အခန်း (၃၃)
Vol. 3 Ch. 33
ကျန်းယွင်ရှန်က တွေဝေနေပြီး အပြုံးနှင့် ပြောလိုက်သည်။
“ညီလေးကျန်းတင်က ငါ့ဆရာရဲ့မိတ်ဆွေ ကံကြမ္မာဖြတ်ဗုဒ္ဓဓားရဲ့ တပည့်တစ်ယောက်ပါ … ”
“ကံကြမ္မာဖြတ်ဗုဒ္ဓဓား…”
လင်းပိုင်ရွှယ်က အသံတိုးတိုးနှင့် ရေရွတ်လိုက်သည်။
“ကိုရင်လေး ကျန်းတင်မှာလည်း လောကီအဆင့်ထက် ပိုမြင့်တဲ့ ဆရာကြီးတစ်ယောက် ရှိနေတာပဲ…”
“ကံကြမ္မာဖြတ်ဗုဒ္ဓဓား…”
မုန့်ချီကတော့ ထိုနာမည်နှင့် ပတ်သက်ပြီး အနည်းငယ် မကျေမနပ်ဖြစ်သွားသည်။
“ငါက တကယ်ပဲ ဓားမော့တစ်ချောင်းကို သုံးရမှာလား…”
သူက အရက်ခွက်ကိုကိုင်ပြီး အပြုံးနှင့်ပြောလိုက်သည်။
“လူသားတွေအားလုံးက ဒီလောကပင်လယ်ကြီးထဲမှာ ရုန်းကန်နေကြရတာ။ ဘယ်သူကရော လောကီအဆင့်ထက် ကျော်လွန်နေနိုင်မှာလဲ…”
ထိုအချိန်တွင် မုန့်ချီက အနည်းငယ် နောင်တရသွားသည်။
“ဘယ်သူကရော ဒီလိုသွေးစီးကြောင်းတွေ ပေနေတဲ့ မီးခိုးရောင်ဘုန်းကြီးဝတ်စုံကို ဝတ်ထားချင်မှာလဲ။ ဒါနဲ့ဆိုရင် ဗုဒ္ဓလမ်းစဉ်နဲ့ အထွဋ်အထိပ်ရောက်နေကြောင်း မပြနိုင်တော့ဘူး ..”
“စိတ်ဝင်စားဖို့ကောင်းတယ်…၊ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်…”
လင်းပိုင်ရွှယ်က ပြောလိုက်ပြီး အရက်ခွက်ကို ခေါင်းပေါ်မြှောက်၍ သောက်လိုက်သည်။
“ကံကြမ္မာဖြတ်ဗုဒ္ဓဓားလား….”
ဝေ့ဝူကျိနှင့် နားထောင်နေသူအားလုံးက တီးတိုးရေရွတ်လိုက်ပြီး သူတို့လုံးဝမကြားဖူးသော နာမည်ကို စဉ်းစားနေကြသည်။ သခင်လေးကျန်း ပြောသည့်အတိုင်းဆိုလျှင် ကိုရင်လေးကျန်းတင်က အလွန်ထူးခြားသော သိုင်းပညာရှင် တစ်ယောက် ဖြစ်နိုင်သည်။ သာမန်လူများကတော့ ဟယ်လောင် သိုင်းလောက၏ အပြင်ဘက်ရှိ ဗဟုသုတကို အနည်းငယ်သာ သိကြသည်။
ကျန်းယွန်ရှန်က ချီကျန်းရန်နှင့် တစ်ခြားရပ်ကြည့်နေသော သိုင်းပညာရှင်များကို ပြောလိုက်သည်။
“ဒါဆိုလည်း ခွင့်ပြုပါဦး အစ်ကိုလင်း… ကျွန်တော့်မှာ တစ်ခြားဧည့်သည်တော်တွေ ရှိသေးတယ်…”
လင်းပိုင်ရွှယ်က သူ့ကိုဂရုစိုက်ရန် မလိုကြောင်း လက်ပြလိုက်သည်။
“ရပါတယ်…. ဂရုစိုက်စရာ မလိုပါဘူး။ ငါလည်း အခန်းကိုပြန်ဖို့ ဆင်ခြေရှာနေတာလေ။ ငါလည်း တရားထိုင်ပြီး ချီလေ့ကျင့်ဖို့ လိုသေးတယ်။ ဒီနေရာမှာ ဒိုအာချာရဲ့ ထိပ်တန်းလူသတ်သမားတွေ အချိန်မရွေး တိုက်ခိုက်နိုင်တယ်။ ဒါကြောင့် ငါတို့က အနားယူပြီး ချီစွမ်းအင် အားဖြည့်ဖို့လိုတယ်…”
