နတ်ဘုရားဟန်ရွှမ်ကျီကစစ်သည်များကိုအသုံးချခြင်း(၂)
Vol. 1 Ch. 13
ဖားပြုတ်ခံတပ်တွင် ဓားပြနှစ်ယောက်တည်းရှိသည်ကို သိသောကြောင့် ဟွမ်စန်းယွမ်မှာ ဘေးကျပ်နံကျပ်ဖြစ်နေသည်။ ဟန်ရွှမ်ကျီ၏အရှိန်ကိုသုံးသပ်ရင်းဖြင့် ၎င်းသည် စစ်သည်တစ်ထောင်ကို ခေါ်လာခဲ့ပြီး ၎င်းလိမ်ထားသည်ကိုသာ သိသွားလျှင် သေလမ်းသို့သွားရတော့မည်ကို သိနေပေသည်။ ထို့ကြောင့် ဟွမ်စန်းယွမ်သည် လမ်းတွင် ထွက်ပြေးရန်အခွင့်အရေးကိုသာ တစ်လျှောက်လုံး စဉ်းစားနေမိသည်။
သို့သော်လည်း အဖွဲ့သည် စတင်လှုပ်ရှားသောအခါတွင် ဟွမ်စန်းယွမ်မှာ တဖြည်းဖြည်းဖြင့် ၎င်းစဉ်းစားနေသောပြဿနာမှာ ပြဿနာမဟုတ်တော့ဟု ခံစားလာမိသည်။ အဘယ့်ကြောင့်ဆိုသော် စစ်တပ်အတွင်းမှကိစ္ဏက ပို၍ကိစ္စကြီး ဖြစ်နေသောကြောင့် ဖြစ်၏။
လမ်းကြောင်းသည် မချော့မွေ့သည့်အပြင် ကျောက်တုံးကျောက်ခဲ၊ ခြုံပုတ်များ၊ သစ်ပင်ပန်းမန်များဖြင့် ကြမ်းတမ်းလှသည်။ ထိုလမ်းများပေါ်တွင် လျှောက်ရခြင်းက အကွေ့အကောက်များသည်ဟုလည်း ဆိုနိုင်သည်။ လူတစ်ထောင်အုပ်စုထဲတွင် ဖျားနားသူများက ဖျားနာလာကြပြီး အခြားသူများက ဝမ်းပျက်ဝမ်းလျှောဖြစ်ကြကာ သံချပ်ကာဝတ်ရသောစစ်သားတို့က သတိလစ်မေ့မြောသွားကြသည်။ စစ်တပ်ကြီးကြပ်သူများက မြင်းစီး၍ ကြာပွတ်ကိုင်ကာ ၎င်းတို့ကို ရှေ့ရောက်အောင် လိုက်ရိုက်နေပေသည်။
ထိုသို့အဖွဲ့များကြားတွင် မြင်းနှစ်စီးဆွဲသည့် ဇိမ်ခံလှည်းသည် လှည်းလမ်းအတိုင်းဆက်သွားနေကာ လူတစ်ယောက်သည် ပိုးသားစောင်အတွင်းတွင် လှဲနေသည်။ ဟန်ရွှမ်ကျီသည် လှည်းထဲတွင်ထိုင်လိုက်ပြီး လက်ထဲမှယပ်တောင်ကို ဝှေ့ယမ်းကာ တည်ငြိမ်စွာ ရှုစားနေလေ၏။
အတော်ကြာဘာမှမပြောသော ဟွမ်စန်းယွမ်သည် နောက်ဆုံးတွင် စိုးရိမ်သောအသံဖြင့် ပြောလာလေသည်။
''မြို့အရှင်လေး ကျွန်တော်တို့ မြန်မြန်ချီတက်ရမှာမလား။ ဒါပေမဲ့ ဘာလို့ လှည်းထဲမှာ ထိုင်နေရတာလဲ''
''ငါက စစ်သားမဟုတ်သလို အမှိုက်တွေကို တိုက်ဖို့လည်း ငါ့တာဝန်မဟုတ်ဘူး''
ဟန်ရွှမ်ကျီသည် မျက်ခုံးပင့်လိုက်ပြီး
''င့ါတာဝန်က သူတို့ကို တိုက်ပွဲဆီကို ဦးဆောင်သွားဖို့ပဲ။ ဝေဒနာခံစားရတာတွေ ကပ်ဘေးတွေက ငါနဲ့မထိုက်တန်ဘူးလေ။ ဒီစည်းကမ်းကို နားလည်တယ်မလား''
