← Chapters

အခန်း (၂၃)

Vol. 2 Ch. 23

အခန်း (၂၃)

Vol. 2 Ch. 23

အလွန်အံ့ဩပြီး ဒေါသထွက်နေသော မုန့်ချီက ပြင်းပြင်းထန်ထန် ရုန်းကန်လိုက်သည်။ သို့သော် ကျန်းကွမ်က ပြင်းပြင်းထန်ထန် ချုပ်ထားခြင်း ဖြစ်၏။ ထို့ကြောင့် မုန့်ကွမ်က ကျန်းကွမ်၏ တင်းတင်းကြပ်ကြပ် ချုပ်နှောင်ခြင်းကို ခံနေရသည့်အတွက် ကျန်းကွမ်ကို အနည်းငယ်လေးသာ မြှောက်နိုင်သည်။

အချိန်တိုလေးအတွင်း ပြင်းပြင်းထန်ထန် ရုန်းကန်လိုက်ပြီးနောက် သူက အသက်ရှုရန်ပင် ခက်ခဲလာကြောင်း မုန့်ချီက နားလည်လိုက်သည်။ သို့သော် သူက မွန်းကျပ်နေခြင်း မရှိပေ။ ကျန်းကွမ်ကို ကြည့်ရသည်မှာ ကြွက်သားများပင် ထွက်နေသော်လည်း မုန့်ချီက ကောင်းကောင်းအသက်ရှု၍ ရနိုင်သေးသည်။

“ဟုတ်သားပဲ… ငါ့ဆီမှာ သံချပ်ဝတ်အင်္ကျီကျင့်စဉ် ရှိသေးတယ်လေ…”

ရှုပ်ထွေးနေသော မုန့်ချီ၏ခေါင်းထဲတွင် ထိုအတွေးဝင်လာခဲ့သည်။ ထိုအရာက သူကိုယ်တိုင် လေ့ကျင့်ထားခြင်း ဖြစ်သော်လည်း သေရေးရှင်ရေး အခြေအနေတွင် သံချပ်ဝတ်ကျင့်စဉ်ကို မေ့လျော့နေခဲ့သည်။ အမှန်အတိုင်းပြောရလျှင် သံချပ်ဝတ်အင်္ကျီကျင့်စဉ်က ခွန်အားကို တိုးမြှင့်ပေးရန် အနည်းငယ်လေးသာ သက်ရောက်မှုရှိသည်။

သူအန္တရာယ်မရှိကြောင်း နားလည်လိုက်သည့်အတွက် မုန့်ချီက ရှုပ်ထွေးနေသော အတွေးများကို တဖြည်းဖြည်းထိန်းချုပ်လိုက်ပြီး သူ၏ဒန်တျန်ကို အာရုံစိုက်လိုက်သည်။ ထိုအခါ အလွန်နွေးထွေးသော စီးကြောင်းတစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်ခဲ့၏။

ခန္ဓာကိုယ်ထဲတွင်ရှိနေသော ချီစွမ်းအင်များ ထွက်ပေါ်လာသည့်အချိန်တွင် သူ၏စွမ်းအားများကို ခါး၊ ဗိုက်အောက်ပိုင်းနှင့် လက်ဆီသို့ ပို့ဆောင်လိုက်ပြီး ကျန်းကွမ်ကို နံရံဆီသို့ တွန်းထုတ်လိုက်သည်။

ကျန်းကွမ်က နောက်သို့မြောက်လာသော်လည်း ရုန်းကန်နေသေးသည်။ သူက ဆူပုတ်နေသော မျက်နှာနှင့် ချက်ချင်းအော်ဟစ်လိုက်၏။

“ငါ မင်းကိုသတ်မယ်။ သတ်မယ်…မင်းက ငါ့အခွင့်အရေးကို လုယူသွားတာ…”

သူက မုန့်ချီဆီသို့ ကြောက်စရာကောင်းစွာ ခုန်အုပ်လာပြန်သည်။

“မင်း ရူးနေပြီ…”

ထိုအချိန်တွင် မုန့်ချီက အိပ်ရာပေါ်မှ မတ်တပ်ရပ်လိုက်ပြီး အလွန်အံ့ဩနေခဲ့၏။ သူက ကျန်းကွမ်၏ တိုက်ခိုက်မှုကို ရှောင်တိမ်းနေခြင်းမရှိဘဲ သူ၏ရင်ဘတ်ကို ‘ကျားနက်နှလုံးနှိုက်’ သိုင်းကွက်ဖြင့် တိုက်ခိုက်လိုက်သည်။

