← Chapters

တောင်ပေါ်တွင်ခံတပ်ဆောက်တည်ခြင်း

Vol. 2 Ch. 25

တောင်ပေါ်တွင်ခံတပ်ဆောက်တည်ခြင်း

Vol. 2 Ch. 25

''ခေါင်းဆောင် ကျွန်တော်တို့ ဘာလုပ်နေကြတာလဲ''

ဟွမ်စန်းယွမ်က တွေဝေစွာဖြင့်မေးလိုက်မိသည်။ ၎င်းသည် ချုံးတလေကြောင့်နေ့တိုင်း မနက်စောစောထကာ ဖားပြုတ်ခံတပ်ကို လှည့်လည်ကြည့ရှုသည်ကို အဖော်လိုက်ပေးရသည်။

''တောင် ကြည့်နေတာ''

ချုံးတလေက လေလုံးထွားသောလေသံဖြင့် ပြောလိုက်သည်။

''ဘာကို တောင်ကြည့်တာလဲ''

ဟွမ်စန်းယွမ်တစ်ယောက် ပို၍ပင် ပဟေဠိဖြစ်သွားပေသည်။

ချုံးတလေက ၎င်း၏မေးခွန်းကိုမဖြေပေ။ ထို့အစား ၎င်းရှေ့မှ ကျောက်တုံးကြီးများကို တိုင်းတာကာ ထိုပေါ်သို့ မည်သို့တွယ်တက်ရမည်ကို စဉ်းစားနေမိ၏။

''ဘဏ္ဍာစိုးဟွမ် ခင်ဗျားက အတွေ့အကြုံများတာပဲ။ တောင်ခံတပ်ရဲ့လူဦးရေကို တိုးချင်တယ်ဆိုရင် ကျုပ်တို့ ဘယ်လိုလူခေါ်ကြမလဲ''

''အဲ့တာကတော့ ခက်ခဲလောက်မယ်''

''ဘယ်လိုမျိုးလဲ။ ကျွန်တော့်ကို ပြောပြပါ''

ချုံးတလေသည် ထိုကျောက်တုံးကြီးပေါ်သို့ တွယ်တက်ရန် နည်းလမ်းမရှိသော်လည်း ကြိုးစားနေဆဲဖြစ်၏။

''မင်းကြီးက လူတန်းစားလေးရပ်ခွဲထားတယ်။ အဲ့တာကို ကြားဖူးသလား ခေါင်းဆောင်''

ချုံးတလေက ခေတ္တမျှရပ်ကာ

''ဘာလူတန်းစားလေးရပ်လဲ။ ဘယ်လိုမျိုး ခွဲထားတာလဲ''

''ပထမအတန်းအစားက တော်ဝင်မိသားစု။ တဝူတည်ထောင်စဉ် လွန်ခဲ့တဲ့နှစ်ပေါင်း(၁၂၀)ကတည်းက အာဏာကို ကိုင်ထားတဲ့သူတွေ။ သူတို့က အလုပ်လုပ်စရာမလိုဘူး။ မင်းကြီးက ထောက်ပံ့ပေးထားတာ။ ဒုတိယအတန်းအစားက မြင့်မြတ်တဲ့သူတွေ။ မင်းမျိုးမင်းနွယ်မိသားစုတွေ၊ မြို့အရှင်တွေနဲ့ ချမ်းသာတဲ့ကုန်သည်တွေ။ တတိယအတန်းအစားက သာမန်သူတွေ။ မြေပိုင်ရှင်တွေ၊ အထက်တန်းလွှာတွေနဲ့ ကုန်သည်တွေ။ စတုတ္ထမြောက်အတန်းအစားက အဆင့်နိမ့်ဆုံးပဲ။ လယ်သမားတွေ၊ ရွှေ့ပြောင်းဒုက္ခသည်တွေနဲ့ အိမ်ကျွန်တွေပဲ''

''ဓားပြတွေက ဘယ်အတန်းအစားထဲမှာ ပါလဲ''

