အခန်း (၃၈)
Vol. 3 Ch. 38
စကားပြောပြီး ချက်ချင်းဆိုသလို ထန်ရွှန်းက ချီကျန်းရန်နှင့်မု့န်ချီဆီသို့ အလွန်ကြောက်စရာကောင်းစွာ ပြေးဝင်လာခဲ့သည်။ သူ၏သိုင်းပညာက ပညာရှင်(၄)ယောက်ထဲတွင် အားအနည်းဆုံး ဖြစ်သော်လည်း ထန်ရွှန်းက အစွမ်းထက်သော ညဏ်အလင်းပွင့်မှုအဆင့် ပညာရှင်တစ်ယောက် ဖြစ်နေသေးသည်။
ချီကျန်းရန်က ဂရုမစိုက်ဘဲ နေ၍မရနိုင်ပေ။ သူက ဓားကို ဆွဲထုတ်လိုက်ပြီး ခုခံလိုက်သည်။
မုန့်ချီကလည်း သူနှင့်ပူးပေါင်း၍ ကျရောက်လာသော တိုက်ခိုက်မှုကို ခုခံရန် ကြိုးစားလိုက်၏။ သူတို့နှစ်ယောက်က အကောင်းဆုံးကြိုးစားပြီး ကျန်းကျိဝေနှင့် ကျန်းယွင်ရှန်တို့ ပြန်ကောင်းလာသည်အထိ အချိန်ဆွဲထားပေးရမည်ဖြစ်သည်။
ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်များနှင့် တိုက်ခိုက်ရာတွင် ချီကျန်းရန်ဆီ၌ အတွေ့အကြုံနည်းပါးမှု မရှိချေ။ သူက ရင်ဟွမ်ရဲတိုက်ထဲတွင် မျက်လုံးတံခါးပွင့်နေသော ပညာရှင်များနှင့် တိုက်ခိုက်ခဲ့ဖူး၏။ ထို့ကြောင့် သူ၏မြစ်ကမ်းရှည် ဓားသိုင်းပညာအပေါ် ယုံကြည်ချက် ရှိနေသည်။
အကယ်၍ သူ ရှုံးသွားမည်ဆိုလျှင်ပင် အချိန်ဆွဲနိုင်မည်ဖြစ်ကြောင်း သိနေခဲ့၏။ အထူးသဖြင့် ယခုသူက အဆုံးမဲ့ပြောင်းလဲခြင်းမြူခိုး(၁၃)သွယ်ကို နားလည်ထားသည်။ ထိုစွမ်းရည်များကို သူ၏ဓားပညာထဲသို့ ပေါင်းထည့်လိုက်မည်ဆိုလျှင် ထန်ရွှန်းကို ဒဏ်ရာရအောင် လုပ်နိုင်မည့်အပြင် စွမ်းအားများကိုပါ ကုန်ဆုံးအောင် လုပ်နိုင်ပါလိမ့်မည်။
အကယ်၍ ကျန်းကျိဝေနှင့် ကျန်းယွင်ရှန်တို့ကသာ သူတို့၏စွမ်းအား တစ်စိတ်တစ်ပိုင်းခန့် သုံးနိုင်လာမည်ဆိုလျှင် သူတို့ဆီ၌ မျှော်လင့်ချက် ရှိနေသေး၏။ ချီကျန်းရန်၏ဓားပညာနှင့် သူတို့၏အစွမ်းက နိမ့်ကျနေသော်လည်း သူတို့က ထန်ရွှန်းကို အနိုင်ရနိုင်သေးသည်။ အနည်းဆုံးတော့ သူတို့က ပင်မတာဝန်မပြီးမချင်း ထိန်းထား၍ ရနိုင်၏။
မုန့်ချီကလည်း ချီကျန်းရန်၏ ရည်ရွယ်ချက်ကို ခန့်မှန်းမိနေသည်။ သူလည်း နတ်ဘုရားခြေလှမ်း(၈)သွယ်ကိုသုံးပြီး ချီကျန်းရန်၏ ဓားနှင့်အတူလိုက်ပါ လှုပ်ရှားနေခဲ့၏။
ချီကျန်းရန်နှင့် မုန့်ချီတို့က ပူးပေါင်းတိုက်ခိုက်နေကြသည့်အချိန်တွင် ထန်ရွှင်းကတော့ ဦးတည်လာသောဓားဆီကို ရွေ့လျားလိုက်သည်။
ပုံမှန်မဟုတ်သော ထန်ရွှင်း၏ လှုပ်ရှားမှုကြောင့် ချီကျန်းရန်က မှင်တက်သွားခဲ့၏။ သူတို့က တဒင်္ဂရှုပ်ထွေးသွားသည်ကို အခွင့်ကောင်းယူပြီး ထန်ရွှန်းက ချီကျန်းရန်ကို ဓားရုတ်သိမ်းရန် အချိန်မပေးတော့ပေ။
ထို့ကြောင့် သူလည်း ခုခံမှုကို ပြောင်းလဲလိုက်ရ၏။ ချီကျန်းရန်က ဘေးသို့ ရှောင်လိုက်ရပြီး သူ၏ဗိုက်နှင့်ရင်ဘတ်ကိုသာ ကာကွယ်ထားလိုက်ရသည်။
