ကောင်လေးများနှင့်တွေ့ဆုံခြင်း
Vol. 1 Ch. 7
ချုံးတလေတစ်ယောက် လင်းရှောင်ယွီမှာ ယခင်က ထိုမျှချစ်စရာကောင်းသည်ဟု မထင်ခဲ့ပေ။ အကူအညီမဖြစ်သော ရွှီရှန်းကျီထက်ပင် ပို၍ချစ်စရာကောင်းနေလေသည်။ လင်းရှောင်ယွီသည်လွန်စွာ ကျေနပ်စရာကောင်းလှသည်။
''ဒီကလေးက ငါတို့ကို အနှောင့်အယှက်ပေးလွန်းတယ်။ သူ့ကို သတ်ပစ်ရအောင်''
ရွှီရှန်းကျီက ဆုံးဖြတ်လိုက်သည်။
''မကောင်းတဲ့လူ''
ချုံးတလေက ငေါက်လိုက်လေသည်။
''သူရဲကောင်းလေးလင်းက ငါတို့ဖားပြုတ်ခံတပ်ရဲ့ကျေးဇူးရှင်ပဲ။ သူ့ကို အန္တရာယ်ပေးဖို့ကြိုးစားရင် ငါနဲ့အရင် ရင်ဆိုင်ရမယ်''
ရွှီရှန်းကျီတစ်ယောက် တွေဝေသွားပေသည်။ ထိုသူက ဖားပြုတ်ခံတပ်၏ကျေးဇူးရှင်ဆိုသည်မှာ မည်သို့ဖြစ်နိုင်မည်နည်း။ ၎င်းတို့အတွက် ကောင်းသည့်အရာများ လုပ်ပေးခဲ့၍လော။
''သူရဲကောင်းလေးလင်း ဗိုက်ဆာနေပြီလား။ အရင်ဆုံး တစ်ခုခုစားမလား။ ငါတို့ခံတပ်ရဲ့အစားအသောက်တွေက အတော်လေးကောင်းတယ်''
ချုံးတလေက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
''မကောင်းတဲ့သူ မဟုတ်တာတွေ လျှောက်ပြောမနေနဲ့။ ဟိုလူကြီး ရှေ့ထွက်ခဲ့။ ဒီတစ်ခေါက် ခင်ဗျားလည်းမြင်းမသုံးနဲ့ ကျုပ်လည်း မြင်းမသုံးဘူး။ ခင်ဗျားလည်း လက်နက်မသုံးဘူးဆိုတော့ ကျုပ်လည်း လက်နက်မသုံးဘူး''
လင်းရှောင်ယွီသည် မြေကြီးပေါ်သို့ ၎င်း၏လှံတံကို ပစ်ချလိုက်သည်။
ချုံးတလေသည် ချင်းမန်ဆီသို့ အပြေးသွားကာ
''အစ်ကိုကြီးချင်း ခင်ဗျားသူရဲကောင်းလေးလင်းကို ထိခိုက်အောင်မလုပ်ပါနဲ့။ ညင်ညင်သာသာလေးပဲ ညင်သာပါစေနော်''
''အင်း''
ချင်းမန်က အသံခပ်ပြတ်ပြတ်ဖြင့် မယုတ်မလွန်ပြောကာ ရှေ့သို့တက်သွားသည်။ လင်းရှောင်ယွီတစ်ယောက် လက်သီးမမြှောက်ခင်တွင်ပင် ချင်းမန်က လင်းရှောင်ယွီကို ကော်လံမှဆွဲ၍ တောင်ဆင်ခြေလျှောမှ ပစ်ချလိုက်၏။
''ဝူ---အူး---ဝူး---''
''သူရဲကောင်းလေးလင်း အဆင်ပြေရဲ့လား။ မင်းကိုစောင့်နေမယ်။ မြန်မြန်တက်လာခဲ့''
