← Chapters

ဓါးပြတိုက်မှာလား?တူတူသွားကြမယ်

Vol. 2 Ch. 18

ဓါးပြတိုက်မှာလား?တူတူသွားကြမယ်

Vol. 2 Ch. 18

''င့ါမှာ နတ်အစွမ်းတွေပိုင်တယ်။ ကောင်းကင်ဘုံမိုးကြိုးကို ဆင့်ခေါ်နိုင်တယ်''

တောင်ပေါ်မှမြူထပ်ခြင်းနှင့်အတူ မိုးသောက်လာကာ အရုဏ်တက်ချိန်မတိုင်ခင်တွင် ချုံးတလေသည် တောင်ကြားလမ်းကို ညွှန်ပြလိုက်သည်။

အားလုံး၏ကျောရိုးထဲတွင် စိမ့်သွားကာ အကြည့်များက ချုံးတလေလက်ညှိုးညွှန်ရာဆီသို့ ကြည့်လိုက်ကြသော်လည်း မြက်များကို လေတိုက်သွားသည့် အသံတရှဲရှဲကိုသာ ကြားရပြီး မည်သည့်ရွေးလျားမှုကိုမှ မတွေ့ရပေ။

အားလုံးက သံသယအကြည့်များဖြင့် ချုံးတလေကို လှည့်ကြည့်ကာ ၎င်းမည်သို့လုပ်မည်ကို သိချင်နေကြသည်။

''ကောင်းကင်မိုးကြိုးကို ဆင့်ခေါ်တယ်''

ချုံးတလေ၏လက်များက လေထဲတွင် ဝှေ့ယမ်းနေကာ နှလုံးခုန်သံမှား အတော်လေးမြန်နေမိသည်။ စိတ်ထဲတွင်မူ ပြောနေမိသည်။

'''မြန်မြန် လင်းရှောင်ယွီ မကြားဘူးလား''

''မိုးကြိုး''

ချုံးတလေ၏အသံသည်ပင် အက်ကွဲလုနီးပါးဖြစ်နေကာ ၎င်းကြိုတင်စီစဉ်ထားသည့်အစီအစဉ် ပျက်သွားမည်ကို စိုးနေမိသည်။ လင်းရှောင်ယွီသည် တောင်ကြားလမ်းထဲမှ ခြုံပုတ်ထဲတွင် လှဲကာ ဖောက်ခွဲရေးပစ္စည်းများကို အဆင်သင့်မီးညှိရန် ပြင်သည်။ ထိုအစီအစဉ်မရှိဘဲဖြင့် ချုံးတလေသည် မည်သို့လွတ်အောင်လုပ်ရမည်ကို မစဉ်းစားတတ်တော့ပေ။

''ဒီကလေးက အရူးလာလုပ်နေတာပဲ။ ငါ သူ့ကို သတ်ပစ်မယ်''

တောင်ဓားပြတစ်ယောက်က အော်ပြောလိုက်သည်။

အချို့သောတောင်ဓားပြများက မြင်းပေါ်တွင်ဖြစ်ကာ အချို့သူများက လက်ထဲတွင် လက်နက်များကိုင်စွဲကာ ရပ်နေကြပြီး တဖြည်းဖြည်းဖြင့် မျက်နှာပေါ်တွင် လှောင်ပြောင်များ ထွက်ပေါ်လာသည်။

''မိုးကြိုး''

၎င်းအသံနှင့်အတူ ကြီးမားသောပေါက်ကွဲသံသည် လမ်းကြားလေးရှိရာမှ ထွက်ပေါ်လာကာ မိုးကြိုးပစ်သံကဲ့သို့ပင် ဖြစ်၏။ ဖုံမှုန့်များဖြင့် လှိမ့်တက်လာသောအနက်ရောင်မီးခိုးလုံးသည် မနက်ခင်းမြူနှင့်တူ ထွက်ပေါ်လာသည်။

ခဏချင်းအတွင်းတွင်ပင် အားလုံး၏မျက်နှာပေါ်မှအပြုံးများသည် အေးခဲသွားတော့သည်။ ချုံးတလေကို ကြည့်နေသောမျက်လုံးများထဲတွင် ထိတ်လန့်ခြင်းများ ထွက်ပေါ်လာသည်။ မြင်းပေါ်တွင်ထိုင်ကာ အသာသက်ပြင်းချလိုက်မိ၏။ ချုံးတလေသည် မသေမျိုးဖြင့် ဆင်တူကာ မခန့်မှန်းနိုင်သောအငွေ့အသက်မျိုးကို ပိုင်ဆိုင်ထား၏။

