ကျားနက်အင်ပါယာ
Vol. 1 Ch. 11
''င့ါသားက နာမည်ကြီးစစ်သူကြီးကို လေးစားတဲ့သူပါ။ သူက စစ်ရေးဗျူဟာစာအုပ်တွေကိုဖတ်ပေမဲ့လို့ သူ့ပါရမီကတော့''
ဟန်ဟူကျီက ဟက်ဟက်ပက်ပက်ရယ်မောလိုက်ပြီး
''ဒါပေမဲ့လို့ ငါတို့ ဖားပြုတ်ခံတပ်ကို တစ်ခါတိုက်ဖူးတာပဲ။ ဓားပြတွေက ဘယ်မှာ အယောက်သုံးရာရှိလို့လဲ။ ဟွမ်စန်းယွမ်ကြောက်ပြီး လျှောက်ပြောနေတာပဲဖြစ်မယ်။ ရွှမ်ကျီက စစ်တပ်ကို ဦးဆောင်ချင်တယ်ဆိုမှတော့ သူ့ကို နည်းနည်းလောက် အလိုလိုက်ပေးလိုက်ရအောင်''
''မြို့အရှင်က အမြင်စူးရှပါပေတယ်။ ကျွန်တော်စိတ်ချသွားပါပြီ''
ရွှယ်ပန်ချွင်းက ပြောလိုက်၏။
''အကြံပေးရွှယ် စိုးရိမ်ဖို့မလိုပါဘူး။ ဘာမှကိစ္စကြီးကြီးမားမား ဖြစ်မှာမဟုတ်ပါဘူး''
ဟန်ဟူကျီက စားပွဲကို ရိုက်လိုက်ပြီး
''ငါပင်ပန်းနေပြီ။ ပြန်အိပ်တော့မယ်။ ပန်းလေး မြက်လေး ငါထဖို့ကူပေးကြ''
ချစ်စရာကောင်းသောအမြွှာလေးများက ဟန်ဟူကျီကို မတ်တပ်ရပ်ရန် ကူညီပေးကြသည်။ ရွှယ်ပန်ချွင်းက ထပ်ပြောလိုက်သည်။
''သခင်လေးက တပ်ဖြန့်ဖို့ ပြင်ဆင်နေတာ။ စီစဉ်စရာရှိတာတွေ အများကြီးရှိနေတယ်။ မြို့အရှင် စိတ်မပူတော့ဘူးလား''
''မပူဘူး။ အခုက ငါ အဲ့ကိစ္စကို မကိုင်တွယ်ချင်သေးဘူး။ အခု ငါတွေးနေတာက မိန်းမလှလေးတွေနဲ့ နီးစပ်ဖို့ပဲ။ အကြံပေးရွှယ် ငါနားမလည်တော့ဘူး။ မင်းက ဘာလို့ မိန်းမတွေကို မထိရတာလဲ။ ပန်းလေးနဲ့မြက်လေးကို မင်းကို တစ်ညလောက် အဖော်ပြုခွင့်ပေးရမလား။ သူတို့အရသာကို မြည်းစမ်းကြည့်မလား''
ရွှယ်ပန်ချွင်းက ရှက်သွားကာ
''မလုပ်ဝံ့ပါဘူး မလုပ်ဝံ့ပါဘူး''
''ဟားဟားဟား မင်းမလုပ်ရဲဘူးဆိုမှတော့ ငါခွင့်မပြုပေးတော့ပါဘူး''
ဟန်ဟူကျီက ၎င်းပုခုံးကို ပုတ်လိုက်ပြီး
''ဘယ်သူကများ မိန်းကလေးတွေရဲ့ ပိုးလိုနူးညံ့တဲ့အသားအရေကို သူတို့ရဲ့ အိုမင်းရွတ်တွနေတဲ့ခန္ဓာကိုယ်ပေါ်မှာ ဖိမထားဘဲ နေချင်လို့လဲ။ လူငယ်ဆန်တဲ့အငွေ့အသက်မျိုး ရတယ်မဟုတ်လား။ ဒါပေမဲ့ လူတိုင်း ဒီလိုအတွေ့အကြုံမျိုး ရနိုင်တာမဟုတ်ဘူး။ အကြံပေးရွှယ်သာ မြည်းစမ်းကြည့်ချင်တယ်ဆိုရင် ဒီလောကကြီးမှာ အဲ့တာထက်ပိုပြီး ဂရုစိုက်ဖို့ ထိုက်တန်တာမျိုး ရှိမှာမဟုတ်တော့ဘူးဆိုတာ သဘောပေါက်သွားလိမ့်မယ်''