ကျန်းကွမ်က သူ၏လက်နှင့် မုန့်ချီကို တိုက်ခိုက်ခဲ့သော်လည်း သူ၏တိုက်ခိုက်မှုများက မုန့်ချီကို ကလိထိုးနေသကဲ့သို့ ဖြစ်နေသည်။ ကျန်းကွမ်ကသာ အလွန်ပြင်းထန်သော အသံနှင့်အတူ နံရံပေါ်သို့ နောက်တစ်ကြိမ် တိုက်မိသွားပြီး ဗလုံးပထွေးအသံများ ထွက်ပေါ်လာသည်။

သူက ရင်ဘတ်ကို ညာလက်နှင့်ဖိထားပြီး ခက်ခက်ခဲခဲ မတ်တပ်ရပ်ရန် ကြိုးစားလိုက်သည်။ သို့သော် သူကမည်မျှကြိုးစားစေကာမူ မအောင်မြင်ပေ။ မုန့်ချီ တိုက်ခိုက်လိုက်သော တိုက်ခိုက်မှုက အလွန်ပြင်းထန်၏။ မုန့်ချီက အစွမ်းကုန် သုံးလိုက်ခြင်းဖြစ်သည်။

“ငါ… ငါ…မင်းကိုသတ်မယ်။ ခွေးကောင်… ခွေးမျိုးတွေ… လိမ်တတ်တဲ့ ဗုဒ္ဓကိုယ်တော်တွေ…. ငါလက်တုန့်ပြန်ချင်တယ်…”

သူက ကြောက်စရာကောင်းစွာ ပြောဆိုနေပြီး မျက်လုံးများကလည်း နီရဲနေခဲ့သည်။

ထိုအချိန်တွင် ကျန်းရင်နှင့် ကျန်းဟွေတို့ကလည်း ဆူညံသံများကြောင့် နိုးလာပြီး ထိုမြင်ကွင်းကို မျက်တောင်မခတ်ဘဲ ကြည့်နေမိကြသည်။

အလွန်ရူးသွပ်သော ကျန်းကွမ်၏ အခြေအနေကို မြင်လိုက်ရသည့်အချိန်တွင် မုန့်ချီကတော့ တစ်ယောက်တည်း တွေးလိုက်မိသည်။ အကယ်၍ သူကသာ သံသရာကမ္ဘာကြီးထဲ၌ သံချပ်ဝတ်အင်္ကျီကျင့်စဉ်ကို လဲလှယ်ခဲ့ခြင်း မရှိလျှင် ကျန်းကွမ်၏ သတ်ပစ်ခြင်းကို ခံရနိုင်သည်။

မုန့်ချီကတော့ ရင်ထဲတွင် ဒေါသများ တလိပ်လိပ် ထွက်လာ၏။ ချက်ခြင်းဆိုသလိုပင် သူလည်း ကျန်းကွမ်ကို လက်သီးနှင့် ထိုးလိုက်သည်။ သို့သော် မုန့်ချီ၏လက်သီးက တစ်စုံတစ်စုံကို ထိုးလိုက်မိပြီး အဝါရောင်အဝတ်စတစ်ခုကိုသာ ထိုးမိသွား၏။

“ဖုတ်…”

“ရပ်လိုက်….”

ရွှမ်ရှင်းက အော်ပြောလိုက်ပြီး အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။

ရွှမ်ရှင်းကိုမြင်သည့်အခါ မုန့်ချီက အော်ပြောလိုက်၏။

“ဦးလေးရွှမ်ရှင်း …

ကျန်းကွမ်က ရူးနေပြီ။ သူကျွန်တော့်ကိုသတ်ချင်နေတယ်…”

ကျန်းကွမ်က မုန့်ချီနှင့် ရွှမ်ရှင်းတို့ကို ဒေါသတကြီး စိုက်ကြည့်နေပြီး သတ်မယ်ဟူသော စကားကိုသာ အကြိမ်ကြိမ် ရေရွတ်နေသည်။

ရွှမ်ရှင်းက ကျန်းကွမ်ကို ဒေါသတကြီးကြည့်၍ ပြောလိုက်၏။

“မင်းက ဒီလိုအခြေအနေမျိုးနဲ့ သူ့ကို ဘယ်လိုသတ်နိုင်မှာလဲ…”

