ဟေးယန်မြို့
Vol. 1 Ch. 10
''ဖားပြုတ်တောင်ရိုးသို့ မြင်းတပ်စစ်သည်တစ်ရာကျော် ရုတ်တရက် ဝင်ရောက်လာပါမည်။ ၎င်းတို့ကို ပုဆိန်ဆွဲကိုင်ထားသောလူတစ်ဦးကဦးဆောင်ကာ ထိုသူကို ဖားပြုတ်ဘုရင်ဟုခေါ်သည် ''
......
ဟေးယန်မြို့၊ မြို့အရှင် စံအိမ်တွင်ဖြစ်၏။
ဟွမ်စန်းယွမ်သည် ဟေးယန်မြို့သို့ ညတွင်းချင်းပြန်လာပြီး ၎င်း၏ခရီးကို စီကာပတ်ကုံး ပြန်ပြောပြသည်။ ၎င်းနှင့်မျက်နှာချင်းဆိုင်ထိုင်နေသောသူသည် ဝတ်ရုံကြီးကို ဝတ်ထားကာ မျက်နှာဝိုင်းဝိုင်းဖြင့် ဝဖိုင့်ဖိုင့်လူတစ်ယောက်ဖြစ်၏။
ထိုသူက ဟေးယန်မြို့အရှင် ဟန်ဟူကျီမှလွဲ၍ အခြားသူမဟုတ်ပေ။ ၎င်းနောက်တွင် အစေခံနှစ်ဦးရပ်နေကာ တစ်ဦးက အစိမ်းရောင်ဝတ်ထားပြီး ကျန်တစ်ဦးက ပန်းရောင်ဝတ်ထားသည်။ နှစ်ဦးလုံး (၁၆) (၁၇)ခန့်သာရှိသေးကာ အရပ်အမြင့်လည်းတူပြီး ပုံစံလည်းဆင်သည်။ စိတ်ဝင်စားစရာကောင်းသည်မှာ အမြွှာများဖြစ်နေခြင်းဖြစ်သည်။
ဟွမ်စန်းယွမ်၏စကားကို နားထောင်ရင်းဖြင့် ဟန်ဟူကျီသည် ခေါင်းမမော့ဘဲ မျက်လုံးလည်း မှိတ်ထားသည်။
''လောင်ဟွမ် စိတ်ထဲမှာ ကြောက်ရွှံ့နေပေမဲ့လို့ အဲ့ခံစားချက်ကို ဖုံးကွယ်ထားဖို့ ကြိုးစားနေတာပဲ။ ခါးက ဓားကို ဆွဲထုတ်ပြီး ငါတို့သခင်မလေးကို ဓားပြတိုက်ချင်ရင် ငါ့အလောင်းပေါ်ကနေ အရင်ဖြတ်သွားရမယ်လို့ အော်ခဲ့သေးလား''
''ဓားပြတွေနဲ့ တိုက်မလို့ဆဲဆဲမှာ အခြားအုပ်စုက နောက်ကရောက်လာပြီး ဝင်တိုက်တယ်။ သူတို့ကို ဦးဆောင်တဲ့သူက စာသင်သားရွှီရှန်းကျီလို့ ပြောပါတယ်''
''အမ်''
သတ်လတ်ပိုင်းလူတစ်ယောက်သည် ဖျော့တော့နေသောမျက်နှာထားဖြင့် ဟန်ဟူကျီကိုဘေးမှ ဝင်ပြောလိုက်၏။
''ဖားပြုတ်တောင်ရိုးမှာ ဓားပြက အဲ့လောက်တောင်များလား''
''ဗျူဟာမှူးကတော့ သတိမရှိဘူး။ သူတို့က လူနှစ်ရာမကဘူး။ ထောင့်ဖြတ်အနေအထားကနေ အခြားအဖွဲ့တစ်ဖွဲ့က ဝင်တိုက်တယ်။ အဲ့အုပ်စုရဲ့ခေါင်းဆောင်က ယုံချွင်းယဲ့ဝမ်လို့ပြောပါတယ်''
ခရီးစဉ်တစ်လျှောက်တွင် ဟွမ်စန်းယွမ်သည် ၎င်း၏ဆင်ခြေဆင်လက်များကို စဉ်းစားလာခဲ့သည်။ သတိထားကာ ဇာတ်လမ်းဆင်ခဲ့ကာ ဓားပြအရေအတွက်ကိုလည်း သုံးရာထိတိုးထားသည်။
