည်။
“ဟုတ်လား ကျွန်တော် သူ့ကိုသိတယ်လေ။ ကမ္မဌာန်းခြံဝန်းထဲမှာ သန့်ရှင်းရေးလုပ်တဲ့အချိန် သူက ကျွန်တော့်ကို ကူညီပေးခဲ့ဖူးတယ်…”
“အစ်ကိုကြီး အဲ့ဒါတော့ တော်တော်လေး မဟုတ်သေးဘူးနော်….”
ကျန်းဟွေက မျက်နှာပျက်ပျက်နှင့် မုန့်ချီကို ကြည့်လိုက်သည်။
ကျန်းရန်က စိတ်ဝင်တစား မေးလိုက်၏။
“ညီလေးကျန်းတင် …
ဒကာမလေးကျန်းက မာနကြီးပြီး အေးစက်တဲ့ မိန်းကလေးမျိုးလား။ သိုင်းပညာနဲ့ ဓားပညာ အစွမ်းထက်တဲ့ မိန်းကလေးအများစုက အဲဒီလိုပဲလို့ ငါကြားဖူးတယ်…”
မုန့်ချီကတော့ အဆုံးသတ်တွင် ကိုယ့်ကိုယ်ကို အတော်လေးထိန်းချုပ်ထားချင်ခဲ့သည်။
“ကျွန်တော်လည်းမသိဘူး။ သူကျွန်တော့်ကို ကူညီပေးခဲ့တဲ့အချိန်မှာတော့ တော်တော်လေးကို သဘောကောင်းတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ပုံစံမျိုးပဲ။ ဒါပေမယ့် ညီလေးက ဘာလို့မဟုတ်သေးဘူးလို့ ပြောရတာလဲ…”
ကျန်းဟွေက မုန့်ချီကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။
“အစ်ကိုကြီး …
ပုံမှန်အားဖြင့် ပြောရမယ်ဆိုရင် ယောကျ်ားလေးတွေကပဲ မိန်းမလှလေးတွေကို ကူညီပေးရတာ မဟုတ်ဘူးလား…”
“မင်းပါးစပ်ပိတ်ထားလိုက်တော့…”
မုန့်ချီက သူ၏ညီငယ်လေးကို ပြောဆိုချင်ခဲ့သည်။
ကျန်းရန်ကတော့ ခွက်ထိုးခွက်လန် အော်ရယ်လိုက်၏။ ကျန်းဟွေက မုန့်ချီပြောပြခဲ့သော သိုင်းပုံပြင်များအပေါ် အလွန်စွဲလန်းနေကြောင်း သူသိနေသည်။
သူတို့၏အနားတွင် ရှိနေသော သန့်ရှင်းရေးကိုရင်များကလည်း အသံတိုးတိုးနှင့် စတင်ပြောဆိုနေကြ၏။
“အဲဒါက ကျန်းဝူဂိုဏ်းက ကျန်းယွင်ရှန်လား။ သူကလည်း လက်ရှိမျိုးဆက်မှာ တော်တော်လေး နာမည်ကျော်ကြားတဲ့ သခင်လေး တစ်ယောက်လို့ တခြားညီအစ်ကိုတွေဆီကနေ ကြားခဲ့ဖူးတယ်။ နောက်ပိုင်းကျရင် သူက လူသားအဆင့် သတ်မှတ်ချက်မှာတောင် ဝင်နိုင်ဖို့ အခွင့်အရေးရှိတယ်…”
“ဟုတ်တယ် သူပဲ။ ဒါပေမယ့် မနေ့တုန်းကတော့ ကျိကျန်းစံအိမ်က ကျန်းကျိဝေရဲ့ လက်ထဲမှာ သိုင်းကွက် တစ်ဝက်တည်းနဲ့ ရှုံးသွားတယ်လို့ကြားခဲ့တယ်…”
“အဲဒီမိန်းကလေးကို ရှုံးသွားတာလား…”
“မိန်းကလေးတွေကို လျှော့မတွက်နဲ့။ မိန်းကလေးတွေက ပိုလှလေလေ ပိုပြီးတော့ ကြောက်စရာကောင်းလေလေပဲလို့ ငါ့အမေက ပြောခဲ့ဖူးတယ်….”