သူက ကျန်းကွမ်ကိုပြောလိုက်ပြီး ခြေထောက်နှင့် ကန်လိုက်သည်။ ထိုတိုက်ခိုက်မှုကြောင့် အလွန်နာကျင်သွားသည့်အတွက် ကျန်းကွမ်က စကားတစ်ခွန်းမျှမပြောနိုင်ပေ။

“မင်းတို့က ဘာကြည့်နေတာလဲ…အိပ်ရာထဲပြန်သွားကြ…မင်းတို့က မနက်ဖြန်သံရေပုံးနဲ့ ရေခပ်ချင်နေတာလား…”

အခန်းထဲမှထွက်လာပြီး ပြူတစ်ပြူတစ်နှင့် ကြည့်နေသော သန့်ရှင်းရေးကိုရင်များကို ကြည့်ပြီး ရွှမ်ရှင်းက အော်ပြောလိုက်သည်။

“ဒီအမှိုက်တွေကတော့ကွာ….”

ရွှမ်ရှင်းက ပတ်ပတ်လည်ကိုကြည့်၍ ပြောလိုက်သည်။

အိပ်ရာပေါ်တွင် လှဲနေသော ကျန်းရင်ကလည်း တဖြည်းဖြည်း ပို၍မျက်နှာပျက်လာ၏။

ထို့နောက် ရွှမ်ရှင်းက မုန့်ချီကိုကြည့်ပြီး အပြုံးနှင့် မေးလိုက်သည်။

“တူလေးကျန်းတင်…. မင်းက ဒီကိစ္စကို ဘယ်လိုတွေးထားလဲ…”

အမှန်အတိုင်းပြောရလျှင် မုန့်ချီက အတွေ့အကြုံရှိသည့် လူငယ်တစ်ယောက် ဖြစ်သည့်အတွက် ဒေါသမထွက်တော့ပေ။ သူလည်း မည်သည့်ထိခိုက်မှုမျှမရှိသည့်အတွက် ကျန်းကွမ်ကိုကြည့်ပြီး ပြောလိုက်သည်။

“အရာအားလုံးကို ဦးလေး စိတ်ကြိုက်လုပ်ပါ။ ဒါပေမဲ့ ကျန်းကွမ်ကိုတော့ ထုတ်ပစ်သင့်တယ် ထင်တယ်။ မဟုတ်ရင် သူက တစ်ခြားလူတွေကိုလည်း သတ်လိမ့်မယ်…”

ရွှမ်ရှင်းက ချောင်းဟန့်ပြီး ကျန်းဟွေကို တံခါးပိတ်ရန် ပြောလိုက်သည်။ ပထမတော့ ရွှမ်ရှင်းက ကျန်းကွမ်ကို ခြေထောက်နှင့် ကန်လိုက်ကြောင်း မြင်သည့်အချိန်တွင် ကျန်းဟွေက အနည်းငယ် စိတ်လှုပ်ရှားနေသည်။ ပုံပြင်ဒဏ္ဏာရီထဲတွင် ဖြစ်ခဲ့သောအရာများက သူ့မျက်စိရှေ့တွင်ဖြစ်နေသလို ခံစားနေရ၏။ ရွှမ်ရှင်း၏စကားကို ကြားသည့်အခါ သူလည်း တံခါးကို အလျင်အမြန်ပြေး၍ ပိတ်လိုက်သည်။ ထို့နောက် ရွှမ်ရှင်းနှင့် မုန့်ချီတို့ကို စိုက်ကြည့်နေခဲ့၏။

“ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စက ငါတို့သန့်ရှင်းရေးခြံဝန်းထဲမှာပဲဖြစ်ခဲ့တာ။ ငါတို့က ဒီကိစ္စကို အချင်းချင်း ဖြေရှင်းတာပဲ ပိုပြီးကောင်းမယ်။ ဒီလိုလုပ်ပါလား… မနက်ဖြန်ကျရင် အကြောင်းပြချက် တစ်ခုခုပေးပြီး ကျန်းကွမ်ကို ရှောင်လင်ကျောင်းက ထုတ်လိုက်မယ်လေ…”

ရွှမ်ရှင်းက အပြုံးနှင့် ပြောလိုက်သည်။

အကယ်၍ ဤကိစ္စကိုသာ စည်းကမ်းထိန်းသိမ်းရေးခြံဝန်းက ကိုင်တွယ်မည်ဆိုလျှင် ဂိုဏ်းထောက်ကိုယ်တော်က တာဝန်ယူရမည်ဖြစ်ကြောင်း မုန့်ချီက နားလည်နေခဲ့သည်။

