အခန်း (၃၄)
Vol. 3 Ch. 34
မျက်နှာတစ်ရာလူသတ်သမားက သူ၏လှည့်စားမှုနှင့် ရုပ်ပြောင်းရုပ်လွှဲပညာကြောင့် အလွန်နာမည်ကျော်ကြားသလို ကိုယ်ဖော့ပညာကြောင့်လည်း နာမည်ကျော်ကြားသည်။
စက္ကန့်ပိုင်းလေးအတွင်း သူက အလွန်ကျဉ်းမြောင်းသော နေရာမှပင် လျင်မြန်စွာ ထွက်သွားနိုင်ခဲ့ပြီး သူ၏နဖူးကို ချိန်ထားသော ဓားဆီမှ လွတ်မြောက်ရန် ရုန်းကန်နေသေး၏။ သို့သော် သူက မည်သည့်နေရာကို ရွေ့လျားစေကာမူ ထိုဓားကတော့ သူရွှေ့သွားသည့်နေရာများကို တသားတည်း လိုက်ပါနေကြောင်း တွေ့လိုက်ရသည်။
ဓားထိပ်ဖျားဆီမှ ခံစားမိသော အေးစက်မှုကြောင့် သူက အတော်လေးကို မျက်မှောင်ကြုတ်နေမိသည်။
"ဒီဓားသမားက ဘာလို့ဒီလောက်တောင် အစွမ်းထက်နေရတာလဲ…”
တည်းခိုဆောင်ထဲ၌ ရှိနေစဉ် ဟယ်လောင်အုပ်ချုပ်သူ ကွမ်ဟောင်ရန်ဆီတွင် တိတ်တဆိတ် စုံစမ်းထားခဲ့သည့်အတွက် ကျန်းယွင်ရှန်၏ သိုင်းပညာက အဆင့်မြင့်ကြောင်း သူက သိနေသည်။ ထိုအရာက သဘာဝအဆင့်ကိုပင် ရောက်နေခဲ့သည်။
ထို့ကြောင့် ဆရာတော်ရှင်းကျိကို အလစ်ချောင်း တိုက်ခိုက်ခဲ့ပြီးနောက် သူက ကျန်းယွင်ရှန်ကို ရှောင်တိမ်းပြီး သိုင်းပညာမတတ်သော မိန်းကလေးကျန်းဘက်မှ ထွက်ပြေးရန် စဉ်းစားထားခဲ့သည်။
သို့သော် အလွန်လှပပြီး အမြဲလိုလိုပြုံးနေသော မိန်းကလေးကလည်း အလွန်ကြောက်စရာကောင်းသော ဓားသမားတစ်ယောက် ဖြစ်နေမည်ဟု မည်သူက တွေးထားမည်နည်း။ သူမကတော့ သခင်လေးကျန်းထက်ပင် အစစအရာရာ သာလွန်နေခဲ့သည်။
မျက်နှာတစ်ရာ လူသတ်သမား၏ ရင်ထဲတွင် နောင်တတရားများ ပြည့်နှက်လာပြီး သူ့ရင်ထဲတွင်လည်း စိုးရိမ်လာခဲ့သည်။ သို့သော် သူကတော့ ထိုအရာကို အချိန်ကြာမြင့်စွာ စဉ်းစားနေနိုင်ခြင်း မရှိချေ။ သူက ထို ဓားချက်ကို ရှောင်တိမ်းရမည်ဖြစ်၏။
အကယ်၍ ရှောင်လင်မှ အကြီးအကဲများ ရောက်လာမည်ဆိုလျှင် သူထွက်ပြေးရန် အခွင့်အရေးမရှိနိုင်တော့ပေ ။ ထို့ကြောင့် အံကြိတ်ပြီး ရှေ့သို့ ခုန်ထွက်လာခဲ့၏။ ထိုအချိန်တွင် သူ၏ပါးပေါ်၌ လခြမ်းကွေးသဏ္ဌာန် အလင်းတန်းတစ်ခု တောက်ပ လာခဲ့သည်။
ထို့နောက် သူက တစ္ဆေခြေလှမ်းကို သုံး၍ နောက်သို့ ချက်ချင်း ပြန်ဆုတ်လိုက်ပြီး မုန့်ချီနှင့် ချီကျန်းရန်တို့၏ ကြားထဲကို ဦးတည်၍ ပြေးသွားခဲ့သည်။ သူက လူသားဒိုင်း၏ အကူအညီနှင့် ကျန်းကျိဝေ၏ဓားကို ရှင်းပစ်ရန် ကြိုးစားနေခြင်းဖြစ်သည်။
မုန့်ချီကတော့ မျက်နှာတစ်ရာ လူသတ်သမား၏ လျင်မြန်သွက်လက်မှုကြောင့် အံ့ဩနေခဲ့ပြီး ဘေးသို့ လျင်မြန်စွာ ရွေ့လိုက်သည်။ အခြေအနေကို ရုတ်တရက် နားလည်သွားသည့် အချိန်တွင် သူ တတ်မြောက်ထားသော နတ်ဘုရားခြေလှမ်း(၈)သွယ်ကို စဉ်းစားမိလိုက်၏။
ထိုအချိန်တွင် သူက တစ်စုံတစ်ခုကို နားလည်သွားပုံရသော်လည်း မည်သည့်အရာကိုမျှ နားမလည်သေးသလို ခံစားနေရသည်။
မျက်နှာတစ်ရာ လူသတ်သမားက ဘယ်ခြေထောက်ကို လေထဲတွင် လှုပ်ရှားနေပုံရပြီး ညာခြေထောက်ကတော့ ဝင်ရိုးသဏ္ဌာန် ပတ်ပတ်လည်ကို လှည့်ပတ်လှုပ်ရှားနေခဲ့သည်။ သူက ကျန်းကျိဝေ၏ ဓားကို ရှောင်တိမ်းရန်အတွက် မုန့်ချီ၏နောက်တွင် ရှောင်တိမ်းချင်နေခဲ့သည်။
“ဒီခြေလှမ်း.....”
