← Chapters

အခန်း (၂၄)

Vol. 2 Ch. 24

အခန်း (၂၄)

Vol. 2 Ch. 24

ညွှန်ကြားမှုကို ကြားသည့်အခါ ကျန်းတိက ပထမတွင် အံ့ဩသွားခဲ့ပြီး ထို့နောက် အပြုံးနှင့် ရှေ့ထွက်လာခဲ့သည်။

“ကောင်းပါပြီ… ဂိုဏ်းတူအစ်ကိုကြီးကျန်းမြောင်…”

နှစ်ဝက်ခန့် သိုင်းပညာလေ့ကျင့်မှုနှင့် အစားအစာများကြောင့် ကျန်းတိက အတော်လေးကို အရပ်ရှည်လာခဲ့သည်။ သူ၏ မျက်နှာပေါ်တွင် အမည်းစက်များ ပြည့်နှက်နေပြီး ယခုတော့ ထောင်ထောင်မောင်းမောင်းနှင့် ဖြစ်နေခဲ့၏။ သူ့ထက် (၂)နှစ်ခန့် ပို၍အသက်ငယ်သော မုန့်ချီကိုကြည့်ပြီး သူ၏မျက်လုံးထဲတွင် ဝမ်းသာမှုများ၊ စမ်းသပ်လိုစိတ်များ ပြည့်နှက်နေခဲ့သည်။

မုန့်ချီက အံကြိတ်နေပြီး မျက်နှာအမူအရာက အလွန်လေးနက်နေ၏။ သူကတော့ ငြင်းဆန်ရန် အကြောင်းပြချက်မရှိချေ။ မည်သို့ဖြစ်စေကာမူ သူကလည်း သံချပ်ဝတ်အင်္ကျီကျင့်စဉ်၊ နတ်ဘုရားခြေလှမ်း(၈)သွယ်၊ လော်ဟန့်လက်သီးသိုင်းနှင့် ကျား(၅)ကောင် တံခါးဖျက်စီးခြင်း ဓားသိုင်း ကဲ့သို့သော အရာများကို စမ်းသပ်ရန်အတွက် အခွင့်အရေး ရှာဖွေနေခြင်းဖြစ်၏။ ထိုအရာများကို အစစ်အမှန်တိုက်ပွဲထဲတွင် အသုံးချနိုင်ရန် လိုအပ်သည်။

“ဂိုဏ်းတူအစ်ကိုကျန်းတိရဲ့ ညွှန်ကြားမှုတွေကို ကျွန်တော် အလေးထားပါမယ်…”

မုန့်ချီက ကျန်းတိကို ခေါ်လိုက်သည်။

ရှောင်လင်ကျောင်းတော်ထဲတွင် ရှိနေသော ဝါစဉ်အရ ကျန်းတိက သူ၏ ဂိုဏ်းတူအစ်ကိုတစ်ယောက်ဖြစ်၏။ ထို့နောက် သူက လော်ဟန့်လက်သီးသိုင်း၏ လှုပ်ရှားမှုများအတိုင်း သေချာပြင်ဆင်လိုက်သည်။

ကျန်းတိက တစုံတခုကို ပြောချင်နေသည့်အလား ပါးစပ်ဟလိုက်၏။ သို့သော် သူကတော့ စကားလုံးများကို မြိုသိပ်ထားလိုက်ပြီး လက်အုပ်ချီ၍ ဦးညွှတ်လိုက်၏။ ထို့နောက် သူလည်း လော်ဟန့် လက်သီးသိုင်း၏ လှုပ်ရှားမှုအတိုင်း ပြင်ဆင်လိုက်ပြီး ပုံမှန်လေ့ကျင့်နေသည့်အလား အားကြိုးမာန်တက် အော်ဟစ်လိုက်သည်။

“ဟိုက်ရား…”

ကျန်းတိက တိုက်ခိုက်လိုက်သည့်အချိန်တွင် မုန့်ချီကတော့ ရေလှိုင်းထဲတွင် နစ်မြှုပ်သွားသလို ခံစားလိုက်ရပြီး မည်သည့်အရာမျှမကြားလိုက်ရသလို မည်သည့်အရာကိုမျှ မမြင်ရတော့ပေ။

ချန်းရုံနှင့် တိုက်ခိုက်ခဲ့သည့်အတွက် သူက ထိပ်တိုက်ရင်ဆိုင်မှုများကို အလွယ်တကူ ရှောင်တိမ်းနိုင်စွမ်း ရှိ၏။ သူက လက်တစ်ဖက်နှင့် ကျန်းတိ၏ လက်သီးချက်ကို ခုခံလိုက်ပြီး တခြားသော လက်တစ်ဖက်နှင့် သူ့ဗိုက်ကို ထိုးလိုက်သည်။ မုန့်ချီက ပထမဆုံးတိုက်ပွဲတွင် ကြောက်လန့်နေရမည့်အစား အလွန်စိတ်လှုပ်ရှားပြီး တက်ကြွနေခဲ့သည်။