ရွှယ်ပန်ချွင်းကမူ ကိုယ်ကိုလွန်စွာနှိမ့်၍ အရိုအသေပေးထားသည်။ ဟန်ဟူကျီသည် ဟင်းကနဲအသံပြုကာ ခန်းမနောက်သို့ ဝင်သွားလေသည်။ ပန်းလေးနှင့်မြက်လေးကမူ ဘေးနှစ်ဖက်က ၎င်းကိုတွဲပေးထားသည်။ ၎င်းတို့၏အပြစ်ကင်းသောအမူအရာလေးများက ပန်းပွင့်ပေါ်တွင် လတ်ဆတ်သောမိုးရေပက်ဖျန်းထားသည်နှင့်တူပေသည်။
-------
''မင်းဆိုလိုတာက ဟေးယန်မြို့မှာ အမြဲတမ်းစစ်တပ်မျိုး မရှိဘူးပေါ့''
ဖားပြုတ်ခံတပ်၏တဲထဲတွင် ချုံးတလေသည် မျက်မှောင်ကြုတ်၍ တွေဝေနေမိသည်။ ၎င်းသည် စူးရင်းကို ဟေးယန်မြို့နှင့် ပက်သက်သည့်အချက်အလက်များ မေးနေခြင်းဖြစ်သည်။ သို့သော်လည်း အချို့အရာများက ၎င်းထင်ထားသည်နှင့် လုံးဝကွဲပြားနေသည်။
''အမြဲတမ်းစစ်တပ်လား။ ဟေးယန်မြို့မှာ အိမ်ထောင်စုနှစ်သောင်းထက်မကရှိတယ်။ ဒါပေမဲ့လို့ ဘယ်လိုလုပ် ယောင်္ကျားငါးထောင်ကို ပေးနိုင်မှာတဲ့လဲ''
''အဲ့လိုဆို စစ်ပွဲဖြစ်ရင် စစ်သားတွေက ဘယ်က ရောက်လာတာလဲ။ တစ်ယောက်ယောက်ကများ မြို့ကိုလာတိုက်ရင် သူတို့ စစ်တပ်မရှိဘဲ ဘယ်လိုလုပ်လဲ''
ချုံးတလေမှာ ပို၍ ပဟေဠိဖြစ်သွားပေသည်။
''စစ်တပ်ကို ဖြန့်တဲ့အခါကျရင် စစ်တပ်အိမ်ထောင်စုတွေကနေ မဖြစ်မနေစစ်မှုထမ်းရတယ်။ တိုက်ပွဲကြီးကြီးမားမားဖြစ်ရင် မြို့ထဲက ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းတဲ့ယောင်္ကျားတွေအားလုံးက တိုက်ပွဲထဲမှာ ဝင်ပါရတယ်''
အမှန်တွင် ထိုလောကကြီးသည် စစ်တပ်အိမ်ထောင်စုစနစ်ဖြင့် ရင်းနှီးနေပြီးသားဖြစ်ကာ စစ်ပွဲဖြစ်သည့်အခါ၌ စစ်တပ်ရာထူးကိုဆက်ခံထားသောမျိုးရိုးစဉ်ဆက်များက ယာယီတာဝန်ထမ်းဆောင်ရသည်။ ထိုသူသည် တိုက်ခိုက်ရမည်ကို သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ၎င်းတို့အပူမဟုတ်ပေ။
ဟေးယန်မြို့သည် လူဦးရေးတစ်သိန်းနီးပါးရှီကာ စစ်သည်ငါးထောင်အတွက် မတတ်နိုင်ပေ။ မြို့ထဲတွင် လုံခြုံရေးအတွက် တာဝန်ယူထားသော အစောင့်တစ်ရာနီးပါးသာရှိကာ ဥပဒေအရဖြင့် မြို့အရှင်၏စံအိမ်လုံခြုံရေးအတွက် ဖြစ်သည်။
''ဒီလိုမျိုး နောက်ပြန်ဆွဲတဲ့စနစ်မျိုးနဲ့ဆိုရင်တော့''
ချုံးတလေ သက်ပြင်းချလိုက်မိသည်။
''နောက်ပြန်ဆွဲတယ်တဲ့လား''
စူးရင်းက မျက်မှောင်အသာကြုတ်ကာ