လင်းပိုင်ရွှယ်နှင့် လူခွဲလိုက်ပြီးနောက် ကျန်းယွင်ရှန်က မုန့်ချီနှင့်တစ်ခြားလူများကို ဒုတိယထပ်သို့ ခေါ်လာပြီး ပြောလိုက်သည်။
“ညီလေးကျန်းတင်၊ ညီလေးချီ…
အတော်လေး ခက်ခဲခဲ့မယ်ထင်တယ်။ မင်းတို့ရဲ့ခန္ဓာကိုယ်၊ မင်းတို့ရဲ့ အဝတ်အစားတွေက စုတ်ပြတ်နေပြီး သွေးတွေလည်း မြင်နေရတယ်။ ဒါပေမဲ့ မင်းတို့က ဒီနေရာကို အေးအေးဆေးဆေး ရောက်လာနိုင်တာ တော်တော်လေး အံ့ဩသွားမိတယ်။ အဲဒါကြောင့် ငါက တော်တော်လေး သံသယဝင်နေတာ…”
“ကျွန်တော်တို့က ဉာဏ်အလင်းပွင့်မှုအဆင့်ကို ရောက်နေတဲ့ ရန်သူတွေကို မတွေ့ခဲ့ရဘူး…”
ချီကျန်းရန်က ပြန်ဖြေလိုက်သည်။
“ဟုတ်တယ်….၊ သူတို့တွေက မင်းတို့နောက်ကို လိုက်ဖို့ နှေးနေတာပဲ ဖြစ်မယ်။ ငါက ဒိုအာချာရဲ့လက်အောက်မှာရှိတဲ့ သဘာဝပညာရှင်(၄)ယောက်အကြောင်းကို သတင်းရထားတယ်။ သူတို့တွေက ဟယ်လောင်အုပ်ချုပ်သူ ကွမ်ဟောင်ရန်၊ မျက်နှာတစ်ရာ လူသတ်သမား ကွမ်ချန်းဝမ်၊ မျက်ခုံးဖြူဝံပုလွေ ပိုအာဟန်၊ နယ်လှည့်မျက်လှည့်ဆရာ ထန်ရွှန်းတို့ပဲ။ မင်းတို့က ကျန်တဲ့(၃)ယောက်ကို သတိထားဖို့လိုတယ်…”
ကျန်းယွင်ရှန်က တံခါးတစ်ခုရှေ့တွင် ရပ်လိုက်ပြီး ညင်သာစွာ ခေါက်လိုက်သည်။
“ဝင်လာခဲ့…”
အထဲမှနေ၍ ကျန်းကျိဝေ၏အသံကို ကြားလိုက်ရသည်။ သူတို့က တံခါးကိုဖွင့်ပြီး ဝင်သွားလိုက်ရာ ကျန်းကျိဝေက တင်ပျဉ်ခွေထိုင်နေပြီး လေ့ကျင့်နေသည်ကို မြင်လိုက်ရသည်။ သူမ၏ နေဖောက်သက်တံ့ဓားကိုလည်း ပေါင်ပေါ်တွင် တင်ထားပြီး သလင်းကျောက်များဆီမှ အလင်းရောင်များတောက်ပနေသည်။
စားပွဲပေါ်တွင်တော့ မိန်းမပျိုလေး တစ်ယောက်က ရေနွေးခွက်ကို ဆော့ကစားနေသည်။
“မဆိုးပါဘူး ကိုရင်လေး…။ တော်တော်လေးကို ထိန်းချုပ်နိုင်နေပြီပဲ…”
သူမက လှပစွာ ပြုံးလိုက်ပြီး သူမ၏ဓားကို ဓားအိမ်ထဲသို့ ထည့်လိုက်သည်။
“ငါက တော်တော်လေးကို ပျင်းနေတာ။ ဒါပေမဲ့ ပြိုင်ဘက်ကို ရှာတွေ့တဲ့အချိန်မှာ အစ်ကိုကြီးကျန်းက လုယူသွားတယ်လေ…”
မည်သူမျှအသတ်မခံရသည့်အတွက် သူမက အတော်လေးဝမ်းသာနေ၏။
“အော်မီတောဖော်…. သနားညှာတာတတ်တဲ့ ဗုဒ္ဓမြတ်စွာ…