ပထမဆုံး တိုက်ခိုက်လိုက်ပြီးနောက် ကျန်းတိက နောက်ထပ်သိုင်းကွက်ကို လှုပ်ရှားရန် ပြင်ဆင်နေခဲ့သည်။ ထိုအချိန်တွင် မုန့်ချီက သူ့ကို လက်သီးနှင့်ထိုးလိုက်သည်မှာ မုန်တိုင်းသဖွယ် ထင်မှတ်လိုက်ရ၏။

အကြောက်အလန့်မရှိသော မုန့်ချီဆီမှ လျင်မြန်ပြီး ကြောက်စရာကောင်းသော တိုက်ခိုက်မှုကို ခံစားလိုက်ရသည့်အချိန်တွင် ကျန်းတိ၏ ရင်ထဲတွင်တော့ အေးစက်သွားသလို ခံစားလိုက်ရသည်။ သူက မုန့်ချီကြောင့် သေခြင်းတရားကိုပင် ခံစားလိုက်မိ၏။ ထိုအရာက အသက်ကိုစတေးပြီး တိုက်ခိုက်သော လူတစ်ယောက်ဆီတွင်သာ ခံစားမိသော အရာများဖြစ်၏။

သူက တွေဝေနေသည့်အချိန်တွင် ဗိုက်ကို အရှိန်နှင့် ထိခိုက်မိသွားပြီး နာကျင်သွားသည့်အတွက် နောက်သို့ပြန်ဆုတ်လိုက်ရသည်။

“သူက တော်တော်လေး အားနည်းတာပဲ ။ ဆက်ပြီးတော့တောင် တိုက်ခိုက်နိုင်ပုံမရဘူး၊ ဒါက အစပဲရှိသေးတယ်…”

မုန့်ချီက နေရာတွင် ရပ်ပြီး စဉ်းစားနေခဲ့သည်။

မုန့်ချီကလွဲလျှင် တခြားသောကိုရင်များအားလုံးက မှင်တက်နေကြ၏။ လေ့ကျင့်ရေးတွင် အလွန်ထူးချွန်သောကျန်းတိက လျင်မြန်စွာ ထိခိုက်သွားခဲ့ရကြောင်း လက်ခံရန်ပင် ခက်ခဲနေကြရသည်။

တိုက်ပွဲကို ကြည့်လိုက်ပြီးနောက် ကျန်းမြောင်က လျင်မြန်စွာ ရောက်လာပြီး ကျန်းတိ၏ရှေ့တွင် ဒူးထောက်ထိုင်လိုက်သည်။ ထို့နောက် သူ့ဗိုက်တွင် ရှိနေသော သွေးကြောများကို ပြန်ဖွင့်ပေးလိုက်ပြီး နာကျင်မှုကို သက်သာအောင် ကူညီပေးလိုက်၏။

ထိုအချိန်ကျမှ ကျန်းရုံနှင့် အခြားသောသူများလည်း ထိတ်လန့်အံ့သြနေရာမှ သတိပြန်ဝင်လာကြပြီး သူ့ကို အလွန်အံ့အားသင့်စွာ စိုက်ကြည့်နေမိကြသည်။

“ဂိုဏ်းတူအစ်ကိုကြီးကျန်းမြောင်က ကျန်းတင်ကို သင်ခန်းစာပေးဖို့အတွက် ညီလေးကျန်းတိကို ခိုင်းလိုက်တာ။ အဲဒါက သူ့ရဲ့အမှားတွေကို ပြင်ဆင်ဖို့အတွက် ခိုင်းလိုက်တာနဲ့အတူတူပဲ၊ အခုတော့ အမှားက အမှန်ကို တိုက်ခိုက်နိုင်တယ် ထင်တယ်…”

ထိုတိုက်ပွဲကို ပြန်လည်သုံးသပ်လိုက်သည့်အချိန်တွင် အလွန်ကြမ်းတမ်းသော သူ၏တိုက်ခိုက်မှုကြောင့် ကျန်းတိက စက္ကန့်ပိုင်းလေး မှင်တက်သွားခဲ့ကြောင်း မုန့်ချီက သတိထားမိခဲ့သည်။ ထို့ကြောင့် သူက စဉ်းစားနေမိခဲ့၏။

