အခန်း (၃၀)
Vol. 2 Ch. 30
ရန်သူများ ဝိုင်းရံခံထားရသည့်အတွက် မုန့်ချီက သတိလွတ်သွားခြင်း မရှိသေးပေ။ သူက ဓားရှည်ကို ဆွဲထုတ်လိုက်ပြီး ကုန်သည်၏ ဓားရှည်ကို ခုခံလိုက်သည်။ ထို့နောက် ခြေထောက်နှစ်ဖက်ကို ကားလိုက်ရာ အဘိုးအို၏ဓားတိုက သူ့နောက်ကျောကို ထိုးစိုက်မိသွားသည်။
သို့သော် ဟူပင် တီးခတ်သော အဘိုးအို၏ဓားတိုက အသက်အန္တရာယ် ရှိသည့်နေရာကို မထိုးမိခဲ့ချေ။ ထိုလုပ်ရပ်ကြောင့် မုန့်ချီ၏ လည်ပင်းကို ဦးတည်လာသော မိန်းမပျို၏ဓားက လွဲချော်သွားပြီး သူ၏မေးစေ့ကိုသာ ရှပ်ထိသွားသည်။ ခြေထောက်ကို တိုက်ခိုက်လိုက်သော ဓားကတော့ လေကိုသာ ဖြတ်လိုက်မိ၏။
သူ့ရှေ့တွင် ရှိနေသော ကုန်သည်က မအောင်မြင်သော်လည်း သူကတော့ ခနဲ့သလို ပြုံးလိုက်၏။ သူ၏အလစ်ချောင်းတိုက်ခိုက်မှုက အောင်မြင်မည်ဟု သူက ယုံကြည်ထားခဲ့သည်။
"ဖောက်.. ဖောက်.. ဖောက်.... "
သားရေကို မြှားများ ထိုးဖောက်သွားသကဲ့သို့ အသံတစ်ခုသာ ကြားလိုက်ရပြီး ကုန်သည်၏ ရယ်သံက ရပ်တန့်သွားခဲ့သည်။ သူ့လူများ၏ လက်နက်က ကိုရင်လေးကို တိုက်ခိုက်မိသော်လည်း သံချပ်ဝတ်အင်္ကျီတစ်ခုကို တိုက်ခိုက်မိသလို ထင်မှတ်လိုက်ရသည်။
ခန္ဓာကိုယ်ထဲမှနေ၍ သွေးအနည်းငယ်လေးသာ ထွက်ပေါ်လာပြီး ကိုရင်လေးကတော့ ဓားကိုဆွဲယူ၍ ပတ်ပတ်လည်ကို ဓားနှင့် ဝှေ့ယမ်းလိုက်သည်။ ထိုအချိန်တွင် ခေါင်းပြတ်ကြီးတစ်ခုဆီမှနေ၍ သွေးများဒလဟော စီးကျလာနေသည်။
သူကတော့ သွေးမိုးထဲကို ကျရောက်သွားသလို ကုန်သည်က ခံစားလိုက်ရ၏။ ထို့နောက် စုံတွဲထဲမှ မိန်းမပျို၏ ခေါင်းမရှိတော့သော ခန္ဓာကိုယ်က အနည်းငယ် လှုပ်ရှားပြီး မြေပေါ်သို့ လဲကျသွားသည်ကို တွေ့လိုက်ရသည်။
“သူ့ရဲ့အကာအကွယ်ကျင့်စဉ်က တော်တော်လေးကို အဆင့်မြင့်တာပဲ…”
ကုန်သည်က နောင်တရစွာ တွေးလိုက်မိသည်။ အလွန်ငယ်ရွယ်သော ကိုရင်လေးက အကာအကွယ်ကျင့်စဉ်ကို ထိုမျှလေ့ကျင့်ထားနိုင်မည်ဟု သူလည်း မထင်ထားခဲ့ပေ။
မုန့်ချီကတော့ သူ့နောက်တွင် ရှိနေသော ဟူပင်အဘိုးအိုနှင့် ဆိုင်ရှင်အဘိုးအိုတို့ကို လျစ်လျူရှုလိုက်ပြီး ခြေထောက်ကို တိုက်ခိုက်လိုက်သောဓားကို ကန့်လန့်ဖြတ် တားဆီးလိုက်သည်။ မုန့်ချီက ဓားနှင့် အောက်သို့ ထိုးစိုက်လိုက်ရာ နောက်တစ်ကြိမ် သွေးများ စီးကျလာပြီး သူ့ခြေထောက်တွင် သွေးများ ပေပွသွားခဲ့သည်။
ထို့နောက် သူက ခြေထောက်ကိုအားယူ၍ နောက်ပြန်ခုန်လိုက်ရာ ဆိုင်ရှင်အဘိုးအို၏ ပုခုံးပေါ်မှ ကျော်ကျသွားခဲ့၏။ ခေါင်းပြတ်များက လေထဲတွင်ပျံဝဲနေပြီး သွေးများက နေရာတိုင်းတွင် ပြန့်ကျဲနေသည်။သို့သော် မုန့်ချီကတော့ ရင်ဘတ်တွင် ခပ်တိမ်တိမ် ဒဏ်ရာတစ်ခုသာ ရခဲ့၏။
အရာအားလုံးကို မြင်လိုက်ရသည့်အချိန်တွင် ကုန်သည်က အလွန်ကြောက်လန့်သွားခဲ့သည်။ သူ၏ ရင်ထဲတွင်လည်း အေးစက်သွားပြီး ခန္ဓာကိုယ်က လှုပ်ရှားလိုက်၏။ သူက ထိုမကောင်းဆိုးဝါး၏ အဝေးကိုထွက်ပြေးရန် ကြိုးစားချင်နေခဲ့သည်။
ရုတ်တရက်ဆိုသလို သူ့ရှေ့တွင် ရှိနေသောအရာအားလုံးက ဝေဝါးသွားသည်။ သူက အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည့်အချိန်တွင် ကိုရင်လေးက သူ့လမ်းကို ပိတ်ထားကြောင်း တွေ့လိုက်ရ၏။
"သွားသေလိုက်တော့......."
