အခန်း (၃၆)
Vol. 3 Ch. 36
မြေခွေးစစ်သည်တော် (၅၀)ခန့်က အရပ်တစ်ဝက်ခန့် ရှိသော ဓားများကို ကိုင်ပြီး မြင်းကို တဟုန်းထိုး စီး၍ ထွက်သွားခဲ့ကြသည်။ သူတို့၏လက်ကို ဝှေ့ယမ်းလိုက်သည့် အချိန်တိုင်း ခေါင်းနှင့်ခန္ဓာကိုယ်က နှစ်ပိုင်းပြတ်၍ သွေးများ ဖြာကျလာကြ၏။
ထိုစစ်သည်တော်များက ကိုယ်ဖော့ပညာကို လေ့ကျင့်ထားကြသော်လည်း တဟုန်ထိုးပြေးနေသော လူများကို မြင်းပေါ်မှ ဖမ်းရန် လုံးဝ မဖြစ်နိုင်သေးပေ။ သူတို့က ဒိုအာချာ၏ ဖိအားကြောင့်သာ တက်ကြွစွာ တိုက်ခိုက်နိုင်စွမ်း ရှိနေကြခြင်း ဖြစ်သည်။
အော်သံများကလည်း ဆူညံပွက်လော ရိုက်နေသည်မှာ ငရဲကျနေသည့်ပမာ ထင်မှတ်ရ၏။ အကယ်၍ မြေခွေး စစ်သည်တော်များ သတ်ရမည့်သူက အလွန်များပြားနေခြင်းကြောင့်သာ မဟုတ်လျှင် သိုင်းပညာရှင်များအားလုံး ရှင်းပစ်ခံရနိုင်သည်။
သတ်ပစ်ခံနေရသည့်အတွက် သူတို့က ကြောက်လန့်နေကြသည့်အပြင် တောင်ခြေကိုလည်း ထွက်ပြေးလိုခြင်း မရှိချေ။ သူတို့ကတော့ မြေမျက်နှာသွင်ပြင် အခြေအနေကို အခွင့်ကောင်းယူပြီး ထွက်ပြေးရန်သာ ကြိုးစားနေကြ၏။ မြေခွေးစစ်သည်တော်များကတော့ သူတို့၏နောက်မှ လိုက်သွားသည့်အတွက် နေရာအသီးသီး လူကွဲသွားကြသည်။
စစ်သည်တော် (၁၀)ယောက်ဝန်းကျင်ခန့်က တည်းခိုဆောင်ဆီသို့ ရောက်လာသည့်အချိန်တွင် မုန့်ချီတို့ကို တွေ့သွားခဲ့သည်။ သူတို့ကတော့ ရှောင်လင်ကျောင်းတော်ထဲသို့ ဝင်သွားရန် စီစဉ်နေကြခြင်းဖြစ်၏။
မုန့်ချီကိုယ်တိုင်က မြေခွေးစစ်သည်တော် တစ်ယောက်၏ ဓားနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်ရ၏။ အလွန်ကြမ်းတမ်းရက်စက်သော စစ်သည်တော်များက သူတို့၏မြင်းများနှင့် ဝိုင်းရံတိုက်ခိုက်နေကြသည့်အချိန်တွင် သူ၏သံချပ်ဝတ်အကျီကို အသုံးချ၍ မရနိုင်ကြောင်း မုန့်ချီက တွေးလိုက်မိ၏။ အကယ်၍ သူက တခြားသူများကဲ့သို့ နှစ်ပိုင်း ပြတ်သွားခြင်း မရှိလျှင်ပင် အကောင်းအတိုင်း လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။
သူက တည်းခိုဆောင်ထဲမှ ထွက်လာသည့်အချိန်တွင် မြေခွေးစစ်သည်တော်များ၏ တိုက်ခိုက်မှုကို သတိထားနေပြီး တန်ပြန်တိုက်ခိုက်ရန် နည်းလမ်းကို ရှာဖွေနေခဲ့သည်။ သို့သော် အချိန်အကြာကြီး စဉ်းစား၍ မရနိုင်ပေ။ သူ့စိတ်ထဲ၌ အဖြေမရသေးခင် ခန္ဓာကိုယ်က လှုပ်ရှားပြီးသွားပြီဖြစ်သည်။
မုန့်ချီကတော့ ရပ်လိုက် ၊ လှိမ့်လိုက်နှင့် ဓားများကြားထဲမှ ရှောင်တိမ်းနေပြီး သူ၏ ဓားနှင့် မြင်းခြေထောက်ကို ဖြတ်ပစ်ရန် အခွင့်အရေး ရှာတွေ့သွားခဲ့၏။ မြင်းက နာကျင်စွာ အော်ဟစ်လိုက်ပြီး နောက်ကျောတွင် ရှိနေသော စစ်သည်တော်ကို ခါချလိုက်သည်။
ထိုအချိန်တွင် မုန့်ချီက သူ၏ ဓားနှင့် စစ်သည်တော်၏ ခေါင်းကို ထက်ခြမ်းခွဲရန် ကြိုးစားလိုက်သည်။
"ချွမ် ....."