''ကောင်းပြီ။ င့ါရဲ့ ကောင်းကင်မိုးကြိုးငါးဖြာနည်းလမ်းကို ဘယ်သူမြည်းကြည့်ချင်လဲ''

ဝှစ်---

အားလုံးမှာ အသက်ရှုရပ်မတတ်ပင်ဖြစ်သွားကာ သတိမထားမိလိုက်ဘဲဖြင့် နောက်သို့ ပြန်ဆုတ်သွားကြသည်။ ချုံးတလေအနားတွင် မမြင်နိုင်သောအားတစ်မျိုးရှိကာ လူများချည်းကပ်ရန်ပင် လန့်သွားကြသည်။

ထိုကာလသည် အယူသီးသောခေတ်ပင် ဖြစ်သည်။ အမည်မဖော်ပြနိုင်သောကိစ္စများကို နတ်ဘုရားများနှင့် သရဲတစ္ဆေတို့က လုပ်သည်ဟု ပြောတတ်ကြသည်။ ထိုဆိုရိုးက မှန်ပေသည်။ ယဉ်ကျေးမှုမတိုးတက်သောနေရာတွင် မာန်မာနထောင်လွှားခြင်းကသာ ယဉ်ကျေးမှုဖြစ်လာသည်။ စက္ကူဝါကို မီးရှို့ကာ ရေတွင်းထဲသို့ ပစ်ချလိုက်ပြီး ရေစင်ဟု ချီးမြှောက်လိုက်သည်နှင့် ယုံကြည်သက်ဝင်သူထောင်ချီစုလာသောခေတ်ပင်ဖြစ်သည်။ ချုံးတလေ၏သရုပ်ပြမှုသည် အမှန်ပင် အံ့မခန်းဖွယ်ရာဖြစ်နေလေ၏။

ဓားပြများ၏ ဦးနှောက်ထဲတွင် ရှိနေသောအတွေးများမှာ ချုံးတလေသည် စစ်သည်တစ်ထောင်ကို နှိမ်နှင်းရန် ကောင်းကင်မိုးကြိုးငါးဖြာနည်းလမ်းကို သုံးသည်ဟု ထင်နေမိခြင်းပင်ဖြစ်၏။ အားလုံးသည် မိုးကြိုးများက ၎င်းတို့ပေါ်သို့ မိုးသဖွယ်ကျဆင်းလာမည်ဖြစ်ကာ မည်သို့အသက်ရှင်နိုင်မည်ကိုပင် စဉ်းစားနေကြ၏။

ထောင်လွှားသောအကြည့်တစ်ချက်ဖြင့် ချုံးတလေက ၎င်း၏မြင်းကို ရှေ့သို့ နှင်လိုက်သည်။ ပတ်ချာလည်မှ ဓားပြများက အလိုအလျောက်ပင် လမ်းရှင်းပေးလိုက်ကြသည်။ မိုးကြိုး၊ မိုးကြိုး၊ မိုးကြိုးဟုအော်ကာ လက်ညှိုးညွှန်ထားဆဲဖြစ်ပြီး လက်ညှိုးထိုးခံရသူများမှာ ကြောက်လန့်တကြားဖြစ်သွားကြကာ မြင်းပေါ်က ပြုတ်ကျသူများပင် ရှိ၏။

ရွှီလင်းအာ၊ ရွှီရှန်းကျီနှင့် ချင်းမန်တို့သည် မြင်းများစီးကာ ချုံးတလေနောက်မှ လိုက်သွားကြသည်။ ၎င်းတို့၏ စစ်မြင်းအကောင်ရှစ်ဆယ်ကျော်ကို ဖမ်းသည့်ကိစ္စလည်း အောင်မြင်ပြီးဖြစ်ကာ အားလုံးမှာ သွားရည်သာကျနိုင်ကာ မည်သူမှ ၎င်းတို့၏မြင်းများကို မထိရဲကြပေ။

