အခန်း (၃၂)
Vol. 3 Ch. 32
တသွင်သွင် စီးဆင်းနေသော စမ်းချောင်းလေးပေါ်တွင် နေရောင်ခြည်က တောက်ပစွာ ကျဆင်းနေခဲ့သည်။ တောင်ခြေတွင် တိုက်ခိုက်ရေးကိုယ်တော် တစ်ဒါဇင်ကျော် စောင့်ကြပ်နေကြ၏။
အနားတွင် အတော်လေး စုတ်ပြတ်နေသော တည်းခိုဆောင်များနှင့် လူသူစည်ကားလွန်းလှသော ဈေးများ ပြည့်နှက်နေသည့်အတွက် ဆူညံသံများစွာ ကြားနေရသည်။
"ဒီမှာရှိတဲ့ တံခါးက မင်းတို့ရဲ့ ရှောင်လင်ကျောင်းတော်နှင့် တော်တော်လေး တူတာပဲ."
ချီကျန်းရန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး မုန့်ချီကို ပြောလိုက်သည်။
သူကတော့ တောင်ထိပ်ပေါ်မှ လုံးဝထွက်မသွားရသေးသည့်အတွက် တောင်ခြေတွင် ရှိနေသော တံခါးက မည်ကဲ့သို့ပုံစံ ရှိကြောင်း မုန့်ချီလည်း မသိခဲ့ချေ။
"ကျွန်တော်ရဲ့အစေခံကြီးက ကျွန်တော်ကို သယ်လာခဲ့တဲ့အချိန်မှာ ကျွန်တော်က သတိလစ်နေတာ ...။ ဒီတော့ ဒီတံခါးကို အရင်တုန်းက မမြင်ဖူးသေးဘူး ...."
သူက ခေါင်းခါပြီး ပြန်ဖြေလိုက်သည်။
ထိုအရာက အမှန်တကယ်လည်း မှန်ကန်နေ၏။ ထိုကောင်လေး၏ မူလပိုင်ရှင်က သတိမေ့နေခြင်းဖြစ်သည့်အတွက် သူက ဤကမ္ဘာကြီးထဲသို့ ရောက်ရှိလာခြင်း ဖြစ်နိုင်သည်။
"ငါက ဂိုဏ်းအကြီးအကဲတွေနဲ့အတူ ရှောင်လင် ကျောင်းတော်ကို လာခဲ့တဲ့ အချိန်မှာ ဒီနေရာကို မြင်ခဲ့တယ် ...။ ပုံစံက တကယ့်ကို တထေရာတည်းပဲ ....."
သူက စကားများများ မပြောသော်လည်း သူ၏မျက်နှာပေါ်တွင်တော့ သံသယတစ်ချို့ ရှိနေသည်။ အကယ်၍ မတူညီတဲ့ကမ္ဘာနှစ်ခုဆိုရင် ဘာကြောင့် ထိုမျှတူညီနေရသနည်း။
မူလကမ္ဘာကြီးထဲတွင် ရှိနေသော ရှောင်လင်ကျောင်းတော်က လျှံတောင်ထိပ်ပေါ်တွင် ရှိနေပြီး ဤကမ္ဘာကြီးထဲတွင် ရှိနေသော ရှောင်လင်ကျောင်းတော်ကတော့ ရှို့ဟွာတောင်ထိပ်ပေါ်၌ ရှိနေသည်မှာ မတူညီသော တောင်ထိပ်များ ဖြစ်ကြသည်။
မုန့်ချီက ခဏကြာ စဉ်းစားပြီး ပြောလိုက်၏။
"ကျွန်တော်တို့ တောင်ထိပ်ပေါ်ကို တက်သွားပြီးမှပဲ အရာအားလုံးကို ရှင်းရှင်းလင်းလင်း သိရလိမ့်မယ် ...။ တကယ်လို့ အဆောက်အဦးပုံစံတွေတောင် တူနေမယ်ဆိုရင်တော့ ဘာမှစိုးရိမ်စရာမလိုဘူး ..။ သံသရာအရှင်သခင်ရဲ့ စကားအရ သံသရာကမ္ဘာကြီးတွေက စကြဝဠာထဲမှာ ကြယ်တွေအလား အရမ်းကို များလွန်းတယ်။ ဒါကြောင့် သေချာပေါက် တိုက်ဆိုင်မှုတွေလည်း ရှိနေမှာပဲ ....။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့တွေက ဗုဒ္ဓကျောင်းတော်ကြီးတွေလေ ...."
နောက်တွင် ရှိနေသော မိန်းကလေးကျိကတော့ သူတို့၏စကားကို နားထောင်နေပြီး ရှန့်ဟွေကတော့ မျက်နှာတစ်ဖက်ကို လက်နှင့် အုပ်၍ ယခုချိန်ထိအောင် ငြီးငြူနေသေးသည်။ မျက်နှာပေါ်တွင် ရှိေနသော ဒဏ်ရာကြီးက သူ၏နှာခေါင်းရိုးနှင့် မျက်နှာကြွက်သားများကို ဒဏ်ရာရစေခဲ့၏။ သူကတော့ စကားပြောခြင်းကြောင့် ပို၍ နာကျင်လာမှာကို ရှောင်တိမ်းရန်အတွက် စကားမပြောဘဲ လိုက်လာခဲ့ခြင်းဖြစ်သည်။
ချီကျန်းရန်က နားမလည်သော်လည်း ခေါင်းညိတ်ပြလိုက်ပြီး မုန့်ချီနှင့်အတူ အစောင့်ကိုယ်တော်တစ်ပါးဆီသို့ လျှောက်သွားခဲ့သည်။
"ကိုယ်တော်တို့ …
ကျွန်တော်တို့ဆီမှာ ကျောင်းထိုင်ကို တင်ပြဖို့အတွက် အရေးကြီးသတင်းပါပါတယ် ....."