သူ၏ဓားဆီမှ အသံတစ်ခု ထွက်ပေါ်လာပြီး မုန့်ချီ၏တိုက်ခိုက်မှုကလည်း လျင်မြန်လွန်းလှသော ထန်ရွှန်း၏ လှုပ်ရှားမှုအပေါ် အသုံးမဝင်ပေ။ သူ့ဓားက ထန်ရွှန်း၏ နောက်ကျောကို ခုတ်မိသည့်အတွက် အဝတ်များ ပြတ်သွားသော်လည်း သူ၏နောက်ကျောပေါ်တွင် အဖြူရောင်အမှတ်အသားတစ်ခုသာ ပေါ်လာခဲ့သည်။
ထိုအချိန်တွင် ထန်ရွှင်းက ချီကျန်းရန်ကို လက်ဖဝါးနှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်သောကြောင့် ချီကျန်းရန်နှင့်ဓားက တကွဲတပြားဆီ ဖြစ်သွားခဲ့၏။ ချီကျန်းရန်၏ ပါးစပ်မှနေ၍ သွေးများလည်း စီးကျလာပြီး မြေပေါ်သို့ အရှိန်ပြင်းစွာ ပြုတ်ကျသွားခဲ့သည်။
"အကာအကွယ်ကျင့်စဉ်လား ၊ သူ့ဆီမှာလည်း သံချပ်ဝတ်အင်္ကျီ အကာအကွယ် ရှိနေတာလား…"
မုန့်ချီက နောက်ဆုတ်သွားပြီး ထန်ရွှန်း၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းရန် ကြိုးပမ်းလိုက်သည်။ သူ့ရင်ထဲတွင်လည်း တဒုန်းဒုန်း ခုန်နေခဲ့၏။
ယခုချိန်ထိ သူက သံချပ်ဝတ်အင်္ကျီကို အသုံးပြုပြီး ရန်သူများကို အနိုင်ရခဲ့သည်။ သူက ဒဏ်ရာနည်းနည်းနှင့် ရန်သူကို ဒဏ်ရာများများ ရစေခဲ့၏။ သို့သော် ယခု သူရင်ဆိုင်နေရသည်မှာ သူ့ထက် ပို၍အစွမ်းထက်ပြီး ပို၍ကြောက်စရာကောင်းသော ရန်သူတစ်ယောက် ဖြစ်နေသည်။
ကျန်းကျိဝေနှင့် ကျန်းယွင်ရှန်တို့၏ မျက်နှာကလည်း နီရဲနေကြပြီး ဒဏ်ရာကို မြန်မြန်ကောင်းစေရန် အတင်းတွန်းအားပေးနေကြပုံပေါ်သည်။ နောက်ဆုံးတော့ သူတို့ကလည်း သူတို့၏ဓားများကို ဆွဲကိုင်ပြီး တိုက်ပွဲတွင် ဝင်ရောက်လာကြသည်။
မြေပေါ်သို့ လဲကျသွားပြီးနောက် ချီကျန်းရန်က အနည်းငယ် ရုန်းကန်နေပြီး အားတင်း၍ မတ်တပ်ရပ်လိုက်သည်။ သူက ထန်ရွှန်း၏ တိုက်ခိုက်မှုအများအပြားကို ရှောင်တိမ်းနိုင်ခဲ့သော်လည်း ကြောက်စရာကောင်းသော တိုက်ခိုက်မှုကြောင့် ဒဏ်ရာရခဲ့သေးသည်။
“ဘယ်ဘက် ညာဘက် ရှေ့ နောက် …”
ထန်ရွှန်းကဲ့သို့ ကြောက်စရာကောင်းသည့် ရန်သူမျိုးနှင့် ရင်ဆိုင်ရသည့်အချိန်တွင် မုန့်ချီလည်း အသက်ရှင်နိုင်ရန်အတွက် နတ်ဘုရားခြေလှမ်း(၈)သွယ်ကို အားကိုးပြီး ပတ်ပတ်လည်ကို ရှောင်တိမ်းနေရသည်။
ထန်ရွှန်းက မုန့်ချီထက် အဆပေါင်းများစွာ ပို၍ကျွမ်းကျင်၏။ မဟုတ်လျှင် မုန့်ချီက ကျန်းမြောင်နှင့် ရင်ဆိုင်ရာတွင် အသုံးပြုသည့်နည်းလမ်းအတိုင်း ရင်ဆိုင်၍ ရနိုင်သေးသည်။ မုန့်ချီ၏လှုပ်ရှားမှုက အတော်လေးကို လျင်မြန်သော်လည်း ထန်ရွှန်းက သူ့အနားသို့ တဖြည်းဖြည်း နီးကပ်လာနေသည်။ သိပ်မကြာခင် သူက ရှောင်တိမ်းနိုင်တော့မည် မဟုတ်ချေ။
"မိန်းကလေးကျန်းနှင့် အစ်ကိုကြီးကျန်းတို့ ရောက်လာပြီ…"
မုန့်ချီက အံကြိတ်၍ ပြောလိုက်၏။
သူ၏စွမ်းအင်များအားလုံးကို ရှောင်တိမ်းရန် အာရုံစိုက်ထားသည့်အတွက် နတ်ဘုရားခြေလှမ်း(၈)သွယ်အပေါ် သူ၏နားလည်မှုများကလည်း ပို၍နက်ရှိုင်းလာပုံရသည်။
“ယားးးး....”
