← Chapters

လူတစ်ယောက်ကထွက်ပေါက်ကိုပိတ်ထားတယ်

Vol. 1 Ch. 14

လူတစ်ယောက်ကထွက်ပေါက်ကိုပိတ်ထားတယ်

Vol. 1 Ch. 14

လမ်းကျဉ်းလေးတစ်သွယ်၊ တောင်ကြားမှမြင်ရသောကောင်းကင်အမျှင်တန်းလေး။

''အစ်ကိုကြီး သူတို့ရောက်လာကြပြီ''

လင်းရှောင်ယွီက ပြောလိုက်သည်။

ချုံးတလေတစ်ယောက် ခန္ဓာကိုယ်မတ်သွားသည်။ လွန်ခဲ့သောရက်ပိုင်းအတွင်း တောင်ကြားအစွန်းတွင်သာ အိပ်ခဲ့ကာ နားလည်းမနားသကဲ့သို့ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်ကာ ဗျူဟာမှူးတွက်ချက်ထားသည်က လွဲချော်မည်ကို စိုးနေမိ၏။ ထို့ကြောင့်ပင် ဗျူဟာမှူးရွှီကို ချင်းနျူတောင်၏ ခံတပ်များဆီသို့ သွားခိုင်းကာ လမ်းမကြီးတွင် ဓားပြများကို ခြုံခိုတိုက်ခိုက်ရန် သိမ်းသွင်းခိုင်းခဲ့သည်။ သို့သော်လည်း အစစ်အမှန်လှည့်ကွက်သည်မူ ကျဥ်းမြောင်းသောတောင်ကြားလမ်းသာ ဖြစ်၏။

တောင်ကြားလမ်းသည် ကျဉ်းလှသောကြောင့် မြင်းနှစ်ကောင်သာ ဘေးချင်းယှဉ်သွားနိုင်သည်။ မဟုတ်လျှင် လူလေးဦးသာ ပုခုံးချင်းယှဉ်ဝင်နိုင်သည်။ စစ်သည်များက တောင်ကြားလမ်းရှေ့သို့ ရောက်သောအခါတွင် မြင်းတပ်က ဦးစွာဝင်ပြီး ခြေလျင်တပ်က နောက်မှလိုက်သည်။

နေဝင်ပြီဖြစ်ကာ ကောင်းကင်ကလည်း မည်းမှောင်နေပြီး သံချပ်ကာအချင်းချင်း ပွတ်တိုက်သံကို နားထဲတွင် ကြားနေရသည်။ ချုံးတလေသည် တောင်ကြားလမ်းအပေါ်မှ အောက်သို့ ငုံ့ကြည့်ပြီး ချက်ချင်းပင် ချွေးဇောပြန်သွားသည်။

''အစ်ကိုကြီး သူတို့က လူထောင်ချီရှိတာ''

ဗျူဟာမှူးရွှီက အံ့ဩစွာဖြင့် ပြောလိုက်ပေသည်။

ချုံးတလေမှာ အံကြိတ်လိုက်မိသည်။ ၎င်းတို့ခံတပ်တွင်မူ ငါးဦးသာရှိကာ လူငါးဦးကို အမြစ်ဖြုတ်ရန်အတွက် လူတစ်ထောင်ကို ပို့လိုက်ပေသည်။

''အစ်ကိုကြီး ပြန်ဆုတ်ရအောင်။ ကျွန်တော်တို့ ဒါကိုတော့ မရင်ဆိုင်နိုင်လောက်ဘူး''

ဗျူဟာမှူးရွှီက အကြံပေးလိုက်သည်။

''ပြန်ဆုတ်မယ်။ နောက်ကျသွားပြီ။ အရင်အစီအစဉ်အတိုင်းပဲ ဆက်လုပ်မယ်''

