အခန်း (၃၉)
Vol. 3 Ch. 39
မြေပေါ်တွင် ရှိနေသော သွေးများက စကားလုံးများအဖြစ် ပြောင်းလဲသွားခဲ့သည်။
"သီးခြားတာဝန် (၁)
ပြိုင်ဘက်အဖွဲ့အစည်းထဲက သဘာဝအဆင့် ပညာရှင်(၄)ယောက်ထဲမှာ တစ်ယောက်ဖြစ်တဲ့ နယ်လှည့်မျက်လှည့်ဆရာကို သတ်လိုက်တဲ့အတွက် ချီကျန်းရန်က ကံကြမ္မာအမှတ်(၈၀)ရတယ်။ ကျန်းတင်က (၅၀) ၊ ကျန်းကျိဝေနဲ့ ကျန်းယွင်ရှန်တို့က အမှတ် (၂၀) အသီသီးရတယ်…”
ထိုစကားလုံးများကို မြင်သည့်အချိန်မှသာ မုန့်ချီက စိတ်အေးသွားခဲ့သည်။ သူက လက်ထဲတွင် ဓားကိုကိုင်ပြီး ထန်ရွှန်း၏ ခန္ဓာကိုယ်အနားကို ကပ်သွားခဲ့၏။ သူက အမှန်တကယ်သေသွားခြင်း ရှိမရှိ စစ်ဆေးနေခဲ့ခြင်း ဖြစ်သည်။
"တာဝန်ပြီးဆုံးတဲ့အပေါ်ပေးတဲ့ အမှတ်တွေကို ကြည့်ရတာ နှစ်ဖက်စလုံးရဲ့ စွမ်းအားအပေါ် မူတည်နေတယ် ထင်တယ်…"
မုန့်ချီက ချီကျန်းရန်ကို ပြောလိုက်သည်။
ထို့နောက် သူက ကျန်းကျိဝေဆီသို့ လျှောက်သွားပြီး ပြောလိုက်၏။
"မိန်းကလေးကျန်း...
ကုသရေးဆေးလုံး ကျန်နေသေးလား…"
ယခင်တစ်ခေါက် ဗုဒ္ဓခန်းမထဲတွင် မျက်နှာတစ်ရာ လူသတ်သမားကို သတ်လိုက်သည့် အမှတ်က အတော်လေး နည်းပါးလှသည်။ အဘယ်ကြောင့်ဆိုသော် ကျန်းကျိဝေနှင့် ကျန်းယွင်ရှန်တို့က အခြေအနေ ကောင်းနေသေးပြီး သူတို့၏အစွမ်းကလည်း ရန်သူထက် ကျော်လွန်နေခဲ့၏။
သို့သော် ယခုအချိန်တွင်တော့ သူတို့၏စွမ်းအား (၇ဝ)ရာခိုင်နှုန်းကျော်ကို ဆုံးရှုံးထားသည့်အပြင် သူတို့၏ချီစွမ်းအင်ကုသမှုကိုလည်း နှောင့်ယှက်ခံထားရသည်။ ထို့ကြောင့် ဒဏ်ရာများက မတည်ငြိမ်သေးသော အခြေအနေတွင် ရှိနေသေး၏။ သူတို့နှင့် ထန်ရွှန်း၏ ကြားထဲတွင် စွမ်းအင်ကွာဟမှုများလည်း ရှိနေသည့်အတွက် သူတို့က ပို၍ များပြားသော ကံကြမ္မာအမှတ်များ ရခဲ့ခြင်းဖြစ်သည်။