''သခင်မလေးကို ကာကွယ်ဖို့ ပျက်ကွက်ခဲ့ပါတယ်။ ဓားပြအရေအတွက်ကလည်း များလွန်းပါတယ်။ ကျွန်တော်လည်း ဆိုးဆိုးဝါးဝါး ဒဏ်ရာရပြီး သခင်မလေးကိုလည်း ဓားပြတွေက ခေါ်သွားတယ်''
''အပြစ်ကြီးကို ကျူးလွန်ခဲ့မိပါတယ်။ အပြစ်ကြီးကို ကျူးလွန်ခဲ့မိပါတယ်''
ဟွမ်စန်းယွမ်သည် ဒူးထောက်ကာ အကြိမ်ကြိမ်ဦးချလိုက်ပြီး
''ကျွန်တော့်အမှားကို ဝန်ခံပါတယ်။ ကျွန်တော့်ကို စစ်သားတစ်ရာပဲပေးပါ မြို့အရှင်။ အဲ့အရူးကို လက်စားချေပြီး သခင်မလေးကို ကာကွယ်ပေးပါ့မယ်။ ပြီးရင် ကျွန်တော့်ရဲ့ပြစ်ဒဏ်ကို ရင်ဆိုင်ပါ့မယ်''
ဟွမ်စန်းယွမ်၏ခန္ဓာကိုယ်တွင် သွေးများ ပေကျံနေသည်။ အဝတ်အစားများကလည်း စုတ်ပြဲနေ၏။ မျက်ရည်များကလည်း ဖြိုင်ဖြိုင်ကျနေသည်။ ၎င်းနောက်သို့ လိုက်လာကြသော စစ်သည်များကလည်း မြေကြီးပေါ်တွင် ဒူးထောက်ထားကြကာ မျက်နှာများက နီရဲနေပြီး ကြောက်လန့်ပြီး တုန်ယင်နေရှာသည်။
''သတ်''
ဟန်ဟူကျီက ခေါင်းမော့ကာ တစ်လုံးတည်းသာ ပြောလိုက်သည်။
''မြို့အရှင်''
မြေကြီးပေါ်တွင် ဒူးထောက်နေသောသူများကို ရုတ်တရက်ပင် ဆွဲခေါ်သွားကာ ခန်းမထဲမှ ဆွဲထုတ်သွားသည်။ ဟွမ်စန်းယွမ်၏မျက်နှာမှာ ချက်ချင်းပင် ဖျော့တော့သွားသည်။ မုသားကောင်းကောင်းသုံးခဲ့ပါသော်လည်း မရှောင်လွှဲနိုင်သောကံကြမ္မာမှ လွတ်မြောက်နိုင်မည့်ပုံမပေါ်ပေ။
''ခဏ''
၎င်းတို့ကို ဆွဲခေါ်သွားစဉ်တွင် လူငယ်တစ်ဦးသည် ခန်းမထဲသို့ ရောက်လာကာ ဟန်ဟူကျီကို ပြောလိုက်သည်။
''အဖေ ဘဏ္ဍာစိုးဟွမ်က ဓားပြတွေအကြောင်းကို သိထားတယ်။ သူ့ကို သတ်ပစ်လို့မရသေးဘူး''
ဆွဲခေါ်သွားခံရသောသူအားလုံးနီပါး ခေါင်းဖြတ်ခံလိုက်ရပြီဖြစ်သည်။ ခေါင်းများက လှိမ့်ဆင်းလာပြီး သွေးများက ပြန့်ကြဲနေသည်။ လောင်ဟွမ်သည် ဝိညာဉ်ပျောက်သွားသကဲ့သို့ တုန်လှုပ်နေမိသည်။
ထို့နောက်တွင် ၎င်းကို ခန်းမထဲသို့ ပြန်ဆွဲခေါ်လာသည်။ လူငယ်တစ်ဦးသည် ဟန်ဟူကျီဘေးတွင် ရောက်နေသည်ကို တွေ့လိုက်ရသည်။ အမွှေးအမျှင်များ သန့်သန့်ရှင်းရှင်းရိတ်ထားကာ အသက်နှစ်ဆယ်ဝန်းကျင်သာရှိသေးပြီး အဖြူရောင်ဝတ်စုံကို ဝတ်ထားကာ ထူးခြားသောအငွေ့အသက်ကို ထုတ်လွှတ်နေလေသည်။
