နတ်ဘုရားဟန်ရွှမ်ကျီကစစ်သည်များကိုအသုံးချခြင်း(၁)
Vol. 1 Ch. 12
ချင်းနျူးတောင်တွင် ဓားပြအဖွဲ့ငါးဆယ်မကရှိကာ ထိုထဲတွင် ကျားပျံရွာသည် အကြီးဆုံးဖြစ်ပြီး ရွာသားသုံးရာမှငါးရာအထိရှိသည်။ ခေါင်းဆောင်ကောင်းဖေးဟူသည် ကြမ်းတမ်းသောစိတ်ထားရှိကာ ပို၍အရေးကြီးသည်မှာ ကျားပျံရွာသည် ဖားပြုတ်ခံတပ်ဖြင့် ဆက်ဆံရေးမကောင်းခြင်းပင် ဖြစ်၏။
''ဓားပြခေါင်းဆောင် ကျုပ်ကို အသတ်ခံရအောင် လုပ်နေတာလား''
ရွှီရှန်းကျီက ပြောလိုက်သည်။
''ဘာတွေပြောနေတာလဲ။ ငါက မြင်းကိုလှည်းဆွဲခိုင်းပြီး ငါတို့ဆီမှာရှိတဲ့အကောင်းဆုံးသေရည်ကို ယူပြီး ခေါင်းဆောင်ဟူဆီ သွားလည်ဖို့ ပြောနေတာ။ ဟေးယန်မြို့က ငါတို့ချင်းနျူးတောင်ကို ဝင်တိုက်တာ့မယ်ဆိုတဲ့အကြောင်းကိုလည်း သူ့ကိုပြောခဲ့။ ကျားပျံရွာတင်မကဘူး။ ခွေးခေါင်းတောင်ကြား၊ တောင်ကုန်းပြောင်၊ ဇီးပန်းပွင့်တောင်ကြား၊ ဝက်ရိုင်းတောအဲ့တာတွေကိုပါ သွားလည်ဖို့လိုမယ်''
''ဒါပေမဲ့ သူတို့က ကျုပ်ပြောတာ နားထောင်ပါ့မလား''
ရွှီရှန်းကျီက စိတ်ပူပန်သွားလေသည်။
''အဲ့တာကတော့ ဗျူဟာမှူးအဖြစ် မင်းရဲ့ စူးရှတဲ့ဉာဏ်ပညာကို သုံးဖို့လိုတာပေါ့။ မင်းရဲ့အရမ်းကောင်းတဲ့စိတ်ခံစားချက်နဲ့ သူတို့စိတ်ကို ခံစားအောင်လုပ်ပြီး သဘာဝကျကျ သူတို့ကို စည်းရုံးပေါ့။ ပြီးရင် မင်းရဲ့စိတ်အားထက်သန်မှုနဲ့ သူတို့ကို ခံစားသွားအောင်လုပ်''
''ဒါပေမဲ့ ခေါင်းဆောင် အဲ့အရာတွေက ကျုပ်မှာမှ မရှိတာ''
''လိမ်လေ''
ချုံးတလေက လက်ဝှေ့ယမ်းပြလိုက်ပြီး
''သူတို့ကို လိမ်ပြောလိုက်''
''ဒါပေမဲ့ ကျုပ်တော့ကြောက်တယ်။ ခေါင်းဆောင် ခင်ဗျားက ကောင်းဖေးဟူကို နားမလည်လို့။ သူက အရင်ခေါင်းဆောင်နဲ့ အငြှိုးရှိတယ်''
''အဲ့တာကြောင့် သူရဲကောင်းလေးလင်းကို မင်းနဲ့အတူ ထည့်လွှတ်လိုက်မယ်။ ဘာတွေကြောက်နေဦးမှာလဲ''
''တကယ်တော့ ခေါင်းဆောင်သာ ကျွန်တော်နဲ့လိုက်လာရင် ပိုကောင်းမယ်''
ရွှီရှန်းကျီက ညီးတွားလိုက်သည်။
''ဘာတွေပြောနေတာလဲ။ ဒါက အန္တာရာယ်ရှိတဲ့ကိစ္စပဲ''
ချုံးတလေက ပြောလိုက်သည်။
''အကြံပေး ယုံကြည်ချက်ရှိရှိထွက်ပါ။ လင်းအာကို သေချာစောင့်ရှောက်ပါ့မယ်။ စိတ်မပူပါနဲ့။ ကျုပ်တို့ ဝမ်းသာရမှာပါ''
ရွှီရှန်းကျီသည် တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း ချုံးတလေအော်ပြောလိုက်သည်ကို ကြားလိုက်ရ၏။