ကျန်းကျိဝေက စကားပြောရန် ခက်ခဲနေသည့်အတွက် ခေါင်းညိတ်ပြလိုက်ပြီး သူမ၏ ခါးကို လက်ညှိုးထိုးပြလိုက်သည်။
မုန့်ချီက ရှာကြည့်လိုက်ရာ ပုလင်းလေးတစ်လုံးကို တွေ့လိုက်ရ၏။ ထိုပုလင်းထဲတွင်တော့ လက်မအရွယ် အဖြူရောင်ဆေးလုံးလေးတစ်လုံး ရှိနေသည်။ ထိုဆေးလုံးကို ဖွင့်လိုက်သည့်အချိန်တွင် အလွန်မွှေးပျံ့သော ရနံ့တစ်ခု ထွက်ပေါ်လာပြီး အတွင်းထဲတွင် အနီရင့်ရောင် ဆေးလုံးလေးတစ်လုံး ရှိနေသည်။
မုန့်ချီက ထိုဆေးလုံးကို ထုတ်ပြီး ကျန်းကျိဝေ၏ ပါးစပ်ထဲကို ထည့်ပေးလိုက်၏။ သူမက ခက်ခက်ခဲခဲ မြိုချလိုက်ပြီးနောက် တင်ပျဉ်ခွေထိုင်ပြီး စတင်လေ့ကျင့်နေခဲ့သည်။
မုန့်ချီက စဉ်းစားမနေဘဲ ကျန်းယွင်ရှန်ဆီသို့သွားပြီး သူ့ဆီတွင်လည်း ကုသရေး ဆေးလုံးရှိမရှိ မေးခဲ့သည်။ ကျန်းယွင်ရှန်ကတော့ ကျန်းကျိဝေထက်ပင် ပို၍ အခြေအနေ ဆိုးရွားနေသေး၏။ သူ၏မျက်လုံးများက မှေးမှိန်နေပြီး အသက်ရှူသံက အားနည်းနေသည်။
သူက ပါးစပ်ဟပြီး စကားပြောရန်ပင် အတော်လေးကို အချိန်ယူခဲ့ရ၏။ ထို့နောက် သူက တစ်လုံးချင်း ပြောလိုက်သည်။
"ရင်...ရင်..ရင်ဘတ်…"
မုန့်ချီက ကျန်းယွင်ရှန်၏ ရင်ဘတ်ပေါ်တွင် ခဏကြာ စစ်ဆေးရှာဖွေကြည့်လိုက်ရာ ဆေးလုံး (၅)လုံး (၆)လုံးခန့် ရှိနေသော အဖြူရောင်ပုလင်းလေးတစ်လုံးကို တွေ့လိုက်ရသည်။
ထိုဆေးလုံးများ၏ မွှေးရနံ့က အလွန်သင်းပျံ့နေပြီး မိုးရွာထဲတွင် ပေါက်လာသော ဝါးစိမ်းရနံ့မျိုး ဖြစ်သည်။ ကျန်းယွင်ရှန်က ဆေးလုံးကို ဝါးမြိုလိုက်ပြီးနောက် ချီကျန်းရန်က မုန့်ချီဆီကို ဒယိုင်းဒယိုင်နှင့်လျှောက်လာသည်။ မုန့်ချီက ကျန်းယွင်ရှန်ကို ဆေးလုံးတိုက်နေသည့်အတွက် သူလည်း ကြည့်နေခဲ့၏။
"တကယ်လို့ ငါတို့ကသာ ထန်ရွှန်းကို သတ်တဲ့အချိန် သတ်ဖြတ်ရေး ဓားပျံနှစ်ချောင်းကို မသုံးခဲ့ဘူးဆိုရင် ပိုပြီးတော့ အမှတ်များများရနိုင်တယ်..."