ထန်ရွှန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ထိုအချိန်တွင် မုန့်ချီ၏နားထဲ၌ အူထွက်သွားသလို ခံစားလိုက်ရပြီး ခေါင်းထဲတွင်လည်း မူးဝေသွားသလို ခံစားလိုက်ရသည်။ သူ၏မျက်လုံးက ဝေဝါးသွားပြီး ခြေထောက်နှစ်ဖက်ကလည်း အားနည်းသွားသည့်အတွက် အနောက်ဘက်သို့ ဖြည်းညင်းစွာ ပြန်ဆုတ်လိုက်ရသည်။ ထန်ရွှန်းက ထိုအခွင့်အရေးကို အရယူပြီး တိုက်ခိုက်လိုက်သည့်အတွက် သူ့လက်သီးက မုန့်ချီ၏နောက်ကျောကို ထိုးလိုက်မိသည်။
မုန့်ချီ၏မျက်လုံးထဲတွင် မည်းမှောင်သွားခဲ့ပြီ နောက်ကျောတွင်လည်း ထုံသွားခဲ့သည်။ ထန်ရွှန်း၏ တိုက်ခိုက်မှုကြောင့် နောက်ကို လွင့်သွားခဲ့ချိန်တွင် သူ၏ခန္ဓာကိုယ်ထဲမှနေ၍ တဖြောက်ဖြောက်မြည်သံများ ထွက်ပေါ်လာသည်။ ပါးစပ်ထဲမှနေ၍ သွေးများ စီးကျလာနေခဲ့၏။
မုန့်ချီကတော့ အလွန်ပြင်းထန်သော နာကျင်မှုကိုသာ ခံစားမိနေသည်။ သူကိုယ်တိုင်က ကြမ်းပြင်ပေါ်တွင် လဲနေသော်လည်း ကျန်းကျိဝေနှင့် ကျန်းယွင်ရှန်တို့က ထန်ရွှန်းနှင့် တိုက်ခိုက်နေသေးကြောင်း မြင်နေရ၏။
မုန့်ချီက သတိလစ်မသွားစေရန်အတွက် သူ၏ချီစွမ်းအင်များကို လှည့်ပတ်လိုက်ရသည်။ ထိုအချိန်တွင် သူ၏ကိုယ်ထဲမှနေ၍ ရှောင်လင်ချီစွမ်းအင်များ ထွက်ပေါ်လာပြီး သူ၏ဒဏ်ရာများကို ကုသပေးနေခဲ့၏။
"ဒဏ်ရာကြီးကြီးမားမားမရှိဘူး ။ ဒါပေမယ့် သံချပ်ဝတ်အင်္ကျီကတော့ ပျက်စီးသွားပြီ…"
မုန့်ချီက တစ်ယောက်တည်း ရေရွတ်နေမိခဲ့သည်။
ကျန်းကျိဝေနှင့် ကျန်းယွင်ရှန်တို့၏ တိုက်ခိုက်မှုကြောင့် ထန်ရွှန်းက မုန့်ချီကို အစွမ်းကုန် လိုက်လံတိုက်ခိုက်နိုင်ခြင်း မရှိတော့ချေ။ ထို့ပြင် သံချပ်ဝတ်အင်္ကျီ၏ ကာကွယ်ပေးမှုကြောင့် မုန့်ချီက ဒဏ်ရာအသေးအဖွဲ့သာ ရသွားခဲ့သည်။ သို့သော် သံချပ်ဝတ်အင်္ကျီ မရှိတော့သည့်အတွက် မုန့်ချီ၏စွမ်းရည်က သိသိသာသာ လျော့ကျသွားခဲ့လေသည်။
……………
ခန်းမကြီးထဲတွင် …
တတောက်တောက် ခေါက်သံကိုသာ ကြားနေရပြီး အခြေအနေက အလွန်တည်ငြိမ်နေခဲ့၏။ ရှင်းကျိက ရွှေရောင်ဗုဒ္ဓရုပ်ပွားတော်ကြီး၏ရှေ့တွင် တင်ပျဉ်ခွေထိုင်နေပြီး သစ်သားတုတ်တံလေးဖြင့် တတောက်တောက် တီးနေခဲ့၏။ သူ့ပုံစံက တစ်ယောက်ယောက်နှင့် တိုက်ခိုက်ရတော့မည့်ပုံစံမျိုး မဟုတ်ဘဲ ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်နေသလို ထင်မှတ်ရသည်။
"ဆရာတော်ရှင်းကျိ …
ခင်ဗျားက တကယ်ပဲ တည်ငြိမ်နေတာပဲ…."