သူက တလေးတစား ပြောလိုက်သည်။
"ဘယ်လို သတင်းမျိုးလဲ ...၊ ဒီနေ့အခြေအနေတွေက အရမ်းကိုရှုပ်ထွေးနေပြီး တိုက်ပွဲတွေလည်း ရှိနေတယ် ...။ ဒါကြောင့် ငါတို့က မင်းတို့ကို အပေါ်တက်ခွင့် မပေးနိုင်ဘူး ....."
ခေါင်းဆောင်ကိုယ်တော်က လက်အုပ်ချီ၍ နှိမ့်ချစွာ ပြောလိုက်သည်။
"ကျွန်တော်က ကိုယ်တော်ရဲ့ ဓမ္မနာမည်ကို သိခွင့် ရှိနိုင်မလား ..."
မုန့်ချီက တည်ငြိမ်စွာ ပြောလိုက်၏။
"ငါ့ရဲ့ဓမ္မနာမည်က တိကွမ်းလို့ခေါ်တယ် ...."
ထိုကိုယ်တော်က အပြုံးနှင့် ပြောလိုက်၏။
"ညီတော်လေးရဲ့ ဓမ္မနာမည်ကိုလည်း သိခွင့် ရှိနိုင်မလား ...."
မုန့်ချီက အခြေအနေများကို သေချာသုံးသပ်နေခဲ့သည်။
“တပ်မှူး ဒိုအာချာက သူ့ရဲ့ တပ်ဖွဲ့ကို ဦးစီးပြီး ရှောင်လင်ကျောင်းကို သုတ်သင်ဖို့အတွက် သိုင်းပညာရှင်တွေကို ခေါ်လာနေတယ်....."
မုန့်ချီက သူ၏ဓမ္မနာမည်ကို ပြောလိုက်ပြီးနောက် အခြေအနေကို အကြမ်းဖျင်း ပြောလိုက်သည်။
"ကျွန်တော်က အမှန်တရား ဘက်တော်သားသူရဲကောင်းတွေရဲ့ အကူအညီနဲ့ ဒီသတင်းကို ရခဲ့တယ် ...။ ပြီးတော့ ရှောင်လင်ကျောင်းတော်ထဲမှာ ပုန်းအောင်းနေတဲ့ သစ္စာဖောက်စာရင်းကိုလည်း ရခဲ့တယ် ...။ ဒါကြောင့် ဒီကိစ္စတွေကို သီးသန့်ပြောတာက ပိုပြီးတော့ အဆင်ပြေမယ်ထင်တယ် ..။ တကယ်လို့ ကျောင်းထိုင်ကို သတင်းပို့ပေးမယ်ဆိုရင်တော့ ပိုပြီးတော့ ကျေးဇူးတင်မိမှာပါ ...."
တိကွမ်းက မျက်မှောင်ကြုတ်လိုက်သည်။
"ညီတော်လေး ကျန်းတင် …
မင်းတို့က အဖွဲ့ (၂)ဖွဲ့ ကွဲပြီး ရောက်လာတာလား ...."
"ဟုတ်ပါတယ် ...အစ်ကိုတော် ...၊ ဒါဆိုရင် တခြားတစ်ဖွဲ့က ရောက်နေပြီလား ...."
မုန့်ချီက ဝမ်းသာအားရ မေးလိုက်သည်။
"ဟုတ်တယ်..။ ဒကာမလေး နှစ်ယောက်နဲ့ ဒကာလေး နှစ်ယောက်ရောက်နေကြတယ်"
တိကွမ်းက ထိုအရာများနှင့် ပတ်သက်ပြီး သူတို့ကို တိတိကျကျ ပြောမပြခဲ့ပေ။
"ဒီကိစ္စကို တော်တော်များများက သိနေပါပြီ ...။ အနီးအနား ဂိုဏ်းတွေမှာရှိတဲ့ ပညာရှင်ကြီးတွေ ၊ ဒကာကြီးတွေကလည်း လာပြီးတော့ ကူညီပေးနေကြတယ် ....။ အခုသူတို့တွေအားလုံးက ဒီမှာ ရှိတဲ့ တည်းခိုဆောင်တွေမှာ လူစုနေကြတယ် ...."
မုန့်ချီက အပြုံးနှင့် ခေါင်းညိတ်ပြလိုက်၏။ စိတ်ထဲတွင်လည်း အတော်လေး စိတ်သက်သာရာ ရသွားခဲ့သည်။ ကျန်းယွင်ရှန်နှင့် ကျန်းကျိဝေတို့က ဘေးကင်းလုံခြုံနေသေးသည်မှာ ကံကောင်းသွား၏။
သံသရာကမ္ဘာကြီးထဲတွင် အမှန်တရားကို ထိန်းသိမ်းနေသော မိတ်ဆွေများ ရှိနေသည်မှာ အလွန်အဖိုးတန်သည်။ အကယ်၍ သူတို့သာ အသတ်ခံလိုက်ရမည်ဆိုလျှင် အဖွဲ့ထဲတွင် ရှိနေသော လူများကလည်း သေဆုံးသွားနိုင်ချေ များပြား၏။ သူတို့က တစ်ယောက်နှင့်တစ်ယောက် ကောင်းမွန်သော ဆက်ဆံရေးများ ရှိနေပြီး အချင်းချင်း မိတ်ဆွေများဟု သတ်မှတ်နိုင်သည်။
တိကွမ်းက လက်အုပ်ချီ၍ ပြောလိုက်၏။
"အော်မီတောဖော ...
အခုလို သေရေးရှင်ရေး အခြေအနေမျိုးမှာ ငါတို့လို ကျောင်းတော်လေးက လူတိုင်းကို တောင်ထိပ်ပေါ်တက်ခွင့် မပေးနိုင်ပါဘူး ..။ တက်လာတဲ့လူတွေထဲမှာ သူလျှိုတွေ ပါလာမှာကို စိုးရိမ်ရတယ် ..။ တကယ်လို့ မိတ်ဆွေတို့ကသာ တည်းခိုဆောင်တစ်ခုခုမှာ နားနေမယ်ဆိုရင်တော့ ပိုပြီးတော့ အဆင်ပြေမှာပါ ..။ ငါက ဒီကိစ္စကို ကျောင်းထိုင်ဆီ သတင်းပို့ပြီးသွားရင် သေချာပေါက်လာပြီး ဖိတ်ခေါ်ပါ့မယ် ....."