''ကျွန်တော့်ပုဆိန်ကိုယူသွား''
ရွှီရှန်းကျီမှာမူ ပြောစရာမရှိပေ။ ၎င်းနှင့် လင်းရှောင်ယွီသည် လှည်းကို မြင်းဖြင့်ချည်လိုက်ပြီး စနစ်ကပေးသော သေရည်အိုးအလုံးသုံးဆယ်ကိုလှည်းပေါ်သို့ တင်လိုက်သည်။ ထို့နောက်တွင် ခြေလှမ်းသုံးလှမ်းလှမ်းတိုင်း နောက်ပြန်လှည့်ကြည့်ရင်းဖြင့် ကျားပျံရွာသို့ ထွက်သွားပေသည်။
''ခေါင်းဆောင် ကျားပျံရွာက ဗျူဟာမှူးရွီကို ယုံမယ်ထင်လား''
ချင်းမန်က မေးလိုက်လေ၏။
''သူတို့ ယုံယုံမယုံယုံ လာကြည့်ဖို့ လူတော့ သေချာပေါက်လွှတ်မှာပဲ။ အဲ့တာက ငါတို့အခွင့်အရေးပဲ''
ချုံးတလေက ဆိုလိုက်သည်။
အင်အားမရှိသောအခါတွင် တစ်ခုတည်းသော ရွေးချယ်စရာသည် တိုက်ခိုက်ရန်အတွက် အင်အားဌားယူရန်သာ ဖြစ်သည်။ ရွှီရှန်းကျီထွက်သွားပြီးနောက်တွင် ချုံးတလေလည်း အပျင်းထူမနေပေ။ ၎င်းသည် ယမ်းမှုန့်၏ဖျက်ဆီးနိုင်စွမ်းကို မည်သို့အကောင်းဆုံးဖြစ်အောင် အသုံးချရမည်ဟုသော တာဝန်ဖြင့် ကျန်နေခဲ့သည်။
ယမ်းမှုန့်များအကြောင်းကိုမူ ချုံးတလေလည်း ဘာမှမသိပေ။ နည်းနည်းချင်းသုံးကာ မည်သို့အလုပ်ဖြစ်သည်ကို မှန်းဆနေပြီး ကျောက်စရစ်ဖြင့် ထပ်ခါထပ်ခါရော၍ ၎င်း၏ဂုဏ်သတ္တိကို စမ်းသပ်နေကာ နောက်ဆုံးတွင်မှ နည်းလမ်းကို သိသွားပေသည်။
ယမ်းမှုန့်ကို စောင်ထဲသို့ထိုးထည့်ပြီး ဗုံးလုပ်ရန်အတွက် မီးညှိလိုက်သည်။ တောင်ခံတပ်မှစောင်များကို ထိုရည်ရွယ်ချက်ဖြင့် ရှင်းလင်းလိုက်ပြီး ရွှီရှန်းကျီကမူ ငိုပြောနေရှာသည်။
''ဆောင်းတွင်းမှာ ငါတို့ ဘယ်လိုနေကြမလဲ။ ဘယ်လိုအသက်ရှင်ကြမလဲ။ ငါတို့ဘယ်လိုအသက်ရှင်ကြမလဲ''
၎င်းသည် စနစ်မှပေးသောသေတ္တာများထဲတွင် ယမ်းမှုန့်များကိုထည့်ကာ ထိုထဲတွင် ကျောက်အပိုင်းအစများ၊ မြက်လျှောများဖြင့်လည်း ဖြည့်သည်။ ထို့နောက်တွင် ဆီစိမ်ဂွမ်းအဝတ်ကို လောင်စာအဖြစ်သုံးသည်။ ထိုအရာလုပ်ရန် ချုံးတလေအတွက် အချိန်အတော်လေးယူခဲ့ရကာ တောင်ပေါ်ခံတပ်တွင် ယောင်္ကျားအင်အားမရှိသောကြောင့်ပင်ဖြစ်သည်။ ၎င်းတို့ထဲမှ ယောင်္ကျားနှစ်ဦးလည်း လျော့နေသည်။
အချိုးချဖြစ်အောင်စီမံရန် ချုံးတလေက တာဝန်ယူကာ ချင်းမန်က ကျောက်တုံးများကို စုပေးပြီး ရွှီလင်းအာက သေတ္တာများထဲတွင် ဖြည့်ပေးသည်။ သုံးဦးသား နောင်တမရသောကြိုးပမ်းအားထုတ်မှုများဖြင့် ချွေးပြန်အောင် အလုပ်လုပ်ကြသည်။
