အခန်း (၄၀)
Vol. 3 Ch. 40
တလက်လက် တောက်ပနေသော စေတီ၏ရှေ့တွင် …
ရှင်းကျိ၏ အပြုံးက အလွန်တည်ငြိမ်နေခဲ့၏။ သူက မကောင်းဆိုးဝါးသဖွယ် ဖြစ်နေသော ဒိုအာချာကို ကြည့်ပြီး လေးလေးနက်နက် ပြောလိုက်သည်။
"ဒကာကြီး ...
မင်းရဲ့ဒဏ်ရာတွေကလည်း ပေါ့သေးသေးမဟုတ်ဘူး ..”
“အဲဒီတော့ ဘာဖြစ်လဲ ..။ ခင်ဗျားကို သတ်ဖို့တော့ လုံလောက်ပါသေးတယ် ....."
ဒိုအာချာက အေးစက်စွာ ပြန်ဖြေလိုက်သည်။
ထို့နောက် သူက ရှင်းကျိဆီသို့ ပြေးဝင်သွားပြီး မုန်တိုင်းသဖွယ် ကြောက်စရာကောင်းသော လက်သီးများနှင့် တိုက်ခိုက်လိုက်၏။ ခေါင်းပေါ်တွင်လည်း လျှပ်စီးကြောင်းများ ထွက်ပေါ်လာနေသည့်အတွက် သူက အလွန်ကြောက်စရာကောင်းသော မကောင်းဆိုးဝါး တစ်ကောင်ကဲ့သို့ ဖြစ်နေခဲ့သည်။
ရှင်းကျိ၏ အပြုံးက အလွန်တည်ငြိမ်နေပြီး အသံကလည်း တည်ငြိမ်လှသည်။
"အရာအားလုံးက ဓမ္မရဲ့သတ်မှတ်ချက်တွေပါပဲ...။ အိပ်မက်လိုလို ပုံရိပ်ယောင်လိုလို ရေပူဖောင်းလိုလို အရိပ်လိုလို လျှပ်စီးကြောင်းလိုလိုပဲ ..၊ မင်းတို့က အဲဒီအရာတွေ အားလုံးကို နားလည်ကြမှာ မဟုတ်ဘူး....."
တည်ငြိမ်အေးချမ်းသော ရှင်းကျိ၏အသံက ပတ်ပတ်လည်သို့ ပျံ့နှံ့သွားခဲ့သည်။
ထို့နောက် ညလက်ကို မြှောက်လိုက်သည်မှာ ပန်းပွင့်လေးတစ်ပွင့်ကို ကိုင်ထားသလို ထင်မှတ်ရ၏။ သူ့နောက်တွင် ရှိနေသော ရောင်စုံစေတီကလည်း အလင်းရောင်များ တောက်ပနေခဲ့သည်။ ဗုဒ္ဓအလင်းရောင်များက ပတ်ပတ်လည်သို့ ပျံ့နှံ့သွားပြီး ဓမ္မတေးသံကသာ ကြည်လင်စွာ ထွက်ပေါ်လာနေခဲ့သည်။
"အခြေအနေတွေ အားလုံးက ဓမ္မပါပဲ ...။ အိပ်မက်လိုလို ပုံရိပ်ယောင်လိုလို ရေပူဖောင်းလိုလို အရိပ်လိုလို လျှပ်စီးကြောင်းလိုလိုပဲ...။ ဒါကြောင့် မင်းတို့တွေက အရာအားလုံးကို လေးစားလိုက်နာသင့်တယ် ....."
ဗုဒ္ဓအလင်းရောင်များ တောက်ပလာသည်မှာ ရှင်းကျိက နိဗ္ဗာန်ကို မျက်မှောက်ပြုသွားသော ရဟန်းတော်တစ်ပါးပမာ ထင်မှတ်ရ၏။ သူ့ဆီမှ တောက်ပနေသော အလင်းရောင်များက ဗုဒ္ဓကို ပူဇော်နေသလို ထင်မှတ်ရ၏။ ထိုအသံနှင့်အတူ အလွန်တည်ငြိမ်အေးချမ်းသော ဓမ္မသံများ ကြားနေရသည်။
ထိုအရာကို မြင်သည့်အခါ ဒိုအာချာ၏ မျက်နှာ အမူအယာက မှင်တက်သွားခဲ့ပြီး ပထမဆုံးအကြိမ် အံ့ဩသွားခဲ့၏။
"ခင်ဗျားက တကယ်ပဲ ခန္ဓာကို စွန့်လွှတ်လိုက်တာလား...."
"ငါက အသက်ကြီးနေပြီဆိုတော့ အကြောင်းအရာတွေ အများကြီးကို ကြုံခဲ့ပြီးပြီလေ...."
ရှင်းကျိ၏အရိပ်က တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ဗုဒ္ဓအလင်းရောင်နှင့် ပေါင်းစပ်သွားခဲ့သည်။ နောက်ဆုံးတွင်တော့ စကြဝဠာကြီးထဲတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့၏။
"သေစမ်း...."