ချုံးတလေသည် သစ်တုံးတစ်တုံးကို တွယ်ကပ်ထားကာ ထိုသစ်တုံးမှာ ဆယ်မီတာနီးပါးရှည်ပြီး လူတစ်ဖက်စာမျှလည်း ကြီးသည်။ ၎င်းက ညွှန်ကြားလိုက်၏။

''ငါဒီသစ်တုံးကို ပစ်လိုက်တာနဲ့ သူရဲကောင်းလေးလင်းက တောင်ကြားနှုတ်ခမ်းဝမှာရှိတဲ့ဖောက်ခွဲရေးပစ္စည်းတွေကို မီးရှို့ရမယ်။ ဗျူဟာမှူးရွှီ၊ အစ်ကိုကြီးချင်း၊ လင်းအာ မင်းတို့သုံးယောက်က ဖောက်ခွဲရေးသေတ္တာတွေကို အောက်ကို ပစ်ချရမယ်''

ဤသည်မှာ ချုံးတလေ၏အစီအစဉ်ပင် ဖြစ်သည်။ ၎င်းသည် တောင်ကြားလမ်းအပေါ်မှ တစ်ဦးချင်းစီတောင်ကြားလမ်းထဲသို့ ဝင်သွားသည်ကို စောင့်ကြည့်နေကြသည်။

ဗျူဟာမှူးရွှီက အသံတိုးတိုးဖြင့် ပြောလိုက်သည်။

''ဘာလို့ တောင်ကြားလမ်းရဲ့ ထွက်ပေါက်တစ်ခုတည်းကိုပဲ တိုက်ရတာလဲ။ ဘာလို့နှစ်ခုလုံးကို မတိုက်ရတာလဲ''

''ဘေးကျပ်နံကျပ်ဖြစ်နေတဲ့မြို့က တဖြည်းဖြည်းနဲ့ ရိက္ခာပြတ်သွားလိမ့်မယ်။ အဲ့လိုအခြေအနေမှာ လူတွတောင် စိတ်မကူးဖူးတဲ့ တိုက်ခိုက်ရေးဝိညာဉ်မျိုးကထွက်လာတတ်တယ်။ သူတို့မှာ ပြေးလမ်းရှိသေးတာကို သိရင် သေတဲ့အထိ တိုက်ကြမှာမဟုတ်ဘူး''

ချုံးတလေက ထိုသို့ပြောကာ သက်ပြင်းချလိုက်ပြီး

''ငါတို့က သူတို့နဲ့မတူဘူး။ ငါတို့မှာ ဘာလမ်းမှမရှိတော့ဘူး''

မြွေလိမ်မြွေကောက်ကဲ့သို့သောအသင်းသည် လမ်းကြားထဲသို့ ရောက်လာသည်။ ရုတ်တရက်ပင် မမျှော်လင့်ထားသောတစ်စုံတစ်ခု ဖြစ်သွားသည်။ တောင်ကြားလမ်းသည် မီတာငါးရာခြောက်ရာခန့်ရှည်လျားသော်လည်း အချို့စစ်သားများ လမ်းကြားထဲမဝင်ခင်တွင်ပင် အခြားသောသူများ ထွက်ပေါက်မှ ထွက်သွားပြီဖြစ်သည်။

''အစ်ကိုကြီး ဘယ်လိုလုပ်ကြမလဲ''

ဗျူဟာမှူးရွှီက စိုးရိမ်ပူပန်မှုဖြင့် ချွေးပြန်နေရှာသည်။

''ခဏ ခဏ''

ချုံးတလေ၏အသံက ပြောရင်းဖြင့်ပင် တုန်လှုပ်နေကာ ယခုတွင် ၎င်းလုပ်လိုက်သောဆုံးဖြတ်ချက်တိုင်းသည် နောက်ဆုံးရလဒ်ကို သက်ရောက်မှုရှိနေသည်ကို နားလည်ပေသည်။