သူ့စကားများက လှိုက်လှိုက်လှဲလှဲ ပြောနေသည့်အတွက် မုန့်ချီနှင့် ချီကျန်းရန်တို့က ငြင်းစရာအကြောင်း မရှိချေ။ သူတို့က အရိုအသေပေးလိုက်ပြီးနောက် တည်းခိုဆောင်တစ်ခုဆီကို လျှောက်သွားခဲ့၏။
ရှောင်လင်ကိုယ်တော်များ၏ အရေအတွက်က အလွန်များပြားလှသည်။ ထို့ကြောင့် တောင်ခြေတွင် ရှိနေသော ဧည့်သည်များနှင့် ကုန်သည်များက ပျားပန်းခတ်မျှ လှုပ်ရှားနေပြီး ပွဲဈေးတန်းကြီးတစ်ခုသဖွယ် ဖြစ်နေခဲ့သည်။ ထိုအရာက တခြားသော ဂိုဏ်းများတွင်လည်း အလားတူသာ ဖြစ်၏။
"မိန်းကလေးကျန်းနှင့် အစ်ကိုကြီးကျန်းတို့က စောစောရောက်နေခဲ့တာ ..။ ဒီတော့ ငါတို့က အကူအညီနည်းနည်းပဲ ပေးနိူင်တယ် ..။ ဒါကြောင့်လည်း သူတို့က ငါတို့ကို အထဲမဝင်ခိုင်းတာပဲ ....."
မုန့်ချီက တိုးတိုးလေး ရေရွတ်လိုက်သည်။
ချီကျန်းရန်ကတော့ ဝမ်းသာနေခြင်း မရှိချေ။ သူက ခေါင်းပေါ်ကို မော့ကြည့်လိုက်၏။
"အချိန်ပြည့်ဖို့ နေ့ဝက်လောက် လိုပါသေးတယ် ..။ ဒီတော့ ငါတို့က ရှောင်လင်ကို ဝင်ဖို့ အချိန်အများကြီး ရှိသေးတယ် ...။ ဒီကြားထဲမှာ တစ်ခုခုဆိုးရွားတာ ဖြစ်လာမှာကိုပဲ စိုးရိမ်နေတာ ..."
မုန့်ချီက စကားကို ဆုံးအောင် မပြောခဲ့ပေ။ သူက ချက်ချင်းပင် ပါးစပ်ပိတ်လိုက်မိ၏။
"ဟား....ဟား....ဟားဟား..
မင်းတို့တွေက ရှောင်လင်ကျောင်းတော်ကို ကာကွယ်ဖို့ အတွက် ရောက်လာကြတာလား..."
တည်းခိုဆောင်ထဲမှာနေ၍ လူသန်ကြီးတစ်ယောက် ထွက်လာပြီး မေးလိုက်သည်။
"ဟုတ်ပါတယ်....”
မုန့်ချီက အပြုံးနှင့် ပြန်ဖြေလိုက်သည်။
"ငါတို့လည်း အတူတူပဲ ။ ရှောင်လင်ကျောင်းတော်ကို လူရိုင်းမကောင်းဆိုးဝါးတွေက အပြတ်ရှင်းဖို့ လာနေတယ်ဆိုတာ မနေ့တုန်းက သိခဲ့တဲ့အတွက် ငါတို့လို အမှန်တရား ဘက်တော်သားတွေ အားလုံးက အကူအညီပေးဖို့ ဆုံးဖြတ်ခဲ့တယ် ....."
ထိုလူသန်ကြီးက သူ့ကိုယ်သူ လက်ညှိုးထိုးပြလိုက်သည်။
"ငါကတော့ ဟယ်လောင်က ဝေ့ဝူကျိလို့ခေါ်တယ် ....။ ငါက မိတ်ဆွေတို့ရဲ့ နာမည်တွေကို သိလို့ ရမလား ...."
သူ့နာမည်ကို ပြောသည့်အချိန်တွင် ဝေ့ဝူကျိက ခေါင်းမော့ရင်ကော့လိုက်သည်။
သူက အထင်ကြီးလေးစားမှုများကို ခံရမည်ဟု တွေးထားခဲ့၏။ သူ၏ ဂုဏ်သတင်းကလည်း အတော်လေးကို နာမည်ကျော်ကြားပုံရသည်။
မုန့်ချီကတော့ အနည်းငယ် ပြုံးလိုက်မိပြီး စိတ်ထဲတွင် ရေရွတ်လိုက်သည်။
"ခင်ဗျား ဘယ်သူလဲဆိုတာ ကျုပ်က ဘယ်လိုသိမှာလဲ ..။ ပြီးတော့ ခင်ဗျားက တော်တော်လေးကို မာနထောင်လွှားတဲ့ ပုဂ္ဂိုလ်ပဲ ...."
ဒိုအာချာက လွဲလျှင် မုန့်ချီက မည်သူကိုမှ မသိချေ။ သူက ဝေ့ဝူကျိ၏ မျက်လုံးကို တမင်တကာ ရှောင်တိမ်းလိုက်ပြီး အပြုံးနှင့် မိတ်ဆက်လိုက်သည်။
ဝေ့ဝူကျိက အနည်းငယ် ရှက်သွားပြီး ပုံမှန်အတိုင်း အပြုံးနှင့် ပြောလိုက်၏။
"မိတ်ဆွေတို့က တိုက်ပွဲကြီးတစ်ခုကို တိုက်ခိုက်ခဲ့ရတာလား ..။ ပြီးတော့ မိတ်ဆွေတို့က သိုင်းပညာကိုတော့ သိပြီး ငါ့ကို မသိဘူးထင်တယ် ...."