အပြင်ဘက် ကောင်းကင်ကြီးပေါ်တွင် အလွန်သိပ်သည်းသော တိမ်တိုက်ကြီးများ ပေါ်လာခဲ့သည်။ လျှပ်စီးကြောင်းများလည်း ထွက်ပေါ်လာနေပြီး မိုးများလည်း ရွာကျနေခဲ့၏။ မိုးရေထဲမှနေ၍ လူတစ်ယောက် ထွက်လာပြီး ဗုဒ္ဓခန်းမကြီးထဲသို့ လျှောက်လာခဲ့သည်။
ထိုလူကတော့ တပ်မှူးဒိုအာချာဖြစ်၏။ သူက လူရိုင်းများကဲ့သို့ အနက်ရောင်ဝတ်ဆင်ထားပြီး ဘယ်မျက်လုံးကတော့ ကျန်းကျိဝေကြောင့် ဟောင်းလောင်းဖြစ်နေပြီး အလွန်ကြောက်စရာကောင်းနေခဲ့သည်။
ရှင်းကျိက သစ်သားတုတ်ကို ချထားလိုက်ပြီး ပြောလိုက်၏။
"ကိုယ်တော်က ဒကာကြီးကို လူသတ်ဓား လွှတ်ချအောင် မတိုက်တွန်းနိုင်ခဲ့တာ တော်တော်လေး ရှက်စရာပါပဲ…"
"ကျုပ်က လူတိုင်းကို သတ်ပြီးသွားရင်တော့ ဗုဒ္ဓလမ်းစဉ်ကို လျှောက်လှမ်းမယ်…"
ဒိုအာချာက ပြန်ပြီး ပြောလိုက်သည်။
ခန်းမကြီးထဲတွင် လေလှိုင်းတစ်ခု တိုက်ခတ်လာပြီး အတွင်းရှိ ဖယောင်းတိုင်များအားလုံး ငြိမ်းသွားခဲ့၏။ ရှင်းကျိကတော့ မှင်တက်နေခဲ့ခြင်း မရှိချေ။ သူက သစ်သားတုတ်သံကို ပြန်ကောက်လိုက်ပြီး ဖြည်းညင်းစွာ စတင်ရွတ်ဆိုနေခဲ့၏။
"ဗုဒ္ဓရဲ့အမွေအနှစ်တွေက အပေါ်ယံ မဟုတ်ဘူး ။ သူတို့ကို ဖန်တီးလို့မရသလို ဖျက်ဆီးလို့လည်း မရဘူး…”
တစ်ချိန်တည်းတွင် ဗုဒ္ဓအငွေ့အသက်များက သူ့၏လက်ဖဝါးပေါ်တွင်တောက်ပလာခဲ့သည်။ ရှင်းကျိဆီမှ ဗုဒ္ဓအငွေ့အသက်များ ထွက်ပေါ်လာသည့်အတွက် သူကိုယ်တိုင် ဗုဒ္ဓတစ်ပါးကဲ့သို့ ဖြစ်လာခဲ့သည်။
သူ့နောက်တွင် ရှိနေသော ရွှေရောင် ဗုဒ္ဓရုပ်ပွားတော်ကြီးကြောင့် အခန်းထဲတွင် အလွန်အံ့ဩစရာကောင်းသော မြင်ကွင်းတစ်ခု ပေါ်လာခဲ့၏။
“တစ်ခုက သေးပြီး တစ်ခုက ကြီးသည် ။ တစ်ခုက ထူးခြားပြီး တစ်ခုက တည်ငြိမ်သည်။ တစ်ခုက လှုပ်ရှားပြီး တစ်ခုက ငြိမ်သက်နေသည်..”
