← Chapters

အခန်း (၂၇)

Vol. 2 Ch. 27

အခန်း (၂၇)

Vol. 2 Ch. 27

တောင်ထိပ်ပေါ်တွင် လေအေးများ တိုက်ခတ်နေသည်မှာ ထက်မြက်သော ဓားတစ်စင်းနှင့် သူတို့၏ခန္ဓာကိုယ်ကို ခြစ်ချနေသလို ခံစား‌နေရသည်။ မုန့်ချီကတော့ အလွန်ထူထဲသောဝတ်ရုံကို ဝတ်ဆင်ထားသော်လည်း အအေးဒဏ်ကြောင့် ခိုက်ခိုက်တုန်နေခဲ့သည်။

ထို့ကြောင့် သူလည်း ရှောင်လင်ချီကျင့်စဉ်ကိုသုံးပြီး အနွေးဓာတ်ရစေရန် ကြိုးစားခဲ့ရ၏။ ချီစွမ်းအင်များက ခန္ဓာကိုယ်ထဲ၌ ဖြည်းညင်းစွာ လှည့်ပတ်လာသည့် အချိန်တွင် အအေးဓါတ်များက ပျောက်ကွယ်သွားခဲ့ရသည်။

တောင်အနောက်ဘက်သို့ သွားသော လမ်းကြောင်းကို အစောင့်အကြပ် ထူထပ်စွာ ချထားခဲ့သည်။ မည်သူမျှ ဖြတ်မလာနိုင်သော တောင်ထိပ်အစွန်တွင် အစောင့်ကိုယ်တော်များ ရှိနေကြ၏။

မုန့်ချီ၊ ကျန်းဟွေနှင့် ကျန်းရုံတို့ကိုတော့ အလွန်ကျဉ်းမြောင်းပြီး တောင်အနောက်ဘက်သို့ ဦးတည်သွားသော လမ်းကျဉ်းလေး၏အရှေ့တွင် နေရာချထားပေးခဲ့သည်။ သူတို့၏ဘေးတစ်ဖက်ဆီတွင် တောင်နံရံများရှိနေပြီး ရှေ့တွင်တော့ အလွန်ကြီးမားပြီး သိပ်သည်းလွန်းလှသော သစ်တောကြီးတစ်ခုရှိသည်။

“ဂိုဏ်းတူအစ်ကို ..

ဒီတောင်အနောက်ဘက်မှာ အရိုးဖြူမိန်းမပျိုနဲ့ ပင့်ကူမိန်းမပျိုတို့ ရှိတာလား…”

ကျန်းဟွေက မေးလိုက်သည်။

သူက ယခုအချိန်အထိ ချီစက်ကွင်းကို ဖွင့်လှစ်နိုင်ခြင်း မရှိသေးပေ။ ထို့ကြောင့် သူ၏ချီစွမ်းအင်များက ဖြည်းဖြည်းချင်း တိုးတက်ခြင်းသာ ရှိနေခဲ့၏။ သူက အလွန်အေးနေသော်လည်း လမ်းကျဉ်းလေး၏အဆုံးတွင် ရှိနေသော အမှောင်ထုကြီးကို စိုက်ကြည့်နေခဲ့သည်။ ထိုအရာကတော့ တောင်အနောက်ဘက်ကိုသွားသောလမ်း ဖြစ်၏။

“အရိုးဖြူမိန်းမပျို၊ ပင့်ကူမိန်းမပျို ဟုတ်လား…”

ကျန်းရုံက ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ သူက မုန့်ချီကို ထူးဆန်းစွာ စိုက်ကြည့်လိုက်ပြီး မုန့်ချီက ကျန်းဟွေကို မည်ကဲ့သို့ ထူးဆန်းသည့်ပုံပြင်များ ပြောထားကြောင်း သိချင်နေခဲ့၏။

မုန့်ချီကတော့ ရယ်လိုက်မိသည်။ သံသရာကမ္ဘာထဲရှိ သေရေးရှင်ရေးဖိအားများကြောင့် သူက သိုင်းပညာကို သေချာလေ့ကျင့်နေပြီး သူ့အတွက် အချိန်ပိုက နည်းပါးနေသည်။

“အခုအဲဒီနေရာမှာ နတ်ဆိုးတွေ ၊ တစ္ဆေတွေ ရှိနေတယ်လို့ ဂိုဏ်းတူအစ်ကို ကျန်းမြောင်က ပြောလိုက်တယ်လေ။ ဒါဆိုရင် ဆွဲဆောင်မှုရှိတဲ့ မိန်းမပျိုတွေလည်း ရှိမှာပေါ့…”

သူက နတ်ဆိုးနှင့် တစ္ဆေများအကြောင်းကို သေချာမသိခဲ့ပေ။ သို့သော် ကျန်းရုံကို ရှင်းပြနိုင်ရန်အတွက် သူ၏ရည်ရွယ်ချက်ကို ပြောပြလိုက်၏။