ချုံးတလေက ခေါင်းမော့၍ ပုခုံးထက်တွင် ပုဆိန်ကိုထမ်းပြီး တည်ငြိမ်သောကိုယ်နေဟန်ထားဖြင့် အဆုံးအစမဲ့အာဏာကို ပိုင်ဆိုင်ထားသည့်ပုံပေါက်သည်။ သို့သော် အနားသို့ကပ်သည်နှင့် ၎င်း၏ကျောပြင်မှာ ချွေးပြန်နေသည်ကို မြင်နိုင်ပေသည်။ ထိုဓားပြများထဲတွင် ၎င်း၏လှည့်ကွက်များကို မြင်နိုင်သည့်သူတစ်ယောက်သာပါပါလျှင် ၎င်းမှာ လူသေဖြစ်သွားပေတော့မည်။

''ခဏနေဦး''

ကောင်းဖေးဟူက ရုတ်တရက် အော်ပြောလိုက်သည်။

ချုံးတလေတစ်ယောက် အနည်းငယ်ပင် ခုန်မိသွားသည်။ နှလုံးခုန်မြန်နေသော်လည်း အေးစက်သောအကြည့်မျိုးဖြင့် ကောင်းဖေးဟူကို ကြည့်လိုက်လေသည်။

''ဒီလောက်မြင်းအများကြီးကို မင်းတို့ဖားပြုတ်ခံတပ်က ဘယ်လိုထိန်းမှာလဲ''

ကောင်းဖေးဟူက မေးလိုက်လေသည်။

''ငါဒီကောင်တွေအားလုံးကို မထိန်းနိုင်ရင် အသားပေါ်ပစ်မယ်။ မင်းတို့ကိစ္စမဟုတ်ဘူး''

ထွက်မသွားခင်တွင် ချုံးတလေက စကားလုံးကြမ်းကြမ်းကို သုံးလိုက်၏။ သို့သော်လည်း အမှန်တွင် ၎င်းမှာ ထိုမြင်းအားလုံးကို ထိန်းရန် မတတ်နိုင်ပေ။

ယခုတစ်ခေါက်တွင် ဖားပြုတ်ခံတပ်မှာ ပွပေါက်အကြီးကြီးတိုးသွားခြင်းဖြစ်၏။ ဓားပြတိုက်ပြီးနောက်တွင် ၎င်းသည် လှံအချောင်းငါးဆယ်၊ သံချပ်ကာဆယ်စုံ၊ လေးကြီးကိုးချောင်း၊ မြားအချို့၊ ဓားအချောင်းသုံးဆယ်နှင့် မြင်းအကောင်ရှစ်ဆယ်တို့ကို ရလိုက်သည်။

စူးရင်းသည်ပင် ၎င်းတို့၏ပွပေါက်ကို အံ့အားသင့်နေပေသည်။ ချုံးတလေသည် လူငါးယောက်ဖြင့် လူတစ်ထောင်ကို မည်သို့ခုခံမည်ကို စဉ်းစားနေမိကာ သူမသည်ပင် မယုံကြည်နိုင်ဖြစ်နေပေသည်။

သို့သော်လည်း သုံးရက်ခန့်ကြာပြီးနောက်တွင် ထိုမြင်းများနှင့်ပက်သက်၍ ပြဿနာများ ပေါ်လာသည်။ မြင်းအားလုံးသည် နေ့စဉ် မြောက်ခြောက်ဆယ်ပေါင် ကျွေးရန် လိုသည်။ စစ်မြင်းများဖြစ်သောကြောင့် အထူးဂရုစိုက်ရန်လည်း လိုအပ်ကာ မြောက်ခြောက်ပေါ်တွင် ပဲပိစပ်ကဲ့သို့ အစေ့အဆန်များပါ ထည့်ကျွေးရသည်။ ၎င်းတို့သည် နေ့စဉ် မြက်ခြောက်နှင့်အစားအသောက် ပေါင်ရှစ်ရာခန့်လိုအပ်သည်။ ဖားပြုတ်ခံတပ်တွင် မည်မျှများများစားစား ရှိနိုင်မည်နည်း။

ချုံးတလေတစ်ယောက် သုံးရက်သုံးညခန့် ခေါင်းခဲရတော့သည်။ မြင်းဟီသံမကြားရခြင်းက သေစေနိုင်သော ခြိမ်းခြောက်မှုမျိုးဖြစ်ကာ ၎င်းမှာ စားမဝင်အိပ်မပျော်ဖြစ်နေလေသည်။

''သူဌေး သူဌေး''

ရွှီရှန်းကျီသည် တံစဉ်ကိုင်၍ ရောက်လာကာ ပြောလိုက်လေသည်။

''သူဌေး မကောင်းတော့ဘူး။ ကျုပ်တို့ဂျုံတွေကို မြန်မြန်ရိတ်မှရတော့မယ်။ မိုးကြီးလာရင် ဒီနှစ်စိုက်ထားတာတွေအားလုံး အလဟဿဖြစ်ကုန်လိမ့်မယ်''