ချုံးတလေက တောင်ကုန်းအောက်သို့ အော်ပြောလိုက်သည်။
ဒုတိယအကြိမ်ဖားပြုတ်ခံတပ်ခုခံခြင်းမစ်ရှင် ပြီးဆုံးသွားပါပြီ။
ဆုကြေး - တောင်ပေါ်စမ်းချောင်း
အပိုဆုကြေး - သွေးအားဖြည့်ဆေးဆယ်လုံး (သာမန်ကုသရေးဆေးလုံးများ၊ ကျန်းမာရေးနှင့်ခွန်အားကိုကောင်းစေကာ ရောဂါအများစုကို ကုသပေးနိုင်သည်)
တီ---
အပိုစွမ်းအား - စည်းလုံးခြင်း (တောင်ပေါ်ဓားပြများ၏သစ္စာရှိမှုမြင့်တက်လာခြင်း)
တီ---
ဆုကြေး - သံတံစဉ်ဆယ်ချောင်း
တီ---
ဆုကြေး - သစ်သားသေတ္တာငါးလုံး
တီ---
တောင်ခံတပ်၏တတိယအကြိမ်ခုခံမှုမစ်ရှင်ကို လက်ခံရရှိပါသည်။
ပထမတတစ်ခေါက်နှင့်နှိုင်းစာလျှင် ဒုတိယအကြိမ်ဆုကြေးများမှာ ပို၍ရက်ရောလာသည်။ တံစဉ်များပေးသော်လည်း မစ်ရှင်အသစ်ကမူ ခက်ခဲမှုနှုန်းကိုမဖော်ပြပေ။ စနစ်က ရက်စက်လှပေသည်။
ပုံရိပ်တစ်ခုသည် တောင်ခြေမှတက်လာကာ တုတ်ချောင်းတစ်ချောင်းကို အမှီပြုထားသည်။ အဝတ်အစားများကလည်း စုတ်ပြဲနေ၏။ ခေါင်းပေါ်တွင် မြက်ခြောက်များရှိကာ မျက်နှာတွင်လည်း ဖုံများပေကျံနေ၏။
''သူရဲကောင်းလေးလင်း တကယ်ကော အဆင်ပြေရဲ့လား''
''မင်းမိန်းကလေးစူးကို လွှတ်မပေးရင် ငါဘယ်တော့မှ ရပ်မှာမဟုတ်ဘူး''
လင်းရှောင်ယွီက စကားတစ်လုံးချင်းစီကို တိကျသေချာစွာ ပြောလိုက်လေသည်။
ချုံးတလေသည် သက်ပြင်းချမိကာ လက်ဝှေ့ယမ်းပြလိုက်ပြီး
''ညင်ညင်သာသာလုပ်''
တီ---
တောင်ခံတပ်၏တတိယအကြိမ်ခုခံခြင်းမစ်ရှင်မှာ ပြီးဆုံးသွားပါပြီ။ ဆုကြေးမှာ - - - -
တီ---
တောင်ခံတပ်၏စတုတ္ထအကြိမ်ခုခံခြင်းမစ်ရှင်ကို လက်ခံရရှိပါသည်။
တီ--
----ပြီးမြောက်သွားပါပြီ။ ဆုကြေးမှာ---
တီ---
လက်ခံရရှိပါသည်---
တီ---
ပြီးမြောက်သွားပါပြီ----
မနက်စောစောမှ ညဉ့်နက်သည်အထိ ချုံးတလေသည် စနစ်ချို့ယွင်းနေခြင်းကို ဆယ်ခေါက်ပြန်လုပ်ခဲ့သည်။ ချုံးတလေသည်ပင် အဆုံးတွင် ပင်ပန်းလာကာ ဆုများကိုပင် အာရုံမစိုက်မိတော့ပေ။ အမှန်တွင် စနစ်၏ဆုကြေးများက အချိန်နှင့်အမျှ ကျဆင်းလာသည်။ ဆယ်ကြိမ်မြောက်မစ်ရှင်၏ဆုကြေးမှာ တံစဉ်တစ်ချောင်းတည်းသာ ဖြစ်၏။
