အခန်း (၃၇)
Vol. 3 Ch. 37
"လူခွဲပြီး ထွက်သွားရမှာလား၊ ဒါက ဘယ်လိုဟာသမျိုးလဲ…"
မုန့်ချီက တယောက်တည်း ကျိန်ဆဲလိုက်ပြီး ရှေ့သို့ ထွက်သွားခဲ့သည်။
"ကျောင်းထိုင် …
ကျွန်တော်တို့တွေက သေမှာကို ကြောက်တဲ့ ငကြောက်တွေလို့ ထင်နေတာလား…"
"အော်မီတော်ဖော်…
ဘုန်းကြီးက အဲဒီလိုပြောချင်တာ မဟုတ်ပါဘူး။ ဒကာလေးတို့တွေအားလုံး ဒဏ်ရာရနေကြပြီလေ…"
ရှင်းကျိက သူတို့ကို ထွက်သွားရန်သာ တိုက်တွန်းနေသေးသည်။ ရှောင်လင်ကျောင်းတော်က ဤနယ်မြေကို စွန့်လွှတ်ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။ ထို့ကြောင့် ခုခံကာကွယ်နေခြင်းကလည်း အသုံးဝင်လိမ့်မည် မဟုတ်ပေ။ အကယ်၍ ဒိုအာချာသာ ကျောင်းတော်ထဲသို့ ပြန်လာမည်ဆိုလျှင် ဘုန်းတော်ကြီးများ ဆုတ်ခွာရန် အချိန်မရှိတော့ပေ။
"ကျောင်းထိုင် …
ကျွန်တော်တို့တွေက ဒဏ်ရာရနေတော့ အသုံးမဝင်လို့ ငြင်းတာလား…"
မုန့်ချီကတော့ ပို၍ပင် တည်ငြိမ်လာပြီး ရှင်းကျိ၏စကားလုံးများကို ပညာသားပါပါ ထိုးနှက်နေခဲ့သည်။
ရှောင်လင်ကျောင်းတော်ထဲမှ အကြီးအကဲများကလည်း ရှင်းကျိ၏အနားသို့ ကပ်လာကြ၏။ မုန့်ချီတို့အဖွဲ့က ရှင်းကျိကို ရုတ်တရက် တိုက်ခိုက်လိုက်မှာ စိုးရိမ်နေခဲ့ကြသည်။
သိုင်းလောကတွင် အမှန်တရားလမ်းစဉ် လျှောက်လှမ်းနေသော ဘုန်းတော်ကြီးများက မုန့်ချီ၏စကားကို လက်မခံနိုင်ကြပေ။ သူတို့က တစ်ခုခု ပြန်ပြောချင်နေကြသော်လည်း အဆုံးသတ်တွင်တော့ မည်သူမျှ ပြန်မဖြေနိုင်ကြပေ ။
"ငါက ဆိုးဆိုးဝါးဝါး ဒဏ်ရာရနေပြီ။ ဒကာမလေးကျန်းနဲ့ ဒကာလေးကျန်းတို့လည်း အတူတူပဲ။ ဒါပေမယ့် ရန်သူကတော့ အားနည်းရုံလေးပဲ အားနည်းသွားတာ။ ဒီတိုက်ပွဲက အနိုင်ရဖို့ ငါတို့လည်း မျှော်လင့်ပါတယ်။ ဒါပေမယ့် ဒကာလေးတို့က ငါတို့ရဲ့ဂိုဏ်းသားတွေ မဟုတ်ဘူး။ ဘာလို့ ဒကာလေးတို့ရဲ့အသက်ကိုရင်းပြီး ရှောင်လင်ကျောင်းတော်အတွက် ခုခံကြမှာလဲ ..၊ ဒကာလေးတို့က ကိုယ်တော်တို့လို ဘုန်းတော်ကြီးတွေအတွက် သေဖို့ မထိုက်တန်ပါဘူး။ ဂိုဏ်းသားတွေထဲမှာတောင် ခုအခြေအနေကို လက်မခံနိုင်လို့ ထွက်သွားတဲ့လူက ထွက်သွားကြပြီ..”
“ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်တော်ကတော့ ဒီနေရာမှာ သေရမှာပဲလေ။ ဒါကြောင့် ဒကာလေးတို့ရဲ့ အဖိုးတန်တဲ့ ခန္ဓာကိုယ်ကို ဒီနေရာမှာ အလဟဿမဖြစ်ကြပါစေနဲ့…"
ရှင်းကျိက ရှေ့ကို ထွက်လာပြီး သူတယောက်တည်းသာ ရှောင်လင်ကျောင်းတော်ကို စောင့်ရှောက်ရန် နေခဲ့မည်ဟု ပြောလိုက်သည်။
တခြားလူများကတော့ ထွက်သွား၍ရသည်ဟု ဆိုနိုင်၏။ ထိုလူစိမ်းများက မည်သူများ ဖြစ်နေသနည်း။ သူတို့က သူရဲကောင်းလုပ်ချင်ရုံသက်သက်နှင့်ဘာကြောင့် ထိုသို့လုပ်ဆောင်နေရသနည်း။
မုန့်ချီက ရှေ့ထွက်လာပြီး လက်အုပ်ချီ၍ တည်ငြိမ်စွာ ပြောလိုက်သည်။
"အော်မီတော်ဖော်
သေခြင်းတရားဆိုတာက ငှက်မွှေးလေးတွေလို အသေးအဖွဲ့ပါပဲ။ စိတ်ဆန္ဒကသာ တောင်တန်းကြီးတစ်ခုလို ခိုင်မာနေမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် စတေးပြီး အများအတွက် စွန့်လွှတ်နိုင်မယ့်နေ့ရက်မျိုး ရောက်လာမှာပါ…"
ထိုစကားကြောင့် ရှင်းကျိအပါအဝင် ဘုန်းတော်ကြီးများအားလုံးက အံ့ဩသွားကြသည်။ တခြားလူများကို ကယ်တင်ရန် သူတို့၏အသက်ကို စွန့်လွှတ်လိုသည့် လူတစ်ယောက်ကို သူတို့လည်း လုံးဝမတွေ့ဖူးချေ။ ပို၍အရေးကြီးသည်မှာ သူတို့က ထိုလူများကို ကယ်တင်စေလိုခြင်း မရှိချေ။
မုန့်ချီ ပြောပြီးသွားသည့်ချိန်တွင် သူက ဗုဒ္ဓအဆုံးအမနှင့် ပတ်သက်ပြီး သူသိထားသောအရာများကို ပြောလိုက်သည်။ ထိုနေ့ရက်များ အတောအတွင်း သူပြောနေသည့် စကားလုံးများက သူ၏အကျင့်စရိုက်နှင့် ဆန့်ကျင်နေခဲ့၏။
အံ့ဩမှင်တက်နေကြသော ဘုန်းတော်ကြီးများ၏မျက်နှာကိုကြည့်ပြီး မုန့်ချီကတော့ အလွန်တည်ငြိမ်အေးချမ်းသော လေသံဖြင့် ပြောလိုက်သည်။
"ကျွန်တော်တို့က ရှောင်လင်ကျောင်းတော်ကို ကယ်သည်ဖြစ်စေ မကယ်သည်ဖြစ်စေ လောကကြီးကတော့ တရားမျှတမှုအတွက် တချို့တွေရဲ့အသက်ကို ရင်းနေဦးမှာပဲ…"
ကျန်းကျိဝေက ပါးစပ်ကို လက်နှင့် အုပ်ထားမိ၏။ သူမကတော့ ရယ်ချင်စိတ်ကို မနည်းထိန်းထားရပုံပေါ်သည်။ ဖြူဖပ်ဖြူရော်ဖြစ်နေသော သူမ၏မျက်နှာလေးကလည်း အနည်းငယ် ပန်းရောင်သန်းလာခဲ့သည်။
ချီကျန်းရန်ကတော့ တိုးတိုးလေး ရယ်လိုက်မိ၏။ သူက မုန့်ချီ၏ အနားတွင်မရှိသည်မှာ ကံကောင်းသည်ဟု ခံစားမိလိုက်သည်။
ခဏကြာ စဉ်းစားနေပြီးနောက် ရှင်းကျိက ဆေးလုံးသောက်ပြီး ဒဏ်ရာများ ကုသနေသော ကျန်းယွင်ရှန်နှင့် ကျန်းကျိဝေတို့ကို လှမ်းကြည့်လိုက်၏။ သူက သက်ပြင်းချလိုက်မိသည်။