မုန့်ချီက ထိုခြေလှမ်းကို အလွန်ရင်းနှီးနေသလို ခံစားနေရသည်။ ထိုအရာက နတ်ဘုရားခြေလှမ်း(၈)သွယ်တွင် ရှိနေသော သိုင်းကွက်တစ်ခုနှင့် တူညီနေ၏။ ထို့ကြောင့် သူကိုယ်တိုင်လည်း တစ်ခဏအတွင်း လူသတ်သမား၏ နောက်သို့ ရောက်သွားခဲ့သည်။
မည်သူကမျှ သူ့ရှေ့တွင် ရပ်မနေသည့်အတွက် မျက်နှာတစ်ရာ လူသတ်သမားက အံ့ဩမှင်တက်သွားခဲ့ပြီး မျက်ခုံးကြားထဲရှိ အေးစက်မှုကလည်း ပို၍ပြင်းထန်လာခဲ့သည်။ သူက ရွေးချယ်စရာမရှိတော့ပဲ နောက်တစ်ကြိမ် သူ၏ခြေလှမ်းကို ပြောင်းလဲလိုက်ရ၏။
သို့သော် မုန့်ချီကလည်း နတ်ဘုရားခြေလှမ်း(၈)သွယ်ကို အကောင်းဆုံးကြိုးစားနေပြီး မျက်နှာတစ်ရာ လူသတ်သမား၏ လှုပ်ရှားမှုအတိုင်း လိုက်ပါလှုပ်ရှားနေခဲ့၏။သူတို့က အတူတူ ယှဉ်တွဲကခုန်နေသည့်အလား တစ်နေရာမှ တစ်နေရာ ရွေ့လျားသွားနေကြ၏။
သူတို့က နေရာပေါင်းများစွာ ပြောင်းလဲနေကြသော်လည်း မူလပုံစံအတိုင်းသာ ဆက်လက်ရှိနေခြင်းဖြစ်သည်။ သူတို့၏လှုပ်ရှားမှုက လှပပြီး ခန့်မှန်း၍ မရနိုင်ပေ။
“သေစမ်း.....”
မျက်နှာတစ်ရာ လူသတ်သမားက ရင်ထဲတွင် ကျိန်ဆဲနေ၏။ အကယ်၍ သူသာ နောက်ထပ် စက္ကန့်အနည်းငယ်ရခဲ့မည်ဆိုလျှင် ထိုကိုရင်လေးကို ပြန်လှည့်ပြီး သတ်မိပါလိမ့်မည်။
သို့သော် တစ်ကြိမ် တားဆီးလိုက်ပြီးနောက် ဓား၏ချွန်ထက်သော ဦးချွန်က သူ့ဆီကို နောက်တစ်ကြိမ် ချိန်ထားကြောင်း နားလည်သွားခဲ့၏။
သူ့ဘေးတွင် ရှိနေသော ချီကျန်းရန်ကလည်း ဓားရှည်ကို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်သည်။ ထိုအရာက ကောင်းကင်ပေါ်မှနေ၍ ကြယ်များ ကျဆင်းလာသလို ခံစားလိုက်ရပြီး မျက်နှာတစ်ရာ လူသတ်သမားကို လွှမ်းခြုံသွားခဲ့သည်။
ကျန်းယွင်ရှန်နှင့် ရှောင်လင်ဘုန်းတော်ကြီးများ ရောက်လာခဲ့သည့်အချိန်တွင် မျက်နှာတစ်ရာ လူသတ်သမားကတော့ နံရံကို ကျောပေးထားရသည်။
မုန့်ချီ၏ သိုင်းပညာက မျက်နှာတစ်ရာ လူသတ်သမားထက် အဆပေါင်းများစွာ နိမ့်ကျ၏။ ထို့ကြောင့် သူက ဓားစားခံအဖြစ် အဖမ်းခံရမည်ကို ကြောက်သည့်အတွက် နတ်ဘုရားခြေလှမ်း(၈)သွယ်ကို ကောင်းမွန်စွာ အသုံးပြုနေရသည်။
ထိုအရာကို အခွင့်ကောင်းယူပြီး သူလည်း ဓားကို ဆွဲထုတ်လိုက်ပြီး သတိလစ်သွားသော မျက်နှာတစ်ရာ လူသတ်သမားကို အငိုက်ဖမ်း၍ တိုက်ခိုက်လိုက်သည်။
မုန့်ချီ၏ ရင်ထဲတွင်တော့ စိုးရိမ်မှုများ ပြည့်နှက်နေခဲ့၏။ သူက လှည့်စားမှုများ ပြည့်နှက်နေသော မျက်နှာတစ်ရာ လူသတ်သမားနှင့် တစ်ရက်လုံး နေခဲ့သည်ကို စဉ်းစားလိုက်သည့်အခါ သူ့စိတ်ထဲတွင် သေချင်စိတ်ပင် ပေါ်လာခဲ့၏။ ထို့ကြောင့်မုန့်ချီကတော့ လက်တုံ့ပြန်ရန် အခွင့်အရေးကို အနည်းငယ်ပင် လွဲချော်လိုခြင်း မရှိချေ။