သူ၏သံသယများက အမှန်ဖြစ်သည်။ မုန့်ချီကတော့ အံ့ဩနေခြင်း မရှိချေ။ အကယ်၍ သူသာဆိုရင်လည်း ထိုကဲ့သို့ တူညီသော မေးခွန်းမျိုး မေးမိမည်ဖြစ်၏။ သို့သော် သူကတော့ ထိုအရာကို ကျယ်ကျယ်ပြောရန် မလိုအပ်ပေ။
ခဏကြာစဉ်းစားပြီးနောက် သူက ခေါင်းညိတ်ပြလိုက်၏။
"ငါတို့က လမ်းတစ်လျှောက်မှာ လူရိုင်းပညာရှင်တွေ အများကြီးနဲ့ ကြုံခဲ့ရတယ် .။ ဒါပေမယ့် ဖောက်ထွက်နိုင်ခဲ့ပါတယ် ...."
ထို့နောက် သူက မိန်းကလေးကျိကို လက်ညှိုးထိုးပြလိုက်သည်။
"သူကတော့ အစ်ကိုချီရဲ့ လက်တွဲဖော်ပါ ..။ သူက တော်တော်လေး အားနည်းပေးမယ့် သတ္တိရှိရှိ လိုက်လာခဲ့တယ် ..။ သူ့ရဲ့ ခင်ပွန်းလောင်းနှင့်အတူ အခက်အခဲတွေကို ကျော်ဖြတ်ပြီး ငါတို့နဲ့အတူ ပူပေါင်းလာခဲ့တယ်လေ....။ သူက တခြားဘယ်အရာကိုမှ မလိုချင်ခဲ့ဘူး ....။ အစ်ကိုချီနဲ့ အတူတူ ရှိနေဖို့ပဲ မျှော်လင့်နေခဲ့တာ ....."
ထိုစကားကို ကြားသည့်အချိန်တွင် ချီကျန်းရန်၏ဓားက မြေပေါ်သို့ ပြုတ်ကျသွားခဲ့ပြီး သူ၏ မျက်နှာအမူအယာက အလွန်ရှုပ်ထွေးသွားပုံရသည်။ သူက အနည်းငယ် ဒေါသထွက်နေသည့်အမူအယာနှင့် မုန့်ချီကို စိုက်ကြည့်နေခဲ့၏။
သို့သော် မိန်းကလေးကျိကတော့ အခြေအနေကို နားလည်သေးပုံမရဘဲ ယခင်တုန်းကကဲ့သို့ အပြစ်ကင်းစင်နေသော အမူအယာမျိုးသာ ဖြစ်နေသည်။
မုန့်ချီက တိတ်တဆိတ် အချက်ပြလိုက်၏။ ကိုရင်တစ်ပါးတွင် လက်တွဲဖော် ရှိသည်ဟု ပြော၍ မရနိုင်ပေ။
"ငါဖတ်ဖူးတဲ့ ဝတ္ထုတွေထဲက စွမ်းရည်အရ ဒီကမ္ဘာကြီးထဲမှာ ဘယ်သူကရော ငါ့ကို ယှဉ်နိူင်မှာလဲ ...."
ဝေ့ဝူကျိက ခေါင်းညိတ်ပြလိုက်သည်။
"ညီလေးချီက ဒီလိုသစ္စာရှိ မိန်းမလှလေးတစ်ယောက်ရဲ့ ချစ်မြတ်နိုးမှုကို ရထားတာပဲ ။ တကယ့်ကို အားကျမိပါတယ် ...။ ကြည့်ရတာ မိတ်ဆွေတို့က ငါ့ရဲ့ မိတ်ဆွေဟောင်းတွေလိုပဲ တော်တော်လေး သနားကြင်နာတတ်တယ် ..။ ဒီတော့ ငါကပဲ မိတ်ဆွေတို့ကို အရက်နဲ့ ဧည့်ခံပြီး အဝတ်အစားသစ်တွေပေးလို့ ရမလား .."
ထိုအရာက အလွန်ရက်ရောသော သိုင်းလောကသားတစ်ယောက်ဟု ခေါ်ရမည်လော။ မုန့်ချီက တစ်ယောက်တည်း စဉ်းစားနေခဲ့သည်။ ဤနေရာက ရှောင်လင်ကျောင်းတော်နှင့် အလွန်နီးကပ်နေသည့်အတွက် အန္တရာယ်များများ မရှိနိုင်ချေ။
သူက လက်နှစ်ဖက်ဆုပ်၍ ပြောလိုက်၏။
"ဒါဆိုရင်တော့ ကျေးဇူးအရမ်းတင်ပါတယ် ..”
“ဟား ....ဟား....ဟား…ဟား .....
ကိုရင်လေးကျန်းတင်က အတော်လေးကို ပြောလို့ဆိုလို့ကောင်းတာပဲ ...."
ဝေ့ဝူကျိက နောက်တစ်ကြိမ် ရယ်လိုက်ပြီး သူတို့ကို ဖိတ်ခေါ်လိုက်သည်။
တည်းခိုဆောင်ထဲတွင် မုန့်ချီကတော့ အခွင့်အရေးကို အရယူပြီး ဝေ့ဝူကျိဆီမှ သတင်းများ နှိုက်ထုတ်နေခဲ့သည်။ သူက ကျန်းကျိဝေနှင့် တခြားလူများကို ရှာတွေ့ရန်လည်း မျှော်လင့်နေခဲ့၏။
"သတင်းကြားပြီး သိပ်မကြာခင် ဟယ်လောင်မှာ ရှိတဲ့ သိုင်းပညာရှင်တွေ အကုန်လုံး ရောက်လာကြတယ် ....။ ဆရာကြီးတစ်ယောက်ရဲ့ ဦးဆောင်မှုနှင့် မိတ်ဆွေတွေ အများကြီးကလည်း ကူညီဖို့ ကမ်းလှမ်းကြတယ် ..။ အဲဒီထဲမှာ…”
ဝေ့ဝူကျိက အာပေါင်အာရင်း သန်သန်ပြောနေပြီး ဒိုအာချာ၏ တပ်ဖွဲ့နှင့် ပညာရှင်များက သိပ်မကြာခင် ရှင်းပစ်ခံရမလို ပြောပြနေသည်။
မုန့်ချီကတော့ ရယ်လိုက်မိ၏။
"ကြည့်ရတာ သူရဲကောင်းဝေ့ကလည်း အဲဒီသူရဲကောင်းတွေထဲက တစ်ယောက်ဖြစ်မယ် ထင်တယ်...."