ကိုရင်လေးက လူသတ်ဖို့ ဆန္ဒမရှိပါဘူး…။ အသက်ရှင်ဖို့အတွက် လူသတ်ရတာပါ။ ကံကြမ္မာကို ဖျက်ဆီးခြင်းက သူတို့တွေကို လမ်းမှားရောက်စေခဲ့တာ။ တကယ်လို့ ငါက ငရဲပြည်ကို မသွားရဘူးဆိုရင်တော့ ပိုပြီးကောင်းတယ်မဟုတ်လား…”
မုန့်ချီကတော့ သင်ထားခဲ့ဖူးသော စကားလုံးများကို ပြောလိုက်သည်။
“ခစ်ခစ်ခစ်ခစ်… နင်က တော်တော်လေးကို စကားပြောကောင်းတာပဲ။ ကြားရတာတော့ တော်တော်လေး ကျက်သရေရှိတယ်။ ငါ့ကိုတောင် လှည့်စားနိုင်တော့မလို့ပဲ…”
ကျန်းကျိဝေက ရယ်ပြီး ပြောလိုက်သည်။
ကျန်းယွင်ရှန်ကလည်း ပြုံးလိုက်မိ၏။ သူကတော့ ထိုကဲ့သို့စကားမျိုးကို လုံးဝမကြားဖူးခဲ့ပေ။ ထို့နောက် ကျန်းယွင်ရှန်က မိန်းကလေးကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။
“ဒီမိန်းကလေးက ကီပိချန်လို့ခေါ်တယ်။ သူက ချီစုဆောင်းရေး အဆင့် အထွဋ်အထိပ်ကို ရောက်နေပြီ။ ငါတို့က ထိုးဖောက်လာတဲ့အချိန်မှာ သူက အတော်လေး ကူညီပေးခဲ့တယ်…”
မုန့်ချီက ခေါင်းညိတ်ပြလိုက်ပြီး မိန်းကလေးကျိနှင့် ရှန့်ဟွေတို့ကို မိတ်ဆက်ပေးလိုက်သည်။
“တစ်ခြားတစ်ယောက်ဘေယ်မှာလဲ။ တိုက်ပွဲထဲမှာ သေသွားပြီလား…”
နောက်ဆုံးတွင်တော့ သူကမေးလိုက်သည်။
“ဝမ်ကျင်း… ဓားသမားဝမ်လား…
သူက မျက်လုံးတံခါးပွင့်နေတဲ့ တစ်ယောက်လေ။ သူက ရှောင်လင်ကျောင်းတော်မှာ ပင်မတာဝန်ပြီးသွားပေမဲ့ ငါတို့နဲ့မနေချင်ဘူး။ ဒီတော့ အပြင်ဘက်မှာ အဆက်အသွယ်ရလိုရငြား သွားရှာနေတယ်…”
ကျန်းယွင်ရှန်က ကိုယ်စားဝင်ဖြေလိုက်သည်။
မုန့်ချီက ပင်မတာဝန်နှင့် ပတ်သက်ပြီး အတော်လေးစိတ်ဝင်စားနေသည်။
“ဒါဆိုရင် မင်းတို့က ပထမတာဝန်ပြီးသွားပြီလား။ ဒုတိယတာဝန်ကရော…”
“မနေ့ညတုန်းကတော့ ငါတို့က ရှောင်လင်ကျောင်းထိုင်နဲ့တွေ့ဖို့ ကျောင်းတော်ထဲကို သွားခဲ့တယ်။ ငါတို့က ပထမတာဝန်ပြီးသွားခဲ့ပြီး ကံကြမ္မာအမှတ်တွေ ရခဲ့တယ်။ ဒါပေမဲ့ ငါတို့ရဲ့နောက်ကြောင်းက သံသယဝင်စရာကောင်းနေတယ်လေ။ ဒါကြောင့် ငါတို့ကိုကျောင်းတော်ထဲမှာ တည်းခိုခွင့်မပေးခဲ့ဘူး။ ငါတို့ကို တောင်အောက်ပို့လိုက်ပြီး သူတို့အချင်းချင်း အရင်ဆုံး ဆွေးနွေးလိုက်ဦးမယ်လို့ ပြောတယ်…”
ကျန်းယွင်ရှန်က သူတို့ဖြစ်ပျက်ခဲ့သည့်အရာများကို ပြောပြခဲ့သည်။
