အခန်း (၃၁)
Vol. 3 Ch. 31
မိုးရေစက်များက ကမ္ဘာမြေပေါ်သို့ ကျဆင်းလာနေသည်မှာ ကောင်းကင်ပေါ်မှ ရေတံခွန်တစ်ခု ကျဆင်းလာသလို ထင်မှတ်ရသည်။ အခြေအနေကလည်း တိတ်ဆိတ်ငြိမ်သက်ပြီး မှောင်မည်းနေ၏။
ထိုကဲ့သို့ မိုးညတစ်ညတွင် အဖြူရောင်ငှက်မွေးများ တပ်ဆင်ထားသည့်မြားများက ငရဲကြီး(၉)ထပ်မှ ကျရောက်လာသလို ခံစားရပြီး အေးစက်နေသော အလင်းတန်းများက နှလုံးသားကို ထိုးဖောက်သွားတော့မလို ခံစားနေရသည်။
မိန်းကလေးကျိကတော့ လေထဲတွင် တိမ်တိုက်တစ်ခုကို စီးနင်းနေသလို ဖြစ်နေပြီး အားကိုးစရာ မည်သည့်အရာကိုမျှ ရှာမတွေ့ခဲ့ပေ။ ထိုမျှကြောက်စရာကောင်းသော မြားများနှင့် ရင်ဆိုင်ရသည့်အချိန်တွင် သူမ လုပ်နိုင်သည်မှာ အလွန်ကြောက်လန့်နေသော အမူအရာနှင့် စိုက်ကြည့်နေရုံသာရှိသည်။
ထိုကဲ့သို့ စိတ်ဓါတ်ကျဖွယ်ရာ အခြေအနေတွင် သူမ၏ခန္ဓာကိုယ်ကို တစ်စုံတစ်ယောက်က ဆွဲခေါ်လိုက်ကြောင်း ခံစားလိုက်ရပြီး မြားတစ်စင်း၏ လက်ထဲမှ ပွတ်ကာသီကာ လွတ်မြောက်သွားခဲ့သည်။
သူမက ပြန်လှည့်ကြည့်လိုက်ရာ မိုးများက သည်းထန်စွာရွာသွန်းနေပြီး အမှောင်ထုကြီးက ကြီးစိုးနေသော်လည်း အလွန်တည်ငြိမ်သော မျက်နှာလေးတစ်ခုကို မြင်နေရသေးသည်။
မုန့်ချီက လေထဲကို ကြည့်လိုက်ပြီး မိန်းကလေးကျိကို ဘေးတွင် ချထားခဲ့လိုက်သည်။ ထို့နောက် ညာလက်တွင် ဓားကိုကိုင်ပြီး ရှေ့သို့ ပြေးထွက်လိုက်သည်။
“ချွမ်..”
မုန့်ချီ၏ လည်ပင်းဆီကို ဦးတည်လာနေသောမြားကို သူ၏ဓားသွားနှင့် တားဆီးလိုက်သည်။ သို့သော် အခြားတစ်ခုကိုတော့ တားဆီးနိုင်ခြင်း မရှိချေ။ သူလုပ်နိုင်သည်မှာ ပုခုံးဆီသို့ ကျရောက်လာသော အရာများကို သေကွင်းသေကွက် နေရာများ မထိအောင် ရှောင်တိမ်းခြင်းသာ ဖြစ်သည်။
“ဒုတ်.. ဒုတ်..ဒုတ်…”
မြားက မုန့်ချီ၏ ညာဘက်ပုခုံးကို စိုက်သွားပြီး အလွန်သိပ်သည်းသောအလွှာတစ်ခုကို ထိုးဖောက်လိုက်သလို ခံစားလိုက်ရသည်။
ထိုမျှ မိုးသည်းထန်သော ညအချိန်တွင် မုန့်ချီနှင့် သူ့အဖွဲ့ကတော့ ပတ်ပတ်လည်ကို မြင်တွေ့ရန်ပင် ခက်ခဲနေ၏။ ထို့ကြောင့် သူတို့က အရာဝတ္တုများကို ရှောင်တိမ်းနိုင်ခြင်း မရှိချေ။
တိုက်ခိုက်သူများကလည်း တူညီသော ပြဿနာကိုရင်ဆိုင်နေရသည်မှာ ကံကောင်းသွား၏။ ထို့ကြောင့် မြားအများစုက ပစ်မှတ်ကို လွဲချော်သွားခဲ့သည်။ မဟုတ်လျှင် မုန့်ချီ၏ သံချပ်ဝတ်အင်္ကျီနှင့်ပင် ထိုမြားများက သူ၏သေကွင်း သေကွက်နေရာများ အားလုံးကို လွဲချော်လိမ့်မည် မဟုတ်ချေ။
“ဘုန်း..”