"ဒကာလေးကျန်းနဲ့ ဒကာမလေးကျန်းတို့က ဆိုးဆိုးဝါးဝါး ဒဏ်ရာရထားတယ်။ တကယ်လို့ တောင်အောက်ကို ဆင်းသွားမယ်ဆိုရင် မြေခွေးစစ်သည်တော်တွေရဲ့ တိုက်ခိုက်မှုကနေ လွတ်ဖို့တောင် တော်တော်လေး ခက်ခဲတယ်။ ဒီတော့ သူတို့တွေကို ကျောင်းတော်ထဲမှာ ပုန်းနေခိုင်းတာပဲ အကောင်းဆုံးဖြစ်မယ်ထင်တယ်။ တိကုံ… ဒကာလေးတွေကို ကုသဆေးတွေ သွားပေးလိုက်ပါ…”
“ဒကာလေးတို့က ကျောင်းတော်ထဲမှာ ဆက်နေချင်မှတော့ ကျေးဇူးပြုပြီး တောင်အနောက်ဖက်ကို ကူညီပေးပါ။ ဘယ်လိုပဲဖြစ်ဖြစ် လူရိုင်းလုပ်ကြံသူတွေက တောင်ထိပ်ကို ကျူးကျော်လာနိုင်သေးတယ်…"
သူက မုန့်ချီနှင့် တခြားလူများကို ကျောင်းတော်၏ သီးခြားနေရာတစ်ခုဆီသို့ ပို့ဆောင်ပေးလိုက်သည်။ ထိုနေရာက လျှို့ဝှက်လမ်းကြောင်း၏ အဝေးတွင် ရှိနေ၏။
"ကျေးဇူးတင်ပါတယ် ကျောင်းထိုင်…"
မုန့်ချီက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။ ထိုအရာက သူစဉ်းစားနေခဲ့သော အလှည့်အပြောင်းတခုလည်း ဖြစ်၏။
"ကျောင်းထိုင်…
အဲဒီကိုရင်လေးက တခုခု ထူးခြားနေသလိုပဲ…"
ဗုဒ္ဓခန်းမဆီကို ပြန်လာနေစဉ် ရှင်းချန်က ပြောလိုက်သည်။
"ဘာလို့ သူတို့ကို နေခွင့်ပေးလိုက်ရတာလဲ…"
ရှင်းကျိက စကားပြောရန် ပြင်လိုက်စဉ် သူ၏မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့၏။ သူ၏အမူအရာများကလည်း ပို၍ပြောင်းလဲလာပြီး နောက်ဆုံးတွင်တော့ သူ၏ခံစားချက်များကို ထိန်းမထားနိုင်တော့ပေ။ သူက တခဏအတွင်း အိုစာသွားသလို ဖြစ်သွားခဲ့၏။
"ဆရာတော်…အဆင်ပြေရဲ့လား"
သူ့တပည့်များက စိုးရိမ်တကြီး မေးလိုက်သည်။
"ငါက အခုထိတော့ မသေနိုင်သေးပါဘူး…"
ရှင်းကျိက အားနည်းစွာ ပြောလိုက်သည်။
"ငါတို့က ဒိုအာချာကို ခြောက်လွှတ်လိုက်နိုင်ခဲ့တာ ကံကောင်းသွားတယ်…"
သူ၏ဒဏ်ရာများက ပို၍ဆိုးရွားလာပုံရသည်။ သူက ရှင်းချန်ကိုလှည့်ကြည့်လိုက်၏။
"ဒကာလေးကျန်းနဲ့ ဒကာမလေးကျန်းတို့က တကယ်ပဲ ဒိုအာချာကို ခက်ခက်ခဲခဲ တိုက်ခိုက်နိုင်ကြတယ်။ သူတို့တွေက သူလျှိုတွေ မဟုတ်ကြဘူး။ ပြီးတော့ သူတို့တွေက ဒီနေရာမှာ ဆက်နေကြဖို့ ဆုံးဖြတ်ချက် တော်တော်လေး ခိုင်မာနေတာကိုလည်း တွေ့ရတယ်။ တကယ်လို့ ငါတို့ကသာ သူတို့ကို မောင်းထုတ်လိုက်မယ်ဆိုရင် သူတို့က အသေခံပြီး တောင်ကြားကို ကာကွယ်ပေးမှာပဲ။ ဒါကြောင့် သူတို့ကို တောင်အနောက်ဖက်မှာ သွားပြီး စောင့်ခိုင်းလိုက်တာ။ ဒါက သူတို့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်သလို ငါတို့ရဲ့ကံကြမ္မာကိုလည်း ဖြတ်တောက်နိုင်ခဲ့တယ် …”