ကျန်းရုံက ထိုလမ်းအဆုံးကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့သည်။ ထို့နောက် တစ်ယောက်တည်းပြောသလို အမူအရာနှင့် ပြောလိုက်၏။

“အစစ်အမှန် နတ်ဆိုးတွေ၊ တစ္ဆေတွေ …

လူဘယ်လောက်များများက သူတို့ကို တွေ့ဖူးမှာလဲ။ နတ်ဆိုးတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ အချိန်ကတည်းကစပြီး နတ်ဆိုးတွေက‌ ခြေရာလက်ရာ ပျောက်သွားခဲ့တာ။ အနည်းဆုံးတော့ ငါတို့လို သာမန်လူတွေက သူတို့ကိုရှာဖို့အရမ်းခက်တယ်။ တစ်ခါတစ်ရံတော့ စာသင်သားတစ်ယောက်က မြေခွေးမိန်းမပျို ဒါမှမဟုတ် မြွေဝိညာဉ်ကနေ ပုံစံပြောင်းထားတဲ့ မိန်းကလေးတစ်ယောက်ကို တွေ့နိုင်တယ်။ ငါတော့တစ်ကြိမ်မှ မတွေ့ဖူးသေးဘူး…”

မုန့်ချီက ခေါင်းညိတ်ပြလိုက်ပြီး နောက်ထပ်မေးခွန်းများ မမေးခဲ့ပေ။ ကျန်းရုံကလည်း ထိုအကြောင်းကို အနည်းငယ်လေးသာ သိနိုင်သည်။

ညက တဖြည်းဖြည်း မှောင်မိုက်လာနေသည်နှင့်အမျှ မြောက်ပြန်လေက တဖြည်းဖြည်း ပို၍အေးစက်လာသည်။ ကျန်းဟွေကတော့ ကျောက်တုံးတစ်တုံးပေါ်တွင် ထိုင်၍ လေ့ကျင့်နေခဲ့၏။

ကျန်းရုံကလည်း အအေးဓာတ်ကို ဖယ်ရှားရန်အတွက် လမ်းလျှောက်နေခဲ့သည်။ ပတ်ဝန်းကျင်က အလွန်တိတ်ဆိတ်နေပြီး သူတို့၏ နောက်ဘက်တွင် ဓမ္မခြံဝန်းနှင့် ဗောဓိခြံဝန်းမှ အစောင့်များ ရှိနေသည့်အတွက် မုန့်ချီက နတ်ဘုရားခြေလှမ်း(၈)သွယ်၏ နောက်ဆုံးသိုင်းကွက်ကို လေ့ကျင့်ရန် အမှတ်ရသွားခဲ့သည်။

ရုတ်တရက်ဆိုသလို အလွန်ကြောက်စရာကောင်းသော အအေးလှိုင်းတစ်ခုက သူ့ဆီကို ရောက်လာသည့်အတွက် မုန့်ချီက တုန်လှုပ်သွားခဲ့သည်။ မုန့်ချီက တစ်ကိုယ်လုံး တုန်ယင်သွားခဲ့၏။ ထို့နောက် သူက အရာအားလုံးကို ဖယ်ရှားလိုက်သည်။

နတ်ဘုရားခြေလှမ်း(၈)သွယ်၏ နောက်ဆုံးသော့ချက်ကို ရှာတွေ့သွားပြီးနောက် သူက မစမ်းသပ်ဘဲ မနေနိုင်ခဲ့ပေ။ ထိုအရာက သူ့မိသားစုဆီမှ ရလာသော ကျင့်စဉ်တစ်ခု ဖြစ်ကြောင်း ကျန်းရုံက သိနေသော်လည်း မုန့်ချီကတော့ ထိုခြေလှမ်းကို တိုက်ရိုက်သုံးရန် မသင့်တော်သေးပေ။

သူက အပေါ်ယံဓားသိုင်းပညာနဲ့ ဖုံးကွယ်ထားသော်လည်း လှုပ်ရှားမှုက အလွန်ကြီးမားသည့်အတွက် ကင်းလှည့်နေသော ကျန်းမြောင်နှင့် အခြားလူများက တွေ့သွားနိုင်သည်။ ထို့နောက် သူ့ကို အပြစ်တင်နိုင်သည်။

ပတ်ပတ်လည်သို့ လှည့်ပြီး အခြေအနေကို ကြည့်လိုက်ပြီးနောက် မုန့်ချီက ဗိုက်ကို လက်နှင့်ဖိ၍ ကျန်းရုံကို ပြောလိုက်၏။

“ဂိုဏ်းတူအစ်ကို …

ကျွန်တော် တော်တော်လေး ဗိုက်အောင့်နေတယ်၊ နောက်ဖေး သွားလိုက်ဦးမယ်၊ ကျေးဇူးပြုပြီး အစ်ကိုပဲဆက်ပြီး စောင့်လိုက်ပါဦး…”

