အခန်း (၂၂)
Vol. 2 Ch. 22
မူလတုန်းကတော့ သူက ဝေယျာဝစ္စခြံဝန်းမှနေ၍ ထွက်သွားရန် အခွင့်အရေးမရှိမှာကို မုန့်ချီက စိုးရိမ်နေခဲ့သည်။ ယခုတော့ သူ့ကို တိုက်ခိုက်ရေးခြံဝန်းဆီသို့ ပြောင်းလဲပေးလိုက်ပြီ ဖြစ်ကြောင်း တစ်စုံတစ်ယောက်က ရုတ်ချည်း ကြေညာခဲ့၏။
ထိုအချိန်တွင် ကောင်းကင်ပေါ်မှ စိန်တုံးကြီးတစ်တုံး ပြုတ်ကျလာသလို ခံစားလိုက်ရပြီး လမ်းမပေါ်တွင် ရပ်နေမိခဲ့သည်။ သူက ရှုပ်ထွေးနေသည့်အပြင် အလွန်အံ့ဩပြီး ဝမ်းသာသွားခဲ့၏။ အမှန်အတိုင်းပြောရလျှင် သူက ဝမ်းသာမှုထက်ပို၍ အံ့ဩသွားသည်ဟု ပြောလျှင် ပို၍ မှန်ပါလိမ့်မည်။ လက်ရှိအချိန်တွင် သူက ငူငူကြီး ရပ်နေမိပြီး မည်သည့်အရာကို ပြန်ပြောရမှန်းပင် မသိတော့ချေ။
ရွှမ်ချီကတော့ မုန့်ချီ၏လုပ်ရပ်ကြောင့် အံ့ဩသွားခဲ့ခြင်း မရှိချေ။ သူက လေးလေးနက်နက် ရှင်းပြလိုက်၏။
"ကျန်းဝူဂိုဏ်းက ကျန်းယွင်ရှန်နဲ့ ကျိကျန်းစံအိမ်က ကျန်းကျိဝေတို့ နှစ်ယောက်လုံးက မင်းကို ဧည်သည့်လက်ခံတဲ့နေရာမှာ တာဝန်ပေးဖို့ ပြောသွားခဲ့တယ် .။ သူတို့နှစ်ယောက်လုံးက မင်းရဲ့စကားပြောဆိုမှုတွေကို တော်တော်လေး သဘောကျကြတယ် ..။ မင်းရဲ့ပြောဆိုဆက်ဆံမှုတွေ ၊ အလေးထားမှုတွေ ၊ စကားပြောတဲ့ပုံစံတွေနဲ့ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်တဲ့ ပုံစံတွေကို အထူး အလေးပေး ချီးကျူးသွားတယ် ....။ တခြားဂိုဏ်းက ဒကာတွေက ရှောင်လင်ကျောင်းက သန့်ရှင်းရေးကိုရင်တစ်ပါးကို အဲဒီလို ချီးကျူးသွားတယ်ဆိုတာက တော်တော်လေးကို ရှားတယ် .။ ဒါကြောင့် ငါတို့က မင်းကို တိုက်ခိုက်ရေးခြံဝန်းဆီ ပို့ပေးဖို့ ဆုံးဖြတ်လိုက်တယ်...။ ပြီးတော့ မင်းကို သိုင်းပညာသင်ခိုင်းပြီး အနာဂတ်မှာ ဧည့်ကြိုကိုယ်တော်တစ်ပါး လုပ်ခွင့်ပေးမယ် ....."
သိုင်းဂိုဏ်းကြီးတစ်ခု၏ ဧည့်ကြိုပညာရှင် ဟူသည်မှာ အလွန်အစွမ်းထက်သော သိုင်းပညာတစ်ခု ရှိရန် လိုအပ်သည်။ ထိုအရာက သူတို့၏ဂိုဏ်းကို ကိုယ်စားပြုနေ၏။
"ကျွန်တော်လုပ်ခဲ့တာ တစ်ခုတည်းကတော့ ကိုယ့်ကိုယ်ကို အကောင်းဆုံး ထိန်းချုပ်ဖို့ ကြိုးစားခဲ့တာပါပဲ...."
နောက်ဆုံးတွင်တော့ မုန့်ချီက မည်သည့်အရာများ ဖြစ်ပျက်ခဲ့ကြောင်း နားလည်သွားခဲ့သည်။ သူက ကျန်းယွင်ရှန်နှင့် ကျန်းကျိဝေတို့ကို ကျေးဇူးတင်သွားသလို ခံစားနေရပြီး ရင်ထဲတွင်လည်း အတော်လေး ဝမ်းသာနေခဲ့၏။
"ဧည့်ကြို ကိုယ်တော်တစ်ပါးဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်ဖို့ အရေးကြီးဆုံးပဲ ..။ မင်းရဲ့ ဒေါသကို ထိန်းချုပ်ပြီး ဂိုဏ်းရဲ့ဂုဏ်သိက္ခာကို ကာကွယ်ရမယ် ..….."