ချီကျန်းရန်က ပြောလိုက်ပြီး မုန့်ချီ၏ မေးခွန်းကို ပြန်ဖြေလိုက်သည်။
သူကလည်း ကျန်းယွင်ရှန်၏ ကျိုးနေသော အရိုးများကို ကျွမ်းကျင်စွာ ပြန်လည်တည့်မတ်ပေးလိုက်သည်။ ထိုအရာများ လုပ်ဆောင်လိုက်ပြီးနောက် ကျန်းယွင်ရှန်ကို မ ထူလိုက်ပြီး တင်ပျဉ်ခွေထိုင်သည့် အခြေအနေမျိုးရောက်အောင် ကူညီပေးလိုက်သည်။
မုန့်ချီကတော့ အရာအားလုံးကို သေချာစိုက်ကြည့်နေပြီး ယခုအချိန်ထိ ဒဏ်ရာများကို မည်သို့ဖြေရှင်းရမလဲ မသိသေးပေ။
ချီကျန်းရန်က သက်ပြင်းချလိုက်ပြီး တစ်ယောက်တည်း ပြောသလို ပြောလိုက်သည်...။
"ငါ့ဆီမှာ ဘာလို့သတ်ဖြတ်ရေး ဓားပျံနှစ်ချောင်း ရှိနေလဲဆိုတာ မင်းက စိတ်ဝင်စားနေမယ် ထင်တယ်..။ မိန်းကလေးချီက အဆိပ်လက်နက်ပုန်း လဲလိုက်တဲ့အချိန်မှာ ငါကလည်း တစ်ခုသတိရသွားတယ်။ ဒါကြောင့် ငါက မြစ်ကမ်းရှည်ဓားသိုင်းနဲ့ နေကျ ကျင့်စဉ်တို့ကို သံသရာအရှင်သခင်ဆီမှာ လဲလိုက်တာ ကံကြမ္မာအမှတ် (၁၅၀)ရတယ်…”
“နဂိုတုန်းကတော့ တစ်လအတွင်း တံခါးပေါက်ကို မစုစည်းနိုင်မှာကို စိုးရိမ်လို့ ကောင်းကင်တံခါးဆေးလုံးကို လဲဖို့ စဉ်းစားထားခဲ့တာ...။ ဒါပေမဲ့ ငါက ကောင်းကင်တံခါးဆေးလုံးကို သုံးလိုက်မယ်ဆိုရင်တောင် တစ်လအတွင်း အဆင့်တက်ဖို့ မဖြစ်နိုင်ဘူး...။ ဒုတိယအကြိမ် ဝင်လာတဲ့အချိန်မှာ မင်းက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် လျှို့ဝှက်လက်နက်တွေနဲ့ အဆိပ်တွေ လိုအပ်ကြောင်းပြောခဲ့တယ်...၊ ဒီတော့ ငါလည်း လျှို့ဝှက်လက်နက်တစ်ခုကို ဆောင်ထားဖို့ ဆုံးဖြတ်လိုက်တာ ..”
“မိန်းကလေးချီ လဲခဲ့တဲ့ ထန်ပန်းပွင့်က ငါ လိုအပ်နေတဲ့အရာနဲ့ တော်တော်လေးကို ကိုက်တယ်။ ဒါပေမဲ့ သုံးလို့ရတဲ့အရာ ဖြစ်ဖို့အတွက် လိုအပ်တဲ့ပမာဏက အရမ်းကို မြင့်လွန်းတယ်။ ပြီးတော့ ငါ့မှာလေ့လာဖို့ အချိန်လည်းပဲ မရှိသေးဘူး..။ အဲဒီနောက်မှာ ငါက အရိုးပျော့ဆေးကို မျက်စိကျမိခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့အသုံးကလည်း အခြေအနေနဲ့ နည်းစနစ်အပေါ် မူတည်နေသေးတယ်။ ပြီးတော့ ဖြေဆေးအပါအဝင် ပုလင်းတစ်လုံးအတွက် ကံကြမ္မာအမှတ်(၂၀၀)တောင် ပေးရတယ်။ သေချာစဉ်းစားပြီးသွားတဲ့အချိန်မှာ ငါက သတ်ဖြတ်ရေးဓားပျံနှစ်ချောင်းကို ရွေးချယ်ခဲ့တာပဲ။ အဲဒါက ကံကြမ္မာအမှတ် (၁၃၀)ပဲ ကုန်ပေမဲ့ ငါက ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်ကိုတောင် သတ်နိုင်တယ်။ ဒါကို တကယ်ပဲ သုံးရလိမ့်မယ်လို့တော့ ငါလည်း မထင်ထားခဲ့ဘူး...။ အခုရော အံ့ဩနေသေးလား... ညီလေးကျန်းတင်..."
မုန့်ချီက သေချာရှင်းပြနေသော ချီကျန်းရန်ကို ကြည့်ပြီး ပြုံးလိုက်သည်။
"အစ်ကိုကြီးချီ...