သူက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး မုန့်ချီ၏မျက်လုံးထဲကို ဓားနှင့် ထိုးစိုက်လိုက်သည်။
ဒဏ်ရာရ နေသော မုန့်ချီက အံကြိတ်ပြီး ရယ်လိုက်၏။ သူ့ရယ်သံက အတော်လေး ကြောက်စရာကောင်းနေသည်။ သူက ဘယ်လက်ကိုမြှောက်ပြီး ကုန်သည်၏ဓားရှည်ကို ဖမ်းထားလိုက်သည်။
ထိုဓားသွားက သူ့လက်ထဲသို့ စိုက်နေသည့်အတွက် သွေးများ စီးကျလာနေသော်လည်း မုန့်ချီကတော့ ဂရုမစိုက်ပေ။ သူက ထိုဓားကို ဆွဲယူလိုက်ပြီး သူ့ဓားကို ဝှေ့ယမ်းလိုက်၏။ ထိုအချိန်တွင် ကုန်သည်၏အော်သံက ရပ်တန့်သွားခဲ့ပြီး သွေးများက မုန့်ချီ၏ မျက်နှာပေါ်တွင် ဖြာကျလာသည်။
မျက်နှာချင်းဆိုင်တွင် ရှိနေသော ဟူပင်အဘိုးအိုကလည်း တစ်ကိုယ်လုံး တုန်ယင်နေခဲ့၏။ သူက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ထွက်ပြေးချင်နေခဲ့သည်။ မုန့်ချီက သူ့နောက်ကို အလျင်အမြန် လိုက်သွားခဲ့၏ ။
"ဒါက ဒဏ်ရာသေးသေးလေးကိုသုံးပြီး သူများအသက်ကို လဲလှယ်ရတယ်လို့ ခေါ်တာလား....."
မုန့်ချီက တွေးလိုက်မိသည်။
တိုက်ပွဲအဆုံးသတ်သွားချိန်တွင် မုန့်ချီက လေကို တဝကြီးရှုပြီး မှုတ်ထုတ်လိုက်မိ၏။ ထို့နောက် မျက်နှာပေါ်ရှိ သွေးများကို သုတ်လိုက်ပြီး စားသောက်ဆိုင်ထဲတွင် အသက်ရှင်ကျန်နေသူများဆီသို့ လျှောက်သွားခဲ့၏။
အထက်တန်းလွှာ သခင်လေး ၊ သူ၏အစေခံမိန်းကလေးနှင့် ကိုယ်ရံတော်များကတော့ ထိုမြင်ကွင်းကို တိတ်တဆိတ်ကြည့်နေကြပြီး သွေးများ ပြန့်ကျဲလာသည့် အချိန်ထိအောင် မည်သည့်အရာများဖြစ်သွားကြောင်း နားမလည်နိုင်သေးပေ။
ဆိုင်ထဲတွင် ခေါင်းပြတ်များ တစ်ခုပြီး တစ်ခုသာ ထွက်ပေါ်လာခဲ့၏။ ထို့နောက် ကိုရင်လေးကတော့ အကျဉ်းထောင်ထဲမှ ထွက်လာသလို သူတို့အနားသို့ ကပ်လာသည့်အချိန်မှသာ သူတို့က သတိဝင်လာကြ၏။ သူတို့က အလွန်ကြောက်လန့်သွားသည့်အတွက် သနားညှာတာပေးရန် ဒူးထောက်ပြီး တောင်းဆိုနေကြသည်။
"ကိုရင်လေး …
ကျွန်တော်က ဗုဒ္ဓလမ်းစဉ်ကို အမြဲတမ်းသက်ဝင်ယုံကြည်ပါတယ်….။ ကျေးဇူးပြုပြီး တန်ဖိုးမရှိတဲ့ ကျွန်တော့်ရဲ့အသက်ကို ချမ်းသာပေးပါ...."
ထိုသခင်လေးက မျက်ရည်ထွက်ကျလုမတတ် တောင်းပန်နေခဲ့သည်။
"ငါ့လိုဆင်းရဲတဲ့ကိုရင်လေးက ဦးတည်ချက်ကိုပဲ မေးချင်တာပါ...။ ရှို့ဟွာတောင်ကို ဘယ်လမ်းကနေ သွားရမလဲဆိုတာ ပြောပြလို့ရမလား...."
မုန့်ချီက အပြုံးနှင့် မေးလိုက်သည်။
သို့သော် တစ်ကိုယ်လုံး ပေပွနေသော သွေးများကြောင့် သခင်လေးနှင့်သူ့အဖွဲ့က တော့ အလွန်ကြောက်စရာကောင်းသည်ဟုသာ တွေးနေမိကြသည်။ ကိုယ်ရံတော်တစ်ယောက်ကတော့ တုန်ယင်နေသော်လည်း မုန့်ချီကို ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။
မုန့်ချီက ခေါင်းညိတ်ပြလိုက်ပြီး သူ့စိတ်ထဲတွင်လည်း အတွေးတစ်ခုပေါ်လာခဲ့၏။
"ကြည့်ရတာ ကံကြမ္မာက မင်းတို့အားလုံးကို ဗုဒ္ဓနဲ့ ပိုပြီးနီးစပ်လာအောင် ဖန်တီးပေးမယ်လို့ မျှော်လင့်ပါတယ်.….."