ချုံးတလေသည် ၎င်း၏ဆုများကိုယူရန် အချိန်မရှိသေးပေ။ ညနေပိုင်း သုံးလေးနာရီခန့်ရှိပြီဖြစ်ကာ ချုံးတလေမှာ ညဉ့်နက်သည်အထိ လုပ်ရန် ရည်ရွယ်ထားသည်။ သို့သော်လည်း လင်းရှောင်ယွီက ဆယ်ကြိမ်မြောက်တောင်အောက်သို့ ပို့ခံလိုက်ရပြီးနောက်တွင် တောင်ပေါ်သို့ ပြန်တက်မလာခဲ့ပေ။ လင်းရှောင်ယွီမှာ လွယ်လွယ်နှင့် အလျော့ပေးမည့်သူမျိုးဟုတ်ဟန်မပေါ်ပေ။
''သူဌေး ပြန်ကြရအောင်။ ဗိုက်ဆာပြီ''
ရွှီလင်းအာက ပြောလိုက်သည်။
''ခဏ ငါတို့ သူရဲကောင်းလင်းကို စိတ်ပျက်သွားစေလို့မဖြစ်ဘူး''
ချုံးတလေက စောင့်နေရင်းဖြင့် စိတ်ထဲတွင် စနစ်၏ဆုကြေးများကို ရေတွက်ကြည့်နေကာ ထူးဆန်းလှသည့်အရာတစ်ခုက ၎င်း၏အာရုံကို ဖမ်းစားနိုင်လိုက်သည်။
တီ---
ခုခံရေးမစ်ရှင်ဆယ်ခုကို အသေအကြေအပျက်အစီးမရှိဘဲ အောင်မြင်စွာလုပ်ဆောင်ပြီးနောက်တွင် သင်သည် ဖုံးကွယ်ထားသောစွမ်းအားတစ်ခုကို ဆုချခံရပါသည်။
ဖုံးကွယ်ထားသောစွမ်းအား - လူကောင်းလူမွန်
ယခုတွင် ချုံးတလေသည် စနစ်နှင့်ပက်သက်၍ အချို့အချက်အလက်များကို လေ့လာပြီးဖြစ်သည်။ စနစ်၏မစ်ရှင်များက အခြေအနေအတိုင်းအတာတစ်ခုအထိ သတ်မှတ်ထားကာ ဖုံးကွယ်ထားသောမစ်ရှင်များက ပို၍တင်းကြပ်သောအခြေအနေမျိုးရှိသည်။ အချို့သောတာဝန်များကို ပြီးမြောက်ရန် စနစ်သည် မစ်ရှင်ကိုပင် ထုတ်မပေးဘဲ အခြေအနေနှင့်ကိုက်ညီသည့်အခါမှသာ မစ်ရှင်ပြီးမြောက်ကြောင်းပြောပြသည်။
အမှန်တွင်ချုံးတလေသည် အခွင့်အရေးကို အပြည့အဝအသုံးချပြီးဖြစ်သည်။ တောင်ခံတပ်တွင် တိုက်ခိုက်ခံရလျှင် အသေအကြေအပျက်အစီးက ရှောင်လွှဲ၍ ရမည်မဟုတ်ကာ အနယ်ဆုံး ဆယ်ယောက်မှ ရာချီသည်အထိ ဖြစ်နိုင်သည်။ သို့တိုင် လင်းရှောင်ယွီတစ်ဦးတည်းသာ ရောက်လာသည်။ ၎င်း၏မလျော့သောဇွဲနှင့်အတူ ချုံးတလေက ၎င်းကို မည်သို့အသေခံနိုင်မည်နည်း။ ရတနာတစ်ပါးကဲ့သို့ပင် ဆက်ဆံပေး၏။