''ခေါင်းဆောင် ကျွန်တော်တို့ ခုခံနိုင်မယ်ထင်လား''
ချင်းမန်က မေးလိုက်သည်။
ချုံးတလေက ချွေးပြန်နေသာချင်းမန်၏မျက်နှာကို မော့ကြည့်လိုက်၏။ ၎င်းက မေးလိုက်သည်။
''ဘယ်လိုထင်လဲ''
''ကျွန်တော်က အရိုင်းအစိုင်းတစ်ယောက်ပါ။ များများစားစား နားမလည်ဘူး''
သို့သော် ချင်းမန်က ဆက်ပြောလိုက်သည်။
''ဒါပေမဲ့လို့ ခုခံချင်တယ်''
ချုံးတလေ ခေတ္တမျှရပ်သွားပြီးနောက်တွင် ပြောလိုက်သည်။
''တကယ်တော့ တောင့်ခံနိုင်မလား မနိုင်ဘူးလားဆိုတာကို မသိဘူး။ ဒါပေမဲ့ ဆက်ပြီးလုပ်ချင်သေးတယ်''
''ကောင်းပြီ အစ်ကိုကြီးချင်း။ ယမ်းမှုန့်တွေကို လယ်ကွင်းထဲကို ရွှေ့ပါ။ ဒါက နောက်ဆုံးစမ်းသပ်တာပဲ''
ချုံးတလေသည် ချင်းမန်ကို ယမ်းမှုန့်သေတ္တာအား နေရာရွှေ့ခိုင်းလိုက်ပြီးနောက်တွင် ဖြည်းဖြည်းချင်းဖြင့် လောင်စာက ထိုအရာများကို မီးစွဲသွားစေသည်။ သုံးဦးသား လုံခြုံသောနေရာတွင် ပုန်းလိုက်ပြီး ပေါက်ကွဲမှုရလဒ်ကို စောင့်ဆိုင်းနေကြသည်။
စူးရင်းတစ်ယောက်သည်မူ အခန်းထဲတွင် တိတ်ဆိတ်စွာ ထိုင်နေသည်။ သူမသည် လွန်ခဲ့သောရက်ပိုင်းကပင် ချုံးတလေအလုပ်ရှုပ်နေသည်ကို တွေ့မိသော်လည်း များများစားစား မစဉ်းစားမိပေ။
ခုခံရန်မှာ မဖြစ်နိုင်ဟုသာ ခံစားနေမိသည်။ လူလေးဦးဖြင့် ခုခံရန်မှာ---။ အမှန်တွင် လူငါးဦးဖြင့် ဟေးယန်မြို့၏တိုက်ခိုက်မှုကို ခုခံရန်ကြိုးစားခြင်းသည် သူမအတွက်မူ ရယ်ဖွယ်ကောင်းသောလုပ်ရပ်သာဖြစ်၏။
ဘုန်း---
မြေကြီးတုန်လှုပ်သွားစေသောပေါက်ကွဲမှုက ရုတ်တရက်မြည်ဟီးသွားသည်။ တောင်တစ်ခုလုံး တုန်ခါသွားသည့်ပုံပေါ်ကာ သူမ၏တဲအမိုးလေးကပင် ဖုံမှုန့်များ ကျလာ၏။ စူးရင်းတစ်ယောက် တုန်ယင်သွားရှာသည်။ ငလျင်လှုပ်သွားသည်လော။
အတော်ကြာတိတ်ဆိတ်နေပြီးနောက်တွင် ကြောက်လန့်နေသောစူးရင်းသည် ပြတင်းပေါက်မှ အသာချောင်းကြည့်လိုက်သည်။ မီးခိုးနှင့်ဖုံမှုန့်များကြားတွင် ချုံးတလေ၊ ချင်းမန်နှင့် လင်းအာတို့သုံးဦးသားသည် မျက်နှာသည် မီးခိုးများဖြင့် မည်းသည်းနေကာ အောင်ပွဲခံနေသည်ကို တွေ့လိုက်ရသည်။
''အလုပ်ဖြစ်ပြီ အလုပ်ဖြစ်ပြီကွ''
---------
ဟေးယန်မြို့ စစ်ရေးပြကွင်းတွင်ဖြစ်သည်။
စစ်တပ်သည် သပ်ရပ်သည့်စတုရန်းလေးထောင့်ကွက်ပုံဖော်ထားသည်။