''နားလည်ပါပြီ နားလည်ပါပြီ''
ဟွမ်စန်းယွမ်က တွန့်ဆုတ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ ၎င်းသည် အဓိပ္ပာယ်မရှိသောစကားလာပြောလျှင် ပြန်မဖြေနိုင်ဟုသော အမူအရာမျိုး လုပ်လိုက်သော်လည်း ဟန်စန်းယွမ်ကမူ တစ်ခုခုမှားနေသည်ဟု ခံစားမိသည်။
''မင်းနားလည်မှာမဟုတ်ဘူး''
ဟန်ရွှမ်ကျီသည် လှည်းအပြင် ပြတင်းပေါက်မှ ကြည့်လိုက်ပြီး အသာသက်ပြင်းချကာ
''ရှေးခေတ်နာမည်ကြီးစစ်သူကြီး ချန်ရွှမ်းကျီက သူ့တဲထဲမှာနေရင်း ရန်သူတွေကို မိုင်ပေါင်းထောင်ချီကနေ တိုက်ခိုက်နိုင်တယ်။ တစ်ချက်တည်းနဲ့ ရန်သူတွေကို ပြာကျအောင်လုပ်နိုင်တယ်။ အကြီးတွေက ဘယ်လောက်တောင် လေးစားစရာကောင်းလိုက်လဲ''
၎င်းပြောနေသည်ကို နားထောင်ရင်းဖြင့် ဟွမ်စန်းယွမ်တစ်ယောက်မှာမူ ၎င်းသည် နာမည်ကြီးစစ်သူကြီးကဲ့သို့သော ကံဇာတာမျိုးမဟုတ်ဘဲ ရောဂါရှိနေသည်ဟုသာ ထင်လိုက်မိသည်။ ယခုတွင် တဖြည်းဖြည်းဖြင့် ဟန်ရွှမ်ကျီသည် မည်သို့သောသူမျိုးဖြစ်သည်ကို နားလည်လာပေသည်။ ဤလောကကြီးထဲတွင် ၎င်းတို့အချိန်များကို အားရကျေနပ်စွာဖြင့် ဖြုန်းတီးနေသောအမျိုးကောင်းသားများလည်းရှိကာ ရည်မှန်းချက်ကြီးသောအမျိုးကောင်းသားများလည်း ရှိသည်။ ထိုသူများက ၎င်းတို့ဘာသာ ရည်မှန်းချက်ကြီးသည်ဟု ယုံကြည်ထားကြသော်လည်း လက်တွေ့တွင်မူ စိတ်အပျော်အပါးကိုရှာနေသူများသာဖြစ်သည်။ ၎င်းရှေ့ကသခင်လေးသည်မူ ဒုတိယအမျိုးအစားထဲတွင် ပါနေသည်။
ဟန်ရွှမ်ကျီသည် ဟေးယန်မြို့မှ စစ်တပ်ကိုခေါ်လာသည်မှာ တစ်ရက်ကြာမြင့်ပြီဖြစ်ကာ ရွှယ်ပန်ချွင်းသည် မြို့အရှင်စံအိမ်သို့ ရောက်လာသည်။
ရာသီဥတုက ပူပြင်းသောကြောင့် မြို့အရှင် ဟန်ဟူကျီသည် ခါးအထိ အဝတ်ချွတ်ထားပြီး ဝိုင်ခွက်ကို ကိုယ်ပေါ်သို့ လောင်းချကာ အမှန်တွင် ချွေးပိုထွက်နေခြင်းဖြစ်သည်။ ဟွားနှင့်ချောင်ညီအစ်မနှစ်ဦးသည် ၎င်းကို စောင့်နေကြသည်။ ၎င်းတို့သည် ဇာပါးပါးလွှာလွှာလေးကိုသာဝတ်ထားပြီး သူမတို့၏ လှပနူးညံ့သောခန္ဓာကိုယ်များကို ပါးလွှာသောဇာပါးလွှာမှတစ်ဆင့် ဖောက်ထွင်းမြင်နေရသည်။
ရွှယ်ပန်းချွင်းသည် စံအိမ်ထဲသို့ ဝင်လာသောအခါ၌ ထိုမြင်ကွင်းကို မြင်လိုက်ရသောကြောင့် အမြန်ပင် ခေါင်းငုံ့လိုက်ရပြီး ထိုမြင်ကွင်းကိုမကြည့်ရဲရှာပေ။