မုန့်ချီက မြေပေါ်သို့ ဝမ်းလျားမှောက်လိုက်ပြီး ကျရောက်လာသော မြားများကို ရှောင်တိမ်းရန်အတွက် မြေပေါ်တွင် လှိမ့်နေခဲ့သည်။ တစ်ချိန်တည်းတွင် သူက ဘယ်လက်နှင့် ညာဘက်ပုခုံးတွင် စိုက်နေသော မြားကို ဆွဲထုတ်လိုက်၏။
သွေးများ ဖြာကျလာသော်လည်း မုန့်ချီက သံချပ်ဝတ်အင်္ကျီကျင့်စဉ်အခြေခံကို တတ်မြောက်ထားပြီးသား ဖြစ်သည်။ ဒဏ်ရာက နက်ရှိုင်းမှု မရှိသည့်အတွက် ဓားကိုင်ခြင်းကို သက်ရောက်နိုင်ခြင်း မရှိချေ။
ထိုအချိန်တွင် မိုးသည်းထန်မှုကြောင့် မှောင်မဲနေသော်လည်း အရိပ်ပေါင်းများစွာက ဓားကောက်များနှင့် ဓားရှည်များကို ကိုင်ပြီး မုန့်ချီနှင့် ချီကျန်းရန်တို့ကို စတင်ဝိုင်းရံလာကြသည်။ ခက်ခဲကြမ်းတမ်းသော ပတ်ဝန်းကျင်အခြေအနေကြောင့် တိုက်ခိုက်သူများကလည်း အဝေးမှ တိုက်ခိုက်ရန် ခက်ခဲကြောင်း သိနေကြသည်။
မုန့်ချီကတော့ ချက်ချင်းပြန်ထလိုက်ပြီး ရန်သူများကို ရင်ဆိုင်ရန် ဓားကို ကိုင်ထားလိုက်သည်။ သူ၏ပတ်ပတ်လည်တွင်တော့ အရိပ်ပေါင်းများစွာ ဝိုင်းရံနေခဲ့၏။ ရန်သူမည်မျှရှိနေကြောင်းပင် သေချာမပြောနိုင်ပေ။
ရန်သူများက တိုက်ခိုက်သည်ဟု ခံစားမိသည့်အချိန်၌ သူကတော့ အချိန်မရွေး ပြန်လည်တိုက်ခိုက်တတ်သည်။ အမှောင်ထုကြီးထဲတွင် ရန်သူများကလည်း နေရာတိုင်းတွင် ပုန်းနေနိုင်ပုံရ၏။
“ငါက ပြန်ပြီးတိုက်ခိုက်မှရမယ်…”
မုန့်ချီက စဉ်းစားလိုက်သည်။
ထို့ကြောင့် သူက အံကြိတ်လိုက်ပြီး ရှေ့သို့ အလျင်အမြန် ထွက်သွားခဲ့၏။ သူက ထွက်ပြေးရမည့်အစား အရင်ဆုံး ထိပ်တိုက်တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။
ထိုအချိန်တွင် သူ့ခေါင်းထဲ၌ အတွေးတစ်ခု ပေါ်လာနေ၏။ သူက ရန်သူများကို ရှင်းရှင်းလင်းလင်း မမြင်နိုင်မှတော့ ရန်သူများကလည်း သူ့ကို ရှင်းရှင်းလင်းလင်း မြင်နိုင်မည် မဟုတ်ချေ။ သူ့ဆီတွင် နတ်ဘုရားခြေလှမ်း(၈)သွယ်နှင့် သံချပ်ဝတ်အင်္ကျီကျင့်စဉ် ရှိနေသည့်အတွက် သူသာ ရန်သူများကြားထဲတွင် ရှုပ်ထွေးအောင် လုပ်ဆောင်လိုက်မည်ဆိုလျှင် အသက်ရှင်ရန် အခွင့်အရေးတစ်ခု ရှိနိုင်သေးသည်။
အကယ်၍ သူကသာ နတ်ဘုရားခြေလှမ်း(၈)သွယ်ကိုသုံးပြီး ထွက်ပြေးရန် ကြိုးစားလိုက်မည်ဆိုလျှင် ဝိုင်းရံတိုက်ခိုက်မှုမှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။ အမှောင်ထုထဲတွင် သူ့ကိုစောင့်နေသော အခြားကျွမ်းကျင်လူသတ်သမားများ ရှိနေမှာကို မုန့်ချီက စိုးရိမ်နေခဲ့သည်။
အကယ်၍ သူကသာ အန္တရာယ်တောထဲမှ တစ်ယောက်တည်း ထွက်ပြေးသွားမည်ဆိုလျှင် တိကျသော ပစ်မှတ်တစ်ခု ဖြစ်သွားနိုင်သည်။ ထိုအချိန်တွင် ရှေ့မှစောင့်နေသော ကျားများနှင့် နောက်မှလိုက်လာသော ဝံပုလွေများကြောင့် ပို၍အန္တရာယ်များနိုင်၏။