ဒိုအာချာ၏ အမူအရာက အလွန်တည်ငြိမ်နေခဲ့၏။
"ခင်ဗျားက ဒီလောက်များတဲ့ ဗုဒ္ဓအမွေအနှစ်တွေကို လက်လွှတ်လိုက်မယ် ဆိုရင်တော့ ကျုပ်တောင် တော်တော်လေး အံ့အားသင့်သွားမိမှာပဲ…"
ထို့နောက် သူက ညာလက်သီးဖြင့် ထိုးလိုက်ရာ နဂါးတစ်ကောင် ထွက်ပေါ်လာသလို ထင်မှတ်ရပြီး ထိုကျောင်းဆောင်၏ အပေါ်ဘက်တွင် လျှပ်စီးကြောင်းတစ်ခု ထွက်ပေါ်လာသည်။
"ခံစားမှုမရှိ ဒုက္ခမရှိ သောကမရှိ ပျက်သုန်းမှုမရှိ လမ်းကြောင်းမရှိ နားလည်မှုမရှိ…”
သူ၏မျက်လုံးထဲတွင် ရှိနေသော ခံစားချက်များ ပျောက်ကွယ်သွားခြင်းနှင့်အတူ ရှင်းကျိက ဘယ်ဘက်လက်ဝါးကို မြှောက်လိုက်ပြီး ဗုဒ္ဓရောင်ဝါများကို ပြသလိုက်သည်။
………………………..
မုန့်ချီက ကျန်းကျိဝေနှင့် ကျန်းယွင်ရှန်တို့၏ တိုက်ပွဲများကို ကြည့်နေရင်း အခြေအနေကို သေချာကြည့်နေခဲ့၏။ ချီကျန်းရန်က ဓားကိုပြန်ကောက်လိုက်ပြီး မတ်တပ်ရပ်နေကြောင်း တွေ့လိုက်ရသည်။
တိုက်ပွဲထဲတွင် ကျန်းယွင်ရှန်က ထိုက်ကျိဓားသိုင်းနှင့် ခုခံနေပြီး ကျန်းကျိဝေကတော့ သူမ၏ အလွန်ကျွမ်းကျင်သော ဓားသိုင်းပညာကိုသုံး၍ တိုက်ခိုက်နေခဲ့၏။ သူတို့နှစ်ယောက် တိုက်ခိုက်နေသည့်အတွက် ထန်ရွှန်းကို အချိန်အတိုင်းအတာတစ်ခုထိ ထိန်းထားနိုင်သေးသည်။
ထန်းရွှန်းက ကျန်းယွင်ရှန်၏ ခုခံမှုကို ထိုးဖောက်လာသည့် အချိန်အတိုင်း ကျန်းကျိဝေ၏ နေဖောက်သက်တန့်ဓားက သူ၏အားနည်းချက်များကို လာရောက်တိုက်ခိုက်တတ်သည်။ ထို့ကြောင့် သူလည်း တိုက်ခိုက်မှုကို လက်လျော့ပြီး ပြန်လည်ခုခံခဲ့ရ၏။
ထို့ကြောင့် ကျန်းယွင်ရှန်က အသက်ရှုချောင်နေခဲ့သည်။ ထန်ရွှန်းက ကျန်းကျိဝေကို အရင်ဆုံး တိုက်ခိုက်နိုင်ခြင်း မရှိသလို ကျန်းယွင်ရှန်၏ခုခံမှုကိုလည်း ဖျက်ဆီးနိုင်ခြင်း မရှိချေ။
ထိုအခြေအနေကိုကြည့်၍ မုန့်ချီက စိတ်အေးသွားခဲ့၏။ သူနှင့်ချီကျန်းရန်တို့၏ အကူအညီသာရှိလျှင် ကျန်းယွင်ရှန်နှင့် ကျန်းကျိဝေတို့က တာဝန်မပြီးမချင်း ထန်ရွှန်းကို ထိန်းထားနိုင်ချေရှိသည်။
မုန့်ချီက သူ၏ဓားကိုကိုင်ပြီး တိုက်ပွဲထဲသို့ ဝင်ရောက်တိုက်ခိုက်ရန် ပြင်လိုက်စဉ် ကျန်းယွင်ရှန်က တစ်ကိုယ်လုံး တုန်ယင်လာပြီး သူ့၏ဓားက နှေးကွေးလာခဲ့သည်။
"သူက ဒဏ်ရာတွေကို ဆက်ပြီးတော့ ထိန်းမထားနိုင်တော့ဘူး…."