“တောင်အနောက်ဖက်မှာ ဘာမှထူးခြားတာ မရှိပါဘူး။ ဒီတော့ ဒိုအာချာရဲ့လူတွေ တိုက်ခိုက်မှာကိုလည်း စိုးရိမ်နေစရာ မလိုဘူး။ ငါတို့တပည့်တွေ လျှို့ဝှက်လမ်းကြောင်းကနေ လွတ်မြောက်သွားပြီဆိုရင် သူတို့ကို အမှန်အတိုင်း ပြောပြလိုက်ပြီး လိုဏ်ခေါင်းကို သုံးခိုင်းလိုက်မယ်။ တောင်အနောက်ဘက်မှာရှိတဲ့ အခြေအနေအရ ဒိုအာချာက စောစောရောက်လာမယ်ဆိုရင်တောင် သူတို့က ထိန်းထားနိုင်ဦးမှာပါ။ အခြေအနေက ပြောင်းလဲဖို့ အရမ်းနောက်ကျသွားပြီဆိုတာကို သူတို့သိသွားရင် သူတို့လည်း ဆက်ပြီးတော့ ခုခံနေကြမှာ မဟုတ်တော့ဘူး…"
ရှင်းကျိကတော့ အလွန်အမင်း ယုံကြည်ချက် ရှိမနေပေ။ သူက မုန့်ချီ၏ စကားများကြောင့်သာ စိတ်ထဲတွင် အတွေးတချို့ ရှိနေခြင်း ဖြစ်သည်။
ရှင်းချန်ကတော့ မျက်နှာပျက်နေခဲ့၏။
"အဲဒီအရူးက တကယ် တိုက်ခိုက်လိမ့်မယ်လို့ ကျွန်တော် သံသယရှိတယ်…၊ ကျောင်းထိုင် .. ကျမ်းဂန်တွေ ၊ ဆေးလုံးတွေနဲ့ အရေးကြီးပစ္စည်းတွေကို ထုပ်ပိုးခိုင်းပြီး အခုပဲ တပည့်တွေကို ထွက်သွားခိုင်းလိုက်ရတော့မလား…"
"ကောင်းတယ် ၊ သွားခိုင်းလိုက်တော့ "
ရှင်းကျိက ခေါင်းညိတ်ပြလိုက်ပြီး ရွှေရောင်ဗုဒ္ဓရုပ်ပွားတော်ကြီးကို လှည့်ကြည့်လိုက်သည်။ သူ၏အမူအရာကတော့ အတော်လေးကို တည်ငြိမ်နေခဲ့၏။
……………….
"နောက်ဆုံးတော့ ငါတို့က ကျောင်းဆောင်ထဲမှာ နေနိုင်ခဲ့ပြီ…"
တောင်အနောက်ဖက်သို့ သွားသောလမ်းတွင် မုန့်ချီက သက်ပြင်းချပြီး ပြောလိုက်၏။
"ငါက တော်တော်လေး သရုပ်ဆောင်ကောင်းတာ ကံကောင်းသွားတယ်.."
ကျန်းကျိဝေကတော့ နောက်မှ ဖြည်းညင်းစွာ လျှောက်လာနေပြီး သူမ၏မျက်နှာပေါ်တွင် ရှုပ်ထွေးမှုများ ဝမ်းနည်းမှုများ မရှိချေ။ သူမက သိမ်မွေ့စွာပြုံး၍ ပြောလိုက်၏။
"ဆရာတော်ရှင်းကျိနဲ့ အဲဒီရှောင်လင်ကိုယ်တော်တွေက နင့်ကိုဘယ်လိုတွေးကြမလဲ မသိဘူး…"
"ဒီအရူးကိုရင်လေးက အကုန်လုံးကို စဉ်းစားနေတယ်လို့ပဲ ထင်မှာပေါ့…”
မုန့်ချီက သူ့ကိုယ်သူ လှောင်ပြောင်သရော်လိုက်သည်။ ခက်ခဲသောတာဝန်ကြောင့်သာ မဟုတ်လျှင် သူတို့ကကော ထိုသို့လုပ်ဆောင်နေမည်လော။ သူကတော့ လေကို တဝကြီး ရှူလိုက်မိ၏။
"အဲဒီအရာက ငါ့ရဲ့သတ္တိကို လှုံဆော်ပေးနိုင်တယ် ။ ဒါက ငါ့ကိုယ်ငါ သူရဲကောင်းတစ်ယောက်အဖြစ် သတ်မှတ်ပေးနိုင်တာပဲ…"
"ဘယ်လိုပဲဖြစ်ဖြစ် နင်က အဲဒီလို အလေးအနက်အမူအရာနဲ့ စကားပြောတဲ့အချိန်မှာ ငါက တော်တော်လေးကို ရယ်ချင်နေခဲ့တာ…"
ကျန်းကျိဝေကတော့ မထိန်းနိုင်တော့ပဲ ကျယ်လောင်စွာ ရယ်လိုက်မိသည်။ သို့သော် သူမက ချက်ချင်းပင် ရပ်တန့်လိုက်၏။
"မိန်းကလေးကျန်း… ဘယ်လိုနေသေးလဲ…."