ခြေလှမ်းအနည်းငယ် လှုပ်ရှားလိုက်ပြီးနောက် မုန့်ချီက ရန်သူများကြားထဲကို ရောက်သွားသည်။ သူက စဉ်းစားမနေဘဲ ဓားကို လှုပ်ရှားလိုက်ရာ သွေးများဖြာကျလာပြီး အရိပ်များ လဲကျသွားခဲ့သည်။
ဖြစ်စဉ်တစ်ခုလုံးက အလွန်ရှုပ်ထွေးနေသည့်အတွက် မုန့်ချီက နတ်ဘုရားခြေလှမ်း(၈)သွယ်ကိုပင် အားကိုး၍ မရကြောင်း သိနေခဲ့သည်။ ထို့ကြောင့် သူ၏အရေးပါသော နေရာများကိုသာ ကာကွယ်ထားနေရ၏။ သူ၏သံချပ်ဝတ်အင်္ကျီကလည်း တားဆီးပေးနေသည်။
အမွေးတိုင်တစ်ဝက်စာခန့် ကုန်ဆုံးသွားပြီးနောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ပြတ်ရှရာများ ပြည့်နှက်နေသော်လည်း တိုက်ပွဲအပေါ် သက်ရောက်စေခြင်း မရှိချေ။ တိုက်ပွဲက ကြာလာသည်နှင့်အမျှ ရန်သူများက တဖြည်းဖြည်း ကြောက်လန့်လာနေကြသည်။
မုန့်ချီက အမှောင်ထဲတွင် သရဲတစ္ဆေတစ်ကောင်ကဲ့သို့ ဖြစ်နေ၏။ သူပေါ်လာသည့် အချိန်တိုင်း သေဆုံးမှု၊ ဒဏ်ရာရမှုများ ရှိကြသည်။ ရန်သူများ၏ တိုက်ခိုက်မှုကလည်း သူတို့၏လူများကိုသာ တိုက်ခိုက်မိနေပုံရသည်။ ထို့ကြောင့် သူတို့က နောက်ပြန်ဆုတ်သွားကြ၏။
သူတို့က မုန့်ချီကို တိုက်ခိုက်မိသည့်အချိန်တွင်လည်း တစ်စုံတစ်ခုက တားဆီးထားသလို ခံစားလိုက်ရပြီး နက်ရှိုင်းစွာ ထိုးဖောက်နိုင်ခြင်း မရှိကြပေ။
“သူက လူမဟုတ်လောက်ဘူး၊ သူက ထူးဆန်းတဲ့ အင်မော်တယ်တစ်ယောက်ပဲဖြစ်နိုင်တယ်…”
သူတို့၏စိတ်ထဲတွင် တွေးနေမိကြသည်။
သူတို့အားလုံးက အကာအကွယ်ကျင့်စဉ်ကို သိနေကြသော်လည်း လက်ရှိအခြေအနေမျိုးတွင်တော့ သံချပ်ဝတ်အင်္ကျီ ကျင့်စဉ်နှင့် နတ်ဘုရားခြေလှမ်း(၈)သွယ်တို့ကို ပူးပေါင်းထားသည့်အချိန်တွင် သူတို့၏စိတ်ထဲ၌ အင်မော်တယ်တစ်ယောက်ဟုသာ တွေးနေမိကြသည်။
ထိုသို့ဆိုရာတွင် မုန့်ချီကတော့ ကောင်းမွန်သည်ဟု ခံစားရခြင်းမရှိပေ။ အဆုံးမရှိ ရောက်လာနေသောရန်သူများနှင့် ပတ်ပတ်လည်မှ ရောက်လာသော လက်နက်များကြောင့် ဖိအားများကို ခံနေရသည်။ အကယ်၍ သူကသာ စက္ကန့်ပိုင်းလေး အာရုံလွတ်သွားမည်ဆိုလျှင် သူ၏အရေးပါသောနေရာများကို ထိခိုက်သွားပါလိမ့်မည်။
မိုးရေစက်များက ကြမ်းတမ်းစွာ ကျဆင်းလာပြီး နေရာတိုင်းတွင် သွေးများ ပြန့်ကျဲနေသည်။ လေထဲတွင်လည်း ညှီစို့စို့ အနံ့များ ပြည့်နှက်နေခဲ့သည်။ အမှောင်ထဲတွင် မုန့်ချီကတော့ ပတ်ပတ်လည်မှ ရောက်လာသော ရန်သူများကို တိုက်ခိုက်နေပြီး ဆက်၍ ထိန်းထားနိုင်သေးသည်။ ခန္ဓာကိုယ်များက တစ်ခုပြီးတစ်ခု ကျဆင်းသွားသော်လည်း သူ့အနားတွင် ပို၍များပြားသောအရိပ်များ ရှိနေသေးပုံရသည်။
မိန်းကလေးကျိကတော့ ရွှံ့ထဲတွင် လဲကျနေပြီး မအော်မိစေရန် ထိန်းထားခဲ့သည်။ သို့သော် သူမက အလွန်အားနည်းသည်။ လက်ရှိအချိန်တွင် သူမလုပ်နိုင်သည်မှာ ပတ်ပတ်လည်ရှိ ရန်သူများကို ကြည့်နေခြင်းသာဖြစ်၏။