ကျယ်လောင်သောအသံနှင့်အတူ မုန့်ချီ၏ဓားက ထိုမြေခွေး စစ်သည်တော်၏ သံချပ်ဝတ် ဦးထုပ်ကို တိုက်ခိုက်မိလိုက်သည်။ စစ်သည်တော်ကတော့ ခေါင်းမှခြေဖျားထိ သံချပ်ဝတ်များ တစ်ကိုယ်လုံး ဝတ်ဆင်ထားပြီး ထိုအရာများက သန့်စင်လက်နက်များ ဖြစ်ပုံရသည်။
သူ၏ဓားကတော့ အကောင်းဆုံးလက်နက်တစ်ခု မဟုတ်သေးပေ။ အစွမ်းကုန် တိုက်ခိုက်လိုက်မှသာ ထိုသံချပ်ဝတ်ဦးထုပ်ပေါ်၌ အက်ကွဲကြောင်းလေးတစ်ခု ပေါ်လာစေနိုင်သည်။
တိုက်ခိုက်မှုကြောင့် မူးဝေသွားသော စစ်သည်တော်၏ အနီရောင်မျက်လုံးထဲတွင် တုန့်ပြန်မှု မရှိချေ။ သူက ရှေ့ထွက်လာပြီး စက်ရုပ်တစ်ရုပ်သဖွယ် ဓားကို ဝှေ့ယမ်းတိုက်ခိုက်လိုက်၏။
မုန့်ချီကတော့ နတ်ဘုရားခြေလှမ်း (၈)သွယ်ကိုသုံးပြီး စစ်သည်တော်၏ ညာဘက်ကို ခုန်ရှောင်လိုက်သည်။ ထို့နောက် သူ့ဓားနှင့် နှေးကွေးစွာ တိုက်ခိုက်နေသော စစ်သည်တော်၏ ရင်ဘတ်ကို ထိုးစိုက်လိုက်ပြန်၏။
ထိုအချိန်တွင် အသံတစ်ခု ထွက်ပေါ်လာပြန်သည်။ သူ့ဓားချက်က စစ်သည်တော်၏ သွေးသားကို ထိခိုက်စေနိုင်ခြင်း မရှိသည့်အပြင် မုန့်ချီ၏ ဘယ်ဘက်ပုခုံးတွင် ဓားခုတ်ရာ တစ်ချက် ခံလာရသည်။
"ကြည့်ရတာ သူ့ရဲ့သံချပ်ဝတ်အင်္ကျီကျင့်စဉ်က ငါ့ထက် ပိုပြီးအဆင့်မြင့်တယ် ထင်တယ်…."
မုန့်ချီက တီတိုးရေရွတ်လိုက်မိသည်။
ကျန်းမြောင်နှင့် တိုက်ခိုက်နေစဉ် သူလုပ်ခဲ့သော နည်းလမ်းများကြောင့် သူ၏လက်ရှိအခြေအနေကို လျင်မြန်စွာ ကောက်ချက်ချနိုင်ခဲ့သည်။ သူက နတ်ဘုရား ခြေလှမ်း (၈)သွယ်ကို အသုံးပြုပြီး စစ်သည်တော်၏ မျက်လုံးနေရာကို တိုက်ခိုက်ရန် အခွင့်အရေး ရှာဖွေနေခဲ့၏။ ထိုသို့ဆိုလျှင် စစ်သည်တော်က မုန့်ချီကို ထိနိုင်ခြင်း မရှိချေ။
သူက ဒေါသတကြီး အော်ဟစ်လိုက်ပြီး အနီးနားတွင် ရှိနေသော စစ်သည်တော်များကို လှမ်းခေါ်၍ ဝင်္ကပါပုံသဏ္ဍာန် ဖန်တီးချင်နေခဲ့၏။
မြေခွေးစစ်သည်တော်များက မွေးလာသည့် အချိန်ကတည်းကစပြီး အလွန်ကြောက်စရာကောင်းသော သတ်ဖြတ်ရေး လက်နက်များနှင့် လေ့ကျင့်ထားကြခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့က လျှို့ဝှက်လေ့ကျင့်ပြီးသွားသည့် အချိန်တွင် အလွန်လေးလံသော ချပ်ဝတ်အင်္ကျီကို ဝတ်ဆင်နိုင်သည့် အစွမ်းမျိုး ရှိနေကြသည်။
သူတို့ဆီတွင် နာကျင်မှုနှင့် ကြောက်ရွံ့မှုလည်း မရှိကြပေ။ သို့သော် ဖြည်းညင်းစွာ လှုပ်ရှားနိုင်ခြင်းက သူတို့၏ အားနည်းချက် ဖြစ်နေခဲ့၏။ သို့သော် ထိုအားနည်းချက်ကို ပူးပေါင်းတိုက်ခိုက်ခြင်းဖြင့် ဖြည့်ဆည်းပေးနိုင်ကြသည်။
ထို့ကြောင့်လည်း ဒိုအာချာက (၃)ယောက်မှ (၅)ယောက် တိုက်ပွဲဝင်္ကပါများကို ဖန်တီးပေးထားခဲ့ခြင်းဖြစ်သည်။ သူ၏အနီးနားတွင် ရှိနေသော စစ်သည်တော်များက စုစည်းနိုင်ခြင်း မရှိခင် တစ်ယောက်ပြီး တစ်ယောက် တိုက်ခိုက်ခံလိုက်ရသည်မှာ ကံဆိုးသွား၏။
ကျန်းကျိဝေက သူမ၏ဓားကိုသုံးပြီး စစ်သည်တော်တစ်ယောက်၏ မျက်လုံးကို ထိုးစိုက်လိုက်သည်။ ကျန်းယွင်ရှန်ကတော့ ခုခံမှုကို ပြီးပြည့်စုံစွာ လုပ်ဆောင်နေပြီး တစ်ကြိမ် တိုက်ခိုက်လိုက်သည့်အချိန်တိုင်း စစ်သည်တော်တစ်ယောက် နောက်ပြန်ဆုတ်သွားကြရ၏။