မျက်နှာတစ်ရာ လူသတ်သမား၏ ဇာတ်လမ်းများက အတော်လေးကို ဆိုးရွားလွန်းလှသည်။ သူက အပြစ်ပေးခြံဝန်းခေါင်းဆောင်၏ လက်ဝါးကို ရင်ဆိုင်လိုက်ရပြီး၊ ကျန်းကျိဝေ ၊ ကျန်းယွင်ရှန်နှင့် ချီကျန်းရန်တို့၏ ဓားချက်ကိုလည်း ရင်ဆိုင်လိုက်ရသည်။
ထိုအချိန်တွင် သူ၏ဆံပင်များက ရှုပ်ပွနေပြီး သွေးမရှိတော့သလို ဖြစ်နေ၏။ သူက လွတ်မြောက်ရန် မျှော်လင့်ချက် မရှိကြောင်းလည်း သိနေသည်။
ထိုအရာကို မြင်သည့်အခါ မုန့်ချီကလည်း လှုပ်ရှားလိုက်၏။ သူ့ဓားက ထိုလူ၏ နောက်ကျောတွင် ဒဏ်ရာတစ်ခု ဖြစ်စေခဲ့သည်။
မျက်နှာတစ်ရာ လူသတ်သမားကတော့ သူ၏ခန္ဓာကိုယ်ကို ထိန်းထားနိုင်ခြင်း မရှိတော့ချေ။ မြေပေါ်သို့လဲကျသွားပြီး သူ၏သွေးကြောများကို အပိတ်ခံလိုက်ရ၏။
“အော်မီတော်ဖော်......”
“ဒကာကြီးကွမ်…
ငါတို့တွေ မတွေ့ရတာ ဘယ်လောက်တောင် ကြာနေပြီလဲ။ (၁၀)နှစ်တောင် ကြာခဲ့ပြီပဲ။ ငါက မင်းကိုမမှတ်မိတာ ငါ့ရဲ့အမှားပဲ…”
ရှင်းကျိ၏ မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်နေပြီး မည်သူ၏ အကူအညီမျှမပါဘဲ ရှေ့ထွက်လာခဲ့သည်။
မျက်နှာတစ်ရာ လူသတ်သမားက ဖမ်းဆီးခံလိုက်ရပြီ ဖြစ်သည့်အတွက် သူ့အသက်ကို ချမ်းသာပေးရန် တောင်းဆိုခြင်းကလည်း အရေးမပါကြောင်း သိနေသည်။ သူက ခေါင်းမော့ပြီး အားရပါးရရယ်လိုက်၏။
“ဟားးးးဟားးးးးဟားးးးးး
ကျောင်းထိုင်က အသက်ကြီးလို့ တော်တော်လေးကို အားနည်းနေပြီပဲ။ အရင်တုန်းကလို သူရဲကောင်းတစ်ယောက် မဟုတ်တော့ဘူး...။ ဒါပေမယ့် တပ်မှူးကြီးကတော့ ဆရာတော်ကို အရမ်းသဘောကျနေတယ်.။ တပ်မှူးကြီးက ရှောင်လင်ကိုယ်တော်တွေကို ထွက်သွားဖို့ အမိန့်ပေးလိုက်တယ်.။တကယ်လို့ တပ်မှူးကိုယ်တိုင် ရောက်လာမယ်ဆိုရင် ဒီရှောင်လင်ကျောင်းတော်က အရင်ဆုံး ပျက်စီး သွားရမှာပဲ ..။ အဲဒီနေ့ညရင် ကမ္ဘာမြေကြီးပေါ်မှာ မီးဟုန်းဟုန်းတောက်နေလိမ့်မယ်..”
“မကောင်းဆိုးဝါးတွေက လူသားတွေကို စားသုံးမယ့်အဖြစ်မျိုး ငါက လုံးဝ ကြည့်မနေနိုင်ဘူး ..."
ရှင်းကျိက ထိုစကားများကို တည်ငြိမ်စွာ ပြောလိုက်သည်။
"တပ်မှူး စိုးရိမ်နေတာက ဆရာတော်တစ်ယောက်ပဲ ရှိတယ်..။ အခု ဆရာတော် ဒဏ်ရာ ရသွားပြီဆိုတော့ ဘယ်သူက တပ်မှူးကို တားဆီးနိုင်ဦးမှာလဲ....။ ပြီးတော့ တောင်တန်းတံခါးရော ရှိသေးရဲ့လား .၊ သူတို့တွေထဲမှာ သာမန်ပညာရှင်တွေ ၊ ရဲမက်တွေပဲရှိတယ်....။ ဒါပေမယ့် တပ်မှူးဆီမှာတော့ အရာအားလုံးကို ဖျက်စီးပစ်နိုင်တဲ့ အစွမ်းမျိုးရှိတယ် ...”