မုန့်ချီ၏ခေါင်းထဲ၌ ထိုအတွေးပေါ်လာနေစဉ် ထန်ရွှင်းက ထိုအခွင့်အရေးကို အခွင့်ကောင်းယူပြီး ကျန်းယွင်ရှန်၏ဓားကို လွတ်ကျသွားအောင် တိုက်ခိုက်နိုင်ခဲ့သည်။ ထို့နောက် ဘယ်ခြေထောက်နှင့် ကျန်းယွင်ရှန်၏ရင်ညွှန့်ရိုး ရှိရာကို ကန်လိုက်သည့်အတွက် သူလည်း နောက်သို့ လွင့်သွားခဲ့၏။
ကျန်းယွင်ရှန်၏ နံရိုးအက်ကွဲသံများကိုပင် ရှင်းရှင်းလင်းလင်း ကြားလိုက်ရပြီး မြေပြင်ပေါ်တွင် သွေးများ စည်းကျနေခဲ့သည်။ သူက မတ်တပ်ရပ်ချင်နေသော်လည်း မရပ်နိုင်ခဲ့ပေ။ သူက သေလုဆဲဆဲ အခြေအနေကို ရောက်နေခဲ့၏။
ကျန်းယွင်ရှန်၏ ခုခံမှုမရှိတော့သည့်အတွက် ကျန်းကျိဝေ တစ်ယောက်တည်း ထန်ရွှန်းကို ရင်ဆိုင်နေခဲ့သည်။ သူမကိုယ်တိုင်လည်း ဒဏ်ရာများကြောင့် အားနည်းနေခဲ့ပြီး အရှိန်က နှေးကွေးနေခဲ့၏။
သိပ်မကြာခင် ထန်ရွှန်းက ထိုအရာကို အခွင့်ကောင်းယူနိုင်ခဲ့သည်။ သူက ဘယ်လက်ဖဝါးနှင့် ဓားကို တားဆီးခဲ့ပြီး ညာလက်ဖဝါးနှင့် နောက်သို့ လွင့်သွားအောင် ရိုက်ထုတ်ခဲ့၏။ နောက်သို့ လွင့်သွားသည့်အချိန်တွင် ကျန်းကျိဝေ၏ အဝတ်အစားများက လေထဲတွင် တဖျပ်ဖျပ် လှုပ်ရှားနေခဲ့သည်။
သူမက အံကြိတ်လိုက်သည့်အတွက် ပါးစပ်ထဲမှ သွေးများပင် စီးကျလာနေ၏။ ထို့သို့ဆိုရာတွင် သူမက ဓားကိုမြဲမြဲဆုပ်ကိုင်ထားပြီး နောက်ဆုံးအချိန်ထိ တိုက်ခိုက်နေဦးမည့်ပုံပေါ်သည်။
"တော်တော်အံ့ဩစရာကောင်းတဲ့ သိုင်းပညာပဲ…"
ထန်ရွှန်းက လေးလေးနက်နက် ပြောလိုက်၏။ သူက ကျန်းကျိဝေကို သတ်နိုင်မည်ဟု မျှော်လင့်သော်လည်း သူမက ဒဏ်ရာပင် မရခဲ့ပေ။
"ငါက အခုချိန်ထိ ကလေးတစ်ယောက်ကိုတောင် အနိုင်မရသေးတာတော့ တော်တော်လေး ရှက်စရာကောင်းတယ်…"
သူက ဒဏ်ရာရနေသော မုန့်ချီတို့အဖွဲ့ကို လှည့်ကြည့်လိုက်သည်။ ထို့နောက် အားရပါးရ ရယ်လိုက်၏။
"မင်းတို့ရဲ့သိုင်းပညာက တော်တော်လေးကို ကောင်းပါတယ်။ မင်းတို့အားလုံးက တကယ့်ကို မျိုးဆက်ကောင်းလေးတွေပဲ။ မင်းတို့သိထားတဲ့အရာတွေသာ ငါ့ကိုပြောပြမယ်ဆိုရင် မင်းတို့ကို မနာမကျင်အောင် သတ်ပေးမယ်…"
ထို့နောက် သူက ကျန်းကျိဝေကို လှည့်ပြောလိုက်သည်။
"မင်းကတော့ တော်တော်လေးလှတဲ့မိန်းကလေးပဲ။ တပ်မှူးက မင်းကိုသတ်ဖို့ ငါ့ကိုအမိန့်မပေးခဲ့ဘူး။ ငါလည်း မင်းကို တော်တော်လေး သနားမိနေပြီ။ အမှန်အတိုင်းပြောရရင် ငါက သိုင်းတတ်တဲ့ မိန်းကလေးတွေကို တော်တော်လေး သဘောကျလေ။ တကယ်လို့ ငါသာ မင်းကိုအိပ်ယာထဲ ခေါ်သွားနိုင်မယ်ဆိုရင် ဘယ်လောက်ပျော်စရာကောင်းလိုက်မလဲ…"