ဒိုအာချာ၏ အနက်ရောင်ဝတ်ရုံက လေထဲတွင် တဖျတ်ဖျတ် ခတ်နေပြီး သူ၏ ပတ်ပတ်လည်တွင်လည်း ကြောက်စရာကောင်းသော မုန်တိုင်းတစ်ခု ရှိနေသည်။ သူ့ပုံစံက လူသားမုန်တိုင်းသဖွယ် ဖြစ်နေပြီး ပတ်ပတ်လည်တွင် လျှပ်စီးကြောင်းများ ဝိုင်းရံနေခဲ့၏။
ရှင်းကျိ၏ ခန္ဓာကိုယ်က လုံးဝပျောက်ကွယ်သွားပြီး အရိပ်လေး တစ်ခုသာ ကျန်နေတော့သည်။ သူ၏ညာလက်က ပန်းပွင့်တစ်ပွင့်ကို ကိုင်ထားသည့်အလား မြှောက်ထားခဲ့၏။ သူ့အပြုံးက အလွန်သန့်စင်ပြီး တည်ငြိမ်လွန်းလှသည်။
ခေါင်းပေါ်မှ ကျဆင်းလာသော ဗုဒ္ဓအလင်းရောင်များလည်း ပျောက်ကွယ်သွားပြီး ထိုနေရာတွင် လက်ညှိုးတစ်ချောင်းအဖြစ် စုစည်းသွားခဲ့၏။ ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်အေးချမ်းသွားပြီး ဓမ္မသံကိုသာ ကြားနေရသည်။
………………
ထိုအသံများ ထွက်ပေါ်လာသည့်အချိန်တွင် မုန့်ချီနှင့် ချီကျန်းရန်တို့က လျှို့ဝှက်လမ်းကြောင်းထဲကို ရောက်သွားခဲ့ကြ၏။ သူတို့က အတွင်းနံရံကို ကိုင်ကြည့်နေရင်း တဖြည်းဖြည်းနှင့် တံခါးခလုတ်ကို တွေ့လိုက်ရသည်။
"ဒီတစ်ကြိမ်တော့ ဒိုအာချာက ငါတို့ကို ရှာတွေ့လောက်မှာ မဟုတ်လောက်ဘူး..."
မုန့်ချီက စိတ်ထဲတွင် အတော်လေးကို ဆိုးဆိုးရွားရွား ခံစားနေရ၏။
ချီကျန်းရန်ကတော့ မီးခတ်ကျောက်တုံးနှင့် မီးတုတ်တစ်ချောင်းကို ထုတ်လိုက်ပြီး အမှောင်ထုကို ဖယ်ရှားရန် မီးထွန်းလိုက်သည်။ လျှို့ဝှက်လမ်းကြောင်းက ကြီးမားသည့်အတွက် လူ (၂)ယောက်သွားရန် လုံလောက်၏။ သူတို့၏ ခေါင်းပေါ်တွင် ရှိနေသော ကျောက်တုံးများကလည်း လုံးဝိုင်းနေခြင်း မရှိဘဲ အချွန်အတက်များ ၊ ရေညှိုများ ပြည့်နှက်နေ၏။
"ဒါက လူသားတစ်ယောက် ဖန်တီးထားတဲ့ ပုံစံမျိုးမဟုတ်ဘူး .။ ဒီလမ်းကြောင်းက သဘာဝလမ်းကြောင်းတစ်ခု ဖြစ်နိုင်တယ် ...."
လမ်းကြောင်းကို သေချာစစ်ဆေးလိုက်ပြီးနောက် ချီကျန်းရန်က ပြန့်ပြူးသော နေရာတစ်ခုတွင် ကျန်းယွင်ရှန်ကို ချလိုက်သည်။
မုန့်ချီကလည်း သူ၏ခံစားချက်များကို ထိန်းချုပ်လိုက်ပြီး ချီကျန်းရန်ကဲ့သို့ လှုပ်ရှားလိုက်၏။ သူလည်း အဆင်ပြေသော နေရာတစ်ခုကို ရွေးချယ်ပြီး ကျန်းကျိဝေကို ချလိုက်သည်။
ထို့နောက် တည်ငြိမ်စွာ ပြောလိုက်၏။
"အစ်ကိုချီ .....
ကျွန်တော်က ဒီလမ်းကြောင်းထဲမှာ ရန်သူရှိမရှိ သွားပြီး စစ်ဆေးကြည့်လိုက်ဦးမယ် ..."