မုန့်ချီက ပြောလိုက်သည်။
“မ…မလိုပါဘူး။ ကျွန်တော်က အခုချိန်ထိ ဗုဒ္ဓကိုတွေ့ဖို့ အဆင်သင့်မဖြစ်သေးဘူး.....။ ကျွန်တော့်မှာ အသက်(၈၀)အရွယ် အဘွားတစ်ယောက်ရှိတယ်။ ဂရုစိုက်ဖို့ (၃)နှစ်အရွယ် ကလေးတစ်ယောက်လည်း ရှိပါသေးတယ်....။ ကိုရင်လေး လိုချင်တဲ့အရာကိုသာ ပြောပါ....။ ကျွန်တော်ပေးပါ့မယ်....."
သခင်လေး ဆိုသူက ကြောက်လန့်တကြား အော်ဟစ်ငိုယိုနေခဲ့သည်။
"ငါက ဒကာလေးရဲ့မြင်းကိုပဲ ငှားချင်တာပါ....။ ဒကာလေးက ငှားပေးနိုင်ပါ့မလား...."
မုန့်ချီက မေးလိုက်သည်။ သူတို့က ပို၍ကြောက်လာလေလေ မုန့်ချီက ဆော့ကစားရသည်ကို ပို၍ပျော်လာလေလေဖြစ်သည်။
ထိုသခင်လေးက သွေးစီးကြောင်းများ ပေနေသော မုန့်ချီ၏မျက်နှာကိုကြည့်ပြီး ငြင်းဆန်ရဲခြင်း မရှိချေ။
"ကိုရင်လေးက ဒီလိုအခွင့်အရေးမျိုးပေးတဲ့အတွက်ကျွန်တော်က ကျေးဇူးတင်ရမှာပါ....။ မြင်းတွေကို ကိုရင်လေး ပိုင်သွားပါပြီ..…."
သခင်လေးက ပြန်ဖြေလိုက်သည်။
"ငါက သူခိုးတစ်ယောက် မဟုတ်ဘူး။ ဒီကျောက်စိမ်းပြားက မင်းအတွက်ပဲ....။ ဒါကိုလျော်ကြေးလို့ပဲ သတ်မှတ်လိုက်ပါ...."
မုန့်ချီက ရှင်းပြလိုက်သည်။ သူက အချိန်နောက်ကျမှာစိုးသည့်အတွက် သူတို့ကို ထပ်၍ခြောက်မနေတော့ပေ။
သခင်လေးကတော့ ဝမ်းနည်းပက်လက်ပြောလိုက်၏။
"ကိုရင်လေး …
ကျွန်တော်က မြင်းတွေကို တကယ်ပဲ လက်ဆောင်ပေးချင်ပါတယ်....။ ဒါက ဗုဒ္ဓကို ကျွန်တော့်ရဲ့အလှူပါ....။ ဘာလို့ လျော်ကြေးကို လက်ခံရမှာလဲ..."
သူက အတင်းအကျပ် လက်ကာပြနေပြီး ကျောက်စိမ်းပြားကို လက်မခံရဲပေ။ အဘယ့်ကြောင့်ဆိုသော် ထိုအရာက စမ်းသပ်မှုတစ်ခုဖြစ်မှာကို ကြောက်လန့်နေခဲ့၏။ အကယ်၍ သူကသာ ကျောက်စိမ်းပြားကို လက်ခံလိုက်မည်ဆိုလျှင် သူ့ခေါင်းက ခန္ဓာကိုယ်နှင့် တွဲလျက်မရှိတော့မှာ စိုးရသည်။
မုန့်ချီက ကိုယ့်ကိုယ်ကို ထိန်းချုပ်ပြီး ပြောလိုက်၏။
"အော်မီတော်ဖော.....
ငါက ဆင်းရဲတဲ့ ကိုရင်လေးတစ်ပါးပါ...။ ဒကာလေးရဲ့ အလှူအတွက် ကျေးဇူးတင်ပါတယ်...."
သခင်လေးက သက်ပြင်းချ၍ ပြောလိုက်သည်။
"ကိုရင်လေးက အလှူခံတဲ့အတွက်ပဲ ကျေးဇူးတင်ပါတယ်..."
ထို့နောက် မုန့်ချီ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာပြီး သခင်လေးကိုကြည့်၍ ပြုံးလိုက်သည်။"
“ကံကြမ္မာဆိုတာက ဒကာလေးရဲ့ပိုင်ဆိုင်မှုတွေနဲ့ ဗုဒ္ဓရဲ့ကြားထဲမှာပဲ ရှိနိုင်တယ်လို့ ငါက သတိထားမိတယ်..။ ဒကာလေးရဲ့ပိုင်ဆိုင်မှုတွေကို စွန့်လွှတ်နိုင်ပါ့မလား…."
ထိုအချိန်တွင် သခင်လေး၏ မျက်နှာပေါ်၌ အလွန်စိတ်ပျက်နေသော အမူအရာတစ်ခုပေါ်လာခဲ့သည်။ သူက ဗုဒ္ဓကို သက်ဝင်ယုံကြည်နေသယောင် ဟန်ဆောင်လိုက်ပြီး မုန့်ချီဆီသို့ ငွေအိတ်ကို ပေး၍ ပြောလိုက်သည်။
"ကိုရင်လေးက ဒါတွေကို အသုံးပြုပြီး ဗုဒ္ဓရဲ့ ရွှေခန္ဓာကို သန့်စင်ပေးဖို့ မျှော်လင့်ပါတယ်..."