ဝေ့ဝူကျိက ကိုယ့်ကိုယ်ကို အနည်းငယ် ထိန်းချုပ်ပြီး အပြုံးနှင့် ပြောလိုက်သည်။
"သေချာတာပေါ့ ...။ ငါကတော့ အကြီးအကဲတွေရဲ့နောက်လိုက်လေး တစ်ယောက် အဆင့်ပါပဲ ....။ ငါက သိုင်းပညာကို နှစ်ပေါင်း (၃၀)ကျော် လေ့လာခဲ့ပေမယ့် သဘာဝတရားကို အနည်းငယ်လေးပဲ နားလည်သေးတယ် ...။ အသက် (၃၀)မတိုင်ခင် သဘာဝအဆင့်ကို အောင်မြင်သွားတဲ့ ခေါင်းဆောင်လင်းလို ပါရမီရှင်တွေနဲ့ ယှဉ်လိုက်မယ်ဆိုရင် ကွဲပြားမှုကို အလွယ်တကူ သိနိုင်ပါတယ် ....."
"သဘာဝတရားအဆင့် ဟုတ်လား ....."
မုန့်ချီနှင့် ချီကျန်းရန်တို့က အချင်းချင်း ကြည့်လိုက်မိသည်။ ကြည့်ရသည်မှာ မတူညီသော ကမ္ဘာကြီးထဲတွင် အဆင့်ခွဲခြားမှုကလည်း သီးခြားဆီ ရှိနေပုံရသည်။
"ဒါပေမယ့် ဒီတစ်ကြိမ်တော့ …
ဝေ့ဝူကျိက အလွန်အံ့ဩစရာကောင်းသော အရာတစ်ခုကို မြင်လိုက်ရသည့်အလား ရုတ်တရက် မှင်တက်သွားခဲ့သည်။
မုန့်ချီကလည်း သူ၏အကြည့်ကြောင့် ထူးဆန်းသွားပြီး တည်းခိုဆောင်၏ တံခါးရှိရာကို လှမ်းကြည့်လိုက်၏။ တည်းခိုဆောင်ငယ်လေးတွင် ဧည့်သည်များ စည်ကားနေပြီးစားပွဲဝိုင်းတိုင်းတွင် လူပြည့်နေသည်။ ထို့ပြင် နေရာတိုင်းတွင်လည်း လူပေါင်းများစွာ ရပ်နေကြ၏။
"လူတွေက ဘာလို့ ပြုံလာတာလဲ ....."
ဝေ့ဝူကျိကတော့ လူငယ်လေးတစ်ယောက်နှင့် အလွန်လှပသော မိန်းမပျိုလေး တစ်ယောက်ကို လှမ်းခေါ်လိုက်ပြီး အလွန်ရှုပ်ထွေးစွာ မေးလိုက်သည်။
ထိုလူငယ်သူရဲကောင်းက တစ်နေရာကို လက်ညှိုးထိုးပြလိုက်သည်။
"သူရဲကောင်းလေးကျန်းက အောက်ကို ဆင်းလာတာလေ ....။ သူက ခေါင်းဆောင်လင်းနဲ့အတူ အရက်သောက်နေတယ် ....."
"သူရဲကောင်းကျန်း ဟုတ်လား ...."
ဝေ့ဝူကျိ၏ မျက်နှာအမူအယာက ချက်ချင်းပင် ရိုသေလေးစားသည့် အမူအရာသို့ ပြောင်းလဲသွားခဲ့သည်။
ထိုမိန်းကလေး လက်ညှိုးထိုးပြသည့်နေရာသို့ ကြည့်လိုက်ရာ မုန့်ချီကလည်း ထိုတည်းခိုဆောင်၏ ထောင့်တစ်နေရာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
ထိုနေရာတွင်တော့ လေးထောင့်စားပွဲတစ်ခု ရှိနေပြီး လူနှစ်ယောက် မျက်နှာချင်းဆိုင် ထိုင်ခဲ့သည်။ သူတို့၏ ရှေ့တွင်တော့ အရက်ခွက်များ ၊ ရေနွေးခွက်များနှင့် တခြားသော စားသောက်ဖွယ်ရာများ ရှိနေ၏။
သူတို့နှစ်ယောက်ထဲတွင် တစ်ယောက်ကတော့ ရင့်ကျက်ပြီး တည်ငြိမ်ပုံရသည်။ မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေ၏။ တခြားတစ်ယောက်ကတော့ ကျန်းဝူဂိုဏ်း၏ တာအိုသခင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ နှာခေါင်းက ရှည်ပြီး မျက်နှာကတော့ အလွန်ချောမောခန့်ညား၏။ သူကတော့ မုန့်ချီ၏ မိတ်ဆွေ ကျန်းယွင်ရှန်ဖြစ်ကြောင်း သံသယဝင်စရာ မလိုအပ်ပေ။
ဧည့်သည်များက သူတို့၏ ပတ်ပတ်လည်တွင် ဖြတ်သွားနေရင်း သူတို့ကို သတိလက်လွတ် ငေးကြည့်နေကြ၏။
"သူရဲကောင်းလေး ကျန်းလား ...."
