← Chapters

ချမ်းသာလာတော့ဒုက္ခကရောက်လာပြန်တယ်

Vol. 2 Ch. 19

ချမ်းသာလာတော့ဒုက္ခကရောက်လာပြန်တယ်

Vol. 2 Ch. 19

''အသက်ချမ်းသာပေးပါ။ ကျွန်တော်တို့က ဆင်းရဲတဲ့ပြည်သူတွေပါ။ တကယ်ကို ငွေမရှိပါဘူး။ သတ်မယ်ဆိုရင်လည်း ကျွန်တော့်သားတွေကို အသက်ချမ်းသာပေးပြီး ကျွန်တော့်ကိုပဲသတ်ပါ''

လီကောရှန်းသည် လန့်ဖျပ်နေကာ လိပ်ပြာလွင့်မတတ်ပင်ဖြစ်၏။

''မင်းကိုသတ်ပါမယ်လို့ ဘယ်သူကပြောလဲ။ မတ်တပ်ထပြီးပြော''

ကြောက်၍တုန်နေသော ထိုလူလေးဦးမှာ မတ်တပ်ရပ်လိုက်ကြသည်။ လီကောရှန်းက ပြောလိုက်၏။

''ကျွန်တော်တို့ကိုမသတ်ဘူးဆိုရင် ဘာလုပ်မလို့လဲ။ ကျွန်တော်တို့မှာ ဘာမှမရှိပါဘူး''

''စောနက မင်းတို့ မြင်းဝယ်ဖို့စီစဉ်နေတာကို ကြားလိုက်တယ်။ အမှန်ပဲလား''

လီကောရှန်းသည် ၎င်းတို့၏စိတ်လှုပ်ရှားနေသောအမူအရာကြောင့် တွေးရခက်သွားသည်။ ၎င်းက အောက်ကျို့ကာ ပြောလိုက်လေသည်။

''ကျွန်တော်တို့က မြင်းဝယ်ဖို့ မတတ်နိုင်ပါဘူး။ အကြီးဆုံးသားက လက်ဖွဲ့ပစ္စည်းမတတ်နိုင်လို့ ခုထိလက်မထပ်ရသေးဘူး။ လယ်ထဲမှာသုံးဖို့ မြည်းတစ်ကောင်သာရှိရင် သူ့အတွက် မိန်းမရှာပေးဖို့ ပိုလွယ်မှာပါ''

''ဟားဟား မင်းတို့ကံကောင်းတာပဲ။ ငါကလည်း မြင်းတွေကို ရောင်းမလို့။ မင်းစိတ်လှုပ်ရှားသွားပြီလား ကံကောင်းတယ်လို့ ခံစားရလား''

ယခုတွင် လီကောရှန်းသည် ခေါင်းပြုတ်လိုသည့်အတွေးပင် ပေါက်လာသည်။ ၎င်းစဉ်းစားထားသည်မှာ ၎င်းသည် ကံခေသောနေ့ကို ရွေးမိကာ အိမ်ကထွက်လာခဲ့သည်ဟု ထင်မိသည်။ ဓားပြနှစ်ယောက်ဖြင့် တိုးခြင်းမှာ အမှန်ပင် စိတ်လှုပ်ရှားရသည်။ အထူးသဖြင့် ၎င်းတို့အသက်ရှင်မည်မရှင်မည် မသေချာဘဲ ခြိမ်းခြောက်ခံနေရသောကြောင့်ဖြစ်၏။

''ဒါပေမဲ့ ကျုပ်တို့မှာ အဲ့လောက်ငွေအများကြီးမှ မရှိတာ''

''အင်း ခင်ဗျားကျုပ်ကို ပေးတော့ပေးရမှာပဲ။ ခင်ဗျားမှာ ဘယ်လောက်ပါလဲ''

''ကြေးပြားနှစ်ပြား''

လီကောရှန်းသည် ၎င်း၏အဝတ်ထဲမှ ကြေးပြားနှစ်ပြားကို ထုတ်ယူလိုက်သည်။

ချုံးတလေက ထိုကြေးနှစ်ပြားကို ယူလိုက်ပြီး

''ခင်ဗျားတို့ ကိုယ်ပေါ်မှာ ဘာရှိသေးလဲ''