ချီကျန်းရန်ကလည်း အဆုံးမဲ့ပြောင်းလဲခြင်း မြူခိုး(၁၃)သွယ်ကို အားကိုးပြီး ပြည့်ပြည့်ဝဝ အသုံးချနေခဲ့သည်။ ဓားရောင်များက မှော်ဆန်စွာ လှုပ်ရှားနေပြီး သူကလည်း ထိုစစ်သည်တော်များ၏ မျက်လုံးကို ထိုးစိုက်နိုင်ခဲ့၏။ ထိုစစ်သည်တော်များက မြေပေါ်သို့ လဲကျသွားပြီး မျက်လုံးမှိတ်သွားကြလေသည်။
မျက်လုံးဟူသည်မှာ မြေခွေးစစ်သည်တော်များ၏ အားနည်းချက်များထဲမှ တစ်ခုလည်း ဖြစ်၏။ မုန့်ချီကလည်း ထိုအရာကို ကောင်းကောင်းကြီး သိနေခဲ့၏။ သို့သော် ပြိုင်ဘက်များ၏ ဓားရှည်နှင့် ယှဉ်လိုက်မည်ဆိုလျှင် သူ၏ဓားမောက်က အတော်လေးကို လိုအပ်ချက် ရှိနေသည်။
ရုတ်တရက်ဆိုသလို သူ့ဆီ၌ အတွေးတစ်ခု ပေါ်လာခဲ့၏။ သူက ဓားသွားကို သုံးပြီး စစ်သည်တော်၏ ဦးခေါင်းကို အကြိမ်ကြိမ် ရိုက်ချလိုက်သည်။ အကြိမ်ရေ တစ်ဒါဇင်ကျော် ခုတ်ချလိုက်ပြီးနောက် ထိုစစ်သည်တော်က ဓားကို ဆက်ကိုင်ထားနိုင်သည့် အစွမ်းမျိုး မရှိတော့ချေ။
သံခေါင်းစွပ်ထဲမှနေ၍ သွေးများ စီးကျလာခဲ့ပြီးနောက် မြေပေါ်သို့ အားနည်းစွာ လဲကျသွားခဲ့၏။ သူက ဓားနှင့် မထိုးနိုင်သော်လည်း ထိုစစ်သည်တော်ကို ဦးခေါင်း ဒဏ်ရာရအောင် တိုက်ခိုက်နိုင်စွမ်း ရှိသည်။ သူတို့ (၄)ယောက်အဖွဲ့က မြေခွေး စစ်သည်တော်များ အားလုံးကို အလွယ်တကူ သတ်ပစ်နိုင်ခဲ့ကြ၏။
"မိန်းကလေးကျိက ဘယ်မှာလဲ.....။ ဝမ်ကျင်းရော ....."
အစောပိုင်း တိုက်ပွဲဖြစ်နေသည့်အချိန်တွင် ဝမ်ကျင်းနှင့် မိန်းကလေးကျိတို့က ပျောက်ကွယ်သွားကြောင်း သူက နားလည်ထားသည်။
"ဝမ်ကျင်းက အခုလေးပဲ တံခါးကို ဝင်သွားတယ် ..။ မိန်းကလေးကျိက ဘယ်သွားလဲ ဆိုတာတော့ မသိဘူး ....."
ကျန်းကျိဝေက ပြန်ဖြေလိုက်သည်။
"ထားလိုက်ပါ ..။ ငါတို့က သူတို့ကို ဂရုစိုက်နေလို့ မရတော့ဘူး..."
ချီကျန်းရန်က ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။
မုန့်ချီကလည်း ဆန့်ကျင်နေခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် သူကလည်း ယခုချိန်၌ မိန်းကလေးကျိကို ရှာဖွေရန် စွမ်းရည် မရှိသလို အချိန်လည်း မရှိတော့ပေ။ သူတို့၏ အဓိက တာဝန်က ကျောင်းတော်၏တံခါးထဲကို ဝင်သွားရန် ဖြစ်သည်။
တခြားသူများကို ကူညီချင်သည်ဆိုလျှင် အရင်ဆုံး လုပ်ရမည့်အရာတစ်ခုရှိ၏။ ထိုအရာကတော့ တတ်နိုင်သမျှ ကူညီပေးခြင်းသာ ဖြစ်သည်။ သို့သော် လက်ရှိအချိန်တွင် မိန်းကလေးကျိက လှည့်ပတ်သွားလာနေသည်မှာ သူတို့၏တာဝန် မဟုတ်တော့ချေ။ သူမက ထွက်မပြေးဘူးဆိုလျှင်ပင် ကိုယ့်ကံကြမ္မာ ကိုယ်ရေးရမည်ဖြစ်သည်။
လူတိုင်းက အခြေအနေကို နားလည်နေသည့်အတွက် စကားတစ်ခွန်းမျှ မပြောကြပေ။ ထို့နောက် စစ်သည်တော်များက တခြားသော သိုင်းပညာရှင်များနှင့် တိုက်ခိုက်နေသည်ကို အခွင့်ကောင်းယူပြီး သူတို့က တံခါးဆီသို့ ပြေးသွား၍ တောင်ပေါ်သို့ ပြေးတက်လာကြ၏။
"မင်းတို့က ရှောင်လင်ကျောင်းတော်ထဲကို ရောက်လာပြီ .။ နောက်ဆုံး အချိန်အထိ ရှောင်လင်ကျောင်းတော်ထဲမှာ ဆက်နေရမယ် ...။ နယ်မြေထဲမှာ ရှိတဲ့ နေရာ တစ်နေရာရာမှာ ပုန်းနေတာပဲဖြစ်ဖြစ် သစ်တောထဲမှာ ပုန်းနေတာပဲဖြစ်ဖြစ် ကျောင်းဆောင်ထဲကို တတ်နိုင်သမျှ မြန်မြန် ဝင်ရမယ် ...."