ကျန်းရုံက ကျမ်းစာတိုက်ထဲတွင် အလားတူ အတွေ့အကြုံမျိုး ရှိခဲ့ဖူးသည်။ ထို့ကြောင့် သူကတော့ ထူးခြားသည်ဟု ခံစားမနေရဘဲ အပြုံးနှင့် ပြောလိုက်၏။

“သွားလေ။ တကယ်လို့ဂိုဏ်းတူအစ်ကိုကျန်းမြောင်လာရင် ငါ ရှင်းပြလိုက်မယ်…”

မုန့်ချီက သူ၏ဓားကိုယူပြီး သစ်တောထဲသို့ ပြေးဝင်သွားခဲ့သည်။ သူက ဝေးဝေးကို လျှောက်သွားရဲခြင်းလည်း မရှိချေ။ ထို့ကြောင့် တောင်နံရံအနားတွင် ကပ်သွားပြီး အလွန်ကြီးမားသော သစ်ပင်ကြီးတစ်ပင်၏ အနားတွင် ခြေလှမ်းသိုင်းကို စတင်လေ့ကျင့်လိုက်သည်။

နတ်ဘုရားခြေလှမ်း(၈)သွယ်က အလွန်နူးညံ့သိမ်မွေ့ပြီး လျှို့ဝှက်ဆန်းကြယ်လွန်းလှ၏။ ညက မှောင်မည်းနေသည့်အတွက် မုန့်ချီက တစ္ဆေတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး အရိပ်များသာ ပေါ်နေခဲ့သည်။

“ကောင်းတယ်… တကယ့်ကို အဲဒါပဲ…”

မုန့်ချီက အကြိမ်ပေါင်းများစွာ လေ့ကျင့်ခဲ့ပြီးနောက် ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်ပြီး ပြန်သွားရန် ဆုံးဖြတ်လိုက်သည်။

သူက ပြန်သွားတော့မည့်အချိန်တွင် နံရံဆီမှ အသံအနည်းငယ် ထွက်လာသည်ကို ရုတ်တရက် ကြားလိုက်ရသည်။ ထိုအချိန်တွင် သူက တစ်ကိုယ်လုံး တင်းကြပ်သွားပြီး သစ်ပင်ကြီးတစ်ပင်၏ အနောက်တွင် ပုန်းလိုက်၏။

“ငါက အဲဒီလောက်ကြီး ကံမဆိုးနိုင်ပါဘူး။ ဆရာဦးလေးတွေနဲ့ ဂိုဏ်းတူအစ်ကိုတွေက ဒီနေရာမှာ စောင့်နေတာ မဟုတ်လောက်ဘူးမလား။ ပြီးတော့ ဒီနေရာမှာ ဒီလိုတောင်ထိပ်တစ်ခုလည်း ရှိနေသေးတာပဲ…”

မုန့်ချီကတော့ မကောင်းဆိုးဝါးနှင့် နတ်ဆိုးများဟု တွေးခဲ့မိသည်။ သူက ထိုနေရာကို လှမ်းကြည့်လိုက်ရာ တောင်ထိပ်ပေါ်တွင် အလွန်ကြီးမားသော အပေါက်ကြီးတစ်ခုကို တွေ့လိုက်ရ၏။ ထိုအပေါက်ကြီး၏အနားတွင်တော့ အနီရောင် ကျောက်တုံးကြီးတစ်တုံးရှိပြီး လူတစ်ယောက် ထွက်လာခဲ့သည်။

ထိုလူက ကျောက်တုံးကြီး၏နောက်တွင် ရှိနေသော တစ်စုံတစ်ခုကို လက်နှင့် ထိလိုက်သည်။ ထိုအချိန်တွင် အသံများထွက်လာပြီးနောက် ကျောက်တုံးက အပေါက်ကို ဖြည်းညင်းစွာ ပိတ်သွားခဲ့၏။

“ဒါက တစ္ဆေတွေ၊ နတ်ဆိုးတွေအတွက် လျှို့ဝှက်ထွက်ပေါက်လား…”

မုန့်ချီက ခန့်မှန်းကြည့်လိုက်သည်။

သူကတော့ သစ်တောထဲကို အနည်းငယ်လေးသာ ဝင်လာခဲ့သည့်အတွက် နောင်တရနေခဲ့၏။ ပထမတော့ ဤနေရာတွင် သားရဲတိရစ္ဆာန်တချို့ရှိနေမည်ဟု သူက တွေးခဲ့မိသည်။ သို့သော် အလွန်အေးနေသော ဆောင်းရာသီညအချိန်တွင်တော့ သူတို့တွေက ထွက်လာနိုင်လိမ့်မည် မဟုတ်ချေ။

ကြည့်ရသည်မှာ ဤနေရာက သေချာပေါက်လုံခြုံသော နေရာတစ်ခု ဖြစ်နိုင်သည်။ သို့သော် သူက ယခုလို အရာမျိုးနှင့် တွေ့ခဲ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ထိုလူက ပြန်လှည့်လာပြီးနောက် သစ်တော၏ အခြားတစ်ဖက်ကို ပြေးသွားခဲ့သည်။ ထိုအချိန်တွင် မုန့်ချီက လရောင်အောက်၌ သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