မုန့်ချီက စိုးရိမ်စွာ မေးလိုက်သည်။
သူမက အသက်ကို ပြင်းပြင်းရှုလိုက်၏။
"ငါက တံခါး(၄)ပေါက်ပွင့်နေတာတောင် အနန္တဓားသိုင်းကို သုံးဖို့အတွက် မလွယ်သေးဘူး ။ သုံးလိုက်မယ်ဆိုရင် စွမ်းအားတွေက လုံးဝကုန်မသွားပေမယ့် အခုငါ့ဆီမှာ စွမ်းအား(၃)ပုံ (၁)ပုံတောင် မကျန်တော့ဘူး။ ပြီးတော့ ငါက ဒိုအာချာရဲ့ တိုက်ခိုက်မှုကြောင့် ထိခိုက်ခဲ့ရတော့ စွမ်းအား(၁၀)ပုံ (၁)ပုံတောင် မကျန်တော့ဘူး။ နေ့ဝက်အတွင်း ငါက မြေခွေးစစ်သည်တော်တွေနဲ့ တိုက်ခိုက်ဖို့ ငါ့ဓားကိုပဲ အားကိုးရတော့မယ် ထင်တယ်…"
သူမ၏ ဖော်ပြချက်များက အလွန်အသေးစိတ်ကျပြီး ရန်သူများနှင့် တိုက်ခိုက်ချိန်တွင် ပေါ်လာနိုင်သော ပြဿနာများကို စဉ်းစားထားခြင်းဖြစ်သည်။ မဟုတ်လျှင် သူမ၏အဖွဲ့ဝင်များက သူမ၏အစွမ်းအပေါ် မှားယွင်းကောက်ချက်ချမိနိုင်သည်။
"အစ်ကိုကြီးကျန်းကရော…"
ချီကျန်းရန်က ရင်ဘက် အနည်းငယ်ချိုင့်ဝင်နေသော ကျန်းယွင်ရှန်ကို လှည့်ကြည့်ပြီး မေးလိုက်သည်။
ကျန်းယွင်ရှန်က ပြုံးရုံလေး ပြုံးလိုက်၏။
"ငါ့ဆီမှာ ဆေးလုံးတွေ ပါလာတာ ကံကောင်းသွားတယ်။ ဒီရှောင်လင်ကျောင်းတော်က ကုသဆေးတွေရဲ့ အကူအညီလည်း ရှိနေသေးတယ်။ မဟုတ်ရင် ငါက လမ်းလျှောက်နိုင်ဖို့တောင် မသေချာဘူး ။ တကယ်လို့ ငါက မြေခွေးစစ်သည်တော်တွေနဲ့ တိုက်ခိုက်ရုံပဲ ဆိုရင်တောင် ငါရဲ့အစွမ်းကလည်း တော်တော်လေး ကုန်ဆုံးရလိမ့်မယ်…"
ဝမ်ကျင်းကလည်း သူတို့၏နောက်မှ လိုက်လာခဲ့သည်။ သို့သော် စကားတစ်ခွန်းမျှမပြောခဲ့ပေ။ သူက ကျောင်းဆောင်ထဲတွင် ရှိနေသော ခန်းမကြီးကို ကြည့်နေပြီး သူတို့သွားနေသောလမ်းကို စစ်ဆေးနေခဲ့သည်။
သူတို့က လမ်းလျှောက်လာကြသည့်အချိန်တွင် မုန့်ချီက မှင်တက်သွားမိခဲ့၏။ တောင်အနောက်ဖက်ကလည်း သူတို့၏ရှောင်လင်ကျောင်းတော်နှင့် တစ်ထပ်တည်းဖြစ်နေသည်။ စေတီလေးကပင် တစ်ထပ်တည်းဖြစ်နေ၏။
"မဟုတ်သေးဘူး ။ ဒီလောက်ထိ မတူနိုင်ဘူးလေ…"
မုန့်ချီက ရုတ်တရက် ကြောက်လန့်သွားသလို ခံစားလိုက်ရ၏။
"တူနေပြန်တာလား…"
ကျန်းကျိဝေကလည်း မုန့်ချီ၏အမူအရာကို သတိထားမိသည်။
မုန့်ချီက ခေါင်းညိတ်ပြီး အပြုံးနှင့်ပြောလိုက်၏။
"ငါက တောင်နောက်ဘက်ကို တစ်ကြိမ်ပဲ ရောက်ဖူးပေမယ့် ဒီနေရာက တထပ်တည်း တူနေတယ်…"