သန့်ရှင်းရေးကိုရင်များကို ဝေယျာဝစ္စခြံဝန်းထဲသို့ ပို့ဆောင်ထားသည်မှာ အကြောင်းပြချက်တစ်ခု ရှိသည်။ သူတို့ဆီတွင် အနည်းနှင့်အများ ပြဿနာအနည်းငယ်ဆီရှိနေပြီး တချို့ကတော့ သာမန်လူများအနေနှင့်သာ စကားပြောနေကြ၏။
“ဒါက ယောကျ်ားမိန်းမပြဿနာဟုတ်လို့လား။ နောက်ထပ်(၁၀)နှစ်နေရင် သူက ဝေ့ကျင်းအဆင့်ကို ရောက်နိုင်ပြီး တကယ့်အစစ်အမှန် ပညာရှင်တစ်ယောက် ဖြစ်လာလိမ့်မယ်။ သူ့ရဲ့ရုပ်ရည်နဲ့ အဆင့်အတန်းအရ သူ့ကိုတွေ့တဲ့ သိုင်းပညာရှင်တိုင်းက နတ်ဘုရားမအဖြစ် သတ်မှတ်ကြမှာပဲ…”
ကျန်းရန်က ရုတ်တရက် ထပြောလိုက်သည်။
“ကျန်းယွင်ရှန်လည်း အတူတူပဲ။ သူက ကျန်းဝူဂိုဏ်းရဲ့ တိုက်ရိုက်ဆက်ခံသူလို့ ပြောလို့ရတယ်။ ပြီးတော့ အကြီးအကဲတွေကလည်း သူ့ကို အရမ်းတန်ဖိုးထားတယ်။ သူ့ရဲ့အနာဂတ်ကလည်း အရမ်းကိုတောက်ပနေတာပဲ။ ပြောရမယ်ဆိုရင်တော့ ငါတို့ကတော့ အမြဲတမ်းသန့်ရှင်းရေးလုပ်နေရတဲ့ သန့်ရှင်းရေးကိုရင်လေးတွေပဲလေ။ ငါတို့ကတော့ သူတို့အနားမှာရပ်ဖို့ အခွင့်အရေးတောင်မရှိဘူး…”
“ဟုတ်တယ် ။ သူတို့က ငါ့ကိုခဏလေး လှည့်ကြည့်ရင်တောင် ကျေနပ်ပါပြီ။ နောက်ပိုင်း ငါက လောကီရေးရာကို ပြန်သွားနိုင်တဲ့အချိန်ကျရင် ငါက သိုင်းလောကသခင်လေးနဲ့ နတ်သမီးလေးကို သိတယ်ဆိုပြီး ငါ့ရဲ့အိမ်နီးချင်းတွေနဲ့ မိတ်ဆွေတွေကို ပြောပြလို့ရတာပေါ့…”
တခြားသောသန့်ရှင်းရေးကိုရင်များကလည်း ထိုကဲ့သို့ခံစားမှုများကို ပြောပြနေကြသည်။ ထိုအချိန်တွင် သူတို့၏ရင်ထဲတွင်တော့ လေးစားမှုများ ၊ အားကျမှုများ ပြည့်နှက်နေကြ၏။
ရုတ်တရက်ဆိုသလို ကျန်းကျိဝေနှင့် ကျန်းယွင်ရှန်တို့က သူတို့ကို တပြိုင်တည်းလှည့်ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့(၂)ယောက်က မုန့်ချီကို ခေါင်းညိတ်ပြလိုက်ကြ၏။
“ဟား ဟား ဟား ဟား … သူတို့က ငါ့ကိုကြည့်နေပါလား ။ အခုတော့ မင်းရဲ့အိပ်မက်တွေက အမှန်ဖြစ်လာခဲ့ပြီ…”
“ဘယ်သူလဲ။ သူတို့က ဘယ်သူ့ကို ကြည့်နေတာလဲ….”