ရွှမ်ချီက တည်ငြိမ်စွာ ပြောလိုက်ပြီး လှည့်ထွက်သွားခဲ့သည်။ သူက လမ်းလျှောက်သွားသည်မှာ အလွန်ခန့်ညားလွန်းလှပြီး ကိုယ်တော်တစ်ပါးနှင့်ပင် မတူခဲ့ပေ။ သိုင်းလောကတွင် နှစ်ပေါင်းများစွာ လှည့်ပတ်သွားလာနေခဲ့သော ဆရာကြီးတစ်ယောက်ကဲ့သို့ ထင်မှတ်ရ၏။
ရွှမ်ကူက မုန့်ချီကို ကြည့်၍ ပြောလိုက်သည်။
"တိုက်ခိုက်ရေးခြံဝန်းကို ရောက်သွားရင် ဘယ်လိုလှည့်ကွက်မျိုးကိုမှ မသုံးဖို့ စဉ်းစားပါ။ တည်ငြိမ်မှုကို နားလည်ပြီး မင်းရဲ့စိတ်ထဲမှာ ငြိမ်အေးဖို့ လိုလိမ့်မယ်..။ ကြိုးကြိုးစားစား လုပ်ဆောင်ခြင်းကပဲ မင်းကို လမ်းမှန်ပေါ် ပို့ပေးနိူင်လိမ့်မယ်.။ ဒီအချက်နှင့် ပတ်သက်ပြီး ကျန်းဟွေက မင်းထက် ပိုသာတယ်...."
သူက မည်သည့်အရာကို ပြောချင်နေကြောင်း မုန့်ချီက သိနေသည်။ မုန့်ချီက ကျန်းယွင်ရှန်၊ ကျန်းကျိဝေနှင့် တခြားဧည့်သည်များကို အသုံးချပြီး ဝေယျာဝစ္စခြံဝန်းထဲမှ ထွက်သွားရန် ကြိုးစားခဲ့ခြင်းဖြစ်မည်ဟု သူက သံသယဝင်နေမိ၏။သူ့မျက်လုံးထဲတွင်တော့ မုန့်ချီက လှည့်ကွက်များ ပြည့်နေသော ကလေးငယ်လေး တစ်ယောက်ဖြစ်သည်။
"ဦးလေးရဲ့ထင်မြင်ယူဆချက်တွေနဲ့ လူတစ်ယောက်အပေါ် ဆုံးဖြတ်ချင်တယ်ဆိုရင်လည်း အဆင်ပြေပါတယ် ...။ ဒါပေမယ့် ကိုယ့်ရဲ့ မျက်လုံးနဲ့ မမြင်ရတဲ့အရာ ၊ နားနှင့်မမြင်ရတဲ့ အရာကို ဘာလို့များ လက်ခံနေနိုင်ရတာလဲ...။ ဦးလေးရွှမ်ကူရဲ့ ရင်ထဲမှာ အဲဒီလိုစွဲလမ်းမှုတွေ ရှိနေမယ်ဆိုရင်တော့ တကယ့်ကို ငရဲကျနေသလိုပါပဲ ...."
မုန့်ချီက မမျှတသော ဆုံးဖြတ်ချက်များကို ငြိမ်ခံနေတတ်သည့်လူစားမျိုး လုံးဝမဟုတ်ချေ။ သူက မှားသည့်အရာကိုလည်း မှားသည်ဟု ပွင့်ပွင့်လင်းလင်း ပြောပြတတ်၏။ သူ မည်သူကိုမျှ ဂရုမစိုက်လျှင်လည်း ကျိုးကြောင်းဆီလျော်စွာ ပြန်လည်တိုက်ခိုက်တတ်သည်။
ပထမတွင် သူက ဗုဒ္ဓကျမ်းစာများဆီမှ သင်ကြားခဲ့ရပြီး ရှောင်လင်တွင် နှစ်ဝက်ကြာ အချိန်ကုန်လာပြီးနောက် သက္ကတဘာသာစကားများ လေ့လာခြင်းကို ပြီးဆုံးမှု မရှိသေးသလို မနက်ခင်း ဂါထာရွတ်ဆိုမှုလည်း ပြီးဆုံးခြင်း မရှိသေးပေ။ ရလဒ်အနေနှင့် သူက မည်သည့်ကျမ်းစာကိုမျှ မသိသေးဘဲ သူအရင်းနှီးဆုံး စကားလုံးများနှင့်သာ တုန့်ပြန်ခဲ့ခြင်း ဖြစ်သည်။
သူက လက်အုပ်ချီ၍ အလွန်တည်ငြိမ်သော အမူအယာနှင့် ရေရွတ်လိုက်သည်။
"အော်မီတောဖော....."
"မင်း ..."
ရွှမ်ကူက မုန့်ချီကို စိုက်ကြည့်လိုက်သည်။ မုန့်ချီက သူ့ကို မထီမဲ့မြင် ပြုလိမ့်မည်ဟု သူလည်း မထင်ထားခဲ့ပေ။ သူ ဒေါသအထွက်ဆုံး အရာကတော့ မုန့်ချီ ပြောခဲ့သော စကားများက အလွန်ကျိုးကြောင်းဆီလျော်နေခြင်း ဖြစ်သည်။ သူလည်း မည်သို့ ပြန်ဖြေရမှန်းမသိတော့ပေ။
"ဟူး....ဦးလေး ရွှမ်ကူက အရမ်းကို ခေါင်းမာလွန်းတယ် ..။ အဲ့ဒါကြောင့် သူက မကောင်းဆိုးဝါးလမ်းစဉ်ကို ရောက်သွားရင်တောင် ရှောင်ဖို့ မလွယ်လောက်ဘူး ...."