မုန့်ချီကတော့ ဝေ့ဝူကျိ၏ စကားကို ပြန်လည်ရေရွတ်လိုက်ပြီး တစ်စုံတစ်ခုကို သိသွားခဲ့၏။
ဝေ့ဝူကျိက ပြန်လှည့်လာပြီး မုန့်ချီကို ကြည့်၍ ခေါင်းညိတ်ပြလိုက်သည်။
"သူရဲကောင်းလေးကျန်းက ထိပ်တန်းရသေ့ကြီးတစ်ပါးရဲ့ တပည့်တစ်ယောက်လေ..။ သူက သိုင်းလောကကို ပထမဆုံး ခြေချလာတာ ..။ ဒါကြောင့် မိတ်ဆွေက သူ့ကို မသိတာ သာမန်ပါပဲ ....."
"ဟုတ်လား ....."
မုန့်ချီကလည်း ကျန်းယွင်ရှန်တို့၏ အတွေ့အကြုံကို နားထောင်ရန် အခွင့်အရေးတစ်ခု တွေ့လိုက်ရ၏။ ထိုသို့ဆိုလျှင် နားလည်မှု လွဲခြင်းများကို ဖြေရှင်းနိုင်၏။ ထို့ကြောင့် သူက စိတ်ဝင်စားသလို ဟန်ဆောင်လိုက်သည်။
ဝေ့ဝူကျိက အလွန်အံ့ဩနေသော အမူအရာနှင့် ကျန်းယွင်ရှန်ကို ကြည့်ပြီး နောက်တစ်ကြိမ် ပြောလိုက်သည်။
"သူရဲကောင်းလေးကျန်းက အမှန်တရား ဘက်တော်သား တစ်ယောက်လေ။ ငါတို့နဲ့ယှဉ်လို့မရဘူး....။ သူက အသက် (၂၀) မတိုင်ခင် သဘာဝအဆင့်ကို ဖြတ်ကျော်နိုင်တဲ့အပြင် ရှောင်လင်ကျောင်းတော်ရဲ့ ကိုယ်စား သစ္စာဖောက်တွေကိုလည်း ရှင်းပြနိုင်တယ် ....။ ငါတို့ကို သတင်းပို့တာလည်း သူပဲလေ ။ ကြားထဲမှာ အတားအဆီးတွေ ၊လုပ်ကြံသတ်ဖြတ်မှုတွေအများကြီးကိုလည်း သူက ဖြတ်ကျော်နိုင်ခဲ့တယ် ....."
"ဒါဆိုရင် ဒီနေရာမှာ သဘာဝအဆင့်ဆိုတာက ဉာဏ်အလင်းပွင့်မှု အဆင့်ကို ရည်ညွန်းတာလား ....."
မုန့်ချီက အနည်းငယ် ခေါင်းညိတ်လိုက်မိသည်။
"ဒါဆိုရင်တော့ နားလည်သွားပြီ .... ။ ကျန်းကျိဝေနဲ့ တခြားသူတွေ ပြောတဲ့ အတိုင်းဆိုရင် အဆင့်မြင့်ချီစုဆောင်းရေးအဆင့်ကို အောင်မြင်ပြီးသွားရင် မကောင်းတဲ့ဓာတ်ငွေ့(၄) မျိုးကို ဖယ်ရှားရမယ် ...။ ပြီးတော့ ကိုယ်တွင်းကမ္ဘာကြီးကို သန့်စင်ပြီး ခန္ဓာကိုယ်ထဲမှာ ဉာဏ်အလင်းပွင့်မှုကို ရမယ် ...။ နောက်ဆုံးမှာတော့ တံခါးပေါက်တွေကို ဖွင့်နိုင်မယ် ....”
“လုပ်ကြံသတ်ဖြတ်တဲ့ ပညာရှင်တွေထဲမှာ ဟယ်လောင်က ခေါင်းဆောင် ကွမ်ဟောင်ရန်တောင် ပါတယ် ....။ သူလည်းအသက် (၂၀)မတိုင်ခင် သဘာဝအဆင့်ကို ရောက်ခဲ့ပြီး ဒီကမ္ဘာကြီးထဲမှာ အတော်ဆုံး ပညာရှင်တွေထဲက တစ်ယောက်ဖြစ်ခဲ့တယ် ...။ ဒါပေမယ့် သူက အတော်လေး ရှက်စရာကောင်းတဲ့ အရာတစ်ခု လုပ်ခဲ့တာပဲ ....။ သူက ငါတို့လောကကြီးကို ဆန့်ကျင်ပြီး လူရိုင်းသတင်းပေးအဖြစ် လုပ်နေခဲ့တာ ....။ သူ့ကို သခင်လေး ကျန်းကိုယ်တိုင် သတ်ပစ်ခဲ့တယ်....."
သူတို့၏ အနားတွင် ရှိနေသော မိန်းမပျိုကလည်း ခေါင်းညိတ်ပြလိုက်ပြီး သူမ၏ မျက်နှာက နီရဲနေခဲ့သည်။
"သူတို့က ကွမ်ဟယ်မြို့ရဲ့ ဝင်ပေါက်မှာ တိုက်ခိုက်ခဲ့တဲ့အတွက် သိုင်းလောက သူရဲကောင်းတွေ အများကြီးက အဲဒီတိုက်ပွဲကို မြင်ခဲ့ရတယ် ....။ သူတို့တွေက သခင်လေးကျန်းရဲ့အစွမ်းကို အရမ်းအံ့ဩနေကြတာ ....။ သူ့ရဲ့ နာမည်ကလည်း ဟယ်လောင်နယ်မြေတစ်ခွင်လုံးမှာ ပျံ့နေပြီ ...."
"ကွမ်ဟောင်ရန်က အသက်ကြီးနေပေမယ့် ဘဘာဝအဆင့်ကို ကျော်နေတဲ့ ပညာရှင်တစ်ယောက်လေ ..။ ပိုပြီး အံ့ဩစရာကောင်းတာကတော့ သခင်လေးကျန်းက အသက် (၁၉)နှစ်ပဲ ရှိသေးတယ် ... ။ ကြည့်ရတာ ငါကိုယ်တိုင်ကတောင် ဘဝတစ်ဝက်လောက်ကို အလကားနေမိတယ်လို့ ခံစားနေရပြီ ....."