“ဒုတိယတာဝန်က နောက်ဆုံးအချိန်ကို မရောက်မချင်း ရှောင်လင်ကျောင်းတော်မှာပဲ နေရမယ်။ မဟုတ်ရင် အမှတ်(၁၀၀) နှုတ်ခံရမယ်…”
ခဏကြာစဉ်းစားပြီးနောက် ကျန်းကျိဝေက ဆက်ပြောလိုက်သည်။
“နင်တို့က ဘာမှစိုးရိမ်စရာမလိုပါဘူး…။ သူတို့က အချက်အလက်တွေကို စစ်ဆေးပြီးသွားရင် ကျောင်းတော်ထဲကို လာခေါ်မှာသေချာပါတယ်။ အနည်းဆုံးတော့ ငါတို့က လူလိမ်တွေ မဟုတ်ဘူးလေ…”
သူမ၏စကားကို ကြားပြီးနောက် မုန့်ချီက အနည်းငယ်စိတ်အေးသွားသည်။
“အစ်ကိုကြီးကျန်း…
အစ်ကိုကြီးကျန်းဆီမှာ ဝတ်စုံအပိုလေးများ ငှားလို့ရမလား။ ဒီဝတ်စုံတွေက အတော်လေးကို စေးကပ်ကပ် ဖြစ်နေပြီ…”
ကျန်းယွင်ရှန်က ပြောလိုက်သည်။
“ငါက မင်းတို့အတွက် အစောကြီးကတည်းက ပြင်ထားပြီးသားပါ။ ညီလေးကျန်းတင်၊ ညီလေးချီ၊ အစ်ကိုရှန်… ကျေးဇူးပြုပြီး ရေချိုးဖို့ ကျွန်တော်နဲ့အတူ လိုက်ခဲ့ပါ။ ပြီးရင် အဝတ်အစားတွေ လဲကြပေါ့…”
ရေချိုးပြီးနောက် သူတို့က အဝတ်အစားများ လဲလိုက်ကြပြီး လန်းဆန်းတက်ကြွသွားသည်။ ထို့နောက် တိကွမ်း ရောက်လာကြောင်း မုန့်ချီက မြင်လိုက်ရ၏။ သူတို့၏ကျောင်းထိုင်ဆရာတော် ရှင်းကျိက သူတို့ကို ကိုယ်တိုင်တွေ့ချင်နေကြောင်း ပြောခဲ့ပြီး သစ္စာဖောက်စာရင်းနှင့် အဖြစ်အပျက်ကို သိချင်နေကြောင်း ပြောခဲ့သည်။
မုန့်ချီက တောင်ပေါ်သို့ တက်သွားနေသည့်အချိန်တွင် သစ်ပင်များပြည့်နှက်နေသော လမ်းကြောင်းကို တဖြည်းဖြည်း ရင်းနှီးလာခဲ့သည်။
“ဒါက ငါနေ့တိုင်း ရေသယ်နေကျလမ်းကြောင် မဟုတ်လား…”
မုန့်ချီက ရုတ်တရက် နားလည်သွားပြီး ကျန်းယွင်ရှန်၊ ကျန်းကျိဝေနှင့် ချီကျန်းရန်တို့ကို လှည့်ကြည့်လိုက်သည်။ သူတို့ကလည်း သူ့ကို ခေါင်းညိတ်ပြလိုက်ကြသည်။
“ဒါဆိုရင် လူတွေကလွဲရင် ငါတို့ရှောင်လင်ကျောင်းတော်နဲ့ အတူတူပဲ မဟုတ်လား…”
“ဆရာကြီးရှင်းကျိက သဘာဝအဆင့်ကို ကျော်နေပြီ။ သူက အင်မော်တယ် အမှန်တရားအဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်။ သူ့ရဲ့ခန္ဓာကိုယ် အတွင်းအပြင်မှာရှိတဲ့ စွမ်းအားတွေက တဖြည်းဖြည်း ပေါင်းစည်းနေပြီ။ ဒီတော့ သူ့ကိုတွေ့တဲ့အချိန်မှာ မင်းတို့ရဲ့အပြုအမူတွေကို သေချာအလေးထားပါ…”
ကျန်းယွင်ရှန်က ကျောင်းထိုင်နှင့်ပတ်သက်ပြီး သေချာမိတ်ဆက်ပေးလိုက်သည်။