မုန့်ချီက စိတ်ထဲတွင် စဉ်းစားမိခဲ့သည်။
တစ်ဖက်တွင်တော့ ရွှမ်ကူက အလွန်လျှင်မြန်စွာ လျှောက်သွားပြီး မြေကွက်လပ်ထဲမှ ပျောက်ကွယ်သွားခဲ့၏။
ထိုအချိန်တွင် ကျန်းဟွေက တံမြက်စည်းကို တင်းတင်းဆုပ်ကိုင်ပြီး မုန့်ချီကို အလွန်ရှုပ်ထွေးစွာ ကြည့်နေမိ၏။
"အစ်ကိုကြီး ....
ကျွန်တော်တို့က တိုက်ခိုက်ရေးခြံဝန်းကိုသွားရမှာလား ....."
"ဟုတ်တယ် ..။ မင်းက ဘယ်လိုဖြစ်ပြီး အခုမှ မေးရတာလဲ ...."
မုန့်ချီက အလွန်အံ့ဩနေသည့် အမူအယာနှင့် ကျန်းဟွေကို လှည့်ကြည့်လိုက်သည်။
သူကတော့ ရွှမ်ချီတို့နှင့် စကားပြောခဲ့သည်မှာပင် အနည်းငယ် ကြာသွားပါပြီ။ ကျန်းဟွေ၏ တုန့်ပြန်မှုကတော့ အတော်လေးကို အံ့ဩစရာ ကောင်းလွန်းလှ၏။
ကျန်းဟွေက အပြစ်ကင်းစင်စွာ ပြုံးလိုက်သည်။
"အရမ်းကောင်းတာပေါ့ ..။ အခု ကျွန်တော်က ဗုဒ္ဓလက်ဝါးနဲ့ ခြေတစ်လှမ်း နီးလာပြီ..."
မုန့်ချီကတော့ ထိုအရူးကောင်လေး၏ အတွေးများကို နားမလည်နိုင်တော့ပေ။ သို့သော် သူ့ကိုယ်သူ လျင်မြန်စွာ ထိန်းချုပ်လိုက်ပြီး ကျန်းဟွေကို ဝမ်းသာအားရ ပြောလိုက်၏။
"ဗုဒ္ဓလက်ဝါးက ငါတို့နဲ့ အရမ်းကို ဝေးနေပါသေးတယ် ...။ ဒါပေမယ့် ချီစုဆောင်းရေးအဆင့်ကို အောင်မြင်သွားပြီဆိုရင်တော့ ငါတို့က ထိပ်သီးသိုင်းပညာ (၇၂)မျိုးကို သင်ကြားခွင့်ရပါလိမ့်မယ် ။ အဲဒီအချိန်ကျရင် ငါက ပန်းခူးလက်ညှိုးသိုင်း၊ ပုံသဏ္ဍာန် ငြင်းပယ်ခြင်း လက်ညှိုးသိုင်း ၊ ကန့်လန့်ဖြတ်ရေကန်သိုင်းပညာနဲ့တခြား ထိပ်တန်းကျင့်စဉ်တွေကို သေချာပေါက် သင်နိူင်ရမယ် ....."
"ဘာလို့လဲ ...."
ကျန်းဟွေက မုန့်ချီကို အလွန် ရှုပ်ထွေးစွာ ကြည့်နေမိသည်။ မုန့်ချီက ဘာကြောင့် ထိုသိုင်းပညာများကို ရွေးချယ်မည်ဖြစ်ကြောင်း သူနားမလည်ခဲ့ပေ။
မုန့်ချီက အလွန်တက်ကြွစွာ ပြန်ဖြေလိုက်၏။
"ဘာလို့လဲဆိုတော့ အဲဒီသိုင်းပညာတွေက အရမ်းအံ့ဩစရာကောင်းတယ်လေ။ အနာဂတ်မှာ ...."
မုန့်ချီက တစ်စုံတစ်ခုကို ပြောချင်နေခဲ့၏။ ထိုအရာက သူမျှော်လင့်နေခဲ့သော အတွေးတစ်ခုလည်း ဖြစ်သည်။ သူက ဝတ်စုံဖြူကို ဝတ်ပြီး ဓားနှင့် လျှပ်စီးကြောင်းသဖွယ် လျင်မြန်စွာ တိုက်ခိုက်နေသည့် ပုံရိပ်များဖြစ်၏။ သို့သော် သူတို့က ရှောင်လင်၌ ရှိနေကြောင်း ချက်ချင်း သတိထားမိသွားသည်။ ထို့ကြောင့်သူ၏ အနာဂတ်စံနမူနာက ပြောင်းလဲမှု အနည်းငယ်ရှိသွား၏။
"ညီလေး ....