“ဒါဆိုရင် အစစ်အမှန်တိုက်ပွဲတွင် အရှိန်အဝါက အရေးပါတာလား…”

ကျန်းတိကို ထူပေးလိုက်ပြီးနောက် ကျန်းမြောင်က အေးအေးဆေးဆေး ပြောလိုက်၏။

“ကျန်းဟယ်.. ကျန်းတင်နဲ့လာပြီး တိုက်ခိုက်လိုက်…”

မုန့်ချီက အနိုင်ရမည့်သော့ချက်ကို ဝိုးတဝါး ခံစားမိနေပြီး တိုက်ပွဲအသစ်တွင် စမ်းသပ်ကြည့်ချင်နေခဲ့သည်။ ထို့ကြောင့် သူက လက်အုပ်ချီပြီး ပြောလိုက်၏။

“ကျေးဇူးပြုပြီး ကျွန်တော့်ကို သင်ကြားပေးပါဦး ဂိုဏ်းတူအစ်ကိုကျန်းဟယ်….”

တူညီစွာ ဦးညွှတ်လိုက်ပြီးနောက် မုန့်ချီက ပထမဆုံးတိုက်ခိုက်မှုကဲ့သို့ အလွန်ကြောက်စရာကောင်းသော ကျားတစ်ကောင်သဖွယ် တိုက်ခိုက်လိုက်ပြန်သည်။

ကျန်းဟယ်က အလွန်ထူးခြားသောအစွမ်းနှင့် မွေးဖွားလာခြင်း ဖြစ်သော်လည်း သူ၏ရူးသွပ်သော တိုက်ခိုက်မှုများကို မျှော်လင့်မထားခဲ့ပေ။ သူက အလွန်စိုးရိမ်နေသော အမူအရာနှင့် မုန့်ချီကို ခုခံခဲ့သော်လည်း ပြန်လည်တိုက်ခိုက်ရန် အလွန်နောက်ကျသွားပြီဖြစ်သည်။ ထို့ကြောင့် သူက နောက်ကို ဆက်တိုက်ပြန်ဆုတ်သွားခဲ့ရ၏။

နောက်သို့ပြန်ဆုတ်သွားနေသည့်အချိန်တွင် မုန့်ချီက လေကို တစ်ဝကြီးရှုလိုက်ပြီး သူ၏ရင်ဘတ်ကို လက်နှင့် ဆွဲထိုးလိုက်၏။

မုန့်ချီကိုကြည့်ပြီး ကျန်းဟယ်၏ ခြေထောက်များက ကိုယ့်ကိုယ်ကိုပင် ထိန်းမထားနိုင်တော့ပေ။ သူက လက်ဝါးနှင့် တွန်းလိုက်သည့်အတွက် ဟာကွက်တစ်ခု ပေါ်သွားခဲ့၏။ မုန့်ချီက ထိုအခွင့်အရေးကိုအရယူပြီး တစ်ပတ်လှည့်၍ ကျန်းဟယ်၏ ညာဘက်ရင်ဘတ်ကို တံတောင်နှင့် တိုက်ခိုက်လိုက်သည်။

မုန့်ချီကတော့ သေချာစေရန်အတွက် သူ၏စွမ်းအားအနည်းငယ်ကို ထိန်ချန်ထားခဲ့သော်လည်း ကျန်းဟယ်ကတော့ တိုက်ခိုက်ခံလိုက်ရသည့်အချိန်တွင် ပြင်းပြင်းထန်ထန် ချောင်းဆိုးလိုက်ရသည်။

“ဂိုဏ်းတူအစ်ကိုရဲ့ ညှာတာပေးမှုကို ကျေးဇူးတင်ပါတယ်…”

မုန့်ချီက လက်အုပ်ချီပြီး အပြုံးနှင့် ပြောလိုက်သည်။

“တော်တော်လေးကိုလှလိုက်တဲ့ တိုက်ပွဲပဲ…”

ကျန်းရုံ၊ ကျန်းတိနှင့် အခြားသောကိုရင်များကတော့ ကျန်းဟယ်၏ အခြေအနေကိုကြည့်ပြီး ပြုံးနေမိကြသည်။ ပုံမှန်အားဖြင့် သူတို့၏လေ့ကျင့်ရေးတွင် ကျန်းဟယ်ကသာ အမြဲလိုလို သူတို့ကို တိုက်ခိုက်တတ်၏။ သူတို့၏ ခြေထောက်များ၊ လက်များ အားနည်းသွားသည်အထိ တိုက်ခိုက်တတ်သည်။

