ကောင်းကင်မိုးကြိုးကိုဆင့်ခေါ်နိုင်တဲ့မှော်ပညာရှိတယ်
Vol. 2 Ch. 17
အန္တရာယ်ကြားတွင် ကံကောင်းမှုကို ရှာတွေ့သည်ဆိုသောဆိုရိုးသည် အမှန်ပင်ဖြစ်သည်။ အခက်အခဲကိုဖြတ်ကျော်ကာ အသက်ရှင်ပြီးနောက်တွင် ဖားပြုတ်ခံတပ်ကို စောင့်ဆိုင်းနေသည်မှာ ချမ်းသာကြွယ်ဝမှုမဟုတ်ဘဲ တရားလွန်များပြားသောစည်းစိမ်များသာ ဖြစ်သည်။
တောထဲတွင် မျက်စိလည်နေသောမြင်းများသည် ရွေ့လျားနေသောကံကြမ္မာများပင်ဖြစ်ကာ ရွှီရှန်းကျီသည် ကြက်သီးမွေးညင်းထသည်အထိပင် စိတ်လှုပ်ရှားနေလေသည်။
မြင်းထိန်းကျွမ်းကျင်သော ရွှီလင်းအာက ၎င်းတို့ကို ထိန်းကျောင်းနိုင်သည်။ သူမနှုတ်မှ လေချွန်သံပြုလိုက်သည်နှင့် မြင်းများမှာ သူမနားတွင် စုဝေးလာသည်။ မုဆိုးတစ်ယောက်ဖြစ်သော ချင်းမန်သည်လည်း မြင်းများကို ကိုင်တွယ်ရာတွင် လွန်စွာကျွမ်းကျင်သည်။ ရွှီရှန်းကျီ၏အကူအညီကိုပါ ပေါင်းထည့်လိုက်လျှင် တောထဲတွင်လမ်းပျောက်နသော စစ်မြင်းများကို မကြာမီပင် ပြန်စုစည်းနိုင်လိုက်သည်။
ရေတွက်ကြည့်လိုက်လျှင် တောထဲတွင် ပျောက်သွားသောမြင်းများ၊ သို့မဟုတ် ကျောက်တုံးများကြောင့် သေသွားသောမြင်းများကို ဖယ်လိုက်လျှင် စုစုပေါင်း ဖမ်းနိုင်လိုက်သောမြင်း(၈၁)ကောင်ရှိသည်။
ယေဘုယျဆိုရလျှင် ရွှီရှန်းကျီ၊ ရွှီလင်းအာ၊ ချင်းမန်တို့သည် တောသားလူနုံလူအများသာ ဖြစ်ကြသည်။ တောင်ခံတပ်တွင် ကျယ်ကျယ်ပြန့်ပြန့်နှံ့စပ်သော တစ်ဦးတည်းသောသူမှာ လင်းရှောင်ယွီသာ ဖြစ်သည်။ ၎င်းသည် လက်နက်များ၊ မြင်းများနှင့် ခန္ဓာကိုယ်ပြည့်သံချပ်ကာများကို မြင်ဖူးညည်။ သို့သော်လည်း လင်းရှောင်ယွီသည်ပင် ၎င်းရှေ့မှ မြင်ကွင်းကြောင့် စိတ်လှုပ်ရှားသွားရသည်။ ဒုတိယမျိုးဆက်၏ လူချမ်းသာကလေးတစ်ယောက်ရှေ့တွင် မြင်း(၈၁)ကောင်မှာ ရင်းနှီးသောမြင်ကွင်းဖြစ်ပါသော်လည်း အမှန်ပင် ညှို့ယူဖမ်းစားနိုင်ပေသည်။
ထိုတိုက်ပွဲသည် မြင်းများထက် အခြားတန်ဖိုးကြီးသောလုရသည့်ပစ္စည်းများလည်း ရှိသည်။ ဥပမာအားဖြင့် သံချပ်ကာများနှင့် လက်နက်များသည် ဖားပြုတ်ခံတပ်မှသူများအတွက် ရွှေ့ရန် လွန်စွာများပြားနေသည်။ အကောင်းဆုံးကိုသာ ရွေးယူပြီး ကျန်သည်များကို ချန်ထားခဲ့ကာ တန်ဖိုးအရှိဆုံးမြင်းများကိုသာ အာရုံစိုက်ရွေးကာ အခြားအကောင်များကို လွှတ်ပေးလိုက်သည်။