ငါက မင်းကို ဘုန်းတော်ကြီးဝူဟွာရဲ့အကြောင်းကို ပြောခဲ့ဖူးတယ် မဟုတ်လား.....။ ငါတို့က သူ့ရဲ့အဆင့်မျိုးကို ရောက်ဖို့လိုတယ် ....။ စဉ်းစားကြည့်လိုက်စမ်း ....။ မြစ်ထဲက လှေငယ်လေးတစ်စင်းပေါ် မတ်တပ်ရပ်နေတယ် ...။ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်ထဲမှာလည်း ဓားကို အပြုံးနှင့် ကိုင်ထားတယ်။ ဘယ်လောက်တောင် ထူးခြားလိုက်လဲ...။ အဲဒါက အရမ်း စိတ်ကူးယဉ်လို့ ကောင်းတယ်။ ဟား….ဟား… ဟား…”
“ငါတို့သဘောမကျတဲ့သူနဲ့ တွေ့တဲ့အချိန်ကျရင်လည်းငါတို့က သူ့ကို ပြောလို့ရသေးတယ်....။ ဒကာလေး… ပင်လယ်ကြီးက အဆုံးမရှိပါဘူး။ မင်းကိုယ်မင်းပြုပြင်ပြီး လမ်းမှန်ကို လျှောက်ဖို့ အရမ်းနောက်မကျသေးဘူး....."
မုန့်ချီက ထိုအကြောင်းများ ပြောနေသည့်အချိန်တွင် အတော်လေးကို စိတ်အားတက်ကြွလာသည်။ ရုတ်တရက်ဆိုသလို သူက သံချပ်ဝတ်အင်္ကျီကျင့်စဉ်နှင့် ကျား(၅)ကောင် တံခါးဖျက်ဆီးခြင်းသိုင်းပညာတို့ကို အမှတ်ရလာခဲ့ပြီး သူ၏စိတ်အားတက်ကြွမှုက လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့၏။
"ဒါက ကိစ္စကြီးတော့မဟုတ်ပါဘူး ...။ လောလောဆယ် အဲဒါတွေကို ယာယီအနေနဲ့ သုံးရတာပေါ့...။ နောက်ပိုင်း ငါက လုံးဝကွဲပြားတဲ့လမ်းကြောင်းကို လျှောက်လှမ်းရမယ်..."
မုန့်ချီက သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။
သို့သော် သူက စကားဆက်ပြောရန် ပြင်လိုက်စဉ် သူတို့၏အနားတွင် ရပ်နေသော ကျန်းရန်က ရုတ်တရက် တုံ့ပြန်လိုက်ကြောင်း မြင်လိုက်ရ၏။
"ဂုဏ်ယူပါတယ် ညီလေးကျန်းတင်နဲ့ညီလေးကျန်းဟွေ …
အခုမင်းတို့တွေက ဝေယျာဝစ္စခြံဝင်းကနေ ထွက်သွားနိုင်ပြီဆိုတော့ ဒီနေရာမှာ ဒုက္ခခံစရာ မလိုတော့ဘူး။ ဒါပေမယ့် မင်းတို့ရဲ့အစ်ကိုကြီးအနေနဲ့ ငါက မင်းတို့ကို သတိပေးလိုက်ဦးမယ်...။ တိုက်ခိုက်ရေးခြံဝန်းဆိုတာက ပျော်စရာတွေပဲ ရှိနေတဲ့နေရာ မဟုတ်ဘူး.….။ တကယ်လို့ မင်းတို့က ချီစုဆောင်းရေးအဆင့်ကို အောင်မြင်သွားပြီဆိုရင်တောင် ဆရာတွေရဲ့ရွေးချယ်ခြင်းကို ခံရတဲ့တပည့်တွေကပဲ သိုင်းပညာ(၇၂)မျိုးကို သင်လို့ရနိုင်တာ ..။ တစ်ခြားကိုယ်တော်တွေကတော့ တိုက်ခိုက်ရေးခြံဝန်းမှာပဲ ဆက်နေပြီး နဂါးဖမ်းတုတ်သိုင်းကို ဆက်လေ့ကျင့်ရလိမ့်မယ်....။ ပြီးတော့ လော်ဟန့်ဝင်္ကပါရဲ့ အဖွဲ့ဝင်တစ်ယောက်ပဲ ဖြစ်လာရလိမ့်မယ်...။ ဒါကြောင့် မင်းတို့တွေက အရမ်းကြီးပျော်မနေကြနဲ့ဦး....."
သူကတော့ အပြုံးနှင့် ပြောလိုက်သည်။
သို့သော် မုန့်ချီကတော့ သူ၏မျက်လုံးထဲတွင် လက်မခံနိုင်မှုများ၊ တွေဝေမှုများကို မြင်နေခဲ့၏။ ထိုစကားလုံးများက မနာလိုအားကျမှုကြောင့် ပြောလိုက်ခြင်းဖြစ်ကြောင်းလည်း သိနေသည်။
မုန့်ချီက အစ်ကိုကြီးကျန်းရန်၏ ခံစားချက်များကို နားလည်ပေးနိုင်သည်။ သူကိုယ်တိုင်က သန့်ရှင်းရေးကိုယ်တော်အဖြစ် (၃)နှစ်ခန့် ရှိနေပြီး တိုက်ခိုက်ရေးခြံဝန်းထဲကိုဝင်ရန် မျှော်လင့်နေခဲ့သော်လည်း လုံးဝမအောင်မြင်ခဲ့ပေ။ တစ်ဖက်တွင်တော့ သူ့အနားတွင် ရှိနေသော လူသစ်လေးများက သူတို့လိုချင်နေသော အရာများကို အလွယ်တကူ အောင်မြင်သွားသည့်အချိန်တွင် သူ၏အပြုံးက အတုသာ ဖြစ်နိုင်ပါသည်။
သူတို့က စကားတစ်ခွန်းမျှမပြောကြဘဲ ဝေယျာဝစ္စခြံဝန်းထဲသို့ ပြန်ရောက်လာခဲ့၏။ ကျန်းဟွေ၏ ရံဖန်ရံခါမေးခွန်းများကြောင့်သာ တိတ်ဆိတ်မသွားခြင်း ဖြစ်သည်။ သူ့အနားတွင် ရှိနေသော လူတိုင်းက ကျန်းရန်နှင့်ကျန်းရင်တို့ကဲ့သို့ ဖြစ်နေကြောင်း မုန့်ချီက သိနေခဲ့၏။ ထို့ကြောင့် သူက သူတို့ကို ရန်မပြုမိစေရန် မည်သည့်အရာကိုမျှထုတ်ဖော်ပြသခဲ့ခြင်း မရှိခဲ့ချေ။
ညစာစားချိန် ရောက်သည့်အချိန်၌ မုန့်ချီက ထိုအကြောင်းအရာများကို လုံးဝမပြောရန် ကျန်းဟွေကို သတိပေးထားခဲ့သည်။
"ဖြောင်း…ဖြောင်း…ဖြောင်းးး …..."