စစ်သည်တော်များ တောင်ကြားလမ်းမှ ပို၍ထွက်သွားလေလေ စောင့်ဆိုင်းရန် အချိန်မရှိလေလေပင် ဖြစ်သည်။ နောက်ဆုံးမှလှည်းက တောင်ကြားလမ်းထဲသို့ ဝင်လာကာ တောင်ကြားလမ်းတွင်လည်း လူပြည့်နေပြီဖြစ်ပြီး ၎င်းတို့ကို ရှင်းထုတ်ရန် လုံလောက်ပြီဖြစ်၏။

''တိုက်ကြ''

ချုံးတလေသည် ရုတ်တရက်ပင် လက်ထဲမှ သစ်တုံးကို တွန်းလိုက်ပြီး မိုးကြိုးသံကဲ့သို့ မြည်သံနှင့်အတူ တောင်ကြားလမ်းထွက်ပေါက်ကို ပိတ်လိုက်သည်။ မြင်းစစ်သည်တော်တစ်ယောက်သည် သစ်တုံးဖြင့် ဝင်တိုက်မိကာ ၎င်းနှင့်တိုက်မြင်းက တကွဲတပြားဖြစ်သွားပေသည်။

''ရှောင်ယွီ မီးညှိတော့''

ချုံးတလေက အော်ပြောလိုက်၏။ ချင်းမန်နှင့် အကြံပေးရွှီတို့သည် ၎င်းတို့၏ ဖောက်ခွဲရေးပစ္စည်းများကို လွှင့်ပစ်ပြီးဖြစ်ကာ လင်းရှောင်ယွီတစ်ယောက် ထွက်ပေါက်ကိုမီးရှို့မည်ကို စောင့်ဆိုင်းနေကြသည်။

သို့သော်လည်း ဘာမှဖြစ်မလာပေ။ ချုံးတလေလှည့်ကြည့်လိုက်သောအခါတွင် လင်းရှောင်ယွီတစ်ယောက် မီးစကိုကိုင်ကာ မျက်နှာတွင်ပင်ချွေးပြန်နေသည်ကို တွေ့လိုက်ရသည်။

''မင်းအရင်က ဘယ်သူ့ကိုမှ မသတ်ဖူးဘူးလား''

''ကျွန်တော် ကျွန်တော်--- အောက်မှာက လူတွေအများကြီးပဲ။ ကျွန်တော် ကျွန်တော်---''

လင်းရှောင်ယွီတစ်ယောက် စကားများပင် ထစ်ငေါ့နေသည်။

သေချာပေသည်။ တစ်ခုခုမှားသွားပေသည်။ လက်တွေ့သည် အစီအစဉ်ဖြင့် မည်သည့်အခါမှ မညီညွတ်ကာ ထိုအချိန်တွင် မြင်းတပ်သားအချို့ကလည်း တောင်ကြားလမ်းထဲမှ ထွက်နေပြီဖြစ်၏။

''သေစမ်း''

ချုံးတလေကသည် လင်းရှောင်ယွီ၏မျက်နှာကို အားဖြင့် ရိုက်လိုက်သည်။

''ဒါက စစ်ပွဲ။ ကလေးကစားနေတာမဟုတ်ဘူး။ စစ်ပွဲဆိုတာ ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့ ကစားရတာမဟုတ်ဘူး။ အချင်းချင်းသတ်ချင်ဖြတ်ချင်နေကြတာ''

ချုံးတလေတစ်ယောက် ရက်စက်ကြမ်းကြုတ်ကာ ဒေါသအမျက်ချောင်းချောင်းထွက်နေသည်။ လင်းရှောင်ယွီသည် ၎င်းတုန်ယင်နေသည်ကို သတိထားမိသည်။ ၎င်းသည်ပင် လန့်သွား၏။