"သူက တကယ်ပေးနေတာပဲ....။ ဒါက သူ့ရဲ့အသက်ကို လွှတ်ပေးဖို့အတွက် ငါ့ကိုတောင်းပန်နေတာလား....။ ငါက ငါကြားဖူးထားတဲ့ ဘုန်းတော်ကြီးတွေလိုများ ဖြစ်နေပြီလား ...."
မုန့်ချီက စဉ်းစားကြည့်လိုက်သည်။
ထို့နောက် သူက စကားမပြောတော့ဘဲ ချီကျန်းရန်နှင့် တစ်ခြားသူများကို ဤနေရာသို့လာရန် အချက်ပြလိုက်သည်။ တဖန် လူသေအလောင်းများကို စစ်ဆေးခိုင်းလိုက်ပြီး ရေနှင့်စားစရာတစ်ချို့ကို ရှာဖွေခိုင်းလိုက်၏။
ခဏကြာပြီးနောက် ရှန့်ဟွေက မြင်း(၄)ကောင်ကို ဆွဲပြီး စားစရာနှင့်ရေများကို မြင်းဘေးတွင် ချည်လိုက်ကြသည်။ ထို့နောက် သူက ဒဏ်ရာကို စည်းနှောင်နေသော မုန့်ချီကိုကြည့်လိုက်၏။
ရှန့်ဟွေက အပြုံးနှင့် ပြောလိုက်သည်။
“ကိုရင်လေး…
ကျွန်တော်တို့က ဘယ်အချိန်သွားကြမလဲ။ ကျွန်တော်တို့မှာ အချိန်(၃)ရက်ပဲ ကျန်တော့တယ်…။အချိန်မဆွဲရင်အကောင်းဆုံးပဲ…”
မုန့်ချီက တီးတိုးပြန်ဖြေလိုက်၏။
“ငါတို့က အခုပဲ ဆက်သွားကြမယ်…”
ရိုးရိုးသားသားပြောရမည်ဆိုလျှင် တိုက်ပွဲကို ကြုံလိုက်ရပြီးနောက် ရှန့်ဟွေ၏ သဘောထားက သူ့အပေါ် ပြောင်းလဲလာကြောင်း မုန့်ချီက သတိထားခဲ့မိသည်။ မည်သို့ဖြစ်စေကာမူ သူက တိုက်ပွဲထဲတွင် သူ၏စွမ်းရည်အားလုံးကို အမှန်တကယ် ပြသနိုင်ခဲ့၏။
သူနှင့် ရှန့်ဟွေတို့က အဆင့်တူ ဖြစ်နေသော်လည်း သူကတော့ အကာအကွယ်ကျင့်စဉ်ကို ကောင်းမွန်စွာ လေ့ကျင့်ထားနိုင်ခဲ့သည်။ ထို့ကြောင့်လည်း ရှန့်ဟွေက မုန့်ချီကို လေးစားအားကျနေခြင်းဖြစ်၏။
“တကယ့်တိုက်ပွဲထဲမှာ သူက ငါ့ကိုအနိုင်ရဖို့ခက်မယ်လို့ သံသယဝင်နေတာများလား…”
မုန့်ချီက တွေးလိုက်မိသည်။
မုန့်ချီ၏အဖြေကို ကြားသည့်အခါ ရှန့်ဟွေက ချက်ချင်းပင် မြင်းပေါ်သို့ တက်လိုက်ပြီး ပညာရှင်တစ်ယောက်ကဲ့သို့ မြင်းကြိုးကိုဆွဲ၍ ထွက်သွားရန် စောင့်နေလိုက်သည်။
မုန့်ချီကတော့ သူ့ရှေ့တွင် ရှိနေသော မြင်းကိုကြည့်ပြီး အနည်းငယ် မသက်မသာ ခံစားလိုက်ရ၏။ မည်သို့ဖြစ်စေကာမူ သူလည်း မြင်းမစီးဖူးချေ။ သို့သော် ယခုသူက သိုင်းပညာရှင် တစ်ယောက်ဖြစ်နေသည့်အတွက် သူ၏ခန္ဓာကိုယ်က အလွန်သွက်လက်ပေါ့ပါးသည်ဟု ဆိုလိုနေသည်။ သူကသာ မြင်းပေါ်တွင် တိုက်ခိုက်ရခြင်းမရှိသ၍ အဆင်ပြေနိုင်သည်။
“ကိုရင်လေး....”
ရုတ်တရက်ဆိုသလို မိန်းကလေးကျိက စိုးရိမ်တကြီး လှမ်းခေါ်လိုက်သည်။ မုန့်ချီနှင့် ချီကျန်းရန်တို့က သူမကို လှည့်ကြည့်လိုက်ပြီး စကားတစ်ခွန်းမျှ မပြောကြပေ။
မိန်းကလေးကျိက မျက်ရည်များဖြင့် စိတ်ဓာတ်ကျစွာ ပြောလိုက်၏။
"ကိုရင်လေး …
ကျွန်မက မြင်းဘယ်လိုစီးရမလဲဆိုတာ မသိဘူး…”
“ဒါက ပြဿနာပဲ....."
မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိသည်။
သူက မိန်းကလေးကျိကိုကြည့်ပြီး တွေးလိုက်မိ၏။
“သူက သာမန်မိန်းကလေးတစ်ယောက်ပဲ။ အချိန်တိုလေးအတွင်း ဘယ်လိုမြင်းစီးရမယ်ဆိုတာ သင်နိုင်မှာ မဟုတ်ဘူး။ အခြေအနေကလည်း အရေးကြီးနေတယ်…”
ရုတ်တရက်ဆိုသလို မုန့်ချီက သူ့ကို ကိုယ်ဖော့ပညာသင်ရန် အကြံပေးခဲ့သော ကျန်းကျိဝေ၏စကားကို အမှတ်ရသွားသည်။ ကျန်းကျိဝေ၏ စကားက အမှန်တကယ်ကို မှန်ကန်နေ၏။ အကယ်၍ သူကသာ တစ်ခြားသူများနှင့် အမီမလိုက်နိုင်လျှင် မည်သူကရော သူ့ကိုကာကွယ်ပေးနိုင်မည်နည်း။ အကယ်၍ သနားကြင်နာတတ်လျှင်ပင် ကာကွယ်ပေး၍ မရနိုင်ချေ။
မုန့်ချီနှင့် ချီကျန်းရန်တို့က တိတ်ဆိတ်သွားသည်ကိုမြင်သည့်အခါ မိန်းကလေးကျိက အလွန်စိုးရိမ် ထိတ်လန့်ပြီး တုန်တုန်ယင်ယင်နှင့် ပြောလိုက်၏။
“ကို...ကိုရင်လေး...
ကျွန်မက မြင်းစီးတတ်အောင် ကြိုးစားကြည့်ပါ့မယ် ။ ကျေးဇူးပြုပြီး ကျွန်မကို ချန်မထားခဲ့ပါနဲ့…”
သူမက ဤနေရာတွင် လူတစ်ယောက်ကိုမျှ မသိချေ။ သူမ လုပ်နိုင်သည်မှာ သနားကြင်နာတတ်သော မုန့်ချီကို တွယ်ကပ်နေရန်သာ ဖြစ်သည်။ သူတို့က ယခုမှ တွေ့ရသော်လည်း မုန့်ချီက သူမကိုခေါ်သွားနိုင်၏။ အကယ်၍ သူမသာ ကျန်နေခဲ့မည်ဆိုလျှင် အနိုင်ကျင့် စော်ကားခံရနိုင်သလို တစ်နေရာရာတွင် ရောင်းစားခံရနိုင်သည်။
မုန့်ချီက သူမကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်ပြီး သူမ၏ဝတ်စုံတွင် သွေးများပေပွနေကြောင်း သတိထားလိုက်မိသည်။ ထိုအရာကလည်း သူ့အမိန့်အတိုင်း သေဆုံးသွားသော ခန္ဓာကိုယ်များကို စစ်ဆေးနေခြင်းကြောင့်ဖြစ်ကြောင်း နားလည်သွားခဲ့၏။
မိန်းကလေးကျိက အလောင်းများကို ကြောက်သော်လည်း အမိန့်အတိုင်း တာဝန်ကို ပြီးဆုံးအောင်လုပ်ခဲ့ကြောင်း မှတ်မိနေသေး၏။ မုန့်ချီက ရင်ထဲတွင် သက်ပြင်းချလိုက်မိသည်။
“ကောင်းကင်ဘုံက ကူညီသင့်တဲ့သူကို ကူညီပေးခိုင်းတာပါပဲ။ အခုအချိန်ကျမှ သင်ဖို့က အရမ်းနောက်ကျသွားပြီ မိန်းကလေးကျိ။ တကယ်လို့ ကိုယ်တော်တစ်ပါးနဲ့ မြင်းစီးဖို့ စိတ်အနှောင့်အယှက်မဖြစ်ဘူးဆိုရင် မြင်းပေါ်ကို တက်ခဲ့ပါ…”
မုန့်ချီက ပြောလိုက်သည်။
သူကတော့ သူ၏အခြေအနေကို ပြသရန်အတွက် ကိုယ်တော်တစ်ပါးဟူသော အခေါ်အဝေါ်ကိုသာ သုံးခဲ့သည်။ မဟုတ်လျှင် မိန်းကလေးကျိက အတွေးမှားသွားနိုင်၏။
သူက အပြစ်ရှိသလို မခံစားရစေရန် သူမကိုနောက်မှ တက်ခိုင်းမည်ဟု တွေးခဲ့မိ၏။ သို့သော် သူက ကောင်းဖို့အတွက် လုပ်ဆောင်နေသည့်အတွက် အရာအားလုံးကို စဉ်းစားပေးသင့်သည်။
မိန်းကလေးကျိက ခဏကြာစဉ်းစားနေပြီးနောက် သူမ၏မျက်လုံးထဲတွင် ဝေဝါးနေပုံရသည်။ ထို့နောက်သူမက လက်အုပ်ချီ၍ ပြောလိုက်၏။
“ကိုရင်လေးမှာ ဗုဒ္ဓနှလုံးသား ရှိနေတာပဲ ။ကျွန်မက အရမ်းကျေးဇူးတင်ပါတယ်…”
ရှန့်ဟွေကတော့ နောက်မှနေ၍ နှာခောင်းရှုံ့လိုက်မိသည် ။ အကယ်၍ သူသာဆိုလျှင် ထိုမျှအားနည်းသော မိန်းကလေးတစ်ယောက်ကို ခေါ်လာခဲ့မည် မဟုတ်ချေ။ သူက တစ်နေရာရာတွင် သူမကို ပျော်ပါးပြီး ထားခဲ့ရန်သာ တွေးမိပါလိမ့်မည်။
ချီကျန်းရန်ကတော့ မုန့်ချီ၏ဆုံးဖြတ်ချက်ကို တားဆီးခဲ့ခြင်း မရှိချေ။ သူက မုန့်ချီကိုကြည့်ပြီး အနည်းငယ် ခေါင်းညိတ်လိုက်မိသည်။
“မိန်းကလေးကျိ ..