“ရှောင်စန်း.. ရှောင်စန်း”
သူမက အလွန်ကြောက်လန့်နေသည့်အတွက် မည်သည့်အရာကို ရေရွတ်နေမိမှန်းပင် မသိတော့ပေ။ အလွန်စိုးရိမ်ထိတ်လန့်နေသည့်အချိန်တွင် သူမက ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ရန်သူများက သူမဆီကို ကပ်မလာပဲ ရှေ့တွင် ရှိနေသော တိုက်ပွဲကိုသာ တိုက်ခိုက်နေကြသည်။ သည်းထန်စွာ ရွာသွန်းနေသော မိုးနှင့် ကြောက်မက်ဖွယ်ရာကောင်းသော မိုးကြိုးများကြားတွင် မိန်းကလေးကျိကတော့ အရိပ်များ၏ လှုပ်ရှားမှုနှင့် ရံဖန်ရံခါထွက်ပေါ်လာသော ဓားအလင်းတန်းများကိုသာ မြင်နေရသည်။
ထိုအရိပ်ကတော့ ထိုနေရာတွင် ရန်သူများကို တိုက်ခိုက်နေသလို ထင်မှတ်ရသည်။ ထိုအရိပ်ပိုင်ရှင်က အနည်းငယ် အရပ်ရှည်ပြီး ကိုယ်ဟန်အနေအထား တောင့်တင်းသည်။ သူက တစ်ကြိမ်ပြီး တစ်ကြိမ် တိုက်ခိုက်ခံနေရသော်လည်း နာကျင်မှုကြောင့် လုံးဝမအော်ခဲ့ပေ။
မိန်းကလေးကျိကလည်း ကြောက်လန့်တကြား ရေရွတ်နေမှုကို ရပ်တန့်လိုက်ပြီး သူမ၏မျက်နှာပေါ်ရှိ စိုးရိမ်ထိတ်လန့်မှုများကို ထိန်းချုပ်လိုက်၏။
အချိန်မည်မျှကုန်ဆုံးသွားမှန်း မသိသော်လည်း မုန့်ချီက ပင်ပန်းလာခဲ့သည်။ သူက ဆက်၍ ထိန်းမထားနိုင်တော့သလို ခံစားမိသည့်အချိန်တွင် ရန်သူများက အော်ဟစ်ပြီး နောက်သို့ ပြန်ပြေးသွားကြ၏။
တိုက်ခိုက်သူများက သိုင်းပညာရှင်များဖြစ်ကြပြီး သူတို့က မုန့်ချီတို့အဖွဲ့ထက် အဆပေါင်းများစွာ ပို၍များပြားကြောင်း သိနေကြသည်။ သို့သော် သူတို့၏ အဖွဲ့တစ်ဝက်ကျော်က ဒဏ်ရာရပြီး သေဆုံးသွားသည့်အချိန်တွင် သူတို့၏ အကြောက်တရားကို မထိန်းချုပ်နိုင်တော့ပဲ အဆုံးတွင်တော့ ပြိုလဲသွားကြခြင်းဖြစ်၏။
မည်သို့ပင်ဖြစ်စေကာမူ သူတို့လည်း သေမှာကို ကြောက်ကြသည်။ ပထမတစ်ယောက် ပြေးသွားသည့်အချိန်တွင် ဒုတိယတစ်ယောက် လိုက်သွားသည်။ သိပ်မကြာခင် မုန့်ချီ၏ဖိအားက သိသိသာသာ လျော့ကျသွားခဲ့၏။
ရန်သူများ သေဆုံးထွက်ပြေးသွားသည်နှင့်အမျှ သူ၏ယုံကြည်ချက်ကလည်း ပို၍မြင့်မားလာခဲ့သည်။ သူက ပတ်ဝန်းကျင်ကို စစ်ဆေးပြီး ချီကျန်းရန်ကို ကူညီပေးရန် ပြင်လိုက်စဉ် အလွန်ကြီးမားသော လူသန်ကြီးတစ်ယောက်က ဓားရှည်တစ်ချောင်းကို ကိုင်၍ သစ်တောထဲမှ ထွက်လာကြောင်း မြင်လိုက်ရသည်။
“ချီစုဆောင်းရေးအဆင့်ကို အောင်မြင်ထားတဲ့ လူသတ်သမားပဲ…”
မုန့်ချီက စိတ်ထဲတွင် တွေးလိုက်မိသည်။
သူ၏ပတ်ဝန်းကျင်တွင် ရန်သူများ ပြည့်နှက်နေသည့်အတွက် သူ၏ခန္ဓာကိုယ်က ပျောက်ကွယ်လုနီးပါး ဖြစ်နေသော်လည်း ပုန်းအောင်းနေသော လူသတ်သမားက သူ့ကို ပစ်မှတ်ထားနိုင်သည်။
သူကတော့ ဒဏ်ရာရနေခြင်းလည်း မရှိသလို စိုးရိမ်ထိတ်လန့်နေခြင်းလည်း မရှိချေ။ သူက တိုက်ခိုက်ရန်အတွက် စောင့်ကြည့်နေခြင်းဖြစ်သည်။