''လင်းအာ မြင်းတွေကိုခေါ်ပြီး တောင်ခံတပ်ဆီပြန်ကြမယ်''
ရွှီရှန်းကျီက နောက်ဆုံးဓားကို လှည်းပေါ်တွင် တင်လိုက်သည်။ ယခုတွင်မူ အပြည့်အသိပ်ပင်ဖြစ်ကာ ထားရန်ပင် နေရာမရှိတော့သည်။
ချင်းမန်သည် သံဖြင့်လုပ်ထားသော လေးနှစ်လက်ကို ကိုင်ထားကာ ကျောဘက်တွင် မြားကျဉ်တောက်ကို လွယ်ထားပြီး ပြုံးနေပေသည်။
''လောင်ဟူ ဒီမြင်းတွေအားလုံးကို စီးနိုင်လို့လား။ တစ်ကောင်လောက် ဌားပါဦး''
လှောင်ပြောင်သောရယ်မောသံတို့က တောထဲမှ ထွက်ပေါ်လာပြီး လူအုပ်စုတစ်စု ထွက်လာသည်။ ရွှီရှန်းကျီမှာ ကြောင်ကြည့်နေမိသည်။ ကျားပျံရွာမှ ကောင်းဖေးဟူနှင့် ကောင်းဖေးပေါင်တို့ပင် ဖြစ်လေသည်။
''ဪ ဒုတိယခေါင်းဆောင် ခင်ဗျားကို ဒီလိုမျိုး စောစောစီးစီး မြင်ရခဲတယ်''
''အဓိပ္ပာယ်မရှိတာတွေတော်တော့ အဘိုးကြီး''
ဖေးပေါင်က ပက်ကနဲ ပြန်ပြောလိုက်သည်။
ကောင်းဖေးဟူက အေးစက်စွာ နှာခေါင်းရှုတ်ကာ
''လောင်ဟူ ခင်ဗျားတို့ ဖားပြုတ်ခံတပ်က ချမ်းသာသွားပြီပဲ။ ကျုပ်တို့အတွက်ကျ အစအနကလွဲလို့ ဘာမှမကျန်ဘူး။ ဒီမြင်းတွေကို ခွဲပေးမယ်ဆိုရင်ရော ဘယ်လိုလဲ''
ရွှီရှန်းကျီတစ်ယောက် ကျောချမ်းသွားသည်။ မျက်လုံးများက ဘေးဘီသို့ကြည့်လိုက်ပြီး ဘေးနားတောအုပ်ထဲတွင် ပုန်းခိုနေသောသူများကို တွေ့လိုက်ရသည်။ ကျားပျံရွာသာမက ဇီးပန်းပွင့်ရွာ၏ ဝံပုလွေဖြူလေး၊ ခွေးခေါင်းရွာမှ ခြေတစ်ထောင်မြွေနှင့် တောင်ကုန်းပြောင်မှ ရှောင်တနှင့်ရှောင်အာ စသဖြင့် ချင်းနျူးတောင်၏ ဓားပြတစ်ဝက်မက ရောက်နေကြပေသည်။ အုပ်စုလေးကိုယ်စီဖြင့် ရောက်လာကြကာ လူနှစ်ဆယ်မှ သုံးဆယ်အထိရှိကြပြီး ဖားပြုတ်ခံတပ်ထက် အရေအတွက် ပိုများနေသည်။
ယခုတွင်မူ အားလုံးသည် မြင်း(၈၁)ကောင်ကိုသာ လောဘတကြီးဖြင့် မျက်စိကျနေကြသည်။
''ငါတို့ဘာသာ အဲ့မြင်းတွေကို ဖမ်းထားတာ။ ဘာလို့ နင်တို့နဲ့ မျှပေးရမှာလဲ''
ရွှီလင်းအာက ပြန်ပက်လိုက်သည်။
''လင်းအာ ပါးစပ်ပိတ်''