''ကျွန်တော်တို့မှာ သစ်သီးမုန့်လေးလေးလုံးပါပါတယ်။ အမေက အစာပြေစားဖို့ ထည့်ပေးလိုက်တာပါ''

၎င်းတို့သည် အထုတ်ဖြေကာ မုန့်လေးလုံးကို ပြလိုက်၏။ ချုံးတလေက မုန့်တစ်ပိုင်းကိုဖဲ့ပြီး လင်းရှောင်ယွီကို ပေးလိုက်၏။

''အရသာရှိလား''

''အင်း။ မဆိုးပါဘူး''

ချုံးတလေနှင့် လင်းရှောင်ယွီတို့သည် အကြည့်ချင်းဖလှယ်ကာ ဘေးသို့သွားကာ အချင်းချင်းတီးတိုးပြောနေကြသည်။

''သူဌေး ကြေးပြားနှစ်ပြားနဲ့ မုန့်လေးလုံးဆိုတာက အရမ်းနည်းလွန်းတယ်မလား''

''တန်ဖိုးနည်းတာသိပေမဲ့ သူတို့ကိုမှမရောင်းရင် ငါတို့ ဘယ်လိုလုပ်ကြမလဲ။ သူတို့ကိုသတ်ပြီး ချက်စားရမှာလား''

''မြင်းတွေကို သူတို့ဆီ ရောင်းသင့်တယ်။ သူတို့က ဆင်းရဲတော့ ဘာမှတော့ တတ်နိုင်မှာမဟုတ်ဘူး''

''အဲ့လိုဆို မင်းက မြင်းတွေကိုရောင်းမှာလား''

''ရောင်းမယ်''

လီကောရှန်းနှင့်သားများမှာ ၎င်းတို့နောက်မှ အမျိုးသားနှစ်ဦးကိုကြည့်၍ နှလုံးခုန်မြန်နေပေသည်။ ဓားပြများလက်ထဲသို့ ကျရခြင်းမှာ မည်သည့်အရာမှ ကောင်းမနေပေ။ ခေါင်းပြုတ်မည်ကသာ ဖြစ်နိုင်ချေများထဲက တစ်ခုဖြစ်လေသည်။

''ဟားဟားဟား''

ရုတ်တရက်ပင် ချုံးတလေဆီမှ ရယ်သံက ၎င်းတို့ကို အလန့်တကြားဖြင့် ဒူးထောက်သွားစေပြန်သည်။

''ကောင်းပြီ။ ဒီနေ့အတွက် ငါတို့က ပထမဆုံးစီးပွားရေးလုပ်တာဆိုတော့ မင်းတို့ကံကောင်းတယ်။ တောင်ပေါ်ကိုသွားကြမယ်''

''တောင်ပေါ်ကို သွားကြမယ်''

လီကောရှန်းတစ်ယောက် ရေရွတ်မိကာ လန့်ဖျပ်သွားလေ၏။ ၎င်းတို့ကို ဖမ်းကာ သားဖြစ်သူများကို ဓားပြလုပ်ခိုင်းမည်မှာ သေချာနေပေသည်။ ၎င်းကတောင်းပန်လိုက်၏။

''တစ်ယောက်ယောက်ကို ဖမ်းမယ်ဆိုရင်လည်း ကျုပ်ကိုပဲဖမ်းပါ။ ကျုပ်သားကိုတော့ ချမ်းသာပေးပါ။ လီိမိသားစုမျိုးရိုးကို ဆက်ခံမဲ့သူတော့ ချန်ထားခဲ့ရဦးမယ်''

''ဘာလဲ။ မင်းတို့က တောင်ပေါ်ကို မလိုက်ချင်ဘူးလား''

ချုံးတလေက ပုဆိန်ကိုမြှောက်ကာ ဟန်ရေးပြလိုက်သည်။ ထိုပုံစံကို မြင်သောအခါတွင် လီကောရှန်းမှာ ထပ်မပြောရဲတော့ပေ။

''တက်ကြမယ်။ သူရဲကောင်းလေးလင်း ကျုပ်ရဲ့ဖောက်သည်တွေကို ကောင်းကောင်းစောင့်ရှောက်လိုက်ပါ''