ဘုန်းတော်ကြီးတစ်ပါးကပင် တောင်အနောက်ဘက်သို့ ဝင်နိုင်သည့်အတွက် ဤနေရာတွင် နတ်ဆိုးများ၊တစ္ဆေများ မရှိကြောင်း မုန့်ချီက ယုံကြည်နေခဲ့သည်။ ထိုအတွေးကြောင့် သူက ဤလမ်းကြောင်းကို ရှာဖွေရန် စဉ်းစားထားခဲ့၏။
ကမ္ဘာနှစ်ခုတွင် ရှိနေသော ကျောင်းတော်များ၏အခြေအနေက တူညီနေမှတော့ ဤလမ်းကြောင်း၏ အဆုံးသတ်တွင်လည်း ရှောင်လင် လျှို့ဝှက်လမ်းကြောင်း၏ ဆန်းကြယ်မှုများ ပေါ်လာနိုင်၏။ ထိုသို့ဆိုလျှင် သူ့အတွက် အကျိုးအမြတ်များ ရလာနိုင်သည်။
ထိုအရာက အဆုံးမဲ့ ဖြစ်နိုင်ချေများ ရှိနေကြောင်းကို မုန့်ချီလည်း နားလည်ထား၏။ ယခင်တစ်ခေါက် သံသရာကမ္ဘာကြီးထဲရှိ တာဝန်ခွဲဝေမှုတွင် သူ၏ ခန့်မှန်းမှုကို သက်သေပြနိုင်ခဲ့သည်။ လျှို့ဝှက်ချက်များကို ရှာဖွေခြင်းကလည်း သူတို့၏အရည်အသွေးအပေါ် အကဲဖြတ်နိုင်သည့် အချက်အလက်တစ်ခု ဖြစ်နိုင်သည်။
ချီကျန်းရန်ကတော့ မုန့်ချီကို ကြည့်လိုက်မိပြီး နောက်ထပ်မီးတုတ်တစ်တုတ်ကိုယူ၍ မီးထွန်းပေးလိုက်သည်။
"ညီလေးကျန်းတင် ...
ငါတို့ကြောင့် ဒုက္ခများနေရပြီ ....။ ငါက ဒီနေရာမှာပဲနေခဲ့ပြီး အစ်ကိုကျန်းယွင်ရှန်နဲ့ ကျန်းကျိဝေတို့ကို ကာကွယ်ပေးလိုက်မယ် ....."
"ဟမ်....."
မုန့်ချီကတော့ ချီကျန်းရန်ကို ချန်ထားခဲ့ရန် ဆင်ခြေမျိုးစုံ စဉ်းစားနေခဲ့သည်။ မည်သို့ဖြစ်စေကာမူ အထဲတွင် မည်သည့်အရာများ ရှိနေကြောင်း သေချာမပြောနိုင်ပေ။ အကယ်၍ ချီကျန်းရန်ဆီ၌ လောဘများ ရှိနေလျှင် အတော်လေး ပြဿနာများနိုင်၏။
သို့သော် ချီကျန်းရန်ကတော့ ပို၍တွေးခေါ်ဆင်ခြင်နိုင်လိမ့်မည်ဟု သူလည်း မထင်ထားခဲ့ပေ။ မုန့်ချီက စကားတစ်ခွန်းမျှပင် မပြောရသေးခင် သူက ဤနေရာ၌ စောင့်နေပေးရန် ပြောခဲ့သည်။
"ဒါဆိုလည်း အစ်ကိုချီကို ဒုက္ခပေးရပြီ ...."
မုန့်ချီကတော့ စဉ်းစားမနေတော့ပေ။ မီးတုတ်ကို ထွန်းလိုက်ပြီးနောက် သူလည်း လျှို့ဝှက်လမ်းကြောင်းထဲသို့ ဆက်ဝင်သွားခဲ့၏။ သူလည်း အမှောင်ထဲမှ ထွက်ပေါ်လာနိုင်သော ရန်သူများနှင့် နောက်ကွယ်မှ အလစ်ချောင်းတိုက်ခိုက်မှုကိုသာ သတိထားရန် လိုအပ်သည်။
မုန့်ချီက ထောင့်နေရာ၌ ပျောက်ကွယ်သွားသည့်အချိန်တွင် သူ၏ ခြေသံက တဖြည်းဖြည်း တိုးသွားခဲ့၏။ ထိုအချိန်ကျမှသာ ကျန်းယွင်ရှန်းက မျက်လုံးဖွင့်ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။
"ညီလေးချီ …
မင်းက ဒီမှာနေခဲ့မယ်လို့ မထင်ထားဘူး ...."
"အစောပိုင်းမှာ ကျွန်တော့်ရဲ့စွမ်းအားတွေက လုံးဝပျောက်ကွယ်သွားပြီ ..။ အခုချိန်မှာ ကျွန်တော်က ညီလေးကျန်းတင်ရဲ့ ပြိုင်ဘက် မဟုတ်ဘူး ...."
ချီကျန်းရန်က နံရံကို မှီထားပြီး တင်ပျဉ်ခွေထိုင်နေခဲ့၏။
သူက ပွင့်လင်းစွာ ပြောလိုက်သည်။
"တကယ်လို့ ကျွန်တော်သာ သူ့နောက်ကို လိုက်သွားပြီး တစ်ယောက်တည်း သိသင့်တဲ့ လျှို့ဝှက်ချက် ဒါမှမဟုတ် ရတနာတစ်ချို့ကို တွေ့သွားမယ်ဆိုရင် ညီလေးကျန်းတင်က ကျွန်တော့်ကို သတ်မယ့် အဖြစ်မျိုး လက်မခံချင်ဘူး ။ လူတိုင်းမှာ လောဘရှိတာပဲလေ။ ဒါပေမယ့် ကျွန်တော်က ညီလေးကျန်းတင်ရဲ့နှလုံးသားကို မစမ်းသပ်ချင်ဘူး ..။ ဒါကြောင့် ကျွန်တော်က နေခဲ့ဖို့ပဲ ဆုံးဖြတ်လိုက်တာ...."