ထိုလူငယ်မှာ ဟန်ရွှမ်ကျီဖြစ်ကာ ဟေးယန်မြို့၏မြို့အရှင်လေးဖြစ်သည်။
''ဘဏ္ဍာစိုးဟွမ် ခရီးမှာ ဘာဖြစ်ခဲ့လဲဆိုတာ ပြန်ပြောပြနိုင်မလား''
ဟွမ်စန်းယွမ်တုန်လှုပ်သွားကာ ၎င်း၏ဇာတ်လမ်းတွင် ဟာကွက်ရှိမရှိသိချင်မိသည်။ မဟုတ်လျှင် ဟန်ရွှမ်ကျီကဖော်လိုက်မည်ကိုလည်းစိုးနေမိသည်။ သို့တိုင် ခြားနားချက်ဖြစ်အောင်မလုပ်ဘဲ တစ်ပုံစံတည်းပြန်ပြောပြသည်။ မဟုတ်လျှင် ကွပ်မျက်ခံရတော့မည်ဖြစ်၏။
၎င်း၏ဇာတ်လမ်းကို အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်ပြောပြသည်။ ဟန်ရွှမ်ကျီသည် ဆက်တိုက်ခေါင်းညိတ်ကာ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုတို့ ပြည့်နှက်နေသည်။
''အဖေ မိန်းကလေးစူးက ဓားပြတွေ လက်ထဲမှာပဲ။ ကျွန်တော်နဲ့အတူ ဖားပြုတ်ခံတပ်ကိုသွားဖို့ ကျားအဆောင်ကိုတောင်းပါရစေ။ ဓားပြတွေကိုချေမှုန်းပြီး မိန်းကလေးစူးကို ကယ်ခွင့်ပြုပါ''
ဟန်ရွှမ်ကျီ၏အသံက ခိုင်မာပြတ်သားနေသည်။
''ကောင်လေး ဓားပြတွေ လက်ထဲရောက်သွားမှတော့ အဲ့တာ သူ့ကံကြမ္မာအဆုံးသတ်ပဲမလား။ အနိုင်ကျင့်ခံရရင် ခံရ မဟုတ်ရင် သတ်ခံလိုက်ရပြီးပြီနေမယ်။ အဲ့မိန်းကလေး သေသွားရင်လည်း သေသွားတယ်ပေါ့။ မင်းအတွက် ပိုကောင်းတဲ့တစ်ယောက်ရှာပေးမယ်။ ဘယ်လိုလဲ''
ဟန်ဟူကျီက စိတ်အားထက်သန်စွာဖြင့် မေးလိုက်၏။
''အဖေ''
ဟန်ရွှမ်ကျီက ဒူးထောက်လိုက်ပြီး
''ယောင်္ကျားတစ်ယောက်က သူ့ဇနီးကို မကာကွယ်ပေးနိုင်ရင် ဘယ်လိုလုပ်ကောင်းကင်နဲ့မြေကြီးကြားမှာ ရပ်တည်လို့ရမှာလဲ။ ကျွန်တော်တောင်းပန်ပါတယ်။ စစ်သည်တွေကို ဦးဆောင်ခွင့်ပေးပါ''
''အဲ့လိုဆို---''
ဟန်ဟူကျီက ဝိုင်ခွက်ကို မလိုက်ပြီး
''စစ်သားဘယ်လောက်လောက် လိုလို့လဲ''
ဟန်ရွှမ်ကျီက မတ်တပ်ထကာ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
''နှစ်ထောင်''
အဟွတ်---
ဟန်ဟူကျီသည် စောနကသောက်လိုက်သောဝိုင်ပင် သီးသွားသည်။ ခန်းမထဲရှိသူအားလုံးလည်း မျက်လုံးပြူးကျယ်သွားကာ မျက်နှာမသက်မသာဖြစ်သွားကြသည်။
''သခင်လေး စစ်သည်နှစ်ထောင်ကို အမိန့်ပေးရမဲ့လုပ်ငန်းစဉ်ကို နားလည်လို့လား''
