← Chapters

ရတနာရှာပုံတော်

Vol. 1 Ch. 8

ရတနာရှာပုံတော်

Vol. 1 Ch. 8

ချုံးတလေသည် ထိုလောက၏ ဆေးပညာနှင့်ပက်သက်ပြီး အထင်အမြင်လွဲမှားခဲ့မိသည်။ ရုပ်ရှင်များထဲတွင် သူရဲကောင်းတို့သည် ဒဏ်ရာတွင် ပတ်တီးအနည်းငယ်ခန့်စည်းလိုက်လျှင် များမကြာမီတွင်ပင် အကောင်းပကတိပြန်ဖြစ်သွားကြသည်။ သို့သော်လည်း လက်တွေ့တွင် ပဋိဇီဝဆေးများမရှိဘဲ ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးများလည်းရှိကာ မေးခိုင်ပိုးသည် တောင့်တောင့်တင်းတင်းယောင်္ကျားသားများကိုပင်ပင် အသက်နုတ်နိုင်သည်မဆိုထားနှင့်၊ အနည်းငယ်မျှအအေးပတ်လျှင်ပင် အသက်ပါသွားနိုင်သည်။

လင်းရှောင်ယွီသည် သေစေလောက်သောဒဏ်ရာမျိုး ရထားခြင်းမဟုတ်သော်လည်း တစ်ကိုယ်လုံးပူခြစ်နေသည်။ မနေ့ကတည်းကပင် အဖျားဝင်နေကာ ယခုတွင်မူ သတိပါလစ်သွားလေသည်။

ချုံးတလေက ၎င်းကိုတောင်ပေါ်ခံတပ်ဆီသို့ ပြန်ဆွဲခေါ်လာကာ လူများစွာက ၎င်း၏ဒဏ်ရာကို သန့်ရှင်းပေးသည်။ ၎င်းကို ရေနွေးတိုက်သည်။ စနစ်၏ဆုကြေးထဲတွင် ပြန်လည်အားဖြည့်သည့်ဆေးလုံးဆယ်လုံးပါသည်ကို ချုံးတလေမှတ်မိသွားသည်။

ထိုဆေးလုံးများကို ယူလိုက်ပြီး လင်းရှောင်ယွီကိုတိုက်လိုက်လျှင် ပို၍အန္တရာယ်ကင်းမည်ဖြစ်၏။

''သူဌေး''

ချင်းမန်က ပြုံးရွှင်နေသောမျက်နှာထားဖြင့် ရိုးသားသောအပြုံးကို ထုတ်ဖော်လိုက်သည်။

''ဘာဖြစ်လို့လဲ''

''စောနက ဟိုလူနဲ့ နည်းနည်းတိုက်ပြီးတာနဲ့ အားကောင်းလာသလိုပဲ။ ကျွန်တော့်ရဲ့ ဇီးပွင့်လှံတံနည်းလမ်းကလည်း တိုးတက်လာတယ်''

ချင်းမန်က ဝမ်းပန်းတသာဖြင့် ပြောလိုက်သည်။

ချုံးတလေသည် ချင်းမန်၏အချက်အလက်များကို ထပ်မံစစ်ဆေးကြည့်လိုက်သည်။

အမည် - ချင်းမန် (ထိပ်တန်းအဆင့်ဓားပြအသစ်)

ကျွမ်းကျင်မှု - ဇီးပွင့်လှံတံ (ဇီးပွင့်ငါးပွင့်)

စနစ်၏ဆုကြေးထဲတွင် တောင်ပေါ်ခံတပ်၏လူတစ်ဦးထဲမှ လူတစ်ယောက်၏အရည်အချင်းကို မြှင့်ပေးခဲ့သည်ဆိုသောအချက်ကို အမှတ်ရသွားကာ ထိုသူမှာ ချင်းမန်ဖြစ်ပုံပေါ်သည်။ ၎င်း၏လှံစနစ်တိုးတက်လာမှုမှာ တော်သောအဆင့်မှ ထိပ်တန်းအဆင့်သို့ ပြောင်းလဲသွားစေသည်။ ၎င်းကို စစ်တပ်ထဲသို့ ထည့်လိုက်လျှင် ၎င်းတစ်ယောက်ဖြင့် စစ်သည်းတစ်ရာကို တိုက်ခိုက်နိုင်ပေသည်။ ချင်းမန်သာရှိနေလျှင် ဟေးယန်မြို့ကို ခုခံနိုင်ရန် ပိုကောင်းသောအခွင့်အရေးမျိုး ရှိလာပေမည်။