ကျန်းယွင်ရှန်က အပြုံးနှင့် ပြောလိုက်သည်။
"မင်းက ဆိုးဆိုးဝါးဝါး ဒဏ်ရာရပြီးချိန်မှာ တကယ်ကို စကားများလာတာပဲ...."
ချီကျန်းရန်၏မျက်နှာက ချက်ချင်း မည်းမှောင်သွားပြီး တစ်ဖက်သို့ လှည့်သွားခဲ့သည်။
ကျန်းယွင်ရှန်က ပြုံးလိုက်ပြီး မျက်လုံးမှိတ်၍ ဆက်ကုသနေခဲ့၏။ ကျန်းကျိဝေကတော့ အပြင်ဘက်ကမ္ဘာကြီးနှင့် လုံးဝကို အဆက်ပြတ်နေသည့်အလား ကုသမှုကိုသာ အာရုံစိုက်နေခဲ့သည်။
လျှို့ဝှက်လမ်းကြောင်းထဲတွင် ခဏကြာလျှောက်သွားပြီးနောက် သူက အတွင်းပိုင်းထဲကို ရောက်လာကြောင်း တွေ့လိုက်ရ၏။ မီးတုတ်ဆီမှ ထွက်ပေါ်လာသော မီးတောက်များကြောင့် လမ်းကြောင်းထဲတွင် အဝါရောင် အလင်းတန်းများ တောက်ပနေပြီး မုန့်ချီကတော့ ဖိအားများကို ခံစားနေရသည်။
သူက အချိန်မရွေး အမှောင်ထုကြီးထဲကို ကျရောက်သွားတော့မလို ခံစားနေရ၏။ အမှောင်ထဲမှနေ၍ နတ်ဆိုးများ၊ တစ္ဆေများ ထွက်လာပြီး သူ့ကို ဝါးမြိုသွားမှာကိုလည်း စိုးရိမ်နေခဲ့သည်။ ရှေ့သို့ အနည်းငယ် ဆက်သွားလိုက်ပြီးနောက် မုန့်ချီက အလွန်ရှုပ်ထွေးစွာ ရပ်တန့်လိုက်မိ၏။ သူက လမ်းကြောင်း၏ အဆုံးသို့ ရောက်သွားပုံရသည်။
ထိုနေရာတွင် စက်ဝိုင်းခြမ်းပုံသဏ္ဍာန် ကျောက်တံခါးတစ်ခုကို တွေ့လိုက်ရ၏။ ထို့နောက် ပျက်စီးယိုယွင်းနေသော ထိုင်ဖုံတစ်ခု ၊ ကျောက်ကုတင်တစ်လုံးနှင့် ကျောက်စားပွဲတစ်ခုကိုလည်း တွေ့လိုက်ရသည်။
"ဒီနေရာက ထိပ်သီးပညာရှင်ကြီးတစ်ယောက် သီးခြားနေထိုင်ခဲ့တဲ့ နေရာများ ဖြစ်နေမလား ....."
မုန့်ချီက စိတ်ထဲတွင် ခန့်မှန်းကြည့်လိုက်ပြီး ပတ်ပတ်လည်ကို သတိထား၍ ရှာဖွေကြည့်လိုက်သည်။
သူက နံရံအနားသို့ ကပ်သွားသည့် အချိန်တွင် မီးတောက်၏ အလင်းရောင်က နံရံပေါ်တွင် လင်းလက်သွားကြောင်း တွေ့လိုက်ရ၏။ ထိုအချိန်တွင် စကားလုံး အနည်းငယ်ကို မြင်လိုက်ရသည်။
"ဟမ်....ဒါက သက္ကတစကားလုံးတွေပါလား ..."
မုန့်ချီက ကျမ်းစာခန်းမထဲတွင် ထိပ်တန်းစာသင်သား တစ်ယောက် မဟုတ်သော်လည်း သက္ကတစကားလုံးများနှင့် စိမ်းသက်နေခြင်း မရှိချေ။ သူက ထိုစကားလုံးများကို ဘာသာပြန်ကြည့်ရန် ကြိုးစားလိုက်၏။
"တကယ်လို့ လောကကြီးထဲမှာ ခါးသီးမှုတွေကို မကြုံခဲ့ရဘူးဆိုရင် ဗုဒ္ဓရဲ့အခြေခံစည်းမျဉ်းတွေကို ဘယ်လိုလုပ်ပြီးသိနိုင်မှာလဲ ..။ ဝေဝါးနေတဲ့ အခြေအနေတွေကို ဘယ်လိုဖြစ်ပြီး နားလည်နိုင်မှာလဲ ..။ ဗုဒ္ဓလမ်းစဉ်က အမှန်တကယ် မရှိရာကနေ တည်ရှိလာတယ်ဆိုတာကို ဘယ်လိုများ သက်သေ ပြနိုင်မှာလဲ ...."