သူကတော့ ထိုအခွင့်အရေးကို အသုံးချပြီး ရွှမ်ရှင်းနှင့်ရင်းနှီးမှုရနိုင်ရန် စဉ်းစားနေသည့် အချိန်တွင် တံခါးကို တွန်းဖွင့်လိုက်သံကြားရပြီး အဝါဝတ်ကိုယ်တော် တစ်ပါးဝင်လာခဲ့သည်။ သူ၏ညာဘက်လက်တွင် အဝါနှင့်အနီရောင် ရောယှက်ထားသော ပုတီးတစ်ကုံးကို ကိုင်ဆောင်ထား၏။

“ဂိုဏ်းတူညီလေးရွှမ်ရှင်း …

တကယ်လို့ ငါသာ ဒီနေရာကို ရောက်လာပြီး ဆူညံသံတွေ မကြားဘူးဆိုရင် မင်းက ဒီကိစ္စတွေကို ဖုံးကွယ်ထားဖို့ စဉ်းစားနေတာပဲ….”

အသက်(၃၀)ကျော်ရှိသော စည်းကမ်းထိန်းသိမ်းရေးကိုယ်တော်က ရွှမ်ရှင်းကို စိုက်ကြည့်နေခဲ့သည်။

ထိုအချိန်တွင် ရွှမ်ရှင်း၏မျက်နှာအမူအရာက လုံးဝပြောင်းလဲသွားပြီး အပြုံးနှင့် ပြန်ပြောလိုက်၏။

“ဂိုဏ်းတူအစ်ကိုကြီးရွှမ်ကုံ…

ကျွန်တော်က ဒီလိုအသေးအဖွဲ့ကိစ္စတွေလောက်နဲ့ အစ်ကိုကြီးကို ဒုက္ခမများစေချင်လို့ပါ…”

ထို့နောက် သူ့အိတ်ထဲမှနေ၍ တစ်စုံတစ်ခုကို ထုတ်လိုက်ပြီး ရွှမ်ကုံ၏လက်ထဲသို့ ထည့်ပေးလိုက်သည်။

ရွှမ်ကုံက ထိုအရာကို လက်နှင့်ချိန်ဆပြီး အပြုံးနှင့် ပြောလိုက်၏။

“ဘယ်သူမှဒဏ်ရာမရဘူး…၊ ဘယ်သူမှလည်း အသတ်မခံရဘူး…၊ ဒီတော့ကိစ္စမရှိပါဘူး။ဒါပေမဲ့ ငါတို့က ဒီအရူးကိုတော့ ဆက်ထားလို့မရဘူး…”

“ဘာမှမစိုးရိမ်ပါနဲ့ ဂိုဏ်းတူအစ်ကို…။ ကျွန်တော်ကြောင့် ဒုက္ခမဖြစ်စေရပါဘူး….”

ရွှမ်ရှင်းက အာမခံလိုက်သည်။

မုန့်ချီက သူတို့ကို အံ့ဩမှင်တက်စွာ ကြည့်နေမိခဲ့၏။ ဤကျောင်းတော်ကလည်း ညစ်ပတ်နေသော နေရာတစ်ခု ဖြစ်နေခဲ့သည်။ အနည်းဆုံးတော့ ဝေယျာဝစ္စခြံဝန်းထဲတွင် ဖြစ်၏။ ကြည့်ရသည်မှာ လာဘ်ပေးလာဘ်ယူ ကိစ္စမျိုးက သာမန်သာဖြစ်ပုံရသည်။

ရွှမ်ကုံက ခက်ခက်ခဲခဲ မတ်တပ်ရပ်ရန်ကြိုးစားနေသော ကျန်းကွမ်ကိုကြည့်ပြီး မုန့်ချီကို ပြောလိုက်သည်။

“တူလေး…

မင်းရဲ့ခုခံရေးကျင့်စဉ်က တော်တော်လေးကောင်းတယ်…”

မုန့်ချီက သူ၏လည်ပင်းကို သတိလက်လွတ်ကိုင်လိုက်မိရာ လက်ချောင်းရာကြီးများကို ခံစားလိုက်မိသည်။ ထို့နောက် သူ့စိတ်ထဲတွင် အတွေးပေါင်းစုံ ပေါ်လာ၏။

ထို့နောက် သူက ပြောလိုက်သည်။

“ဆရာဦးလေးရွှမ်ကုံ….