လမ်းပေါ်တွင် ရှိနေသော သစ်ရွက်များက လှုပ်ရှားလာပြီး စကားလုံးများစွာ ပေါ်လာခဲ့သည်။
ထိုအရာကို မြင်သည့်အခါ မုန့်ချီက တိတ်တဆိတ် သက်ပြင်းချလိုက်မိ၏။ အစောပိုင်းတွင်တော့ သူတို့က ကျရှုံးသွားတော့မည်ဟု ခံစားမိခဲ့သည်။
လမ်းတစ်လျှောက်တွင်တော့ အလောင်းများ တစ်ခုပြီးတစ်ခု တွေ့နေရ၏။ တစ်ချို့က သိုင်းပညာရှင်များ၏ အလောင်းဖြစ်ပြီး တစ်ချို့ကတော့ ရှောင်လင်ဘုန်းတော်ကြီးများ၏ အလောင်း ဖြစ်သည်။ အနည်းစုကသာ မြေခွေးစစ်သည်တော်များ၏ ခန္ဓာကိုယ်များ ဖြစ်ကြ၏။
သူတို့ (၄)ယောက်ကတော့ အချိန်ဆွဲမနေခဲ့ပဲ အပေါ်ကို ဆက်တက်လာခဲ့ရာ သိပ်မကြာခင် မျက်နှာချင်းဆိုင် တောင်ထိပ်ပေါ်၌ နက်မှောင်နေသော တိမ်တိုက်များနှင့် တိုက်ခတ်နေသော လေလှိုင်းများကို မြင်လိုက်ရသည်။
မြေခွေးစစ်သည်တော်များက ဒိုအာချာကို ဝိုင်းရံနေပြီး စောင့်ကြပ်နေသော ဘုန်းတော်ကြီးများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နေကြ၏။ ပို၍ထိတ်လန့်အံ့ဩစရာကောင်းသည်မှာ သိုင်းပညာရှင် အနည်းငယ်သာ ကျန်တော့ခြင်းဖြစ်သည်။
ကျန်ရှိနေသည့်သူများကလည်း မြေခွေးစစ်သည်တော်များနှင့် ပူးပေါင်းနေပြီး ဝေ့ဝူကျိက သူတို့ထဲမှ တစ်ယောက် ဖြစ်နေ၏။
"သူတို့တွေက သူလျှိုတွေပဲ ဖြစ်ရမယ် ..”
မုန့်ချီက ကြည့်လိုက်ပြီး တီတိုးရေရွတ်လိုက်သည်။
ကျန်းကျိဝေက မပြောရသေးခင် ဒိုအာချာက သူတို့ဆီကို ပြန်လှည့်ကြည့်လိုက်သည်။
"သူတို့ထဲက တစ်ယောက်က သဘာဝအဆင့်ကို ရောက်နေပြီ ...."
သူက တိတ်တဆိတ် ပြောလိုက်သည့်အချိန်တွင် လေလှိုင်းများ တိုက်ခတ်လာခဲ့၏။
ကျန်းကျိဝေက သူမ၏ဓားကို တင်းတင်း ဆုပ်ကိုင်ထားသည်။ သူမဆီတွင် ကြောက်လန့်မှုများ၊ သတိထားမှုများ ပြည့်နှက်နေသော်လည်း ဖုံးကွယ်ထားသော စိတ်လှုပ်ရှားမှုများလည်း ရှိနေသေးသည်။
ဒိုအာချာက ရှေ့ကို တစ်လှမ်းချင်း လှမ်းလာတော့မည့်အချိန်တွင် ကောင်းကင်ပေါ်မှနေ၍ လူတစ်ယောက် ဆင်းသက်လာခဲ့သည်။ သူ၏ လက်ထဲတွင်တော့ ပုတီးတစ်ကုံးကို ကိုင်ထား၏။
လက်က ကြီးမားခြင်း မရှိသော်လည်း ရွှေရောင်အလင်းတန်းများ လွှမ်းခြုံနေခဲ့သည်။ သို့သော် မုန့်ချီ၏မျက်လုံးထဲတွင်တော့ သူ၏အမြင်များက ဝေဝါးနေခဲ့၏။ ပုတီးထဲမှ ထွက်ပေါ်လာသော ရွှေရောင်အလင်းတန်းများနှင့်အတူ ကျမ်းစာရေရွတ်သံများ ကြားလိုက်ရသည်။
ထိုအချိန်တွင် ကောင်းကင်ပေါ်၌ ရှိနေသော တိမ်တိုက်များက ပြိုကွဲသွားပြီး လေလှိုင်းများက အားနည်းသွားသည်။ ဒိုအာချာ၏ ရှေ့တွင် ရှိနေသော မြေခွေးစစ်သည်တော်များစွာကလည်း နာနာကျင်ကျင် အော်ဟစ်ပြီး မြေပေါ်သို့ လဲကျသွားကြ၏။ နာကျင်မှုကို မခံစားရသော သူတို့က ဘာကြောင့် အော်ဟစ်နေကြရသနည်း။
ထိုအခါ ဒိုအာချာက သူ၏ညာဘက်လက်ဖဝါးပေါ်တွင် ရှိနေသော ခြေတစ်ချောင်း ကြေးနီရုပ်ထုကြီးကို မြှောက်လိုက်သည်။
"ဂျိမ်း ..."