''ရှင်က ပိုပြီးအကျိုရှိတဲ့စနစ်မျိုးကို သိတယ်လို့ ပြောလိုက်တာပဲမလား''
''မဟုတ်ဘူး မဟုတ်ဘူး''
ချုံးတလေက လက်ဝှေ့ယမ်းပြလိုက်သည်။ ၎င်းသည် စာပေအနုပညာရာဆိုင်ရာကျောင်းသားဖြစ်သော်လည်း ထုတ်လုပ်နိုင်စွမ်းကို ထုတ်လုပ်မှုအဆင့်အတန်းဖြင့်သတ်မှတ်သည်ကို သိထားကာ တစ်မု(တရုတ်ဧရိယာအတိုင်းအတာ)လျှင် အစေ့အဆန် (၂၀၀)မှ (၃၀၀)ကီလိုဂရမ်အထိသာ ရနိုင်သည်။ ထို့ကြောင့် အမြဲတမ်းစစ်တပ်ကို ထိန်းထားရန်မှာ မဖြစ်နိုင်ပေ။ (၂၀၀)(၃၀၀)ဂရမ်ဆိုသည်မှာ တစ်နှစ်အတွင်းတွင် အများဆုံးဖြစ်ကာ အတော်ကြာမဖြစ်သည့် ရာသီဥတုဖောက်ပြန်မှုသာ ရှိလာပါလျှင် လယ်မြေများမှ မည်သည့်အစေ့အဆန်မှ ရမည်မဟုတ်ဟု ဆိုလိုပေသည်။
ထိုသို့ဆိုလျှင် ၎င်းသည် ပို၍ကောင်းသောစနစ်များကို သိလျှင်ပင် ထိုလောကနှင့် ကိုက်ညီလိမ့်မည်မဟုတ်ပေ။
''တကယ်တော့ ဟေးယန်မြို့ရဲ့ ရွှယ်ပန်ချွင်းက အမြဲတမ်းစစ်တပ်ကိုစီစဉ်ဖို့ တစ်ခါက စီစဉ်ဖူးတယ်။ ဒါပေမဲ့ ကုန်ကျစရိတ်ကျမြင့်တော့ အဲ့အကြံလည်း ပျက်သွားတယ်''
စူးရင်းက ထပ်ပြောပြလိုက်သည်။
''ရွှယ်ပန်ချွင်း''
''သူက ဟန်ဟူကျီရဲ့ ဗျူဟာမှူးပဲ။ ဟန်ဟူကျီကို တော်တော်လေး စိတ်ကျေနပ်စေတယ်။ မြို့ထဲက ကိစ္စအားလုံးကို ရွှယ်ပန်ချွင်းကပဲ စီမံတာ။ သူက-- သူက တကယ့်ကို ပြောစမှတ်ပြုလောက်တဲ့ယောင်္ကျားတစ်ယောက်ပဲ''
သူမက ထပ်ပြောလိုက်သည်။
ချုံးတလေက ခေါင်းညိတ်ပြကာ ထိုကိစ္စကို အမြန်ပင် မှတ်သားထားလိုက်သည်။ မျက်မှောင်ကြုတ်ကာ လေးနက်နေသည့်ပုံကို မြင်မိသောအခါတွင် စူးရင်းတစ်ယောက် တွေဝေသွားမိသည်။ ၎င်းသည် အမှန်ပင် ဓားပြတစ်ယောက်နှင့်မတူပေ။
''ရှင်ထွက်ပြေးသင့်တယ်။ ဟေးယန်မြို့ အနည်းဆုံး စစ်သားနှစ်ရာသုံးရာလောက် ရောက်လာမှာပဲ။ ရှင်တို့က လူလေး လေးယောက်ပဲရှိတယ်''
''မဟုတ်ဘူး ငါးယောက်ပါ။ လင်းရှောင်ယွီ သတိရလာပါပြီ''
ချုံးတလေက ထလိုက်ပြီး
''ငါ့အစီအစဉ်က လူငါးရာကို တားဖို့ပဲ''
၎င်းသည် ဖားပြုတ်ခံတပ်ကို ပိုင်ဆိုင်ပြီး မည်သူ့ကိုမှ ထိုအရာကို ဖျက်ဆီးခွင့်မပေးနိုင်ဟု ခံစားလာရသည်။ ထိုရက်ပိုင်းများတွင် ကောင်းကောင်းမနားရသေးပေ။ အမြဲတမ်းပင် ထိုကိစ္စကြီးကို မည်သို့ကိုင်တွယ်ရမည်ကို စဉ်းစားနေမိသည်။ ထိုအချိန်အတောအတွင်းတွင် ရွှီရှန်းကျီသည် ချုံးတလေကို များစွာအကူအညီဖြစ်စေသည်။