အသားဖြူဖြူသက်လတ်ပိုင်းလူတစ်ယောက်က မေးလိုက်သည်။
''သခင်လေး ရိက္ခာအများကြီးသုံးရမှာကိုလည်း စဉ်းစားမိရဲ့လား။ ရိက္ခာအများကြီးသယ်ဖို့ဆိုတာက လေးဘီးလှည်းတွေလိုတယ်။ စစ်သည်တွေကိုလည်း သေချာကြည့်ရမယ်။ ပြီးတော့ ကုန်သွယ်လမ်းကြောင်းတွေကိုရော။ အရေးကြီးဆုံးက ဓားပြက သုံးရာပဲရှိတာပါ။ တကယ်ရော အဲ့လောက်လိုလို့လား''
''လိုတာပေါ့။ စဉ်းစားပြီးမှ သူတို့အားလုံးကိုခေါ်တာ''
ဟန်ရွှမ်ကျီက တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်သည်။
''ရန်သူတွေကို အားအလုံးအရင်းနဲ့ ဝင်တိုက်ချင်တာပါ''
ထိုသူမှာ ပြောစရာစကားပျောက်ဆုံးသွားသည်။
''ဟေးယန်မြို့မှာ စစ်သည်ငါးထောင်ပဲရှိတာ။ တစ်ဝက်လောက်ကိုခေါ်သွားမှာပဲ။ မဖြစ်ဘူး။ လုံးဝမဖြစ်ဘူး။ နှစ်ထောင်ကတော့ မရဘူး။ မင်းကို အများဆုံးတစ်ထောင်ပဲပေးနိုင်တယ်''
''တစ်ထောင်လား။ နည်းနည်းတော့ နည်းတဲ့ပုံပဲ''
ဟန်ရွှမ်ကျီက နောင်တရစွာဖြင့် ပြောလိုက်သည်။
''သခင်လေးက စစ်တပ်ကို ဦးဆောင်ဖို့ ဆန္ဒပြင်းပြနေတာကို သိပါတယ်။ ဘယ်လိုတိုက်ခိုက်ဖို့ စီစဉ်ထားလဲ''
ထိုသူက မေးလိုက်ပြန်သည်။
''ကျွန်တော့်မှာ အစီအစဉ်ရှိပြီးသားပါ''
''မြန်လိုက်တာ။ ငါ့သားက အံ့ဩစရာပဲ''
ဟန်ဟူကျီက ဆိုလိုက်သည်။
''ဆက်ပြော''
''မြင်းစစ်သည်နှစ်ရာ၊ မြှားသမားနှစ်ရာ၊ ဓားစစ်သည်သုံးရာနဲ့ သံချပ်ဝတ်စစ်သည်တစ်ရာ၊ လှံတပ်သားနှစ်ရာ စုစုပေါင်းတစ်ထောင်ကို တောင်းချင်ပါတယ်။ မြင်းတပ်က ဝင်တိုက်ပြီး လေးသမားတွေက အဝေးကနေတိုက်မယ်။ သံချပ်ကာတွေက ရန်သူတိုက်မှာကို ကာရမယ်။ လှံသမားတွေကတော့ နောက်ကနေ ဝင်သတ်မယ်။ ပြီးရင် ဓားသမားတွေက ကျန်တဲ့သူတွေကို ချေမှုန်းမယ် ''
ဟန်ဟူကျီတစ်ယောက်သည်မူ ယုံကြည်ချက်ရှိစွာဖြင့် ရှင်းပြနေလေသည်။
''ဖားပြုတ်ခံတပ်က ဒီနေက မိုင်(၁၅၀)ဝေးတယ်။ တစ်ရက်လောက်ခရီးထွက်ရမယ်။ လမ်းကြောင်းရှည်တာက ရန်သူကို သတိလွတ်သွားစေနိုင်မယ်။ ပြီးတော့ ဓားပြတွေကိုလည်း အမြစ်ပြတ်သုတ်သင်လို့ရမယ်''
ဟန်ဟူကျီက စားပွဲကို လက်ဖဝါးဖြင့် ရိုက်လိုက်ပြီး
''မဆိုးဘူး င့ါသား။ မင်းမှာ စစ်တပ်ကို ဦးဆောင်ကို အိပ်မက်ရှိတယ်ဆိုမှတော့ မင်းခြေရာလက်ရာပဲ ဖြစ်စေရမယ်''