ကျွန်တော် အံ့ဩနေတာက အဲဒါမဟုတ်ဘူး…"
"ဟုတ်လား...ဘယ်အရာလဲ...။ သတ်ဖြတ်ရေးဓားပျံနှစ်ချောင်းကို သုံးတာက ဒီလိုမဟုတ်ဘူးဆိုတာ မင်းလည်း သိတာပဲ...။ ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်တွေပဲ သုံးလို့ရတာ..။ ဒါပေမဲ့ ထူးခြားတဲ့ နည်းလမ်းတစ်ချို့နဲ့ ပေါင်းလိုက်မယ် ဆိုရင်တော့ ချီစုဆောင်းရေးအဆင့်မှာ ရှိတဲ့လူတွေလည်း သုံးလို့ ရနိုင်သေးတယ်။ ဒါပေမဲ့ အဲဒါက ကိုယ့်ကိုယ်ကိုယ် အရမ်းထိခိုက်စေနိုင်တယ်…"
ချီကျန်းရန်က ထိုသတ်ဖြတ်ရေးဓားပျံနှင့်ပတ်သက်ပြီး အသေးစိတ် ရှင်းပြနေခဲ့သည်။ သူကတော့ ဆိုးဆိုးရွားရွား ဒဏ်ရာရနေသည့် အချက်ကိုလည်း ဖုံးကွယ်ထားခြင်း မရှိပေ။ မျက်စိကန်းနေသည့် လူတစ်ယောက်သာ မဟုတ်လျှင် သူ့အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်နိုင်၏။
မုန့်ချီက အားရပါးရ ရယ်လိုက်သည်။
"အစ်ကိုကြီးချီ …
အစ်ကို ဒဏ်ရာရပြီးသွားတဲ့အချိန်မှာ တခြားလူတစ်ယောက်လို ပြောင်းလဲသွားလို့ ကျွန်တော်က အံ့ဩနေတာ။ အခု အစ်ကိုချီက အဘွားကြီးတစ်ယောက်လို တော်တော်စကားများနေပြီ…"
သတ်ဖြတ်ရေး ဓားပျံနှစ်ချောင်းကိစ္စကိုတော့ သူက ခန့်မှန်းထားမိပြီးသား ဖြစ်သည်။
သူ့စကားကြောင့် ချီကျန်းရန်က တိတ်တဆိတ် ပြန်လှည့်သွားပြီး ကိုယ့်ကိုယ်ကိုယ် ကုသနေသော ကျန်းယွင်ရှန်ကို စိုက်ကြည့်လိုက်သည်။ ထို့နောက် သူလည်း တင်ပျဉ်ခွေ ထိုင်လိုက်ပြီး စွမ်းအားများကို ပြန်လည်ဖြည့်ဆည်းရန် ကြိုးစားလိုက်၏။
ခဏကြာပြီးနောက် ကျန်းယွင်ရှန်၏ အသက်ရှူသံက တဖြည်းဖြည်း ကျယ်လောင်လာခဲ့သည်။ ထိုအချိန်မှသာ မုန့်ချီလည်း စိတ်အေးသွားပြီး အန္တရာယ်မှ လွတ်မြောက်သွားပြီ ဖြစ်ကြောင်း နားလည်သွားခဲ့၏။
တစ်ဖက်တွင်လည်း ကျန်းကျိဝေ၏ ဖြူဖပ်ဖြူရော် မျက်နှာလေးက အနည်းငယ် သွေးရောင်သန်းလာသည်။
ယခု ကျန်းယွင်ရှန်က တည်ငြိမ်သွားပြီ ဖြစ်သည့်အတွက် မျက်လုံးဖွင့်လိုက်ပြီး သူ့ခါးတွင် ရှိနေသော အဖြူရောင်ကျောက်စိမ်းပုလင်းလေးကို လက်ညှိုးထိုးပြလိုက်၏။
"မင်းလည်း ဒီကုသရေးဆေးလုံးတစ်လုံး ယူလိုက်လေ…"