''ကျုပ်မှာသာ လှံရှိရင် ကောင်းမှာပဲ။ ဇီးပွင့်လှံတံကို အမွေရထားခဲ့တာ။ ဒါပေမဲ့ လှံဝယ်ဖို့မတတ်နိုင်ဘူး။ ဟင်း---''

ထိုသို့ပြောကာ ချင်းမန်သာ သက်ပြင်းရှည်ကြီးချလိုက်မိသည်။ ရုတ်တရက်ပင် အမိုးကိုထောက်ထားသော သစ်သားတိုင်ကို လက်ဖြင့် ရိုက်လိုက်၏။ ကျယ်လောင်သောအသံကို ကြားနိုင်လိုက်ကာ အမိုးပေါ်မှတစ်ခုခု ပြုတ်ကျလာပြီး ချင်းမန်ရှေ့သို့ ရောက်လာသည်။

အား----

အခန်းထဲမှ လူလေးဦးလုံး မျက်လုံးအပြူးသားဖြစ်သွားသည်။ ချင်းမန်သည် စောနကပင် လှံလိုချင်ကြောင်းပြောခဲ့ကာ ယခုတွင်မူ လှံတစ်ချောင်းက ကောင်းကင်ပေါ်မှ ကျလာသည်။ အတော်လေးတိုက်ဆိုင်လွန်းလှ၏။ ချင်းမန်သည် လှံကြီးကိုကောက်ယူလိုက်သည်။ လှံကိုယ်ထည်သည် မီးတောက်ထွက်ကျောက်ကဲ့သို့ မည်းမှောင်နေကာ ၎င်းထက်ပင်ရှည်သည်။ အစွန်းတစ်ဖက်ကလည်း အနက်ရောင်တောက်ပနေသည်။

''မြတ်စွာဘုရား ဒီလှံက ဘယ်ကရောက်လာတာလဲ''

ချင်းမန်က အံ့ဩမှင်သက်စွာဖြင့် ပြောလိုက်၏။

''ငါ ငါလည်းမသိဘူး။ အိမ်ဆောက်တုန်းက တိုင်အဖြစ်သုံးခဲ့တာများ ဖြစ်နိုင်မလား''

ရွှီရှန်းကျီလည်း အံ့အားသင့်နေလေသည်။

ဖြစ်ပျက်နေသည်များကို ချုံးတလေတစ်ဦးတည်းကသာ သိသည်။ စနစ်၏ဆုကြေးများထဲမှ တစ်ခုဖြစ်ကာ အတော်လေးကောင်းသည့်နည်းဖြင့် ပေါ်လာပေသည်။ ယနေ့တွင် စနစ်ချို့ယွင်းသောကြောင့် ဆုများစွာရခဲ့သည်။ ထိုဆုများကို ရှာရန် အချိန်ကျပြီဖြစ်သည်။

''အခုကစပြီး ဒီလှံကို အစ်ကိုကြီးချင်း သုံးပါ''

ချုံးတလေက ပြောလိုက်သည်။

''တကယ်လား''

အံ့အားနေသောမျက်နှာဖြင့် လှံကြိုက်သောချင်းမန်မှာ မြဲမြဲကိုင်ထားသည်။ ချုံးတလေဆီမှ အဖြေရပြီးနောက်တွင် ရုတ်တရက်ပင် အိမ်ပြင်သို့ ပြေးထွက်သွားကာ ခံတပ်ထဲရှိ လေ့ကျင့်ရေးကွင်းဆီသို့ ဦးတည်သွား၏။