ချုံးတလေသည် လင်းရှောင်ယွီလက်ထဲမှ မီးကျဉ်ကိုယူကာ လောင်စာရှိရာသို့ ပစ်လိုက်သည်။ မီးသည် ဆီစိမ်ကြိုးတစ်လျှောက် စွဲလောင်သွားကာ အားလုံးမှာ စိတ်လှုပ်ရှားစွာဖြင့် မီးစလေးက မတော်မဆမီးငြိမ်းသွားမည်ကို ကြည့်နေကြသည်။

ဘုန်း---

ဖောက်ခွဲရေးပစ္စည်းများကို တောင်ကြားလမ်းထွက်ပေါက်တွင် မြုပ်ထားကာ ဖောက်ခွဲလိုက်သောအခါ၌ ကျောက်တုံးကျောက်ခဲများပါ လွင့်ကာပြုတ်ကျသွားပြီး ထွက်ပေါက်ပိတ်သွားသည်။ သို့သော်လည်း ထိုအချိန်တွင် မြင်းတပ်သားတစ်ရာက ထိုလမ်းကြားမှ လွတ်မြောက်သွားပြီးဖြစ်သည်။

ချင်းမန်နှင့် ရွှီရှန်းကျီကမူ ဟန်ချက်ညီလှသည်။ တစ်ဦးက ဖောက်ခွဲရေးသေတ္တာပေါ်မှမီးစကို မီးရှို့ကာ အခြားတစ်ဦးက ပစ်ချပေးသည်။ သေတ္တာသည် လေထဲတွင် ပေါက်ကွဲသွားပြီး အထဲမှထည့်ထားသောအရာများက ကျဉ်ဆံများကဲ့သို့ မြန်လှ၏။

ချုံးတလေလည်း ပူးပေါင်းကာ တစ်ခုပြီးတစ်ခု သေတ္တာများကို လွှင့်ပစ်ပေး၏။

တောင်ကြားလမ်းတွင်မူ လုံးဝဖရိုဖရဲဖြစ်နေပေသည်။

ပေါက်ကွဲသံများက မိုးခြိမ်းသံကဲ့သို့ပင် ကျယ်လောင်ကာ ပြုတ်ကျလာသောကျောက်တုံးကျောက်ခဲများကလည်း အလွယ်တကူပင် ဇီဝိန်ချုပ်စေနိုင်သည်။

ဖောက်ခွဲရေးပစ္စည်းများကို သတိမထားမိသောလူများစွာတို့က နတ်သကြားများက ဝင်တားသည် မဟုတ်လျှင် တောင်စောင့်နတ်များက မကြိုက်၍တားသည်ဟုသာ ထင်နေကြကာ အချို့ကမူ ဒူးထောက်၍ ကန်တော့ပင် ကန်တော့နေကြ၏။

မြင်းတပ်ကို စစ်တပ်တစ်တပ်၏ လက်ရွေးစင်အင်အားစုဟု အမြဲသတ်မှတ်ထားကာ ၎င်းတို့၏ အသာစီးရထားသောအမြန်နှုန်းဖြင့်ဆိုလျှင် ကမ္ဘာစစ်ကိုပင် တိုက်နိုင်ပေသည်။ ထိုခေတ်တွင်မူ အိမ်တစ်အိမ်တွင် မြင်းတစ်ကောင်ပိုင်ဆိုင်သည်ကပင် သာမန်ကိစ္စမျိုး မဟုတ်ပေ။

''တောင်ထိပ်ကို တိုက်ကြ''

မြင်းတပ်ခေါင်းဆောင်က အမိန့်ပေးလိုက်သည်။

''သတ်ကြ သတ်ကြ''

လှံများကို မြှောက်ကာ တောင်ကြားထိပ်ဆီသို့ ဦးတည်လာသည်။ ၎င်းတို့တွင် တိုက်ခိုက်ရန် ခိုင်မာသောစိတ်ဆန္ဒရှိနေကြဆဲဖြစ်သည်။ ရုတ်တရက်ပြောင်းလဲမှုက ၎င်းတို့ကို မဟန့်တားနိုင်သော်လည်း စိတ်ဆန္ဒကမူ ရန်သူကိုသတ်ရန် လောင်စာထည့်ပေးသည်နှင့်တူသည်။