သူ၏ခန္ဓာကိုယ်က ဝန်ထုတ်ဝန်ပိုးဖြစ်နေမှာကို စိုးရိမ်နေသည့်အတွက် သူလည်း အတတ်နိုင်ဆုံး ကုသရန် ကြိုးစားနေခဲ့သည်။ ပထမတွင်တော့ မုန့်ချီက ဆေးလုံးများကို ဂရုမစိုက်ခဲ့ပေ။ သူ၏ဒဏ်ရာက နည်းပါးပြီး ဆေးလုံးကတော့ သူ၏ သံချပ်ဝတ်အင်္ကျီကို ပြန်ကောင်းအောင် လုပ်ပေးနိုင်စွမ်း မရှိပေ။
သို့သော် ကျန်းယွင်ရှန်က ကမ်းလှမ်းနေသည့်အတွက် သူလည်း ဆေးလုံးတစ်လုံးယူပြီး မြိုချလိုက်သည်။ အလွန်လန်းဆန်းသော အငွေ့အသက်တစ်ခုက မုန့်ချီ၏ ရင်ဘတ်နှင့် ဗိုက်ထဲတွင် ပြည့်နှက်သွားပြီး သူ၏စွမ်းအင်များကို လှုံ့ဆော်ပေးလိုက်သည်။
ထိုအချိန်တွင် သူ့စိတ်ထဲ၌ တဖြည်းဖြည်း ကြည်လင်လာပြီး တစ်စုံတစ်ခုကို အမှတ်ရသွား၏။ သူက ဝမ်ကျင်း၏အလောင်းအနားသို့ ကပ်သွားပြီး သူ့အနားတွင် ကျနေသော အနက်ရောင်ပြွန်လေးကို ကောက်လိုက်သည်။
"ဒါက တိမ်မုန်တိုင်းအပ်ပဲ။ ထန်ပန်းပွင့်ထက်တောင် ပိုပြီးတော့ ကြောက်စရာကောင်းတဲ့ လျှို့ဝှက်လက်နက်တစ်ခု…"
မုန့်ချီက သူ၏စိတ်လှုပ်ရှားမှုများကို ဖိနှိပ်ရန် ခက်ခဲနေခဲ့သည်။ ထို့နောက် သူ၏ လက်ချောင်းလေးများနှင့် လက်နက်ကို သေချာကိုင်ကြည့်နေခဲ့၏။ အထဲတွင် ငွေရောင်အပ်များ မရှိတော့သည့်အတွက် လက်နက်က အသုံးမဝင်သော်လည်း သူ့အတွက် ကံကောင်းသည်ဟု ဆိုနိုင်သည်။
သူက လိုအပ်သောအပ်များကို သံသရာအရှင်သခင်ဆီတွင် လဲလှယ်၍ ရနိုင်သည်။ စာရင်းထဲတွင် တစ်ခါသုံး တိမ်မုန်တိုင်းအပ်က ကံကြမ္မာအမှတ် (၄၀၀)ခန့် ရှိသည်။ သို့သော် ထိုအရာက နှစ်ကြိမ် သုံးကြိမ်ခန့် အသုံးပြုနိုင်၏။ မုန့်ချီက ထိုငွေရောင်အပ်များကို အစားထိုးရန်အတွက် ကံကြမ္မာအမှတ်(၁၀၀)ပင် မကုန်ကြောင်း တွက်ချက်မိခဲ့သည်။
သို့သော် သူရထားသော အမှတ်က ထိုတန်ဖိုးကို မီနိုင်ခြင်း ရှိမရှိ သူလည်း သေချာမပြောနိုင်ပေ။ ထိုအချိန်တွင် ခေါင်းထဲ၌ ရှုပ်ထွေးနေသော်လည်း မုန့်ချီကတော့ အလွန်ကံကောင်းသွားပြီဟု ခံစားမိခဲ့၏။
…………
ဗုဒ္ဓခန်းမကြီးထဲတွင် နံရံများ ပြိုကျပျက်စီးနေခဲ့ပြီး ထုတ်တန်းကလည်း တငွေ့ငွေ့ လောင်ကျွမ်းနေသည်။ ထိုလောင်ကျွမ်းနေသော မီးတောက်များက ကောင်းကင်ကြီးပေါ်ကို ရောက်သွားပြီး လေထဲတွင် အဖြူရောင်မီးခိုးငွေ့များ ရံဖန်ရံခါ ထွက်ပေါ်လာခဲ့၏။