သန့်ရှင်းရေးကိုရင်များက အလွန်စိတ်လှုပ်ရှားနေကြပြီး အချင်းချင်း ဆွေးနွေးနေကြသည်။
မုန့်ချီကတော့ အလွန်ထူးခြားသော ခံစားမှုများကို သိမ်းဆည်းထားလိုက်ပြီး ကျန်းကျိဝေနှင့် ကျန်းယွင်ရှန်တို့ ထွက်သွားသည်ကို ကြည့်နေခဲ့သည်။
“အနာဂတ်သိုင်းလောကမှာ သူတို့က အစွမ်းထက်ဆုံးလူတွေ ဖြစ်လာလိမ့်မယ်..”
ထိုစကားများကိုနားထောင်ပြီး မုန့်ချီ၊ ကျန်းဟွေနှင့် ကျန်းရန်တို့က သူတို့၏ ပစ္စည်းများကိုယူ၍ သန့်ရှင်းရေးခြံဝန်းထဲသို့ ပြန်သွားခဲ့သည်။
သူတို့ လျှောက်သွားသည့်အချိန်တွင် ကျန်းရန်က ဝမ်းနည်းစွာ ပြောလိုက်၏။
“သူတို့က ကောင်းကင်ဘုံကို တက်နေတဲ့ လှေကားတစ်စင်းကို ရောက်နေပြီ။ ငါတို့ကတော့ အခုချိန်ထိ သန့်ရှင်းရေးခြံဝန်းထဲကနေ ထွက်မသွားနိုင်သေးဘူး။ဟူးး… ညီလေးကျန်းတင်၊ ညီလေးကျန်းဟွေ… မင်းတို့က ဝမ်းနည်းပြီးစိတ်ပျက်သလို မခံစားရဘူးလား….”
မုန့်ချီက စိတ်ထဲတွင် တိတ်တဆိတ်ပြန်ဖြေလိုက်မိသည်။
“ငါကတော့ ရှောင်လင်ကနေ ထွက်သွားဖို့ အခွင့်အရေးတစ်ခု လိုအပ်နေတယ်။ အခုသံသရာကမ္ဘာကြီးရှိနေပြီဆိုတော့ အချိန်တိုလေးအတွင်း ငါ့ရဲ့သိုင်းပညာကို မြန်မြန်မြှင့်တင်နိုင်မယ့် အရည်အချင်းမျိုးရှိတယ်။ တကယ်လို့ ငါသာ ဒီမှာဆက်နေမယ်ဆို သေချာပေါက် သံသယဝင်တာတွေ ခံရနိုင်တယ်။ ဒါပေမယ့် ငါက အရမ်းကြီးစိုးရိမ်နေဖို့ မလိုသေးပါဘူး။ လက်ရှိအချိန်မှာ သေချာလေ့ကျင့်လို့ ရနေသေးတယ်။ တကယ်လို့ ငါသာ ရှောင်လင်ကနေ ထွက်သွားမယ်ဆိုရင် ငါ့ရဲ့လက်ရှိသိုင်းပညာအရ ပြိုင်ဘက်တိုင်းက ငါ့ကိုသတ်ပစ်နိုင်လိမ့်မယ်။ လက်ရှိအချိန်မှာတော့ ငါက သံချပ်ဝတ်အင်္ကျီအခြေခံကို ကျွမ်းကျင်ပေမယ့် သာမန်သိုင်းသမားအဆင့်ပဲ ရှိသေးတယ်။ လူတိုင်းက ငါ့ရဲ့လျှို့ဝှက်ချက်တွေတော့ ရှာတွေ့မှာတော့ မဟုတ်ဘူး။ ငါက ဆင်ခြေတွေ အများကြီးသုံးလို့ရသေးတယ်။ နောက်ပိုင်း အခွင့်ရှိရင်တော့ ငါက ရှောင်လင်ရဲ့ ထိပ်သီးသိုင်းပညာ(၇၂)မျိုးထဲက တစ်ခုကို သင်ခွင့်ရမယ်ဆိုရင်တောင် သံသရာကမ္ဘာကြီးထဲမှာ အသက်ရှင်ဖို့ ပိုပြီးများတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါကတော့ ရှောင်လင်ကနေ အနှေးနဲ့အမြန် ထွက်သွားမှာပဲ….”