ခုခံမည့်အစီအစဉ်တစ်ခုကို စဉ်းစားမိသည့်အခါတိုင်း ရွှီရှန်းကျီကို မေးကြည့်သည်။
''ဗျူဟာမှူး ဒီအစီအစဉ်နဲ့ပက်သက်ပြီး ဘယ်လိုထင်လဲ''
ရွှီရှန်းကျီက ထိုအစီအစဉ်မှာ (၇၀)ရာခိုင်နှုန်း အောင်မြင်နိုင်သည်ဟု ပြောလျှင် (၃၀)ရာခိုင်နှုန်းသာ အောင်မြင်နိုင်ကြောင်းကို ချုံးတလေ သိလိုက်သည်။ ရွှီရှန်းကျီက သေချာပေါက်အောင်မြင်မည်ဟု ပြောလျှင် ချုံးတလေက ထိုအစီအစဉ်ကို မဆိုးမတွပင် ပယ်ဖျက်ရတော့မည်ဖြစ်သည်။ နောက်ပိုင်းတွင် စိတ်ပိုင်းဆိုင်ရာလွှမ်းမိုးမှုစတင်ရှိလာသောကြောင့် ရွှီရှန်းကျီကို အလျင်စလိုအကြံဉာဏ်မတောင်းတော့ပေ။
ချုံးတလေက တဲပြင်သို့ ထွက်လာသောအခါ၌ လင်းရှောင်ယွီသည် ခြံထဲတွင်ရပ်နေသည်ကို တွေ့လိုက်ရသည်။ တစ်ခုခုပြောချင်နေသည့်အမူအရာမျိုးကို လျှပ်တစ်ပြက်တွေ့လိုက်ရသော်လည်း စကားလုံးကို ရှာမတွေ့နိုင်ပေ။
ချုံးတလေသည် လင်းရှောင်ယွီ၏ အချက်အလက်များကို တစ်ဖန်ပြန်စစ်ဆေးကြည့်ကာ ရုတ်တရက်ပင် မတော်မဆမှုဖြစ်ပြီးနောက်ပိုင်း၌ လင်းရှောင်ယွီတစ်ယောက် အဆင့်မြင့်သွားသည်ကို သိလိုက်ရသည်။
အမည် - လင်းရှောင်ယွီ (ကတိတည်သည့်တပ်သားသစ်)
အသက် - (၂၀)နှစ်
ကျွမ်းကျင်မှု - ပြင်းထန်လှိုင်းလှံနည်းစနစ်
ဖုံးကွယ်ထားသောစွမ်းအား - လူငယ်လေးသည် သူရဲကောင်းကြီး ဖြစ်လာရန် ဆုံးဖြတ်ထားသည်
အမှန်ပင် ကောင်းချီးပေးလိုက်ခြင်းဖြစ်၏။
ချုံးတလေက ဟက်ကနဲရယ်လိုက်ပြီး လျှောက်လာသည်။ ချုံးတလေ ချည်းကပ်လာသည်ကို မြင်သောအခါတွင် လင်းရှောင်ယွီက ပို၍နိုးကြားသွားဟန်ပေါ်ကာ အထစ်ထစ်အငေ့ါငေါ့ဖြင့် ဆိုလိုက်သည်။
''အစ် အစ်ကို---''
ချုံးတလေက ၎င်းဆီသို့ လက်ဆန့်ထုတ်ပေးလိုက်ပြီး
''ငါတို့ရဲ့ နမူနာစံပြတွေအတွက်''
လင်းရှောင်ယွီ၏မျက်လုံးသူငယ်အိမ်တို့ ပြူးကျယ်သွားသည်။ ၎င်းက စိတ်လှုပ်ရှားစွာဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်ကာ
''ကျွန်တော်တို့ရဲ့ နမူနာစံပြတွေအတွက်''
နိုးကြားနေသောခံစားချက်ဖြင့် ချုံးတလေသည် လက်ပြန်သိမ်းကာ လက်သီးပြန်ဆုပ်လိုက်သည်။ ထို့နောက်တွင် ဘေးနားမှသူများကို ပြောလိုက်လေသည်။