ထိုအရာက သူတို့အတွက်တော့ အိပ်မက်ဆိုးကြီးသဖွယ် ဖြစ်နေခဲ့၏။ သို့သော် ယခုတော့ ကျန်းတင်က သူ့ကို ပြန်လည်တိုက်ခိုက်နိုင်ခဲ့သည်။

“တကယ့်ကို မယုံကြည်နိုင်စရာပဲ ဒါက ပုံရိပ်ယောင်တစ်ခုလို ခံစားနေရတယ် ”

အလွန်ချောမောခန့်ညားသော မုန့်ချီ၏မျက်နှာလေးကိုကြည့်ပြီး ကိုရင်များအားလုံးက အံ့ဩနေကြသေး၏။

သက်ပြင်းချလိုက်ပြီးနောက် ကျန်းဟယ်က ရှက်ရွံ့စွာ ခေါင်းကုတ်ပြီး ပြောလိုက်သည်။

“ဂိုဏ်းတူညီလေးကျန်းတင် …

မင်းက တော်တော်အံ့ဩဖို့ကောင်းတာပဲ…”

ကျန်းမြောင်က နှာခေါင်းရှုံ့လိုက်မိပြီး တစ်စုံတစ်ခုကို စဉ်းစားနေပုံရသည်။ အချိန်တော်တော်ကြာ တိတ်ဆိတ်နေပြီးနောက် သူက ပြောလိုက်၏။

“ကြည့်ရတာ မင်းက အထက်တန်းလွှာမိသားစုကနေ ရောက်လာပြီး သိုင်းပညာကို တော်တော်လေးလေးနက်နက် လေ့ကျင့်ထားဖူးတယ် ထင်တယ်၊ ဒီတော့ မင်းရဲ့ချီကျင့်စဉ်က တော်တော်လေးကို တိုးတက်နေပြီ။ ဒါကြောင့် ကိုရင်တွေထဲမှာ မင်းကို ဘယ်သူမှ မယှဉ်နိုင်ကြဘူး၊ ငါတို့ပဲ တိုက်ခိုက်ကြမလား…”

သူက မျက်လုံးတံခါး ပွင့်နေသည့်အတွက် မုန့်ချီ၏လှုပ်ရှားမှုများကို သေချာမြင်နေရသည်။

“ဟမ်…”

ထိုအချိန်တွင် ကျန်းရုံကဲ့သို့သော တခြားကိုရင်များအားလုံးက အံ့ဩနေကြ၏။ ကျန်းတင်က သူ၏ ချီစက်ကွင်းကို ဖွင့်လှစ်ပြီးပြီဖြစ်ပြီး ချီကျင့်စဉ်က ဆက်လက်တိုးတက်နေခဲ့သည်။ ထို့ကြောင့်လည်း ကျန်းတိနဲ့ ကျန်းဟယ်တို့က သူ့ကို အနိုင်မရခြင်းဖြစ်၏။

ထိုသို့ဆိုရာတွင် ကျန်းတင်က ဂိုဏ်းတူအစ်ကို ကျန်းမြောင်နှင့် တိုက်ခိုက်ရမည်မှာ အနည်းငယ်မျှတမှုမရှိပေ။ ကျန်မြောင်က သင်ကြားရေးကိုရင်တစ်ပါး ဖြစ်ပြီး ဉာဏ်အလင်းပွင့်မှု အဆင့်တွင် အလွန်ထူးချွန်သော ပညာရှင်တစ်ယောက်လည်း ဖြစ်၏။

“ဘာမှမစိုးရိမ်ပါနဲ့ ငါကလည်း ငါ့ရဲ့အစွမ်းကို ချီစုဆောင်းရေးအဆင့်မှာပဲ ထားမှာပါ…”

ကျန်းမြောင်က မုန့်ချီကို အလွန်ထက်မြက်သောမျက်လုံးများနှင့် စိုက်ကြည့်နေခဲ့သည်။

ထိုအချိန်တွင် မုန့်ချီက သက်ပြင်းချလိုက်မိ၏။ သူတို့နှစ်ယောက်၏ ကြားထဲတွင် ကွာဟမှုကြီးရှိနေကြောင်း သိနေသော်လည်း သူ၏ တိုက်ခိုက်ချင်စိတ်များက ပို၍မြင့်တက်လာနေသည်။

သူက ကိုယ့်ကိုယ်ကို ပြန်ပြောလိုက်မိ၏။

“တကယ်လို့ လေ့ကျင့်တဲ့အချိန်မှာတောင် မတိုက်ခိုက်ရဲရင် တကယ့်တိုက်ပွဲမှာ ဘယ်လိုတိုက်ခိုက်နိုင်မှာလဲ…”