ကျွန်တော်က ရှောင်လင်ကိုရင် ဖြစ်မလာခင် ကျွန်တော့်ရဲ့မိသားစုဆီကနေ သိုင်းပညာတစ်ချို့ သင်ခဲ့ရတယ်။ ကျွန်တော်က အလုပ်ပြီးတဲ့အချိန်တိုင်း ရံဖန်ရံခါ လေ့ကျင့်တတ်တယ်…”

“ဘာမှမစိုးရိမ်ပါနဲ့… ငါတို့အားလုံးသိပါတယ်…”

ရွှမ်ကုံက အပြုံးနှင့် ပြောလိုက်သည်။

“တကယ်လို့ မင်းမှာ အဲဒီလိုပတ်သက်မှုမျိုး မရှိဘူးဆိုရင် ကျိကျန်းစံအိမ်နဲ့ ကျန်းဝူဂိုဏ်းရဲ့ဆက်ခံသူတွေက မင်းအတွက် ပြောပေးမှာ မဟုတ်ဘူးလေ….”

“သူတို့အားလုံးက အဲဒီလိုပဲ တွေးနေကြတာကိုး…”

မုန့်ချီက စိတ်သက်သာရာ ရသွားခဲ့သည်။ သူကတော့ ထိုဆက်ခံသူနှစ်ယောက်၏ စကားကို သဘောကျသွားပြီး ထိုရှင်းပြမှုများက လူတိုင်း အလွယ်တကူ လက်ခံနိုင်သည်။ ထိုသို့ဆိုလျှင် ကျန်းယွင်ရှန်၊ ကျန်းကျိဝေနှင့် သူတို့၏ အစစ်အမှန်ပတ်သက်မှုကို ဖုံးကွယ်ထားနိုင်သည်။

ရွှမ်ကုံက အနားကိုကပ်လာပြီး အပြုံးနှင့် ပြောလိုက်၏။

“တပည့် လက်ခံတဲ့နေရာမှာတော့ ငါတို့ရှောင်လင်ကျောင်းတော်က မင်းတို့ဘယ်ကနေလာတယ်ဆိုတာ ဂရုမစိုက်ဘူး။ တကယ်လို့ မင်းသာ အမှားလုပ်မိမယ်ဆိုရင် စည်းကမ်းထိန်းသိမ်းရေးခြံဝန်းက မင်းကိုပြင်းပြင်းထန်ထန် အပြစ်ပေးမှာပဲ…။ ဪ…. ပြီးတော့ ညီလေးရွှမ်ကူနဲ့ငါက မိတ်ဆွေကောင်းတွေလေ။ သူ့ရဲ့သဘောထားက ငါနဲ့အတူတူပဲ…”

ထိုစကားပြောလိုက်ပြီးနောက် သူက အပြင်သို့ ပြန်ထွက်သွားသည်။

သူက ထွက်မသွားခင် စကားတစ်ခွန်း ပြောခဲ့သေး၏။

“ဂိုဏ်းတူညီလေးရွှမ်ရှင်း…

ဒီကိစ္စကို သေချာဖြေရှင်းဖို့မမေ့ပါနဲ့…”

“ဒီစည်းကမ်းထိန်းသိမ်းရေးခြံဝန်းက ခွေးကောင်တွေက အမြဲတမ်း အနိုင်ကျင့်နေတာ…”

ရွှမ်ကုံ ထွက်သွားပြီးနောက် ရွှမ်ရှင်းက စည်းကမ်းများကိုပင် ဂရုမစိုက်တော့ဘဲ မုန်းတီးစွာ ပြောလိုက်သည်။

“ကျန်းတင်… ဘာလို့ သူတို့နဲ့ငြင်းခုံချင်နေတာလဲ….”

မုန့်ချီကတော့ အေးအေးဆေးဆေးပြန်ပြောလိုက်သည်။

“ကျွန်တော်မှန်နေတဲ့အတွက် သူတို့ကိုမကြောက်ဘူး…”

“ဟုတ်တယ်… သူတို့ရဲ့အဲဒီပုံစံက မုန်းစရာအကောင်းဆုံးပဲ….”