အမှန်တွင် မြင်းကိစ္စနှင့်အတူ ဂျုံရိတ်သိမ်းခြင်းကလည်း အခြားသောကိစ္စကြီးတစ်ခုဖြစ်၏။ ရိတ်သိမ်းရမည့်လယ်ဧကဆယ်ဧကရှိသေးကာ ရိတ်သိမ်းထားသည်များကို ကောက်လှိုင်းစည်းများအဖြစ် စည်းရမည်ဖြစ်ပြီး ခံတပ်ထဲတွင် အခြောက်ခံရမည်ဖြစ်။ ထိုနောက်တွင် အစေ့အဆန်ဖြစ်အောင် ကြိတ်ရပေဦးမည်။

နွေရာသီဖြစ်ကာ နေသည် မီးလုံးကြီးကဲ့သို့ ခြစ်ခြစ်တောက်ပူနေပြီး ၎င်း၏နေရောင်ခြည်အောက်တွင် လောင်ကျွမ်းသွားအောင် လုပ်နေပေသည်။ ခဏမျှလုပ်လျှင်ပင် အတော်လေးပင်ပန်းနေပြီဖြစ်သော်လည်း ပုံမှန်အလုပ်အနေဖြင့်မူ ချုံးတလေသည် ထိုပင်ပန်းမှု၏ ခါးသက်ခြင်းကို နားလည်ပေသည်။

ချင်းမန်၊ ရွှီလင်းအာနှင့် ရွှီရှန်းကျီတို့သည်မူ လုံးဝပင်ပန်းပုံမပေါ်ပေ။ အားလုံးသည် တက်ကြွဖွယ်အနေအထားမျိုးတွင် ရှိနေသည်။ သို့သော်လည်း ချုံးတလေနှင့် လင်းရှောင်ယွီတို့ကမူ အပင်ပန်းဆုံးဖြစ်နေလေသည်။

''င့ါလို သူရဲကောင်းတစ်ယောက်က ဒီလိုမျိုး လုပ်နေရတာကို တွေးကြည့်လိုက်မယ်ဆိုရင် - - - -''

တံစဉ်ကို ကိုင်၍ လွှဲရမ်းကာ လင်းရှောင်ယွီက ထိုစကားကို ပြောလိုက်ခြင်းဖြစ်သည်။ ချုံးတလေသည် ၎င်းကို ကံကြမ္မာကရွေးချယ်ပေးထားတဲ့အပေါ်မှာတာဝန်ကြီးတွေရှိတယ်ဟု အားပေးချင်သော်လည်း ၎င်း၏အခြေအနေက ပို၍ဆိုးနေပေသည်။

''ရုတ်တရက်ကြီး ဗိုက်နာလာပြီ။ အားကိုမရှိတော့ဘူး''

ချုံးတလေက ဗိုက်ကိုနှိပ်၍ ပြောလိုက်သည်။

''တော်လိုက်တော့။ အဲ့ဆင်ခြေကို မနေ့က သုံးပြီးပြီ''

''အဲ့လိုဆို ခေါင်းကိုက်နေပြီ''

''အဲ့တာကို ဟိုတစ်နေ့က သုံးပြီးပြီ''

ရွှီရှန်းကျီက ပြောလိုက်၏။

''သူဌေး ပျင်းနေတာ တော်ပါတော့။ နေကိုစောင့်နေရင် မှည့်နေတဲ့ဂျုံတွေက ထိတာနဲ့တင်ကြွေတော့မယ်။ ဒီနှစ်ကောက်ရိတ်တာ အများကြီးဆုံးရှုံးရလိမ့်မယ်''

''ကောင်းပြီ။ ရုတ်တရက်ကြီး ငါမှတ်မိသွားပြီ။ ငါတို့ဓားပြတိုက်တာ ရက်နည်းနည်းကြာသွားပြီဆိုတော့ ငါတို့ရဲ့အဓိကအလုပ်ကို မေ့ထားလို့မရဘူး''

ချုံးတလေသည် ပုဆိန်ကို ကောက်ကိုင်လိုက်ပြီး တောင်အောက်သို့ ပြေးဆင်းသွားတော့၏။

''သူဌေး ဘာလုပ်- - - ''