''ဘာလဲ''
ဟန်ဟူကျီက အတော်ပင် စိတ်ပျက်လက်ပျက်ပုံပေါက်နေသည်။
''မြို့အရှင် သခင်လေးထွက်သွားတာ တစ်ရက်ရှိပြီ။ စိတ်ထဲမှာ တော်တော်လေးမတင်မကျဖြစ်နေပါတယ်။ မမျှော်လင့်ထားတဲ့တစ်ခုခုများ ဖြစ်နေမလားလို့ စစ်သည်တစ်ရာခေါ်ပြီး သွားကြည့်လိုက်ရမလား''
''ကံမကောင်းတာမျိုးလား ဪ။ အဲ့လိုဆို ကောင်းပြီ။ သွားပါ သွား''
ဟန်ဟူကျီက စိတ်မရှည်စွာဖြင့် လက်ဝှေ့ယမ်းပြလိုက်သည်။
ရွှယ်ပန်းချွင်းက အခန်းထဲမှ ထွက်သွားသည်နှင့် ချက်ချင်းပင် ကိုယ်ကို ပြန်မတ်လိုက်သည်။
နာရီဝက်ခန့်ကြာပြီးနောက်တွင် ခြေလျင်တပ်သားတစ်ရာသည် စစ်ရေးပြကွင်းတွင် လူစုကြသည်။ ယခင်က ရွှယ်ပန်ချွင်းသည် စစ်သားငါးရာကို လေ့ကျင့်ပေးထားကာ လူတစ်ရာသည် ထိုစစ်သားငါးရာကြားမှ လက်ရွေးစင်ဖြစ်သည်။
တစ်ဦးချင်းစီသည် ငယ်ငယ်ရွယ်ရွယ် နှစ်ဆယ်ကျော်၊ သုံးဆယ်ကျော်များသာဖြစ်ကာ တစ်ဦးချင်းစီက တောင့်တင်းခိုင်မာသည်။ ၎င်းတို့သည် မြားကိုင်ထားသည့် လူငါးယောက်လျှင် စတုရန်းပုံတစ်ကွက်ဖြင့် ဖွဲ့စည်းပုံဖော်ထားသည်။ လက်ထဲတွင်လည်း လှံတံများရှိကာ ခါးတွင်လည်း ဓားတိုများပါသည်။
မည်သူမှ စကားမပြောကြပေ။ စစ်မြင်းများသည်ပင် တိတ်ဆိတ်၍နေသည်။ သန်မာထွားကြိုင်းသောလူတစ်ရာက ရွှယ်ပန်ချွင်းကို တိတ်ဆိတ်စွာ ကြည့်နေကြသည်။
၎င်းတို့အတွက် ဦးနှောက်မလိုပေ။ ရွှယ်ပန်ချွင်းက ၎င်းတို့ဦးနှောက်ဖြစ်သည်။ အတွေးကိစ္စရပ်မျိုးကိုလည်း မလိုအပ်ပေ။ ရွှယ်ပန်ချွင်းကသာ ၎င်းတို့၏အတွေးဖြစ်သည်။
ရွှယ်ပန်ချွင်းသည် မြင်းပေါ်သို့မတက်ခင်တွင် ခေတ္တမျှရပ်လိုက်သည်။
''ထွက်ကြမယ်''
စစ်မြင်းများသည် မြည်ဟီးကာ ခွာသံပေးကြသည်။ မြေကြီးကို ရိုက်ခတ်သောမြင်းခွာသံများသည်ပင် စည်းချက်ညီလှ၏။ ၎င်းတို့သည် ရွှယ်ပန်ချွင်း၏ဦးဆောင်မှုနောက်သို့ ခြင်္သေ့များနှယ် လိုက်ပါသွားကြသည်။
လူတစ်ရာ၏စိတ်သည် တစ်ခုတည်းအဖြစ် ပေါင်းစပ်ထားကာ ခြေထောက်အစုံတစ်ရာကလည်း တစ်ခုတည်းသာဖြစ်သည်။ လက်ရွေးစင်စစ်သည်အစစ်များ ဖြစ်ကြသည်။
အုပ်စုသည် ဖြည်းဖြည်းချင်း ရွေ့လျားသွားကာ ဖားပြုတ်ခံတပ်နားသို့ နေဝင်ခါနီးတွင် ရောက်သွားသည်။ တစ်ရာလီကျော်ဝေးသည့်ခရီးသည် တစ်ရက်သာကြာသည်။