မျက်နှာတစ်ရာ လူသတ်သမားက ကျောင်းထိုင်ကိုယ်တော်ကို ခြောက်လန့်ရန် ကြိုးစားနေကြသည်။
“ကျောင်းထိုင်ကိုယ်တော်က နှစ်သန်းပေါင်းများစွာ အမွေဆက်ခံလာခဲ့တဲ့ ရှောင်လင်ကျောင်းတော်ကို ဖျက်စီးခွင့်မပေးသင့်ဘူး ...."
မုန့်ချီက ခေါင်းညိတ်လိုက်မိသော်လည်း မျက်နှာတစ်ရာ လူသတ်သမား၏ စကားကို လုံးဝ လက်မခံနိုင်ပေ။ သူပြောသည့်အရာထဲတွင် တစ်ခုတော့ မှန်ကန်နေခဲ့သည်။ သို့သော် ပြိုင်ဘက်ကင်းဆရာကြီးတစ်ယောက် ရှိနေသည့် အချိန်တွင် အကျဉ်းဆုံးတောင်တန်းတံခါးကလည်း အသုံးဝင်လိမ့်မည် မဟုတ်ချေ။
ထိုပညာရှင်က သေချာပေါက် ဖြတ်သန်းလာမည်ဖြစ်ပြီး အစောင့်များကို သတ်၍ သူ၏ လမ်းကြောင်းကို ဖွင့်လာပါလိမ့်မည်။
"အော်မီတော်ဖော် ....
မင်းက ဘာမှပြောစရာမလိုပါဘူး...။ ရှောင်လင်ရဲ့အမွေအနှစ်တွေက စိတ်ထဲမှာပဲ ရှိနေတာ ...."
ရှင်းကျိက ပြောလိုက်ပြီး သူ့လက်က မျက်နှာတစ်ရာ လူသတ်သမား၏ ခေါင်းပေါ်သို့ ကျရောက်လာခဲ့သည်။
"ငါက တိုက်ပွဲနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ ဘယ်အရာကိုမှ ထိန်းမထားနိုင်ဘူး..။ ဆရာတော်က ကျုပ်ကို သတ်မယ်လို့ မယုံနိုင်ဘူး ...."
မျက်နှာတစ်ရာ လူသတ်သမားက အလွန်ထိတ်လန့်ကြောက်ရွံ့သွားခဲ့သည်။ ကျန်းကျိဝေနှင့် ကျန်းယွင်ရှန်းတို့က သူ့ကို မသတ်ရန် တားဆီးလိမ့်မည်ဟု သူက မျှော်လင့်နေခဲ့သည်။ အများဆုံး သူ၏သိုင်းပညာကိုသာ ဖျက်စီးပစ်မည်ဟုသာ တွေးခဲ့မိ၏။
"မင်းတို့ရဲ့စည်းကမ်းတွေ ၊ ဓမ္မလမ်းညွှန်တွေက ဘယ်ကိုရောက်သွားပြီလဲ ....။ တပ်မှူးက လာနေပြီ....။ မင်းတို့အားလုံး သေရလိမ့်မယ်...."
"အော်မီတော်ဖော် ....
ဗုဒ္ဓက သနားကြင်နာတတ်တဲ့ နှလုံးသားရှိတဲ့ အပြင် မကောင်းတဲ့သူတွေကိုလည်း သုတ်သင်ရှင်းလင်းပေးတယ်...."
ရှင်းကျိက အလွန်တည်ငြိမ်စွာ ပြောလိုက်ပြီး သူ၏လက်ဝါးနှင့် မျက်နှာတစ်ရာ လူသတ်သမား၏ ခေါင်းကို ညင်သာစွာ ရိုက်လိုက်သည်။ မျက်စိတမှိတ်အတွင်း မျက်နှာတစ်ရာ လူသတ်သမားက မျက်လုံးပြူး၍ မြေပေါ်သို့ ဖြည်းညင်းစွာ လဲကျသွားခဲ့၏။
ထိုဘုန်းတော်ကြီးကလည်း ကိုယ်ပိုင်နှလုံးသားနှင့် အတွေးအခေါ်ရှိနေသော ဘုန်းတော်ကြီးတစ်ပါးဖြစ်ကြောင်း ခံစားမိသည့်အတွက် မုန့်ချီက စကားပြောရန် ပြင်လိုက်စဉ် ဗုဒ္ဓရုပ်ပွားတော်ကြီး၏အပြုံးကို ရုတ်တရက် တွေ့လိုက်မိသည်။ ထိုအချိန်တွင် လေထဲ၌ စကားလုံးများ ပြောင်းလဲလာခဲ့၏။
"သီးခြားတာဝန် (၁) ....
ရန်သူအဖွဲ့ရဲ့ သဘာဝပညာရှင် (၄)ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ မျက်နှာတစ်ရာ လူသတ်သမားကို သတ်လိုက်တဲ့အတွက် ကျန်းကျိဝေက ကံကြမ္မာအမှတ် (၃၀)ရမယ် ။ ကျန်းယွင်ရှန်နဲ့ ကျန်းတင်တို့က တစ်ယောက်ကို ကံကြမ္မာအမှတ်(၂၀)ဆီ ရမယ်. ။ ချီကျန်းရန်နှင့် ဝမ်ကျင်းတို့က ကံကြမ္မာအမှတ် (၁၀)မှတ်ဆီ ရမယ် ...”