ချင်းမန်သည် လှံသုံးရာတွင် ကျွမ်းကျင်သော်လည်း လှံတစ်ချောင်းအတွက် သံပေါင်လေးဆယ်ငါးဆယ်ခန့်လိုအပ်ကာ ထိုတန်ဖိုးမှာ ၎င်းအမဲလိုက်ရာမှရသောငွေဖြင့် မလောက်ငှပေ။ ထိုခေတ်က သံအိုးတစ်လုံးကို အိမ်ထောင်စုများစွာက မျှသုံးရကာ လက်နက်တစ်ခုပိုင်ရန်မှာ ချမ်းသာသူများအတွက် အထူးအခွင့်အရေးသာ ဖြစ်သည်။

လင်းရှောင်းယွီလုပ်သည်မှာ မဆိုးလှသည့်ပုံပေါ်သော်လည်း ၎င်း၏ထူးခြားသည့်လှံတံ၊ ဟိတ်ဟန်ရှိသောမြင်းနှင့် ပိုးဝတ်စုံတို့သည် ငွေသုံးသည်ကို ပြသနေသည်။ ချမ်းသာသည်ဆိုသည်ကို အပြည့်အဝသဘောပေါက်စေသည်။ ချုံးတလေ၏ယခင်ဘဝဖြင့် ယှဉ်၍ပြောရလျှင် ထိုပစ္စည်းများသည် ကိုယ်တိုင်းဖြင့်ချုပ်ထားသည့်ဝတ်စုံဝတ်ကာ ဇိမ်ခံပြိုင်ကားစီးပြီး လမ်းတကာလှည့်၍ လူအများ၏အာရုံကို ဖမ်းစားနိုင်သည်နှင့်တူသည်။

အမှန်တွင် အားလုံးသည် စွန့်စားသူဖြစ်လိုသောအိပ်မက်မျိုးရှိသော်လည်း အားလုံးမတတ်နိုင်ကြပေ။

ချင်းမန်သည် ၎င်း၏ကိုယ်တိုင်လှံကိုပိုင်ဆိုင်ရန် အမြဲအိပ်မက်မက်ခဲ့သည်။ အမဲလိုက်နေစဉ်အတွင်းတွင် ငွေစုကာ တွက်ချက်ခဲ့သည်။ လေးသောလှံကိုမတတ်နိုင်လျှင် ပေါ့ပါးသောလှံကိုမူ တတ်နိုင်ပေမည်။ သို့သော်လည်း ယနေ့တွင်မူ ၎င်း၏မျှော်မှန်းထားသည်များနှင့် ကိုက်ညီသောလှံတစ်ကြောင်းကို ပိုင်ဆိုင်ခဲ့သည်။ ချင်းမန်၏ပျော်ရွှင်မှုက အတိုင်းထက်အလွန်ပင် ဖြစ်လေသည်။

၎င်းသည် လှံတံကိုကိုင်၍ လေ့ကျင့်ရေးကွင်းတွင် ရပ်ကာ ရုတ်တရက်ရှေ့သို့ ခုန်လိုက်ပြီး လှံက ရှေ့သို့ထွက်လာသည်။ မြွေဟောက်မှ သားကောင်ကို ပေါက်လိုက်သကဲ့သို့၊ ကျားတစ်ကောင်က ခေါင်းခါကာ လေကိုဖြတ်ကျော်လိုက်သကဲ့သို့ပင်ဖြစ်၏။ လှံသည် လေနှင့်မိုးကို လျစ်လျူရှု၍ ကခုန်နေသည်နှင့်တူပြီး လှံ၏အရိပ်သည် လေထဲတွင်ပေါ်လာကာ တစ်ခဏအတွင်းပင် ပျောက်ကွယ်သွား၏။

''တော်လိုက်တာ''

ရွှီရှန်းကျီနှင့် ရွှီလင်းအာတို့က လက်ခုပ်တီး၍ အားပေးလိုက်သည်။ ၎င်းတို့ နားမလည်သော်လည်း ချင်းမန်၏လှံအကဆီမှ ဖြာထွက်လာသောသတ်ဖြတ်လိုသည့်ရည်ရွယ်ချက်ကို ခံစားမိပေသည်။