မုန့်ချီက သူ့ရှေ့တွင် ရှိနေသော အသားကို စားနေသည့်အချိန်တွင် တံခါးပေါက်မှနေ၍ လက်ခုပ်သံတစ်ခုကို ကြားလိုက်ရသည်။
မုန့်ချီက ပြန်လှည့်ကြည့်လိုက်ရာ ဦးလေးရွှမ်ရှင်းက အထဲကိုဝင်လာပြီး လက်ခုပ်တီး၍ ပြောလိုက်၏။
“ဒီနေ့ကတော့ အထူးနေ့ရက်တစ်ခုပဲ....။ ငါတို့ဝေယျာဝစ္စခြံဝန်းအတွက် အထူးနေ့ရက်တစ်ခုလို့ ပြောလို့ရတယ်။ နောက်ဆုံးတော့ ငါတို့ဆီမှာ တိုက်ခိုက်ရေးခြံဝန်းဆီ ရွေးချယ်ခံရတဲ့ တပည့်(၂)ယောက် ရှိလာပြီ...."
ချက်ချင်းဆိုသလိုပင် ထမင်းစား တူပေါင်းများစွာက စားပွဲပေါ်နှင့် ကြမ်းပြင်ပေါ်သို့ တစ်ချိန်တည်း ပြုတ်ကျသွားခဲ့သည်။ မုန့်ချီ ၊ ကျန်းဟွေနှင့် ကျန်းရန်တို့ကလွဲလျှင် တစ်ခြားသော သန့်ရှင်းရေးကိုရင်များအားလုံးက နေရာတွင် ရပ်သွားကြပြီး ဤနေရာ၌ အချိန်ရပ်သွားသလိုပင် ထင်မှတ်ရသည်။ စားသောက်ခန်းတစ်ခုလုံးတွင်လည်း အလွန်ထူးဆန်းသော တိတ်ဆိတ်မှုကသာ လွှမ်းခြုံထားခဲ့သည်။
"ကျန်းတင်၊ ကျန်းဟွေ …
မင်းတို့က ငါတို့ကို ဘာစကားမှမပြောတော့ဘူးလား.... "
ထိုစကားကို ကြားသည့်အခါ ကျောက်ရုပ်များကဲ့သို့ဖြစ်နေသော ကိုရင်များအားလုံးက နောက်တစ်ကြိမ် အသက်ဝင်လာကြသည်။ သူတို့အားလုံးက မုန့်ချီနှင့် ကျန်းဟွေတို့ကို လှည့်ကြည့်လိုက်ကြ၏။
သူတို့၏မျက်လုံးများက မည်းမှောင်နေသည့်အတွက် မုန့်ချီကပင် အနည်းငယ် ကြောက်လန့်သွားခဲ့သည်။
"ဦးလေးရွှမ်းရှင်း …
ကျွန်တော့်ကို ဝေယျာဝစ္စခြံဝန်းထဲမှာ တာဝန်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်..."
သူက ရွှမ်ရှင်း၏ နေရာခွဲခြားတာဝန်ချပေးမှုကို ဖုံးကွယ်ထား၍ မရနိုင်ပေ ။ ထို့ကြောင့် တမင်တကာ ပြောလိုက်ခြင်းဖြစ်၏။
ရွှမ်ရှင်းက ရယ်လိုက်သည်။
"ဒါကတော့ မင်းရဲ့ဉာဏ်ကောင်းမှုနဲ့ ဧည့်ဝတ်ကျေပွန်မှုကို ပြောရမှာပဲလေ။ မင်းက သိုင်းလောကပုံပြင်တွေ နားထောင်ရတာကို သဘောကျတာ ငါသိတယ်....။ မင်းက နောက်ပိုင်းမှာလည်း မေ့မသွားဘူး မဟုတ်လား....။ ပြီးတော့ မင်းတို့တွေက ဘာလို့ ကျန်းတင်နဲ့ ကျန်းဟွေကို အဲဒီလိုစိုက်ကြည့်နေရတာလဲ...။ သူတို့ကို ဂုဏ်မပြုသင့်ဘူးလား....."