''သခင်လေး မကြာခင် ဖားပြုတ်ခံတပ်ကို ရောက်တော့မယ်။ စစ်သားတွေကို နည်းနည်းလောက် နားခိုင်းမယ်ဆိုရင်ရော ဘယ်လိုလဲ။ သူတို့တွေနေ့ရာညပါ မနားမနေ ခရီးဆက်နေရတာ''
ဟွမ်စန်းယွမ်က အကြံပေးလိုက်သည်။
''နားမယ်''
ဟန်ရွှမ်ကျီက ဟွမ်စန်းယွမ်ကို ပဟေဠိဖြစ်စွာကြည့်လိုက်ပြီး
''ဘဏ္ဍာစိုးဟွမ် စစ်တပ်မှာ မီးစင်ကြည့်ကတာက ဘယ်လောက်အရေးပါလဲဆိုတာကို မသိဘူးလား။ ငါတို့နားနေတုန်းညဘက်မှာ သူခိုးတွေက ခြုံခိုတိုက်ခိုက်လာမယ်ဆို ငါတို့ ဘယ်လိုလုပ်ကြမလဲ''
''အင်း''
ဟွမ်စန်းယွမ်က ပြောလိုက်သည်။
''ဒါပေမဲ့ စစ်သားတွေလည်း ပင်ပန်းနေပြီ။ သူတို့လည်း ထပ်ပြီးတောင့်ခံထားနိုင်မှာမဟုတ်ဘူး''
''င့ါစစ်သားတွေက ဆင်းရဲဒုက္ခနဲ့ရင်ဆိုင်ဖို့ သတ္တိရှိထားရမယ်။ စိတ်ပျက်အခြေအနေတွေမှာ အသက်ရှင်ဖို့ ဆန္ဒရှိရမယ်။ ဘဏ္ဍာစိုးဟွမ် ငါတို့က စစ်ပွဲမှာ။ အပျက်အဆီးဆိုတာရှိမှာပဲ။ သူတို့ကို နည်းနည်းလောက် ဒုက္ခခံခိုင်းလိုက်မယ်ဆိုရင်ရော''
ထိုသို့သူမျိုးဖြင့် ငြင်းခုံနေသည်မှာပင် တစ်ခုခုမဟုတ်တော့ဟု ခံစားမိပေသည်။
မြင်းခွာသံများက ချည်းကပ်လာသည်။ စစ်တပ်ကြီးကြပ်သူတစ်ဦးက လှည်းဘေးသို့ ရောက်လာသည်။
''သခင်လေး ရှေ့မှာလမ်းဆုံရှိတယ်။ တစ်ခုက လမ်းမကြီးနဲ့ နောက်တစ်လမ်းက ကျဉ်းပြီး အကွေ့အကောက်များတဲ့ လမ်းကြားလေး။ တောင်ကြားလမ်းလည်းရှိတယ်။ အရှင်ငယ်ကို လာမေးတာပါ။ လမ်းနှစ်လမ်းမှာ ဘယ်လမ်းကို ရွေးရမလဲ''
''အရူး ငါတို့က လမ်းမကြီးကနေပဲ သွားရမှာပေါ့။ မေးဖို့လိုသေးလို့လား''
ဟွမ်စန်းယွမ်က ကျယ်လောင်စွာကျိန်ဆဲလိုက်မိသည်။ စိတ်ထဲတွင် မျှော်လင့်မထားသောကိစ္စများမဖြစ်လာရန် ဆုတောင်းနေမိ၏။
''ခဏ''
မျှော်လင့်ထားသည့်အတိုင်းပင် မင်းတို့ဘာမှနားမလည်ဘူး၊ ငါပဲနားလည်သည်ဆိုသော ဟန်ရွှမ်ကျီက ထိုသို့မျက်နှာထားမျိုး လုပ်လိုက်ပြန်သည်။ ၎င်းက ပြောလိုက်သည်။
''ဘဏ္ဍာစိုးဟွမ်က လမ်းမကြီးကနေ သွားဖို့မှတ်ထားတာပဲ။ အားလုံးလည်း အဲ့လိုပဲစဉ်းစားကြလိမ့်မယ်။ အဲ့လိုဆို ဓားပြတွေလည်း အဲ့လိုပဲတွေးမှာမဟုတ်ဘူးလား။ သူတို့က ကျုပ်တို့ကိုလမ်းမှာ သေချာပေါက် ခြုံခိုတိုက်လိမ့်မယ်။ ဒါပေမဲ့ သူတို့ရဲ့သာမန်အစီအစဉ်အတိုင်း လိုက်လုပ်လို့မဖြစ်တော့ဘူး''