ကောင်းကင်ကြီးက မည်းမှောင်နေပြီး လျှပ်စီးကြောင်းများလည်း ပျောက်ကွယ်သွားသည်။ ရှောင်လင်ကျောင်းတော်ကြီးတစ်ခုလုံးက ငရဲပြည်နှင့်ပင် တူနေခဲ့သည်။
အရိပ်နှစ်ခုက တောင်အနောက်ဘက်တွင် အလွန်လျင်မြန်စွာ ပြေးနေပြီး တစ်ယောက်က ပြေး၍ တစ်ယောက်က လိုက်နေခြင်းဖြစ်သည်။ ရှေ့တွင် ပြေးနေသော အရိပ်ဆီမှ ဗုဒ္ဓအငွေ့အသက်များ ထွက်နေပြီး အနောက်မှ လိုက်နေသော လူ၏ ပတ်ပတ်လည်တွင်တော့ မုန်တိုင်းများ လှည့်ပတ်နေသည်။ သူ့ကို ကြည့်ရသည်မှာ မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ ထင်မှတ်ရ၏။
တောင်အနောက်ဘက်တွင် ရှိနေသော တောင်ထိပ်ပေါ်တွင် ရောင်စုံတောက်ပနေသော စေတီလေးတစ်ဆူ ရှိနေသည်။ တိမ်တိုက်များအားလုံးကလည်း ကြယ်အလင်းရောင်များ လွှမ်းခြုံနေပြီး ထိုစေတီလေး၏ ရောင်ဝါက မှေးမှိန်နေခဲ့၏။
ရှင်းကျိက ထိုနေရာသို့ ရောက်သည့်အချိန်တွင် ချက်ချင်း ရပ်လိုက်သည်။ သူက အပြုံးနှင့် စေတီလေး၏ရှေ့တွင် တင်ပျဉ်ခွေထိုင်လိုက်၏။
"နောက်ဆုံးတော့ မလွတ်နိုင်ဘူးဆိုတာ ခင်ဗျားက နားလည်သွားပြီလား..."
ဒိုအာချာက မေးလိုက်သည်။ သူ၏ ဘယ်ဘက်ရင်ဘတ်တွင် ရှိနေသော အဝတ်အစားများက စုတ်ပြဲနေပြီး ရွှေရောင်လက်ဝါးအရာကြီးတစ်ခု ပေါ်နေခဲ့သည်။
ရှင်းကျိ၏ ခန္ဓာကိုယ်ပေါ်တွင်လည်း လက်သီးနှင့် ထိုးဖောက်ခံထားရသော ဒဏ်ရာတစ်ခု ရှိနေခဲ့၏။
……………
မုန့်ချီက တိမ်မုန်တိုင်းအပ်ကို သူ၏ ရင်ဘတ်ထဲသို့ ထည့်လိုက်ပြီး ဝမ်ကျင်း၏ ခန္ဓာကိုယ်ဆီသို့ လျှောက်သွားခဲ့သည်။ သူက ဝမ်ကျင်း၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော အပြာရောင်အပ်များကို ဆွဲနှုတ်ရန် ကြိုးစားချင်နေခဲ့၏။ ထိုသို့ဆိုလျှင် ကံကြမ္မာအမှတ်အနည်းငယ် သက်သာသွားနိုင်သည်။
သူက ထိုအရာကို အာရုံစိုက်နေသည့်အချိန်တွင် ကောင်းကင်ကြီးက မည်းမှောင်လာပြီး တိမ်တိုက်များက ကောင်းကင်ကြီးတစ်ခုလုံးကို စတင်လွှမ်းခြုံလာခဲ့သည်။ အနက်ရောင်တိမ်တိုက်များ စုစည်းလာပြီးနောက် လေလှိုင်းများက ပို၍ ပြင်းထန်လာခဲ့၏။
"ဒိုအာချာက တောင်အနောက်ဘက်ကို ရောက်လာတာလား..."