ရိုးရိုးသားသားပြောရလျှင် သေရေးရှင်ရေးကိစ္စများကိုကြုံတွေ့ရပြီးနောက် သူက ကျန်းမြောင်ကိုလုံးဝမကြောက်တော့ပေ။ အကယ်၍ သူရှုံးသွားလျှင်လည်း ကိစ္စမရှိပေ။ သူသာ အားနည်းချက်များ၊ ဟာကွက်များကို ရှာတွေ့မည်ဆိုလျှင် သူ၏အရှုံးက တန်ဖိုးရှိသည်။ ထို့ပြင် သူ နိုင်ရန် အခွင့်အရေးတစ်ခုလည်း ရှိနေသေး၏။

“ဂိုဏ်းတူအစ်ကိုကျန်းမြောင်ရဲ့ ထောက်ပြမှုကို ကျေးဇူးတင်ပါတယ်။”

မုန့်ချီက လက်အုပ်ချီ၍ တိုက်ပွဲကို လက်ခံလိုက်သည်။

တစ်ခြားသောကိုရင်များကတော့ သက်ပြင်းချပြီး ပြောလိုက်၏။

“သူက တကယ်ပဲ ဂိုဏ်းတူအစ်ကိုကျန်းမြောင်ကို တိုက်ခိုက်ရဲတာလား။ သူတို့နှစ်ယောက်ရဲ့ကြားထဲမှာ ကွာဟမှုက ရေကန်နဲ့ သမုဒ္ဓရာကြီးလောက်ရှိတယ်။ တကယ်လို့ အစ်ကိုကျန်းမြောင်က သူ့အစွမ်းကို ချီစုဆောင်းရေးအဆင့်ထိ နှိမ့်ချထားမယ်ဆိုလျှင်တောင် သူ့ရဲ့အမြင်၊ အတွေ့အကြုံနဲ့ ဗဟုသုတတွေက ပြောင်းလဲသွားမှာ မဟုတ်ဘူး…”

“ကောင်းပြီ… မင်းအရင်ဆုံး တိုက်ခိုက်ပါ…”

မုန့်ချီ၏သတ္တိကို မြင်သည့်အခါ ကျန်းမြောင်က သက်ပြင်းချလိုက်သည်။

မုန့်ချီကတော့ အားနာမနေတော့ပဲ ညာခြေထောက်နှင့် လှမ်းကန်လိုက်ပြီး ကျန်းမြောင်ကို လက်သီးနှင့် လှမ်းထိုးလိုက်သည်။ ကျန်းဟယ်၊ ကျန်းတိတို့ကဲ့သို့ မဟုတ်ဘဲ ကျန်းမြောင်ကတော့ တူညီသော လော်ဟန့်လက်သီးသိုင်းကို သုံးနေသော်လည်း မုန့်ချီ၏ရင်ဘတ်ကို ကျားတစ်ကောင်ကဲ့သို့ တိုက်ခိုက်နေခဲ့သည်။

သူက သေချာမျက်လုံးဖွင့်ထားသည့်အချိန်တွင် မုန့်ချီက ရှေ့ထွက်လာပြီး ကျန်းမြောင်၏လက်သီးကို ရှောင်တိမ်းနေခြင်းမရှိဘဲ ကျန်းမြောင်၏ နားနှစ်ဖက်ကိုသာ လက်သီးနှင့် တိုက်ခိုက်လိုက်သည်။

ကျန်းမြောင်၏ အတွေ့အကြုံများအရ တစ်စုံတစ်ခု လွဲမှားနေကြောင်း တွေ့သွားသော်လည်း မုန့်ချီ၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသည့်အချိန်တွင် နောက်ပြန်ဆုတ်၍မရ‌တော့ချေ။ သူက လက်သီးထဲတွင် ပိုမိုများပြားသော အားကိုသာထည့်၍ မုန့်ချီကို တန်ပြန်တိုက်ခိုက်ရန် ကြိုးစားလိုက်သည်။

“ဖုတ်…”

သူ၏လက်သီးက သံချပ်ဝတ်အင်္ကျီတစ်ခုကို ထိုးလိုက်မိသလို ခံစားလိုက်ရပြီး စွမ်းအားများက ပတ်ပတ်လည်ကို ပျံ့နှံ့သွားခဲ့သည်။ ထိုအချိန်တွင် မုန့်ချီ၏လက်သီးကတော့ သူ၏ဦးခေါင်းကို တည့်တည့်ထိုးခဲ့မိသည်။

“အားးးး…”