“ဟမ်…”

မုန့်ချီက အလွန်အံ့ဩသွားခဲ့ပြီး ထိတ်လန့်မှုကြောင့် အော်မိမတတ် ဖြစ်သွားခဲ့သည်။ နောက်ဆုံးတွင်တော့ သူ့ပါးစပ်သူ မနည်းပိတ်ထားလိုက်ရ၏။

“တောင်အနောက်ဘက်ကနေ ထွက်လာတဲ့သူက ကျန်းကွမ်ပဲ ၊ အဲဒါက ငါ့ကိုတိုက်ခိုက်ခဲ့ပြီး လက်တုန့်ပြန်ဖို့ ဆန္ဒမရှိတဲ့သူ… တကယ့်ကို ကျန်းကွမ်ပဲ။ သူ့ကို တောင်ပေါ်ကနေ နှင်ထုတ်လိုက်ပြီ မဟုတ်လား…”

မုန့်ချီက သံသယဝင်စွာ တွေးနေမိသည်။

ရွှမ်ရှင်းကတော့ ထိုအကြောင်းအရာနှင့် ပတ်သတ်ပြီး သူ့ကို လိမ်ပြောလိမ့်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ဝေယျာဝစ္စခြံဝန်းထဲတွင် သူ့မိတ်ဆွေ ကျန်းရန် ရှိနေသေးခြင်းကြောင့် ဖြစ်သည်။ ထိုနေ့ကစပြီး ကျန်းကွမ်ကို လုံးဝမတွေ့ရတော့ပေ။

မုန့်ချီက နေရာတွင် ရပ်နေပြီး လှမ်းကြည့်လိုက်ရာ ကျန်းကွမ်က အဝေးသို့ ထွက်သွားကြောင်း မြင်လိုက်ရသည်။ သူ၏ကိုယ်ပိုင်အစွမ်းအရ နတ်ဆိုးများ၊ တစ္ဆေများနှင့် ပတ်သတ်ရန် မလုံလောက်သေးကြောင်း မုန့်ချီက သိနေသည်။

“ယောကျ်ားဆိုတာ ကိုယ့်အခြေအနေ ကိုယ်လက်ခံရတယ် ၊ လူတိုင်းကတော့ သူရဲကောင်း မဟုတ်နိုင်ဘူး…”

မုန့်ချီကတော့ ကိုယ့်ကိုယ်ကို ပြောလိုက်သည်။

“တကယ်လို့ ငါသာသွားပြီး အဲဒီအပေါက်ကို ဖွင့်ကြည့်လိုက်မယ်ဆိုရင် အဲဒီအထဲမှာ ဘာတွေစောင့်နေမယ်ဆိုတာ မသိနိုင်ဘူး။ ငါက အသတ်ခံရပြီး မှော်သားရဲတစ်ကောင်ရဲ့ ဝါးမြိုခြင်းကို ခံရနိုင်သလို ရုပ်သေးတစ်ရုပ်လည်း ဖြစ်သွားနိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီအရာတွေအားလုံးက သူရဲကောင်းတွေ ပိုင်ဆိုင်ရမယ့်အရာပဲ။ ငါက သူရဲကောင်းတစ်ယောက် မဟုတ်သေးဘူး…”

သူက သစ်တောထဲမှ လျင်မြန်စွာ ထွက်သွားပြီး ထိုပြဿနာကို ဖြေရှင်းရန် လူတစ်ယောက် ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။ သူက လောကီဘဝသို့ ပြန်သွားရန် ဆုံးဖြတ်ထားသော်လည်း ယခုတော့ ရှောင်လင်ကျောင်းတော်ထဲတွင်သာ ရှိနေသေးသည်။ အကယ်၍ သူကသာ ရှောင်လင်ကျောင်းတော်ထဲ၌ ပြဿနာတက်မည်ဆိုလျှင် ဒုက္ခအကြီးအကျယ် ရောက်သွားနိုင်သည်။

“ညီလေးကျန်းတင် … မင်းက ပြီးသွားပြီလား…”

မုန့်ချီက နောက်ကျနေသည့်အတွက် ကျန်းရုံက စနောက်လိုက်သည်။

မုန့်ချီက အလေးအနက်ပြောလိုက်၏

“ဂိုဏ်းတူအစ်ကိုကျန်းရုံ …

ကျွန်တော်က နောက်ဖေးသွားနေတုန်း ထူးဆန်းတဲ့အရာတစ်ခု တွေ့ခဲ့တယ်၊ ဒီကိစ္စကို ကျွန်တော်တို့ရဲ့ဆရာဦးလေးတွေဆီ သတင်းပို့သင့်တယ် ထင်တယ်…”

“ဒါဆိုလည်း အချက်ပြမီးပန်းကို မြန်မြန်လွှတ်လိုက်လေ…”