သက္ကတစကားလုံးများအပေါ် မုန့်ချီ၏ နားလည်မှုက အလွန်နိမ့်ပါးသည်။ ထို့ကြောင့် သူက စကားလုံးများကို ဘာသာပြန်ရန် အတော်လေး ခက်ခက်ခဲခဲ ကြိုးစားနေရ၏။ သူဘာသာပြန်ထားသည့် အဓိပ္ပာယ်က တိကျမှု ရှိမရှိလည်း မပြောနိုင်ပေ ။ သို့သော် အခြေခံအကြောင်းပြချက်ကိုတော့ နားလည်နေ၏။
"ဒီစကားလုံးတွေက တော်တော်လေးကို လျှို့ဝှက်ဆန်းကြယ်တာပဲ ..."
မုန့်ချီက တစ်ယောက်တည်း ပြောနေမိသည်။ ထို့နောက် သူက မီးတုတ်ကို နှိမ့်လိုက်ပြီး စကားလုံးများကို သေချာစိုက်ကြည့်လိုက်၏။
"အနတ္တလား ..."
မုန့်ချီက အလွန်အံ့ဩသွားခဲ့ပြီး ပါးစပ်ကို လက်နှင့် အုပ်လိုက်မိသည်။ သူက ဗုဒ္ဓလမ်းစဉ်ဘိုးဘေးတစ်ယောက်၏ ရှေ့ကို ရောက်နေခြင်းပေလော။
"နေဦး ....."
သူကတော့ ကျမ်းသစ္စာ ဖောက်ဖျက်ပြီး ဗုဒ္ဓလမ်းစဉ်မှ ထွက်သွားခဲ့ဖူးသော ရှောင်လင်ဘုန်းတော်ကြီးများ၏ ပုံပြင်ဒဏ္ဍာရီများပင် ကြားခဲ့ဖူးသည်။
အနတ္တဟူသော သက္ကတစကားလုံးကို ရေးထားခဲ့သည်မှာ မြွေလိမ်မြွေကောက်သဏ္ဍာန် ထင်မှတ်ရသော်လည်း အလွန်ပါးလွှာသည့်အတွက် အားကောင်းကောင်းနှင့် ထွင်းထုထားခြင်း ဖြစ်နိုင်သည်။ ထိုစကားလုံးများ၏ နောက်ကွယ်တွင် ထက်မြက်တည်ငြိမ်မှုနှင့် အားကောင်းသော ဝိညာဉ်စွမ်းအားများကို ဖုံးကွယ်ထား၏။
ထို့ကြောင့် မုန့်ချီက စိတ်ဝင်စားပြီး လက်နှင့်ကိုင်ကြည့်လိုက်သည်။ သူ့လက်က နံရံနှင့် ထိလိုက်မိသည့်အချိန်တွင် ခန္ဓာကိုယ်တစ်ခုလုံး အေးစက်သွားသလို ခံစားလိုက်ရပြီး မျက်လုံးထဲတွင် အလင်းရောင်တစ်ခု ပေါ်လာခဲ့သည်။
ထိုဓားက ပင်လယ်ထဲသို့ ဆင်းသွားသော နဂါးတစ်ကောင် တောင်ထဲသို့ ဝင်သွားသော ကြောက်မက်ဖွယ်ရာ ကျားတစ်ကောင်ကဲ့သို့ ထင်မှတ်ရသည်။ ထိုးဓားနှင့် တစ်ချက်ခုတ်လိုက်သည့် အချိန်တိုင်း အသက်ပေါင်းများစွာကို သတ်ပစ်နိုင်ခဲ့၏။
ဓားအလင်းတန်းက အလွန်ထူးခြားထင်ရှားလွန်းလှသည့်အတွက် မုန့်ချီက တုံ့ပြန်နိုင်ခဲ့ခြင်း မရှိချေ။ သူက ခေါင်းပေါ်တွင် ရှိနေသော ဓားအလင်းတန်းကိုသာ မျက်တောင်မခပ်တမ်း စိုက်ကြည့်နေမိခဲ့၏။
ထိုအရာက ပုံသဏ္ဌာန်မျိုးစုံ ပြောင်းလဲသွားပြီး နောက်ဆုံးတွင်တော့ လူသား ကမ္ဘာကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။ အသက်ရှင်နေသူများ၊ သက်ကြီးရွယ်အိုများ၊ ရောဂါသည်များနှင့် သေဆုံးသူများကိုလည်း တွေ့နေရသည်။
ထိုအလင်းရောင်ထဲတွင် အကန့်အသတ်မဲ့ ပြောင်းလဲမှုများ ရှိနေခဲ့၏။ နောက်ဆုံးတွင်တော့ သူတို့အားလုံးက ဓားသွားအဖြစ် ပြောင်းလဲလာပြီး ပတ်ပတ်လည်တွင် ရှိနေသော အနှောင်အဖွဲ့ များအားလုံးကို ဖျက်စီးလိုက်သည်။