ဟန်ရေးပြပြီးနောက်တွင် ချင်းမန်သည် လှံကိုထောင်၍ ရပ်လိုက်ကာ မျက်နှာသည် အရက်သောက်ထားသကဲသို့ နီမြန်းနေ၏။

ထိုအချိန်တွင် ချုံးတလေသည် ပေါက်ပြားကိုင်၍ ဂိုဒေါင်ထဲမှထွက်လာသည်။ ရွှီရှန်းကျီက စိတ်ဝင်တစားဖြင့် မေးလိုက်သည်။

''သူဌေး ဘာလုပ်မလို့လဲ''

''ရတနာရှာမလို့''

''ရတနာရှာမလို့။ ကျုပ်တို့ခံတပ်မှာ ဘာရတနာမှ မရှိဘူး။ သူဌေး ပျက်စီးအောင်လျှောက်မလုပ်ပါနဲ့''

ချုံးတလေကမူ ၎င်းကို လျစ်လျူရှုထားသည်။ စနစ်၏ဆုကြေးများသည်ခံတပ်ထဲတွင်ပင် ရှိကာ တစ်ခုချင်းစီလိုက်ရှာရန် လိုအပ်သည်။

ရွှီရှန်းကျီကမူ ချုံးတလေနောက်မှ လမ်းလျှောက်လိုက်ရင်းဖြင့် ရုတ်တရက် တစ်ခုခုကို ခလုတ်တိုက်မိကာ ကျောက်ခဲကို ကန်လိုက်သည်။ ခြေထောက်မှာ နာသွားပြီး ကျောက်တုံးအောက်တွင် ဖွက်ထားသောမြေအိုးတစ်လုံးရှိသည်ကို သတိထားမိလိုက်သည်။

''ဘာကြီးလဲ''

မြေအိုးကို ဖွင့်လိုက်သည့်အခါ၌ ချုံးတလေသည် အထဲတွင် အစိမ်းရောင်ဆေးဆယ်လုံးကိုတါေ့သည်။ ထိုဆေးများသည် စနစ်၏ဆုကြေးဖြစ်ပေမည်။ သာမန်ဒဏ်ရာနှင့် ဖျားနာမှုများကို သက်သာစေသော ပြန်လည်အားဖြည့်သည့်ဆေးများ ဖြစ်ပေမည်။

''ရော့ လင်းရှောင်ယွီကို တိုက်လိုက်''

ချုံးတလေက ရွှီလင်းအာကို ဆေးလုံးတစ်လုံးပေးလိုက်ပြီး ရတနာများကို ဆက်ရှာသည်။

၎င်းသည် မြင်းဇောင်းသို့ သွားကြည့်သည်။ လတ်တလောတွင် တောင်ပေါ်ခံတပ်တွင် မြင်းသုံးကောင်ရှိသည်။ တစ်ကောင်သည် ခံတပ်ကပိုင်သောမြင်းဖြစ်ပြီး နောက်တစ်ကောင်မှာ လုလာသောမြင်းဖြစ်ပြီး အခြားတစ်ကောင်မှာမူ လင်းရှောင်ယွီ၏မြင်းဖြစ်သည်။ လင်းရှောင်ယွီက ခံတပ်ဖြင့်မပူးပေါင်းရသေးသောကြောင့် ဆုကြေးရသောအခါတွင် ၎င်း၏မြင်းမှာ အဆင့်မမြှင့်တင်ရသေးပေ။

ချုံးတလေသည် မြင်းနှစ်ကောင်၏အချက်အလက်များကို စစ်ဆေးကြည့်သည်။

သာမန်မြင်းဝါ (ဆွဲမြင်း)

ကျွမ်းကျင်မှု - လွတ်မြောက်ခြင်း (ထွက်ပြေးသည့်အခါတွင် အမြန်နှုန်းမြင့်လာသည်)