ကျန်းရုံက ချက်ချင်း ပြန်ပြောလိုက်သည်။ ထိုအရာက မည်သည့်အရာဖြစ်ကြောင်းပင် မမေးတော့ဘဲ မုန့်ချီကို အရေးပေါ်အချက်ပြ ပို့လွှတ်ခိုင်းလိုက်၏။

မုန့်ချီကတော့ အနည်းငယ်ရှုံ့မဲ့သွားသည်။

“ဂိုဏ်းတူအစ်ကို ကျန်းရုံက တော်တော်လေးကို စိတ်လှုပ်ရှားနေတာပဲ။ ပုံမှန်အခြေအနေမျိုးမှာ သူက တော်တော်လေးကို တည်ငြိမ်ပါတယ်။ အရေးကြီးတဲ့ အခြေအနေမျိုးမှာတော့ သူက လောလွန်းတယ်…။ သူက ဘာမှတောင်မမေးဘဲ ဒီပြဿနာကနေ ရှောင်ထွက်ဖို့ ကြိုးစားချင်နေတာပဲ…”

သူကတော့ ကျန်းရုံ၏အတွေးများကို ဂရုမစိုက်နိုင်ပေ။ စိတ်ထဲတွင်တော့ သူ့ကို သတိထားရန် ဆုံးဖြတ်ထားလိုက်သည်။

ထိုအချိန်တွင် ကျန်းဟွေက သူတို့၏ရှေ့တွင် ဝါးပြွန်လေးတစ်ခုကို ဆွဲထုတ်လိုက်ပြီး အဖုံးကိုဖွင့်၍ ကောင်းကင်ပေါ်သို့ ချိန်လိုက်သည်။ ထိုအချိန်တွင် အနီရောင်မီးပန်းတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ပေါ်၌ တောက်ပသွားခဲ့၏။

“ညီလေးက တကယ့်ကို ပြတ်သားတာပဲ၊ သူက ဘာမှမမေးဘဲ မီးပန်းကိုပဲ လွှတ်လိုက်တယ်…”

မုန့်ချီကတော့ နဖူးပေါ်မှ ချွေးများကို သုတ်လိုက်ပြီး သူ့ဓားနှင့်အတူ ကျန်းဟွေဆီသို့ လျှောက်သွားခဲ့သည်။ သူက တိုက်ခိုက်မှုများကိုလည်း သေချာသတိထားနေခဲ့၏။

(၂)စက္ကန့် (၃)စက္ကန့်ခန့် ကြာပြီးနောက် မုန့်ချီ၏ မျက်လုံးထဲတွင် ဝေဝါးသွားပြီး အလွန်တည်ငြိမ်ခန့်ညားသော သက်လတ်ပိုင်း ကိုယ်တော်တစ်ပါးကို တွေ့လိုက်ရသည်။ သူက အဝါရောင်နှင့် အနီရောင်ကြက်ခြေခတ် အစင်းရှိသောဝတ်စုံကို ဝတ်ဆင်ထားပြီး ညာဘက်လက်တွင်တော့ အနက်ရောင်ပုတီးကုံးကို ကိုင်ထားခဲ့သည်။

“အဝါရောင်ဝတ်စုံ၊ အနီရောင်ကြက်ခြေခတ်အစင်း..

သူက ခြံဝန်းတစ်ခုခုရဲ့တိုက်အုပ်လား၊ ဒါမှမဟုတ် အကြီးအကဲလား…”

မုန့်ချီက သူ့ကို နှုတ်ဆက်တော့မည့်အချိန်တွင် စကားလုံးများကို စဉ်းစားနေခဲ့သည်။

“ငါက သူ့ကို ဆရာဦးလေးလို့ ခေါ်ရမှာလား၊ ဒါမှမဟုတ် ဆရာအဘိုးလို့‌ ခေါ်ရမလား၊ ငါက သူ့ကို ဘယ်လိုခေါ်ရမလဲ မသိတော့ဘူး၊ အဆင့်သတ်မှတ်ချက်တွေက တော်တော်ရှုပ်တာပဲ…”

သို့သော် အဆင့်မြင့်ကိုယ်တော်တစ်ပါး ရောက်လာသည့်အတွက် မုန့်ချီက စိတ်အေးသွားခဲ့သည်။

ထိုကိုယ်တော်၏ မျက်နှာကတော့ တည်ငြိမ်နေသည်။ သို့သော် ဤနေရာက ငြိမ်းအေးနေကြောင်း မြင်လိုက်ရသည့်အခါ သူလည်း စိတ်အေးသွားခဲ့၏။ မုန့်ချီက တွေဝေနေသည်ကို မြင်သည့်အခါ သူက အကြောင်းပြချက်ကို နားလည်သွားသည်။

သူက အပြုံးနှင့် ပြောလိုက်၏။

“ငါ့ရဲ့ဘွဲ့တော်က ရွှမ်ပိုင်…

မင်းတို့က ဘာလို့ အရေးပေါ် မီးပန်းကိုလွှတ်လိုက်ရတာလဲ..”

