ကောင်းကင်ဖားပြုတ်ကလမင်းကိုမျိုခြင်း
Vol. 1 Ch. 9
နှစ်ပေါင်းများစွာ ဂိမ်းကစားသည့်အတွေ့အကြုံအရ ချုံးတလေသည် သေတ္တာများကိုဖွ့င်ခြင်းက ကံစမ်းသည့်ကစားနည်းမျိုးဖြစ်သည်ကို သိသည်။ ဗလာဖြင့်အဆုံးသတ်သွားနိုင်သကဲ့သို့ ထိပ်တန်းအဆင့်လက်နက်လည်း ပါလာနိုင်သည်။ အမှန်တွင် သေတ္တာအလွတ်ဖြစ်နိုင်သည့်အခွင့်အရေက ပို၍များပေသည်။
သို့သော် ယနေ့တွင် ကံကောင်းခြင်းမှာ မိမိဘက်တွင်ရှိနေသောကြောင့် ထိုသို့ဖြစ်မည်မဟုတ်ပေ။
သေတ္တာများကိုသန့်ရှင်းကာ အမွှေးတိုင်ထွန်းပြီး ကောင်းကင်ကို သုံးကြိမ်သုံးခါကန်တော့သည်။ ထို့နောက်တွင် သေတ္တာတစ်လုံးကိုရွှေ့ပြီး ဖွင့်ကြည့်လိုက်သည်။
''အားလုံးပဲ အာရုံစိုက်ကြ။ အံ့ဩစရာကို မျက်မြင်တွေ့ရမဲ့အချိန်ကျပြီ''
မျက်လုံးအကြည့်အားလုံးက သေတ္တာပေါ်တွင် ရှိကာ ဖွင့်ကြည့်လိုက်သောအခါတွင်မူ အလွတ်ကြီးဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ချုံးတလေတစ်ယောက် ရှက်သွားကာ
''ပထမဆုံးကြိုးစားကြည့်ယုံနဲ့ မနိုင်နိုင်ဘူးဆိုတာကို ပြောမထားကြဘူးလား။ ကံကောင်းမှုက ရောက်လာဦးမှာ''
ဒုတိယသေတ္တာမှာလည်း ဗလာပင်ဖြစ်သည်။ ထိုသို့ဖြင့် ချုံးတလေသည် သေတ္တာဆယ်လုံးကို ဆက်တိုက်ဖွင့်ကာ သေတ္တာတိုင်းမှာ ဗလာဖြစ်နေသည်။ နောက်ဆုံးသေတ္တာသည် လွန်စွာလေးလံနေကာ ဖွင့်ကြည့်လိုက်လျှင် အလားအလာကောင်းရှိမည်ဟု မျှော်လင့်မိသည်။ သို့သော်လည်း ဖွင့်ကြည့်လိုက်သောအခါတွင်မူ အထဲတွင်ကျောက်ခဲများသာ ရှိ၏။
''သူဌေး ကျွန်တော်ဖွင့်ကြည့်ကြည့်မယ်''
''လုပ်ကြည့်။ ခင်ဗျားကံကောင်းတာက ကျုပ်ထက်တော့ မဆိုးလောက်ဘူး''
ရွှီရှန်းကျီသည် စိတ်လှုပ်ရှားစွာဖြင့် သေတ္တာတစ်လုံးကို ရွေ့သည်။ မျှော်လင့်ထားခြင်းမရှိသော်လည်း ချုံးတလေကမူ ကြည့်နေမိဆဲဖြစ်သည်။
''တစ်ခုခုရှိတယ် တစ်ခုခုရှိတယ်''
ရွှီရှန်းကျီက အော်ပြောလိုက်ကာ ရပ်သွားပြီး