ချုံးတလေသည် ၎င်း၏အချက်အလက်များကို စစ်ဆေးရင်း မိမိပိုင်ဆိုင်ထားသည့် ဖုံးကွယ်ထားသည့်စွမ်းအားကို သိချင်နေမိသည်။
လူကောင်းလူမွန်----
''ဖြောင့်မတ်မှန်ကန်တဲ့လူငယ်လေး ဖရိုဖရဲလောကကြီးထဲမှာ တရားမျှတမှုကို ဆုပ်ကိုင်ထားတာက တန်ဖိုးရှိလှပါတယ်''
ထိုသို့သောသူများက မည်သည့်အခါမှ ကံကောင်းမှုများ မကုန်ဆုံးတတ်သည်ကို သတိရပါ။ သင်၏ဖြောင့်မတ်မှန်ကန်မှုက သင့်ဆီကို သဘောထားချင်းတိုက်ဆိုင်သည့်လူငယ်များကို ဆွဲခေါ်ပေးပါလိမ့်မယ်။
ဖုံးကွယ်ထားသောအရည်အချင်းသည် လူကောင်းလူမွန်ဟုသတ်မှတ်ထားသောကတ်ပေလော။ ခွေးတစ်ကောင်ကို မောင်းထုတ်လျှင်ပင် အမှားကျူးလွန်ရာဖြစ်နေမည်လော။ စနစ်သည် ချို့ယွင်းပြီးနောက်တွင် ရည်ရွယ်ချက်ရှိရှိဖြင့် ၎င်းကို တမင်လုပ်နေသည်ဟု ခံစားမိသည်။
စနစ်၏စွမ်းအားကို အပြည့်အဝနားလည်ရန် ခွဲခြမ်းလေ့လာမှု လိုအပ်ပေသည်။ ဥပမာအားဖြင့် သဘောထားတိုက်ဆိုင်သည့်လူငယ်များကိုဆွဲဆောင်သောစွမ်းအားသည် ယောင်္ကျားလေးများကို ဆွဲဆောင်နိုင်မည်မှာ သေချာသော်လည်း မိန်းကလေးများအတွက်မူ အသုံးမဝင်ပေ။
သို့တိုင် လူကောင်းကတ်ဖြစ်နေလေသည်။
ချုံးတလေကြောင့် ဌက်သည်ပင် လန့်ဖျပ်၍ပြေးသွားသည်။ စနစ်သည် ၎င်းကို လာရှုပ်နေသည်မှာ သေချာပေသည်။
အတွေးတွင်မျောနေရာမှ အသိဝင်လာသောအခါတွင် လင်းရှောင်ယွီမှာ ယခုထက်ထိ ပြန်မလာသေးသည်ကို သတိထားမိသည်။ လင်းရှောင်ယွီ၏စိတ်သဘောထားဖြင့်ဆိုလျှင် လွယ်လွယ်လက်လျော့မည်မဟုတ်ပေ။ ဒုက္ခရောက်နေ၍ပေလော။
''ဟေးလူတွေ ဒီမှာစောင့်နေကြဦး။ ကျွန်တော် တောင်အောက်ဆင်းကြည့်လိုက်ဦးမယ်''
ချုံးတလေသည် ၎င်း၏ ရွှမ်းဟွာပုဆိန်ကိုယူကာ သတ္တိရှိသောဆုံးဖြတ်ချက်ကို ချလိုက်သည်။ သူရဲကောင်းလင်းကို ထိခိုက်အောင်လုပ်သောမည်သူ့ကိုမဆို တစ်သက်တာအငြှိုးထားမည်ဖြစ်ကာ ၎င်းအတွက် လက်စားချေပေမည်။
လူတစ်ယောက်၊ တုတ်တစ်ချောင်း၊ ချောက်ကမ်းပါးအစွန်းတွင် ဖြစ်၏။