ရွှမ်ရှင်းက မုန့်ချီကိုကြည့်၍ ပြောလိုက်သည်။

“မင်းက ဘယ်နေရာကနေ ရောက်လာတာလဲ…။ အဆင့်အတန်းမြင့်တဲ့လူတွေကပဲ အဲဒီလိုသတ္တိမျိုးရှိတာ…”

“ကျွန်တော်က ဘယ်လိုလုပ်သိမှာလဲ…”

မုန့်ချီက လေးလေးနက်နက် စဉ်းစားချင်ယောင်ဆောင်ပြီး ဆက်ပြောလိုက်သည်။

“ကျွန်တော်က သာမန်လောကကြီးကနေ အရမ်းကို ဝေးကွာနေခဲ့ပြီ။ အဲဒီအရာတွေက ကျွန်တော်နဲ့ဘာမှမဆိုင်တော့ဘူး…”

ရွှမ်ရှင်းကတော့ မုန့်ချီ၏ဆင်ခြေကို လုံးဝဂရုမစိုက်ပေ။ သိပ်မကြာခင် အတောအတွင်း ကျန်းတင်က ကလေးတစ်ယောက်ကဲ့သို့ မဟုတ်ဘဲ အရွယ်ရောက်သော လူတစ်ယောက်ကဲ့သို့ ပြုမူနေကြောင်း သူက သတိထားမိခဲ့သည်။ ထို့ကြောင့် သူက ကျန်းတင်ကို သေချာစိုက်ကြည့်နေပြီး စကားတစ်ခွန်းမျှမပြောခဲ့ပေ။

“ကျန်းကွမ်ကတော့ လူကုံထံအသိုင်းအဝိုင်းမှာ မိဘမဲ့တစ်ယောက် ဖြစ်နေခဲ့တာလေ။ သူက တော်တော်လေးသနားဖို့ ကောင်းတယ်။ သူတို့တွေက ကုန်သွယ်ဖို့သွားကြရင်း ဓားပြတွေက သူ့မိသားစု(၇၂)ယောက်ကို သတ်ပစ်ခဲ့တယ်။ အဲဒါကို လက်တုံ့ပြန်ဖို့အတွက် ရှောင်လင်ကျောင်းတော်ကို ဝင်လာခဲ့တာ။ ဒါပေမဲ့ ရွှမ်ကူက သူ့ရဲ့မကျေနပ်ချက်တွေကို သိနေခဲ့တယ်။ နောက်ဆုံးမှာတော့ သူ့ကို ဝေယျာဝစ္စခြံဝန်းမှာပဲ ထားခဲ့တယ်လေ…”

“အဲဒီအကြောင်းပြချက်ကြောင့်တော့ ဂိုဏ်းတူအစ်ကိုကြီးကျန်းကွမ်ကို လက်မခံနိုင်ဘူးဆိုရင် ဘာလို့ သူ့ကို မျှော်လင့်ချက်တွေ ပေးရတာလဲ…”

မုန့်ချီက မျက်မှောင်ကြုတ်လိုက်သည်။

“ရွှမ်ကူက အဲဒီလိုလူမျိုးပဲ။ ကျောင်းတော်ထဲမှာရှိတဲ့ ဓမ္မသံတွေကြောင့် ကျန်းကွမ်ရဲ့ အမုန်းတရားတွေ ပျောက်ကွယ်သွားမယ်ထင်ပြီး သူက လက်ခံထားခဲ့တာ ဒါပေမဲ့ ဓမ္မစာပေတွေက အကန့်အသတ်မရှိဘူးလေ….”

ရွှမ်ရှင်းက ပြောလိုက်သည်။

“ဒါဆိုရင်လည်း အဲဒီဓားပြ(၇၂)ယောက်ကို လက်နက်ချပြီး တရားဓမ္မအားထုတ်ဖို့ ဘာလို့များ မတိုက်တွန်းရတာလဲ…”

မုန့်ချီက ဒေါသတကြီး ပြောလိုက်သည်။

ရွှမ်ရှင်းက ပြန်ဖြေလိုက်၏။

“ဘာလို့လည်းဆိုတော့ သူလည်း သူတို့တွေကို မနိုင်လို့လေ…”

ရွှမ်ရှင်းက တဖြည်းဖြည်း တည်ငြိမ်သွားသော ကျန်းကွမ်ကို လှည့်ကြည့်လိုက်သည်။

“တူလေးကျန်းကွမ်….

မင်းက မနက်ဖြန်တောင်ပေါ်ကနေဆင်းတာ ပိုပြီးကောင်းမယ်။ မင်းက နောက်ပိုင်းမှာပိုပြီး တိုက်ခိုက်ရေး ကျွမ်းကျင်လာဖို့ အခွင့်အရေးရှိနိုင်ပါသေးတယ်…”

“တောင်အောက်ကိုဆင်းရမှာလား….”