''ဒါဘာလဲ''
သေတ္တာထဲတွင် အနက်ရောင်အမှုန့်တစ်မျိုးဖြင့် ပြည့်နေသည်။ ချုံးတလေသည် အမှုန့်လက်တစ်ဆုပ်ကိုယူကြည့်ကာ သဘောပေါက်သွား၏။
''ယမ်းမှုန့်တွေပဲ''
''ယမ်းမှုန့်ကဘာလဲ''
ချင်းမန်၊ ရွှီရှန်းကျီနှင့် ရွှီလင်းအာတို့အားလုံး ပဟေဠိဖြစ်စွာဖြင့် မေးလိုက်ကြသည်။
ချုံးတလေက မဖြေပေ။ ၎င်းသည် ထိုလောက၏ ထုတ်လုပ်နှုန်းအဆင့်အတန်းနှင့်ပက်သက်ပြီး အမြဲတမ်းသိချင်ခဲ့မိသည်။ သို့သော် ၎င်း၏အကဲဖြတ်မှုကို အခြေခံကာ စက်ရုံများတိုးတက်လာရန်ကမူ လုံးဝမဖြစ်နိုင်ပေ။ ၎င်းသည်လည်း ထိုသို့လုပ်နိုင်သောအရည်အချင်းမရှိသောကြောင့် ထိုလောကထဲတွင် ထုတ်လုပ်နိုင်စွမ်းလိုအပ်နေသည်။
အနက်ရောင်အမှုန့်ကို မရင်းနှီးသော ထိုသုံးဦးကိုမြင်လိုက်သောအခါတွင် ချင်းနျူးတောင်သည် သတင်းအချက်အလက်အားနည်းသော်လည်း အနည်းဆုံးတွင် ယမ်းမှုန့်ထုတ်လုပ်နိုင်သည်ကို မှန်းဆကြည့်လိုက်မိသည်။
ထိုယမ်းမှုန့်နှင့်အတူ နယ်မြေအနေအထားကို အခွင့်ကောင်းယူကာ ဟေးယန်မြို့မှတိုက်ခိုက်မှုကို ခုခံရပေမည်။
ချုံးတလေတစ်ယောက် ရုတ်တရက်သဘောပေါက်သွားသည်။
''မြန်မြန် သေတ္တာအားလုံးဖွင့်ပြီး ငါတို့ အဲ့ပစ္စည်းဘယ်လောရထားလဲ ကြည့်ကြည့်''
ရွှီလင်းအာနှင့် အခြားသူများသည် စိတ်လှုပ်ရှားစွာဖြင့် သေတ္တာဖွင့်သည့်ကစားနည်းကို ကစားကြကာ စိတ်အားထက်သန်သောအော်သံများဖြင့် အဆုံးသတ်ကြပေသည်။ ချုံးတလေကမူ ဘေးတွင်သာရပ်ကာ မနာလိုစွာဖြင့် သွားရေကျနေမိသည်။ သို့သော်လည်း ၎င်း၏ကံဆိုးမှုဖြင့်ဆိုလျှင် မစွန့်စားရဲပေ။
နောက်ဆုံးတွင်မူ ယမ်းမှုန့်ဆယ်သေတ္တာရထားသည်။ အခြားသေတ္တာများကမူ ဗလာဖြစ်သည်။ ချုံးတလေသည် ယမ်းမှုန့်ပမာဏမည်မျှရှိသည်ကို သိရန်လိုအပ်သည်။
''သေတ္တာတွေကိုသိမ်းထား။ သုံးဖို့ နည်းလမ်းရှာကြည့်ဦးမယ်''
''သူဌေး ခင်ဗျားက အမြင်ရှိတာပဲ။ ဒါက အရည်အသွေးကောင်းတဲ့သစ်သားတွေ။ ဆောင်းတွင်းကျ ထင်းမီးလုပ်ဖို့် အသုံးဝင်နိုင်တယ်''