လင်းရှောင်ယွီက လမ်းပြကာ ချုံးတလေက ပုဆိန်ထမ်း၍ လိုက်လာပြီး နှစ်ယောက်ကြားတွင် လီမိသားစုဝင်လေးဦးရှိလေသည်။

၎င်းတို့၏ဝိညာဉ်များက ခန္ဓာကိုယ်မှ ခုန်ထွက်သွားတော့မတတ်ပင်ဖြစ်သည်။ ၎င်းတို့သည် အပ်ချည်မျှင်လေးတစ်မျှင်ဖြင့် အချည်ခံထားရကာ မည်သည့်အချိန်တွင်မဆို ဖမ်းနိုင်သည်ဟု ခံစားနေရသည်။

''အ--အဖေ-- သူတို့က သားတို့ကိုသတ်ပစ်မယ်ထင်လား''

လီစန်းက မေးလိုက်လေ၏။

''သား တောင့်ထား။ ငါတို့အားနည်းချက်ကို ပြလို့မရဘူး''

''အဖေ အဲ့စကားမပြောခင် ခြေထောက်တုန်နေတာကိုပဲ ရပ်အောင်လုပ်ပါဦး''

''သူတို့က ငါတို့ကိုသတ်ချင်ရင် သေတဲ့အထိ ပြန်တိုက်ကြမယ်။ ရှောင်စန်း မင်းကတော့ လွတ်အောင်ပြေးရမယ်။ မင်းက ငါတို့မိသားစုရဲ့မျှော်လင့်ချက်ပဲ''

၎င်းတို့၏ခြေထောက်များမှာ တိမ်များပေါ်တွင် ကခုန်နေရသကဲသို့ ခြေလှမ်းတိုင်းတုန်နေသည်။ ၎င်းတို့ဦးတည်နေသောတောင်ပေါ်တက်သည့်လမ်းကြောင်းမဟုတ်ဘဲ ငရဲတံခါးဝဆီသို့သာ ဖြစ်၏။ ခပ်ဝေးဝေးမှ ခံတပ်၏တံခါးဝကို မြင်မိသောအခါတွင် သေခြင်းတရားကို မြင်လိုက်ရသကဲ့သို့ ခံစားမိ၏။ ခံတပ်မှထွက်လာရန်မှာ လွယ်ကူသည့်ကိစ္စမဟုတ်ပေ။

''လူကြီးမင်းတို့ ကျွန််တော့်နောက်ကို လိုက်ခဲ့ပါ''

လင်းရှောင်ယွီက ၎င်းတို့ကို မြင်းဇောင်းဆီသို့ ခေါ်သွား၏။

''ပြန်တိုက်မယ်''

လီကောရှန်းက အော်ပြောလိုက်သော်လည်း မြင်းဇောင်းကို မြင်လိုက်ရသောအခါတွင်မူ ရုတ်တရက်ပင် ရပ်သွားလေသည်။

''ဘာကို တိုက်မှာလဲ''

လင်းရှောင်ယွီက တွေဝေစွာဖြင့် ၎င်းကို ကြည့်လိုက်၏။

''သေတဲ့အထိတိုက်မှာလား''

ချုံးတလေက မေးလိုက်လေသည်။

''မြန်မြန် တစ်ကောင်ရွေး''

ထိုလေးဦးမှာ တုန်လှုပ်နေပေသည်။ မြင်းဇောင်းတွင် မြင်းနက်၊ မြင်းနီ၊ မြင်းဝါ၊ စသဖြင့် အရောင်စုံရှိလှသည်။ အားလုံးကို ပြွတ်သိပ်ထည့်ထားသည်။ မြင်းတစ်ကောင်ချင်းစီသည် ခေါင်းမော့ကာ မြင်းကုန်းနှီးကိုလည်း အပြည့်အဝတန်ဆာဆင်ထားသည်။ သာမန်မြင်းများမဟုတ်ဘဲ တောင့်တင်းသန်မာလှသောစစ်မြင်းများပင် ဖြစ်လေ၏။ အားအင်၊ အရွယ်အစားနှင့် ပုံပန်းသွင်ပြင်အနေဖြင့် ဆိုရလျှင် သာမန်မြင်းများနှင့် နှိုင်းယှဉ်၍ပင် မရပေ။