ချုံးတလေက တွေဝေစွာဖြင့်မေးလိုက်သည်။

ဟွမ်စန်းယွမ်သည် ထိုမေးခွန်းကြောင့် အတော်လေးဒုက္ခရောက်သွားပုံပေါ်သည်။

''တောင်ဓားပြတွေက ဘယ်အတန်းအစားထဲမှမပါဘူး။ မဟုတ်ရင်လည်း အောက်ဆုံးအဆင့်မှာလို့ ပြောလို့ရတယ်။ မင်းကြီးက သူတို့ကို လူတန်းစားလို့ကို အသိအမှတ်မပြုဘူး။ အိမ်ခြေရာမဲ့တွေ၊ ကျွန်တွေနဲ့ သူတောင်းစားတွေထက်တောင် ဓားပြတွေက ပိုပြီးအဆင့်နိမ့်ကြသေးတယ်။ သာမန်သူတွေက ထွက်လမ်းမရှိတောတဲ့အခါကျရင် ဓားပြဖြစ်ရတာထက် ပိုပြီးသေချင်ကြတာ။ မိသားစုတစ်စုမှာ ဓားပြတစ်ယောက်ရှိတယ်ဆိုရင် တစ်မိသားစုလုံးနဲ့ ဘေးဘိုးဘေးဘီတွေတောင်မှ အရှက်ကြတယ်ပြောတယ်''

ပြောနေရင်းဖြင့် ဟွမ်စန်းယွမ်သည် ချုံးတလေကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ချုံးတလေ၏စိတ်သဘောထားကို သေချာမသိသောကြောင့် ၎င်း၏စကားများက ချုံးတလေကို စော်ကားရာရောက်မည်ကို စိုးရိမ်သွားမိသည်။

သို့သော် ချုံးတလေက ဒေါသမထွက်ပေ။ ၎င်းသည် ထိုကျောက်တုံးကြီးပေါ်သို့ တွယ်တက််ကာ အမြင့်ဆုံးနေရာတွင်ရပ်ပြီး ဖားပြုတ်ခံတပ်၏ကို အမြင့်ဆုံးနေရာမှ လှမ်းကြည့်နေသည်။

''အဲ့လိုဆို တောင်ဓားပြဖြစ်တာက အဆင့်နိမ့်ဆုံးတည်ရှိမှုပဲပေါ့။ ဟူး''

ချုံးတလေတစ်ယောက် ဟက်ကနဲရယ်လိုက်ပြီး

''ဘဏ္ဍာစိုးဟွမ် ဖားပြုတ်ခံတပ်ပတ်ချာလည်မှာ နံရံတစ်ခုဆောက်လို့ စီစဉ်ထားတယ်။ ကျုပ်တို့ရဲ့မူလ ခုခံရေးအင်အားကို ပြန်ဖွဲ့စည်းမယ်''

''အကြံကောင်းပဲ။ ဒါပေမဲ့ လူအင်အားမလုံလောက်ဘူး''

''အဲ့တာကို စဉ်းစားပြီးပြီ။ ဖြေရှင်းချက်လည်း ထုတ်ပြီးပြီ။ ကျုပ်တို့ လူတွေကို ခန့်လို့ရတာပဲ။ နောက်ကျ ခင်ဗျားကို တည်ဆောက်ရေးအသေးစိတ်အစီအစဉ် ပေးမယ်''

ချုံးတလေက ဟွမ်စန်းယွမ်ကို ပြောလိုက်လေသည်။

ဟွမ်စန်းယွမ်တစ်ယောက်မျက်လုံးပြူးကျယ်သွားကာ

''ခေါင်းဆောင် တည်ဆောက်ရေးအသေးစိတ်အချက်အလက်ကို ဘယ်လိုလုပ်ရလဲဆိုတာလည်း သိတာပဲလား''

''အင်း''

ချုံးတလေက တွန့်ဆုတ်ခြင်းမရှိ ဝန်ခံလိုက်သည်။

ဟွမ်စန်းယွမ်တစ်ယောက် အံ့ဩမှင်သက်သွားသည်မှာ အံ့ဩစရာမရှိပေ။ ထိုခေတ်တွင် စာတတ်သူမှာ (၁၀)ရာခိုင်နှုန်းထက်ပင် နည်းကာ ချုံးတလေ၏ လုပ်နိုင်စွမ်းသည် ပါရမီရှင်နီးပါးပင် ဖြစ်၏။

