ရွာကိုကယ်တင်ခြင်း
Vol. 3 Ch. 15
စိတ်မချမ်းသာဖွယ်ရာမြင်ကွင်းများကိုလွန်လာပြီးနောက် ပတ်ဝန်းကျင်က အနည်းငယ် စိုစိုပြေပြေဖြစ်ကာ လူနေရာဒေသတစ်ခုနှင့် တူလာပါသည်။
နှစ်ရက်မြောက်တွင် ရှေးစူးစူး၌ ဇရပ်တစ်ဆောင်ကို တွေ့လိုက်ရပါ၏၊ ရွာအဝင်ဇရပ်တစ်ခုနှင့်တူပါသည်၊ ရေအိုးစင်ဖြင့် အနားယူချင်စရာ သပ်သပ်ရပ်ရပ်ကလေး ဆောက်ပေးထားပါသည်။
မောင်ရင့်ကို ရှာနေသည်မှာ လပိုင်းပင်ကျော်လာပြီမို့ ကြည့်သန့်မေလည်း အဆာသိပ်မခံနိုင်တော့ပေ၊ ထို့ကြောင့် ရေအိုးကို ဖွင့်ကာ လက်ဟန်တစ်ခုပြင်ရင်း မျက်လုံးစုံမှိတ်၍ သုံးခွက်တိတိသောက်ချလိုက်ပါ၏။
‘ မောင်ရင့်တော့ ဘယ်လိုနေပြီလဲမသိ ‘
ဤနားတွင်တော့ အငွေ့အသက်အနည်းငယ်ရလာပြီမို့ လမ်းမမှားနိုင်လောက်ပေ၊ ကြည့်သန့်မေ ခဏအမောဖြေရင်း အပြင်လောကနှင့်တိုက်ကာ အချိန်ကိုတွက်ချက်နေပါ၏။
‘ အခုထိတော့ မသိသာလောက်သေးဘူး ’
ထို့နောက် ဆက်လျှောက်သွားရင်း တဲအိမ်လေးတွေကနေ ဟိုတစ်စုသည်တစ်စုဖြင့် အိမ်ခြေများကိုပါ တွေ့လာရပါသည်၊ လမ်းသွားလမ်းလာများက သူ့ကိုသိပ်တော့ ဂရုမစိုက်ကြပါချေ။
ကြည်သန့်မေလည်း ဆက်လျှောက်သွားရင်း ရွာလူကြီးနေထိုင်ရာဟုယူဆရသည့် နှစ်ထပ်ပြင်ထောင်အိမ်ရှေ့အရောက်၌ တံခါးခေါက်လိုက်ပါသည်။
“ ဘယ်သူလဲကွယ့် ”
နှုတ်ခမ်းမွှေးစစနှင့် အသက် ၆၀ အရွယ်လူကြီးတစ်ဦးက တံခါးဖွင့်ပေးကာ ဖော်ဖော်ရွေရွေဖြင့် မေးလိုက်ပါသည်။
“ ကျွန်မ လမ်းပျောက်လာလို့ပါအဘ ”
ကြည်သန့်မေက ကိုယ်ပေါ်မှကျလာသည့် ချွေးအနည်းငယ်ကို သုတ်ဟန်ပြကာ အားကိုးတကြီး အမူအရာဖြင့် အကူအညီတောင်းလိုက်ပါသည်။
“ အထဲဝင်ခဲ့သမီး ”
ရွာလူကြီးက တံခါးကို အကုန်ဖွင့်လိုက်ကာ အထဲသို့ဖိတ်လိုက်ပါ၏။ စိတ်ထဲတွင်တော့ အနည်းငယ် ဝေဝေဝါးဝါးဖြစ်နေပါသည်၊ ပုံမှန်လူသစ်ဆိုလျှင် ရွာသားတစ်ယောက်ယောက်နှင့်အတူရောက်လာရမည်ဖြစ်ပါသည်။
“ သမီးကို ကူညီပါအုံးအဘ ”
“ မပူပါနဲ့ သမီးရဲ့
အဘတို့ကူစဉ်းစားပေးပါ့မယ် ”
ထို့နောက် ရွာလူကြီးက အိမ်သူကို လှမ်းခေါ်ပြီး အခါးရည်ကို လက်ဖက်အနည်းငယ်နှင့် ဧည့်ခံပါသည်။ ကြည်သန့်မေလည်း မသိမသာ လက်ဟန်တစ်ခုပြင်ရင်း ဆာဆာဖြင့် အပြောင်စားပစ်လိုက်ပါသည်။