ငါ့နောက်မှာပဲထိုင်ပါ။ငါ့ရဲ့အင်္ကျီစကို သေချာကိုင်ထားပါ..”
မုန့်ချီက ပြောလိုက်ပြီး သူမကိုမြင်းပေါ်သို့တက်ရန် ကူညီပေးလိုက်သည်။
သူက ပြောနေစဉ် ခေါင်းထဲ၌ အတွေးတစ်ခု ပေါ်လာခဲ့သည်။
“မရင်းနှီးတဲ့ မိန်းကလေးတစ်ယောက်ကို နောက်မှာ ထိုင်ခိုင်းတာက သိပ်တော့မသင့်တော်ဘူး…”
ထို့ကြောင့် သူက စိတ်ပြောင်းပြီး ပြောလိုက်သည်။
“မိန်းကလေးကျိ …
ရှေ့မှာထိုင်တာ ပိုကောင်းမယ်ထင်တယ် မဟုတ်ရင်ပြုတ်ကျသွားမှာ စိုးရတယ်…”
မိန်းကလေးကျိကတော့ ငြင်းဆန်နေခြင်းမရှိဘဲ ရှေ့သို့ ပြောင်းလာခဲ့သည်။ မုန့်ချီကလည်း ခုန်တက်လိုက်ပြီး သူမကို လက်နှစ်ဖက်ဖြင့်ထိန်း၍ မြင်းဇက်ကြိုးကို ကိုင်လိုက်၏။
ထိုအချိန်တွင် မိန်းကလေးကျိ၏ မျက်နှာပေါ်၌ အနည်းငယ် နီရဲလာသော်လည်း မုန့်ချီက အသက် ၁၂ ၁၃ အရွယ် ကလေးတစ်ယောက်သာ ဖြစ်နေသေးသည့်အတွက် ရှက်ရွံသည်ဟု မခံစားရပေ။
မြင်းကို စီးနေစဉ် ချီကျန်းရန်က တိုးတိုးလေး ပြောလိုက်၏။
“ညီလေးကျန်းတင် …
မင်းဆီမှာ သိုင်းလောက အတွေ့အကြုံတွေ မရှိမှာကို ငါက စိုးရိမ်နေခဲ့တာ…”
ချီကျန်းရန်က မိန်းကလေးကျိကို သူ့နောက်တွင် ထိုင်ခိုင်းရမည့်အစား ရှေ့တွင် ထိုင်ခိုင်းလိုက်သည့်အပေါ် သူ၏ဆုံးဖြတ်ချက်ကို ပြောလိုက်ခြင်းဖြစ်ကြောင်း မုန့်ချီက သိနေခဲ့သည်။
သူက ရှက်ရွံ့စွာ ပြန်ဖြေလိုက်၏။
“ကျွန်တော်က တကယ်ပဲ အတွေ့အကြုံမရှိပါဘူး။ ကျွန်တော်က အဲဒီကုန်သည်ရဲ့လှည့်စားမှုကိုတောင် ခံခဲ့ရတယ်.။ ဒါပေမယ့် အမှားကြီးတစ်ခု မဟုတ်လိုက်ပါဘူး။ ကျွန်တော်က ဦးတည်ချက်မေးဖို့အတွက် အဲဒီစားသောက်ဆိုင်ကို အရင်ဆုံး မသွားလိုက်သင့်ဘူး။ လမ်းပေါ်မှာ ရှိတဲ့ တစ်ယောက်ယောက်ကိုသာ မေးလိုက်မယ်ဆိုရင် နောက်ကနေလိုက်လာတဲ့ အဲဒီလူသတ်သမားတွေကို တွေ့ရမှာ မဟုတ်ဘူး…”
တိုက်ပွဲပြီးနောက် သူက အရာအားလုံးကို သေချာစဉ်းစားနေခဲ့ပြီး အမှားများကိုလည်း သုံးသပ်နေခဲ့သည်။ သူက အတော်လေးကို မရင့်ကျက်သေးကြောင်း တွေ့လိုက်ရ၏။ သူ၏စွမ်းရည်က ကျန်းကျိဝေနှင့် ကျန်းယွင်ရှန်တို့ကို မယှဉ်နိုင်သေးကြောင်း မုန့်ချီက ရှင်းရှင်းလင်းလင်း သိနေသည်။ အကယ်၍ သူကသာ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်ခြင်း မရှိလျှင် အနာဂတ်က မှေးမှိန်သွားနိုင်သည်။
မုန့်ချီ၏စကားကို စိတ်ရှည်လက်ရှည် နားထောင်ပြီးနောက် ချီကျန်းရန်က ခေါင်းခါလိုက်မိ၏။ သူက ရှေ့ကိုကြည့်ပြီး တိတ်တဆိတ် ပြောလိုက်သည်။
“ငါလည်း တော်တော်လေး ပေါ့သွားမိတယ်..”