ရွှီရှန်းကျီက အမြန်ပင် သမီးဖြစ်သူကို တားလိုက်ပြီး လူအုပ်ဘက်သို့လှည့်ကာ ကပ်ဖားယပ်ဖားအသံဖြင့် ပြောလိုက်သည်။
''ခေါင်းဆောင်တို့ ကျုပ်တို့အားလုံး ဒီနေ့ပွပေါက်တိုးသွားတာပဲမလား''
''မင်းတို့လောက်တော့ မများဘူး''
ကောင်းဖေးဟူက ပြန်ပြောလိုက်သည်။
''ဖားပြုတ်ခံတပ်က မင်းတို့လူစုက ခြင်္သေ့ဝေစုလောက်ရတာ။ ငါတို့ကကျ အစအနလောက်ပဲရတာ။ မင်းတို့ခံတပ်ကပဲ ဒီမြင်းတွေကို ယူနိုင်မှာတဲ့လား''
ယနေ့တွင် လာလုကြသောဓားပြတိုင်းသည် ၎င်းတို့၏ လက်နက်၊ သို့မဟုတ် သံချပ်ကာတို့သည် ၎င်းတို့၏စွမ်းအားကို တိုးမြင့်ပေးနိုင်ရန် လုံလောက်ကြသောအရာများကို ရထားကြသည်။ သို့သော်လည်း ဖားပြုတ်ခံတပ်ရလိုက်သည်နှင့်စာလျှင် ၎င်းတို့လုထားသည်မှာ အနည်းငယ်မျှသာဖြစ်သည်။ မြင်းများမဆိုထားနှင့် ရွှီရှန်းကျီစုထားသော လက်နက်များနှင့် သံချပ်ကာများသည်ပင် အလွန်အမင်း သွားရည်ယိုစရာကောင်းလှပေ၏။
''ငါတို့ကတော့ ခွဲပေးမှာမဟုတ်ဘူး။ ငါတို့ယူနိုင်တာ ယူရမှာပဲ။ ငါတော့ ဒီမြင်းဖြူကို လိုချင်တယ်''
ကောင်းဖေးပေါင်က အော်ပြောလိုက်ပြီး မြင်းဆီသို့ ဦးတည်လာသည်။
အခြားရွာများမှ ဓားပြများကလည်း ထိုသို့လုပ်ရန် ဆန္ဒပြင်းပြနေကာ မည်သူကမှ နောက်ကောက်မကျန်လိုပေ။
ဝှစ်---
တစ်နေရာရာမှ မြားတစ်ချောင်းကို ပစ်လွှင့်လိုက်ကာ မြင်း၏ညာဘက်မျက်လုံးကို ထိမှန်သွားသည်။ နာကျင်မှုဖြင့် မြည်ဟီးသံထွက်ပေါ်လာကာ မြေကြီးပေါ်သို့လဲကျသွားရှာပြီး ကောင်းဖေးပေါင်ပါ လဲကျသွား၏။
''ဘယ်သူလုပ်တာလဲ''
ကောင်းဖေးပေါင်က ကုန်းရုန်းထကာ ဓားကို ဆွဲထုတ်လိုက်ပြီး အော်ပြောလိုက်လေ၏။
ချင်းမန်သည် လက်ထဲတွင် လေးကို ကိုင်ထားကာ မြားကျဉ်တောက်ထဲမှ အခြားမြားတစ်ချောင်းကို ထုတ်လိုက်ပြီး လေးကြိုးတွင် တင်လိုက်သည်။ ထိုမြားသည် ၎င်း၏အကြည့်များရှိရာ ဓားပြများ၏ ခန္ဓာကိုယ်ကို ချိန်ရွယ်ထားသည်။
ထူးချွန်းသောလေးသမားပင် ဖြစ်၏။
ဓားပြတိုင်းသည် ၎င်းကို တိတ်တဆိတ်ချီးကျူးမိကြကာ မြင်းများဆီသို့ အပြေးသွားနေခြင်းက ခေတ္တမျှရပ်သွား၏။
ကောင်းဖေးဟူက လှောင်ပြောင်လိုက်သည်။