လူသတ်သမားက သူ့ကို ရှာတွေ့သွားပြီးနောက် မုန့်ချီက ကျန်းယွင်ရှန်၏ အကြံပေးချက်ကို အမှတ်ရသွားခဲ့၏။
“ချီစုဆောင်းရေးအဆင့်ကို အောင်မြင်ထားတဲ့ တစ်ယောက်ယောက်နဲ့ ရင်ဆိုင်ရမယ်ဆိုရင် မင်းက မြန်မြန်တိုက်ခိုက်ဖို့ လိုလိမ့်မယ်၊ မင်းက ဒဏ်ရာနည်းနည်းရပြီး သူ့ကို ဒဏ်ရာကြီးကြီးပြန်ပေးနိုင်ရမယ်…”
ထိုအတွေးက သူ့ခေါင်းထဲတွင်ပေါ်လာခဲ့သည်။
အကြောက်တရားများကို ဖယ်ရှားလိုက်ပြီးနောက် သူ့ဆီတွင် သတ္တိများ ပြည့်နှက်လာခဲ့သည်။ ထို့နောက် မုန့်ချီက ရန်သူဆီကို ပြေးသွားခဲ့ပြီး သူ့ဓားကိုမြှောက်၍ ခုတ်ချလိုက်သည်။
သူက အနားသို့ ကပ်သွားသည့်အချိန်တွင် ထိုအရာက လူသန်ကြီး တစ်ယောက်ဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူက သူ၏ဓားမောက်ကိုဝှေ့ယမ်းတိုက်ခိုက်လိုက်၏။
ဓား(၂)ချောင်း ရင်ဆိုင်မိတော့မည့် အချိန်တွင် မုန့်ချီက နတ်ဘုရားခြေလှမ်း(၈)သွယ်ကို သုံးလိုက်၏။ သူက လှည့်၍ ရှောင်ထွက်လိုက်ပြီး လူသတ်သမား၏ နောက်ကျောကို ရောက်သွားခဲ့သည်။ ထို့နောက် သူ၏ခေါင်းကို ဓားနှင့် ထိုးစိုက်လိုက်၏။
လူသတ်သမားကတော့ တည်ငြိမ်လွန်းလှသည်။ ထိုလှုပ်ရှားမှုကို သူကတော့ ဓားနှင့်ပြန်လည်တားဆီးလိုက်သည်။ သူက ဓားကို ကိုင်ထားပြီး မုန့်ချီ၏ဗိုက်ကို နောက်ပြန်ထိုးချလိုက်သည်။ ထိုအရာကမုန့်ချီ၏ တိုက်ခိုက်မှုကို ရပ်တန့်သွားစေရန် ရည်ရွယ်လိုက်ခြင်း ဖြစ်သည်။
အကယ်၍ ရင့်ကျက်တည်ငြိမ်နေသော လူတစ်ယောက်သာဆိုလျှင် ရှောင်တိမ်းရမည် ဖြစ်ကြောင်း သိနေကြသည်။ မုန့်ချီကတော့ အံကြိတ်လိုက်ပြီး ခန္ဓာကိုယ်ကို ရှေ့ဆက်တိုးသွားခဲ့၏။
သူက ထိုဓားရှည်ကိုရှောင်တိမ်းရန် ကြိုးစားခဲ့ခြင်း မရှိချေ။ ထိုဓားရှည်က မုန့်ချီ၏ဗိုက်ကို ထိုးဖောက်သွားခဲ့ပြီး သွေးများ စီးကျလာခဲ့သည်။
ထိုအချိန်တွင် လူသတ်သမား၏မျက်လုံးက နီရဲလာခဲ့သည်။
“သေစမ်း..”
ဓားရှည်က တစ်စုံတစ်ယောက်ကို ထိုးမိသွားသည့်အချိန်တွင် လူသတ်သမား၏ စိတ်ထဲ၌ ဆိုးရွားသော ခံစားမှုတစ်ခု ပေါ်လာခဲ့၏။ သူက ဘေးသို့ ခုန်ရှောင်ချင်ခဲ့သော်လည်း သူ့ဓားဆီမှ လှုပ်ရှားမှုကြောင့် အနည်းငယ် နှေးသွားခဲ့သည်။
ဓားရောင်တောက်ပသွားပြီးနောက် လူသတ်သမား၏ အမူအရာက အလွန်ထိတ်လန့် အံ့ဩသွားခဲ့၏။ ထို့နောက် သူ့ခေါင်းက ပြတ်ထွက်သွားပြီး ခန္ဓာကိုယ်ကြီးက မြေပေါ်သို့ လဲကျသွားခဲ့သည်။
မုန့်ချီကတော့ သူ၏နိုင်ပွဲကို အောင်ပွဲခံရန် အချိန်မရှိချေ။ သူက ရန်သူ၏ဓားကို တားဆီးရန်အတွက် ကိုယ့်ကိုယ်ကို အထိုးခံခဲ့၏။ သူ့ဗိုက်ထဲတွင်တော့ နာကျင်မှုကို ခံစားနေရပြီး ခြေထောက်နှစ်ဖက်က အားမရှိတော့သလို ခံစားနေရသည်။ ခေါင်းထဲတွင်လည်း မူးဝေလာခဲ့၏။
“ဒါကဒဏ်ရာသေးသေးလေးပါ…”
မုန့်ချီက ကိုယ့်ကိုယ်ကို အားပေးလိုက်သည်။