မုန့်ချီကတော့ အလင်းရောင်များကြားထဲတွင် ဘုန်းတော်ကြီးတစ်ပါးကို ဝိုးတဝါး မြင်လိုက်သည်။ ထိုဘုန်းတော်ကြီးက အသက်ကြီးလား ငယ်လား သေချာမပြောနိုင်သလို ရုပ်ဆိုးလား ၊ရုပ်ချောလားကိုလည်း သေချာပြောနိုင်ခြင်း မရှိချေ။
သူက ဘုန်းတော်ကြီး၏ မျက်နှာပေါ်တွင် ခါးသီးမှုများ၊ တည်ငြိမ်မှုများကို ဝိုးတဝါး ခံစားမိနေခဲ့၏။ အလင်းရောင်က မှေးမှိန်သွားသည့်အချိန်တွင် နံရံ၌ ရှိနေသော သက္ကတစကားလုံးများက ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားပြီး ၊ ကြမ်းပြင်ပေါ်သို့ အလင်းစက်များ ကျရောက်လာခဲ့သည်။
နောက်ဆုံးတွင်တော့ မုန့်ချီလည်း သတိဝင်လာခဲ့ပြီး သူ့မျက်စိရှေ့တွင် မြင်လိုက်ရသော မြင်ကွင်းကို ကြောင်၍ ကြည်နေမိခဲ့သည်။ အစောပိုင်းတွင် မည်သည့်အရာများ ဖြစ်ခဲ့သနည်း။
ဓားအလင်းတန်း၏ ပြောင်းလဲမှုများနှင့် ကမ္ဘာကြီး၏ခါးသီးမှုများက သူ့စိတ်ထဲတွင် နက်ရှိုင်းစွာ ရှိနေခဲ့သည်။ မြေပေါ်သို့ ဖုန်မှုန့်များ ကျဆင်းလာသည့်အချိန်တွင် စကားလုံးများအဖြစ် ပြောင်းလဲသွားခဲ့၏။
“မင်းက အနတ္တကျိန်စာဖျက်ဓားပညာရဲ့ စိတ်ဝိညာဉ်လွှဲပြောင်းမှုကို ရခဲ့တယ်။ မင်းက အနတ္တကျိန်စာဖျက် ဓားပညာရဲ့ မပြည့်စုံတဲ့ ပထမဆုံး ဓားသိုင်းကွက် တိတ်ဆိတ်ငြိမ်သက်ခြင်းခုတ်ချက်ကို ရသွားပြီ…”
မုန့်ချီက ပါးစပ်အဟောင်းသားဖြစ်နေခဲ့၏။ နောက်ဆုံးတွင်တော့ သူက မည်သည့်အရာကို မြင်တွေ့ခဲ့ရကြောင်း နားလည်သွားသည်။ အစောပိုင်းတွင် ကျန်းကျိဝေ ပြောသောစကားများအရ ဓမ္မကာရအဆင့်နှင့် တစ်ခြားသော ထိပ်သီးသိုင်းပညာများကိုသာ သိုင်းကျမ်းများအစား စိတ်ဝိညာဉ်နှင့် လွှဲပြောင်း၍ရကြောင်း သိနေခဲ့၏။
တစ်ချို့သော အရာများကိုတော့ စိတ်ဝိညာဉ်အမွေအနှစ်သာ ရနိုင်၏။ တစ်ချို့အရာများကိုတော့ နှစ်ပေါင်းများစွာ သယ်ယူသွားနိုင်သည်။ ထိုစိတ်ဝိညာဉ်လွှဲပြောင်းမှုမှတစ်ဆင့် သင်ယူနိုင်ခြင်း ရှိမရှိကတော့ သူ၏စွမ်းရည်အပေါ်သာ မူတည်ပါလိမ့်မည်။
အကယ်၍ တစ်စုံတစ်ယောက်ကသာ ကျင့်စဉ်နှင့် လှုပ်ရှားမှုများကို ပြည့်ပြည့်ဝဝ နားလည်သွားမည်ဆိုလျှင် နောက်မျိုးဆက်အတွက် စိတ်ဝိညာဉ်အမွေပေးရန် ချန်ထား၍ ရနိုင်သည်။ ကျန်းကျိဝေကလည်း အနန္တဓားကွက်ကို ထိုကဲ့သို့ နားလည်ထားခြင်း ဖြစ်သည်။
အကယ်၍ သူမကသာ နားလည်ထားသော အရာများကို သိုင်းကျမ်းအဖြစ် ပြောင်းလဲလိုက်မည်ဆိုလျှင် မူလတန်ဖိုး၏ (၁၀)ပုံ (၁)ပုံခန့် ဖြစ်သော ကံကြမ္မာအမှတ်(၈၀၀)(၉၀၀) ခန့် ရနိုင်၏။
သို့သော် မုန့်ချီကတော့ အလွန်ရှုပ်ထွေးနေခဲ့၏။ အနတ္တကျိန်စာဖျက်ဓားပညာကို ရှောင်လင်ကျောင်းတော်ထဲတွင် စိတ်ဝိညာဉ်လွှဲပြောင်းမှုမှတစ်ဆင့် သင်ကြားပေးခြင်း မဟုတ်ကြောင်း သေချာမှတ်မိနေခဲ့သည်။