"ဒါဆို ဒီနေရာမှာလည်း နတ်ဆိုးတွေ တစ္ဆေတွေကို ဖိနှိပ်ထားတာလား။ အဲဒီလိုလည်း မဟုတ်နိုင်ဘူး။ ဒီကမ္ဘာကြီးရဲ့အဆင့်အရ တကယ်လို့ နတ်ဆိုးတွေ ၊ တစ္ဆေတွေသာ ရှိနေမယ်ဆိုရင် လူတိုင်းကို လွှမ်းမိုးသွားလိမ့်မယ်…"
သူတို့က အသံတိုးတိုးနှင့် ပြောနေကြပြီး သူတို့ကို စောင့်ကြည့်နေသော ဘုန်းတော်ကြီးများ ရှိနေမှာကို စိုးရိမ်နေခဲ့သည်။
ခဏကြာ လျှောက်လာပြီးနောက် ဘုန်းတော်ကြီးက ရပ်လိုက်ပြီး သူတို့ကို ဤနေရာတွင် နေရန် ပြောလိုက်၏။
"ဒကာလေးတို့ …
ကျေးဇူးပြုပြီး ဒီနေရာမှာ စောင့်ကြပ်ပေးပါ။ ဒီလမ်းကို ကျော်သွားရင်တော့ တောင်အနောက်ဖက်မှာရှိတဲ့ စေတီဆီကို သွားတဲ့လမ်းပါပဲ။ အပြင်လူတွေကိုတော့ ဝင်ဖို့ တားမြစ်ထားတယ်…"
မုန့်ချီကတော့ အတော်လေးကို ဇဝေဇဝါ ဖြစ်သွားခဲ့၏။ ဤနေရာက လွန်ခဲ့သော တစ်ရက်ခန့်တွင် သူတို့တားဆီးရန် ရပ်တန့်ခဲ့သောနေရာ ဖြစ်သည်။ ဘေးဖက်တွင် တောင်ထိပ်နှစ်ခု ရှိနေပြီးရှေ့တွင်တော့ သစ်တောထဲမှ ဖြတ်သွားသော လမ်းကျဉ်းလေးတစ်ခု ဖြစ်ပေါ်နေ၏။
"တိုက်ဆိုင်တာလား ဒါမှမဟုတ် ဆက်သွယ်မှုတစ်ခုခု ရှိနေတာလား…"
မုန့်ချီကတော့ ခြေလှမ်းအနည်းငယ်အတွင်း ဘေးနှစ်ဖက်တွင် ရှိနေသော သစ်တောများကို သွားကြည့်ရန် မလိုတော့ပေ။ သူက သံသယဝင်နေသလို အလွန်အံ့ဩနေခဲ့၏။
သူ့စိတ်ထဲ၌ စဉ်းစားနေချိန်တွင် တခြားလူများက မြေမျက်နှာသွင်ပြင် အခြေအနေနှင့် ပတ်သက်ပြီး ထိုကိုယ်တော်ပြောသောစကားများကို သေချာနားထောင်နေခဲ့သည်။ ထိုသို့ဆိုလျှင် သူတို့ကတော့ နောက်ပြန်ဆုတ်ရန် အခွင့်အရေးတစ်ခု ရှိနေသေး၏။
ထိုဘုန်းတော်ကြီးကတော့ သူ၏အကြီးအကဲများစီမှ ညွှန်ကြားမှုရထားပုံပေါ်သည်။ သူက အခြေအနေကို အသေးစိတ်ပြောပြနေခဲ့၏။
"သူက လျှို့ဝှက်လမ်းကြောင်းကိုရော ပြောခဲ့သေးလား ။ ငါစဉ်းစားတာ အရမ်းများနေလို့လည်း နေမှာပါ။ ဒီကမ္ဘာကြီးထဲမှာ နတ်ဆိုးတွေ တစ္ဆေတွေမရှိဘူးဆိုတော့ အဲဒီကို ဖြတ်သွားရင် ဘယ်လိုအရာမျိုး တွေ့နိုင်မှာလဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာနှစ်ခုမှာရှိတဲ့ ရှောင်လင်ကျောင်းတော်တွေက အရမ်းကို ကွဲပြားနေတယ်။ ငါတို့တွေက ရှို့ဟွာတောင်ထိပ်မှာရှိပြီး အခုလျှံတောင်ထိပ်မှာ မဟုတ်ဘူး…"