ကျန်းမြောင်က ရုတ်တရက် အော်လိုက်မိသည်။

သူ၏နားနှစ်ဖက်က နီရဲလာပြီး နားထဲမှနေ၍ သွေးများစီးကျလာသည်။ လက်သီးကတော့ သူ၏ဦးခေါင်းမှနေ၍ ချော်ထွက်လာပြီး ပါးနှစ်ဖက်ပေါ်သို့ တည့်တည့်ကျရောက်သွား၏။ သို့သော် ပွတ်တိုက်မှုတစ်ခု ပေါ်လာပြီးစွမ်းအားအများစုကို ဖယ်ရှားပစ်ခဲ့သည်။ ထို့သို့ဆိုရာတွင် ကျန်းမြောင်ကတော့ နောက်ကို ဒယိမ်းဒယိုင်ပြန်ဆုတ်သွားရသေး၏။ သူ၏ပါးနှစ်ဖက်ကလည်း ယောင်ကိုင်းပြီး နီရဲနေခဲ့သည်။

“မင်းက သံချပ်ဝတ်အင်္ကျီကျင့်စဉ်ကို သင်ထားတာပဲ…”

ကျန်းမြောင်က အလွန်ထိတ်လန့်ပြီး ဒေါသထွက်နေသော အမူအရာဖြင့် အော်ပြောလိုက်သည်။

မုန့်ချီက အပြုံးနှင့် ပြောလိုက်၏။

“ဟုတ်တယ်။ ကျွန်တော့်ရဲ့မိဘတွေဆီကနေ သင်ထားတာပါ။ ဂိုဏ်းတူအစ်ကိုကလည်း ဉာဏ်အလင်းပွင့်မှုအဆင့်မှာ ရှိတဲ့စွမ်းအားတွေကို သုံးခဲ့တာပဲ မဟုတ်လား…”

ယမန်နေ့ညတွင် သူ၏သံချပ်ဝတ်အင်္ကျီကျင့်စဉ်က ပေါ်သွားသည့်အတွက် ဖုံးကွယ်ထားရန် မလိုတော့ပေ။ သူက သေချာမသိသော မိသားစုဆီမှ သင်ယူလာခြင်းဖြစ်ကြောင်းသာ လိမ်ပြောလိုက်သည်။

တိုက်ပွဲတွင် မုန့်ချီကတော့ ကျန်းယွင်ရှန်နှင့် ကျန်းကျိဝေတို့၏ ညွှန်ကြားမှုအတိုင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ သူက ပြိုင်ဘက်နှင့် ရင်ဆိုင်ရာတွင် သူ့ဆီတွင် ထိခိုက်မှုနည်းနည်းဖြင့် ရန်သူကို ထိခိုက်မှုများများ ပေးလိုက်ခြင်းဖြစ်၏။

ကျန်းမြောင်ကတော့ သူ၏သံချပ်ဝတ်အင်္ကျီကျင့်စဉ်ကို မသိသည့်အတွက် အရေးနိမ့်သွားခဲ့ခြင်းဖြစ်သည်။ ထိုသို့ဆိုရာတွင် သူ၏သိုင်းပညာက ကျန်းမြောင်ထက် အဆပေါင်းများစွာ ပို၍နိမ့်ကျသည်။

ကျန်းမြောင်၏ မျက်နှာအမူအရာက အကြိမ်အနည်းငယ်ပြောင်းလဲသွားပြီးနောက် သူက အေးစက်စွာ ပြောလိုက်သည်။

“နောက်ပြန်ဆုတ်ပြီး လော်ဟန့်လက်သီးသိုင်းကို ဆက်ပြီးလေ့ကျင့်တော့…”

ကျန်းမြောင်က သူ့ကိုအပြစ်တင်မည် မဟုတ်မှန်း မုန့်ချီက သိနေခဲ့သည်။ ထို့ကြောင့် သူက လော်ဟန့်လက်သီးသိုင်းကို ဆက်၍လေ့ကျင့်လိုက်သည်။ သူ၏ လက်သီးသိုင်းတွင် အမှားများစွာ ရှိနေသည့်အတွက် တစ်ဆင့်ချင်းဆီ တိုးတက်ရန် လိုနေသေးကြောင်းကိုလည်း သူသိနေခဲ့သည်။

ကျန်းမြောင်ကို အနိုင်ရပြီး နောက်ဆုတ်အောင် တိုက်ခိုက်နိုင်သည့်အတွက်ကိုလည်း မုန့်ချီက အတော်လေးကို ဝမ်းသာနေခဲ့သည်။

“ငါက အဲဒီလိုလူတစ်ယောက်ဆိုတာ ဝန်ခံပါတယ်…”