''အခုကစပြီး သူရဲကောင်းလေးလင်းက ငါတို့ဖားပြုတ်ခံတပ်နဲ့ ပူးပေါင်းမယ်။ ငါတို့အချင်းချင်း ညီနောင်တွေလို့ ခေါ်သင့်နေပြီ။ ဗျူဟာမှူးရွှီ မြေပုံယူလာခဲ့။ အတူတူဆွေးနွေးကြမယ်''
ရွှီရှန်းကျီသည် မြေပုံကိုင်၍ ရောက်လာပြီး ခြံဝန်းထဲရှိ သစ်သားစားပွဲပေါ်တွင် ဖြန့်ချလိုက်ကာ ရယ်မောလိုက်သည်။
''ဓားပြခေါင်းဆောင် ဒီအဘိုးကြီးက ခင်ဗျားကို အကြံပေးရမဲ့အစီအစဉ်များ ရှိသေးလား''
ချုံးတလေက ၎င်းကိုကြည့်လိုက်ပြီးနောက်တွင် ချင်းနျူးတောင်မြေပုံကို ကြည့်လိုက်သည်။ ယခုတစ်ခေါက်ရခဲ့သည်များထဲတွင် ယမ်းမှုန့်အပြင် ချင်းနျူးတောင်မြေပုံလည်းပါသည်။ ထိုမြေပုံဖြင့်ဆိုလျှင် ချင်းနျူးတောင်ပတ်ဝန်းကျင်တစ်ဝိုက်တွင် အမှောင်လွှမ်းနေမည်မဟုတ်တော့ပေ။ သိို့သော်လည်းထိုလောက၏မြေပုံများ၏တိကျသေချာမှုကို ယုံကြည်ချက်မရှိပေ။ အရေးကြီးသောနေရာများကို မျက်လုံးနှင့်ကိုယ်တိုင်မြင်ရမှသာ ဖြစ်ပေမည်။
မြေပုံကို ဖြန့်လိုက်သည့်အခါတွင် အံ့ဩမှင်သက်သွားမိသည်။ မြေပုံသည် ချင်းနျူးတောင်ဝန်းကျင် မိုင်ငါးဆယ်စာခန့်ရေးဆွဲထားကာ ထိုအတိုင်းအတာမှာ ဓားပြအုပ်စု ဒါဇင်ခန့်ပုန်းခိုနိုင်ပြီး အကြီးဆုံးအုပ်စုသည် အဖွဲ့ဝင်သုံးရာထက်မကရှိသည်။ အငယ်ဆုံးအုပ်စုကမူ ၎င်းတို့၏ဖားပြုတ်ခံတပ်ဖြစ်ကာ လူငါးဦးသာရှိပြီး အခြားအဖွဲ့များနှင့် ယှဉ်၍ပင်မရပေ။
အမှန်တွင် ထိုခေတ်သည် ဓားပြများ ကြီးစိုးသောခေတ်ဖြစ်သည်။
ချုံးတလေတစ်ယောက် သက်ပြင်းချကာ ရွှီရှန်းကျီကို မေးလိုက်သည်။
''ဗျူဟာမှူး ခင်ဗျားအတွက် တာဝန်တစ်ခုရှိတယ်။ အရေးကြီးတဲ့ကိစ္စပဲ။ ခင်ဗျားလုပ်ဆောင်ပုံကပဲ ကျုပ်တို့တစ်ဖွဲ့လုံးရဲ့ ဘေးကင်းလုံခြုံမှုကို ဆုံးဖြတ်ပေးလိမ့်မယ်''
''အရမ်းအရေးကြီးတာပဲ''
ရွှီရှန်းကျီက မျက်တောင်ခတ်ကာ မေးလိုက်သည်။
''အခြားတစ်ယောက်ယောက်ကို လဲပေးချင်သေးလား''
''ဒီအလုပ်က ခင်ဗျားတစ်ယောက်တည်းနဲ့ပဲ သင့်တော်တယ်။ ကျားပျံရွာကို သွားရမယ်''
ချုံးတလေက မြေပုံပေါ်မှ နေရာတစ်နေရာကို လက်ညှိုးညွှန်ပြလိုက်ပြီး
''ကောင်းဖေးဟူကို လိုက်ရှာရမယ်''
''ကျားပျံရွာ''
ရွှီရှန်းကျီ၏အမြင်အာရုံမှာ အမှောင်ကျသွားကာ သတိလစ်မတတ်ပင် ဖြစ်သွားလေ၏။