ကျင်းကန်ကျောင်းတော်ထဲတွင် ရှိနေသော ဘုန်းတော်ကြီးများက ထူးချွန်သောဓားသမားများ ဖြစ်ကြသည်။ အထူးသဖြင့် သူတို့၏ ဓားသိုင်းပညာက အနတ္တကျိန်စာဖျက် ဓားပညာကို ယှဉ်နိုင်သည်ဟု ရွှမ်ရှင်းက ပြောခဲ့ဖူးသည်။
ထိုအရာက ထိပ်တန်းအဆင့် သိုင်းပညာတစ်ခုဖြစ်ပြီး ပြည့်ပြည့်ဝဝ နားလည်သွားမည်ဆိုလျှင် ကောင်းကင်နှင့်မြေကြီး၏ စည်းမျဉ်းများကိုပင် နားလည်နိုင်ပါလိမ့်မည်။
ယခင်မျိုးဆက် ဘုန်းတော်ကြီးတစ်ပါးက ထိုသိုင်းကျမ်းကို ငှားယူခဲ့ဖူးသည့်အတွက် အလွန်ထူးချွန်သော ဓားသမားတစ်ယောက် ဖြစ်လာခဲ့သည်။ ထို့ကြောင့် ထိုဓားပညာကို သိုင်းကျမ်းအနေဖြင့်သာ လက်ဆင့်ကမ်းနေကြောင်း မုန့်ချီက သိနေ၏။
သူက ကျောင်းတော်နှင့် ပတ်သက်ပြီး အနည်းငယ်သာ သိထားသည့်အတွက် ခန့်မှန်းမနေတော့ပေ။ ထိုအရာကို လုပ်ဆောင်ရန်လည်း အချိန်မရှိချေ။ သူက မျက်လုံးမှိတ်လိုက်ပြီး အစောပိုင်းတွင် ရရှိခဲ့သောအရာများကို ပြန်လည်စဉ်းစားနေခဲ့၏။
သူက တိတ်ဆိတ်ငြိမ်သက်ခြင်းခုတ်ချက်၏ ပြောင်းလဲမှုများကို အကြိမ်ကြိမ် စဉ်းစားနေခဲ့၏။ အနတ္တကျိန်စာဖျက်ဓားပညာကို လဲရန်အတွက် ကံကြမ္မာအမှတ်(၉၀၀၀) လိုအပ်သည် ။ ပင်မလမ်းညွှန်မှုကို ရရှိရန် (၃၀၀၀)လိုအပ်ပြီး ၊ သိုင်းကွက်တစ်ကွက်ချင်းဆီအတွက် (၁၂၀၀) လိုအပ်သည်။ အကယ်၍ သူသာ ထိုအရာကို မေ့သွားမည်ဆိုလျှင် ဆုံးရှုံးမှုက အလွန်ကြီးမားနိုင်၏။
ထို့ပြင် သူရရှိခဲ့သည်မှာ စိတ်ဝိညာဉ်လွှဲပြောင်းမှုဖြစ်သည်။ ထိုအရာက ဓားသမားတစ်ယောက်၏ ပင်မအချက်အလက်များ လွှဲပြောင်းခြင်းနှင့် ညီမျှပြီး သူက ထိုအရာများကို သေချာနားလည်ရန် လိုအပ်သည်။ ထို့ပြင် အခြေခံလမ်းညွှန်မှုနှင့် ယှဉ်လိုက်မည်ဆိုလျှင် သူက စိတ်ဝိညာဉ်လွှဲပြောင်းမှုမှတစ်ဆင့် ဓားသမား တစ်ယောက်၏ အခြေခံကိုပင် တိုက်ရိုက်သင်ယူနိုင်ပါလိမ့်မည် ။ သို့သော် ထိုအရာက နားလည်မှုမြင့်မားရန် လိုအပ်၏။
မုန့်ချီက ပထမဆုံးအကြိမ် စိတ်ဝိညာဉ်လွှဲပြောင်းမှုကို ရရှိခဲ့သည့်အချိန်တွင် တိတ်ဆိတ်ငြိမ်သက်ခြင်းခုတ်ချက်၏ မပြည့်စုံသော လှုပ်ရှားမှုများကိုသာ နားလည်နိုင်ခဲ့၏။
“ဒါက ဘာလို့ မပြည့်စုံတဲ့သိုင်းကွက်ဖြစ်နေရတာလဲ …”
မုန့်ချီက မျက်လုံးဖွင့်ကြည့်လိုက်ပြီး အနည်းငယ် စိတ်ပျက်သွားခဲ့သည်။ မပြည့်စုံသော သိုင်းကွက်ဖြစ်သည့်အတွက် လေ့ကျင်၍ မရနိုင်ပေ။ အကယ်၍သူကသာ အနတ္တကျိန်စာဖျက်ဓားပညာ၏ အစစ်အမှန် စွမ်းရည်ကို ထုတ်သုံးချင်သည်ဆိုလျှင် ပြင်ပကမ္ဘာကြီးထဲတွင် ရှာဖွေ လေ့လာရန် လိုအပ်သည်။
သို့သော် သူက အပေါ်ယံနားလည်ထားမည်ဆိုလျှင်ပင် သူ့လက်ထဲတွင်တော့ ဝှက်ဖဲတစ်ခု ဖြစ်လာနိုင်၏။ အကယ်၍ ထိုဓားက ကျန်းကျိဝေ၏ အနန္တဓားကို မမီလျှင်ပင် တစ်ခြားသူများကို ခြောက်လှန့်ရန်တော့ လုံလောက်နိုင်သည်။