ကျန်းကျိဝေက အလွန်ဒေါသထွက်နေသော်လည်း ဒဏ်ရာကြောင့် စကားမပြောနိုင်ဘဲ အသက်ကိုသာ မနည်းရှုနေခဲ့သည်။ ထန်းရွှန်းက ကျန်းကျိဝေနှင့် ကျန်းယွင်ရှန်တို့ဆီသို့ဖြည်းညင်းစွာ လျှောက်လာခဲ့၏။
မုန့်ချီနှင့် ချီကျန်းရန်တို့ကတော့ သူ့ဘေးတွင် ရှိနေသည်။ သူကတော့ သူတို့ကို မသတ်ခင် သူတို့၏ သိုင်းပညာများကို သိချင်နေသေးသည်။ သူ့ဆီတွင် အချက်အလက်များ ထုတ်ယူနိုင်သော နည်းလမ်းတစ်ခု ရှိနေ၏။ သို့သော် ကျန်းကျိဝေနှင့် ကျန်းယွင်ရှန်တို့က သေခါနီးနေပြီ ဖြစ်တဲ့အတွက် အဖြေမရခင် သေသွားမှာ စိုးရိမ်ရသည်။
"မင်းက ဘာကြည့်နေတာလဲ ကိုရင်လေး။ မင်းက အရမ်းအားနည်းတယ် ဘာစွမ်းအားမှလည်း မရှိဘူး။ ငါက မင်းကို အရင်ဆုံး သတ်ပစ်မယ်…"
ထန်ရွှန်းက ဥပမာအနေဖြင့် မုန့်ချီကို အရင်ဆုံးသတ်ပစ်ရန် စဉ်းစားလိုက်သည်။ ထိုသို့ဆိုလျှင် အခြားသူများက ကြောက်လန့်သွားပြီး သူလိုချင်သော အချက်အလက်များ ထုတ်ပေးကြပါလိမ့်မည်။
မုန့်ချီက စိတ်ထဲတွင် မျိုးစုံကျိန်ဆဲနေသော်လည်း မျက်နှာအမူအရာကတော့ တည်ငြိမ်နေသေးသည်။ သူက ထိုအန္တရာယ်ကို မည်သို့ရင်ဆိုင်ရမည်ဖြစ်ကြောင်း စိတ်ထဲတွင် တွေးနေခဲ့၏။ သူ့အတွက် အခွင့်အရေးက နည်းပါးကြောင်း သိနေသော်လည်း သူကတော့ လက်မလျော့နိုင်သေးပေ။
သူက အသက်ရှင်ခွင့်ရရန်အတွက် မျှော်လင့်ချက် ရေးရေးလေး ရှိနေသေး၏။
“ငါက နတ်ဘုရားခြေလှမ်း(၈)သွယ်ကိုသုံးပြီး လှမ်းခုန်လိုက်မယ်ဆို သူရဲ့ချက်ကောင်းကို တိုက်ခိုက်နိုင်လိမ့်မယ်…”
သူ့ဆီသို့ လျှောက်လာနေသော ထန်ရွှန်းကိုကြည့်ပြီး မုန့်ချီက နောက်ဆုံးတိုက်ခိုက်မှုအတွက် ပြင်ဆင်နေခဲ့သည်။
“ငါက မတိုက်ခိုက်ဘူးဆိုရင်လည်း သေရမှာပဲ။ ပြီးတော့ ငါရထားတဲ့ အရာအားလုံးကိုလည်း ဆုံးရှုံးရလိမ့်မယ်…”
ထန်ရွှန်းက မုန့်ချီဆီကို အပြုံးနှင့် လျှောက်လှမ်းနေရင်း ကျန်းကျိဝေနှင့် ကျန်းယွင်ရှန်တို့ကို စိုက်ကြည့်နေခဲ့သည်။ သူတို့အညံ့ခံလာမည့် အချိန်ကို စောင့်နေခဲ့၏။
“ငါက မင်းရဲ့ဘယ်လက်နဲ့ ညာခြေထောက်ကို အရင်ဆုံး ဖြတ်ပစ်လိုက်ရင် မကောင်းဘူးလား။ ကိုရင်လေး ဒါမှမဟုတ် မင်းက မိန်းမစိုးတစ်ယောက် ဖြစ်သွားချင်လား…"
ထန်ရွှန်းက ကျယ်လောင်စွာ ရယ်လိုက်၏။ သူက စကားပြောပြီးသွားသည့်အချိန်တွင် မျက်နှာပျက်သွားခဲ့သည်။