သန့်ရှင်းရေးကိုယ်တော်တစ်ပါးက ဖြည်းညင်းစွာ မတ်တပ်ထလာပြီး ငိုသည်ထက် ပို၍ ရုပ်ဆိုးသောအပြုံးနှင့် ပြောလိုက်၏။
“ဂုဏ်ယူပါတယ် ညီလေးကျန်းတင်နဲ့ညီလေးကျန်းဟွေ…”
"တိုက်ခိုက်ရေးကိုရင်တွေ ဖြစ်သွားတဲ့အတွက် ညီလေးကျန်းတင်နဲ့ ကျန်းဟွေတို့ကို ဂုဏ်ယူပါတယ်...."
တစ်ခြားသော သန့်ရှင်းရေးကိုရင်များကလည်း မတ်တပ်ရပ်လိုက်ပြီး သူတို့၏အသံများက စားသောက်ခန်းထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။
တစ်ချို့က ကိုယ့်ကိုယ်ကို သနားနေကြပြီး တစ်ချို့က ခါးသီးစွာ ခံစားနေကြရသည်။ တစ်ချို့က မကျေမနပ်ဖြစ်နေပြီး တစ်ချို့က နာကျင်နေကြရ၏။ တစ်ချို့ကတော့ မနာလိုနေကြပြီး ခံစားချက်မျိုးစုံ ရှိနေကြသည်။
မုန့်ချီက သက်ပြင်းချလိုက်၏။
"ကျွန်တော်က ဗုဒ္ဓရဲ့ချီးမြှောက်မှုကြောင့် ရသွားတာပါ....။ တကယ်လို့ အစ်ကိုကြီးတို့ကသာ ဗုဒ္ဓကို အလေးထားမယ်ဆိုရင် သေချာပေါက်တူညီတဲ့ကံကောင်းမှုတွေရလာမှာပါ.....”
“တကယ်လို့ အစ်ကိုကြီးတို့ကသာ တံမြက်စည်းလှည်းတာကို အာရုံစိုက်မယ်၊ စားတာကို အာရုံစိုက်မယ် ၊ အိပ်တာကို အာရုံစိုက်မယ်ဆိုရင် အစ်ကိုကြီးတို့လည်း တိုက်ခိုက်ရေးခြံဝန်းကို ဝင်နိုင်ကြမှာပါ...."
ကျန်းဟွေကတော့ သူ့ပုံစံအတိုင်းသာ ပြောလိုက်သည်။
ကျန်းဟွေပြောသည့်အရာက အမှန်တကယ် လုပ်ဆောင်ရမည့် အရာတစ်ခုဖြစ်ကြောင်း မုန့်ချီက သိနေခဲ့၏။ သို့သော် တစ်ခြားသောသန့်ရှင်းရေးကိုရင်များ၏ အပြုအမူကိုကြည့်လိုက်ရာ တစ်ချို့ကတော့ မချိပြုံး ပြုံး၍ တစ်ချို့ကတော့ မုန်းတီးစွာ ကြည့်နေကြသည်။
မည်သည့်ကိုရင်ကမျှကျန်းဟွေ၏စကားကို အတည်သတ်မှတ်ထားခြင်းမရှိချေ။ သူတို့ကတော့ ကျန်းဟွေ၏စကားကို လှိုက်လှိုက်လှဲလှဲ ပြောသည်ဟု မသတ်မှတ်ဘဲ သူတို့ကိုဟာသလုပ်သည်ဟုသာ သတ်မှတ်ထားကြ၏။
မုန့်ချီက "အော်မီတောဖော "ဟုရွတ်ဆိုလိုက်ပြီး ကျန်းဟွေကို သူနှင့်အတူ ပြန်ထိုင်ခိုင်းလိုက်သည်။ ထို့နောက် စားစရာကို ဆက်စားနေခဲ့၏။ ညစာစားခြင်းကတော့ အိုးတိုးအမ်းတမ်း အခြေအနေနှင့်သာ ပြီးဆုံးသွားခဲ့သည်။ ထို့နောက် ရွှမ်ကျင်း၏ပုံပြင်ကဏ္ဍက ဆက်လက်ရောက်လာခဲ့၏။
"ညီလေးကျန်းတင် ၊ညီလေးကျန်းဟွေ…
မင်းတို့တွေက တစ်ခုခု ထူးခြားနေတယ်ဆိုတာ ငါသိတယ်...။ တိုက်ခိုက်ရေးခြံဝန်းကို ရောက်လာပြီးရင် အချင်းချင်း စောင့်ရှောက်ကြတာပေါ့...."
ပုံပြင်များကို လာရောက်နားထောင်နေသော ကျန်းရုံက ပြောလိုက်သည်။
မုန့်ချီကတော့ ကျန်းရုံနှင့် ရင်းနှီးနေသည့်အတွက် ရိုးရိုးသားသား ပြောလိုက်၏။
"အစ်ကိုကြီးကျန်းရုံ …
ညီလေးတို့ကို ဂရုစိုက်ပေးပါဦး....”