အလွန်ကြောက်လန့်သွားသော မုန့်ချီလည်း တခြားလူများ ကုသနေသည့်နေရာကို ပြန်ပြေးသွားခဲ့သည်။ သူက အပ်များကိုတော့ ယူချိန်မရခဲ့ပေ။
သူက တစ်စုံတစ်ခု ပြောရန် ပြင်လိုက်စဉ် စေတီငယ်လေးဆီမှ အလင်းရောင်များ ထွက်ပေါ်လာကြောင်း သတိထားမိခဲ့သည်။
"ဒိုအာချာက ဆရာတော် ရှင်းကျိရဲ့ အနောက်ကိုလိုက်လာရင်း အဲဒီကို ရောက်သွားတာဖြစ်မယ်...။ သူက ဆရာတော်ရှင်းကျိကို သတ်ပြီးသွားရင် ငါ..ငါ...ငါတို့ကို သတ်မှာပဲ။ ဒီတော့ ပုန်းနေမှ ဖြစ်မယ်…"
မည်သို့ဖြစ်စေကာမူ ဒိုအာချာ၏ ဘယ်မျက်လုံး ကန်းသွားသည်မှာ ကျန်းကျိဝေကြောင့် ဖြစ်သည်။ ထို့ကြောင့် သူမကို အငြှိုးထားနေပြီး သူတို့အားလုံးကို မသတ်နိုင်မချင်း ရပ်တန့်လိမ့်မည် မဟုတ်ပေ။
ကျန်းကျိဝေနှင့် ကျန်းယွင်ရှန်တို့ကလည်း သူတို့၏ ချီစွမ်းအားကို လှည့်ပတ်နေသည့်အတွက် မုန့်ချီ၏ အကြံပေးချက်ကို ခေါင်းညိတ် ထောက်ခံလိုက်ကြသည်။
အကယ်၍ သူတို့က တိုက်ခိုက်ချင်လျှင်ပင် လှုပ်ရှားနိုင်သည့် စွမ်းအား မရှိချေ။ ထို့ကြောင့် သူတို့၏ ကုသမှုကို ရပ်တန့်လိုက်ရ၏။ သူတို့က တန်ပြန်တိုက်ခိုက်ခံခဲ့ရသော်လည်း ချီကျန်းရန်ကတော့ သူ၏ စွမ်းအားများကို အနည်းငယ် ထိန်းသိမ်းထားနိုင်သေးသည်။
သူက ချီစွမ်းအင်များကို လှည့်ပတ်၍ကုသခဲ့ပြီးနောက် မျက်နှာက အနည်းငယ် နီရဲလာပြီး မေးလိုက်၏။
"ငါတို့က ဘယ်နေရာမှာ သွားပြီး ပုန်းနေကြမှာလဲ..."
မုန့်ချီက ဘေးနှစ်ဖက်တွင် ရှိနေသော သစ်တောများကို လက်ညှိုးထိုးပြလိုက်သည်။ သူက ထိုသစ်တောနှင့် အလွန်ရင်းနှီးနေ၏။
"ဒိုအာချာရဲ့ အဆင့်နဲ့ဆိုရင် ငါတို့က သစ်တောထဲမှာ အကြာကြီး ပုန်းမနေနိုင်ဘူး..."
ချီကျန်းရန်က တွေဝေစွာ ပြောလိုက်သည်။
မုန့်ချီက ခိုင်မာစွာ ပြောလိုက်၏။
"ဆရာတော်ရှင်းကျိ သေသွားတဲ့ အချိန်ကျရင် ရှောင်လင်ကျောင်းတော်က ပျက်စီးသွားပြီပဲလေ။ အဲဒီအချိန်ကျရင် ကျွန်တော်တို့ရဲ့ ပင်မတာဝန်ကလည်း ပြီးသွားပြီ။ ကျွန်တော်တို့ လိုအပ်တာက အချိန်ခဏတာ ဒိုအာချာကို ရှောင်တိမ်းပြီး သံသရာမြေကွက်လပ်ဆီကို ပြန်ရောက်ဖို့ပဲ…"
ယခု သူက လျှို့ဝှက်လက်နက်များနှင့် ပတ်သက်၍ ဗဟုသုတ နည်းပါးနေသည့်အတွက် နောင်တရသွားသည် ။ မဟုတ်လျှင် သူက ထိုအပ်များကို ဆွဲနှုတ်ပြီး တိမ်မုန်တိုင်းအပ်ထဲသို့ ပြန်ထည့်၍ လက်နက်များအဖြစ် သုံးနိုင်သည်။ သို့သော် တစ်ခါ သုံးပြီးသွားသည့်အတွက် ထိုလက်နက်များက ထင်သလောက် အန္တရာယ်မပေးနိုင်တော့ပေ။
ယခုလို အရေးပေါ်အခြေအနေတွင် ချီကျန်းရန်က မည်သည့်စကားမျှ မပြောရဲပဲ ရှောင်လင် ကိုရင်တစ်ပါးဖြစ်သော ကျန်းတင်ကို ယုံကြည်ရန် ရွေးချယ်လိုက်သည်။ သူက ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ပြီး ကျန်းယွင်ရှန်ကို နောက်ကျောတွင် ကုန်းပိုးလိုက်သည်။
မုန့်ချီကတော့ ကျန်းကျိဝေကို သယ်ပြီး သစ်တောထဲသို့ အတူတူပြေးသွားခဲ့ကြ၏။ သစ်တောထဲသို့ ပြေးလာနေရင်း မုန့်ချီက ရုတ်တရက် ရပ်လိုက်မိသည်။ သူ၏ မျက်လုံးထဲတွင် ရင်းနှီးနေသော နေရာတစ်ခုကို မြင်လိုက်ရ၏။
"ဒါက တကယ်ပဲ ရှိနေတာလား...။ ဒီနေရာမှာ တကယ်ပဲ လျှို့ဝှက်လမ်းကြောင်းတစ်ခု ရှိနေတာလား..."