ဝေ့ဝူကျိက ကိုယ့်ကိုယ်ကို စိတ်ဓာတ်ကျစွာ လှောင်ပြောင်မိခဲ့သည်။
"ဟုတ်တယ် ...။ ခေါင်းဆောင်လင်းလို လက်ရွေးစင်တွေကပဲ သခင်လေးကျန်းနဲ့ မိတ်ဆွေဖြစ်ခွင့်ရှိတာ ...။ ရသေ့ကြီးတစ်ပါးရဲ့ တပည့်ဆိုတာက တော်တော်လေး အံ့ဩစရာကောင်းတယ် ....."
သူတို့၏အနားကို လျှောက်လာသော လူတစ်ယောက်ကလည်း လေးလေးစားစား ပြောလိုက်သည်။
"ကျေးဇူးပြုပြီး လမ်းဖယ်ကြပါဦး ... ။ အနည်းဆုံးတော့ ငါတို့က သခင်လေးကျန်းနဲ့ ခေါင်းဆောင်လင်းတို့ကို အခက်မတွေ့စေချင်ဘူး ...."
ဝေ့ဝူကျိက သူ၏ ခံစားချက်များကို သိမ်းဆည်း၍ ပြောလိုက်သည်။
"မိတ်…မိတ်ဆွေ....."
သူ၏ လေသံက အနည်းငယ် တိမ်ဝင်သွားခဲ့သည်။
ထိုအချိန်တွင် သူ့ရှေ၌ ရှိနေသော ကိုရင်လေးကတော့ သခင်လေးကျန်းနှင့် ခေါင်းဆောင်လင်းတို့ဆီသို့ အေးအေးဆေးဆေး လျှောက်သွားပြီ သူ၏ခေါ်သံကိုပင် လျစ်လျူရှုထားခဲ့သည်။ သူက အတော်လေးကို မဆင်မခြင် လုပ်လွန်းသည်။ သူတို့က လက်ရွေးစင်များကို လေးစားနေသော်လည်း ထိုလုပ်ရပ်မျိုးက သေချာပေါက် အပြစ်ပြုမိခြင်းဖြစ်၏။
လေးထောင့်စားပွဲဘေးတွင် လင်းပိုင်ရွှယ်က သူ၏အရက်ခွက်ကို မြှောက်ပြီး သောက်လိုက်သည်။
"နှစ်(၃၀)သက်တမ်းရှိ ဟယ်လောင်း အရက်၊ ရိုးတွင်းချင်ဆီကို ကောင်းမွန်စေပြီး အနံ့အရသာနဲ့ ပြည့်စုံတယ် ....."
ကျန်းယွင်ရှန်ကလည်း အနည်းငယ် မြည်းကြည့်ပြီး ခေါင်းညိတ်ပြလိုက်၏။
"တကယ့်ကို ထူးခြားတာပဲ .. ။ ဒါပေမယ့် ငါတို့တွေက အရက်အတူ သောက်ဖို့အတွက် အချိန်များများ မကျန်တော့ဘူး ...။ လောကကြီးတစ်ခုလုံးမှာ ပဋိပက္ခတွေဖြစ်နေပြီ . ။ ရှောင်လင်ကျောင်းတော်ကတောင် အဲဒီလို အရာမျိုးကို ဖြေရှင်းရတော့မယ် ....။ ငါတို့က ဘယ်လိုဖြစ်ပြီး တည်ငြိမ်နိုင်တော့မှာလဲ ...."
သခင်လေးလင်းက တိုးတိုးလေး သက်ပြင်းချလိုက်မိသည်။
ကျန်းယွင်ရှန်ကလည်း အပြုံးနှင့် မြည်းစမ်းကြည့်လိုက်၏။
"ဒီကမ္ဘာကြီးထဲမှာ ဖြစ်တဲ့အရာတွေ အားလုံးက ကံကြမ္မာရဲ့ လှည့်ကွက်တွေပဲလေ....။ ကံဆိုးပြီးရင် ကံကောင်းမယ် ...။ ရှင်သန်ခြင်းရဲ့နောက်မှာ သေဆုံးခြင်းက လိုက်လာတယ်...။ အခုချိန်မှာ လူရိုင်းေတွက အစွမ်းထက်ပေမယ့် တစ်နေ့နေ့မှာ သေချာပေါက် ပျက်စီးရမှာပဲ ..။ ငါတို့တွေကတော့ ငါတို့ရဲ့အသုံးဝင်တဲ့ ခန္ဓာကိုယ်ကြီးတွေကို မျိုးစေ့အဖြစ် ထိန်းသိမ်းထားရမှာပေါ့ ...."
လင်းပိုင်ရွှယ်က ခဏကြာမှင်တက်သွားခဲ့ပြီး ချက်ချင်းပင် ရယ်လိုက်သည်။
"တကယ့်ကို ရသေ့ဂိုဏ်းက လက်ရွေးစင် တပည့်တစ်ယောက်လို့ ပြောရမှာပဲ ...."
ရုတ်တရက်ဆိုသလို သူက အနည်းငယ် မျက်နှာပျက်သွားခဲ့၏။ အဘယ်ကြောင့် တစ်ကိုယ်လုံးညစ်ပတ်နေသော ကိုရင်လေးတစ်ပါးက မည်သူကိုမျှ ဂရုမစိုက်ဘဲ သူတို့ဆီကို လျှောက်လာနေခဲ့သည်။
"မင်းက ဘယ်သူလဲ ...."