မုန့်ချီက စိတ်ထဲတွင်ပြောလိုက်သည်။

လက်သီးကျင့်စဉ်ကို ပြန်လေ့ကျင့်ချိန်တွင် မုန့်ချီက သူ၏အမှားများကို ပြန်ပြင်ဆင်ရန် အကောင်းဆုံးကြိုးစားခဲ့ပြီး ကျန်းတိ၊ ကျန်းဟယ်၊ တစ်ခြားလူများနှင့်အတူ သူ၏လက်သီးသိုင်းကို အကောင်းဆုံး တိုးတက်အောင် ကြိုးစားခဲ့သည်။

ထိုအရာကို မြင်သည့်အခါ ကျန်းမြောင်၏ မျက်နှာအမူအရာက အတော်လေး စိတ်အေးသွားခဲ့သည်။ လော်ဟန့်လက်သီးသိုင်းနှင့် ရှောင်လက်တုတ်သိုင်းကို လေ့ကျင့်ပြီးနောက် ကျန်းမြောင်က သူတို့ကို တစ်ယောက်ချင်းဆီ လမ်းညွှန်ပေးနေသည်။

ထို့နောက် သူက နောက်လှည့်ပြီး ပြောလိုက်သည်။

“ကျန်းတင်…. မနက်ဖြန်ကျရင် ငါနဲ့ဆက်ပြီးလေ့ကျင့်ရမယ်။ အဲဒီအချိန်ကျရင်လည်း ငါက ငါ့ရဲ့စွမ်းအားကို ချီစုဆောင်းရေးအဆင့်ထိ နှိမ့်ပေးမယ်…”

“အနိုင်ရချင်စိတ်က ဘယ်လောက်တောင်များနေတာလဲ…”

မုန့်ချီက ရင်ထဲတွင် သက်ပြင်းချလိုက်ပြီးနောက် နောက်ထပ်တိုက်ရမည့် တိုက်ပွဲအတွက် အတော်လေး စိတ်လှုပ်ရှားနေခဲ့သည်။

“ငါက ဒီနေ့နတ်ဘုရားခြေလှမ်းကျင့်စဉ်ကို ထပ်လေ့ကျင့်ရမယ်…”

မည်သို့ပင်ဖြစ်စေကာမူ သူက နောက်ထပ်မရှုံးချင်ပေ။

“ဂိုဏ်းတူအစ်ကိုကျန်းမြောင်က အမြဲတမ်းအဲဒီလိုပဲ….”

“ဂိုဏ်းတူအစ်ကိုကျန်းမြောင်က အရာအားလုံးကို လွယ်လွယ်ကူကူ ရခဲ့တာလေ။ သူက ရှောင်လင်ထိပ်သီးသိုင်းပညာ(၇၂)မျိုးထဲက မိုကီလက်ချောင်းကျင့်စဉ်ကို စပြီးလေ့ကျင့်နေပြီ…။ ဒီတော့ သူက မောက်မာပြီးမာနကြီးတာ ပုံမှန်ပါပဲ။ မင်းက သူ့ကို အနိုင်ရမယ်လို့ ဘယ်သူက ထင်ထားခဲ့မှာလဲ…”

“ဂိုဏ်းတူညီလေး…

မင်းက ချီကျင့်စဉ်မှာ နည်းနည်းအောင်မြင်နေပြီဆိုမေင်းလို လူတစ်ယောက်ကို ရှုံးတဲ့အတွက် သူက ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ…”

ကျန်းရုံက မုန့်ချီရဲ့အနားသို့ကပ်လာပြီး အပြုံးနှင့် ပြောလိုက်သည်။

“မင်းရဲ့သိုင်းပညာနဲ့ပက်သက်ပြီး ငါလည်းတော်တော်လေးကို အံ့ဩနေတာ။ ကြည့်ရတာ မင်းကငါ့ကို ဂရုစိုက်ပေးဖို့တောင် ပြောရတော့မယ့်ပုံပဲ…”

မုန့်ချီက အပြုံးနှင့်ပြောလိုက်သည်။

“ကျွန်တော်က မထင်မှတ်ထားတဲ့အချိန်မှာ မထင်မှတ်ထားတဲ့နည်းလမ်းကိုသုံးလို့ အနိုင်ရသွားတာပါ။ ဒါပေမဲ့ မနက်ဖြန်ကျရင်တော့ အနိုင်ရဖို့ခက်တယ်…”

အကယ်၍ သူက မနက်ဖြန် ‘နတ်ဘုရားခြေလှမ်း(၈)သွယ်’ ကို တတ်မြောက်ထားလျှင်တော့ တူညီသော နည်းလမ်းဖြင့် အနိုင်ရနိုင်ပါလိမ့်မည်။ ကြည့်ရသည်မှာ ထိုအရာကလည်း မဖြစ်နိုင်ချေ။ ထိုသို့ဆိုရာတွင် သူကတော့ တိုက်ပွဲကိုကြောက်ရွံ့နေခြင်း မရှိချေ။