“ဒကာကြီးကျန်းက အရမ်းကို အားနာနေတာပဲ။ ဒါပေမဲ့ ငါတို့ဗုဒ္ဓဝါဒမှာတော့ အဲဒါကို အင်မော်တယ်အမှန်တရားအဆင့်လို့ မခေါ်ဘူး။ သမာဓိစက်ဝန်းအဆင့်လိုပဲ ခေါ်ကြတယ်…”
ထိုအချိန်တွင် မုန့်ချီ၏နားထဲ၌ အလွန်ရင်းနှီးနေသော ကျန်းကျိဝေ၏အသံကို ကြားလိုက်ရသည်။
“ဒီကျောင်းတော်ရဲ့ပုံစံက ရှောင်လင်ကျောင်းတော်နဲ့ လုံးဝကိုတစ်ထပ်တည်းပဲ။ ဘာမှအံ့ဩမနေနဲ့။ သံသရာကမ္ဘာကြီးက ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတယ်…”
မုန့်ချီက ကျောင်းတော်ထဲသို့ ဝင်လာချိန်တွင် မြေကွက်လပ်ကို ဖြတ်လာပြီး ခန်းမနှင့် ခြံဝန်းထဲကို ရောက်လာခဲ့သည်။ သူကတော့ တဖြည်းဖြည်းရှုပ်ထွေးလာခဲ့၏။ သူက သံသရာကမ္ဘာထဲတွင် သံသရာတာဝန်တစ်ခု လုပ်ဆောင်နေသည်ဟု မခံစားရဘဲ သူ၏ဂိုဏ်းတူညီလေးကျန်းဟွေနှင့် နေ့စဉ်လမ်းလျှောက်နေရသလို ခံစားနေရသည်။ သူတို့က နေ့စဉ်ရေသယ်ခြင်း၊ တရားထိုင်ခြင်းနှင့် ကျမ်းစာရွတ်ဖတ်ခြင်းများကိုနေ့တိုင်းလုပ်ဆောင်ကြရ၏။
“ဒေါင်…”
အလွန်ကျယ်လောင်သော ခေါင်းလောင်းသံတစ်ခုကို မုန့်ချီ၏နားထဲတွင် ကြားလိုက်ရပြီးနောက် သူ၏အတွေးစများက ပြတ်တောက်သွားခဲ့သည်။
ဗုဒ္ဓခန်းမထဲတွင် အဝါရောင်နှင့် အနီရောင်ကြက်ခြေခတ်ဝတ်စုံကို ဝတ်ဆင်ထားသော ဘုန်းတော်ကြီး တစ်ဒါဇင်ခန့်ကို တွေ့လိုက်ရသည်။ သူတို့ကို ဦးဆောင်လာသော ဘုန်းတော်ကြီးက ပါးလွှာသော မျက်ခုံးဖြူများ ရှိသည်။ သူ၏အသားအရေက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး မျက်နှာပေါ်တွင် အရေးအကြောင်းများပြည့်နေသည်။ မျက်လုံးထဲတွင်တော့ ဂရုဏာတရားများ ရှိနေ၏။
“ဒကာလေးတို့က သေမှာတောင် မကြောက်ဘဲ ဘုန်းတော်ကြီးတို့ကို သတင်းလာပေးတယ်။ ဒီဘုန်းတော်ကြီးက တကယ်အသုံးမကျပါဘူး…”
ရှင်းကျိက လက်အုပ်ချီလိုက်ပြီး ဗုဒ္ဓနာမည်ကို ရေရွတ်လိုက်သည်။
“ဒီကြောက်စရာကောင်းတဲ့လူရိုင်းတွေက ကျွန်တော်တို့ရဲ့ဘုံရန်သူပါ။ ကျွန်တော်တို့ သိုင်းလောကသားတွေက သန့်ရှင်းတဲ့ဗုဒ္ဓနယ်မြေကို ကာကွယ်ပေးဖို့ ကြိုးစားနေကြတာပါ…”
မုန့်ချီကတော့ အခြေအနေအရပ်ရပ်ပေါ် မူတည်ပြီး စကားလုံး ရွေးချယ်ပြောတတ်သည်။ ထို့နောက် သူက အင်္ကျီလက်ထဲမှထုတ်၍ သံသရာအရှင်သခင် ပေးလိုက်သော သစ္စာဖောက်စာရင်းကို ပေးလိုက်သည်။