ထိုစကားကိုကြားသည့်အခါ ကျန်းကွမ်ကမျက်နှာကို လက်ဖြင့်အုပ်၍ တရှုတ်ရှုတ် ငိုကြွေးနေခဲ့သည်။ သူက နာကျင်စွာ ရေရွတ်နေခဲ့၏။

“အဖေ၊ အမေ…

ကျေးဇူးမသိတတ်တဲ့ သားမိုက်ကို ခွင့်လွှတ်ပေးပါ။ သားက (၅)နှစ်ကျော်သွားပေမဲ့ အခုချိန်ထိ လက်တုံ့မပြန်နိုင်သေးဘူး…”

မုန့်ချီက သက်ပြင်းချလိုက်သော်လည်း ကျန်းကွမ်ကို ထွက်သွားခိုင်းသည့်ကိစ္စနှင့်ပတ်သက်၍ ရွှမ်ရှင်းကို တားဆီးခဲ့ခြင်း မရှိပေ။ အဘယ့်ကြောင့်ဆိုသော် သူက ဒီနေရာ၌ ဆက်နေရန် အခွင့်အရေး အနည်းငယ်သာ ရှိနေခြင်းကြောင့် ဖြစ်သည်။ မုန့်ချီကတော့ သိုင်းပညာများကို ကောင်းကောင်းသင်ယူရန် ဆုံးဖြတ်ထားခဲ့သည်။

“မင်း…. မင်းလား….”

ကျန်းတိက တိုက်ခိုက်ရေးကိုရင်အဖွဲ့၏ ရှေ့ဆုံးတွင် ပေါ်လာသော မုန့်ချီနှင့် ကျန်းဟွေတို့ကို အံ့ဩသင့်စွာ ကြည့်နေခဲ့သည်။

“သန့်ရှင်းရေးခြံဝန်းကနေ တိုက်ခိုက်ရေးခြံဝန်းထဲကို ရောက်မလာတာ တော်တော်လေး ကြာနေပြီလို့ ပြောထားခဲ့တာ မဟုတ်ဘူးလား။ ဒီ… ဒီဉာဏ်များတဲ့ကောင်နဲ့ ခပ်ထိုင်းထိုင်း ကိုရင်လေးက တိုက်ခိုက်ရေး ကိုရင် ဖြစ်လာတာလား…”

ထိုအရာကြောင့် သူတို့ဆီတွင် ရှိနေသော တိုက်ခိုက်ရေးကိုရင် ဟူသည့်မာနက ချက်ချင်း ပျောက်ကွယ်သွားခဲ့ရသည်။

သူတို့၏အမူအရာကိုကြည့်ပြီး မုန့်ချီက ရင်ထဲတွင်ကြိတ်၍ ရယ်လိုက်သည်။ သူက အမှန်တကယ်ကို အော်ဟစ်၍ ပြောချင်နေခဲ့၏။

“နောက်ဆုံးတော့ ငါကဒီနေရာကိုရောက်လာခဲ့ပြီ…”

ရွှမ်ချီက အရင်ရောက်နှင့်နေသော တိုက်ခိုက်ရေးကိုရင်များကို ကြည့်၍ မုန့်ချီနှင့် ကျန်းဟွေတို့ကို ပြောလိုက်သည်။

“ဒီနေ့ကစပြီး မင်းတို့က သူတို့ဆီကနေ သင်ယူရမယ်။ ကျန်းမြောင်ကတော့ သင်ကြားရေးဆရာပဲ…”

“ကျန်းမြောင်… ဟုတ်လား”

မုန့်ချီက ခေါင်းကုတ်လိုက်ပြီး သိမ်မွေ့သော အမူအရာရှိသော ကိုရင်လေးကိုကြည့်ပြီး တီးတိုးရေရွတ်လိုက်မိသည်။

“ငါတို့နဲ့ သက်တူရွယ်တူရှိပေမဲ့ သူက သင်ကြားရေးကိုရင်ဖြစ်နေပြီ။ ငါကတော့ အခုမှလေ့ကျင်နေဆဲဖြစ်တဲ့ တိုက်ခိုက်ရေးကိုရင်ပဲ ရှိသေးတယ်…”

‘

ကျန်းမြောင်က အဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အလွန်နူးညံ့သိမ်မွေ့သော လူတစ်ယောက်ဟု ထင်မှတ်ရသည်။ သူက ထိုနေရာတွင် ရပ်နေပြီး အလွန်တည်ငြိမ်သလို ခံစားရ၏။

သူက အပြုံးအရယ်မရှိ ခေါင်းညိတ်ပြလိုက်သည်။

“မင်းတို့အားလုံး ငါ့နောက်ကနေ လိုက်ခဲ့…”

မုန့်ချီနှင့်ကျန်းဟွေတို့ကလည်း နေရာယူလိုက်ကြသည်။

“ဒီနေ့မင်းတို့က လော်ဟန့်လက်သီးသိုင်းကို ဆက်ပြီးလေ့ကျင့်ရမယ်။ ငါက ရှေ့ကနေပြီး သရုပ်ပြမယ်။ မင်းတို့က‌ သေချာလိုက်ကြည့်ထားကြ….”