''ခင်ဗျားကိုပဲ အဲ့အစား မီးမြှိုက်ပစ်လိုက်ချင်တာ။ အဲ့တာတွေကို သေချာစောင့်ရှောက်ထား။ တစ်ခုလေးပဲ ပျက်စီးရင်တောင် ခင်ဗျားကို အရေခွံနွှာပစ်မယ်''
ချုံးတလေမှာ သက်ပြင်းချကာ မေးလိုက်သည်။
''ဗျူဟာမှူး ကျုပ်တို့လယ်ကွင်းတွေက ဘယ်မှာလဲ''
''အနောက်ဘက်က တောင်ကုန်းပေါ်မှာ။ လွန်ခဲ့တဲ့နှစ်တွေကတည်းက အသုံးမဝင်တော့တာ။ အရင်နွေဦးတုန်းက ဂျုံတွေကြဲထားသေးတယ်။ ဒါပေမဲ့ ဘာမှမဖြစ်ထွန်းဘူး။ ဘာလို့မေးတာလဲ''
''တစ်ချက်သွားကြည့်ကြည့်ရအောင်''
''မှောင်နေပြီ။ အဲ့လောက်ဝေးတာကို သွားချင်လို့လား။ မိုင်တော်တော်ဝေးသေးတယ်''
ရွှီရှန်းကျီသည် အပျင်းထူကာ သေတ္တာများရွှေ့ရ၍ ပင်ပန်းနေပြီဖြစ်သော်လည်း ချုံးတလေက ခေါင်းမာနေသောကြောင့် ရွေးချယ်စရာမရှိဘဲ လမ်းပြပေးလိုက်သည်။
သို့သော်လည်း တောင်ကုန်းပေါ်သို့ ရောက်သောအခါ၌ ရွှီရှန်းကျီတစ်ယောက် ကြောင်အမ်းသွားသည်။ ဂျုံခင်းဆယ်ဧကသည် ယခုတွင် ရွှေရောင်ဂျုံအညှာများဖြင့် ပြည့်နှက်နေကာ တောင်ပေါ်စမ်းချောင်းကလည်း ကြည်လင်အေးမြသောရေတို့ စီးဆင်းနေပေသည်။
အရာအားလုံးက ချုံးတလေ မျှော်မှန်းထားသည့်အတိုင်းဖြစ်သည်။ စနစ်ကပေးသောအကောင်းဆုံးဆုကို မြင်လိုက်ရခြင်းလည်း ဖြစ်၏။
''နတ်ဘုရားတွေ ကောင်းချီးပေးတာပဲ''
ရွှီရှန်းကျီတစ်ယောက် ဂျုံခင်းထဲသို့ ပျော်ရွှင်မြူးတူးနေသောအမူအရာဖြင့် ပြေးသွားသည်။ ခံတပ်ထဲမှပစ္စည်းများ ရှာတွေ့သောအခါကပင် ထိုသို့ခံစားချက်မျိုးကိုမပြခဲ့ပေ။ ချင်းမန်ကမူ အစေ့တစ်စေ့ကို ဖောက်ကြည့်ကာ ဝမ်းပန်းတသာဖြင့် ရယ်မောလိုက်၏။
ချုံးတလေမှာ တုန်လှုပ်သွားကာ ထိုမြင်ကွင်းကို ငေးကြည့်နေပေသည်။
''လင်းအာ လျှောက်မပြေးနဲ့။ ဂျုံစေ့တွေကိုတိုက်မိတယ်''
''ဒါတွေအားလုံးကို ရိတ်ရမယ်။ ငါတို့ အစေ့ပေါင်ထောင်ချီရနိုင်တယ်။ ဆောင်းတွင်းကိုဖြတ်ကျော်ဖို့ လုံလောက်ပြီ''