ရှင်းကျိက ခေါင်းညိတ်ပြလိုက်သည်။ သူက လက်ကိုဝှေ့ယမ်းလိုက်ရာ သူ့လက်ထဲတွင် စာရွက်အပိုင်းအစများ ဖြစ်သွားပြီး လေနှင့်အတူ လွင့်မြောသွား၏။ ရုတ်တရက်ဆိုသလို သူ့ရှေ့တွင် တစ်စုံတစ်ခုက ဝေဝါးသွားသလို မုန့်ချီက ခံစားလိုက်ရပြီး ခန်းမထဲတွင် ရှိနေသော ရွှေရောင်ဗုဒ္ဓရုပ်ပွားတော်ကြီးက ပြုံးလာပြီး လက်ထဲတွင် ပန်းလေးတစ်ပွင့်က ပွင့်လာခဲ့သည်။
ထိုအချိန်တွင် ဖယောင်းတိုင်မီးတောက်များ ထွက်ပေါ်လာပြီး စကားလုံးများစွာ ထွက်ပေါ်လာ၏။
“သစ္စာဖောက်စာရင်းကို ရှောင်လင်ကျောင်းတော်ဆီ ပို့ပြီးသွားပြီ။ ပင်မတာဝန်(၁)က ပြီးဆုံးသွားပြီ။ ကျောင်းတော်ထဲမှာရှိတဲ့ လူတိုင်းက ကံကြမ္မာအမှတ်(၅၀)ဆီရမယ်။ ပင်မတာဝန်(၂)က စပြီး အသက်ဝင်ပြီ။ နောက်ဆုံးအချိန်ထိအောင် ရှောင်လင်ကျောင်းတော်မှာ ခုခံရမယ်။ ကြိုတင်ထွက်ပြေးခြင်းကိုလည်း တားမြစ်ထားတယ်။ အောင်မြင်သူတွေက တစ်ယောက်ကို ကံကြမ္မာအမှတ်(၁၀၀)ဆီ ရမယ်။ ရှုံးနိမ့်သူတွေက ကံကြမ္မာအမှတ်(၁၀၀)ဆီ အနှုတ်ခံရမယ်…”
ထို့နောက် မီးတောက်များနှင့် စကားလုံးများ ပျောက်ကွယ်သွားသည်။ နောက်ဆုံးတွင် မုန့်ချီလည်း စိတ်အေးသွားသလို ခံစားလိုက်ရပြီး ရှင်းကျိ၏ စကားကို တိတ်တဆိတ် နားထောင်လိုက်သည်။
ရှင်းကျိက စာရင်းကိုဖတ်ပြီးနောက် သက်ပြင်းချလိုက်၏။
“ငါတို့လို သီးခြားဘုန်းတော်ကြီးတွေကတောင် လောကီရေးရာတွေရဲ့ နှောင့်ယှက်မှုကနေတောင် မလွတ်နိုင်ပါလား။ ဒကာလေးတို့ပေးတဲ့ စာရင်းအတွက် ကျေးဇူးတင်ပါတယ်။ မဟုတ်ရင် ရလာဒ်က ပိုပြီးဆိုးရွားနိုင်တယ်…”
“ကျောင်းထိုင်ရဲ့စွမ်းရည်က ဒီကမ္ဘာကြီးထဲမှာ ထိပ်တန်းပါပဲ။ ကျောင်းထိုင်က ဒိုအာချာနဲ့ သူ့တပ်ဖွဲ့ကို ရှောင်လင်ကျောင်းတော်ထဲမှာ ခုခံနိုင်မယ်ဆိုတာ သံသယဝင်စရာ မလိုပါဘူး။ ကျွန်တော်တို့က အသေးအမွှား အကူအညီလေး ပေးလိုက်ရုံပါ…”
ကျန်းယွင်ရှန်က တလေးတစား ပြန်ဖြေလိုက်သည်။
ရှင်းကျိက ခေါင်းခါပြလိုက်၏။
“ငါတို့ဘုန်းတော်ကြီးတွေက မုသားစကားမပြောတတ်ဘူး။ တကယ်လို့ သစ္စာဖောက်တွေရဲ့အကြံသာ အောင်မြင်သွားမယ်ဆိုရင် တံခါးတောင် လုံခြုံမှာ မဟုတ်တော့ဘူး။ ဒီတော့ ဒိုအာချာရဲ့တပ်ဖွဲ့တွေကို စစ်ဆေးဖို့ တော်တော်လေး အခက်တွေ့နိုင်တယ်…”