မုန့်ချီက အလွန်ကြောက်လန့်သွားသလို အလွန်အံ့ဩသွားခဲ့သည်။
"ဂျိန်း..ခြိမ်းးး..."
မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး မိုးများ ရွာကျလာခဲ့သည်။
မုန့်ချီက ခဏကြာ တိတ်ဆိတ်သွားခဲ့သည်။ လျှို့ဝှက်လမ်းကြောင်းထဲတွင် ပုန်းနေလျှင်တော့ ဒိုအာချာ၏ ရှာဖွေမှုမှ လွတ်နိုင်မည်ဖြစ်ကြောင်း နားလည်သွား၏။ ထို့ပြင် ဤကမ္ဘာကြီးထဲ၌ နတ်ဆိုးများ၊ တစ္ဆေများ မရှိသည့်အတွက် စွန့်စားစရာလည်း မလိုအပ်ချေ။
"ငါတို့က ဘယ်နေရာကို သွားပုန်းကြမှာလဲ..."
ချီကျန်းရန်က မုန့်ချီကို လှည့်ကြည့်လိုက်သည်။
“တကယ်လို့ ငါသာ ဒီကိစ္စကို စောစောသိခဲ့မယ်ဆိုလျှင် လျှို့ဝှက်လက်နက်တွေ၊ အဆိပ်တွေကို ပြင်ထားမိမှာ သေချာတယ်။ ငါတို့ရဲ့စွမ်းအားက နည်းပေမဲ့ အဲဒါတွေက တော်တော်လေး အသုံးဝင်တယ်…"
မုန့်ချီက ချီကျန်းရန်ကို တုန့်ပြန်ခဲ့ခြင်း မရှိပေ။ သူက ကျန်းကျိဝေကို နောက်ကျောတွင် သယ်ဆောင်ထားရင်း ကျန်းကွမ် လုပ်ခဲ့သည့် အရာများကို ပြန်လည်စဉ်းစားနေခဲ့၏။
"ဒီနေရာမှာ တကယ်ပဲ လျှို့ဝှက်ယန္တရားတစ်ခုခု ရှိနေတာလား..."
ရုတ်တရက်ဆိုသလို မုန့်ချီက ကျောက်တုံးကြီး၏နောက်တွင် လှုပ်ရှား၍ ရသော ဘုလေးတစ်ခုကို တွေ့လိုက်ရသည်။ သူက သက်ပြင်းရှည်ကြီးချလိုက်ပြီး ထိုနေရာကို နှိပ်လိုက်ရာ အသံများ ထွက်ပေါ်လာခဲ့သည်။
"တကယ်ပဲ လျှို့ဝှက်လမ်းကြောင်းတစ်ခု ရှိနေတာလား...."
မုန့်ချီ၏ ရင်ထဲတွင် အတော်လေးကို လှုပ်ရှားသွား၏။
ချီကျန်းရန်ကလည်း သူနှင့် ထိုဝင်ပေါက်ကို တစ်လှည့်စီကြည့်ပြီး အတော်လေး ရှုပ်ထွေးနေခဲ့သည်။ မုန့်ချီက ရှောင်လင်ကျောင်းတော်၏ လျှို့ဝှက်လမ်းကြောင်းကို မည်သို့ရှာတွေ့ခဲ့ကြောင်း သူလည်း နားမလည်နိုင်တော့ပေ။
Translated by Hein Htet.