အားအင်တောင့်တင်းပြီး စွမ်းအားပြည့်ဝသော မြင်းတပ်သားနှစ်ရာရှိသည်။ ခြေလျင်တပ်သားသုံးရာသည် အနက်ရောင်သံချပ်ကာကိုဝတ်ကာ အနက်ရောင်လက်နက်များ စွဲကိုင်ထားပြီး လေးသမားနှစ်ရာက ကျောပေါ်တွင် မြှားအပြည့်ဖြင့်ထားသည့် မြှားကျဉ်တောက်ကို သယ်ထားသည်။ သံချပ်ကာတပ်သားတစ်ရာက သံချပ်ကာများ ဝတ်ဆင်ထားပြီး မလှုပ်မယှက်သောတောင်များနှင့်တူကာ လှံသမားနှစ်ရာသည် လှံရှည်များကို ကောင်းကင်သို့ ချိန်ရွယ်ကာထောင်ထားသည်မှာ ကောင်းကင်ဘုံကိုပင် ဆန့်ကျင့်တော့မည်အလားပင် ဖြစ်၏။
ဟန်ရွှမ်ကျီသည် စစ်တပ်၏အရှေ့တွင်ရပ်ကာ အဖြူရောင်ကို ဝတ်ဆင်ထားပြီး လက်တစ်ဖက်တွင် ဌက်မွေးယပ်တောင် ကိုင်ထားကာ ခါးတွင် ချင်းဖုန်းဓားကို ကိုင်ထားသည်။ ၎င်းသည် သာမန်လောကတွင် ထူးခြားတောက်ပြောင်နေသာလူကောင်းတစ်ယောက်ဖြင့်တူကာ ထိုခေတ်၏ စိတ်အားထက်သန်နေသောလူငယ်လေးတစ်ယောက် ဖြစ်၏။
သပ်ရပ်စွာတန်းစီထားသောတပ်စုသည် မကြာခင်ပင် အရှိန်လျော့လိုက်သည်။ စစ်ချီတက်ခြင်းက ကိစ္စအသေးအဖွဲမဟုတ်ပေ။ ကောင်းကင်နှင့်မြေကြီးကို ကျေနပ်စေရန် ရိုးရာဓလေ့များစွာ လုပ်ဆောင်ရသည်။ ထို့နောက်တွင် မြို့အရာရှိများက စာလွှာပါးကာ အတိတ်ကိုပြန်ခေါ်ပြီး အနာဂတ်ကို ရှေုးရှုကာ တိုက်ခိုက်ရမည့်နေ့ကောင်းနေ့မြတ် ရွေးရသည်။
သာမန်အားဖြင့် နေ့ခင်းဘက်သည် အကောင်းဆုံးအချိန်ဖြစ်ကာ ထိုအချိန်တွင် သတ်ဖြတ်လိုသောစွမ်းအားများ အားအကောင်းဆုံးဖြစ်သောကြောင့်ဖြစ်သည်။ ယခုတွင်မူ နွေရာသီဖြစ်နေကာကျစ်ကျစ်တောက်ပူနေသောနေသည် မွန်းလွဲအတည့်ပိုင်းသို့ ရောက်နေပြီး စစ်ရေးပြကွင်းပေါ်တွင် မလျော့သောဇွဲဖြင့် တောက်ပနေ၏။
ဟန်ဟူကျီက ယပ်တောင်လေးကိုအသာခပ်၍ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
''နေသာတဲ့နေ့ပဲ။ ကောင်းကင်လည်း ကြည်လင်နေတယ်။ နမိတ်ကောင်းတာပဲ''
သံချပ်ကာဝတ်ထားသောသူများကမူ စတင်ကျိန်ဆဲနေပြီဖြစ်၏။ ၎င်းတို့၏ လေးလံလှသောသံချပ်ကာများက လွန်စွာပူလှကာ ၎င်းက အပိုစကားများကို အဆက်မပြတ်ပြောနေပြီး သံချပ်ကာတပ်သားများအဖို့မူ အရှင်လတ်လတ်အပြုတ်ခံထားရသည်နှင့်တူသည်။ ၎င်းတို့ ခန္ဓာကိုယ်ကျန်းမာရေးကောင်းမွန်နေသောကြောင့်သာ အပူဒဏ်ကြောင့် သတိလစ်မသွားခြင်းဖြစ်၏။
''ဦးလေးဝမ် စစ်ထွက်ရတော့မှာ။ ဒီနှစ်ဆို အသက်ခြောက်ဆယ်ရှိပြီမဟုတ်လား''