“ပြီးတော့ အိုမင်းနေတဲ့ ငါ့ရဲ့ခန္ဓာကိုယ်က ပျက်စီးခါနီးနေပြီ။ သိုင်းပညာကလည်း အရင်တုန်းကလို မဟုတ်တော့ဘူး။ ဒိုအာချာကတော့ လူရိုင်းတွေထဲမှာ နံပါတ်(၁)လို့ ပြောကြတယ်။ ပြီးတော့ သူ့ရဲ့သိုင်းကွက်ဖြစ်တဲ့ တဖျတ်ဖျတ်လေလှိုင်း ရှုပ်ထွေးခြင်းတိမ်တိုက်ဆိုတဲ့ သိုင်းကွက်ကို ရင်ဆိုင်ဖို့တောင် ယုံကြည်ချက်မရှိဘူး။ ဒါပေမဲ့ ငါက သူ့ကို ဖိနှိပ်ဖို့တော့ တတ်နိုင်ပါသေးတယ်…”
“ကျောင်းထိုင်… အဲဒီလိုမျိုး မလုပ်ပါနဲ့။ ကျောင်းထိုင်က အနာဂတ်မှာ ဆက်ပြီးတော့ အသက်ရှင်နေနိုင်ပါသေးတယ်…”
“ဆရာတော်…
ဆရာတော်ရဲ့နာမည်က သိုင်းလောကမှာ ဆယ်စုနှစ်ပေါင်းများစွာ ကျော်ကြားခဲ့တာပဲ။ အဲဒါက ရှောင်လင်ရဲ့ပြယုဒ်တစ်ခုပါပဲ။ ဆရာတော်သာ အသက်ရှင်နေဦးမယ်ဆိုရင် ကျောင်းဆောင်က ပျက်စီးသွားမယ်ဆိုရင်လည်း ရှောင်လင်ကဆက်ပြီး ရှင်သန်နေဦးမှာပါ…”
အကြီးအကဲများနှင့် စီနီယာဘုန်းတော်ကြီးများက သူ့ကို ဖြောင်းဖြပြောဆိုနေကြသည်။
ရှင်းကျိက ညာလက် မြှောက်ပြီး သူတို့ကို တားဆီးလိုက်သည်။
“အော်မီတော်ဖော်…
လူတိုင်းက လောကီရေးရာကနေ ထွက်လာတဲ့လူတွေဖြစ်ပြီး ဘာလို့ရေရှည်ကို မမြင်နိုင်ကြတာလဲ…”
ရှင်းကျိက မုန့်ချီတို့ကို အပြုံးနှင့် ကြည့်ပြီး မေးလိုက်သည်။
“ဒီဘုန်းတော်ကြီးက မင်းတို့နဲ့ လူသတ်သမားတွေကြားက တိုက်ပွဲကို စိတ်ဝင်စားတယ်။ မင်းတို့က ငါ့ကိုပြောပြနိုင်မလား…”
ထိုအရာက ယုံကြည်မှုကို ရရန် အဓိကအချက်ဖြစ်ကြောင်းကို မုန့်ချီက သိနေသည်။ ထို့ကြောင့် သူက ခေါင်းညိတ်ပြလိုက်၏။
“ကျေးဇူးပြုပြီး မေးချင်တာ မေးပါခင်ဗျာ…”
ရှင်းကျိက မုန့်ချီ၊ ချီကျန်းရန်၊ ကျန်းကျိဝေနှင့် ကျန်းယွင်ရှန်တို့ကို တစ်လှည့်ဆီ ကြည့်နေပြီး တစ်ယောက်ပြီး တစ်ယောက်တစ်လှည့်ဆီ မေးခဲ့သည်။ သူတို့၏ နောက်ခံကလွဲပြီး ကျန်သောကိစ္စများက လိမ်ညာထားခြင်း မရှိခဲ့ချေ။
တစ်ယောက်ချင်းဆီကို စစ်ဆေးနေသော်လည်း သူတို့၏ စကားများက ပြောင်းလဲသွားခြင်း မရှိချေ။ သူတို့က ရိုးသားသူများဖြစ်ကြောင်း အလွန်သိသာသည်။ ရှင်းကျိ၏ အမူအရာက ပြောင်းလဲသွားခြင်း မရှိဘဲ လူတိုင်း၏အဖြေကို စိတ်ရှည်လက်ရှည် နားထောင်နေသည်။
“ဒီဘုန်းတော်ကြီးတွေက အမြဲတမ်း သံသယဝင်တတ်တယ်။ ငါ့ရဲ့ဆန္ဒတွေကို ဖြည့်ဆည်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…”