မုန့်ချီက ထိုကိုယ်တော်၏စကားကိုနားထောင်နေရင်း ကျန်းကွမ် ထွက်လာသော လျှို့ဝှက်လမ်းကြောင်းကို ရှင်းရှင်းလင်းလင်း သတိရသွားခဲ့သည်။
"ကိုရင်လေး …
ဒီတခေါက်တော့ ငါတို့က နင်တို့(၂)ယောက်ကို အားကိုးရတော့မယ်…”
ထိုကိုယ်တော် ထွက်သွားပြီးနောက် ကျန်းကျိဝေက လက်မအရွယ် ပုလင်းလေးကို ထုတ်လိုက်ပြီး အထဲတွင် အနီရောင်ဆေးလုံးလေးတစ်လုံး ရှိနေခဲ့သည်။ သူမက ထိုဆေးလုံးလေးကို သောက်လိုက်ပြီး တင်ပျဉ်ခွေထိုင်၍ သူမ၏ဒဏ်ရာများကို ကုသနေခဲ့၏။
ကျန်းယွင်ရှန်၏ ဒဏ်ရာကတော့ ပို၍ဆိုးရွားသည်။ သူကလည်း အနားတွင် ရှိနေသော ဝမ်ကျင်းကို စိုးရိမ်မနေဘဲ တင်ပျဉ်ခွေထိုင်၍ အသက်ရှူသံကို ထိန်းချုပ်လိုက်၏။
သူတို့ကို အချိန်ကြာမြင့်စွာ စောင့်ကြည့်နေပြီးနောက် ဝမ်ကျင်းက မုန့်ချီကို သတိထား၍ ကြည့်လိုက်သည်။ မုန့်ချီက မျက်လုံးမှိတ်၍ လေ့ကျင့်နေပုံရ၏။
မုန့်ချီနှင့် ချီကျန်းရန်တို့က တစ်လှည့်ဆီ စောင့်ရန် စဉ်းစားထားခဲ့ပြီး တစ်နာရီကြာပြီးနောက် အဝေးမှနေ၍ ဆူညံသံများကို ကြားလိုက်ရသည်။
"ဒိုအာချာ ပြန်ရောက်လာပြီလား…"
မုန့်ချီက ကျောင်းတော်ဆီသို့ လှည့်ကြည့်လိုက်သည်။ သူထင်ထားသည့်အတိုင်း ထိုနေရာတွင် အနက်ရောက်တိမ်တိုက်များ စုစည်းနေသည်ကို တွေ့လိုက်ရ၏။ တချို့သောနေရာမှ မီးတောက်များ ၊ မီးခိုးများ ထွက်ပေါ်လာနေသည့်အတွက် သူလည်း ဓားကို သေချာဆုပ်ကိုင်လိုက်ပြီး နောက်ဆုံးတိုက်ပွဲကို တိုက်ခိုက်ရန် စောင့်နေခဲ့၏။
ဝမ်ကျင်းကလည်း မတ်တပ်ရပ်လိုက်ပြီး တခြားလူများကို စကားတစ်ခွန်းမျှမပြောဘဲ ရှောင်လင်ကျောင်းတော်ဆီကို ပြေးသွားခဲ့သည်။
"သူက ဘာလုပ်ချင်နေတာလဲ…"
မုန့်ချီက ရှုပ်ထွေးစွာ မေးလိုက်၏။
ချီကျန်းရန်က ပြောလိုက်သည် ။
"သူ့ကို စဉ်းစားမနေနဲ့။ သူက ဒီနေရာမှာ ဆက်နေရင်တောင် ငါတို့ရဲ့နောက်ကျောကို ထိုးမယ့် ဓားတစ်ချောင်း ဖြစ်လာနိုင်တယ်…"
ဝမ်ကျင်းက အလွန်လျင်မြန်စွာ လှုပ်ရှားသွားပြီး အနည်းငယ် စိတ်လှုပ်ရှားနေပုံ ရသည်။ သူ့ဆီတွင် အဆင့်အတန်းနိမ့်သော သိုင်းပညာသာ ရှိနေပြီး ထိပ်တန်းပညာရှင် တစ်ယောက်ကဲ့သို့ တံခါးများကို နားလည်ရန် လွယ်ကူနေခြင်း မရှိချေ။ ထို့ကြောင့် သူက နောက်တစ်ဆင့်ကို ရောက်နိုင်သော သိုင်းကြမ်းများကို လိုအပ်နေခဲ့၏။