မုန့်ချီက တိုးတိုးလေး ရယ်လိုက်မိပြီး စကားပြန်မပြောတော့ပေ။သူက ကျောက်စိမ်းပြားကို ယူပြီး နောက်သို့ လှမ်းပစ်ပေးလိုက်၏။ ထိုကျောက်စိမ်းပြားက သခင်လေး၏လက်ထဲကို ကျရောက်သွားခဲ့သည်။ ထို့နောက် သူက မြင်းကိုယူပြီး ထွက်သွားခဲ့၏။
လေထဲတွင်တော့ သူ့အသံကိုကြားလိုက်ရသည်။
“ဒါက မင်းရဲ့မြင်းဖိုးတွေပဲ..”
သခင်လေးက ကျောက်စိမ်းပြားကို ဖမ်းထားလိုက်ပြီး အဝေးတွင် ပျောက်ကွယ်သွားသော မုန့်ချီကို ကြည့်နေခဲ့သည်။
သခင်လေးက သတိပြန်ဝင်လာသည့်အချိန်တွင် တစ်ယောက်တည်း တီးတိုးရေရွတ်နေခဲ့၏။
“သူက တကယ်ပဲ ကျသင့်ငေ ွပေးသွားတာပဲ…”
ထိုကျောက်စိမ်းပြားက အတော်လေးတန်ဖိုးရှိပုံရသည်။ အတော်လေးကို ချောမွေ့ပြီး ကြည်လင်နေ၏။ ထိုကဲ့သို့ အခြေအနေမျိုးကို သူက လုံးဝမတွေးမိဖူးချေ။ ထိုလူများကို ဟင်းရွက်ကန်စွန်းသဖွယ် သတ်ပစ်ခဲ့သောကိုရင်လေးက သူ့ကို ငွေပေးသွားခဲ့၏။ လူဆိုးဘုန်းတော်ကြီးများက အမြဲလိုလိုလောဘကြီးသည်ဟု ပြောနေကြခြင်း မဟုတ်ပေလော။
“သခင်လေး…
ကြည့်ရတာ ဒီလိုကိုရင်လေးတွေလည်း အများကြီးရှိနေဦးမယ် ထင်တယ်..”
သူ့အနားတွင် ရှိနေသော အစေခံမိန်းကလေးက ပြောလိုက်၏။
………………………
"မင်းက စိုးရိမ်နေတာလား ...."
မုန့်ချီက သူ၏ကျောက်စိမ်းပြားကို ပစ်ပေးလိုက်ကြောင်း ချီကျန်းရန်က သိနေခဲ့သည်။
သူက အနည်းငယ် အံ့ဩသွားပြီး ပြောလိုက်၏။
"ဒါက သံသရာကမ္ဘာကြီးလေ ..။ မင်းက အေးအေးဆေးဆေးနေလို့ရပါတယ် .... ။ ဒီနေရာမှာ ငါတို့ကို ဘယ်သူကမှ မသိဘူး ....။ တာဝန်ပြီးသွားရင် ငါတို့က ချက်ချင်း ထွက်သွားရမှာပဲလေ ...."
မုန့်ချီကတော့ အပြုံးနှင့် တည်ငြိမ်စွာ ပြောလိုက်သည်။
"တကယ်လို့ ကျွန်တော်တို့ကသာ နေရာသစ်တစ်ခုကို ရောက်တဲ့ အချိန်တိုင်း လူသားမဆန်တဲ့ ကိစ္စတွေကို လုပ်ရမယ်ဆိုရင် ကျွန်တော်တို့က လူဆိုးတွေနဲ့ ဘာများထူးသေးလို့လဲ ..။ သံသရာကမ္ဘာကြီးထဲမှာဆိုရင်တောင် ကျွန်တော်တို့က စည်းကမ်းတွေကို လိုက်နာရမယ် ....။ မဟုတ်ရင် တာဝန်ပြီးတာနဲ့ အနည်းနှင့်အများ အရာအားလုံးက ပြောင်းလဲသွားလိမ့်မယ် ....။ ကျွန်တော်တို့က ငရဲကျနိုင်သလို ထာဝရ အမှောင်ထုကြီးထဲကိုလည်း ရောက်သွားနိုင်တယ် ...."
မုန့်ချီကတော့ ထိုမျှ လေးနက်သောအဆင့်ထိ အမှန်တကယ် တွေးခဲ့ဖူးခြင်း မရှိချေ။ သူက စည်းမျဉ်းများ၊အကန့်အသတ်များအတိုင်း လုပ်ဆောင်သင့်သည်ဟုသာ ယုံကြည်နေခဲ့သည်။ မဟုတ်လျှင် သူက အဆုံးသတ်တွင် လူတိုင်း သတ်ချင်နေသော လူတစ်ယောက်အဖြစ် ပြောင်းလဲမသွားချင်ခဲ့ပေ။
ကျောက်စိမ်းဗုဒ္ဓ ရုပ်ထုလေးကြောင့် သူက ထိုကျောက်စိမ်းများကိုလည်း သယ်ဆောင်သွားလိုခြင်း မရှိကြပေ။
ချီကျန်းရန်က ရှေ့တွင် ရှိနေသော လမ်းကို မော့ကြည့်လိုက်သည့်အချိန်တွင် သူက အနည်းငယ် စိုးရိမ်နေခဲ့သည်။
"ဒါပေမယ့် အရာအားလုံး စည်းကမ်းအတိုင်းသွားဖို့ ဖြစ်နိုင်လို့လား ....။ သံသရာအရှင်သခင်က မင်းရဲ့ ခံနိုင်ရည်ကို စိန်ခေါ်နိုင်တဲ့ တာဝန်တစ်ခု ပေးမယ်ဆိုရင်၊ မင်းက အဲဒီတာဝန်ကို မပြီးရင် သတ်မယ်ဆိုရင် မင်းရဲ့ အသက်ကို ဆုံးရှုံးခံမှာလား ....။ မင်းက ဗုဒ္ဓလမ်းစဉ်အတိုင်းလိုက်နာဦးမှာလား ...."