လီညီနောင်သုံးဦးသည် မြင်းများကို မြင်လိုက်မိသောအခါတွင် ပါးစပ်အဟောင်းသားဖြင့် ဖြစ်နေကြသည်။ မည်သည့်ယောင်္ကျားက ထိုမြင်းကိုစီး၍ ကျယ်ပြောလှသောကောင်းကင်အောက်တွင် ခရီးမဆန့်ချင်ဘဲနေမည်နည်း။

အိပ်မက်မက်နေသည်ဟု ခံစားရသောကြောင့် လီကောရှန်းက အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။

''မြတ်စွာဘုရား ကျုပ်တို့ကို ဒီမြင်းတွေကို တကယ်ရောင်းချင်တာလား''

''အင်။ မင်းတို့ ဘယ်နှစ်ကောင်လိုချင်လဲ''

''တစ်ကောင်''

''တစ်ကောင်တည်းပဲလား။ ငါဒီလောက်အားစိုက်ထုတ်ထားရတာကို မင်းတို့က တစ်ကောင်ပဲလိုချင်တာလား''

ချုံးတလေက ကြိမ်းမောင်းလိုက်လေ၏။

''ဒါမှမဟုတ် နှစ်ကောင်လား''

လီကောရှန်းက လက်နှစ်ချောင်းထောင်ပြလိုက်သည်။ တောင်ဘုရင်ဆီမှ လောဘကြီးသည်ဟု အထင်မခံရစေလိုပေ။

''နှစ်ကောင်တည်းလား''

ချုံးတလေတစ်ယောက် ပို၍မျက်မှောင်ကြုတ်မိသွားသည်။

''ခင်ဗျားမှာ သားသုံးယောက်ရှိတာ။ တစ်ယောက်ချင်းစီကို တစ်ကောင်စီရသင့်တယ်မဟုတ်လား။ ခင်ဗျားလည်း တစ်ကောင်ယူသင့်တယ်။ မြင်းလေးကောင်ဆိုရင်ရော ဘယ်လိုလဲ''

လီညီနောင်သုံးဦးသည် စိတ်လှုပ်ရှားစွာဖြင့် သဘောတူလိုက်ရန် ဖခင်ကို အချက်ပြလိုက်သည်။ လီကောရှန်းက ၎င်းတို့ကို တင်းမာသောအကြည့်ဖြင့်ကြည့်၍ တွန့်ဆုတ်စွာ ပြန်ဖြေလိုက်သည်။

''ဒီမြင်းတွေကို သိမ်းထားဖို့ မတတ်နိုင်ဘူး''

''အဲ့လိုဆို နှစ်ကောင်ပဲထားတော့''

ရုတ်တရက် ချုံးတလေက တစ်ခုခုကိုမှတ်မိသွားပြီး

''မင်းတို့ ဂျုံရိတ်တတ်လား''

''ကျုပ်တို့အားလုံးက လယ်သမားတွေပါ။ ဂျုံရိတ်တတ်ပါတယ်''

''ကောင်းတယ်။ မင်းတို့တွေ မမှောင်ခင် တစ်ယောက်ကို ဂျုံတစ်ဧကစီရိတ်ရမယ္။ အဲ့လိုဆို မင်းတို့ကို မြင်းနှစ်ကောင်ပေးမယ်''

ချုံးတလေက လင်းရှောင်ယွီကို ခေါင်းညိတ်ပြလိုက်သည်။ လင်းရှောင်ယွီကလည်း လက်မထောင်ပြလိုက်လေသည်။ ၎င်းတို့၏ခေါင်းဆောင်သည် လွန်စွာဉာဏ်ကောင်းပေသည်။ နှစ်ဦးလုံးမှာ စိတ်ထဲမှပူပန်မှုကို ရှောင်လွှဲလိုက်နိုင်သောကြောင့် စိတ်သက်သာရာရသွားကြ၏။