ကျန်းရုံက ရယ်လိုက်သည်။
“အမှန်အတိုင်း ပြောရရင် တိုက်ခိုက်ရေးခြံဝန်းမှာရှိတဲ့ အစ်ကိုကြီးတွေအားလုံးက သိုင်းလောကပုံပြင်တွေ နားထောင်ရတာကို သဘောကျတယ်။ ဒါပေမဲ့ သူတို့က ငါ့ထက်ပိုပြီးတော့ မာနကြီးတယ်လေ...။ ဒါကြောင့် ငါက ဒီမှာလာနားထောင်ပြီး သူတို့ကို ပြန်ပြောပြရတာ.…။ ရလဒ်အနေနဲ့ ခြံဝန်းထဲမှာ ကောင်းကောင်းလုပ်နိုင်တယ်လေ...။ ဟားးး..ဟားးးး....။ တကယ်လို့ မင်းကသာ အလားတူပုံပြင်တွေကို မကြာခဏပြောပြနိုင်တယ်ဆိုရင် သူတို့က မင်းကိုလည်း ကောင်းကောင်းဆက်ဆံကြမှာပါ....”
“အဲဒါက ကျွန်တော် ကျွမ်းကျင်တဲ့အရာပဲလေ....."
မုန့်ချီက ခေါင်းညိတ်ပြလိုက်သည်။
ကျန်းဟွေကလည်း ခေါင်းညိတ်ပြလိုက်သည်။
"ကျွန်တော်လည်း ပုံပြင်တွေအများကြီး သိတယ်....."
ရွှမ်ရှင်းကတော့ သူတို့ကို တိတ်တိတ်နေရန် ချောင်းဟန့်၍ တားလိုက်သည်။
"ဒီနေ့မင်းတို့က ဧည့်သည်ဂိုဏ်းတွေကို တလေးတစား ဆက်ဆံတာနဲ့ ပတ်သတ်ပြီး ဘာမှခောင်းထဲထည့်မထားပါနဲ့...။ ငါတို့ရှောင်လင်က ဓလေ့ထုံးတမ်းတွေကို အလေးထားတယ်လေ...။ ငါတို့က အဲဒီဂိုဏ်းတွေကို ကြောက်တာမဟုတ်ဘူး....။ မင်းတို့ စဉ်းစားကြည့်လိုက်ပါ။ ငါတို့ကျင်းအင်ပါယာထဲမှာ ဓမ္မကာရအဆင့်ပညာရှင် (၃)ယောက်ပဲရှိတာ...။ ငါတို့ရှောင်လင်မှာ တစ်ယောက်ရှိတယ်...။ တစ်ခြားဂိုဏ်းတွေက ငါတို့ကို ဘယ်လိုဖြစ်ပြီး ရင်ဆိုင်နိုင်မှာလဲ......။ လွန်ခဲ့တဲ့(၁၀)နှစ်တုန်းကသိုင်းလောကမှာ အကြီးဆုံးသတင်းက ဘာလဲသိလား....”
“အင်း ဒီကိုယ်တော်တွေကတော့ ရှောင်လင်နဲ့ ပတ်သတ်ပြီး တော်တော်လေး မာနကြီးကြတာပဲ....။ ကြည့်ရတာ တစ်ခြားဂိုဏ်းတွေကို တော်တော်လေး အထင်သေးနေကြတယ်.ထင်တယ်...."
မုန့်ချီက တိတ်တဆိတ် ခေါင်းခါလိုက်ပြီး ကျယ်လောင်စွာ ပြန်ဖြေလိုက်သည် ။
"ကျွန်တော်တို့မသိပါဘူး... ။ ကျေးဇူးပြုပြီး…ဦးလေးရွှမ်ရှင်းကပဲ ပြောပြပါဦး..... "
တစ်ခြားသောသန့်ရှင်းရေးကိုရင်များကလည်း သူတို့မသိသေးသည့်အတွက် အားနည်းစွာ ပြန်ဖြေလိုက်ကြသည်။
ရွှမ်ရှင်းကတော့ သူတို့၏လေသံကို ဂရုမစိုက်ဘဲ ပြောလိုက်၏။
"လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က မဲ့ထျန်းဂိုဏ်းမှာ ပြိုင်ဘက်ကင်းပါရမီရှင် တစ်ယောက် ပေါ်လာခဲ့တယ်.....။ အဲဒါက မကောင်းဆိုးဝါးလမ်းစဉ်(၉)သွယ်ထဲက တစ်ခုပဲ.....။ သူက အသက်(၅၀)မတိုင်ခင် နတ်ဆိုးခန္ဓာကို အောင်အောင်မြင်မြင် လေ့ကျင့်နိုင်ခဲ့တယ်....။ အဲဒါက ဒဏ္ဍာရီထဲမှာရှိတဲ့ နတ်ဆိုးအင်ပါယာကို ယှဉ်နိုင်တယ် ပြောတာပဲ။ သူ့ရဲ့နောက်ဆုံးနာမည်က ဟန်၊ ပထမနာမည်က ကွမ်။ သူ့ကိုသူ မကောင်းဆိုးဝါးသခင်လို့ခေါ်တယ်..….။ သူ့ရဲ့နာမည်က သိုင်းလောကတစ်ခွင် လွှမ်းမိုးထားပြီး မကောင်းဆိုးဝါးဂိုဏ်းတွေထဲ ဘယ်သူကမှ သူ့ကို မဆန့်ကျင်ရဲကြဘူး...”