မုန့်ချီက သက်ပြင်းချလိုက်ပြီးနောက် ထိုအကြောင်းကို ခေါင်းထဲမှ ယာယီဖယ်ရှားလိုက်ပြီး တစ်ခြားအရာများရှိမရှိ ကျောက်တုံးအခန်းကို စစ်ဆေးကြည့်လိုက်သည် ။ ကျောက်တုံးအခန်းကို လှည့်ပတ်ရှာဖွေနေပြီးနောက် အလင်းရောင်အောက်တွင် ကျောက်တံခါးကဲ့သို့သော အရာတစ်ခုကို တွေ့လိုက်ရသည်။
တောင်နံရံပေါ်တွင်လည်း ခြေရာလက်ရာများရှိနေပြီး စကားလုံးများကို တွေ့လိုက်ရ၏။ “သစ္စာရှိပြီး သနားကြင်နာတတ်တဲ့သူတွေ မဝင်ရ…”
ထိုစာသားကို ဖတ်လိုက်ပြီးနောက် မုန့်ချီက ကျောက်တုံးတံခါးပေါ်သို့ လက်တင်ကြည့်လိုက်မိသည်။ သူက ကျောက်တုံးတံခါးကို ထိလိုက်ခြင်းသာဖြစ်ပြီး တံခါးကို ဖွင့်လိုက်ခြင်း မဟုတ်ချေ။ တံခါးနှင့် သူ့လက် ထိလိုက်မိသည့်အချိန်တွင် အလွန်အေးစက်ပြီး ကြောက်စရာကောင်းသော ခံစားမှုများက မုန့်ချီ၏ ရင်ထဲကို ဝင်လာခဲ့သည်။
ပျက်စီးနေသော အလောင်းများ ၊ ပုပ်ပွနေသော ခြေလက်များနှင့် မကောင်းဆိုးဝါးများအားလုံးက သူ့မျက်စိရှေ့တွင် ပေါ်လာရသည်။ ထို့နောက် အနက်ရောင်လေလှိုင်းတစ်ခု ပေါ်လာပြီး အရာအားလုံးကို လောင်ကျွမ်းပစ်လိုက်၏။
မုန့်ချီ၏မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး နောက်သို့ အလျင်အမြန် ပြန်ဆုတ်လိုက်မိသည်။ သူက ကျောက်တုံးတံခါး၏ အဝေးသို့ ရောက်သွားမှသာ မြင်နေရသောအရာများက တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့၏ ။
မုန့်ချီက လေကို တဝကြီး ရှုလိုက်ပြီးနောက် သူ၏နောက်ကျောတွင် ချွေးစေးများ ထွက်နေကြောင်း တွေ့လိုက်ရသည်။ ခန္ဓာကိုယ်တစ်ခုလုံးကလည်း တဆစ်ဆစ်ဖြစ်နေပြီး သူက ဆိုးဆိုးရွားရွား ဒဏ်ရာရသွားသည့်အလား ခံစားနေရ၏။
“တော်တော်ထူးဆန်းတာပဲ …”
မုန့်ချီက သူ၏ချီစွမ်းအင်များကို လှည့်ပတ်လိုက်ပြီး ကျောက်တံခါးကို နောက်တစ်ကြိမ် မထိရဲတော့ပေ။
ထိုအချိန်၌ ကျောက်တံခါး၏ အောက်တွင် အပေါက်ငယ်လေးတစ်ခုကို တွေ့လိုက်ရ၏။ ထိုအထဲတွင်တော့ မီးတောက်တစ်ခု လောင်ကျွမ်းနေပုံရပြီး အနားတွင်တော့ စကားလုံးအနည်းငယ်ကို ရေးသားထားသည်။
“သစ္စာမဲ့တဲ့သူတွေကို သတ်ပစ်လိုက် …”
ထိုအရာက မည်သည့်အရာကို ဆိုလိုကြောင်းကို မုန့်ချီက စဉ်းစားနေခဲ့၏။
………………..
ဒိုအာချာကတော့ သစ်တော၏အစွန်တွင် တိတ်တဆိတ် ရပ်နေပြီး ကျန်ရှိနေသော ခြေရာလက်ရာများကို စစ်ဆေးနေသည်။ သူ၏ဘယ်ဘက်ပုခုံးနှင့် လက်ကတော့ ပျောက်ကွယ်နေသည့်အတွက် သူလည်း တုန်လှုပ်နေခဲ့၏ ။ သို့သော် သူကတော့ အတည့်အတိုင်း လျှောက်လာနေသေးသည်။
Translated by Hein Htet.