ရှင်းကျိက အပြုံးနှင့်ပြောလိုက်ပြီး အနားတွင် ရှိနေသော ဘုန်းတော်ကြီးများကို လှည့်ကြည့်လိုက်သည်။
“ဒကာကြီးတွေကို သွားပြီး စီစဉ်ပေးလိုက်ပါဦး…”
သူ၏လေသံက ပျောက်ကွယ်သွားတော့မည့်အချိန်တွင် မုန့်ချီတို့အထဲမှနေ၍ အရိပ်တစ်ခု ထွက်လာပြီး ရှင်းကျိ၏ ရင်ဘတ်နှင့်ဗိုက်ကို လက်ဝါးနှင့် ရိုက်ချလိုက်သည်။
ရှင်းကျိ၏ဝတ်စုံက ဘောလုံးကြီးတစ်ခုကဲ့သို့ ဖောင်းပွလာပြီး ထိုလူက နောက်သို့လွင့်ထွက်သွားသည်။ သို့သော် ရှင်းကျိ၏ပါးစပ်မှ သွေးများ စီးကျလာသည့်အတွက် ထိုလူဆီတွင် သံလက်ဝါးတစ်ခုရှိပုံရသည်။
“ရှန့်ဟွေလား…”
နောက်ဆုံးတွင်တော့ မုန့်ချီက နားလည်သွားခဲ့သည်။ ကျောင်းထိုင်ကို တိုက်ခိုက်လိုက်သောသူက သူ၏အဖွဲ့ထဲမှ တစ်ယောက် ဖြစ်နေသည်။
“ဟားဟားဟား… တပ်မှူးကြီးက ကျောင်းထိုင်ကို နှုတ်ဆက်လိုက်ဖို့ ကျွန်တော့်ကို မှာလိုက်တယ်…”
ထို့နောက် ရှန့်ဟွေက အံကြိတ်လိုက်ပြီး လေလှိုင်းသဖွယ် ထွက်ပေါက်ဆီသို့ ဦးတည်ပြေးသွားသည်။
သူရွေးလိုက်သည့်လမ်းကြောင်းတွင် ကီပိချန်က ရပ်နေခြင်းဖြစ်ပြီး သူမက အတော်လေး အားနည်းလှသည်။ သူက သူမကို လက်ဝါးနှင့် ရိုက်လိုက်ပြီး တံခါးမှ ထွက်သွားရန်အတွက် ကြိုးစားလိုက်၏။
“ငါက လုပ်နိုင်ခဲ့ပြီ…”
သူ့စိတ်ထဲတွင် ဝမ်းသာသွားခဲ့သည်။
ရုတ်တရက်ဆိုသလို ဓားအလင်းရောင်တစ်ခု မြင်လိုက်ရပြီး သူ၏မျက်ခုံးတည့်တည့်ကို ချိန်ထားခဲ့သည်။ ထို့ကြောင့် သူလည်း ရပ်လိုက်ရ၏။ တဖန် သူက တစ်ခြားတစ်ဖက်မှ ထွက်ပြေးရန် ပြင်လိုက်သည်။ သို့သော် ရှန့်ဟွေက မည်မျှရှောင်တိမ်းစေကာမူ ဓားက သူ့ကိုသာ အမြဲချိန်ထားခဲ့သည်။
“ဒါက ဘယ်လိုဓားပညာမျိုးလဲ…”
သူက အတော်လေးကို ကြောက်လန့်သွားသလို ခံစားလိုက်ရသည်။
ထိုအချိန်တွင် ရှင်းကျိ၏အနားတွင် ရှိနေသော ဘုန်းတော်ကြီးများက ပြောလိုက်၏။
“မျက်နှာတစ်ရာလူသတ်သမား…”
မူလရှန့်ဟွေက ဒုတိယတိုက်ပွဲတွင် အသတ်ခံလိုက်ရပြီဖြစ်ကြောင်း မုန့်ချီက နားလည်သွားခဲ့သည်။ သူ့နေရာတွင် မျက်နှာတစ်ရာလူသတ်သမားက အစားထိုးဝင်နေခြင်း ဖြစ်၏။
“ဒါဆိုရင် ငါတို့က တစ်နေ့လုံး လျှို့ဝှက်ရန်သူရဲ့အနားမှာ နေမိခဲ့တာပဲ။ ငါက သူ့ရဲ့ပစ်မှတ်မဟုတ်တာ ကံကောင်းသွားတယ်…”
Translated by Hein Htet