ထိုအချိန်တွင် ကျန်းဟွေက ရူးသွပ်စွာ ပြန်ဖြေလိုက်သည်။
“ကျွန်တော်ကတော့ ဘာလို့ဝမ်းနည်းသလို ခံစားရမှာလဲ… ကျွန်တော်က တံမြက်စည်းလှည်းရမဲ့အချိန် တံမြက်စည်းလှည်းဖို့ကို အာရုံစိုက်တယ်။ စားတဲ့အချိန် စားဖို့ကို အာရုံစိုက်တယ်။ ပုံပြင်တွေ နားထောင်ရမယ့်အချိန် ပုံပြင်တွေကိုပဲ အာရုံစိုက်တယ်။ အိပ်နေတဲ့အချိန် အိပ်စက်ဖို့ကိုပဲ အာရုံစိုက်တယ်လေ။ ကျွန်တော်က ဘာကို ဝမ်းနည်းရမှာလဲ….”
“အင်းးး…”
မထင်မှတ်ထားသောအဖြေကြောင့် ကျန်းရန်က ဘာပြောရမှန်း မသိတော့သလို ပြန်ဖြေနိုင်ခြင်းလည်းမရှိတော့ချေ။
“အင်းးး.” ဟူသောအသံကတော့ အနားတွင် ရှိနေသော လူတစ်ယောက်ဆီမှ ထွက်လာခြင်းဖြစ်၏။ မုန့်ချီက ထိုလူကို ပြန်လှည့်စစ်ဆေးကြည့်ရန် မလိုအပ်ပေ။ သူ၏ဒန်တျန်နှင့် စွမ်းအားများ စုစည်းလာမှုကြောင့် သူ၏အာရုံခံနိုင်စွမ်းများကလည်း သိသိသာသာ တိုးမြင့်လာခဲ့၏။
သူတို့၏ဦးလေးရွှမ်ကူနှင့် တခြားသော အဝါဝတ်ကိုယ်တော်တစ်ပါးက သူတို့အနားသို့ ရောက်လာကြောင်း သူသတိထားမိပြီးသားဖြစ်သည်။
“ဦးလေးရွှမ်ကူ၊ ဦးလေးရွှမ်ချီ…”
ကျန်းရန်က အသံပိုင်ရှင်ကို လှည့်ကြည့်ပြီး လက်အုပ်ချီ အရိုအသေပေးလိုက်သည်။
မုန့်ချီနှင့် ကျန်းဟွေတို့ကလည်း အရိုအသေပေးလိုက်ပြီးနောက် ရွှမ်ကူက ခေါင်းညိတ်ပြလိုက်သည်။
“ကျန်းဟွေ…
မင်းက မနက်ဖြန်ကျရင် တိုက်ခိုက်ရေးခြံဝန်းကိုသွားရမယ်…”
“ဟမ်.. ”
ကျန်းဝေက မည်သည့်အရာများ ဖြစ်ကြောင်း မသိသော်လည်း မုန့်ချီနှင့် ကျန်းရန်တို့ကတော့ အလွန်ထိတ်လန့်သွားခဲ့ကြသည်။
ထိုအချိန်တွင် ရွှေရောင်တောက်ပနေသော ရွှမ်ချီက အလွန်တည်ငြိမ်သောအသံနှင့် မုန့်ချီကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး ပြောလိုက်၏။
“မင်းက ကျန်းတင်လား….”
“ဟုတ်ပါတယ်…”
မုန့်ချီက အလွန်ရှုပ်ထွေးသော လေသံနှင့် ပြန်ဖြေလိုက်၏။
ရွှမ်ချီက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“မနက်ဖြန် မင်းလည်း တိုက်ခိုက်ရေးခြံဝန်းကို သွားရမယ်…”
“ဟမ်… ”
မုန့်ချီက ကြောင်၍ ကြည့်နေမိလေသည်။
Translated by Hein Htet