“သီးခြားတာဝန်ဖော်ပြချက် …
ရန်သူအဖွဲ့ထဲမှာ ရှိတဲ့ သဘာဝအဆင့် ပညာရှင် (၄)ယောက်ကို သတ်ရမယ်...။ ဒီတာဝန်ကို ပြီးဆုံးအောင် လုပ်နိုင်တဲ့သူတွေက အခက်အခဲပေါ် မူတည်ပြီး သင့်တော်တဲ့အမှတ်တွေ ရမယ် ..”
“သီးခြားတာဝန် (၂) .
တပ်မှူးဒိုအာချာကို သတ်ရမယ် ....။ တိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ပြီး အောင်မြင်တဲ့သူတွေက လုပ်ဆောင်မှုပေါ် မူတည်ပြီး ကံကြမ္မာအမှတ် (၅၀)ကနေ (၂၀၀)အထိ ရနိုင်မယ် ....."
မုန့်ချီက အလွန် အံ့ဩသွားခဲ့သည်။
"ဒါကလည်း သီးခြားတာဝန်ပဲလား ...."
ထိုအချိန်တွင် ကျန်းယွင်ရှန်က သူနှင့် ချီကျန်းရန်တို့ကို ကြည့်ပြီး တိတ်တဆိတ် လှမ်းပြောလိုက်သည်။
"ငါက မင်းတို့နှစ်ယောက်ကို တိတိကျကျပြောဖို့ အချိန်မရှိခဲ့ဘူး .။ ငါက ကွမ်ဟောင်ရန်ကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ အချိန်ကတည်းက ဒီတာဝန်က စနေတာ ...။ ပထမဆုံး ငါတစ်ယောက်တည်း လှုပ်ရှားခဲ့တဲ့အတွက် ငါ့ရဲ့အစွမ်းအရ ကံကြမ္မာအမှတ်(၅၀)ရခဲ့တယ် ..။ တကယ်လို့ ညီလေးကျန်းတင်ကသာ တာဝန်ကို သီးခြားလုပ်ဆောင်ခဲ့မယ်ဆိုရင် ကံကြမ္မာအမှတ် (၁၀၀)လောက် ရနိုင်တယ်...."
မုန့်ချီက ခေါင်းညိတ်ပြလိုက်သည်။ သို့သော် လက်ရှိအခြေအနေတွင် မည်သည့်မေးခွန်းကိုမျှမမေးနိုင်ခဲ့ပေ။ သူက ရှင်းကျိ ပြောမည့်စကားကိုသာ စောင့်နေခဲ့သည်။
မျက်နှာတစ်ရာ လူသတ်သမား၏ အလောင်းကို ကြည့်ပြီး ရှင်းကျိက စကားပြောရန် ပြင်လိုက်စဉ် မျက်ခုံးဖြူကိုယ်တော်တစ်ပါးက သူ့နောက်တွင်ပေါ်လာပြီး မုန့်ချီတို့ကို လက်ညှိုးထိုးပြလိုက်သည်။
"မင်းတို့တွေက သူလျှိုတွေပဲ...။ မင်းတို့က မျက်နှာတစ်ရာ လူသတ်သမားကို ကျောင်းတော်ထဲ ခေါ်လာပြီး ကျောင်းထိုင်ကို ဒဏ်ရာရအောင် လုပ်ခဲ့တယ်..။ မင်းတို့တွေမှာ ဘယ်လိုကောက်ကျစ်တဲ့အကြံတွေ ရှိနေတာလဲ....."
ကျောင်းထိုင်နှင့် အကြီးအကဲများက တစ်ယောက်ပြီး တစ်ယောက် ရှေ့တက်လာကြပြီး မုန့်ချီတို့ကို အရှင်လတ်လတ် ဝါးစားတော့မလို ခံစားနေရသည်။ ကျန်းယွင်ရှန်က ရှင်းမပြနိုင်သေးခင် ရှင်းကျိက အကျီလက်ကို ဝှေ့ယမ်းပြီး ပြောလိုက်၏။
"ဘာမှပြောနေဖို့ မလိုပါဘူး ..။ ဒီဒကာလေးတွေက သူလျှိုတွေ မဟုတ်ကြဘူး။ သူတို့တွေကလည်း မျက်နှာတစ်ရာ လူသတ်သမားရဲ့ လှည့်စားမှုကို ခံခဲ့ရတာ..။ တကယ်လို့ သူတို့သာ သူလျှိုတွေဆိုရင် မျက်နှာတစ်ရာ လူသတ်သမား တိုက်ခိုက်တဲ့အချိန်မှာ ဒကာကြီးကျန်းနဲ့ ဒကာမလေးကျန်းတို့က တိုက်ခိုက်တဲ့အတွက် ငါလည်း သေရလိမ့်မယ် ....."