“ရွှမ်ဆိုတာက ခြံဝန်းတစ်ခုရဲ့ ခေါင်းဆောင်တွေမှာပဲ ရှိတဲ့နာမည်ပဲ၊ ဒီတော့ ဆရာဦးလေးပေါ့…”

မုန့်ချီက လုံးဝအံ့ဩသွားခဲ့သည်။ သို့သော် သူကတော့ချက်ချင်းပင် သေချာစဉ်းစားပြီး ပြောလိုက်၏။

“ဆရာဦးလေးရွှမ်ပိုင်…

ကျွန်တော်က နောက်ဖေးသွားဖို့အတွက် သစ်တောထဲကို ဝင်သွားတဲ့အချိန် တောင်ထိပ်နံရံပေါ်မှာ လျှို့ဝှက်တံခါးတစ်ခုကို တွေ့လိုက်ရတယ်…”

ရွှမ်ပိုင်က မုန့်ချီ၏စကားကို တည်ငြိမ်စွာ နားထောင်နေခဲ့သည်။ ထို့နောက် သူက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“မင်းက တကယ့်ကိုကောင်းကောင်းလုပ်နိုင်ခဲ့တယ်။ ဒါပေမယ့် အဲဒီလူက ကျောင်းတော်ကနေ ဖယ်ရှားခံလိုက်ရတဲ့ ကျန်းကွမ်ဆိုတာ သေချာရဲ့လား…”

“ကျွန်တော်က သူ့ပုံစံကို သေချာသိတယ်။ ဒါပေမယ့် မကောင်းဆိုးဝါးက ပုံပြောင်းထားလားဆိုတာတော့ ကျွန်တော်လည်း မသိဘူး…”

မုန့်ချီက ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။

နေရာအတိအကျနှင့် တံခါးနေရာကို ပြောလိုက်ပြီးနောက် ရွှမ်ပိုင်က သူတို့ကို ညွှန်ကြားလိုက်သည်။

“မင်းတို့အားလုံးက ရွှမ်ချီနဲ့အတူ တိုက်ခိုက်ရေးခြံဝန်းကို ပြန်သွားကြတော့။ ဒီကိစ္စကိုတော့ ငါ့တာဝန်ထားလိုက်…”

“ကောင်းပါပြီ ဆရာဦးလေးရွှမ်ပိုင်…”

မုန့်ချီကတော့ ထိုကိစ္စကို စောင့်မနေနိုင်တော့ပေ။ သူကတော့ အမှောင်ထဲမှနေ၍ နတ်ဆိုးများ၊ တစ္ဆေများထွက်လာမည်ကို စိုးရိမ်နေခဲ့၏။

ရွှမ်ပိုင်က ရုတ်တရက် ဆိုသလိုနေရာမှ ပျောက်ကွယ်သွားခဲ့သည်။ သူက သစ်တော၏ အစွန်တွင် ပေါ်လာပြီး သူ၏ပတ်ပတ်လည်တွင်တော့ ဗုဒ္ဓအငွေ့အသက်များ တောက်ပနေခဲ့သည်။ ထိုအရာက ဗောဓိတဗ္ပများ ဤကမ္ဘာပေါ်သို့ ဆင်းသက်လာသလို ခံစားလိုက်ရ၏။

“ဒါက ဝေ့ကျင်းအဆင့် စွမ်းအားတွေပဲ…

ကျန်းရုံက ရွှမ်ပိုင် ထွက်သွားသောနေရာကိုကြည့်ပြီး တစ်ယောက်တည်း တီးတိုးပြောလိုက်မိ၏။

မုန့်ချီကလည်း အံ့အားသင့်စွာ ပြောလိုက်သည်။

“ဂိုဏ်းတူအစ်ကိုကျန်းရုံ …

ဒီဆရာဦးလေးကိုသိလား…”

ကျန်းရုံက သူ့ကိုပြန်လှည့်ကြည့်ပြီး သက်ပြင်းချ၍ ပြောလိုက်သည်။

“ငါက ငါတို့ပုံမှန်တွေ့နေတဲ့ ဦးလေးရွှမ်ချီနဲ့ ဦးလေးရွှမ်ကုံတို့ကလွဲရင် တခြားဆရာဦးလေးတွေကို မသိဘူး။ ဒါပေမယ့် ဒီဆရာဦးလေးရွှမ်ပိုင်ကတော့ တော်တော်လေးကို နာမည်ကြီးတယ်…။ ဒီတော့ ဆရာအစ်ကိုကျန်းချန်ဆီကနေ မကြာခဏ ကြားခဲ့ဖူးတယ်…”

“ကျန်းချန်..