ရွာလူကြီးလည်း အံ့ဩသွားဟန်ဖြင့် ထမင်းပါပြင်ခိုင်းလိုက်ကာ ဧည့်ခံပြန်သည်။ ကြည်သန့်မေက မငြင်းဆန်ဘဲ ဆက်တိုက်ဆိုသလို ပန်းကန်ထပ်အောင် စားပစ်လိုက်ပါတော့သည်။
ထိုအချိန်တွင် အိမ်သူမှ စိတ်ထဲအနည်းငယ်တော့ ထင့်သွားပုံရပါသည်၊ သို့သော် မသေချာသည်မို့ စည်းမျဉ်းကို ကြောက်ကာ ထုတ်တော့မပြောပေ။ ရွာလူကြီးကတော့ ကြည်သန့်မေစားသည်ကို အားကျကာ ကြည့်နေပါသည်၊ လူသစ်မို့ထင်ပါတယ်ဟုလည်း ခေါင်းတငြိမ့်ငြိမ့်လုပ်ရင်း စားပြီးအောင် စောင့်နေလိုက်ပါ၏။
“ ကျေးဇူးပါအဘ၊ မနက်ကတည်းက ဘာမှမစားရသေးလို့ အရမ်းဆာနေတာ၊ အားနာလိုက်တာ ”
ရေဆေးကာလက်သုတ်ရင်း ကြည့်သန့်မေက ရှက်သွားဟန်ဖြင့်ပြောလိုက်ပါသည်၊ ရွာလူကြီးကတော့ သူမစားရသော်လည်း ပီတိဖြစ်နေပုံရပါသည်။
“ လောလောဆယ် အဘတို့အိမ်မှာပဲနေအုံး၊ တစ်ရက်နှစ်ရက်ဆို လမ်းရှာတွေ့လောက်မှာပါ ”
တကယ်တမ်းက မကြာခင်ပင် ညရောက်တော့မည်မို့ သိပ်မကြာတော့ပေ၊ ထို့နောက် ကြည်သန့်မေကို နေရာထိုင်ခင်းစီစဉ်ပေးရန် အိမ်သူကိုမှာပြီး ရွာဘက်သို့ ထွက်သွားပါ၏။
“ ကလေးမကို ကြည့်ရတာ လန်းလန်းဆန်းဆန်းရှိလိုက်တာ၊ ရုပ်လေးကလည်း ရွှေလိုဝင်းနေတာပဲကွယ် ”
အိမ်သူအဖွားက အနားတွင်ထိုင်ပြီး ကြည်သန့်မေအသားကို ထိကြည့်ဖို့လုပ်ပါသည်၊ သို့သော် ခေါင်းတစ်ချက်မိုက်ခနဲဖြစ်သွားပြီး လာရင်းကိစ္စကို မေ့သလိုဖြစ်သွားပါ၏။ ကြည်သန့်မေ မသိမသာသက်ပြင်းချရင်း
“ ကျေးဇူးတင်ပါတယ် အဖွား၊ အဖွားကမှ အရွယ်တင်ပြီး နုပျိုနေတာပါ၊ သမီးသာ အဖွားအရွယ်ကျရင် အခုလိုမဖြစ်နိုင်လို့ စိတ်ညစ်နေရမှာ ”
ကြည်သန့်မေ စကားကြောင့် အိမ်သူအဖွားကျေနပ်ကာ လိုတာရှိကပြောရန်မှာကြားပြီး လှုပ်လီလှုပ်လှဲ့ဖြင့် ထွက်သွားပါတော့သည်။
***
အလင်းရောင်အားနည်းလာသည်နှင့်အတူ လာခါစတုန်းကကဲ့သို့ အေးစက်မှုကလည်း အသားထဲကို ထိုးဖောက်ဝင်ရောက်လာပါ၏၊ ဤအအေးက သာမာန်အအေးမျိုးမဟုတ်ဘဲ အသားကို ထိုးခွဲလိုက်သကဲ့သို့ အေးစိမ့်ခြင်းမျိုးဖြစ်နေ၍ ကြည်သန့်မေ ရစ်ပတ်နွေကို ထပ်ခြုံလိုက်ရပါသည်။
‘ မှောင်ပြီဆိုရင်တော့ ထူးမှာပဲ၊ တစ်ရွာလုံးနီးပါးက မောင်ရင့်အရိပ်အယောင်ကို ပြနေတာ၊ ဒါမျိုးတစ်ခါမှ မကြုံဖူးဘူး ‘