ထိုဓားက မုန့်ချီ၏အစာအိမ်ကို ဖြတ်ပစ်လုနီးပါး ဖြစ်ခဲ့သည်။ သို့သော် သူကတော့ နောင်တမရချေ။ အကယ်၍ ရန်သူကသာ သူ၏အစစ်အမှန် စွမ်းရည်ကို သိသွားပြီး တန်ပြန်တိုက်ခိုက်မည်ဆိုလျှင် မုန့်ချီ၏အသက်က ပို၍အန္တရာယ်များနိုင်သည်။
ထိုတိုက်ပွဲကြောင့် အစစ်အမှန်တိုက်ပွဲတွင် သိုင်းပညာအဆင့်က တစိတ်တပိုင်း အရေးပါသော်လည်း အရာအားလုံး မဟုတ်ကြောင်း နားလည်သွားခဲ့၏။ အကယ်၍ သိုင်းပညာကျွမ်းကျင်မည်ဆိုလျှင်လည်း မြေပေါ်မှာလဲကျနေသည်မှာ မုန့်ချီ မဟုတ်ချေ။
ကျန်နေခဲ့သော ရန်သူများကတော့ သေမှာကို မကြောက်ကြချေ။ သူတို့၏ခေါင်းဆောင် သေသွားသည်ကို မြင်လိုက်ရသည့်အခါ သူတို့က ထွက်ပြေးရန် ဆန္ဒမရှိဘဲ ဆိုးဆိုးရွားရွား ဒဏ်ရာရနေသော မုန့်ချီကိုသတ်ရန် စဉ်းစားလိုက်ကြသည်။
တိုက်ပွဲစသည့်အချိန်မှစပြီး မုန့်ချီက စွမ်းအားအမြောက်အများ သုံးခဲ့ရသည်။ ထို့ကြောင့် သူက အမှန်တကယ်ကို ပင်ပန်းနေခဲ့၏။ သို့သော် သူကတော့ စိုးရိမ်နေခဲ့ခြင်း မရှိချေ။ အဆင့်မြင့် ချီစုဆောင်းရေးအဆင့် လူသတ်သမား၏ အသက်ကို အဆုံးသတ်လိုက်ပြီးနောက် သူက ကျန်ရှိနေသောရန်သူများကို ရင်ဆိုင်ရန် ပို၍ယုံကြည်ချက်ရှိလာသည်။
ရုတ်တရက်ဆိုသလို ဓားအလင်းတန်းတစ်ခု တောက်ပလာပြီး ဓားသွားများက မီးခိုးငွေ့များကဲ့သို့ လင်းလက်တောက်ပလာခဲ့သည်။ တခဏအတွင်း အေးစက်သောအလင်းရောင်များ ထွက်ပေါ်လာပြီး မုန့်ချီ၏အရှေ့တွင် ရှိနေသော ရန်သူများက တစ်ယောက်ပြီးတစ်ယောက် လဲကျသွားခဲ့၏။
“မင်း အဆင်ပြေရဲ့လား…”
တစ်ကိုယ်လုံး သွေးများပေပွနေသော ချီကျန်းရန်က သူ့ဆီလျှောက်လာပြီး မေးလိုက်သည်။ ထိုအရာက မည်သူ၏သွေးဖြစ်ကြောင်း သူလည်းမသိချေ။
မုန့်ချီက ခေါင်းခါပြလိုက်၏။ ထို့နောက် သူ၏အင်္ကျီစကို စုတ်ဖြဲပြီး ဒဏ်ရာကို စည်းနှောင်လိုက်သည်။
“စိုးရိမ်စရာတော့ မရှိပါဘူး၊ ဒါပေမယ့် သွေးဆုံးရှုံးမှုတော်တော်လေးများတော့ အရမ်းကို ပင်ပန်းနေတယ်၊ မင်းရော…”
“အတူတူပဲ.. ။ ငါလည်း အဆင့်မြင့်ချီစုဆောင်းရေးအဆင့်ကို အောင်မြင်ထားတဲ့ ဓားသမားနဲ့တွေ့ခဲ့ရတယ်…”
ချီကျန်းရန်က ပြန်ဖြေလိုက်ပြီး သူ၏မျက်နှာကတော့ အပြုံးမရှိ တည်ငြိမ်နေသေးသည်။ သို့သော် သူ၏မျက်နှာကတော့ ယခင်တုန်းကထက် ပို၍ဖြူဖပ်ဖြူရော် ဖြစ်နေသေး၏။
သူ၏စွမ်းရည်က မုန့်ချီထက်ပို၍မြင့်မားသော်လည်း သူ၏သိုင်းပညာသင်ယူနိုင်စွမ်းက မုန့်ချီထက် နိမ့်ကျသည်။ ထို့ကြောင့် သူလည်း ဒဏ်ရာရခဲ့ခြင်းဖြစ်၏။ အကယ်၍ သူကသာ အဆုံးမဲ့ပြောင်းလဲခြင်းမြူခိုး(၁၃)သွယ်ကို အောင်မြင်ထားခြင်းမရှိလျှင် အသက်ရှင်နိုင်မည် မဟုတ်ချေ။
“ငါတို့က တောင်ပေါ်ကိုမြန်မြန်သွားတာ ပိုကောင်းမယ်၊ ရန်သူတွေ အများကြီးထွက်ပြေးသွားပြီ၊ ဒီတော့ သူတို့က အကူအညီသွားတောင်းနိုင်တယ်..”