ရွှမ်ချီ ထွက်သွားသည်ကိုမြင်သည့်အခါ ကျန်းမြောင်က သူ၏ဝတ်ရုံကို လက်နှင့်မလိုက်ပြီး သေချာနေရာယူလိုက်သည်။ ထို့နောက် ‘တောင်ထိပ်ပေါ်မှ ဆုတောင်းသူ’ဟူသော သိုင်းကွက်ကို သရုပ်ပြလိုက်သည်။

“ပထမဆုံး ဒီပုံစံအတိုင်း လေ့ကျင့်ကြည့်မယ်။ သိုင်းပညာကို သင်ယူတဲ့အခါ မင်းတို့က အခြေခိုင်ဖို့လိုတယ်။ ဒါကြောင့် လောဘမကြီးနဲ့။ အလျင်မလိုနဲ့…”

ကျန်းမြောင်က ကိုရင်အားလုံးကို ပြောလိုက်သည်။

မုန့်ချီနှင့်ကျန်းဟွေတို့ကလည်း လော်ဟန့်လက်သီးသိုင်းကို လပေါင်းများစွာ သင်ယူခဲ့ကြဖူးသည်။ ထို့ကြောင့် သူတို့ကလည်း တစ်ခြားသူများ၏ အရှိန်ကို အမီလိုက်နိုင်ခဲ့သည်။ သူတို့က ပထမလှုပ်ရှားမှုမှနေ၍ (၁၈)ခုမြောက်ထိ အကြိမ်ကြိမ် အခါခါ လေ့ကျင့်ခဲ့၏။

အချိန်အနည်းငယ်ကြာပြီးနောက် ကျန်းမြောင်က ပြောလိုက်သည်။

“ရပ်လိုက်…”

ရုတ်တရက်ဆိုသလို ကျန်းမြောင်က မုန့်ချီဆီကိုလျှောက်လာပြီး သူ့ကို စိုက်ကြည့်လိုက်သည်။

“မင်းရဲ့လက်သီးသိုင်းက မဟုတ်သေးဘူး။ မင်းက ဘယ်လိုဖြစ်ပြီး ပုံမှန်မဟုတ်ဘဲ ဆက်လေ့ကျင့်နေရတာလဲ။ တကယ်လို့ မင်းကသာ ဒီလိုပုံစံနဲ့ဆက်ပြီး လေ့ကျင့်သွားမယ်ဆိုရင် တစ်ချိန်ချိန် ပြဿနာတက်လိမ့်မယ်…”

သူ၏လော်ဟန့်လက်သီးသိုင်းက စာအုပ်ထဲမှကြည့်၍ ကျန်းရုံ၏ အကူအညီနှင့် လေ့ကျင့်ထားခြင်းဖြစ်သည့်အတွက် ပြဿနာများစွာ ရှိနေကြောင်း မုန့်ချီက ရှင်းရှင်းလင်းလင်း သိနေသည်။

ထို့ကြောင့် သူက ကျန်းမြောင်ကို ပြောလိုက်၏။

“ကျွန်တော်က စာအုပ်ထဲကအတိုင်း လေ့ကျင့်ထားတာပါ။ ဂိုဏ်းတူအစ်ကိုက ကျေးဇူးပြုပြီး လမ်းညွှန်ပေးဖို့ မျှော်လင့်ပါတယ်…”

“မင်းက အဲဒီလိုဆက်ပြီး လေ့ကျင့်လို့မရတော့ဘူး…။ ဘာလို့လဲဆိုတော့ အဲဒီအရာတွေကို ပြင်ဆင်ဖို့အတွက် အချိန်အများကြီး ပေးရလိမ့်မယ်…”

ကျန်းမြောင်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

“ကျန်းတိ….

ဒီကိုလာပြီး သူနဲ့လေ့ကျင့်ပေးလိုက်။ ဒါဆိုရင် သူ့ရဲ့သိုင်းကွက်က ဘယ်နေရာမှာမှားနေလဲဆိုတာ သိရလိမ့်မယ်…”

Translated by Hein Htet

All Chapters