ချုံးတလေကို ကြည့်မိသောအကြည့်များက လေးစားမိသောအကြည့်များပင် ဖြစ်သည်။ ကျောက်တုံးကြီးပေါ်တွင် ရပ်ကာ ဝတ်ရုံက တဖျပ်ဖျပ်လွင့်နေပြီး ၎င်းသည် အရာရာခပ်သိမ်းသိနိုင်စွမ်းရှိသူကဲ့သို့ပင် ဖြစ်၏။

ချုံးတလေသည် ထိုအမြင့်နေရာမှ ဖားပြုတ်ခံတပ်၏တည်ဆောက်ပုံကို လေ့လာနေသည်။ ထိုနေရာမှဆိုလျှင် ဖားပြုတ်ခံတပ်သည် ဖားပြုတ်တစ်ကောင် မြေကြီးပေါ်တွင် ဆောင့်ကြောင့် ထိုင်နေသည်နှင့်တူသည်။ ဖားပြုတ်သည် တောင်ဘက်သို့ မျက်နှာမူထားကာ အောက်တွင် အတိုင်းအဆမသိနက်ရှိုင်းသောချောက်နက်ကြီးဖြစ်ပြီး ဘေးတွင် တောင်ကုန်းတောင်တန်းများပင် ဖြစ်သည်။ တောင်ပေါ်တက်သည့်တစ်ခုတည်းသောလမ်းမှာ မြင့်မားသောသစ်ပင်များဖြင့် ပြည့်နေသောမြောက်ဘက်မှတောင်ကုန်းများသာ ဖြစ်သည်။ ဖားပြုတ်ခံတပ်သည် ဖားပြုတ်ခေါင်းပေါ်ရှိ ပါးလွှသောနယ်မြေပေါ်တွင် တည်ရှိသည်။

ချုံးတလေသည် မူလပရဝုဏ်၏ ယခင်ခုခံရေးအပိုင်းကို အားကောင်းအောင်လုပ်ရန် ရည်ရွယ်ထားကာ ကွက်လပ်များကို တောင်များ၊ သစ်ပင်များဖြင့်ဖြည့်ပြီး နောက်ဆုံးတွင် ထိုနေရာ၏အဖျားပိုင်းကို ထောင်ချောက်များဖြင့် အားအင်ခိုင်မာစေမည်ဖြစ်သည်။

ချုံးတလေသည် ဟွမ်စန်းယွမ်ကိုခေါ်ကာ ခံတပ်ကို ပတ်ချာလည်ကြည့်သည်။ ယနေ့သည် ဖားပြုတ်ခံတပ်၏ တည်ဆောက်ပုံအဆင့်ဆင်ကို ပထမဆုံးအကြိမ် လေ့လာမိခြင်းဖြစ်သည်။ ရိုးသားစွာဆိုရလျှင် တည်ဆောက်ပုံက မများပေ။ ခံတပ်ကိုဆောက်သူမှာ မည်သူပင်ဖြစ်စေ စိတ်ထဲတွင်ပေါ်လာသကဲ့သို့ ရိုးရှင်းစွာဆောက်ထားခြင်းဖြစ်မည် မဟုတ်လျှင်လည်း လိုအပ်မှဆောက်ထားခြင်းမျိုး ဖြစ်၏။

ပြန်လည်တည်ဆောက်ခြင်းအပိုင်းတွင် အားလုံးကို ပြန်လည်တည်ဆောက်ရမည် ဖြစ်၏။

ဖားပြုတ်ခံတပ်ကိုလေ့လာခြင်းမှာ အောင်မြင်သွားပါပြီ။

ခေါင်းထဲတွင် ပေါ်လာသောစာနှင့်အတူ ချုံးတလေ၏စိတ်ထဲတွင် မြေပုံတစ်ခုပါ ဖြည်းဖြည်းချင်းပွင့်လာသည်။ မြေပုံပေါ်တွင် ပေါ်လာသောဖားပြုတ်ခံတပ်၏အဆောက်အဦးတိုင်းမှာ ရှင်းလင်းနေသည်။