"ကျွန်တော် ...."
ချီကျန်းရန်၏ မေးခွန်းကို ဖြေရန် ခက်ခဲသည်။
မုန့်ချီက သက်ပြင်းချပြီး ပြောလိုက်၏။
"အခု အခြေအနေမျိုးမှာတော့ အဲဒီမေးခွန်းကို ဖြေဖို့ အရမ်းခက်တယ် .။ ဒါပေမယ့် ငါတို့က ကံကြမ္မာအမှတ်တချို့ကိုတော့ ချန်ထားဖို့လိုမယ် ...။ ဒါဆိုရင် တာဝန် မအောင်မြင်မှုတွေအတွက် ကာမိတာပေါ့ ...."
လေထဲတွင် ဖုန့်များ လွှင့်ပျံနေပြီး မြင်းခွာသံများကို ကျယ်လောင်စွာ ကြားလိုက်ရသည်။ မုန့်ချီနှင့် ချီကျန်းရန်တို့ နှစ်ယောက်လုံးက တိတ်ဆိတ်နေပြီး လမ်းကိုသာ အာရုံစိုက်နေကြ၏။
(၂)ရက်ကြာပြီးနောက် သူတို့ (၄)ယောက်က ရှောင်လင်ကျောင်းတော်နှင့် တဖြည်းဖြည်း နီးကပ်လာခဲ့သည်။ သူတို့က မြင်းများက ပင်ပန်းနေခြင်း ရှိမရှိ ဂရုမစိုက်နိုင်ဘဲ ရှေ့ဆက်သွားနေကြရ၏။ သူတို့နောက်ကို လိုက်လာသော လူသတ်သမားများကိုတော့ ယခုချိန်ထိ မမြင်ရသေးပေ။
"ငါတို့က နောက်တစ်ဖြတ်လောက် သွားပြီးရင် မြင်းတွေကို ထားခဲ့ရတော့မယ်....။ ဘာလို့လဲဆိုတော့ ငါတို့က ဒီသစ်တောကို ဖြတ်သွားပြီးရင် ဦးတည်ချက်ကိုရောက်ပြီ."
မုန့်ချီက သူနှင့်ချီကျန်းရန်တို့၏ ဆုံးဖြတ်ချက်ကို ရှန့်ဟွေနှင့် မိန်းကလေးကျိတို့သိအောင် ပြောပြလိုက်၏။
သူတို့က ထိုမျှလျင်မြန်စွာ ရောက်နိုင်လိမ့်မည်ဟု လူသတ်သမားများက တွေးထားမိပုံ မရသေးပေ။ ထို့ကြောင့် လူသတ်သမားများက မမှီနိုင်သေးခြင်း ဖြစ်နိုင်သည်။ သို့သော် လူသတ်သမားများဆီတွင် အချင်းချင်း ဆက်သွယ်ရန် နည်းလမ်းများ ရှိနေသေးကြောင်း မုန့်ချီနှင့်ချီကျန်းရန်တို့က ယုံကြည်နေကြ၏။
သူတို့ဆီတွင် စာပို့ ခိုများ ၊တခြားနည်းလမ်းများ ရှိနေနိုင်သည်။ သူတို့က အနီးနားတွင် ရှိနေသော လူသတ်သမားများကို သတင်းပေး တားဆီးခိုင်း၍ ရနိုင်၏။ ထို့ကြောင့် သူက လမ်းကျဉ်းလေးထဲမှနေ၍ သွားရန် လိုအပ်သည်။
"တကယ်လို့ ငါတို့ကသာ တောင်ခြားထဲကို ဖြတ်သွားချင်တယ်ဆိုရင် လမ်းတော့ရှိမှာပဲ ....။ တကယ်လို့ ဒိုအာချာဆီမှာ လူသတ်သမားတွေ အများကြီး ရှိနေမယ်ဆိုရင် ငါတို့ကို တားဆီးဖို့တော့ လုံးဝမဖြစ်နိုင်ဘူး ...."
မိန်းကလေးကျိနှင့် ရှန့်ဟွေတို့ကတော့ သူတို့၏ဆုံးဖြတ်ချက်ကို ငြင်းဆန်ပိုင်ခွင့် မရှိကြပေ။ ယခု နေကျလာပြီဖြစ်ပြီး မိုးများလည်း ရွာကျနေသည်။ လမ်းကိုတော့ တဖြည်းဖြည်း မြင်တွေ့ရရန်ပင် ခက်ခဲလာခဲ့၏။
ထိုအချိန်တွင် မုန့်ချီက တစ်စုံတစ်ခုကို ခံစားမိလိုက်ပြီး မိန်းကလေးကျိကို ခေါ်၍ ဘေးသို့ လှမ်းခုန်လိုက်သည်။ တစ်ချိန်တည်းတွင် ထူးဆန်းသောအသံနှင့်အတူ အဖြူရောင်မြားများ ကျဆင်းလာကြောင်း တွေ့လိုက်ရ၏။
ထိုအရာများက သစ်တောကိုဖြတ်၍ မုန့်ချီနှင့် ချီကျန်းရန်တို့ဆီကို ရောက်လာခဲ့ကြလေသည်။
Translated by Hein Htet