''ဂျုံကောက်ရိုးတွေကိုလည်း ဆောင်းတွင်းကျ မီးလှုံဖို့ သုံးလို့ရတယ်။ အေးတဲ့ညတွေကနေ ကယ်တင်ပေးလိုက်တာပဲ''
''ငါတို့ ရိတ်သိမ်းရအောင်။ မိုးရာသီက နီးလာပြီ''
သုံးဦးသားဂျုံခင်းအလယ်တွင် ရပ်ကာ အပူတပြင်းဆွေးနွေးတိုင်ပင်နေကြသည်။ ၎င်းတို့ပြောနေသည်ကို ၎င်းတို့ဘာသာသာ သိပေသည်။
''သူဌေး ညဘက်ကြီး ရိတ်ရမှာပဲ။ မိုးရွာရင် ကျုပ်တို့ ကြိုးစားထားတာတွေ အလဟဿဖြစ်ကုန်လိမ့်မယ်''
ရွှီရှန်းကျီက ရောက်လာပြီး အကြံပေးလိုက်၏။
''သေချာတယ်။ မြန်မြန်လုပ်။ အလုပ်များလာပြီ။ ဟေးယန်မြို့ကသူတွေ ရောက်လာရင် ဖမ်းမိနေလိမ့်မယ် ''
ရွှီရှန်းကျီမှာ ပြောစရာစကားမရှိပေ။ ရုတ်တရက် ဒူးထောက်ကာ ကန်တော့လိုက်၏။
''နတ်ကောင်းနတ်မြတ်တို့ ကျွန်တော်တို့ကို ကောင်းချီးပေးပါ။ ကျွန်တော်တို့ အကြွေးကြီးတင်သွားပါပြီ''
ချုံးတလေမှာ ပြောစရာစကား ပျောက်ဆုံးသွားလေသည်။ ဂျုံခင်းဧကအနည်းငယ်မျှသာ ဖြစ်သည်။ ထိုမျှလိုအပ်သည်လော။ ပို၍အံ့အားသင့်သွားစေသည်မှာ ချင်းမန်နှင့် ရွှီလင်းအာကပါ ဒူးထောက်ပြီး အတူတူလိုက်ပြောနေခြင်းဖြစ်၏။
၎င်းတို့မျက်နှာပေါ်မှ ရိုသေကိုင်းရှိုင်းသောအမူအရာကိုကြည့်ကာ ချုံးတလေမှာ တစ်ခုခုကို နားလည်စပြုလာမိသည်။
တောင်ခံတပ်သည် ၎င်းစိတ်ကူးထားသကဲ့သို့ မဟုတ်ခဲ့ပေ။ မျက်တောင်မခတ်ဘဲ လူသတ်ဖြတ်ကာ ရွာများကို မီးရှို့ဖျက်ဆီးတတ်ပြီး အသားစားကာ အရက်သောက်နေကြသော မကောင်းဆိုးဝါးများဖြင့် ပြည့်နေသောနေရာမျိုး မဟုတ်ပေ။ တစ်ခါတစ်ရံတွင် လူကြီးများကလေးများရှိသော ရွာလေးနှင့်တူကာ မြေအလွတ်များတွင် အပင်စိုက်ပြီး လိုအပ်သည်များဝယ်ရန်တောင်အောက်သို့ဆင်းတတ်ကြသည်။
ချုံးတလေရှေ့က သုံးယောက်မှာမူ ဓားပြဟုခေါ်ရန်မှာ မအပ်စပ်ဖြစ်နေလေ၏။