သံသရာကမ္ဘာကြီးကတော့ သူ့အတွက် အခွင့်အရေးတစ်ခုဖြစ်၏။ လက်ရှိအချိန်ကတော့ သူ့အတွက် အခွင့်ကောင်း ဖြစ်နေသည်။ ရှောင်လင်ကျောင်းတော်က ပုံမှန်အချိန်ထက် အဆပေါင်းများစွာ ပို၍အားနည်းနေပြီး သူတို့၏သိုင်းပညာက ဝေ့ကျင်းအဆင့်ကို ရောက်နိုင်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။
ဤကမ္ဘာကြီးထဲတွင်လည်း သွေးကြောမှတ်များကို စုစည်းပြီး တံခါး(၉)ပေါက်ကို ဖွင့်ရသည့် နည်းလမ်းမျိုး ရှားပါးလိမ့်မည် မဟုတ်ချေ။ ယခုရှောင်လင်ကျောင်းတော်က ပရမ်းပတာ ဖြစ်နေသည့်အတွက် သူက အကြီးအကဲတစ်ယောက်ကိုဖမ်းပြီး ကျမ်းစာများ၏ နေရာကိုစုံစမ်း၍ ရနိုင်သည်။ မည်သူကမျှ သူ့ကို သတိထားမိလိမ့်မည် မဟုတ်ချေ။ ထိုလူများကိုသတ်သည့်လူက ဒိုအာချာ၏လူများသာ ဖြစ်လိမ့်မည်ဟု တွေးကြလိမ့်မည်။
မည်သို့ဖြစ်စေကာမူသူတို့လုပ်ရမည့် တာဝန်က ကျောင်းတော်ထဲတွင် နောက်ဆုံးအချိန်ထိနေရန် ဖြစ်သည်။ ရှောင်လင်ဘုန်းတော်ကြီးများကို ထိခိုက်အောင် မလုပ်ရန် မည်သူကမျှ ပြောမထားခဲ့ပေ။
"သူက ပရမ်းပတာဖြစ်နေတာကို အခွင့်ကောင်းယူချင်နေတာ ဖြစ်နိုင်တယ်…"
မုန့်ချီက ဝမ်ကျင်း၏နောက်ကျောကိုကြည့်ပြီး ပြောလိုက်၏။
ထိုအချိန်တွင် သစ်တောထဲမှ အလွန်လျင်မြန်သောအရှိန်နှင့် ငွေရောင်အလင်းတန်း တစ်ခုပေါ်လာပြီး ဝမ်ကျင်းကို တိုက်ခိုက်လိုက်သည်။ လေတိုးသံများ ကြားလိုက်ရပြီးနောက် ဝမ်ကျင်း၏ခန္ဓာကိုယ် နေရာတိုင်းမှနေ၍ သွေးများ စီးကျလာခဲ့၏။ ထို့နောက် သူက မြေပေါ်သို့ လဲကျသွားပြီး ကောင်းကင်ပေါ်သို့ မော့ကြည့်နေခဲ့လေသည်။
"မင်းက ငါ့ရဲ့တိမ်မုန်တိုင်းအပ်တွေကို ဖြုန်းပစ်ခဲ့တယ်။ ဒါပေမယ့် တပ်မှူးကတော့ ဘယ်သူ့ကိုမှ အရှင်မထားဖို့ ငါ့ကိုပြောထားတယ် ။ မင်းတို့တွေက ငါတို့တပ်မှူးရဲ့မျက်လုံးကိုတောင် ဖောက်ပစ်ရဲတာပဲ…"
ထိုအချိန်တွင် သစ်တောထဲမှ လူငယ်တစ်ယောက် ထွက်လာခဲ့သည်။ သူက လက်ထဲတွင် ကိုင်ထားသော အနက်ရောင်ပြွန်လေးကို မြေပေါ်သို့ ပစ်ချလိုက်ပြီး လက်သီးဆုပ်လိုက်၏။
"ငါနာမည်က ထန်ရွှန်း …
ငါ့ကိုနယ်လှည့်မျက်လှည့်ဆရာလို့လည်း ခေါ်ကြသေးတယ် ။ ငါက မင်းတို့တွေကို ငြိမ်းအေးတဲ့နေရာဆီ ပို့ပေးဖို့ ရောက်လာခဲ့တာ…"
Translated by Hein Htet.