သူက ဖြည်းညင်းစွာ မေးလိုက်သည်။ သူက သာမန်သိုင်းလောကသားများကို စိတ်မဝင်စားချေ။
ထိုအရာကြောင့် ဝေ့ဝူကျိက စိုးရိမ်သွားခဲ့၏။ မည်သို့ဖြစ်စေကာမူ ထိုကိုရင်လေးက သူခေါ်လာခဲ့ခြင်းဖြစ်သည်။
သို့သော် ကိုရင်လေးက မည်သည့်အရာကိုမျှ ဂရုမစိုက်ဘဲ စားပွဲတွင် ဝင်ထိုင်လိုက်ကြောင်း မြင်လိုက်ရသည်။ သူက ကျန်းယွင်ရှန်၏ ရှေ့တွင် ရှိနေသော ခွက်တစ်ခွက်ကို ယူလိုက်ပြီး အတင့်ရဲစွာ သောက်လိုက်၏။
"အရင်ဆုံးသောက်ပြီး ကျွန်တော့်ရဲ့လေးစားမှုကို ပြပါမယ် ....."
သူက ထိုအရာကို တစ်ကြိုက်တည်း မော့သောက်လိုက်သည်။
ကျန်းယွင်ရှန်က ပြုံးကြည့်နေပြီး တားဆီးခဲ့ခြင်း မရှိချေ။ သူက နောက်ထပ် ခွက်တစ်ခွက်ကိုယူပြီး အရက်တစ်ခွက် ထည့်လိုက်၏။
"ဘယ်လို ....."
ကျန်းယွင်ရှန်၏ အကြည့်ကို မြင်သည့်အခါ ဝေ့ဝူကျိနှင့် အနားတွင် ရှိနေသော သူရဲကောင်းများ အားလုံးက ရင်ထဲတွင် အေးစက်သွားကြသည်။
"ဒီစုတ်ပြတ်နေတဲ့ ကိုရင်လေးက သူရဲကောင်းကျန်းရဲ့ မိတ်ဆွေဟောင်းလား ....။ သူကလည်း ထိပ်သီးဂိုဏ်းတစ်ခုက တပည့်တစ်ယောက်လား ...."
လင်းပိုင်ရွှယ်က ဒေါသထွက်ချင်နေသော်လည်း ယခုတော့ အံ့ဩသွားခဲ့သည်။ သူက ခွက်ကို အပြုံးနှင့် ကောက်ယူပြီး မုန့်ချီကို ကမ်းပေးလိုက်၏။
သူတို့၏ ပတ်ပတ်လည်တွင် ရှိနေသော လူများကတော့ အလွန်ရှုပ်ထွေးနေကြသည်။ ထိုအရာက မည်မျှနာမည်ကျော်ကြားသော သူရဲကောင်း တစ်ယောက်ဖြစ်ကြောင်း သူတို့က သိချင်နေကြ၏။
"အဟွတ်...အဟွတ် ....အဟွတ် ...."
အရက်သောက်လိုက်ပြီးနောက် မုန့်ချီက လည်ချောင်းထဲတွင် ပူဆင်းသွားသလို ခံစားလိုက်ရပြီး ချောင်းဆိုးလိုက်မိသည်။
"ဒါက ပုံမှန်အရက်သောက်နေကျငါ့ရဲ့ခန္ဓာကိုယ်မဟုတ်တာကို မေ့သွားတယ်...." ထိုအချိန်တွင် မုန့်ချီကတော့ မည်သည့်အရာကိုမျှ မမြင်ဘဲ ရှေ့တွင် ရှိနေသော ကျန်းယွင်ရှန်ကိုသာ မြင်လိုက်ရသည်။
သူကလည်း အရက်ခွက်ကိုယူပြီး သောက်လိုက်၏။
"ညီလေး ကျန်းတင်…
ပထမဆုံးသောက်တဲ့အချိန်မှာ ဒီလို မဆင်မခြင် သောက်လို့ မရဘူးလေ..”
ကျန်းယွင်ရှန်က တိုးတိုးလေး ပြောလိုက်၏။
မုန့်ချီက အရက်သောက်သည့် အတွေ့အကြုံ မရှိကြောင်း သူက သေချာပေါက် သိထားခဲ့သည်။ ထိုအရာကို ခန့်မှန်းရန်လည်း လွယ်ကူလှ၏။ အထက်တန်းလွှာ မိသားစုမှ လူငယ်များက ပုံမှန်အားဖြင့် နေရာတိုင်းတွင် ကန့်သတ်ချက်များ မရှိကြချေ။ သူ့ကိုတော့ ငယ်ငယ်ရွယ်ရွယ်နှင့် ရှောင်လင်ကျောင်းတော်ကို ပို့ဆောင်လိုက်သည့်အတွက် သေချာပေါက် အရက်သောက်ခွင့် မရှိချေ။
မုန့်ချီက ချောင်းဆိုးလိုက်ပြီးနောက် အပြုံးနှင့် ခွက်ကို ကစားကြည့်လိုက်၏။
"အရသာကို မသိဘူးဆိုရင်တောင် ကိုရင်လေးတစ်ပါးက တန်ဖိုးကို နားလည်ပါတယ်"
"ကောင်းပါတယ် ...။ စည်းကမ်းဖောက်ဖျက်မှု မရှိရင် စည်းကမ်းပျက်မှုလည်း မရှိဘူး..”
ကျန်းယွင်ရှန်ကလည်း တီတိုးရေရွတ်လိုက်သည်။
"မိန်းကလေးကျန်းက ဘယ်မှာလဲ ..."
မုန့်ချီက မေးလိုက်၏။
ကျန်းယွင်ရှန်က အပြုံးနှင့်ပြောလိုက်သည်။
"ညီမလေးကျန်းက အပြင်လူတွေနဲ့ စကားပြောရတာကို စိတ်မဝင်စားဘူး .....။ သူက အပေါ်ထပ်မှာပဲ နေတယ်…”
"ကျွန်တော်က တစ်ခု မေးလို့ရမလား ...."
လင်းပိုင်ရွှယ်ကတော့ မနေနိုင်ဘဲ ဝင်မေးလိုက်လေသည်။
Translated by Hein Htet