ပထမဆုံး ကျန်းမျိုးဆက် တပည့်(၃)ယောက်၏ ခေါင်းဆောင်လား…”

မုန့်ချီက ကျန်းချန်ကို သိနေသည်။ သူက ကျန်းမြောင်နှင့် ကျန်းပန်တို့ထက်ပင် ပို၍အဆင့်မြင့်သည်ဟု ဆိုနိုင်၏။

ကျန်းရုံက ဆက်ပြောလိုက်သည်။

“ဆရာဦးလေးရွှမ်ပိုင်က ကမ္ဘာတစ်ခုလုံးကို လှည့်ပတ်သွားလာနေခဲ့တဲ့ ပြိုင်ဘက်ကင်း ဆရာကြီးတစ်ယောက် ဖြစ်ခဲ့တယ်။ သူ့ရဲ့နာမည်ကို သေခြင်း(၇)သွယ်လက် လို့ခေါ်ကြတယ်။ နောက်ပိုင်းမှာတော့ ကံဆိုးမှုတစ်ခုကြုံခဲ့ရပြီး မိသားစုတစ်ခုလုံး အသတ်ခံခဲ့ရတယ်။ သူက လက်တုန့်ပြန်နိုင်ခဲ့ပေမယ့် လူသတ်သမားမှာ တော်တော်လေး အစွမ်းထက်တဲ့‌ နောက်ခံရှိတယ်။ တချို့ဆရာကြီးတွေကတောင် သူ့ကို ကူညီပေးရတယ်။ ဒါကြောင့် သူလည်း လက်လျှော့လိုက်ပြီး နောက်ဆုံးမှာတော့ ငါတို့ရှောင်လင်ကျောင်းတော်ထဲကို ထွက်ပြေးလာဖို့ ဆုံးဖြတ်လာခဲ့တာ။ သူက ဗုဒ္ဓလမ်းစဉ်မှာ ကိုယ့်ကိုယ်ကို မြှုပ်နှံထားခဲ့ပြီး လောကီဘဝနဲ့ ပတ်သတ်တဲ့ အဆက်အသွယ်အားလုံးကို ဖြတ်တောက်ခဲ့တယ်…”

“ပြီးတော့ တဖြည်းဖြည်းနဲ့ဒီမှာပဲပျော်မွေ့လာခဲ့တယ်။ သူက အရမ်းကို ထူးချွန်ထက်မြက်ပြီး ဗုဒ္ဓလမ်းစဉ်ကို ရိုသေတဲ့အတွက် ကျောင်းထိုင်က ချွင်းချက်ထားပြီး တပည့်အဖြစ် လက်ခံထားခဲ့တယ်။ အဲဒီနောက် သူက မိုကီမိစ္ဆာခွင်းလက်သီးသိုင်းကို သင်ခဲ့တယ်။ သူက အချိန်တိုလေးအတွင်း အဆင့်တက်ပြီး ဆရာကြီး တစ်ယောက် ဖြစ်ခဲ့တာပဲ။ နောက်ပိုင်းမှာတော့ သူက ကောင်းကင်(၈)သွယ် ဝေ့ကျင်းအဆင့်ကို ရောက်နေတဲ့ ရွှမ်မျိုးဆက် ကိုယ်တော်တွေထဲမှာ နံပါတ်(၁)တောင် ဖြစ်လာခဲ့တယ်။ သူက အထွဋ်အထိပ်ကိုရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်။ ဒီလိုလူတစ်ယောက်က ဒဏ္ဍာရီထဲမှာပဲ ရှိနေတာ…”

မုန့်ချီကတော့ တိတ်တဆိတ် တွေးနေခဲ့ပြီး ကျန်းဟွေကလည်း နားထောင်နေခဲ့သည်။ နောက်ပိုင်းတွင်တော့ ကျန်းမြောင်နဲ့သူ့အဖွဲ့ ရောက်လာခဲ့သည်။ မုန့်ချီမသိသော အဝါဝတ်ကိုယ်တော်များစွာလည်း ရောက်လာခဲ့သည်။ သူတို့က သူတို့(၃)ယောက်ကို ရွှမ်ချီနှင့်အတူ တိုက်ခိုက်ရေးခြံဝန်းထဲသို့ ပြန်ခေါ်သွားခဲ့သည်။

နောက်တစ်နေ့ မနက်တွင်တော့ မုန့်ချီက ပုံမှန်အရေးအဖတ်လေ့ကျင့်နေချိန်တွင် ထိုကိစ္စ၏ ရလဒ်ကို သိချင်နေခဲ့သည်။ သူတို့က ညဘက်တွင် တောင်အနောက်ဘက်ကို စောင့်ကြပ်ခဲ့ရသည့်အတွက် မနက်စောစောရေထသယ်ရန် မလိုတော့ပေ။

တံခါးကို တွန်းဖွင့်လိုက်သည့်အချိန်တွင် မကောင်းဆိုးဝါးမျက်လုံးနှင့် စည်းကမ်းထိန်းသိမ်းရေးကိုယ်တော်ရွှမ်ကုံက အထဲသို့ ဝင်လာပြီး ကျန်းရုံကိုတော့ သူ့နောက်သို့ လိုက်မလာခိုင်းခဲ့ပေ။