ချီကျန်းရန်၏ လက်ဖဝါးထဲမှနေ၍ အဖြူရောင်အလန်းတန်းတစ်ခု ထွက်ပေါ်လာပြီး တဖြည်းဖြည်း ပို၍တောက်ပလာခဲ့သည်။ အလင်းရောင်က လူတိုင်းကို လွှမ်းခြုံသွားပြီး ထန်ရွှန်းကိုယ်တိုင်ကလည်း ခုခံရန် အချိန်မရခဲ့ပေ။
ထန်ရွှင်းက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး အဝတ်များ ဆုတ်ပြဲသွားသည့်အသံကို ကြားလိုက်ရသည်။ ထိုအချိန်တွင် ချီကျန်းရန်၏လက်ဖဝါးထဲမှ နေ၍ နောက်ထပ်အဖြူရောင် အလင်းတန်းတစ်ခု ပေါ်လာခဲ့သည်။
ထိုအရာကတော့ ပထမတစ်ခုထက် ပို၍တောက်ပပြီး ပို၍အစွမ်းထက်သည်။ ထိုအလင်းတန်းက ထန်ရွှင်းဆီသို့ ပျံသန်းလာပြီး အကာအကွယ် မလုပ်နိုင်သေးခင် သူ၏ရင်ဘတ်ကို ဖောက်ဝင်သွားခဲ့၏။
"သတ်ဖြတ်ရေးဓားပျံနှစ်ချောင်းလား…"
မု့န်ချီက ထိုလက်နက်ကို ရင်းနှီးနေခဲ့၏။ သို့သော် ကလေးဘဝ စာအုပ်များထဲတွင်သာ ဖတ်ခဲ့ဖူး၏။ ထိုအရာက သူအလွန်သဘောကျနေသော လျှို့ဝှက်လက်နက်တစ်ခု ဖြစ်၏။
သို့သော် ထိုအရာကို စဉ်းစားနေရန် အချိန်မရှိခဲ့ပေ။ မူလက သူ စီစဉ်ထားသည့်အတိုင်း တိုက်ခိုက်ရန် စဉ်းစားလိုက်၏။ သူက ထန်ရွှန်းဆီသို့ ခုန်ဝင်သွားခဲ့ပြီး ဓားကို ဆွဲထုတ်၍ ထန်ရွှင်း၏ဗိုက်ကို ထိုးစိုက်လိုက်သည်။ မုန့်ချီက ထိုဓားကို တစ်ဖက် ပြန်လှည့်လိုက်ရာ ထန်ရွှန်း၏ခေါင်းမှနေ၍ သွေးများ စီးကျလာခဲ့သည်။
ထို့နောက် သူ့ဓားကို ဆွဲထုတ်လိုက်ပြီး ထန်ရွှန်း၏ သေခါနီး တိုက်ခိုက်မှုကို ရှောင်တိမ်းရန် အဝေးသို့ ခုန်ဆုတ်လိုက်သည်။ တောင်ထိပ်ပေါ်တွင် ထန်ရွှန်း၏ အော်သံကို ကြားလိုက်ရသည်မှာ လမင်းကြီးကို ကြည့်၍ အူနေသော ဝံပုလွေတစ်ကောင်ကဲ့သို့ ထင်မှတ်ရ၏။
အော်သံက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ခန္ဓာကိုယ်က မြေပေါ်သို့ လဲကျသွားသည်။ မျက်လုံးများက ပြူးနေခဲ့ပြီး ရင်ဘတ်တွင် အနက်ရောင် ဓားတို နှစ်ချောင်း စိုက်ဝင်နေခဲ့သည်။
ထိုဓားတို နှစ်ချောင်းကို သုံးလိုက်ပြီးနောက် ချီကျန်းရန်က မတ်တပ်ပင် ရပ်မနေနိုင်တော့ပေ။ သူက အသက်ကို မနည်းရှူနေရ၏။
“သူက သတ်ဖြတ်ရေးဓားပျံနှစ်ချောင်းကို ဘယ်အချိန်တုန်းက ရခဲ့တာလဲ ။ ကံကြမ္မာအမှတ်တွေကိုရော ဘယ်အချိန်တုန်းက ရခဲ့တာလဲ…"
မုန့်ချီက သူ၏မျက်နှာပေါ် တွင် ရှိနေသော သွေးများကို သုတ်လိုက်သည်။
"သူက ဒီလက်နက်အတွက် ဟွမ်ဟွာဓားဂိုဏ်းရဲ့ကျင့်စဉ်တွေကိုများ လဲလိုက်တာလား.."
Translated by Hein Htet.