ကောင်းကင်ပေါ်မှ လျှပ်စီးကြောင်းတစ်ခု ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး လင်းထိန်သွားခဲ့သည်။ ထိုအချိန်တွင် အလွန်သေးငယ်သော လက်ဖဝါးလေးက ကြေးနီရုပ်ထုကြီးကို တိုက်ခိုက်လိုက်ကြောင်း မုန့်ချီက မြင်လိုက်ရ၏။
အသံတစ်ခု ထွက်ပေါ်လာပြီး တိမ်တိုက်များက နောက်တစ်ကြိမ် စုစည်းလာပြန်သည်။ လေများ ပြင်းထန်စွာ တိုက်ခတ်လာပြီး မိုးများသည်းထန်စွာ ရွာသွန်းလာ၏။
မုန့်ချီက တိုးတိုးလေး သက်ပြင်းချလိုက်မိသည်။ ထိုကဲ့သို့ အံ့ဩစရာကောင်းသော တိုက်ခိုက်စွမ်းရည်များက တံခါးပေါက်များအားလုံး ပွင့်နေသော ထိပ်တန်းပညာရှင်များဆီတွင်သာ ရှိသည်။
"ခင်ဗျားရဲ့ မိုးကြိုးလက်ဝါးသိုင်းက ထင်ထားတဲ့ အတိုင်း အစွမ်းထက်ပါတယ်...။ ဒါပေမယ့် ခင်ဗျားက အသက်ကြီးသွားတာ အရမ်းဆိုးတယ် ...."
ဒိုအာချာက ပြောလိုက်သည်။
"အော်မီတော်ဖော် .....
ဒကာတော်က လူသတ်ဓားကိုချပြီး ဗုဒ္ဓလမ်းစဉ်ကို စမ်းသပ်မကြည့်ချင်ဘူးလား...."
ဆရာတော်ရှင်းကျိက အလွန်လေးနက်သော လေသံနှင့် သုံးသပ်ပြလိုက်သည်။
သူတို့နှစ်ယောက်၏ ပတ်ပတ်လည်တွင် အလွန်ပြင်းထန်သော လေလှိုင်းများ တိုက်ခတ်နေခဲ့၏။ ထိုလေလှိုင်းများကြောင့် အနားတွင် ရှိနေသော စစ်သည်တော်များက လဲကျသွားပြီး အစအနပင် မကျန်တော့ပေ။ သွေးများနှင့် ချပ်ဝတ်အင်္ကျီများသာ ကျန်နေတော့၏။ အပြင်ဘက်ခြမ်းတွင် ရပ်နေသော စစ်သည်တော်များကလည်း အနားကို တိုးမလာရဲကြပေ။
ကျန်းကျိဝေက အံ့ကြိတ်လိုက်ပြီး အားမွေးလိုက်သည်။ သူမက ပြောလိုက်၏။
"ငါက ဆရာတော်ရှင်းကျိကို သွားပြီး ကူညီပေးလိုက်မယ် ..။ တကယ်လို့ ငါတို့ကသာ ဒိုအာချာကို သတ်နိုင်မယ်ဆိုရင် ပင်မတာဝန်ကို သေချာပေါက် ပြီးနိုင်တယ် ..."
ထိုအရာက ဒိုအာချာကို သတ်ရန် အခွင့်အရေးတစ်ခုဖြစ်ပြီး သူတို့က လက်လွတ်ခံ၍ မရနိုင်ပေ။ မဟုတ်လျှင် သူတို့အားလူံးက ဒိုအာချာ၏ ပစ်မှတ် ဖြစ်လာနိုင်၏။ လူတိုင်းက ထိုအချက်ကို နားလည်ထားသည်။
ထို့ကြောင့် မည်သူကမျှ ကျန်းကျိဝေကို တားဆီးခဲ့ခြင်း မရှိချေ။ သူတို့ကလည်း သူမ၏လမ်းကို ပိတ်ထားသော မြေခွေးစစ်သည်တော်များကို ရှင်းလင်းရန် ကူညီပေးခဲ့သည်။
မုန့်ချီ၏ အစောပိုင်းရှာဖွေတွေ့ရှိမှုကြောင့် သူက ထိုစစ်သည်တော်များ၏ ဦးခေါင်းကိုသာ ဓားနှင့်ဆက်၍ တိုက်ခိုက်နေခဲ့သည်။ သူ့အစွမ်းက တည်ငြိမ်ခြင်း မရှိလျှင်ပင် ထိုစစ်သည်တော်များက ခေါင်းမူးပြီး ပြန်လည် တိုက်ခိုက်ရန် ခက်ခဲသည်။
တစ်ဖက်တွင်တော့ ချီကျန်းရန်က အဆုံးမဲ့ ပြောင်းလဲခြင်း မြူခိုး (၁၃)သွယ်ကို သုံးပြီး လူအုပ်ကြီးထဲတွင် လှုပ်ရှားသွားလာနေခဲ့သည်။ မည်သူကမျှ သူ့ကို ထိခိုက်အောင် လုပ်နိုင်ခြင်းမရှိချေ။
ကျန်းကျိဝေက ဒိုအာချာနှင့် ရင်ဆိုင်တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ကြောင်း မြင်သည့်အခါ ကျန်းယွင်ရှန်က ခဏကြာမှင်တက်နေပြီး သူမ၏နောက်သို့ လိုက်သွားခဲ့သည်။ သူတို့က အဖက်ဖက်တွင် အခက်အခဲများ ရှိနေသော်လည်း သူကတော့ အခွင့်အရေးကိုစောင့်ပြီး တိုက်ခိုက်၍ ရနိုင်သည်။
"ဟိုမှာ ဝမ်ကျင်းပဲ ....."