၎င်းတို့သည် ဂျုံခင်းများဆီသို့ ဦးတည်လာကြကာ ရိတ်သိမ်းရန် တံစဉ်းတစ်ချောင်းဆီပေးလိုက်လေသည်။ အဆုံးတွင် ချုံးတလေသည်လည်း ၎င်း၏ကံကြမ္မာမှ ပြေးမလွတ်ပေ။ ရွှီရှန်းကျီက ၎င်း၏လက်ထဲသို့ တံစဉ်းထည့်ပေးလိုက်သည်။ ချုံးတလေကို စိတ်အတိုစေဆုံးသော ရွှီရှန်းကျီ၏အပြုအမူမှာ လင်းရှောင်ယွီသည် မြင်းများ ပို၍ရောင်းရရန် တောင်အောက်သို့ လွှတ်လိုက်ခြင်းပင်ဖြစ်၏။

တံစဉ်းကိုယ်စီဖြင့် ရိတ်သိမ်းကြကာ နွေ၏နေပူပူအောက်တွင် ကောက်ရိုးလှိုင်းတစ်စည်းပြီးတစ်စည်းရလေသည်။ ချုံးတလေက ကိုယ်ကိုမတ်၍ မျက်ခုံးထက်မှချွေးသီးချွေးပေါက်တို့ကို သုတ်လိုက်လေသည်။

''သူဌေး ခင်ဗျားက အချောင်ခိုနေတာပဲ''

ရွှီရှန်းကျီက ခနဲ့လိုက်၏။

''မဟုတ်ဘူး။ ငါအချောင်မခိုဘူး။ ဒီလောက် ကြိုးကြိုးစားစားလုပ်နေတာ မမြင်ဘူးလား''

၎င်းသည် နေပူအောက်မှ ဂျုံခင်ကြီးကို ကြည့်လိုက်သည်။ ချုံးတလေတစ်ယောက် အတော်လေးငေးမောနေမိ၏။ ဖားပြုတ်ခံတပ်သည် အိမ်နှင့်ပိုတူသွားသည်ဟု ခံစားမိလာသည်။ ချင်းမန်က အစ်ကိုအကြီးဆုံးဖြစ်ပြီး လင်းရှောင်ယွီက ခေါင်းမာသောညီငယ်လေးဖြစ်သည်။ ရွှီလင်းအာက ချစ်စရာကောင်းသောသတို့သမီးလောင်းနှင့်တူသည်။ ထိုသို့ဆိုလျှင် ရွှီရှန်းကျီက နေရာတကာဝင်ရှုပ်တတ်သောယောက္ခထီးလောင်းပင်ဖြစ်၏။

လီမိသားစုဝင်များကမူ တစ်ခွန်းမှ မဟရဲကြပေ။ တောင်ဘုရင်စိတ်အနှောင့်အယှက်ဖြစ်သွားမည်ကို စိုးသောကြောင့်ဖြစ်၏။

''အဖေ သူတို့က ကျွန်တော်တို့ကို တကယ်မြင်းတွေ ပေးမယ်ထင်လား''

''အိပ်မက်မက်နေတာတော်လိုက်တော့။ အလုပ်လုပ်''

''နေမဝင်ခင် မပြီးလို့ရှိရင် ငါတို့ကို ယမမင်းဆီ ပို့နေဦးမယ်''

လေးဦးသား ပင်ပန်းစွာဖြင့် မနားမနေရိတ်သိမ်းနေကြသည်။ လယ်သမားများဖြစ်သောကြောင့် ပင်ပန်းသောအလုပ်ဖြင့် အသားကျနေပြီးဖြစ်၏။ သေရေးရှင်ရေးကိစ္စတွင် ၎င်းတို့၏ဖုံးကွယ်ထားသောအရည်အအချင်းများကို ထုတ်သုံးရတော့သည်။ ဂျုံခင်းကြီးမှာ ရိတ်သိမ်းပြီးသွားကာ ဂျုံကောက်လှိုင်းစည်းများကိုလည်း စုစည်းပြီးဖြစ်ကာ ခံတပ်၏လေ့ကျင့်ရေးကွင်ဆီသို့ သယ်လာခဲ့လေသည်။

''အရှင် ဂျုံတွေကို တလင်းနယ်ပေးဖို့ လိုသေးလား''

''မလိုတော့ဘူး။ မြင်းနှစ်ကောင်သွားရွေးချည်''

အမှန်ပင် ၎င်းတို့ကို မြင်းများ ပေးတော့မည်လော။

All Chapters