''(၆၃)နှစ်ပါ။ အဲ့ပုံမပေါက်ဘူးမလား။ ဟားဟား။ ဒါနဲ့ ရှောင်မောင် အရင်လကမှ မင်းလက်ကျိုးထားတာမလား။ ဘယ်လိုလုပ် မြားသမားလုပ်နိုင်ရတာလဲ''
''ရှုး အသံတိုးဦး။ ဒီတစ်ခေါက် ဓားပြနည်းနည်းလေးကို ကျွန်တော်တို့ လူထောင်ချီက သွားတိုက်မှာ။ ကျွန်တော်ပါပါ မပါပါ ကိစ္စမှမရှိတာ''
ဟန်ရွှမ်ကျီကမူ ထိုမြင်ကွင်းကို ကျေနပ်စွာ ကြည့်နေလေသည်။ ထိုအချိန်တွင် တိုက်ခိုက်ရာ၌ ၎င်းတစ်ယောက်တည်း မဟုတ်တော့ဟု ခံစားမိသည်။ သမိုင်းအဆက်ဆက်က နာမည်ကြီးစစ်သူကြီးများဖြစ်သော ချန်ရွှမ်းကျီ၊ လီချောင်ကန်းနှင့် ကျုံးမေလိတို့တသည် ၎င်းနှင့်တစ်သားတည်း ဖြစ်သွားဟန်ရှိသည်။ ၎င်း၏ ဒဏ္ဍာရီလာစစ်သည်ဖြစ်လာမည့်ခရီးစဉ်သည် ယနေ့တွင် စတင်လိုက်လေသည်။
''အဖေ လွန်ခဲ့တဲ့နှစ်သုံးဆယ်က အဖေ့ရဲ့အောင်မြင်မှုတွေမလား။ ကျွန်တော့်အတွက်တော့် အောင်မြင်မှုက ခုမှစမှာ''
ရုတ်တရက်ပင် ဟန်ဟူကျီသည် ဓားအိမ်မှ ဓားကို ဆွဲထုတ်ကာ စစ်သည်တစ်ယောက်၏ပုခုံးထက်တွင် တင်လိုက်ပြီး မေးလိုက်၏။
''မင်းပျော်လား''
''ပျော်ပါတယ်''
စစ်သားမှာ ရင်တုန်သွားရှာသည်။
''မင်းအတွက် ငါလည်းပျော်တယ်။ အရင်ရှေးအချိန်တုန်းက နာမည်ကြီးစစ်သူကြီးတွေက စစ်မထွက်ခင် အထိိမ်းအမှတ်အလံကို အရိုအသေပေးဖို့ လူတစ်ယောက်ကို ရွေးတယ်။ ငါရွေးလိုက်တဲ့သူက မင်းပဲ''
''အရှင်ငယ် ကျွန်တော့်ကို နောက်နေတာပဲ''
''မင်းကိုနောက်နေတာ''
ဟန်ဟူကျီ၏အကြည့်တို့က ဓားသွားကဲ့သို့ စူးရှသွားသည်။
''စစ်ရေးကိစ္စတွေမှာ ဘာမှနောက်ပြောင်စရာမရှိဘူး။ ငါက ဘယ်လိုလုပ် မင်းကို နောက်ရမှာလဲ''
''ငြိမ်းငြိမ်းချမ်းချမ်း အနားယူပါ။ ဒီနေ့ကစပြီး မင်းမိသားစုက တစ်သက်လုံးမင်းရဲ့နာမည်နဲ့တွဲပြီး မြှောက်စားခံရမှာပါ''
ထိုသို့ပြော၍ ဓားကို စစ်သား၏လည်ပင်းဆီသို့ လွှဲယမ်းလိုက်လေသည်။
''အောင်မြင်မှုက မင်းနဲ့အတူ ငရဲထိပါသွားလိမ့်မယ်''
ထိုစစ်သားသည် သွေးအိုင်ထဲသို့ လဲကျသွားပြီး မျက်လုံးအပြူးသားဖြင့် မျက်လုံးပင်မပိတ်နိုင်ဘဲ သေပွဲဝင်သွားရသည်။
ဟန်ရွှမ်ကျီက ခေါင်းမတ်ကာ သွေးပေနေသောဓားကို မြှောက်၍ အော်လိုက်သည်။
''တက်ကြမယ်''
အေးစက်မှုက လူအုပ်ထဲတွင် ပျံ့နှံ့သွား၏။ ဟန်ရွှမ်ကျီ၏ပုံရိပ်ကိုကြည့်ကာ ၎င်းတို့အားလုံး ကိစ္စတစ်ခုကိုသာ တစ်ညီတစ်ညွတ်တည်း တွေးလိုက်မိသည်။
''ဒီကောင်က အရူးပဲ'’