မုန့်ချီက တိုက်ပွဲများကြားထဲတွင် ထိုလူကို အမှတ်မထင် တွေ့မိသွားသည်။ တခြားလူများက စစ်သည်တော်များနှင့် ရင်ဆိုင်ရန် ကြိုးစားနေသည့်အချိန်တွင် သူက ကျောင်းတော်ထဲကို ခိုးဝင်ရန် ကြိုးစားနေခဲ့သည်။
"လာခဲ့ကြ..."
ကျန်းကျိဝေက ဓားနှင့် တိုက်ခိုက်ရာတွင် ထိန်ချန်ထားခြင်း မရှိဘဲ ဒိုအာချာကို ဓားနှင့် တရစပ် တိုက်ခိုက်လိုက်သည်။ ကြေးနီရုပ်ထုကြီးကတော့ ပတ်ပတ်လည်မှနေ၍ သူမ၏ တိုက်ခိုက်မှုကို တားဆီးထားခဲ့၏။
သူမက ရုပ်ထုကို အောင်အောင်မြင်မြင် တိုက်ခိုက်နိုင်သည့် အချိန်တိုင်း ရင်ထဲတွင် လှုပ်ရှားသွားရသည်။ ထို့ကြောင့် သူမ၏အစွမ်းက ရုပ်ထုထက်ပင် ပို၍နိမ့်ကျနေသည်ဟု ဆိုလိုနေ၏။
ဆရာတော်ရှင်းကျိကသာ ဒိုအာချာ၏ တိုက်ခိုက်မှုအများစုကို တားဆီးထားခြင်း မရှိလျှင် သူမက ရုပ်ထုကြောင့် သေဆုံးသွားနိူင်သည်။ အရေးကြီးဆုံးအရာကတော့ ဒိုအာချာ၏ တိုက်ခိုက်မှုတိုင်းတွင် ကြမ်းတမ်းသော လေလှိုင်းများ တွဲပါလာနေခဲ့သည်။
လေလှိုင်းများက ဆရာတော်ရှင်းကျိနှင့် ကျန်းကျိဝေတို့၏ အမြင်အာရုံ ၊ အကြားအာရုံကို နှောက်ယှက်နေပြီး တစ်ယောက်တည်း ရင်ဆိုင်နေသော ဒိုအာချာကို အဖက်ဖက်မှ အသာစီး ရစေခဲ့သည်။
ရှင်းကျိ၏ မျက်နှာက နီရဲနေ၏။ သူက အတွင်းဒဏ်ရာများကို ရေရှည် ဖုံးကွယ်ထားရန် မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် သူက သက်ပြင်းချလိုက်မိရာ သူ၏ပုတီးက တစ်လုံးချင်းဆီ ပြန့်ကျဲလာပြီး ပုံရိပ်ယောင် ဗုဒ္ဓရုပ်ထုအဖြစ် ပြောင်းလဲသွားခဲ့သည်။
"လူတိုင်းက အစစ်အမှန်ပဲ ရှိရမယ် ..။ လူသားတွေအားလုံးက အစစ်အမှန်ဗုဒ္ဓရဲ့ စောင့်ရှောက်မှု အောက်မှာ ရှိတယ် ...."
ပုံရိပ်ယောင်ဗုဒ္ဓက ဗုဒ္ဓကျမ်းစာများကို စတင်ရေရွတ်နေပြီး မိုးကြိုးမုန်တိုင်းနှင့် လေလှိုင်းများကို ဖိနှိပ်၍ အခြေအနေကို တည်ငြိမ်သွားစေခဲ့၏။
ရှင်းကျိ၏ ညာဘက်လက်ဖဝါးကတော့ ရွှေနှင့် ဖန်တီးထားသည့်အလား ပြောင်းလဲနေခဲ့သည်။ သူက လက်ဖဝါးနှင့် ညင်သာစွာ ရိုက်ချလိုက်သည့်အချိန်တွင် ခြေတစ်ချောင်း ကြေးနီရုပ်ထုကြီးကို ထိုးဖောက်နိုင်ခဲ့သည်။
ထိုအချင်းအရာကြောင့် ဒိုအာချာလည်း ပထမဆုံးအကြိမ်အဖြစ် မျက်နှာပျက်သွားခဲ့၏။ သူက ရုပ်ထုကို ဖယ်ရှားလိုက်ပြီး ရှင်းကျိကို လက်သီးနှင့် ထိုးလိုက်သည်။
"ဂျိမ်းးး ......"