''ကြည့်ရတာ ဖားပြုတ်ခံတပ်က ငါတို့တွေနဲ့ တိုက်ဖို့ ရည်ရွယ်ထားတာလား''
ချင်းမန်သည် တိတ်ဆိတ်နေကာ ၎င်း၏လေးနှင့်မြားကို ကောင်းဖေးဟူကို ချိန်လိုက်ပြီး မျက်နှာထားက တင်းလှသည်။
အမှန်မှာ ရွှီလင်းအာနှင့် ရွှီရှန်းကျီ နှစ်ဦးလုံး မတိုက်ခိုက်နိုင်ကြပေ။ ဖားပြုတ်ခံတပ်တွင် ထိုသို့လုပ်နိုင်သောတစ်ဦးတည်းသောသူမှာ ချင်းမန်ပင်ဖြစ်သည်။ သို့သော်လည်း ၎င်းသည် စစ်သည်တစ်ရာဖြင့် တိုက်ပွဲဖြစ်ထားသော အားများများ မကျန်တော့ပေ။
နှစ်ဖက်လုံး မတိုးသာမဆုတ်သာ အခြေအနေသို့ ရောက်နေသည်။ ကောင်းဖေးဟူက ဓားကို ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး ချင်းမန်ပေါ်သို့ ဓားကျလာမည်မှာ မသေချာပေ။
''ဖားပြုတ်ခံတပ်က ဒါတွေကိုအားလုံးကို မျိုပြီး အခြားအဖွဲ့တွေကို နည်းနည်းလေးတောင် ခွဲမပေးချင်ဘူးလား''
ကောင်းဖေးဟူက ဓားရိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။
''ကျွန်တော်တို့ ခွဲပေးသင့်ပါတယ်လို့ ဘာလို့ ခေါင်းဆောင်ကောင်းက အကြံပေးရတာလဲ''
ထိုအချိန်တွင် နွမ်းလျသောအသံတစ်သံထွက်ပေါ်လာကာ အားလုံး၏အာရုံစိုက်မှုကို ဖမ်းစားသွားသည်။ လှည့်ကြည့်လိုက်သောအခါတွင် လမ်းကြားထဲမှ လူငယ်တစ်ယောက်သည် ပိန်လှီသောမြင်းကိုစီးလာကာ ပုခုံးထက်တွင် ပုဆိန်ထမ်းထားသည်ကို တွေ့လိုက်ရသည်။
''ခေါင်းဆောင်''
ရွီအုပ်စုမှသုံးဦးသား တစ်ပြိုင်နက်တည်းခေါ်လိုက်မိကြသည်။
သူခိုးများက အချင်းချင်းတီးတိုးပြောနေကြကာ အားလုံးသည် ထိုသူမှာ ယခင်ခံတပ်ပိုင်ရှင်၏ သားဖြစ်သူ၊ ပြိုင်စံရှားယစ်ထုတ်ဖြစ်မည်ကို မှန်းဆပြီးကြပြီးဖြစ်၏။ သို့သော်လည်း ယနေ့တွင် ၎င်း၏အပြူအမူသည် ထိုသတင်းများဖြင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။
ပုဆိန်ထမ်းထားသော ချုံးတလေသည် လူအုပ်အလယ်တွင် ရပ်လိုက်သည်။ ကောင်းဖေးဟူက ၎င်းကို သတိထား၍ အကဲခတ်ကာ ချုံးတလေသည် ထိုသို့အခြေအနေထဲတွင် ထူးခြားစွာဖြင့် အေးစက်နေသည်ကို တွေ့သွားသည်။
''ငါက ဘာလို့ အကြံပေးရမှာလဲ''
ချုံးတလေသည် ဘေးဘီသို့ကြည့်ကာ ပြန်ဖြေလိုက်သည်။
''မင်းတို့အားလုံးကို သတ်ပစ်ပြီး ခွဲပေးတဲ့အပိုင်းကို ကျော်လိုက်ရမလား''