ထိုစကားက ကျိုးကြောင်းသင့်လျော်မှု ရှိသည့်အတွက် သူတို့၏ စိတ်လှုပ်ရှားမှုများက တည်ငြိမ်သွားခဲ့သော်လည်း မျက်ခုံးဖြူကိုယ်တော်ကတော့ အလွန်ခေါင်းမာနေသေးသည်။
"ဒီဒကာတော်တွေရဲ့ အခြေအနေက မေးခွန်းထုတ်စရာ ရှိတယ် ..။ သူတို့တွေထဲမှာ နောက်ထပ်လှည့်ကွက်တွေ လုပ်ဆောင်ဖို့အတွက် မျက်နှာတစ်ရာ လူသတ်သမားလို တခြားတစ်ယောက်ယောက် ရှိနေဦးမလားဆိုတာ မသေချာဘူး ..။ ဒီတော့ ပူးပေါင်းသူတွေရဲ့အဆင့်အတန်းကို သေချာမသိရမချင်း သူတို့ကို ကျောင်းတော်ထဲမှာ နေခွင့်မပေးသင့်ဘူး ..”
“ဒါပေမယ့် ဒီကိစ္စက လာပြီး အကူအညီပေးတဲ့ အမှန်တရား ဘက်တော်သားတွေကို စိတ်ဓာတ်ကျသွားစေနိုင်တယ် ...."
သက်လတ်ပိုင်း ကိုယ်တော်တစ်ပါးက တွေဝေစွာ ပြောလိုက်သည်။
မျက်ခုံးဖြူဘုန်းတော်ကြီးက ခိုင်မာစွာ ပြောလိုက်၏။
"ကျောင်းထိုင်က တိုက်ခိုက်ခံရပြီး ဆိုးဆိုးရွားရွား ဒဏ်ရာရထားတယ် ..။ ငါတို့က နောက်ထပ်စွန့်စားမှုတွေ မလုပ်ချင်ဘူး .။ ပြီးတော့ အမှန်တရား ဘက်တော်သားတွေမှာလည်း လူရိုင်းအဖွဲ့ရဲ့သူလျှိုတွေ အများကြီး ရှိနေနိုင်တယ်။ ဒီတော့ သူတို့ကို ထွက်ခွာခိုင်းတာ ပိုပြီးကောင်းမယ်လို့ ထင်တယ် ..."
ဆရာကြီးရှင်းကျိက သက်ပြင်းချပြီး ကျန်းယွင်ရှန်ကို ကြည့်လိုက်သည်။
"ကိုယ်တော်တို့ရဲ့ ကျောင်းတော်ထဲမှာ ဆွေးနွေးစရာလေးတွေ ရှိနေသေးတယ် ။ ဒီကိစ္စတွေကို ဒကာလေးတို့ နားထောင်ဖို့ အဆင်မပြေဘူး .။ ဒီတော့ ဒကာလေးတို့က အရင်ဆုံး ပြန်သွားဖို့ အကြံပေးချင်တယ် ....။ ဆွေးနွေးပြီးသွားရင်တော့ ရလဒ်ကို သတင်းပေးပါ့မယ် ...."
ထိုဆုံးဖြတ်ချက်က မမျှတသလို ခံစားရသော်လည်း ကျန်းယွင်ရှန်၊ ကျန်းကျိဝေနှင့် တခြားလူများကတော့ ဘုန်းတော်ကြီးများကို ဆန့်ကျင်၍ မရနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့က ဂိုဏ်းကြီးများမှ ဖြစ်ပြီး အသက်ငယ်ရွယ်ခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် သူတို့က ကီပိချန်၏ ခန္ဓာကိုယ်ကို သယ်ဆောင်ပြီး တောင်ခြေသို့ ပြန်ဆင်းလာခဲ့ကြ၏။
မုန့်ချီနှင့် တခြားသူများကို စကားလုံးဝ မပြောခဲ့သော ဝမ်ကျင်းကတော့ တောင်ကြားလမ်းကို ဖြတ်ကျော်လာပြီး ရုတ်တရက် ပြောလိုက်သည်။
"ငါတို့တွေ အားလုံးကို ကျောင်းတော်ထဲကို ဝင်ခွင့်မပေးဘူးဆိုရင် ငါတို့က တောင်ခြေမှာ နေရင်ကော ဘယ်လိုလဲ ...."
ကျန်းယွင်ရှန်က ခဏကြာ တိတ်တဆိတ်စဉ်းစားနေခဲ့သည်။
"ဒါက အဆင်ပြေတဲ့ ဆွေးနွေးမှု ဖြစ်ပါစေလို့ မျှော်လင့်ရမှာပဲ.။ ငါတို့က တောင်ခြေမှာ နေပြီး ရှောင်လင်ကျောင်းတော်ကို ကာကွယ်ပေးရမယ်...။ ညီလေးကျန်းတင်..မင်းက ရှောင်လင်ကျောင်းတော်ရဲ့ လျှို့ဝှက်လမ်းကြောင်းကို သိတယ် မဟုတ်လား...."