“မနေ့တုန်းက မင်းတို့ရဲ့ရှာတွေ့မှုကြောင့် ဗောဓိခြံဝန်းက မင်းတို့ကို ဆုချလိမ့်မယ်။ ဒါပေမယ့် အဲဒါက နောက်ထပ် ရက်နည်းနည်းလောက် ကြာဦးမယ်…”

ရွှမ်ကုံက ပြောလိုက်သည်။

“ဒါပေမယ့် မင်းက စောင့်ကြပ်နေတဲ့အချိန် နေရာကနေ ထွက်သွားခဲ့တဲ့အတွက် အပြစ်ပေးခံရမယ်။ မင်းရဲ့အကျိုးဆောင်မှုကြောင့် မင်းက တရားထိုင်အခန်းထဲမှာ (၃)ရက်တိတိ တစ်ယောက်တည်းနေရမယ်…”

“(၃)ရက်တိတိ တစ်ယောက်တည်း နေရမှာလား”

မုန့်ချီက ချက်ချင်းပင် ခေါင်းညိတ်လက်ခံလိုက်သည်။ သူကတော့ ထိုကဲ့သို့ အပြစ်ပေးမှုကို ဂရုမစိုက်ပေ။ ထိုအပြစ်ဒဏ်က အလွန်ပေါ့ပါးလှသည်။

သူက ချက်ချင်းပင် တင်ပျဉ်ခွေထိုင်လိုက်ပြီး ချီစွမ်းအင်များကို လေ့ကျင့်နေခဲ့သည်။ သူက ဗောဓိခြံဝန်း၏ ဆုလက်ဆောင်များကိုသာ မျှော်လင့်နေခဲ့သည်။ ထိုအရာက ထိပ်သီးသိုင်းပညာ(၇၂) မျိုးထဲမှ တစ်ခုဖြစ်နေမည်လော။

(၃)ရက်ကြာပြီးနောက် မုန့်ချီက သူ့ဆီသို့ ပို့ထားသော ညစာကိုစားပြီး သူ၏တံခါးပိတ်ခံရမှုလည်း ပြီးဆုံးသွားသည်။ ထို့နောက် သူက တံခါးကို ဝမ်းသာအားရ ဖွင့်လိုက်၏။

“ဂိုဏ်းတူညီလေး မင်းက ဘာလို့မပျော်မရွှင် ဖြစ်နေရတာလဲ…”

သူတံခါးဖွင့်လိုက်သည့်အချိန်တွင် မုန့်ချီက ကျန်းဟွေကို တွေ့လိုက်ရသည်။

ကျန်းဟွေက ဒေါသတကြီး ပြောလိုက်၏။

“ဒီနေ့ဆရာဦးလေးတွေက တပည့်ရွေးဖို့အတွက် ရောက်လာကြတယ်။ ဒါပေမယ့် အစ်ကိုကြီးကတော့ တံခါးပိတ် အပြစ်ပေးခံနေရတဲ့အတွက် အပြင်ကို ထွက်လာလို့ မရခဲ့ဘူးလေ….”

မုန့်ချီက ရုတ်တရက်ဆိုသလို မျက်နှာပျက်သွားသည်။

“ဒါဆိုရင် ရွှမ်ကုံရဲ့မျက်နှာအမူအရာက အဲဒါကြောင့်လား…”

သူ့ကို လာပြောခဲ့သော ရွှမ်ကုံက ကျန်းလျန်၏အစ်ကိုကြီးဖြစ်နေခြင်းပေလော။

သူက ကျန်းဟွေကိုကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်၊

“သိုင်းလေ့ကျင့်ရေးခန်းမထဲကို သွားကြစို့…”

မုန့်ချီက ဆရာတစ်ယောက်၏တပည့် မဖြစ်ချင်ပေ။ အကယ်၍ ဖြစ်သွားလျှင် ရှောင်လင်ကျောင်းတော်မှ ထွက်သွားရန် ခက်ခဲမည်ဖြစ်သည်။ သို့သော် လက်ရှိအခြေအနေကိုလည်း မကျေနပ်နိုင်သေးပေ။

သူပြောလိုက်သည့်အချိန်တွင် မုန့်ချီက ခြံဝန်းထဲတွင် စကားလုံးများကို တွေ့လိုက်ရသည်။

“ဒုတိယမြောက် သံသရာလောကကြီး စတော့မယ်၊ စိတ်ထဲမှာ ကြိုတင်ပြင်ဆင်ထားကြပါ။ နောက်တစ်ကြိမ် ပြန်ပွင့်လာတဲ့အချိန်ကျရင်တော့ မင်းတို့ကို ကြိုသတိပေးတော့မှာ မဟုတ်ဘဲ အထဲကို တိုက်ရိုက်ဆွဲခေါ်ခံရလိမ့်မယ်..”

Translated by Hein Htet

All Chapters