ချုံးတလေသည် ထိုမြေပုံကို တစ်ချက်ကြည့်ပြီးသည်နှင့် ဖားပြုတ်ခံတပ်တစ်ခုလုံး၏ ဖွဲ့စည်းပုံကို စိတ်ထဲတွင် မှတ်မိသွားသည်။ တစ်ချိန်တည်းတွင်ပင် စနစ်ကပေးသောအသေးစိတ်အစီအစဉ်သည်လည်း ဖားပြုတ်ခံတပ်၏နယ်မြေအနေအထားအရ ပြောင်းလဲစပြုလာသည်။ ခုခံမှုအားနည်းသောနေရာများသည် အားဖြည့်ရန် လိုအပ်ကာ ကြားကွက်လပ်များက ပိတ်နေသည်။

အမှန်တွင် အခြေခံခုခံရေးအစီအစဉ်မျှသာ ဖြစ်သောကြောင့်အရာအားလုံးမှာ ကြမ်းတမ်းလှသည်။ ချုံးတလေသည် ခံတပ်မှာ တိုးတက်လာသည်နှင့် စနစ်ကပေးသောကုန်ကြမ်းများလည်း တိုးတက်လာမည်ဟု ယုံကြည်ထားသည်။

အခန်းထဲသို့ ပြန်လာကာ အပြန်ပင် အစီအစဉ်စာရွက်ကို ဆွဲထုတ်လိုက်သည်။ ဟွမ်စန်းယွမ်ကို ပေးပြီးနောက်တွင် ထိုသူသည် အံ့ဩမှင်သက်နေကာ ပါးစပ်အဟောင်းသားပင်ဖြစ်နေရှာသည်။

''ခေါင်းဆောင် ခင်ဗျားက တကယ်ပဲ- - - ''

ချုံးတလေက ပြုံးကာ

''ဘဏ္ဍာစိုးဟွမ် ဒီကို ဟေးယန်မြို့က မြှောက်ပင့်တဲ့အကျင့်မျိုးတွေ သယ်မလာပါနဲ့။ ကျုပ်တို့က ဟိတ်ဟန်ကြီးတာကို တန်ဖိုးထားတာမဟုတ်ဘဲ လုပ်နိုင်စွမ်းကိုပဲ တန်ဖိုးထားတာပါ''

စိတ်ထဲတွင်မူ ဆက်ပြီးချီးကျူးပါဟု ပြောနေမိ၏။

ဟွမ်စန်းယွမ်က ခေါင်းညိတ်ပြလိုက်ပြီး

''ခေါင်းဆောင်မှန်ပါတယ်''

''သတင်းကောင်းဗျို့ သတင်းကောင်း''

ဒူ--- ဒူ---

''သတင်းကောင်းဗျို့ သတင်းကောင်း''

ဒူ--- ဒူ---

ကျားပျံရွာတွင် ကောင်းဖေးဟူသည် သစ်ပင်ကြီးအောက်၌ အနားယူနေစဉ်တွင် ရုတ်တရက်ပင် တောင်ခြေမှ ဆူဆူညံညံအသံကို ကြားလိုက်ရသည်။ ကောင်းဖေးဟူသည် မတ်မတ်ရပ်ကာ ထိုသို့အသံနှင့်ပက်သက်ပြီး မကောင်းသည့်ခံစားချက်မျိုး ရှိနေလေသည်။

ထင်ထားသည့်အတိုင်းပင် ရွာပြင်သို့ ထွက်ကြည့်လိုက်သည်နှင့် သစ်ပင်ကြီးတွင် စာရွက်ဖြူကိုကပ်ထားသည်ကို တွေ့လိုက်ရပြန်သည်။ ကြေညာစာဟုခေါ်သောစာရွက်များပင် မဟုတ်လော။ လူအုပ်စုတစ်စုသည် သစ်ပင်ကြီးအောက်တွင် စုဝေးနေကြကာ ထိုပေါ်မှစကားလုံးများကို ကြည့်နေကြသည်။

''ခေါင်းဆောင် မြန်မြန် ကျုပ်တို့ကို ဖတ်ပြပါ။ ဘာပြောထားတာလဲ''

ကောင်းဖေးဟူတွင် မကောင်းသည့်ခံစားချက် ရှိနေသောကြောင့် မဖတ်ပြချင်ပေ။

''လာကြ အားလုံး။ မလောနဲ့။ ငါဖတ်ပြမယ်''