ထိုအချိန်တွင် ရွာလူကြီးနှင့်အိမ်သူအဖွားရောက်လာကာ အရှေ့ကွက်ပျစ်တွင် သူတို့နှင့်လက်ဖက်စားရင်းစကားပြောရအောင်လာခေါ်ပါသည်။ ငြင်းစရာမရှိသည်မို့ ကြည်သန့်မေ ခေါင်းငြှိမ့်ကာ အလိုက်သင့်လိုက်သွားလိုက်ပါ၏။
“ ဒါက အဘသားလေ၊ အခုမှ အလုပ်က ပြန်လာတာ အခြားရွာမှာသွားလုပ်ရတာ ”
ရွာလူကြီးက သားဖြစ်သူနှင့် မိတ်ဆက်ပေးရင်း သူ့အရိပ်အခြေကို လှမ်းလှမ်းကြည့်နေပါသည်၊ အိမ်သူအဖွားကတော့ သဘောမတူဟန်ဖြင့် တစ်ဖက်လှည့်နေပါ၏။
နောက် တစ်နာရီလောက်နေလျှင် နေကလုံးဝဝင်သွားကာ အမှောင်တိဖြစ်ပါတော့မည်၊ သားဆိုသူက ထိုနေအဝင်ကိုကြည့်နေကာ သူ့နှင့်မဆိုင်သကဲ့သို့ မည်သူ့ကိုမှ တုံ့ပြန်မှုမပေးပါချေ။
ရုပ်ရည်မှာ တင့်တင့်တယ်တယ်ရှိပြီး ရွာလူကြီးတို့နှင့် အမျိုးတော်သည်ဟူ၍ပင်မထင်ရပါချေ၊ မည်သူနှင့်မျှ မထိုက်တန်ဟု သတ်မှတ်ရလောက်အောင်အထိ တောက်တောက်ပပနှင့် အထီးတည်း ရှိနေပါသည်။
ကြည်သန့်မေကတော့ အခြေအနေကို ရိပ်စားမိဟန်ဖြင့် နေအမှောင်ကိုသာ စောင့်နေလိုက်ပါသည်။ ပထမက ဤသူကို မောင်ရင့်ဟူ၍ထင်နေပါသေးသည်၊ သို့သော် ဤသူ့တွင် မောင်ရင့်အငွေ့အသက်လုံးဝမတွေ့ရပါချေ၊ တစ်ရွာလုံးနှင့်တစ်ယောက်ဟု ပြောရလောက်အောင် သီးခြားဖြစ်နေသူ သက်သက်ပါပေ။
၃၀ မိနစ်
တစ်နာရီ
မှောင်သွားပါပြီ။
ကြည်သန့်မေ အေးစက်မှုမှ ရုတ်တရက်ပူပြင်းခြင်းကို သတိထားမိလိုက်ပါသည်၊ မြေပြင်တစ်ခုလုံးက အားလုံးကို ရွာမှ ထွက်သွားရန် လှုံ့ဆောင်နေဘိသကဲ့သို့ တောက်လောင်လာပါ၏။
သားဖြစ်သူကတော့ တည်တည်ငြိမ်ငြိမ်ပင်ရှိပါသေးသည်၊ ရွာလူကြီးနှင့်ဇနီးမှာသာ စိတ်နဲ့ကိုယ်မကပ်ကြတော့ပါချေ။
“ ဘုရင်ကြီး ”
“ ဒီအပြစ်သားကို စီရင်ပါဘုရား ”
“ ဘုရင်ကြီး ”
“ ဒီအပြစ်သားကို စီရင်ပါဘုရား ”
နှစ်ယောက်သား ဝမ်းခေါင်းသံများဖြင့်အော်ဟစ်ကာ ရွာပြင်သို့ပြေးထွက်သွားကြပါသည်၊ ဖြစ်နေသည်က ဤတစ်နေရာတည်းတော့မဟုတ်ပါပေ၊ တစ်ရွာလုံးနီးပါး ဆူညံသံတို့ဖြင့် ပြည့်ကာ သက်ရှိငရဲအလား ပွပ်ပွပ်ထနေပါတော့၏။
#သုတဈာန်
#သာလွန်ပညာရှင်
ကောင်းကျိုးလိုရာဆန္ဒတွေ
လုံးဝပြည့်စုံကြပါစေသော်