လင်းရှောင်ယွီကက အခန်းထဲမှ ခေါင်းထွက်ကာ အော်ပြောလိုက်သည်။

''ဓားပြတိုက်မလို့လား။ ကျွန်တော့်ကိုပါ ခေါ်သွားဦး။ ကျွန်တော့်ကိုပါ ခေါ်သွားဦး''

နှစ်ဦးသား မြင်ကွင်းမှ ချက်ချင်းပြေးထွက်သွားသည်ကို ကြည့်ကာ ရွှီရှန်းကျီသည် တံစဉ်းကို ပြန်ကောက်ယူလိုက်ပြီး တောက်နောက်မှ ဂျုံခင်းဆီသို့ ပြန်သွားလေသည်။

----------------

လီကောရှန်းသည် ချင်းနျူးတောင်အနီး လီမိသားစုရွာမှာ ရွာသားတစ်ယောက်ဖြစ်ကာ အိမ်တွင် လယ်ဧကအနည်းငယ်ပိုင်သည်။ ၎င်းသည် လယ်ယာအလုပ်မလုပ်သော်လည်း တောင်ပေါ်သို့တက်၍ သစ်ခုတ်ကာ မြို့တွင် ရောင်းချသည်။ ၎င်းအမြဲတစေ ပူပန်နေသည်မှာ ၎င်း၏သားသုံးယောက်ပင် ဖြစ်၏။ လီတ၊ လီအာနှင့် လီစန်းတို့ပင် ဖြစ်၏။ အကြီးဆုံးသားသည် အသက်နှစ်ဆယ်ရှိပြီဖြစ်ကာ အငယ်ဆုံးသားမှာ (၁၆)နှစ်ရှိပြီဖြစ်ပြီး အားလုံးမှာ လက်ထက်ရမည့်အသက်အရွယ်သို့ ရောက်နေကြပြီဖြစ်သည်။ သို့သော်လည်း မိသားစုက ဆင်းရဲသောကြောင့် မည်သူကမှ ၎င်းတို့ကို လက်မထပ်ချင်ကြပေ။

''အဖေ ဒီနားမှ တောင်ဓားပြတွေ ရှိတယ်မဟုတ်ဘူးလား''

လီတက မေးလိုက်၏။

''တောင်ဓားပြတွေပဲကြောက်တာလား။ လက်မထပ်ရတာကိုရော မကြောက်ဘူးလား။ ဒီနေ့ ထင်းခုတ်ပြီးရင် မင်းအတွက် မြည်းတစ်ကောင်သွားဝယ်ပေးမယ်။ အဲ့တာကို လက်ဖွဲ့အဖြစ်သုံးပြီး ဇနီးတစ်ယောက်လောက်ရှာဖို့ ကြိုးစား။ မင်းအမြဲတမ်း မြင်းလိုချင်နေတာမလား။ အခု မင်းတစ်ကောင်ရတော့မယ်''

''ဒါပေမဲ့ မြင်းနဲ့မြည်းက တူမှမတူတာ''

''ဘာများမတူလို့လဲ''

''ဟေး''

ရုတ်တရက်ပင် ယောင်္ကျားနှစ်ဦးသည် ခြုံပုတ်ထဲမှ ထွက်လာ၏။ တစ်ဦးသည် လှံကိုကိုင်စွဲ၍ အဖြူရောင်ဝတ်စုံကို ဝတ်ထားကာ ချောမောပြီး ကျန်တစ်ဦးသည် ပုဆိန်ကြီးကို သယ်ထားပြီး မျက်နှာသည် ခက်ထန်သောအမူအရာမျိုး ရှိသည်။

''သနားပါ ချမ်းသာပေးပါ''

လီကောရှန်းနှင့် သူ၏သားများက မြေကြီးပေါ်သို့ ကြောက်ကြောက်လန့်လန့်ဖြင့် ဒူးထောက်လိုက်ကြသည်။

''ထစမ်း။ ဘာလို့ ဒူးထောက်နေတာလဲ''

ပုဆိန်ကိုင်ထားသောသူက အော်ပြောလိုက်ကာ လီကောရှန်းကို ခေါင်းမော့စေသည်။ ထိုသူက ကောက်ကျစ်စဉ်းလဲသောအပြုံးမျိုးပြုံးကာ ပြောလိုက်သည်။

''စောနက မင်းတို့ မြင်းဝယ်မဲ့အကြောင်းပြောနေတာ ငါကြားလိုက်တယ်'’

All Chapters