မည်သူက ထိုမျှနမော်နမဲ့နိုင်လှသနည်း။ လှည့်ကြည့်လိုက်သောအခါတွင် ညီငယ်ဖြစ်သူသည် လတ်လျားလတ်လျားသွားလာရင်းဖြင့် ဘဝင်ခိုက်နေသည်ကို မြင်လိုက်ရသည်။

''သတင်းကောင်းဗျို့ သတင်းကောင်း''

ကောင်းဖေးပေါင်က လည်ချောင်းရှင်းကာ ထိုပေါ်မှစာကို ကျယ်ကျယ်စဖတ်ပြသည်။

''သူရဲကောင်းလေး နေ့တိုင်း ဟင်းသီးဟင်းရွက်ရိုင်းတွေနဲ့ ပုပ်သိုးနေတဲ့အစေ့အဆန်တွေကိုပဲ စားရင်း သည်းခံနေရတုန်းလား။ ဒီမှာဆို သင်နေ့တိုင်း ပန်ကိတ်ဖြူတွေ စားနိုင်ပါပြီ''

''လက်နက်မရှိလို့ ဒုက္ခရောက်နေပါသလား။ ဒီမှာ သင့်အတွက် ရှားပါးလက်နက်တွေ ရွေးနိုင်ပါပြီ''

''သင့်အနာဂတ်နဲ့ပက်သက်ပြီး တွေဝေနေတုန်းပဲလား။ ဒီမှာ သင်စိတ်ကူးထားတာထက်ပိုတဲ့ ပိုင်ဆိုင်မှုနဲ့အောင်မြင်မှုတွေကို ပေးနိုင်ပါပြီ''

''သတင်းကောင်းဗျို့ သတင်းကောင်း''

''ဖားပြုတ်ခံတပ်က ပါရမီရှင်တွေကို ခန့်နေပါပြီ''

''အိပ်မက်ခရီးလမ်းကို ဒီကနေစတင်လိုက်ပါ။ သင့်ဘဝကို ဒီနေရာမှာ ဆုံးဖြတ်နိုင်ပါပြီ''

''ကျွန်တော်တို့ဆောင်ပုဒ်က - အသန်မာဆုံးမြင်းတွေကိုစီးပြီး အလှပဆုံးမိန်းမပျိုလေးတွေနဲ့ အိပ်ရမယ်''

''ကျုပ်တို့ ဖားပြုတ်ခံတပ်နဲ့ ပူးပေါင်းလိုက်ပါ။ အဲ့လိုဆို ဒါတွေအားလုံးက အိပ်မက်တစ်ခု မဟုတ်တော့ပါဘူး''

စာရွက်အောက်နားတွင် ပုံဆွဲထားသည်။ လူတစ်ယောက်သည် ပုဆိန်ကြီးကို ပုခုံးပေါ်ထမ်းကာ လက်တစ်ဖက်က ဆန့်ထုတ်ပြီး အောက်တွင် အနီရောင်ဖြင့်ရေးသားထားသောစကားလုံးများကို လက်ညှိုးညွှန်ပြထား၏။

''ကျွန်တော်တို့က ခင်ဗျားကို အလိုရှိပါတယ်''

ကောင်းဖေးဟူ၏မျက်နှာတွင် ဒေါသဖြင့်မိုးမွှန်သွားကာ ထိန်းချုပ်၍မရသောဒေါသက ကိုယ်တွင်းတွင် လှိမ့်တက်လာသည်။

''အသန်မာဆုံးမြင်းကိုစီးပြီး အလှဆုံးမိန်းမပျိုနဲ့အိပ်မယ်တဲ့လား''

ကောင်းဖေးပေါင်တစ်ယောက် လေးစားသွားမိသည်။

''ဒီစာကို သေချာကောင်းကောင်းရေးထားတာပဲ။ လက်ရေးကလည်း မဆိုးဘူး''

''မျိုးမစစ်''

ကောင်းဖေးဟူသည် ဒေါသထွက်လွန်း၍ စာရွက်ကို အပြေးသွားကာ ဆုတ်ဖြဲပစ်မိပြီး ဒေါသတကြီးအော်လိုက်လေသည်။

''ဒီလောက်အရှက်မဲ့တဲ့သူကို တစ်ခါမှမမြင်ဖူးဘူး'’

All Chapters