လင်းရှောင်ယွီသည် တုတ်ချောင်းလေးကိုမှီကာ ချောက်ကမ်းပါးအစွန်းတွင်ရပ်နေသည်။ ဆံစများက ရှုပ်ပွနေသည်။ မျက်နှာကလည်း ဒဏ်ရာဗလပွဖြင့် ဖူးယောင်နေပြီး ဖြူဖွေးသောဝတ်ရုံကလည်း စုတ်ပြဲပေရေနေသည်။
အဆုံးမဲ့ချောက်နက်ကို ငေးကြည့်ရင်း လင်းရှောင်ယွီတစ်ယောက် အသာသက်ပြင်းချကာ မျက်လုံးထဲတွင် ဝမ်းနည်းမှုတို့ ဝေ့တက်လာသည်။
''ငါ လင်းရှောင်ယွီ ငါ့ဘာသာ အမြဲတမ်း သူရဲကောင်းလို့ သတ်မှတ်ခဲ့တာ။ င့ါလှံကိုအားကိုးပြီး ဒီလောကထဲကို ဝင်လာခဲ့တာ။ ဒီလောကကြီးရဲ့အမှိုက်သရိုက်တွေကို မောင်းထုတ်ချင်ခဲ့တာ။ ဒါပေမဲ့ ဓားပြတွေလက်ထဲမှာ ဂုဏ်သိက္ခာက တစ်စပြီးတစ်စ ကျသွားရတယ်။ အခုတော့ မြင်းလည်းပျောက်ပြီး လှံလည်းမရှိတော့ဘူး။ တော်ပြီ တော်လောက်ပြီ။ သေရင်တောင် ပြန်မွေးဖွားလာဦးမှာပဲ။ နောင်နှစ်ဆယ်ကြာပြီးရင် ရဲရင့်တဲ့ယောင်္ကျားအဖြစ် ပြန်မွေးဖွားလာပြီး နောက်ထပ်စွန့်စားမှုလုပ်ဖို့ အဆင်သင့်ဖြစ်နေရမယ်''
၎င်း၏စကားလုံးများသည် ဝမ်းနည်းမှုတို့ဖြင့် မွန်းကြပ်စရာကောင်းလှကာ လင်းရှောင်ယွီ၏အကြည့်တို့က မျက်ရည်စတို့ဖြင့် ပြည့်လျှံနေပြီး ချောက်ကမ်းပါးအစွန်းသို့ ပို၍တိုးလာသည်။
''အဟွတ် အဟွတ်''
ချောင်းဟန့်သံနှစ်ချက်က ၎င်းနောက်မှ ထွက်ပေါ်လာပြီး လင်းရှောင်ယွီမှာ နောက်သို့လှည့်ကြည့်လိုက်လေသည်။ ထိုအချိန်တွင် ၎င်းနောက်တွင် ရပ်နေသောချုံးတလေဖြင့်မျက်နှာချင်းဆိုင်မိ၏။ မျက်ရည်များကိုအမြန်သုတ်လိုက်ပြီး အေးစက်စွာဖြင့် မေးလိုက်သည်။
''င့ါကိုရန်စဖို့ ရောက်လာတာလား မကောင်းတဲ့ကောင်။ င့ါမှာကံမကောင်းလို့သာ လင်းရှောင်ယွီက မင်းတို့ရဲ့စော်ကားမှုတွေက သေတာကိုပဲ ပိုကြိုက်သေးတယ်''
''စောနက မင်းပြောသမျှကို ကြားပြီးပြီ။ ပြီးတော့ မင်းအပြောကောင်းသားပဲလို့ ဆိုရမယ်''
ချုံးတလေက ပြောလိုက်၏။
''ငါသဘောတူတစ်တစ်ခုတော့ရှိတယ်။ မင်းကို ပြောပြမယ်''
လင်းရှောင်ယွီ၏မျက်လုံးများကို ကြည့်ကာ
''လူငယ်လေးတစ်ယောက်က စံပြဖြစ်ဖို့ သေဖို့အတွက်ဆန္ဒရှိပေမဲ့လို့ ယောင်္ကျားစစ်စစ်တစ်ယောက်တော့ ရှင်ဖို့အတွက်ပဲ ဆန္ဒရှိတယ်''