ကောင်းကင်ပေါ်မှ မိုးကြိုးကြီးတစ်ခု ကျဆင်းလာပြီး သူ့လက်သီးကို လွှမ်းခြုံသွား၏။ ရှင်းကျိ၏အစွမ်းက သာမန်သိုင်းပညာရှင်အဆင့်ထက် အဆပေါင်းများစွာ ကျော်လွန်နေပြီး အင်မော်တယ်အဆင့်ကို ရောက်လုနီးပါးဖြစ်သည်။
မုန့်ချီကတော့ ထိုတိုက်ပွဲကြောင့် အလွန်ထိတ်လန့်နေခဲ့၏။ သို့သော် တစ်နေ့နေ့တွင် သူလည်း ထိုအဆင့်ကို ရောက်ရမည်ဖြစ်ကြောင်း တွေးလိုက်မိသည့်အချိန်တွင် သူကိုယ်တိုင်လည်း အတော်လေးကို ထိတ်လန့်သွားခဲ့ရသည်။
အနက်ရောင်တိမ်တိုက်များ ပျောက်ကွယ်သွားပြီး မုန်တိုင်းက ရပ်တန့်သွားသည်။ မိုးများကလည်း ရပ်တန့်သွားခဲ့၏။ လက်ဝါးနှင့် လက်သီးတိုက်ခိုက်မှုကြောင့် အချိန်ပင် ရပ်တန့်သွားသလို ဖြစ်သွားခဲ့သည်။
တစ်ခါတစ်ရံ ခေါင်းပေါ်၌ ပေါ်လာသော လျှပ်စီးကြောင်းများကိုသာ မြင်လိုက်ရ၏။ နဂါးကြီးတစ်ကောင်က ပတ်ပတ်လည်သို့ လှည့်၍ အော်ဟစ်လိုက်သလို ခံစားလိုက်ရသည်။
ဆရာတော်ရှင်းကျိက သွေးအန်လိုက်ရပြီး သူ၏လက်ဖဝါးက မည်းနက်သွားခဲ့၏။ သူက နောက်သို့ အလျင်အမြန် ပြန်ဆုတ်လိုက်ရသည်။
ဒိုအာချာ၏ မျက်နှာကလည်း ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး နောက်ကို နှစ်လှမ်း ပြန်ဆုတ်လိုက်ရ၏။ ထိုအချိန်တွင် အပြာရောင်ကောင်းကင်ပေါ်မှနေ၍ ဓားသွားတစ်ခု လင်းလက်လာပြီး ခြေရာလက်ရာမရှိ ပျောက်ကွယ်သွားခဲ့သည်။ ထိုအရာကို စကားလုံးနှင့်ပြောပြရန်ပင် ခက်ခဲသည်။
"အနန္တဓားသိုင်း .."
မုန့်ချီက အံ့အားသင့်စွာ ပြောလိုက်သည်။
ထိုအချိန်တွင် မြေခွေးစစ်သည်တော်များနှင့် လူတိုင်းက ထိုဓားအလင်းရောင်ကြောင့် မှင်တက်သွားကြသည်။ ထိုကဲ့သို့သော ဓားသိုင်းပညာက ဓမ္မကာရအဆင့် ဟု သတ်မှတ်နိုင်ပြီး ကမ္ဘာကြီးထဲရှိ စည်းမျဉ်းများအားလုံး ပါဝင်ပတ်သက်နေသည်။ အကယ်၍ ကျန်းကျိဝေက တစ်စိတ်တစ်ပိုင်းကိုသာ သုံးနိုင်လျှင်ပင် အလွန်ကြောက်စရာကောင်းသော စွမ်းအားတစ်ခုကို ရရှိနိုင်သည်။
ထိုအဆင့်နှင့် ပတ်သက်ရာတွင် ပုံသဏ္ဍာန်များ ၊ သိုင်းကွက်များက ကိစ္စမရှိတော့ချေ။ အဓိကသော့ချက်က တာအိုနှင့်အနှစ်သာရများ ဖြစ်၏။ ထိုအတွက်ကြောင့် ကျန်းကျိဝေကဲ့သို့ ထူးချွန်ထက်မြက်သော လူအနည်းစုကသာ လေ့ကျင့်ရာမှတဆင့် အခြေခံအချက်အလက်များကို နားလည်နိုင်ခြင်း ဖြစ်သည်။
"အားးးးး..."
ဒိုအာချာ၏ အော်သံက မိုးခြိမ်းသံပမာ ထွက်ပေါ်လာခဲ့၏။
သူ၏အော်သံနှင့်အတူ လေလှိုင်းများ တိုက်ခတ်လာပြီး ဒိုအာချာကို ဝိုင်းရံသွားခဲ့သည်။ သူ၏လက်ကတော့ သွေးများ ပေနေသော နေဖောက်သက်တံ့ဓားကို ဆုပ်ကိုင်ထားသည်။ သို့သော် သူက ကျောက်တုံးတစ်တုံးကဲ့သို့ မလှုပ်မယှက် ရပ်နေပြီး ထိုဓားက သူ့မျက်လုံးထဲသို့ ထိုးစိုက်နေခဲ့သည်။ သူက နောက်ဆုတ်၍ မရနိုင်တော့ပေ။
"သေစမ်း .."