ရှောင်လင်ကျောင်းတော်ကို သာမန်လမ်းကြောင်းမှ သွားရမည့်အစား သူကတော့ လျှို့ဝှက်လမ်းကြောင်းမှ ဝင်ရန် စဉ်းစားထားခဲ့သည်။ ထို့ပြင် ဤနေရာက ပင်မကမ္ဘာကြီးထဲရှိ ရှောင်လင်ကျောင်းတော်နှင့် တိတိကျကျ တူညီနေသည့်အတွက် မုန့်ချီကို မေးခြင်းက အမှန်ကန်ဆုံး ရွေးချယ်မှု ဖြစ်သည်။
"ကျွန်တော်က ကျောင်းတော်ထဲကို ရောက်တာ တစ်နှစ်ပဲ ရှိသေးတယ်...။ လျှို့ဝှက်လမ်းကြောင်းကို ဘယ်လိုလုပ်ပြီး သိမှာလဲ..."
မုန့်ချီက ပြန်ဖြေလိုက်သည်။
သို့သော် ချီကျန်းရန်ကတော့ အသံတိုးတိုးနှင့် ပြောလိုက်၏။
"လူရိုင်းတပ်ဖွဲ့က တောင်ကြားကို ဖြတ်လာတဲ့အချိန်မှာ ငါတို့က ရှောင်လင်ကျောင်းတော်ကို ခိုးဝင်လို့ရတယ်...။ ဒါပေမယ့် အဲဒီအချိန်က စပြီး ငါတို့က ပိုပြီးဂရုစိုက်ရလိမ့်မယ်..."
ကျန်းယွင်ရှန်က သက်ပြင်းချလိုက်သည်။
"ဆရာကြီးရှင်းကျိက ဆိုးဆိုးဝါးဝါး ဒဏ်ရာရနေတယ်ဆိုတော့ ရှောင်လင်ရဲ့ ဆုံးဖြတ်ချက်က တော်တော်လေး မြန်ပါလိမ့်မယ်..။ သူတို့က အလားအလား ရှိတဲ့ တပည့်တွေကို ကျမ်းစာတွေ၊ ဗုဒ္ဓအမွေအနှစ်တွေနဲ့ အဖိုးတန် ပစ္စည်းတွေ သယ်ပြီး တိတ်တဆိတ် ထွက်သွားခိုင်းလိမ့်မယ် ..။ အဲဒီအချိန်ကျရင် ငါတို့တွေက သူလျှို ဟုတ်ဟုတ် မဟုတ်ဟုတ် ကိစ္စမရှိတော့ဘူး ..။ သူတို့က ဝင်လာခိုင်းမှာပဲ ..."
"အရာအားလုံးက အစ်ကိုကြီးကျန်း ပြောတဲ့အတိုင်းဖြစ်ပါစေလို့ မျှော်လင့်ရတာပဲ ...."
ချီကျန်းရန်က ခေါင်းညိတ်၍ ထောက်ခံလိုက်သည်။
ထိုအခါ တစ်ချိန်လုံး တိတ်ဆိတ်နေသော ကျန်းကျိဝေက ရုတ်တရက် ဝင်ပြောလိုက်၏။
"တကယ်လို့ ငါတို့က ပင်မတာဝန်ကို ပြီးဆုံးဖို့ ကျောင်းဆောင်ထဲကို မဝင်နိုင်ဘူးဆိုရင် ဒိုအာချာကို သတ်ဖို့ အကောင်းဆုံး ကြိုးစားရမယ် ..။ ဒါဆိုရင် ငါတို့တစ်ယောက်ချင်းဆီက ကံကြမ္မာအမှတ် (၅၀)ဆီ ရနိုင်တဲ့အတွက် အရင်စုဆောင်းထားတဲ့ အမှတ်တွေနဲ့ဆိုရင် တာဝန်ကျဆုံးမှုအတွက် ပြန်ပေးဖို့ လုံလောက်တယ်...."
ကျန်းကျိဝေ၏ အတွေးက အလွန်ရိုးရှင်းလှသည်။ မုန့်ချီကတော့ စိတ်ထဲတွင် တီးတိုးပြောလိုက်မိ၏။
ထိုအချိန်တွင် ကျန်းယွင်ရှန်က အလွန်တည်ငြိမ်စွာ ပြောလိုက်သည်။
"မျက်နှာတစ်ရာ လူသတ်သမားက ရှန့်ဟွေရဲ့နေရာမှာ အစားဝင်နေလိမ့်မယ်လို့ ငါလည်း မထင်ထားဘူး ....။ ငါတို့က သံသရာကမ္ဘာကြီးအကြောင်း အများကြီး ပြောခဲ့ကြတယ် ..။ ဒါပေမယ့် ဘာလို့ သူက ငါတို့ကို မတိုက်ခိုက်ခဲ့ရတာလဲ ..”
“သံသရာအရှင်သခင်က မျက်နှာတစ်ရာ လူသတ်သမားရဲ့ အကြားအာရုံကို ထိန်းချုပ်ထားတာလည်း ဖြစ်နိုင်တယ်လေ ..။ ဘယ်လိုပဲဖြစ်ဖြစ် သူက ငါတို့ကို သူလျှိုအကြောင်း သတိပေးမထားဘူး ..။ ဒီတော့ဒီကိစ္စအတွက် ငါတို့ကို အပြစ်တင်လို့လည်း မရနိုင်ဘူး ....."