“ဒါပေမယ့် မကောင်းဆိုးဝါးသခင်က မကောင်းမှုတွေကို လုပ်တာ အရမ်းများနေခဲ့တယ်....။ သူ နတ်ဆိုးခန္ဓာရပြီး တစ်နှစ်မကြာခင် သူ့ရဲ့တည်နေရာက ပေါ်သွားပြီး ငါတို့ရဲ့ကျောင်းထိုင်က သူ့ကို ရှာတွေ့သွားတယ်။ အဲဒီတိုက်ပွဲကို လွန်ခဲ့တဲ့ (၉)နှစ်လောက်တုန်းက တိုက်ခိုက်ခဲ့တာပဲ ....။ မြေကြီးက အက်ကွဲသွားပြီး တောင်တန်းတွေက ပေါက်ကွဲလာတယ်.....။ ကောင်းကင်နဲ့ မြေကြီးကြားမှာ ရှိတဲ့အရာအားလုံးကို အမှောင်ထုကြီးက ဖုံးလွှမ်းသွားတယ်....။ ရလဒ်အနေနဲ့ ထိုက်ယွဲ့တောင်တန်းရဲ့ အလယ်မှာ ရေကန်ကြီးတစ်ခု ပေါ်လာခဲ့တယ်။ တိုက်ပွဲထဲကနေ ငါတို့ရဲ့ကျောင်းထိုင်တစ်ပါးပဲ အသက်ရှင်လျက် ထွက်လာခဲ့တာ....။ မကောင်းဆိုးဝါးသခင်ကိုတော့ ကျောင်းထိုင်က သတ်ပစ်လိုက်ပြီလို့ ကြားရတယ်.....။ ဒီတိုက်ပွဲပြီးသွားတဲ့အချိန်မှာ ရှောင်လင်ရဲ့ ဂုဏ်သတင်းနဲ့ နာမည်ကျော်ကြားမှုက လုံးဝလွှမ်းမိုးသွားနိုင်ခဲ့တာပဲ...."
ရွှမ်ရှင်းကတော့ သိုင်းလောကတွင် ရှောင်လင်ဘုန်းတော်ကြီးများ လွှမ်းမိုးသည့် အကြောင်းအရာများကိုသာ ပြောပြနေတတ်သည်။ ထိုပုံပြင်များကိုနားထောင်ပြီး မုန့်ချီနှင့်တစ်ခြားသူများကတော့ အလွန်စိတ်လှုပ်ရှား၍ စိတ်အားတက်ကြွလာကြ၏။ သူတို့ကိုယ်တိုင်လည်း ထိုကဲ့သို့ဖြစ်ချင်လာကြသည်။
"နှစ်ပေါင်းဘယ်လောက်ကြာရင် ငါလည်း အဲဒီလိုမျိုး အစွမ်းထက်လာမှာလဲ ...."
ပုံပြင်ပြောခြင်းကဏ္ဍ ပြီးဆုံးသွားပြီးနောက် သူတို့၏အခန်းဆီသို့ ပြန်လာခဲ့ကြသည်။ ကျန်းကွမ်နှင့် ကျန်းရင်တို့ကလည်း အခန်းသို့ပြန်လာပြီး မုန့်ချီနှင့်ကျန်းဟွေတို့ကို လျစ်လျူရှု၍ အိပ်သွားကြ၏။
တစ်ဖက်တွင် ကျန်းဟွေကတော့ ခဏကြာ တင်ပျဉ်ခွေ ထိုင်ပြီး လျင်မြန်စွာ အိပ်စက်သွားခဲ့သည်။ မုန့်ချီကတော့ သံချပ်ဝတ်အင်္ကျီကျင့်စဉ်ကို လေ့ကျင့်နေပြီး အချိန်အတော်ကြာသည့် တိုင်အောင် သူ၏စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်သေးပေ။ ထိုအချက်အရ ပြောရမည်ဆိုလျှင် သူက အလွန်ရိုးရှင်းပြီး အတွေးမများသော ကျန်းဟွေကို အနည်းငယ် အားကျနေမိလေသည်။
တဖြည်းဖြည်း မှောင်မည်းနေသည့် အချိန်တွင် မုန့်ချီက တဖြည်းဖြည်းအသက်ရှုရ ခက်ခဲလာကြောင်း ခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်ကို တစ်စုံတစ်ခုက တင်းတင်းကျပ်ကျပ် ဖိနှိပ်ထားသလို ခံစားနေရ၏။
"ငါက ဘီလူးစီးခံရတာများလား ...."
သူအိပ်စက်နေစဉ် မုန့်ချီက သိစိတ် အနည်းငယ်ရှိနေသည်။ သူက ရုန်းကန်ပြီး ထရန် ကြိုးစားလိုက်သည့်အချိန်တွင် သူ့မျက်စိရှေ့၌ ရှုံ့မဲ့နေသော မျက်နှာကြီးတစ်ခု မြင်လိုက်ရသည်။
ကျန်းကွမ်က သူ၏လည်ပင်းကို လက်နှစ်ဖက်နှင့် ချုပ်ထားပြီး မုန့်ချီ၏ခန္ဓာကိုယ်ကို ဖိထားသည်။ သူ၏ခံစားချက်များက အလွန်ကြောက်စရာကောင်းနေပြီး အသံကလည်း ဗလုံးဗထွေးဖြစ်နေခဲ့၏။
"သွားသေလိုက်စမ်း …၊ သွားသေလိုက်စမ်း …မင်းက ငါ့ရဲ့အခွင့်အရေးကို ယူသွားတာ။ တိုက်ခိုက်ရေး ခြံဝန်းထဲကို ငါမဝင်ရရင် ဘယ်သူမှ ဝင်လို့မရဘူး...."
Translated by Hein Htet