ချုံးတလေသည် လွန်ခဲ့သောနှစ်ရက်အတွင်း ၎င်းတို့၏နောက်ခံများနှင့်ပက်သက်ပြီး သဘောပေါက်သွားသည်။ ရွှီရှန်းကျီသည် ရွာတစ်ရွာတွင် ဆရာဖြစ်ခဲ့သည်။ သို့သော် ဆရာဟုခေါ်သော်လည််း စာအနည်းအကျဉ်းဖတ်တတ်ရုံမျှသာဖြစ်၏။ ၎င်းဘဝတွင်အကောင်းဆုံးကိစ္စမှာ ဝိုင်အိုးလေးဝယ်ရန်အတွက် ကြေးစလေးစုရန်သာ ဖြစ်ကာ ရွာထဲရှိ အခြားအိမ်များကိုချောင်းကြည့်၍ သွားရေကျခဲ့ရသည်။
၎င်းသည် တောင်ပေါ်တွင်ဖြစ်စေ၊ ရွာထဲတွင်ဖြစ်စေ အမြဲစက်ဆုပ်စရာကောင်းကာ စိတ်အနှောင့်အယှက်ဖြစ်ရသည်။
ထို့နောက်တွင် တစ်နေ့၌ ရွာထဲမှ အနိုင်ကျင့်တတ်သူတစ်ယောက်သည် ရွှီလင်းအာကို မျက်စိကျသွားသည်။ ၎င်းသည် အရိုင်းအစိုင်းမဟုတ်သော်လည်း မြို့ထဲမှ မြင့်မြတ်သူတစ်ယောက်၏ အစေခံဖြစ်သည်။ ရွှီရှန်းကျီမဆိုထားနှင့်၊ ရွာထဲက မည်သူကမှ ၎င်းကို မစော်ကားရဲပေ။
တစ်နေ့တွင် ရွှီရှန်းကျီသည် ရွှီလင်းအာကို လှလှပပဝတ်စားဆင်ယင်ပေးကာ ထိုသူကို အိမ်သို့ဖိတ်ခေါ်ပြီး အကြွေးဖြင့် ဝိုင်ဝယ်ကာ ၎င်းတို့အိမ်ရှိကြက်ကိုသတ်ပြီး အမြည်းလုပ်ပေးခဲ့သည်။
''လင်းအာ သူ့ကိုလက်ထပ်လိုက်ရင် မင်းကံကောင်းပြီ။ နောင်ကျရင် ကံကြမ္မာကောင်းကိုတောင် ပိုင်ဆိုင်ရနိုင်တယ်''
''ငါတို့လင်းအာလေးက ဘယ်လောက်လှလဲကြည့်။ သူ့အသားအရေကလည်း နူးညံ့နေတာပဲ။ သူက မင်းကိုကျေနပ်စေမှာသေချာတယ်''
''ဒီည နှစ်ယောက်အတူ ကုန်ဆုံးလိုက်ပါ။ စိတ်မပူပါနဲ့။ ငါက တံခါးစောင့်ပေးမှာပါ။ ဟားဟားဟား---''
အနိုင်ကျင့်သူ အရက်မူးလာသောအခါတွင် ရွှီရှန်းကျီက ထိုသူကို မီးဖိုးချောင်သုံးဓားဖြင့် ခေါင်းဖြတ်ကာ ရွှီလင်းအာကိုခေါ်၍ ထွက်ပြေးသွားသည်။ ထိုသို့ပြေးရင်းလွှားရင်းဖြင့် ဖားပြုတ်ခံတပ်တွင် အဆုံးသတ်သွားလေသည်။
ရွှီရှန်းကျီဘဝတွင် မကောင်းမှုကို ကျူးလွန်သည်မှာ ပထမဆုံးအကြိမ်ဖြစ်နိုင်ကာ အောင်မြင်ခဲ့သည်မှာ ထိုတစ်ကြိမ်တည်းဟုသာ ဆိုနိုင်သည်။
နေဝင်သွားသည်အထိ ဂျုံခင်းထဲမှ မပြန်ရသေးပေ။ ပြီးမှသာ လေးဦးသား ခံတပ်ဆီသို့ ပြန်လာခဲ့သည်။
ချုံးတလေသည် စနစ်က ဆုချထားသောအလံကြီးကိုဆွဲကာ ရွှီရှန်းကျီရှေ့တွင် ဝှေ့ယမ်းလိုက်၏။