ထိုမြင်ကွင်းကမူ ချုံးတလေ၏အစီအစဉ်ထဲတွင်မပါပေ။ ကိစ္စများသည် စီစဉ်ထားသည့်အတိုင်း မဖြစ်တတ်ပေ။ လူတစ်ထောင်တွင် လူအနည်းငယ်ဖြင့် ချုံးတလေ၏လူနည်းနည်းလေးအား အနိုင်တိုက်နိုင်ပေသည်။ ၎င်းတို့သာ တောင်ထိပ်သို့ ရောက်လာလျှင် အားလုံးအလဟဿဖြစ်ကုန်မည်ဖြစ်သည်။

''အစ်ကိုကြီး သူတို့ကိုတားပေးမယ်''

ချင်းမန်သည်လက်ထဲတွင် လှံကို စွဲကိုင်ကာ မြင်းပေါ်သို့တက်သွားသည်။

''ကောင်းပြီ''

ချုံးတလေက အော်ပြောလိုက်ပြီး လက်ထဲမှ ဖောက်ခွဲရေးသေတ္တာကို လွှင့်ပစ်လိုက်သည်။

တောင်ခြေမှ တောင်ကြားလမ်းထိပ်အထိ လမ်းကြောင်းတစ်ခုတည်းသာရှိသည်။ ထိုအချိန်တွင် ယောင်္ကျားတစ်ယောက်က တောင်အောက်သို့ဆင်းလာကာ လူအုပ်စုတစ်စုက အပေါ်သို့တက်လာသည်။

မြင်းတပ်သားတစ်ရာတွင် တစ်ယောက်ချင်းစီသည် လက်ရွေးစင်စစ်သည်တော်များ ဖြစ်ကြသည်။ မြင်းတပ်ခေါင်းဆောင်သည် ဝါရင့်အတွေ့အကြုံရှိသူဖြစ်သည်။ တောင်ကုန်းအလယ်သို့ ရောက်သို့အခါတွင် ယောင်္ကျားတစ်ယောက်က လှံကိုင်ကာ ၎င်းတို့လမ်းကြောင်းကို တားနေသည်ကို တွေ့လိုက်ရသည်။

''ငါချင်းမန် ရှိနေသရွေ့ မင်းတို့ ဖြတ်မသွားစေရဘူး''

ချင်းမန်သည် ပြိုင်ဘက်ကို လှံဦးဖြင့် ရွယ်ကာ ပြောလိုက်သည်။

''သတ်''

ကျယ်လောင်သောအော်သံနှင့်အတူ မြင်းတပ်ခေါင်းဆောင်က ရှေ့သို့ ချီတက်လာပြီး ၎င်း၏လှံကလည်း ချင်းမန်၏ရင်ဘတ်ကို ချိန်ရွယ်ထားသည်။ ချင်းမန်သည် အော်လိုက်ကာ ခါးကို ကွေးလိုက်ပြီး လှံနက်၏ထိုးချက်သည် အဆိပ်ပြင်းသောမြွေတစ်ကောင်နှယ်ပင်။ တစ်ချက်တည်းဖြင့် မြင်းတပ်ခေါင်းဆောင်မှာ မြင်းပေါ်မှကျသွားသည်။

''မင်းကို မဖြတ်စေရဘူးလို့ပြောရင် လုံးဝဖြတ်မသွားစေရဘူး''

မြင်းတပ်သားတစ်ရာက ရှေ့သို့ တက်လာသည်။ ချင်းမန်၏လက်ထဲမှလှံတံသည် ဝှေ့ယမ်းနေကာ ထိုးနှက်ကာ ချေမွနေ၏။ ခါးတစ်ချက်လှည့်လိုက်လျှင် ဇီးပန်းပွင့်လှံသည် အသွားငါးခုထွက်လာကာ အသွားတစ်ခုချင်းစီက သေစေနိုင်သောထိုးချက်အသီးသီးဖြင့်ပင် ဖြစ်သည်။