သာမန်မြင်းနက်

ကျွမ်းကျင်မှု - တိုက်ခိုက်ခြင်း (တိုက်ခိုက်နေစဉ်တွင် မြန်နှုန်းမြင့်လာသည်)

မြင်းများသည့် အဆင့်မြင့်သွားယုံတင်မက စွမ်းအားများပါ ရသွားသည့်အတွက်် ချုံးတလေ အံ့အားသင့်သွားသည်။

''အစ်ကိုကြီးချင်း အခုကစပြီး ဒီမြင်းမည်းက ခင်ဗျားအပိုင်ပဲ''

ချုံးတလေဆိုလိုက်သည်။

''ကျုပ်ဟာ''

ချင်းမန်မှာ စိတ်လှုပ်ရှားသွားသည်။ အချိန်တိုအတွင်းတွင် လှံတံသုံးသည့်စနစ်များလည်းတိုးတက်လာပြီး လက်နက်လည်းရကာ ယခုတွင်မြင်းပါရလေပြီ။ လောကကြီးက ၎င်းကို ကြင်နာလွန်းနေသည်မဟုတ်ပါလော။ ချပ်ဝတ်တန်ဆာတစ်စုံပါရလျှင် တိုက်ပွဲဝင်မည့်၎င်း၏အိပ်မက်မှာ လက်တွေ့ဖြင့် တစ်ဆင့်နီးနိုင်ပေလိမ့်မည်။

ရွှီရှန်းကျီကမူ အနည်းငယ်မျှ ခေါင်းမူးသွားသည်။ ၎င်းသည် ရပ်နေကာ မြင်းဇောင်းဆီသို့ ပြေးလာပြီး ခပ်ဝေးဝေးမှ လှမ်းအော်လိုက်၏။

''သူဌေး''

လဲကျပြီးနောက်တွင် ရွှီရှန်းကျီမှာ မြေကြီးအောက်၌ သစ်သားသေတ္တာတစ်လုံးကို ရှာတွေ့ခဲ့သည်။ သစ်ပင်ကိုမှီကာ ထလိုက်သောအခါ၌ သစ်ပင်ပေါ်မှာ ချပ်ဝတ်တန်ဆာနှစ်စုံပြုတ်ကျလာသည်။

ချုံးတလေ၊ ချင်းမန်နှင့် ရွှီးလင်းအာတို့က ၎င်းကို ဝန်းရံထားသည်။ ထူးဆန်းသောအရာများ၏အရင်းအမြစ်က ရွှီရှန်းကျီဖြစ်နေပေသည်။

''အားလုံးက ဘာလို့ င့ါကို ကြည့်နေကြတာလဲ။ ကျုပ် ကျုပ် ဘာလို့ဒီလိုဖြစ်နေလဲဆိုတာ ကျုပ်လည်းမသိဘူး''

''ဗျူဟာမှူးကို စောင့်ကြည့်ထား''

ရွှီရှန်းကျီတစ်ယောက် အော်ကာ ပြန်ပြေးသွားပြန်သည်။ ၎င်းသွားသည့်နေရာတိုင်း ထူးဆန်းနေကာ တစ်ခုခုကို အမြဲရှာတွေ့နေသည်။ ကျောက်တုံးများအောက်တွင် ဗုံများရှိနေကာ မြေကြီးထဲတွင် သေတ္တာများရှိနေသည်။ စားပွဲအောက်တွင်လည်း ဖုံတက်နေသည့်အလံများရှိနေသည်။

နောက်ဆုံးတွင် ရွှီရှိန်းကျီသည် ခံတပ်ထဲရှိ ရေတွင်းပျက်ဆီသို့ ရောက်လာသည်။ ထိုနေရာတွင်မူ လုံခြုံပြီဟု ၎င်းဘာသာ တွေးနေမိသည်။ သို့သော်လည်း ရေတွင်းထဲသို့ ငေးကြည့်လိုက်သောအခါ၌ ဆယ်စုနှစ်တစ်ခုကျော်မျှ ရေခမ်းခြောက်နေသောရေတွင်းက ထူးဆန်းစွာဖြင့် ရေများထွက်၍နေသည်။