ဟွမ်စန်းယွမ်တစ်ယောက်ကမူ မှင်တက်နေရှာသည်။ သခင်လေးသည် ကလေးဘဝကတည်းကပင် စစ်ဗျူဟာများကိုလေ့လားကာ စစ်တပ်ပါရမီရှင်တစ်ယောက်အဖြစ် မွေးဖွားလာသူဟု ကြားထားဖူးသည်။ သို့သော်လည်း ၎င်း၏အစီအစဉ်များကို ယုံကြည်ချက်ရှိစွာပြောနေသည်ကို နားထောင်ကြည့်သောအခါတွင်မူ စိုးထိတ်မိသောခံစားချက်မျိုးကို ခံစားရသည်။ မငြင်းနိုင်သော်လည်း
''ကျိုးကြောင်းသင့်လျော်ပေမဲ့လို့ ဘယ်လိုချေရမလဲဆိုတာကိုမသိဘူး။ ဒါပေမဲ့ တစ်ခုခုတော့မဟုတ်သေးဘူး''
ထို့အပြင် ဟွမ်စန်းယွမ်မှာ ရုတ်တရက် တွန့်ဆုတ်သွားမိ၏။ ဓားပြက နှစ်ယောက်တည်းသာ ဖြစ်သည်။ သခင်လေးသာ ဖားပြုတ်ခံတပ်သို့ရောက်သွားပါလျှင်---။ ဟွမ်စန်းယွမ်တစ်ယောက် ချွေးပြန်လာပေသည်။ ခေါင်းဖြတ်ခံလိုက်ရသည်ကလည်း မဆိုးလှသည့်သေခြင်းတရားမျိုး ဖြစ်နိုင်ပေသေးသည်။
''ဟွမ်စန်းယွမ် ဓားပြတွေကို သုတ်သင်ဖို့ သခင်လေးကို အဖော်ပြုပေးပြီး မင်းအပြစ်တွေကို ရှင်း''
''ဟုတ်ကဲ့။ သက်ညှာပေးလို့ ကျေးဇူးတင်ပါတယ် မြို့အရှင်။ ကျေးဇူးတင်ပါတယ် မြို့အရှင်''
ဟန်ရွှမ်ကျီက ယုံကြည်ချက်အပြည့်ဖြင့် ကျားအဆောင်ကိုယူကာ ခန်းမထဲမှ ထွက်သွားသည်။ ၎င်း၏အားတက်နေသည့်ပုံကို ကြည့်လိုက်သည်နှင့် စစ်စခန်းထဲတွင် တစ်ညလုံးအစီအစဉ်ချထားသည့်ပုံနှင့်ပင် တူပေသည်။
ခန်းမထဲတွင်မူ ဟန်ဟူကျီက သက်လတ်ပိုင်းသူဘက်သို့လှည့်ကာ
''အတိုင်ပင်ခံရွှယ် ရွှမ်ကျီရဲ့အစီအစဉ်ကို ဘယ်လိုထင်လဲ''
ထိုသူမှာ ရွှယ်ပန်ချွင်းဖြစ်သည်။ ၎င်းက ခေါင်းတခါခါဖြင့်ပင်
''တောထဲမှာ မြင်းတပ်သုံးဖို့ဆိုတာက အကန့်အသတ်နဲ့ပဲရမယ်။ ခရီးရှည်ကြီး ထွက်ရင် ဘာလို့ သံချပ်ကာစစ်သားတွေကို ခေါ်သွားရမှာလဲ။ အဲ့တာအပြင် ဓားပြတွေက နယ်မြေအနေအထားကို အသာစီးယူပြီး ခုခံမှာပဲ။ အဲ့တာကြောင့် သူတို့ကို တိုက်ခိုက်ဖို့က အဲ့လောက်အလုပ်ဖြစ်မှာမဟုတ်ဘူး။ သခင်လေးရဲ့အစီအစဉ်က မပြည့်စုံဘူး။ ဒါပေမဲ့ ကျွန်တော်နားလည်ပါတယ်။ အရှင်လည်း သခင်လေးအစီအစဉ်ရဲ့ ဟာကွက်တွေကို မြင်ပြီးလောက်ပါပြီ။ အဲ့တာကိုတောင် သူ့ကို စွန့်စားဖို့ ခွင့်ပြုလိုက်တယ်။ ဘာကြောင့်များလဲ'’