သူက ဓားကို ညာလက်နှင့် ဆုပ်ကိုင်ထားပြီး ဘယ်လက်နှင့် ရိုက်ချလိုက်သည်။ ထိုအချိန်တွင် ဓားက ရုတ်တရက်ကွေးသွားပြီး အက်ကွဲကြောင်းများ ပြည့်နှက်လာခဲ့၏။ သူ့မျက်လုံးကလည်း မျက်လုံးအိမ်ထဲမှ ထွက်ကျလာခဲ့သည်။
ကျန်းကျိဝေ၏ ဓားက အက်ကွဲသွားသော်လည်း သူမကတော့ ဓားလက်ကိုင်ကို ဆက်၍ ကိုင်ထားသေးသည်။ သူမ၏ပါးစပ်မှနေ၍ သွေးများ စီးကျလာနေပြီး မျက်နှာကလည်း ဖြူဖပ်ဖြူရော် ဖြစ်နေ၏။ သူမက ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားသည်ဟု ပြသနေသည်။
ထိုအချိန်တွင် ဒိုအာချာ၏ အနီရင့်ရောင် မျက်လုံးထဲမှနေ၍ ထူးဆန်းသော အရည်များ စီးကျလာပြီး သူ့ပုံစံက အရူး တစ်ယောက်ကဲ့သို့ ထင်မှတ်ရသည်။ သူက ရှေ့ကို တစ်လှမ်းတိုးလိုက်ပြီး ကျန်းကျိဝေကို လက်ဝါးနှင့် တိုက်ခိုက်ရန် ကြိုးစားလိုက်၏။
အနန္တဓားသိုင်းက အလွန်အံ့ဩစရာကောင်းသော်လည်း ထိုဓားသိုင်းအပေါ် ကျန်းကျိဝေ၏ အသိပညာက အခြေခံမျှသာ ဖြစ်သည်။ ထို့ကြောင့် အဆပေါင်းများစွာ အဆင့်မြင့်သော ဒိုအာချာကို ရင်ဆိုင်တိုက်ခိုက်နိုင်ခြင်း မရှိချေ။
ရုတ်တရက်ဆိုသလို နောက်ထပ် ဓားအလင်းတန်းတစ်ခု ပေါ်လာခဲ့၏။ ထိုအရာကတော့ မြူခိုးများကဲ့သို့ ထင်မှတ်ရပြီး ညအချိန်ကောင်းကင်ပေါ်၌ ကြယ်များ တောက်ပလာသလို ထင်မှတ်ရသည်။ ထိုဓားဆီတွင် ကြောက်စရာကောင်းသော အရှိန်အဝါတစ်ခု သယ်ဆောင်ထား၏။
"ဘယ်သူလဲ ..."
ထိုအရာကတော့ အခွင့်အရေးကို စောင့်နေသော ကျန်းယွင်ရှန်ကလွဲလျှင် တခြားသူတစ်ယောက် မဖြစ်နိုင်ပေ။ သူက အော်သံနှင့်အတူ ဒိုအာချာ၏ ရင်ညွှန့်အောက်ကို ဓားနှင့် ထိုးစိုက်လိုက်သည်။
ဒိုအာချာကတော့ မရှုံးချင်သည့်အတွက် သူ၏အင်္ကျီလက်ကို ဝှေ့ယမ်းပြီး တန်ပြန် တိုက်ခိုက်လိုက်ရာ ကျန်ယွင်ရှန်က လေထဲသို့ မြှောက်သွားခဲ့သည်။ ကျန်းယွင်ရှန်က သွေးအန်လိုက်ရပြီး ရင်ဘတ်က ကျွံဝင်သွားခဲ့၏။ သူက မတ်တပ်ရပ်ရန်ပင် ခက်ခဲနေခဲ့ပြီး တိုက်ခိုက်စွမ်းရည်အားလုံးကို ဆုံးရှုံးသွားပုံရ၏။
ဒိုအာချာကတော့ ကျန်းကျိဝေကိုသာ အပိုင်းပိုင်းအစစ လုပ်ပစ်ရန် မျှော်လင့်နေခဲ့သည်။ သို့သော် သူ မတိုက်ခိုက်ရသေးခင် ဆရာတော်ရှင်းကျိ၏ လက်ဖဝါးက ဗုဒ္ဓကဲ့သို့ အလင်းရောင်များ ပြန်လည်တောက်ပလာသည်ကို သတိထားမိလိုက်သည်။
သူ၏လက်ရှိဒဏ်ရာများကို စဉ်းစားမိလိုက်ပြီးနောက် ဒိုအာချာက စဉ်းစားမနေဘဲ သူ၏ ရဲမက်များကို နောက်တွင် ချန်ထားခဲ့ပြီး လှည့်ထွက်သွားခဲ့လေသည်။
"သူ့ရဲ့ဒဏ်ရာတွေက သိပ်မပြင်းထန်ဘူး ...။ သူက သေချာပေါက် ပြန်လာလိမ့်မယ် ..။ မင်းတို့ အားလုံးက မြန်မြန်ထွက်သွားကြတော့ ...."
ဆရာတော်ရှင်းကျိက ပြောလိုက်၏။
Translated by Hein Htet