''အား လန့်စရာကောင်းလိုက်တာ''

ခံတပ်တစ်ခုလုံး အတွင်းအပြင် လှန်ပြီးသည့်နောက်တွင် ၎င်းသည် ခြံဝန်းထဲရှိ အလံတိုင်အောက်၌ စုဝေးကြသည်။

ချုံးတလေသည် ရှာတွေ့ခဲ့သည်များကို စာရင်းလုပ်သည်။ လှံတစ်ချောင်း၊ သာမန်ချပ်ဝန်တန်ဆာနှစ်စုံ၊ ပြန်လည်အားဖြည့်ဆေးဆယ်လုံး၊ ဗုံတစ်လုံဂ(အားပေးလှုံ့ဆော်နိုင်သည့်စွမ်းအားရှိ)၊ အလံတစ်ခု(လူဖွဲ့စည်းနိုင်သည့်စွမ်းအားရှိ)၊ အရက်ပြင်းအိုးသုံးဆယ်၊ တံစဉ်ဆယ်ချောင်း၊ ချင်းနျူးတောင်မြေပုံတစ်ခု၊ စာသင်သားဝတ်စုံတစ်စုံ၊ လယ်မြေဆယ်ဧက၊ ရေတွင်းနှင့်တောင်ပေါ်စမ်းချောင်းတို့ ဖြစ်လေ၏။

ခံတပ်မှရသွားသောစွမ်းအားများမှာ ကုသနိုင်စွမ်းနှင့်စည်းလုံးခြင်းဖြစ်သည်။ မြင်းများသည်လည်း အဆင့်မြင့်သွားကာ စွမ်းအားများရသွားသည်။

အံ့ဩစရာအကောင်းဆုံးအရေအတွက်မှာ ရှာတွေ့ထားသော သစ်သားသေတ္တာအလုံးငါးဆယ်ဖြစ်သည်။

အမှန်တွင် ၎င်းတို့ရထားသည်များက များလှပသော်လည်း စနစ်၏ဆုကြေးများက တန်ဖိုးကျသွားသည့်ပုံပေါ်သည်။ ရွှီရှန်းကျီက အံ့ဩစွာဖြင့် ပြောလိုက်သည်။

''သူဌေး အရင်ခံတပ်ပိုင်ရှင်က သူမသေခင် ဘာများပြောခဲ့သေးလဲ''

ချုံးတလေကမူ တိတ်ဆိတ်နေဆဲဖြစ်ကာ ရွှီရှန်းကျီက စာသင်သားဝတ်စုံကို ကောက်ယူလိုက်ပြီး

''ဒီဝတ်စုံက ကျုပ်အတွက် ချုပ်ထားသလိုပဲ။ ဒါတွေသာ ဝတ်လိုက်ရင် ကျုပ်ဗျူဟာတွေက နှစ်ဆတက်သွားမှာ''

''ချထားလိုက်။ အဲ့တာ င့ါအပိုင်''

ချုံးတလေက ၎င်းကို ငေါက်လိုက်သည်။ ၎င်း၏ဉာဏ်ရည်မှာ တစ်ဆယ်ဖြင့်မြှောက်လျှင်ပင် သုညက သုညပင် ဖြစ်နေပေဦးမည်။

သို့သော်လည်း ချုံးတလေသည် စနစ်၏ဆုများထဲတွင် ဝတ်ရုံဖြူတစ်ထည်ပါကာ ဓားတစ်ချာင်းမှ ပါမလာသောကြောင့် စိတ်မကောင်းဖြစ်နေသည်။ ၎င်းသည် ဓားစွဲကိုင်ကာ သိုင်းလောကထဲတွင် လျှောက်သွားနိုင်သည့်အရည်အချင်းမျိုး မရှိ၍ပေလော။

အကြည့်များက သေတ္တာများဆီသို့ ရောက်သွားကာ ချုံးတလေ၏မျက်လုံးတို့ အရောင်တောက်သွားသည်။

''သေတ္တာတွေ ဖွင့်ကြည့်ရအောင်'’

All Chapters