မုန့်ချီက ပတ်ပတ်လည်ကိုလှည့်ကြည့်ပြီး သက်ပြင်းချလိုက်၏။
“ငါတို့က ကျန်တဲ့လူတွေကိုရှာပြီး သူတို့ရဲ့ခန္ဓာကိုယ်တွေကို ဒီနေရာမှာ မြှုပ်ပေးရမယ်”
ထိုအခြေအနေတွင် ရှန့်ဟွေနှင့် မိန်းကလေးကျိတို့က အသက်ရှင်နိုင်လိမ့်မည်ဟု သူကတော့ မတွေးမိခဲ့ပေ။
“ကိုရင်လေး အဆင်ပြေရဲ့လား…”
မိန်းကလေးကျိက ဒယိမ်းဒယိုင်နှင့် လျှောက်လာပြီး မုန့်ချီ၏ဒဏ်ရာများကို စိုက်ကြည့်လိုက်သည်။
မုန့်ချီက အနည်းငယ်အံ့ဩမှင်တက်သွားပြီး ပြန်မေးလိုက်၏။
“မိန်းကလေးကျိ …ဘာမှဒဏ်ရာမရဘူးလား…”
မိန်းကလေးကျိက ပြုံးလိုက်သည့်အချိန်တွင် သူမ၏အလှတရားများ ပေါ်လာခဲ့သည်။ သူမက သာမန်ထက်ပင် ပို၍လှပနေသယောင် ထင်မှတ်ရ၏။
“သူတို့အားလုံးက ကိုရင်လေးတို့လို ပညာရှင်တွေကိုပဲ တိုက်ခိုက်ဖို့ အာရုံစိုက်နေတာလေ၊ ဒီတော့ မြေပေါ်မှာ လဲနေတဲ့ ကျွန်မကို ဘယ်သူမှ ဂရုမစိုက်ကြဘူး…”
မိန်းကလေးကျိက ပြန်ဖြေလိုက်သည်။
ထို့နောက်ရှန့်ဟွေကလည်း ဒယိမ်းဒယိုင်နှင့် သူတို့ဆီကို လျှောက်လာပြီး မေးလိုက်သည်။
“ကိုရင်လေး၊ သခင်လေးချီ …
အားလုံးအဆင်ပြေကြရဲ့လား …”
“မင်းလည်းဘာမှမဖြစ်ဘူးလား…”
မုန့်ချီက အံ့အားသင့်စွာ မေးလိုက်ပြန်သည်။
ရှန့်ဟွေက သူ၏မျက်နှာဘယ်ဘက်ခြမ်းတွင် ရှိနေသော ဒဏ်ရာကြီးကိုပြလိုက်သည်။ သူက ဒေါသထွက်နေသောအသံနှင့် ပြောလိုက်၏။
“ကျွန်တော်က မျက်နှာကို ဓားနှင့် အခုတ်ခံမိပြီး သတိလစ်သွားတာ ။ ဒါကြောင့် သူတို့က ကျွန်တော့်ကို လျစ်လျူရှုသွားတယ်လေ၊ ကျွန်တော်သေပြီလို့ ယူဆနေတာ နေမှာပေါ့၊ ဒါပေမယ့် ဒါတွေအားလုံးက ကိုရင်လေးနဲ့ သခင်လေးချီတို့ရဲ့ကျေးဇူးတွေကြောင့်ပါ…”
မုန့်ချီကတော့ တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်မိသည်။
“ငါလည်း သေချင်ယောင်ဆောင်လိုက်ရမှာ…”
အကယ်၍ သူနှင့်ချီကျန်းရန်တို့ကသာ ရန်သူကို ဆွဲဆောင်ထားခြင်း မရှိလျှင် သေချင်ယောင်ဆောင်ခြင်းကလည်း အသုံးမဝင်ကြောင်း သူသိနေသည်။ မိန်းကလေးကျိကတော့ အလောင်းတစ်ခုပေါ်မှ သန့်ရှင်းနေသော အင်္ကျီစတစ်ခုကို ယူသွားပြီး မုန့်ချီ၏ ဒဏ်ရာများအားလုံးကို သန့်ရှင်းရေး လုပ်ပေးလိုက်သည်။
ရှန့်ဟွေကတော့ အလောင်းများကို မွှေနှောက်ပြီး တန်ဖိုးရှိသည့်အရာများကို ရှာဖွေရန် ကြိုးစားနေခဲ့၏။ သို့သော် မည်သူကမျှ တိုက်ပွဲထဲသို့ သိုင်းကျမ်းယူမလာကြပေ။ သူရှာတွေ့သည်မှာ လျှို့ဝှက်လက်နက်တချို့သာ ဖြစ်သည်။
နေ့ဝက်ကြာပြီးနောက် ညနေစောင်းသည့်အချိန်တွင် မုန့်ချီက နိုးလာသည်။ သူတို့(၄)ယောက်က ညအချိန်တွင် ခရီးသွားလာကြပြီး တောင်ပေါ်သို့ တက်လာကြသည်။ ရှောင်လင်ကျောင်းဆောင်၏ တံခါးက ရှေ့တွင်ရှိနေ၏။