ချုံးတလေသည် ချင်းမန်မည်မျှတောင့်ခံထားနိုင်မည်ကို မသိပေ။ နှလုံးခုန်သံများ မြန်နေပေသည်။ ဗျာများစွာဖြင့် ဖောက်ခွဲရေးသေတ္တာများကို တစ်လုံးပြီးတစ်လုံး ပစ်လွှတ်နေသည်။ ရွှီလင်းအာက ဖောက်ခွဲရေးပစ္စည်းပါသည့်စောင်များကို မီးညှိကာ တောင်ကြားလမ်းထဲသို့ ပစ်ချသည်။ စောင်များက လေထဲတွင်ပင် မီးတောက်လောင်နေသည်မှာ မီးစွဲနေသောတိမ်တိုက်နှင့်ဆင်တူလှသည်။

စစ်သည်များ၏ ပြင်းပြနေသောတိုက်ခိုက်လိုစိတ်သည် တောင်ကြားလမ်းထဲတွင် ဖရိုဖရဲဖြစ်သွားသည်။ သံချပ်ကာတပ်သားများလည်း အထပ်လိုက်လဲနေကြပြီး လှံကိုင်တပ်သားများက ၎င်းတို့၏လှံများဖြင့် မြှားတပ်သားများကို ထိုးမိနေကြသည်။ ဓားသမားများကလည်း အခင်းအကျင်းဖွဲ့စည်းပုံပျက်သွားကာ လေးသမားများကလည်း လန့်ဖျပ်နေသောကြွက်လေးများကဲ့သို့ ကြောက်ရွှံ့စွာ ပြေးလွှားနေကြသည်။

''ပြေးကြ ပြေးကြ''

တစ်စုံတစ်ယောက်က အော်လိုက်ပြီး လူအုပ်သည် တောင်ကြားလမ်းဝင်ပေါက်ကိုရှာ၍ ထွက်ပြေးကြသည်။ ကံမကောင်းစွာဖြင့် ဟန်ရွှမ်ကျီ၏ဇိမ်ခံလှည်းကြီးသည် တောင်ကြားလမ်းဝင်ပေါက်ကို ပိတ်ထားသည်။

''မြို့အရှင်လေး မကောင်းဆိုးဝါးရှိတယ်။ ပြေးပါ''

ဟန်ရွှမ်ကျီတစ်ယောက် ရင်တုန်သွားကာ အမြန်ပင် ဓားကိုဆွဲ၍ အော်ပြောလိုက်သည်။

''ဘယ်သူမှ မပြေးရဘူး။ ဒီစည်းကိုကျော်တဲ့သူမှန်သမျှ သေမယ်''

ထိုအချိန်တွင် ရှုံးနေသည်မှ အောင်ပွဲကိုရှာကာ ကစားပွဲကိုပြောင်းပြန်လှန်ပစ်ရန် အဆင်သင့်ဖြစ်နေသောစစ်သူကြီးဝင်စားသည်ဟု ထင်နေမိသည်။

စစ်သည်များကမူ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ကျယ်လောင်လှသောပေါက်ကွဲသံများနှင့် မချိမဆံ့အော်ငိုသံများကလည်း ၎င်းတို့နောက်တွင် ဆူပွက်နေသည်။

''မင်းပဲ ငရဲကိုသွားလိုက်''

တစ်စုံတစ်ယောက်က အော်ပြောလိုက်ကာ လူအုပ်ကြီးသည် သွေးရူးသွေးတန်းဖြင့် လှည်းကို တိုက်သွားကြကာ တောင်ကြားလမ်းထဲမှ ထွက်ပြေးသွားကြလေတော့၏။

All Chapters