ရွှစ်---
၎င်း၏အကြံပြုချက်က လူအုပ်ကြီးကို အုတ်အော်သောင်းနင်းဖြစ်သွားစေသည်။
''ကလေး မင်းဝက်ဝံနှလုံးနဲ့ ကျားသစ်သည်းခြေကို စားဖူးလား''
''မင်းအဖေတောင် သူအသက်ရှိတုန်းက ငါတို့ကို ဒီလိုမျိူး မပြောရဲဘူး''
''မင်းက လူလေးလက်တစ်ဆုပ်နဲ့ ဒီလိုမျိုး ပြောရဲတယ်ပေါ့''
''ပြောနေတာ တော်ပြီ။ သူ့ကိုသတ်ကြ''
ဒေါသများထကြွလာပြီး လူအုပ်ကြီးက ကျယ်လောင်စွာအော်ပြောကာ ဖရိုဖရဲဖြစ်သွားသည်။
''အားလုံးတိတ်ကြ''
ချုံးတလေ၏အော်သံက အားလုံး၏အသံကို လွှမ်းသွားသည်။
''ငါက ဒီတိုင်းမေးကြည့်။ ဒီမှာ လူတစ်ထောင်ရှိလား မရှိဘူးလား''
ကောင်းဖေးဟူက မျက်မှောင်ကြုတ်၍
''ခေါင်းဆောင်ချုံး ဘာလို့ ဒီလိုမေးရတာလဲ။ လူတစ်ထောင်ရှိရှိ မရှိမရှိ ဘာကိစ္စမလို့လဲ''
''လူတစ်ထောင်မရှိဘူးဆိုရင် င့ါအတွက် သတ်ဖို့ မလောက်မှာစိုးလို့ပဲ''
ချုံးတလေက တည်ငြိမ်စွာဖြင့် ပြောလိုက်၏။
''လူတစ်ထောင်ကို သတ်ပြီးပြီဆိုမှတော့ နောက်တစ်ထောင်ဆိုရင်ရော ဘယ်လိုလဲ''
ဆောင်းဦးလေပြေသည် တိတ်ဆိတ်နေကာ လူအုပ်ကြီးဆီမှ အသံတစ်သံပင် မကြားရပေ။ အားလုံးသည် တွေဝေနေကြကာ အချင်းချင်းအပြန်အလှန်ကြည့်ပြီး အခြားသူ၏မျက်လုံးထဲတွင် ရှင်းပြချက်ကို လိုက်ရှာနေမိသည်။
မှန်ပေသည်။ ဖားပြုတ်ခံတပ်၏ လူလေးငါးယောက်မျှဖြင့် လူတစ်ထောင်ကို မည်သို့အမြစ်ဖြုတ်မည်နည်း။ ယခုထိတိုင် မည်သူကမှ ထိုအကြောင်းကို နားမလည်ကြသေးပေ။
ကော်ငးဖေးဟူ၏မျက်လုံးများက အရောင်တောက်သွားကာ အသံတိုးတိုးဖြင့် မေးလိုက်သည်။
''ခေါင်းဆောင်ချုံး ဒေါသလျော့ပြီး ကိုယ့်အားကို ပြန်သိမ်းပါ။ ကျုပ်တို့က ခင်ဗျားဒီနေ့ ဘယ်လိုအောင်မြင်ခဲ့လဲဆိုတာကို နားလည်ပါတယ်''
''ဟားဟားဟားဟား''
ပုဆိန်ထမ်းထားသော ချုံးတလေသည် ကျယ်လောင်စွာ ရယ်မောလိုက်၏။ ၎င်း၏ရယ်သံဥ ဓားပြများကို တီးတိုးဆိုမိစေကာ အဘယ့်ကြောင့် အရူးတစ်ယောက်ကဲ့သို့ ရယ်ရသည်ကို နားမလည်ဖြစ်နေကြ၏။
ရုတ်တရက်ပင် ရယ်နေသည်မှာ ရပ်သွားပြီး အော်ပြောလိုက်လေ၏။
''င့ါမှာ ကောင်းကင်ဘုံမိုးကြိုးကို ဆင့်ခေါ်နိုင်တဲ့နတ်အစွမ်းရှိတယ်ကွ'’