အဘယ့်ကြောင့်ဆိုသော် ထိုအရာက ထူးချွန်သောလူငယ်များနှင့် လေ့ကျင့်ရန် တန်ဖိုးရှိသည့် အခွင့်အရေးတစ်ခုဟု စဉ်းစားထားမိခြင်းကြောင့် ဖြစ်သည်။ ထိုအရာက နောက်တစ်ကြိမ် ကျရောက်လာမည့် သံသရာကမ္ဘာကြီးထဲတွင် သူ့အသက်ကို ကယ်တင်ပေးနိုင်မည့် အခြေအနေလည်း ဖြစ်လာနိုင်သည်။

မုန့်ချီ၊ ကျန်းဟွေနှင့် ကျန်းရုံတို့က တိုက်ခိုက်ရေးခြံဝန်း၏ တံခါးဆီသို့ ပြန်သွားကြပြီး ရွှမ်ချီကို ဖြတ်ကျော်သွားကြသည်။ ထိုအချိန်တွင် ကိုရင်တစ်ပါးကတော့ ရွှမ်ချီ၏နောက်တွင် လိုက်လာပြီး တစ်ယောက်ထည်း တီးတိုးရေရွတ်နေခဲ့၏။

“ငါက ဒီသိုင်းကွက်ကို ဘယ်လိုချေဖျက်ရမှာလဲ…”

ကိုရင်လေးကို ညွှန်ပြရမည့်အစား ရွှမ်ချီက မုန့်ချီနှင့်ကျန်းဟွေတို့ကို ပြောလိုက်သည်။

“ညစာစားပြီးရင် သိုင်းလေ့ကျင့်ရေးခန်းမဆီ လာခဲ့။ ငါက မင်းတို့ကို ရှောင်လင်ကျောင်းရဲ့ နှလုံးကျင့်စဉ်တွေကို သင်ပေးမယ်…”

မုန့်ချီက ရွှမ်ရှင်းဆီမှ ရှောင်လင်ကျောင်း၏ ကျင့်စဉ်များကို ကြားဖူးခဲ့သည်။ ရှောင်လင်တွင် ရှိနေသော အခြေခံနှလုံးကျင့်စဉ်က ချီကျင့်စဉ်များထဲတွင် ထိပ်တန်း(၁၀)ခုစာရင်းဝင်ပြီး သန့်စင်မှု၊ ရိုးသားမှုနှင့် စွမ်းအားပြည့်ဝမှုများအရ အလွန်ကောင်းမွန်လှ၏။

မုန့်ချီက ရှောင်လင်နှလုံးကျင့်စဉ်ကို အလေးထားရန် ဆုံးဖြတ်ခဲ့ပြီး သံချပ်ဝတ်အင်္ကျီ ကျင့်စဉ်အတိုင်း လှည့်ပတ်ကြည့်ရန် စဉ်းစားထားခဲ့သည်။

ရွှမ်ချီ အဝေးသို့ ထွက်သွားသည်ကို မြင်သည့်အခါ ကျန်းရုံက တီးတိုးပြောလိုက်သည်။

“ဆရာဦးလေးရွှမ်ချီရဲ့အနားမှာရှိတဲ့ ဆရာတူအစ်ကို ကိုမြင်လား။ သူကလည်း နောက်ထပ်သင်ကြားရေး ကိုရင်တစ်ပါးပဲ။ သူ့နာမည်က ကျန်းပန်လို့ ခေါ်တယ်။ သူက သိုင်းပညာမှာ အရူးတစ်ယောက်ပဲ။ သူနဲ့ပတ်သက်ပြီး ကောလာဟလတွေ အများကြီးရှိတယ်…”

သူတို့က ညစာစားပြီးနောက် ရယ်ကာမောကာနှင့် စကားပြောနေကြသည်။ ထို့နောက် မုန့်ချီနှင့် ကျန်းဟွေတို့က သိုင်းလေ့ကျင့်ရေးခန်းမထဲသို့ ရောက်လာကြပြီး ကျန်းရုံကတော့ လုပ်စရာမရှိသည့်အတွက် သူတို့နှင့်အတူ လိုက်လာခဲ့သည်။ သူကတော့ တစ်စုံတစ်ယောက်နှင့် လေ့ကျင့်ရန် စဉ်းစားထား၏။

Translated by Hein Htet

All Chapters