သို့သော် မုန့်ချီနှင့်ချီကျန်းရန်တို့နှစ်ယောက်လုံးက ဆိုးဆိုးဝါးဝါး ဒဏ်ရာရနေသည့်အတွက် လိုဏ်ဂူတစ်ခုကို တွေ့သည့်အချိန်တွင် မိုးလင်းသည်အထိ အနားယူရန် ဆုံးဖြတ်ခဲ့သည်။
နာရီဝက်ခန့် တရားထိုင်ပြီးနောက် မုန့်ချီ၏ဒဏ်ရာများက ပိတ်သွားပြီး စွမ်းအားများကလည်း အနည်းငယ် ပြန်ကောင်းလာခဲ့သည်။
သူက မတ်တပ်ရပ်ပြီး အနည်းငယ် လက်သီးထိုးကြည့်လိုက်သည့် အချိန်တွင် ချီကျန်းရန်က လိုဏ်ဂူအပြင်ဘက်တွင် ရှိနေကြောင်း နားလည်သွားသည်။ သူက မျက်နှာကို လက်နှစ်ဖက်နှင့် ပွတ်လိုက်ပြီး မေးလိုက်၏။ မိန်းကလေးကျိကတော့ ယခုအချိန်ထိ ခွေခွေလေး အိပ်နေပြီး နိုးလာသေးပုံမရချေ။
“ရှောင်စန်း …
ငါ့အနားကို ကပ်မလာနဲ့ ၊ ငါ့အနားကိုကပ်မလာနဲ့…”
မိန်းကလေးကျိက အိပ်မက်ထဲတွင် တီးတိုးရေရွတ်နေပြီး ကြောက်လန့်မှုကြောင့် ထထိုင်လိုက်သည်။
“ကိုရင်လေး…”
သူမက မုန့်ချီကို အလွန်ရှုပ်ထွေးစွာ စိုက်ကြည့်နေခဲ့သည်။ နိုးလာပြီးနောက် သူမက မှင်တက်နေပုံရ၏။
မုန့်ချီကရ ယ်ကာမောကာနှင့် ပြောလိုက်သည်။
“ငါတို့က တောင်အောက်ကိုဆင်းဖို့ စဉ်းစားထားတယ် ။ ရှောင်လင်ကျောင်းတော်က အနားက တောင်ခြေမှာပဲရှိတယ်…”
အလွန်ရှုပ်ထွေးနေသော မိန်းကလေးကျိ၏ အမူအရာများက ပျောက်ကွယ်သွားပြီး ခေါင်းညိတ်ပြလိုက်မိသည်။ ထို့နောက် မသက်မသာ ပြန်မေးလိုက်၏။
“ကိုရင်လေး ကျွန်မအိပ်နေတဲ့အချိန် ဘာမှမပြောခဲ့ဘူး မဟုတ်လား…”
“မိန်းကလေးကျိက ရှောင်စန်းဆိုတဲ့နာမည်ကို ခေါ်နေခဲ့တယ်…”
မုန့်ချီက တမင်တကာ ပြောလိုက်သည်။
“ဟမ်..”
မိန်းကလေးကျိ၏ မျက်နှာအမူအရာက ပြောင်းလဲသွားပြီး သူမက တီးတိုးရေရွတ်လိုက်သည်။
“ကိုရင်လေး …
နောက်ပိုင်းကျရင် ကူရှောင်စန်းဆိုတဲ့ မိန်းကလေးကို သတိထားပါ၊ သူက တော်တော်လေးကို ဆိုးတယ်…”
“ဘာလို့လဲ…”
မုန့်ချီ၏အပြုံးကတော့ ပြောင်းလဲသွားခြင်းမရှိချေ၊ သို့သော် အလွန်ရိုးရှင်းသော မိန်းကလေးက ယခုတော့ အနည်းငယ်လျှို့ဝှက်ဆန်းကြယ်လာသလို တွေးလိုက်မိသည်။
“ဒါပေမယ့် ဘယ်သူ့မှာရော လျှို့ဝှက်ချက်မရှိလို့လဲ၊ သူက အဆုံးထိ အသက်ရှင်နိုင်မလားဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး…”
မုန့်ချီက စဉ်းစားလိုက်မိသည်။
“ဟူး… သူက တော်တော်လေးကိုဆိုးတယ်၊ သူက မျက်တောင်မခတ်ဘဲ အလွယ်တကူ လူသတ်နိုင်တယ်…”
မိန်းကလေးကျိကတော့ ထိုအချက်ကိုသာ အလေးထားပြောနေခဲ့သည်။
ထို့နောက် ချီကျန်းရန်က အထဲကိုဝင်လာ၏။ သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော သွေးများကတော့ မဲနေခဲ့သည်။ သူက ပြောလိုက်၏။
“အခုပဲသွားကြစို့ ။ ငါတို့က မွန်းမတည့်ခင် ရှောင်လင်ကျောင်းတော်ကို ရောက်အောင်သွားရမယ်…”
Translated by Hein Htet