ဟွမ်စန်းယွမ်တစ်ယောက် သွေးအန်မတတ်ဖြစ်သွားသည်။ ခြုံခိုတိုက်ခိုက်ရန် ဓားပြနှစ်ယောက်တည်းသာရှိသည်။ မည်သည့်လမ်းကပင် သွားပါစေ ဓားပြနှစ်ယောက်တည်းသာ ဖြစ်၏။ စစ်သည်များမှာ ပို၍ဆိုးဝါးသောလမ်းကြမ်းဖြင့်သာ အဆုံးသတ်ရတော့ည်။
ထိုအုပ်စုသည် ရှေ့သို့ ဆက်လက်ချီတက်လာကြပြီး ကွေ့ကောက်သောလမ်းကြားသို့ ဦးတည်လာကြသည်။
ဟွမ်စန်းယွမ်တစ်ယောက်စိတ်ထဲတွင် စဉ်းစာနေမိသည်။ သို့သော်လည်း ဘေးဘက်ခြုံများမှ စောင့်ကြည့်နေသောမျက်လုံးများကိုမူ သတိမထားမိခဲ့ပေ။
ယခင်ရက်ပိုင်းများတွင် ရွှီရှန်းကျီသည် ချင်းနျူးတောင်ဝန်းကျင်ရှိ တောင်ခံတပ်များကို သွားရောက်ကာ ကိစ္စတစ်ခုကို လိုက်ပြောခဲ့သည်။ ဟေးယန်မြို့သည် ချင်းနျူးတောင်ရှိဓားပြများကို တိုက်ခိုက်တော့မည်ဆိုသည့်အကြောင်းပင်။
မည်သူကမှ ၎င်း၏စကားကိုမယုံခဲ့ပေ။ သို့သော်လည်း လူလွှတ်၍ စုံစမ်းလေ့လာမှုလုပ်ခဲ့သည်။ ဟန်ရွှမ်ကျီ၏စစ်တပ်က ချင်းနျူးတောင်သို့ ချည်းကပ်လာသောအခါတွင် ၎င်းတို့လည်း သိပြီးဖြစ်ကာ သက်ဆိုင်ရာခံတပ်အသီးသီးသို့ တင်ပြပြီးဖြစ်သည်။
လူတစ်ထောင်တပ်ဖွဲ့ဖြစ်သည်။ တောင်ခံတပ်အားလုံး ရင်တမမဖြင့် ရှိကြသည်။
ကျားပျံရွာ၊ ဇီးပန်းပွင့်တောင်ကြား၊ ခွေးခေါင်းတောင်ကြား၊ ဝက်ရိုင်းတောနှင့် တောင်ကုန်းပြောင်အားလုံးမှ ခေါင်းဆောင်အားလုံးသည် လမ်းမကြီး၏ ဘေးနှစ်ဖက်ခြုံပုတ်များထဲတွင် ပုန်းအောင်းနေကြသည်။ တစ်ဦးချင်းစီသည် ၎င်းတို့၏ကျောဘက်၌ စူးတစ်ချောင်းစိုက်နေသည်ဟုသောခံစားချက်မျိုး ရှိနေကြသည်။
ထိုထဲမှတစ်ဦးသည် အနက်ရောင်ဝတ်ထားကာ လက်ထဲမှဓားသွားကာ တလက်လက်တောက်နေသည်မှာ ကျောချမ်းစရာကောင်းလှ၏။ ၎င်းသည် ကျားပျံရွာ၏ခေါင်းဆောင် ကောင်းဖေးဟူပင်ဖြစ်သည်။ ၎င်းဘေးမှသူမှာ ကောင်းဖေးဟူ၏ညီငယ် ကောင်းဖေးပေါင်ပင် ဖြစ်သည်။
''အစ်ကိုကြီး ကြည့်ရတာ ကျုပ်တို့ဆီကို ဦးတည်လာတာမဟုတ်ဘူး။ ဒီလမ်းက ဖားပြုတ်ခံတပ်ဘက်ကို ဦးတည်သွားတာမဟုတ်လား''
''ဖားပြုတ်ရွာမှာ လူဘယ်လောက်ရှိလို့ အဲ့လောက်စစ်သည်းအများကြီးနဲ့ တိုက်ခိုက်ဖို့လိုမှာလဲ''
ကောင်းဖေးဟူက မျက်မှောင်ကြုတ်ကာ နားမလည်နိုင်တော့ပေ။
''အခု ငါတို့ရဲ့ ဗျူဟာမှူးလည်း ဒီမှာသာအတူရှိနေမယ်ဆိုရင်--- ဒီနေ့ဘာဖြစ်မလဲဆိုတာ စောင့်ကြည့်ရအောင်'’