''ဒါက ငါတို့ ခံတပ်ရဲ့အရင်အလံဟောင်းမဟုတ်လား။ တစ်ယောက်ယောက်က ဘောင်းဘီချုပ်လိုက်ပြီထင်နေတာ။ ဒီနေ့ ရှာတွေ့လိမ့်မယ်လို့ ထင်မထားဘူး''
''ခင်ဗျားကို မေးကြည့်ချင်လို့။ ဒါကို ဘယ်သူဆွဲထားတာလဲ။ ဖားပြုတ်က ခေါင်းပေါ်မှာ ဥတစ်လုံးသယ်ထားတာပဲ၊ ဖားပြုတ်ခံတပ်က ဥသယ်တာကို သင်္ကေတလုပ်ထားတာလား''
''အဲ့တာ ဥမဟုတ်ဘူး။ လကြီးပါ။ ကောင်းကင်ပေါ်က ဖားပြုတ်က လကိုမျိုချတဲ့ပုံမျိုးပါ။ ဒါပမဲ့ ဒီလိုမျိုးထားလိုက်ရင်တော့---''
''ချိတ်ထားလိုက်''
ချုံးတလေက အလံကို ချင်းမန်ဆီသို့ ပစ်ပေးလိုက်သည်။
မျောက်တစ်ကောင်ကဲ့သို့ လျင်မြန်ဖျတ်လတ်စွာဖြင့် ချင်းမန်သည် အလံတိုင်ပေါ်သို့တက်ကာ ထိပ်တွင် ချိတ်ဆွဲလိုက်သည်။
ဆင်းလာသောအခါတွင် အားလုံးက ညလေ၌ တလွင့်လွင့်တိုက်ခတ်နေသောအလံကို မော့ကြည့်လိုက်ကြသည်။ အလံပေါ်မှဖားပြုတ်သည် လေထဲတွင် အသက်ဝင်လာသည့်ပုံပေါ်ကာ လောဘတကြီးဖြင့် လကို ကြည့်နေသည့်ဟန်တူသည်။ အထင်ကြီးစရာအကြံဉာဏ်ပင် ဖြစ်၏။
မိမိသာ ဖားပြုတ်တစ်ကောင် ဖြစ်လျှင်လည်း လကိုမျိုချကာ အရသာခံကြည့်ပေမည်။
၎င်းစိတ်ထဲမှ အရာတစ်ခုက ချိတ်ဆက်သွားဟန်ရှိ၏။ ခံတပ်ထဲတွင် စားစရာရှိသည်။ ဆောင်းတွင်းတွင် အသက်ရှင်နိုင်သည်။ အခက်အခဲကို ဖြတ်ကျော်နိုင်သည်နှင့် မျက်လုံးထဲမှအရောင်တို့က တောက်ပလာကာ ထိုနေရာကို ကာကွယ်ရမည်ဟုသောခံယူချက်တို့ ရှင်သန်ထကြွလာသည်။
''ပုန်ကန်တာ စနေပြီလား''
ချုံးတလေသည် မိမိဘာသာ ညီးတွားလိုက်ပေသည်။ စောနကပင် စနစ်ဆီမှ စာနှစ်စောင်ရထားသည်။
ဒီ---
တရားမျှတမှု၏လူငယ်လေး သင်၏အလံကို လွှင့်ထူပြီးပါပြီ။ အရပ်ရှစ်မျက်နှာမှာ သူရဲကောင်းများကို သင်နဲ့အတူ ပူးပေါင်းရန် ဆွဲခေါ်ပြီးပါပြီ။
ဒီ---
ခံတပ်မှလူဦးရေကို တစ်ရာအထိ တိုးမြှင့်ရန်မစ်ရှင်ကို ရရှိထားပါသည်။ ဆုကြေးမှာ ကံစမ်းမဲတစ်ကြိမ်နှိုက်ခွင့်ဖြစ်ပါသည်။