ထိုစကားလုံးများက လင်းရှောင်ယွီ၏စိတ်ထဲတွင် မိုးခြိမ်းသံကဲ့သို့ပင် ပဲ့တင်သံထပ်သွားသည်။ နှလုံးခုန်မြန်လာကာ မျက်နှာပင် ဖြူဖတ်ဖြူရော်ဖြစ်သွား၏။
''ဒီအပြုအမူကို သတ္တိရှိလှပြီလို့ ထင်နေတာလား''
ချုံးတလေက ရုတ်တရက် အသံကို မြှင့်လိုက်ပြီး
''မဟုတ်ဘူးကွ။ အဲ့တာသတ္တိရှိတာမဟုတ်ဘူး။ အားနည်းတာ။ မင်းက သူရဲဘောကြောင်တဲ့သူပဲ။ တပ်ပြေးတစ်ယောက်ပဲ။ မင်းကိုယ်မင်းကြည့်ဦး။ မင်းကိုမင်း စံပြကျောင်းသားတို့ သူရဲကောင်းလေးလို့ ထင်နေတာလား''
ချုံးတလေ၏စကားများက လင်းရှောင်ယွီ၏စိတ်ကို ထိခိုက်စေသည်။
စံပြကျောင်းသားဆိုသောစကားလုံးကို နားမလည်သော်လည်း ၎င်း၏တွေဝေနေမှုကို လမ်းပြခေါ်နေသကဲ့သို့ မဟုတ်လျှင်လည်း ရင့်ကျက်မှုလမ်းစဉ်မှ ပညာရှိစကားများဖြစ်ကာ အကျုံးဝင်နေသည်ဟု ထင်မိသည်။
သို့သော် ထိုစကားများမှာ ဓားပြတစ်ယောက်၏နှုတ်မှ ထွက်လာခြင်းဖြစ်သည်။
''အင်း မင်းလိုဓားပြတစ်ယောက်က ဘာသိမှာလဲ''
''ငါက ဓားပြဖြစ်နေလို့ ငါ့ကိုအထင်သေးနေတယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ရွေးချယ်စရာပေးမယ်ဆိုရင် ငါလည်းလူကောင်းဖြစ်ချင်တာပဲ''
ချုံးတလေက လက်ကိုဖြန့်လိုက်ပြီး
''တကယ်တော့ ငါလည်း ပြင်းပြတဲ့ရည်မှန်းချက်ရှိတဲ့လူတစ်ယောက် ဖြစ်ခဲ့ဖူးတယ်''
''မင်းမှာလည်း ပြင်းပြတဲ့ဆန္ဒရှိခဲ့တယ်လား''
''အဲ့အကြောင်းကို နားထောင်ချင်လား''
ချုံးတလေက အံကြိတ်ကာ လင်းရှောင်ယွီကို တောင်ပေါ်ခံတပ်ထဲသို့ ဆွဲသွင်းရန်အခွင့်ကောင်းဟု တွေးလိုက်မိသည်။
''တစ်ခါတုန်းက ငါ့လက်ထဲမှာ ပညာရှိတွေရဲ့စာအုပ်ကို ကိုင်ဖူးတယ်။ ချင်းဖုန်းဓားကိုလည်းကိုင်ဖူးတယ်။ စုတ်တံနဲ့ဓားသိုင်းကို ကျွမ်းကျင်ချင်ခဲ့တယ်။ အရာရှိတွေထဲကတစ်ယောက်ဖြစ်လာဖို့ အိပ်မက်မက်ခဲ့ဖူးတယ်။ လောကကြီးအနှံံ့ကို ခရီးထွက်ချင်ခဲ့တာ။ တိရစ္ဆာန်သာသာပဲဆက်ဆံခံရတဲ့ဒုက္ခသည်တွေကို ကူညီပေးချင်ခဲ့တယ်။ ပြီးတော့ ရိုင်းပြတဲ့မင်းမျိုးမင်းနွယ်တွေဆီကနေ တရားမျှတမှုကိုဆောင်ကျဉ်းပေးချင်ခဲ့တယ်။ ဒီလောကကြီးကို ပြန်တည်ထောင်ပြီး၊ ဒုက္ခရောက်နေတဲ့သူတွေကို ကယ်တင်ပေးပြီး လောကအသစ်တစ်ခုကိုတည်ထောင်ဖို့ ရည်မှန်းချက်ရှိခဲ့တယ်။ အားလုံးကို ကောင်းမွန်တဲ့ဘဝမျိုးပေးပြီး လယ်သမားတွေကိုလည်း သူ့တို့လယ်တွေကို ပြန်ပိုင်ဆိုင်စေရဖို့ ရည်မှန်းချက်မျိုး ရှိခဲ့တယ်''
လင်းရှောင်ယွီတစ်ယောက် အံ့အားသင့်သွားသည်။ ထိုစကားလုံးများသည် ချုံးတလေပါးစပ်မှ ထွက်လာခြင်းပေလော။ ထိုစကားများမှာ မျိုးရိုးစဉ်ဆက်မှတ်မိရန်အတွက် ရေးထွင်းထားရန်ပင် ထိုက်တန်ပေသည်။ တွေဝေသွားပေသည်။ ချုံးတလေက ၎င်းဆီသို့ လက်ကမ်းလိုက်ကာ စိတ်အားထက်သန်စွာဖြင့် ကြည့်လိုက်သည်။
''အခု ငါအလုပ်ချင်ဆုံးက ရဲဘော်ကို လက်ကမ်းပေးဖို့ပဲ(စူးရင်းတုန်းကလည်း အဲ့လိုပြောတာပဲ)။ သူရဲကောင်လေးလင်း မင်းဒီရည်မှန်းချက်တွေကို အောင်မြင်ဖို့ ငါနဲ့ပူးပေါင်းမလား''
စိတ်ခံစားချက်များသည် လင်းရှောင်ယွီ၏နှလုံးသားထဲတွင် ဆူပွက်လာသည်။ မူးဝေလာကာ ရုတ်တရက် နောက်ပြန်လဲကျသွားပြီး မီတာတစ်ရာမကနက်သည့် ချောက်နက်ထဲသို့ ပြုတ်ကျသွားတော့သည်။
ချုံးတလေသည် အလျင်စလိုပင် ရှေ့သို့ခုန်လိုက်ပြီး လင်းရှောင်ယွီကို အချိန်မီဖမ်းထားလိုက်သည်။ ထိုအခါမှသာ လင်းရှောင်ယွီမှာ သတိလစ်သွားကာ ကိုယ်ကကျစ်ကျစ်တောက်ပူနေသည်ကို သတိထားမိ၏။ ၎င်းသည် ဒဏ်ရာအပြင်းအထန်ရထားကာ အသားအရေသည်ပင် နီရဲနေ၏။
ထိုသူသည် ဒဏ်ရာအပြင်းအထန်ရထားသည်ကိုပင် ခေါင်းမာနေခဲ့လေသည်။
ရွေးချယ်စရာမရှိတော့ဘဲ ချုံးတလေမှာ လင်းရှောင်ယွီကို ကျောပေါ်သို့တင်ကာ ပုဆိန်ကိုဆွဲ၍ တောင်ပေါ်ခံတပ်ဆီသို့ ပြန်ရမည့်ခရီးစဉ်ကို စတင်လိုက်လေသည်။
လင်းရှောင်ယွီမှာ လေးလွန်းလှသည်။
လမ်းတစ်လျှောက်တွင်ချုံးတလေသည် အံကြိတ်ကာ ရုန်းကန်ရင်းဖြင့် တစ်လှမ်းချင်းလှမ်းလာသည်။
လူကောင်းလူမွန်ဆိုသည်မှာ အမှန်ပင် လက်တွေ့ဖြစ်လာပြီ ဖြစ်တော့၏။