မုန့်ချီက ခန့်မှန်းပြောလိုက်သည်။
ထိုအရာက တစ်ခုတည်းသော ဖြစ်နိုင်ချေ ဖြစ်သည်။ မျက်နှာတစ်ရာ လူသတ်သမား သေဆုံးသွားသည့်အချိန်တွင် မုန့်ချီနှင့် တခြားသူများကတော့ ရှင်းပစ်ခံရခြင်း မရှိခဲ့ချေ။
သူတို့က ဆွေးနွေးနေရင်း တည်းခိုဆောင်ကို ပြန်ရောက်လာကြပြီး အခြေအနေက အတော်လေးကို တိတ်ဆိတ်ငြိမ်သက်နေခဲ့၏။
"ဓားသမားဝေ့က ဘာတွေဖြစ်နေတာလဲ ...”
မုန့်ချီက ဝေ့ဝူကျိကို လက်ပြလိုက်သည်။
ဝေ့ဝူကျိက အလျင်အမြန်ရောက်လာပြီး ကျန်းယွင်ရှန်ကို ကြည့်လိုက်၏။ သူက အလွန်ထိတ်လန့်ကြောက်ရွံ့နေသည့် အမူအရာနှင့် ပြောလိုက်သည်။
"သခင်လေး ကျန်း ...
ခေါင်းဆောင်လင်းက အသတ်ခံလိုက်ရပြီ ...."
"ဘယ်လို ...."
ကျန်းယွင်ရှန်က အလွန်တည်ငြိမ်သော်လည်း အံ့ဩမှုကို ထိန်းထားနိုင်ခဲ့ခြင်း မရှိချေ။ သူနှင့် အရက်တူတူသောက်ခဲ့သော လင်းပိုင်ရွှယ်က အမှန်တကယ် အသတ်ခံလိုက်ရခြင်းပေလော။
"ဟုတ်တယ် ...၊ ခေါင်းဆောင်းလင်းက လေ့ကျင့်ပြီးသွားတဲ့အချိန် သူရဲ့ အစေခံလေးက သန့်ရှင်းရေးလုပ်ဖို့ ဝင်သွားခဲ့တယ် ..။ အဲဒီအချိန်မှာပဲ ခေါင်းဆောင်းလင်းက အိပ်ယာပေါ်မှာ ထူးထူးခြားခြား သေနေတာကို တွေ့ခဲ့တာပဲ...."
ဝေ့ဝူကျိက အလွန်အံ့ဩနေသည့် အမူအရာနှင့်ပြောလိုက်သည်။
"ငါတို့ကို ခေါ်သွားပေး ..."
ကျန်းယွင်ရှန်က အမိန့်ပေးလိုက်၏။
ထိုအရာက ထူးဆန်းနေကြောင်း ခံစားမိသည့်အတွက် မုန့်ချီကလည်း ငြင်းဆန်နေခြင်း မရှိချေ။ သူလည်း သူတို့နှင့်အတူ ဒုတိယထပ်သို့ လိုက်သွားပြီး လင်းပိုင်ရွှယ်၏ အခန်းထဲသို့ ဝင်သွားခဲ့၏။
အခန်းထဲတွင် လင်းပိုင်ရွှယ်က အိပ်ယာပေါ်၌ တိတ်တဆိတ် လဲကျနေပြီး သူ၏မျက်နှာအမူအရာက အလွန်တည်ငြိမ်အေးချမ်းနေခဲ့သည်။ နှုတ်ခမ်းလေးများကပင် ပြုံးနေသည့်အတွက် နာကျင်မှု မရှိသည်မှာ သိသာ၏။
သို့သော် လည်ပင်းအောက်တွင် ရှိနေသော အရေပြားနှင့် ကြွက်သားများက ကျုံ့နေသည်မှာ ဖုတ်ကောင်ကြီး တစ်ကောင်ကဲ့သို့ဖြစ်နေသည်။ ထိုအရာများ အားလုံးက အတော်လေးကို ထိတ်လန့်စရာ ကောင်းလွန်း၏။
"ဒီလို သေဆုံးမှုကို တော်တော်လေး ရင်းနှီးနေတယ် .။ ဒါပေမယ့် တစ်ထပ်တည်းတော့ မဟုတ်ဘူး ...."
ကျန်းယွင်ရှန်က ကျန်းကျိဝေကို ဇဝေဇဝါ ကြည့်လိုက်၏။
ကျန်းကျိဝေကလည်း ခေါင်းညိတ်ပြလိုက်ပြီး တူညီစွာ ခံစားမိလိုက်သည်။
"ဗုန်း ...."
ရုတ်တရက်ဆိုသလို သူတို့၏နောက်ဘက်တွင် ရှိနေသော တံခါးဆီမှ ကျယ်လောင်သော အသံတစ်ခုကို ကြားလိုက်ရ၏။
မုန့်ချီနှင့် တခြားသူများက ပြန်လှည့်ကြည့်လိုက်ရာ မိန်းကလေးကျိက ဖြူဖပ်ဖြူရော်မျက်နှာ ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ သူမက နံရံကို တိုက်မိသွားခဲ့သော်လည်း မည်သည့်အရာကိုမျှ မခံစားရသလို ထင်မှတ်ရသည်။
"ရှောင်စန်း ... ရှောင်စန်း ရောက်လာပြီ ..."
သူမကတော့ အိပ်မက်ဆိုးထဲကို ရောက်နေသည့်အလား ခေါင်းခါ၍ ကျယ်လောင်စွာ အော်ဟစ်နေခဲ့၏။
Translated by Hein Htet